← Chapters

တိမ်ဆုပ်ကဲ့သို့ အဆင့်မြင့်ပညာရှင်များ

Vol. 15 Ch. 197

တိမ်ဆုပ်ကဲ့သို့ အဆင့်မြင့်ပညာရှင်များ

Vol. 15 Ch. 197

စစ်ယွင်ရှန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ပြီး အဝေးသို့ လျှောက်လှမ်းသွားသော ချင်မူ့ကို မျက်လုံးလှန် ကြည့်လိုက်သည်။ “လောကသခင်ခန္ဓာဆိုတော့ရော ဘာဖြစ်လဲ… ငါတို့စစ်မိသားစုရဲ့ မိန်းမတွေက မွေးရာပါ ဂိုဏ်းသခင်သတ်ဖြတ်သူတွေပဲ… အရင်မျိုးဆက်ရဲ့ ကောင်းကင်နတ်မယ်က ပြီးခဲ့တဲ့ ဂိုဏ်းသခင်ကို သတ်နိုင်ခဲ့ရင် ငါလည်း သတ်နိုင်ရမယ်…”

နောက်တစ်နေ့တွင် ဟုန်ရှန်းစီရင်စုသို့ သူတို့ ရောက်လာ၏။ ဟုန်ရှန်းစီရင်စုကို သိမ်းပိုက်ပြီးသည်မှာလည်း နှစ်ရက်ရှိသွားချေပြီ။ စစ်သည်တစ်ယောက်က ဧကရာဇ်အတိုင်ပင်ခံကို မြင်သောအခါ ကမန်းကတန်း သတင်းပို့လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ မြို့ထဲမှာ အလံသယ်လာတဲ့လူတွေ အများကြီး ရောက်နေပါတယ်…”

“အလံသယ်လာတဲ့လူတွေ ဟုတ်လား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တီးတိုးရေရွတ်ရင်း ချင်မူ့ကို ကြည့်လိုက်၏။ “လျစ်လျူရှုထားလိုက်… သူတို့ အကုန်လုံး ဘယ်နှယောက် ရှိလဲ…”

“တစ်ဒါဇင်လောက် ရှိပါတယ်… အကုန်လုံးက မျက်နှာဖုံးအောင် ဝါးခမောက်တွေ ဆောင်းထားတဲ့အပြင် အဝတ်နဲ့ တင်းတင်းပတ်ထားတဲ့ လက်နက်အမျိုးမျိုး ကိုင်ဆောင်လာကြတယ်… သူတို့ကို ကြည့်ရတာ လူကောင်းတွေနဲ့ မတူပါဘူး…”

“ရပြီ…”

တတိယမြောက်နေ့တွင် သူတို့ ချင်းဟယ်စီရင်စုသို့ ရောက်ရှိလာသည်။ ချင်းဟယ်စီရင်စုတွင်လည်း အလံသယ်ဆောင်လာသူ အများအပြား ရောက်ရှိနေကြ၏။ အယောက်ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိပြီး ယခင်နေ့ကထက် အများကြီး ပိုများလာသည်။

စတုတ္ထနေ့ ဝူယင်းမြို့တွင်လည်း အလံသယ်ဆောင်လာသူ ရာချီ ပေါ်ထွက်လာ၏။ ချင်မူက ဤလူများ မည်သည့်နေရာမှ လာ၍ မည်သည့်အတွက်ကြောင့် လာခြင်း ဖြစ်ကြောင်း ရှင်းမပြသကဲ့သို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း မေးမြန်းခြင်း မပြုပေ။

ပဉ္စမမြောက်နေ့တွင် သူတို့ မြို့စားစံအိမ်မှ ထွက်၍ တရှန်းမြို့သို့ သွားရန် ပြင်လိုက်ကြသည်။ မြို့စားစံအိမ်မှ ထွက်လာလာချင်းပင် ဝါးခမောက်ဆောင်း လူထူးဆန်းတစ်ယောက် အဝတ်ပတ်ထားသည့် လက်နက်ကို ကိုင်စွဲ၍ မြို့စားစံအိမ်တံခါးဘေးမှ ထရပ်ကာ သူတို့နောက်သို့ လိုက်လာသည်ကို မြင်ရ၏။

