← Chapters

ပြိုင်ဘက်ကင်း၍ အထီးကျန်

Vol. 14 Ch. 196

ပြိုင်ဘက်ကင်း၍ အထီးကျန်

Vol. 14 Ch. 196

ဘုရားကျောင်းထဲတွင် တိတ်ကျသွားသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အရှိန်အဟုန်နဲ့ ချီတက်လာတာ… ကျူးကောတပ်မှူးရှစ်ယောက်ထဲက လေးယောက်၊ ကွမ့်ကျွင်းတပ်မှူးချုပ်၊ ဟွိုက်ဟွားတပ်မှူးချုပ်၊ နယ်စားဝေ့နဲ့ ပထမအဆင့် နန်းတွင်းအရာရှိတချို့တောင် ပါသေးတယ်… သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရင် ကျုပ်တို့ နိုင်စရာ အကြောင်းမရှိဘူး…”

နန်းတွင်းအရာရှိ မားလျန်ရှန်းက ပြောလိုက်၏။ “ကျုပ်က တဲ့တိုးပြောတတ်တာကို ခွင့်လွှတ်ပါ… သိုင်းဂိုဏ်းတွေအနေနဲ့ သိုင်းလောကတိုက်ပွဲတွေဆိုရင် သေချာပေါက် နိုင်ပါလိမ့်မယ်… ဒါပေမဲ့ စစ်ရေးအရဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက တစ်ဆင့်သာပါတယ်… အဲဒါကြောင့် ကျုပ်တို့ရဲ့ အားနည်းချက်နဲ့ သူတို့ရဲ့ အားသာချက်ကို ဘာလို့ တိုက်နေမှာလဲ… ကျုပ်တို့ရဲ့ အားသာချက်နဲ့ သူတို့အားနည်းချက်ကိုပဲ တိုက်တော့မှာပေါ့…”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

မေတ္တာမဲ့နန်းတော်သခင်မက ရုတ်တရက် ဝင်ပြောလိုက်၏။ “ဒီလိုပြောတော့ လွန်ခဲ့တဲ့ နှစ်နှစ်ရာက တိုက်ပွဲကို ပြန်သတိရသွားတယ်… အဲဒီတုန်းက သိုင်းကွက်အသားပေးလမ်းစဉ်မှာ အဆင့်မြင့်ပညာရှင်တွေ အများကြီးပဲ… ဓားပျံလမ်းစဉ်၊ မှော်လမ်းစဉ်နဲ့ တန်းတူယှဉ်နိုင်တယ်… သူတို့ဆို တခြားလမ်းစဉ်က လူတွေနဲ့ စိန်ခေါ်တိုက်ခိုက်ပြီး ဝင့်ကြွားခဲ့ကြတာ… အခု သိုင်းကွက်အသားပေးလမ်းစဉ်ကို ကြည့်လိုက်… အဆင့်မြင့် ပညာရှင်တွေ ဘယ်ရောက်ကုန်ပြီလဲ…”

အားလုံး တိတ်ကျသွားသည်။

သိုင်းကွက်အသားပေးလမ်းစဉ်မှ ပညာရှင်အများစုမှာ အယူဝါဒငြင်းခုံပွဲ၌ သေဆုံးသွားကြ၏။ ထိုအယူဝါဒငြင်းခုံပွဲက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဖြစ်သည်။

ထိုအချိန်မှစ၍ သိုင်းကွက်အသားပေးလမ်းစဉ် ပြိုပျက်သွားခဲ့၏။ ဤနှစ်များအတွင်း၌ သိုင်းကွက်အသားပေးလမ်းစဉ်မှာ အခြားလမ်းစဉ်များနှင့် ပေါင်းစည်းသွားပြီး သိုင်းကွက်အသားပေး ပညာရပ်သက်သက်ချည်း လေ့ကျင့်သူ ရှားပါးသွားချေပြီ။

သိုင်းကွက်အသားပေးလမ်းစဉ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပြိုပျက်သွားခဲ့ရခြင်း ဖြစ်သည်။