ခြေနှစ်လှမ်းမျှ လျှောက်ပြီးသည့်အခါ ဘေးဘက်လမ်းကြားမှ အခြားသူတစ်ယောက် ထွက်လာပြန်သည်။ ထိုသူကလည်း ဝါးခမောက်တစ်လုံးကို ခပ်ငိုက်ငိုက် ဆောင်းထား၏။ သူ့လက်ထဲတွင်တော့ အဝတ်ပတ်ထားသည့် လက်နက်တစ်ခု ကိုင်စွဲထားသည်။ အခြားလမ်းသွယ်မှလည်း ဝါးခမောက်ဆောင်းထားသည့် တုတ်တုတ်ခိုင်ခိုင် လူတစ်ယောက် ထရပ်၍ အဝတ်အိတ်တစ်လုံးကို သယ်ကာ သူတို့နောက်မှ လိုက်လာ၏။

ဝူယင်းမြို့ပြင်သို့ မရောက်မီပင် တစ်ပုံစံတည်း ဝတ်ဆင်ထားသော လူထူးဆန်းရာချီ သူတို့နောက်မှ လိုက်လာကြသည်။ ထိုသူများက လူကြီးလူငယ်၊ ကျားမ စုံလင်လှ၏။

ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများက နောက်ပြန်လှည့်ကြည့်၍ စိတ်မသက်မသာ ဖြစ်သွားသည်။ ဤလူများအားလုံးက ဝါးခမောက်များ ခပ်ငိုက်ငိုက် ဆောင်း၍ အတော်လှမ်းလှမ်းမှ လိုက်လာကြ၏။ သူတို့က မျက်နှာများ အမြင်မခံသကဲ့သို့ မည်သည်ကို လုပ်မည်မှန်းလည်း မသိရချေ။

“ဒီလူတွေက အလံသယ်လာတဲ့ လူတွေလား… သူတို့အလံတွေက ဘယ်မှာလဲ…” ယွင်ချွယ်က တီးတိုးရေရွတ်လိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ရှိနေသေးပြီး သူတို့နောက်မှ လိုက်လာသည့် လူပေါင်းရာချီကို အလေးထားဟန် မရှိချေ။

ဝူယင်းမြို့ပြင်သို့ သူတို့ ရောက်လာကြ၏။ မြို့ရိုးတံခါးနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် တဲလေးတစ်လုံး ရှိနေသည်။ ထိုတဲအောက်တွင် အဘိုးကြီးတစ်ယောက်၊ အဘွားကြီးတစ်ယောက် လ္ဘက်ရည်ကြမ်း ရောင်းနေ၏။ သူတို့ အနားရောက်လာသောအခါ ထိုအဘိုးကြီး အဘွားကြီးများက ခေါင်းမော့ကြည့်၍ နှုတ်ဆက်လိုက်သည်။ “ဧည့်သည်တော်ကြီးတွေ လ္ဘက်ရည်ကြမ်းလေး သောက်သွားကြပါဦးလား…”

ယွင်ချွယ်ကိုယ်တော်က တီးတိုးရေရွတ်လိုက်၏။ “အခုမှ ခရီးစထွက်ခါစ ရှိသေးတယ်၊ ဘယ်လိုလုပ် လ္ဘက်ရည်ကြမ်း သောက်ရမှာလဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ငါ ရေဆာတယ်…” သူက စကားဆုံးသည်နှင့် တဲထဲဝင်ထိုင်ကာ လ္ဘက်ရည်ကြမ်းတစ်ခွက် တောင်းလိုက်၏။

ချင်မူလည်း ဝင်ထိုင်လိုက်သည်။ အဘိုးကြီးအဘွားကြီး နှစ်ဦးလည်း ထိုင်ချလိုက်၏။ လူလေးယောက် စားပွဲလေးဖက်တွင် ထိုင်၍ ရှေ့တွင် လ္ဘက်ရည်ကြမ်းတစ်ခွက်စီ ရှိနေသည်။

ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများလည်း ဝင်ထိုင်ရန် ပြင်လိုက်၏။ သို့သော်လည်း သူတို့ မည်မျှ ရှေ့တိုးသွားသွား နေရာမရွေ့ကြောင်း တွေ့လိုက်ရသည်။ ထိုတဲလေးက သူတို့နှင့် လွန်စွာနီးကပ်နေသော်လည်း ခြေလှမ်းပေါင်း ဒါဇင်ချီ လျှောက်ပြီးသည့်တိုင် မူလအကွာအဝေးအတိုင်း ရှိနေဆဲဖြစ်ကြောင်း တွေ့ရ၏။

အားလုံး အံ့အားသင့်သွားကြပြီး ထိုတဲဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ သူတို့၏ ပြေးနှုန်းက လွန်စွာမြန်ဆန်လှသော်လည်း တဲနှင့်သူတို့၏ အကွာအဝေးက ပြောင်းလဲသွားခြင်း မရှိပေ။ ဤတဲလေးက သူတို့နှင့် နီးကပ်နေသော်လည်း မိုင်ပေါင်းထောင်ချီ ဝေးနေသကဲ့သို့ ထင်ရ၏။

တစ်ခဏကြာပြီးသောအခါ ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ လ္ဘက်ရည်ကြမ်းခွက်ကို မော့သောက်လိုက်ကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထရပ်၍ ဦးညွှတ် အရိုအသေပြုလိုက်၏။ အဘိုးကြီးနှင့် အဘွားကြီးလည်း ထရပ်၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။

သူတို့နှစ်ယောက်သား တဲထဲမှ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “တရှန်းကို သွားကြစို့…”

အားလုံးက နားမလည်နိုင်သော အမူအရာများဖြင့် သူတို့နောက်မှ လိုက်သွားကြသည်။ ယွဲ့ချင်းဟုန် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ဝါးခမောက်များ ဆောင်းထားသည့် လူထူးဆန်းရာချီက သူတို့နောက် လိုက်မလာတော့ဘဲ တဲထဲ ဝင်ထိုင်၍ တိတ်တိတ်ဆိတ်ဆိတ် လ္ဘက်ရည်ကြမ်းသောက်နေကြကြောင်း တွေ့လိုက်ရ၏။ ထူးဆန်းလှသည်။

“တော်တော် ထူးဆန်းတဲ့ လူတွေ…” ဟူလင်းအာက ရေရွတ်လိုက်၏။

စစ်ယွင်ရှန်းက ချင်မူ့ဘေးနားကပ်၍ ခပ်တိုးတိုး မေးလိုက်သည်။ “ပြီးပြီလား…”

ချင်မူက ခေါင်းညိတ်လိုက်၏။ “ပြီးရင် သိလိမ့်မယ်…”

သူတို့ တရှန်းမြို့ပြင်သို့ ရောက်လာကြသည်။ ထိုနေရာ ကွင်းပြင်တစ်ခုလုံး တပ်စခန်းများ ပြည့်နေ၏။ နေရာအနှံ့ စခန်းချထားကြပြီး နယ်စားဝေ့၊ ကွမ့်ကျွင်းတပ်မှူးချုပ်၊ ဟွိုက်ဟွားတပ်မှူးချုပ်တို့ အားလုံးလည်း ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့က တရှန်းမြို့သို့ ချက်ချင်း ဝင်မတိုက်ကြသေးပေ။

တရှန်းက တောင်ဘက်နယ်စပ်ဒေသ၏ အချက်အချာကျသောမြို့ ဖြစ်ပြီး တစ်ပြည်လုံးရှိ သူပုန်တပ်ဖွဲ့များအားလုံး စုစည်းသောနေရာ ဖြစ်သည်။ စစ်သည်များ၊ သားရဲတပ်များ ထောင်ချီနေ၏။ ဂိုဏ်းအသီးအသီးမှ ဂိုဏ်းသားများကလည်း ဤနေရာသို့ စုဝေးရောက်ရှိပြီး တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။

နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်ကြလျှင် သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်မည်မှာ ကျိန်းသေ၏။