မေတ္တာမဲ့နန်းတော်သခင်မက မတုန်မလှုပ် ပြောလိုက်၏။ “အဲဒီတုန်းကနဲ့ အခုအခြေအနေ ဘာများ ကွာလို့လဲ… အဲဒီအချိန်တုန်းကလည်း သိုင်းကွက်အသားပေးလမ်းစဉ်က သူတို့သာ တစ်လောကလုံးမှာ နံပါတ်တစ်၊ ဓားပျံလမ်းစဉ်ကို အပြတ်အသတ် အနိုင်ယူနိုင်မယ်လို့ ထင်ခဲ့ကြတာပဲ… အဲဒါကြောင့် သိုင်းကွက်အသားပေးလမ်းစဉ်က ထိပ်သီးပညာရှင်တွေ အများကြီး နန်းစိုက်မြို့တော်ဆီ သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို စိန်ခေါ်ခဲ့ကြတာ… နောက်တော့ ဘာဖြစ်သွားကြလဲ…”

သူက အားလုံးကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ “ကျွန်မတို့သာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ သိုင်းလောကစည်းမျဉ်းအတိုင်း တိုက်ခိုက်ကြရင် သူတို့လို ဖြစ်သွားမှာပဲ…”

ကြေးမျက်နှာဖုံးစွပ်လူက တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ မေးလိုက်၏။ “နန်းတော်သခင်မချိုးမှာ ဘယ်လို အကြံကောင်းများ ရှိလို့လဲ…”

မေတ္တာမဲ့နန်းတော်သခင်မက လက်မြှောက်ပြ၍ ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျွန်မတို့ကို သူနဲ့ သိုင်းလောကစည်းမျဉ်းအတိုင်း တိုက်ခိုက်မှာပဲလို့ ထင်နေလိမ့်မယ်… ကျွန်မတို့က သိုင်းလောကစည်းမျဉ်းကို မလိုက်နာဘဲ နေမယ်… အရင်ဆုံး သူ့ကို တစ်နေရာမှာ ချိန်းလိုက်… သူရောက်လာရင် ဝိုင်းတိုက်ပြီး အသေသတ်ကြမယ်…”

သူက လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းသည့် အမူအရာ လုပ်ပြ၍ အေးစက်စက် ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက တိုင်းပြည်သေးသေးလေးပါ၊ ဒီအနေအထားထိ ရောက်ခဲ့တာက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကြောင့်ပဲ… သူက နန်းတွင်းမှာ ရှိတဲ့ အရပ်ဘက်၊ စစ်ဘက် အရာရှိတွေ အကုန်လုံး ကိုးကွယ်လေးစားတဲ့ ဒဏ္ဍာရီတစ်ပါး ဖြစ်နေပြီ… သူသာ ပုန်ကန်ချင်ရင် လက်တစ်ချက်မြှောက်လိုက်ရုံနဲ့ ဧကရာဇ်ကိုယ်တိုင် ထီးနန်းစွန့်ရလိမ့်မယ်… ထီးနန်းမစွန့်ရင် တစ်မျိုးလုံးတစ်ဆွေလုံး သုတ်သင်သတ်ဖြတ်ခံရရုံ ရှိမှာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ သေသွားရင် ခေါင်းဆောင်မရှိတော့တဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ရင်ဆိုင်ရ မခက်တော့ဘူး… အဲဒါကြောင့် ကျွန်မတို့အနေနဲ့ မလျော်ကန်တဲ့နည်းကို သုံးရတော့မယ်… သိုင်းလောကစည်းမျဉ်းအတိုင်း သွားနေလို့ မရဘူး…”

“ဒါက… နန်းတော်သခင်မချိုးပြောတာ မှန်တယ်…”

လောကွမ်းဘုရားကျောင်းရှိ ဂိုဏ်းချုပ်အားလုံး သဘောတူကြသည်။ အချို့သာ သိုင်းလောကစည်းမျဉ်း ဖောက်ဖျက်ရမည့်အပေါ် မသက်မသာ ဖြစ်မိကြ၏။ သို့သော်လည်း ဤအဆိုကို ဆန့်ကျင်ခြင်းတော့ မပြုကြချေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို သူတို့အားလုံး စုပေါင်းတိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့်အခေါက်က အကြီးအကဲသုံးယောက် ခြောင်းမြောင်းတိုက်ခိုက်ခြင်းမှာ မတူညီသော ကိစ္စနှစ်ရပ် ဖြစ်သည်။ အကြီးအကဲသုံးယောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ခြောင်းမြောင်းတိုက်ခိုက်စဉ်အခါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ထောင်ချီသော တပ်သားများအလယ်တွင် ရှိနေပြီး ဘေးနားတွင် မရေမတွက်နိုင်သော အဆင့်မြင့်ပညာရှင်များ ရှိ၏။ သို့ဖြစ်၍ အကြီးအကဲသုံးယောက်မှာ သိုင်းလောက၏ စည်းမျဉ်းကို ချိုးဖောက်သည် မမည်ပေ။