လမ်းတစ်လျှောက်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူသန်ကြီးများက ကြီးမားသော တိမ်ပျံလှည်းများကို တွန်း၍ တိုက်ခိုက်ရန် လေ့ကျင့်နေကြသည်။ ဤ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူသန်ကြီးများက ရုပ်ခန္ဓာသန်စွမ်းအောင် အထူးလေ့ကျင့်ထားသည့် သိုင်းကွက်အသားပေးလမ်းစဉ်မှ အဆင့်မြင့်ပညာရှင်များ ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များက ဆယ်ဆမှ အဆတစ်ရာထိ ပြန့်ကားကြီးထွား၍ လူ့ဘီလူးကြီးများအဖြစ် ပြောင်းလဲနိုင်သည်။ သူတို့က ရွှေနှင့်ကြေး ရောစပ်သွန်းလုပ်ထားသည့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြ၏။ ထိုချပ်ဝတ်တန်ဆာများ၏ အထူသက်သက်ကပင် ပေဝက်ခန့် ရှိသည်။

ဤလူ့ဘီလူးကြီးများက သူတို့၏ ခန္ဓာကိုယ်တွင် သံကြိုးများ ရစ်ပတ်၍ ဒိုင်းကာများ ကိုင်ကာ တိမ်ပျံလှည်းများ တွန်းလာကြ၏။ တိမ်ပျံလှည်းများက လွန်စွာ ရှုပ်ထွေးလှသည်။ ကြီးမားသည့် သံတင်းပုတ်ကြီးများဖြင့် မြို့ရိုးတံခါးကို ထုနှက်နိုင်သကဲ့သို့ အထက်သို့ ကိုက်ပေါင်းဒါဇင်ချီ ဆန့်ထုတ်နိုင်သော လှေကားများကိုလည်း သယ်ဆောင်လာ၏။ ထိုလှေကားများကို မြို့ရိုးနံရံ၌ မှီထောင်လိုက်သောအခါ စစ်သည်များ မြို့ရိုးပေါ်သို့ ဆွဲခိုတက်သွားနိုင်သည်။

ထို့အပြင် အဖွဲ့လိုက် နေရာယူ တိုက်ခိုက်မှု လေ့ကျင့်နေသော စစ်သည်များလည်း ရှိ၏။

ကြီးမားသောငှက်ကြီးများ စီးနင်းသည့် တပ်ဖွဲ့များကလည်း တပ်မှူးများ၏ အမိန့်အတိုင်း နိမ့်ဆင်းလာကြသည်။ သောင်းချီသောဓားရောင်များ လက်သွားပြီး တစ်ချက်တည်းနှင့် နှစ်ဧကကျော်ရှိသော နေရာတစ်ခုလုံး ဓားပျံများ ဖုံးလွှမ်းသွား၏။

ငှက်စီးတပ်များ ပျံသန်းသွားသောအခါ ဓားပျံများလည်း တစ်ချောင်းပြီးတစ်ချောင်းပျံတက်၍ သူတို့၏ နောက်ကျောရှိ ဓားအိတ်များထဲသို့ ဝင်သွားသည်။ ငှက်စီးတပ်ဖွဲ့က လျှပ်ပြက်သကဲ့သို့ ရောက်လာ၍ လေအလျဉ်ကဲ့သို့ ထွက်ခွာသွားသဖြင့် ခုခံကာကွယ်ရန် မလွယ်လှချေ။

ငှက်စီးတပ်ဖွဲ့က တစ်ဖွဲ့တည်းသာ ရှိသည်မဟုတ်၊ စုစုပေါင်း တစ်ဒါဇင်ခန့် ရှိ၏။ ကြီးမားသောငှက်စီးတပ်ဖွဲ့များက ပျားများသဖွယ် စနစ်တကျ ပျံသန်း၍ ဝံပုလွေအုပ်ကဲ့သို့ အုံဖွဲ့တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့ဖြစ်၍ ခြေလျင်တပ်ဖွဲ့များအနေဖြင့် ဤသို့သော ဝေဟင်တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရလျှင် မရှုမလှ သေပွဲဝင်ရန်သာ ရှိ၏။

သူတို့က အင်အားကြီးမားသည့် ရန်သူနှင့် ရင်ဆိုင်ရလျှင်လည်း လိုက်မမီသည့် အကွာအဝေးမှ တိုက်ခိုက်၍ အမှည့်ခြွေခြွေနိုင်သည်။

ငှက်စီးတပ်ဖွဲ့များအပြင် သင်္ဘောပျံများလည်း ရှိ၏။ ဤတစ်ကြိမ်တွင် နယ်စားဝေ့နှင့် ကွမ့်ကျွင်းတပ်မှူးချုပ်က ရာပေါင်းများစွာသော သင်္ဘောပျံများကို ဦးဆောင်လာသည်။ သင်္ဘောတစ်စီးလျှင် လူတစ်ထောင် သယ်ဆောင်နိုင်သဖြင့် စစ်သည်အင်အားတစ်သိန်း ရှိသော တပ်ဖွဲ့ကြီး ချီတက်လာခြင်း ဖြစ်၏။

“ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တပ်ဖွဲ့ကို ပြိုင်ဘက်ကင်းတပ်ဖွဲ့တစ်ခု ဖြစ်အောင် လုပ်ပေးလိုက်နိုင်တာပဲ… ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းသာ ဒီလို တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်ရရင် အစအနတောင် ကျန်မှာ မဟုတ်ဘူး…” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။

စခန်းချရာ နေရာသို့ ရောက်သောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နယ်စားဝေ့၊ ကွမ့်ကျွင်းတပ်မှူးချုပ်၊ ဟွိုက်ဟွားတပ်မှူးချုပ်တို့ကို စကားအနည်းငယ် ပြောဆို၍ ချင်မူတို့ကို ခေါ်ဆောင်ကာ တရှန်းမြို့သို့ ဝင်ရန်ပြင်လိုက်၏။

တရှန်းမြို့ရိုးပေါ်တွင် သိုင်းဂိုဏ်းအသီးသီး၏ အလံများ ချိတ်ဆွဲထားသည်။ ထိုထဲတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်အောက်သို့ သိမ်းယူပြီးသော နိုင်ငံငယ်အချို့၏ အလံများပင် ပါသေး၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ချက်ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။ “ဒီမျိုးဆက်ကိုသာ အပြီးတိုင် မဖျက်ဆီးရင် ဘယ်လိုလုပ် ရှေ့ဆက်နိုင်တော့မလဲ… တစ်ချိန်လုံး ပြာပုံထဲက ခေါင်းထောင်ထပြီး နှောက်ယှက်နေလိမ့်မယ်… ခေတ်ပြောင်းတော်လှန်ရေးဆိုတာ သွေးမြေမကျဘဲ မအောင်မြင်နိုင်ဘူး…”

ချင်မူက မေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ အဆင့်သင့် ဖြစ်ပြီလား…”

“အဆင့်သင့်ပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းမော့ကြည့်လိုက်သည်။ မြို့ရိုးတံခါးက ပွင့်ဟလာ၏။ မြို့ထဲမှ လူတန်းနှစ်တန်း ထွက်လာပြီး မြို့ရိုးတံခါး၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြသည်။ သူတို့၏ နောက်မှ ချီစွမ်းအင်က နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ ပုံရိပ်များအသွင်သို့ ပြောင်းလဲသွား၏။

“ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တွေပဲ…”

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များက နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ ပုံရိပ်များကို ဖော်ထုတ်နိုင်ပြီ ဖြစ်၏။ ဤကောင်းကင်နတ်အသွင်အဆင့် ပညာရှင်အုပ်စုနှစ်စုက အယောက်ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရှိသည်။

“ဘာမှ မကြီးကျယ်သေးပါဘူး…”

ယွဲ့ချင်းဟုန်က သက်ပြင်းချ၍ ပြုံးလိုက်၏။ “နန်းတွင်းကောလိပ်က ကျောင်းတော်သားတွေကို စမ်းသပ်တဲ့ မိုးပြာယန်ခန်းမ စစ်ဆေးပွဲမှာတောင် ကောင်းကင်နတ်အသွင်အဆင့် ကိုးဆယ့်ကိုးယောက် ထုတ်သုံးသေးတယ်… သူပုန်တွေက ကောင်းကင်နတ်အသွင်အဆင့် ဒီလောက်နည်းနည်းလေးပဲ ရှိတာ၊ ငါတို့ နန်းတွင်းကောလိပ်နဲ့တောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး…”

ဒါဇင်ချီသော ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များက ခေါင်းငုံ့လျက်သာ ရှိနေပြီး သူ့စကားကို လျစ်လျူရှုထားကြသည်။