သို့သော်လည်း ယခုအကြိမ်တွင်တော့ သူတို့က သိုင်းလောကစည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပေတော့မည်။

“ဒီလို လုပ်လိုက်ရင် စည်းမျဉ်းတွေ ကျိုးပေါက်ပြီး သမိုင်းအစဉ်အဆက် ဒုက္ခပင်လယ်ဝေသွားလိမ့်မယ်…”

ဝိညဉ်သခင်တောက်ချွမ်က တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ “သူတို့က နန်းတွင်းရဲ့ စည်းမျဉ်းမရှိတဲ့ တိုက်ခိုက်နည်းတွေကို သိုင်းလောကထဲ သယ်လာခဲ့ပြီးပြီပဲ… အတိတ်က သိုင်းလောကဆီ ပြန်မရောက်နိုင်တော့မှာပဲ ငါ စိုးရိမ်မိတယ်…”

ယွင်မြို့တွင် ချင်မူက ယခင်အတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ထပ်မံကုသ၏။ ရှန်းမြို့သို့ ရောက်သောအခါ တစ်ခေါက်ထပ် ကုသပြန်သည်။ တပ်ဖွဲ့အားလုံးက လမ်းကြောင်းတစ်လျှောက် တိုက်ခိုက်သိမ်းပိုက် ချီတက်သွားပြီး တရှန်းမြို့၏ အရှေ့သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

တောင်ပိုင်းတွင် တောင်တန်းများ၊ မြစ်ချောင်းများ ရှိသော်လည်း မာန်ဟုန်မြစ်ကဲ့သို့ ကျုံးခံတပ်မျိုး မရှိသည့်အတွက် သူတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့ကို ခုခံရန် ခက်ခဲလှသည်။

ချင်မူက ထိုသို့ သဘာဝ ကျုံးခံတပ်နေရာတွင် တည်ဆောက်ထားသည့် အချက်အချာ နေရာ ကောင်းကင်လှိုင်းမြို့ကို တုထျန်းမိစ္ဆာဘုရင် ဆင့်ခေါ်၍ ဖျက်ဆီးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အကြီးအကျယ် ကောင်းကျိုးပြုခဲ့သော်လည်း သူ့အနေဖြင့် ထိုကိစ္စအတွက် အကျိုးခံစားခွင့် မရှိချေ။

ပဉ္စမမြောက်နေ့တွင် ချင်မူတို့ ယွဲ့မြို့သို့ ရောက်ရလာကြသည်။ ယွဲ့မြို့မှာလည်း သိမ်းပိုက်ထားပြီး ဖြစ်၏။

သူတို့ မြို့ထဲ ဝင်ဝင်ချင်းပင် အဖာအထေး ဗရပွနှင့် စုတ်ပြဲနေသော အဝတ်စားကို ဝတ်ဆင်၍ ခွက်ကွဲတစ်လုံး ကိုင်ကာ တောင်ဝှေးထောက်၍ လျှောက်လာသော သူဖုန်းစားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူ အနားရောက်လာသောအခါ ယွင်ချွယ်က သူ့အိပ်ကပ်ကို စမ်းကြည့်လိုက်၏။ ဟူလင်းအာက တဖုန်းကြေးပြားတစ်ပြား ထုတ်ယူ၍ ယွင်ချွယ့်လက်ထဲ ထည့်ပေးလိုက်သည်။ ယွင်ချွယ်က ကျေးဇူးတင်စကားဆို၍ ထိုတဖုန်းကြေးပြားကို သူဖုန်းစား၏ ခွက်ထဲသို့ ထည့်လိုက်၏။