မြို့ရိုးတံခါးအတွင်းသို့ လှမ်းဝင်လိုက်သောအခါ လမ်းမရှည်ကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ တန်းစီရပ်နေသည်ကို မြင်လိုက်ကြရ၏။ ခြေဆယ်လှမ်းတွင် လူတစ်ယောက်နှုန်းဖြင့် မြို့လယ်အထိ သွယ်တန်းနေပြီး လမ်းဆုံးကိုပင် လှမ်းမမြင်ရချေ။ စုစုပေါင်း လူတစ်ထောင်ကျော်ခန့် ရှိပေလိမ့်မည်။

ယွဲ့ချင်းဟုန်၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး စကားတစ်ခွန်းမျှ မဆိုရဲတော့ချေ။ ချင်မူကတော့ အတော်လေး တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင်လည်း ကောင်းကင်နတ်အသွင်အဆင့် ပညာရှင် ရာဂဏန်း ရှိသည်ဖြစ်ရာ သူ့အတွက် အံ့အားသင့်စရာ မဟုတ်ပေ။

“သိုင်းဂိုဏ်းတွေတင် မကဘူး၊ အမြစ်ပြတ် သုတ်သင်ပြီးတဲ့ တိုင်းပြည်တွေလည်း ဒီပုန်ကန်မှုမှာ ပါလာကြတာပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ပြောလိုက်၏။ “အဲဒီတိုင်းပြည်တွေရဲ့ ပြည်သူပြည်သားတွေ စိတ်လိုလက်ရ လက်ခံနိုင်အောင် အဆင့်မြင့် ပညာရှင်တွေ အကုန်လုံးကို မရှင်းပစ်ဘဲ ထားခဲ့တာ၊ အခုလို ပုန်ကန်မှုတွေ ဖြစ်လာတာပဲပေါ့… သိုင်းဂိုဏ်းတွေနဲ့ တိုင်းပြည်ငယ်တွေအပြင် တခြား နာမည်ကြီးမိသားစုတွေလည်း ဒီပုန်ကန်မှုထဲမှာ ပါသေးတယ်၊ သူတို့ရဲ့ အင်အားကလည်း လျှော့တွက်လို့ မရဘူး…”

ချင်မူ တွက်ကြည့်လိုက်သည်။ ကောင်းကင်နတ်အသွင်အဆင့် အထက်တွင် သေခြင်းရှင်ခြင်းအဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၏ အထက်တွင် ကောင်းကင်တံတားအဆင့် ရှိ၏။ ဤမျှ များပြားသော ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ ရှိနေသည်ကို ထောက်ရှုလျှင် သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များလည်း နည်းလိမ့်မည် မဟုတ်။ အနည်းဆုံး အယောက်တစ်ရာခန့် ရှိပေလိမ့်မည်။ ထို့အတူ ကောင်းကင်တံတားအဆင့် ထိပ်သီးပညာရှင်မှာလည်း တစ်ဒါဇင်ခန့် ရှိနိုင်၏။

ဂိုဏ်းချုပ်ကြီးအဆင့် တစ်ဒါဇင်ကျော်အပြင် ကျောက်စိမ်းမြို့တော်ငယ်ကဲ့သို့သော တိမ်မြုပ်ပျောက်ကွယ်နေသည့် အထွတ်အမြတ်နယ်မြေများမှ ထိပ်သီးပညာရှင်များလည်း ရှိသေးသည် ဖြစ်ရာ ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မြို့တွင်းသို့ ဝင်လာခြင်းမှာ သူ့ခေါင်း အဖြတ်ခံရန်အတွက် သူကိုယ်တိုင် ခေါင်းထိုးပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ချင်မူတို့မှာမူကား ကိုယ့်ခေါင်းကိုယ်ဖြတ်၍ ခါးတွင်ချိတ်သွားရုံသာ ရှိတော့၏။

လမ်း၏ တစ်ဖက်တစ်ချက်ရှိ အဆင့်မြင့်ပညာရှင်များက တည်ကြည်လေးနက်စွာ ရှိနေပြီး မည်သည့်အသံမျှ မပြုကြပေ။ ချင်မူတို့၏ ခြေသံတဒေါက်ဒေါက်သာ ကြားနေရ၏။ မြို့ထဲတွင် သူပုန်တပ်ဖွဲ့မှ ကောင်းကင်နတ်သိုင်းပညာရှင်များအပ အခြား မည်သူမျှ ရှိမနေချေ။