သူဖုန်းစားက သူ့ခွက်ကို တဂျောက်ဂျောက် မြည်အောင် လှုပ်၍ သွားဖြဲပြုံးပြလိုက်သည်။ “ကြင်နာတတ်တဲ့သူတွေ သားသမီးတစ်သိုက်နဲ့ စီးပွားလာဘ်လာဘ တိုးတက်ကြပါစေ… ဧကရာဇ်အတိုင်ပင်ခံ၊ တရှန်းကို လာခဲ့ပါ… တရှန်းမြို့မှာ သိုင်းလောက သူရဲကောင်းတွေက ဒုတိယလမ်း ရွေးပြီး ဧကရာဇ်အတိုင်ပင်ခံကို စောင့်ကြိုနေပါမယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို တစ်ချက်ကြည့်၍ မတုန်မလှုပ် ပြောလိုက်၏။ “မင်းတို့ဘက်က ဘာလို့ ထပ်မစောင့်နိုင်တာလဲ… ရက်နည်းနည်းသာ ထပ်စောင့်လိုက်ရင် ငါ့တပ်ဖွဲ့က တလီကို သက်ဆင်းပြီး သိုင်းလောကသူရဲကောင်း ဆိုတဲ့ဟာတွေကို တောင်ဘက်ပင်လယ်မှာ ငါးစာကျွေးပစ်လိမ့်မယ်… အဲလိုက ပိုမကောင်းဘူးလား…”

သူဖုန်းစားအိုကြီးက တဟားဟား အော်ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ မုခ်တံခါးပွင့်သံခုနစ်ချက် ဆက်တိုက် ထွက်ပေါ်လာပြီး အရှိန်အဝါအငွေ့အသက်က တစ်မုဟုတ်ချင်း ထိုးတက်သွား၏။ သူ၏ ကျင့်စဉ်စွမ်းအင်က လွန်စွာ နက်ရှိုင်းလှသည်။ သူ့စိတ်ဝိညာဉ်က သက်ရှိအားလုံးကို ပြက်ရယ်ပြုသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။ အများသူငှာ ပေးကမ်းစွန့်ကြဲ၍ အသက်ရှင်ရသည့်သူနှင့် မတူဘဲ သက်ရှိအားလုံး ပူဇော်ကိုးကွယ်ခံရသည့် နတ်ဘုရားတစ်ပါးအသွင် ဖြစ်နေသည်။

“ဧကရာဇ်အတိုင်ပင်ခံက အရင်လို ရဲရင့်တုန်းပါပဲလား… တရှန်းမြို့မှာ စောင့်နေမယ်…”

သူ ထွက်သွားတော့မည် ပြင်စဉ်တွင် စကားတစ်ခွန်းကြားလိုက်ရ၏။ “နေဦး…”

သူဖုန်းစားအိုကြီးက ဇဝေဇဝါ အမူအရာဖြင့် ချင်မူ့ဘက် လှည့်ကြည့်လိုက်သည်။

ချင်မူက မျက်နှာသေဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ “လင်းအာ၊ ပိုက်ဆံ ပြန်ယူလိုက်… သူက ငါတို့ထက် ပိုချမ်းသာတယ်…”

ဟူလင်းအာက ချက်ချင်း ရှေ့ထွက်၍ ခွက်ကွဲထဲမှ တဖုန်းကြေးပြားကို ပြန်ယူလိုက်သည်။ သူဖုန်းစားအိုကြီးမှာ တစ်မုဟုတ်ချင်း ဒေါသအိုး ပေါက်ကွဲသွား၏။ “မင်းတို့က သူဖုန်းစား တစ်ယောက်ကို ပေးထားတဲ့ ငွေတောင် ပြန်ယူတယ်ပေါ့… အမြုံကောင်တွေ၊ အမြုံကောင်တွေ…”

“သူဖုန်းစားစုတ်၊ ငါတို့ကို ကျိန်ဆဲနေတာလား…”

ဟူလင်းအာက နောက်လှည့်၍ မေးလိုက်သည်။ “သခင်လေး၊ မြုံတယ်ဆိုတာ ဘာလဲ…”

ချင်မူက ပြောလိုက်၏။ “မြုံတယ်ဆိုတာ ကလေးမရနိုင်တာကို ပြောတာ…”

“ကျွန်မတို့ကို တကယ် ကျိန်ဆဲနေတာပဲ…”

ဟူလင်းအာမှာ ဒေါသထွက်သွားပြီး ထိုသူဖုန်းစားအိုကြီး မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။ သူဖုန်းစားအိုကြီးက ရှောင်ရှားခြင်း မရှိဘဲ ဟက်ခနဲ ရယ်လိုက်၏။ “မြေခွေးလေး၊ ငါ့ကို စော်ကားတဲ့အတွက် သေပြီလို့သာ မှတ်ထားလိုက်…” သူက စကားဆုံးသည်နှင့် လေထဲသို့ ထိုးခွင်းပျံထွက်သွားသည်။

ဟူလင်းအာက ထွီခနဲ တံတွေးထွေးလိုက်၏။ “ငါ့ပိုက်ဆံကို အချောင်လိုချင်ပြီးမှ လာကျိန်ဆဲရဲသေးတယ်… နင်သာ အမြုံကောင်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “မင်းတို့ သတိထားမှ ရလိမ့်မယ်… ဒါက သူဖုန်းစားဂိုဏ်းချုပ်ချီတယိုပဲ… သူဖုန်းစားဂိုဏ်းက စိတ်သဘောထား ကျဉ်းမြောင်းပြီး အောက်လမ်းပညာ ကျွမ်းကျင်တယ်… သူတို့ကို မပေးကမ်းရင် ဆိုင်ရှေ့တွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပြီး လူတွေကို အောက်လမ်းနည်းနဲ့ အန္တရာယ် ပြုကြတယ်… လူတွေရဲ့ စီးပွားပျက်အောင် လုပ်တဲ့အပြင် နောက်ကွယ်မှာကျိန်ဆဲပြီး သူများသားသမီးတွေကို ပြန်ပေးဆွဲ ရောင်းချသေးတာ… ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတောင်းစားခန်းမလည်း သူတို့နဲ့ မကြာခဏ ပြဿနာဖြစ်ရတယ်… သူတောင်းစားခန်းမက အစာရေစာပဲ တောင်းရမ်းပြီး မကောင်းမှုတွေ သိပ်မလုပ်ဘူး… ဒါပေမဲ့ သူဖုန်းစားဂိုဏ်းရဲ့ အကွက်ဆင် ချောက်တွန်းတာကို ခဏခဏ ခံရတယ်…”

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ တရှန်းမြို့နဲ့ သိပ်မဝေးတော့ဘူး… ဒီလောက်ဆို ရပြီနဲ့ တူပါတယ်… ကျွန်တော်တို့ နန်းတွင်းကောလိပ်ကို ပြန်လိုက်တော့မယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမူအရာ အပြောင်းအလဲမရှိ ပြောလိုက်၏။ “မရသေးဘူး၊ မင်းတို့ ငါနဲ့ တရှန်းကို လိုက်ခဲ့ရဦးမယ်…”

ချင်မူ ခေါင်းကိုက်သွားသည်။ အားလုံး အခြေကျ နေရာယူပြီးသွားသောအခါ ယွဲ့မြို့ရှိ လောင်းကစားရုံသို့ သူတစ်ကိုယ်တည်း ထွက်လာခဲ့လိုက်၏။ လောင်းကစားရုံပိုင်ရှင်ကို ခေါ်၍ အမိန့်ပေးလိုက်သည်။ “ငါတို့ နတ်ဂိုဏ်းရဲ့ စံအိမ်သုံးရာ့ခြောက်ဆယ်ကို နေရာရွှေ့ပြောင်းအလံတွေ သုံးပြီး လာခဲ့ဖို့ အမိန့်ပေးလိုက်…”

“နေဦး…”

ချင်မူ၏ နောက်မှ စစ်ယွင်ရှန်း၏အသံ ပေါ်ထွက်လာသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ စစ်ယွင်ရှန်း လျှောက်လှမ်းလာသည်ကို တွေ့ရ၏။ သူ့မျက်နှာထက်တွင် ယခင်ကကဲ့သို့ ရှက်အားပိုမှု စိုးစဉ်းမျှ မရှိဘဲ အေးစက်စက် ပြောဆိုလိုက်သည်။ “နတ်ဂိုဏ်းသခင်၊ အဲလိုလုပ်ရင် ကျွန်မတို့ နတ်ဂိုဏ်းကို အန္တရာယ်တောထဲ ဆွဲသွင်းသလို ဖြစ်လိမ့်မယ်… ကျွန်မတို့ နတ်ဂိုဏ်း အတိမ်းအပါး ဖြစ်သွားရင် ဘယ်သူ တာဝန်ခံမှာလဲ…”

ချင်မူက နောက်ပြန်လှည့်၍ မတုန်မလှုပ် ပြောလိုက်၏။ “ကောင်းကင်နတ်မယ်၊ ငါက ဂိုဏ်းသခင်ပါ…”

စစ်ယွင်ရှန်းက ချိုမြစွာ ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ကို ကောင်းကင်နတ်မယ် စစ်ယွင်ရှန်း ဂါရဝပြုပါတယ်…”