ထိုမျှမက တရှန်းမြို့ထဲတွင် မည်သည့် အဆောက်အဦမျှ မရှိတော့။ အဆောက်အဦအားလုံးကို မြေပေါ်ပုံကျအောင် ဖျက်ဆီး၍ အုတ်မြစ်ပါမကျန် ဖယ်ရှားထားသည်။ မြို့တစ်မြို့လုံးက ကွင်းခေါင်ခေါင် ဖြစ်၍ ထောင်သောင်းချီသော စစ်သည်တို့သာ ရှိနေ၏။ သူတို့အားလုံးက အသင့်နေရာယူ၍ စကားတစ်ခွန်းမျှမဆိုဘဲ ချင်မူတို့ကို စိုက်ကြည့်နေကြသည်။

ထောင်သောင်းချီသော ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အကြည့်အောက်တွင် လမ်းလျှောက်ရသည်မှာ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။ စစ်ပွဲအတွေ့အကြုံရှိသော ချန်ဝမ်ယွင်ပင် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ တုန်ရီနေသည်။

ချင်မူက နတ်ဘုရားများကို မြင်ဖူး၍ နတ်ဘုရားရုပ်တုပေါ်ပင် ကျင်ငယ်စွန့်ဖူးရာ သူ့အနေဖြင့် တုန်လှုပ်ခြင်း မရှိပေ။ ထိုအကြည့်များ၏ ဖိအားကို ခံစားရသော်လည်း တည်တည်ငြိမ်ငြိမ် နေနိုင်၏။

မြို့လယ်ခေါင်မှာလည်း မူလအတိုင်းမဟုတ်ဘဲ ပြုပြင်စီရင်ထားသည်။ မြို့စားနန်းဆောင်က အစအနရှာမရအောင် ပျောက်ကွယ်သွားပြီး ထိုနေရာတွင် လှေကားထစ် ထောင်ချီသော စင်မြင့်တစ်ခု အစားထိုး ရောက်ရှိနေ၏။ ထိုစင်မြင့်က မြို့ရိုးမျှော်စင်ထက်ပင် မြင့်ပြီး တောင်လေးတစ်လုံးနှင့် တူနေသည်။

ချင်မူ အနားသို့ လျှောက်သွားသောအခါ ရင်ထဲတွင် တုန်လှုပ်သွား၏။ ဤစင်မြင့်က တောင်လေးတစ်လုံးနှင့် ဆင်တူသည် မဟုတ်၊ တောင်အစစ်တစ်လုံး ဖြစ်နေသည်။

တောင်တစ်လုံးလုံးကို ရွှေ့၍ မြို့စားနန်းဆောင်နေရာတွင် ထားကာ ယခုပုံစံ ဖြစ်အောင် ထွင်းထုထားခြင်း ဖြစ်၏။

သူတို့ လှေကားထစ်များ၏ အခြေမှ ခပ်မှန်မှန် တက်ခဲ့ကြသည်။

တောင်ထိပ်သို့ရောက်သောအခါ တောင်ထွတ်က ပြင်ညီဖြစ်အောင် ပြုပြင်ထားကြောင်း တွေ့ရ၏။ ခမ်းနားထည်ဝါသော နတ်ဘုရားပုံရိပ်များ၊ မိစ္ဆာနတ်ဆိုးပုံရိပ်များ မိုးထိုးနေအောင် တွေ့ရသော်လည်း သိုင်းဂိုဏ်းချုပ်ကြီးများကို အရိပ်အယောင်ပင် မတွေ့ရချေ။

ချင်မူ အနီးကပ် ကြည့်မိသောအခါမှ သိုင်းဂိုဏ်းချုပ်များက ထိုနတ်ဘုရားပုံရိပ်များ၊ မိစ္ဆာနတ်ဆိုးပုံရိပ်များ၏ လက်ဖဝါးပေါ်တွင် ရပ်လျက်သော်လည်းကောင်း၊ မျက်ခုံးနှစ်ခုအလယ်တွင် ထိုင်လျက်သော်လည်းကောင်း ရှိနေသည်ကို တွေ့ရ၏။ မည်သူမျှ ကြမ်းပြင်နှင့် ထိနေခြင်း မရှိပေ။