သူ့မျက်နှာက ပြန်လည် အေးစက်သွား၏။ “ဂိုဏ်းသခင်အနေနဲ့ ကျွန်မတို့နတ်ဂိုဏ်းကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ပူးပေါင်းကူညီခိုင်းမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရှုံးရှုံးနိုင်နိုင် ကျွန်မတို့နတ်ဂိုဏ်းက သိုင်းလောကအလယ်မှာ နာမည်ပျက်ရလိမ့်မယ်… တခြားသိုင်းဂိုဏ်းတွေက လှောင်ပြောင်သရော်ပြီး ရန်သူလို သဘောထားကြလိမ့်မယ်… ဒီလောကမှာ ကျွန်မတို့ ခြေချစရာနေရာ ရှိတော့မှာ မဟုတ်ဘူး…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “နတ်ဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်း ဖြစ်နေပြီပဲ၊ ငါတို့ဂိုဏ်းမှာ ဘာနာမည်ကောင်းများ ကျန်သေးလို့လဲ… ခြေချစရာနေရာဆိုတာ သူများပေးတာကို စောင့်မျှော်ဖို့ မဟုတ်ဘူး၊ ကိုယ်တိုင် တိုက်ယူရတာ… ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ရပ်ပဲ၊ ဒီအခွင့်အရေးကို မယူခဲ့ရင်သာ ငါတို့အတွက် တကယ် ခြေချစရာမရှိ ဖြစ်သွားမှာ…”

စစ်ယွင်ရှန်းက ငြင်းဆန်စကား ဆိုလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သိုင်းဂိုဏ်းတွေအားလုံးကို ရှင်းပြီးတာနဲ့ ကျွန်မတို့ဂိုဏ်းဘက် လှည့်လာရင်ရော… ဂိုဏ်းသခင် တာဝန်ယူမှာလား…”

ချင်မူက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ငါ တာဝန်ယူတယ်…”

စစ်ယွင်ရှန်း၏ အမူအရာ ထပ်မံ ပြောင်းလဲသွား၏။ ရုတ်တရက် လှစ်ခနဲ ပြုံးလိုက်သည်။ “ဂိုဏ်းသခင်က ဂိုဏ်းသခင်ဆိုတော့ ဆုံးဖြတ်ချက်ချတာ သဘာဝကျပါတယ်၊ စစ်ယွင်ရှန်း ထပ်မပြောတော့ပါဘူး… ဒါပေမဲ့ ဂိုဏ်းသခင်အနေနဲ့ ဆုံးဖြတ်ချက်မှားပြီး နတ်ဂိုဏ်းကို အန္တရာယ်တောထဲ ကျစေခဲ့ရင် ဂိုဏ်းသခင်က ကောင်းကင်နတ်မယ် သတ်လို့ သေတဲ့ ဒုတိယနတ်ဂိုဏ်းသခင် ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မယ်…”

ချင်မူ မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နတ်ဂိုဏ်းသခင်နေရာက အလွန်တရာ အန္တရာယ်များလှသည်။ အမှားအယွင်းတစ်ခုကြောင့် အချိန်မရွေး အသက်ပေးသွားရနိုင်၏။

စစ်ယွင်ရှန်းက ခပ်တိုးတိုး ပြောလိုက်သည်။ “ပြီးခဲ့တဲ့ နတ်ဂိုဏ်းသခင်က တဏှာရူးထလို့ သေခဲ့ရတယ်… လက်ရှိ နတ်ဂိုဏ်းသခင်ကလည်း ကောင်းကင်နတ်မယ်ရဲ့ အသေရိုက်သတ်သာ ခံရမယ်ဆိုတော့ လူကြားလို့တော့ သိပ်ကောင်းမယ် မထင်ဘူး…”

ချင်မူက ခေါင်းယမ်း၍ လက်ခါပြလိုက်၏။ “ကောင်းကင်နတ်မယ်၊ နောက်ဆုတ်တော့… စံအိမ်သခင် သုံးရာ့ခြောက်ဆယ်ကို နေရာရွှေ့ပြောင်းအလံတွေ သုံးပြီး ချက်ချင်း လာဖို့ အမိန့်ပါးလိုက်… လက်ဝဲရံနဲ့ လက်ယာရံကိုပါ ဖိတ်ခေါ်လိုက်…”