သူတို့အားလုံးက ကောင်းကင်ယံအထက်အမြင့်တွင် နေ၍ ချင်မူတို့ကို ကြီးစွာသော ဖိအားပေးနေသည်။

ဤသို့သော ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များက လွန်စွာ စွမ်းအားကြီးမားလှ၏။

နတ်ဘုရားပုံရိပ်တစ်ခု၏ လက်ချောင်းထိပ်တွင် မတ်တတ်ရပ်နေသော မိန်းမလှတစ်ဦးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ငုံ့ကြည့်၍ ညင်သာသော လေသံဖြင့် ပြောလိုက်သည်။ “နတ်ဘုရားတွေအောက်က နံပတ်တစ်လူသား၊ လက်ရှိမင်းဆက်ရဲ့ ဧကရာဇ်အတိုင်ပင်ခံက တခြား အကူအညီ ဘယ်သူ့ကိုမှ ခေါ်မလာဘူးလား…”

ဤနတ်ဘုရားပုံရိပ်က တာအိုရသေ့တစ်ပါး၏ အသွင်သဏ္ဌာန် ရှိ၏။ ကိုက်ပေါင်း သုံးရာခန့် အမြင့်ရှိပြီး မျက်လုံးများက နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည်။ သူ့ခန္ဓာကိုယ်တွင် မြွေကြီးတစ်ကောင် ရစ်ခွေနေပြီး ခြေထောက်အောက်တွင် လိပ်နက်တစ်ကောင် ရှိ၏။ လေပြည်တစ်ချက် ဝှေ့သွားသောအခါ ထိုနတ်ဘုရားပုံရိပ်၏ နောက်ကျောရှိ အလံက တဖျပ်ဖျပ် လွင့်သွားသည်။

စစ်ယွင်ရှန်း ထိုမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွား၏။ “သူ့ချီစွမ်းအင်နဲ့ အသွင်ပြောင်းထားတဲ့ နတ်ဘုရားပုံရိပ်က ရုပ်ခန္ဓာဖွဲ့နိုင်နေပြီ၊ နတ်ဘုရားအဖြစ် ရောက်လုနီးပါးအဆင့်ပဲ…”

ချင်မူက ဤအခြင်းအရာနှင့် ပတ်သက်၍ များစွာရှင်းလင်းခြင်း မရှိသဖြင့် ရင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး မေးလိုက်သည်။ “မိန်းကလေးစစ်၊ လူတစ်ယောက်က ခြေလက်တွေ မရှိဘူး၊ ဒါပေမဲ့ တတိယမျက်လုံးနဲ့ ကြည့်လိုက်ရင် လူကောင်းပကတိအတိုင်း ရှိနေပြီး မျက်စိကျိန်းလောက်အောင် ကောင်းကင်အလင်းတန်းတွေ ဖြာထွက်နေတဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးနဲ့ တူနေတယ် ဆိုပါတော့… သူ့အဆင့်က ဒီအမျိုးသမီးရဲ့အဆင့်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ…”

စစ်ယွင်ရှန်းကလည်း ဤအကြောင်းကို များစွာ နားမလည်သဖြင့် ပြန်မဖြေနိုင်ချေ။ ရုတ်တရက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းနောက်ပြန်လှည့်လာပြီး သူ့ခန္ဓာကိုယ်မှ ယှဉ်ပြိုင်တိုက်ခိုက်လိုသည့် စိတ်ဆန္ဒ အရှိန်အဝါအငွေ့အသက်များ စိမ့်ဖြာထွက်လာသည်။ “အဲဒီလိုလူမျိုး မင်းမြင်ဖူးတာလား…”

ချင်မူက ဧကရာဇ်အတိုင်ပင်ခံ၏ ယှဉ်ပြိုင်တိုက်ခိုက်လိုသော စိတ်ဆန္ဒများကြောင့် အံ့ဩတုန်လှုပ်သွားပြီး ပြန်ဖြေလိုက်သည်။ “ကျွန်တော့် မိသားစုအကြီးအကဲပါ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။ “မင့်မိသားစုအကြီးအကဲပဲလား… ကြည့်ရတာ မင့်မှာ မိသားစုအကြီးအကဲ အတော်များပုံရတယ်…”

All Chapters