လောင်းကစားရုံပိုင်ရှင်က ဦးညွှတ်အရိုအသေပြုလိုက်သည်။ “ဂိုဏ်းသခင် အမိန့်အတိုင်းပါ…”

ချင်မူ လောင်းကစားရုံမှ ထွက်လာခဲ့လိုက်၏။ စစ်ယွင်ရှန်းက အပြင်ဘက်တွင် ရပ်စောင့်နေသည်။ ချင်မူ ထွက်လာသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်၏။ “သေအောင် ရိုက်သတ်ခံရမယ်…”

ချင်မူက သူ့ကို စိုက်ကြည့်၍ ရှေ့ဆက်လျှောက်သွားသည်။ “နေခဲ့မှာလား၊ လိုက်လာမှာလား…”

စစ်ယွင်ရှန်းက သူ့နောက် အမီလိုက်လာပြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့် မျက်လုံးလှန်ကြည့်လိုက်၏။ “ဂိုဏ်းသခင်အနေနဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဂိုဏ်းမှာ အရင်ထားခဲ့ချင်သလား… မတော်လို့ ဂိုဏ်းသခင် သေပြီး ပျောက်သွားရင် ဘယ်လိုလုပ်မလဲ…”

ချင်မူက ခြေလှမ်းများ ရပ်၍ နောက်လှည့်ကာ အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ “ဒီမှာ မမလေး… မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး… ငါ့ဆုံးဖြတ်ချက် မှားလို့ ငါ့ကို လာသတ်ရင် မင်းပဲ သေသွားလိမ့်မယ်… မင်းက…”

ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ ကောင်းကင်ထက်တွင် တြိဂံပုံ ဆွဲလိုက်သည်။ ထို့နောက်  အလယ်၌ မျဉ်းဖြောင့်တစ်ကြောင်း ဆွဲလိုက်၏။ “မင်းက ဒါ…”

ထို့နောက် နောက်ထပ် မျဉ်းဖြောင့်တစ်ကြောင်း ထပ်ဆွဲလိုက်သည်။ “ဒါက ငါပဲ… မင်းရဲ့ ထောင့်ချိုး ဘယ်လောက်ပဲကျယ်ကျယ် မင်းရဲ့ မျဉ်းက ငါ့လောက် ရှည်လာမှာ မဟုတ်ဘူး…”

စစ်ယွင်ရှန်း၏ နောက်ကျောထက်ရှိ ဓားအိတ်ထဲမှ တချွင်ချွင် အသံများ မြည်လာပြီး ချိုမြစွာ ပြုံးလိုက်၏။ “စမ်းမကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ…”

ချင်မူက လက်နောက်ပစ်၍ ရှေ့ဆက်လျှောက်သွားသည်။ “စမ်းကြည့်စရာ မလိုဘူး… အဆင့်တူမှာ ဘယ်သူမှ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… မင်းတင် မကဘူး၊ ဧကရာဇ်အတိုင်ပင်ခံတောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး…”

သူက ခြေလှမ်းများ ရပ်တန့်၍ ကောင်းကင်ထက်သို့ အထီးကျန်ဆန်စွာ မော့ကြည့်လိုက်၏။ “ငါက လောကသခင်ခန္ဓာ…”

ချင်မူက ခေါင်းငုံ့၍ သက်ပြင်းချလိုက်သည်။ “တစ်လောကလုံးမှာ တစ်ယောက်တည်း ရှိတဲ့ လောကသခင်ခန္ဓာ…”

စစ်ယွင်ရှန်း မှင်တက်မိသွား၏။ သူ့အနေဖြင့် လှုပ်ရှားလိုက်ချင်သော်လည်း ချင်မူ၏ သွင်ပြင်မူရာကြောင့် တုန်လှုပ်သွားသည်။

ဤသည်က ပြိုင်ဘက်မရှိသည့်အတွက် အထီးကျန်နေသော အရှိန်အဝါအငွေ့အသက်မျိုး ဖြစ်၏။

“လောကသခင်ခန္ဓာ… ဘယ်လို ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးလဲ… ဝိညာဉ်ခန္ဓာလေးမျိုးထက် ပိုစွမ်းအားကြီးတာများလား…”

သူ့စိတ်ထဲမှ တွေးလိုက်မိသည်။ “သူက လောကသခင်ခန္ဓာ ဖြစ်နေလို့များ ဂိုဏ်းချုပ်က ငါ့ကို မရွေးဘဲ သူ့ကို ရွေးခဲ့တာလား…”

All Chapters