ကောင်းကင်နတ်ဆိုးဂိုဏ်း၏စွမ်းအား
Vol. 15 Ch. 198
ချင်မူ ရှက်အမ်းအမ်း ဖြစ်သွား၏။ “နည်းနည်းတော့ များတယ်၊ ကိုးယောက်တည်းပါ…”
“အဲဒီလို မိသားစုအကြီးအကဲမျိုး ကိုးယောက် ဟုတ်လား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အံ့အားသင့်သွားသည်။ ရွှေအကဲ့သို့လူမျိုး ကိုးယောက် ရှိသည်တဲ့လား။ ထိုသို့ဆိုလျှင် ဤကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ နောက်ခံက အတော်လေး ကြောက်ဖို့ကောင်းလှ၏။
“ငါ့လိုလူမျိုး ကိုးယောက်ရှိသေးတယ် ဆိုတော့ ငါ့ခရီးလမ်းက အထီးကျန် မဆန်တော့ဘူးပေါ့…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျေနပ်နှစ်သိမ့်သည့် အပြုံးတစ်ခု ပြုံးလိုက်သည်။ “ဒီအဆင့်ထိ လျှောက်လှမ်းနိုင်ခဲ့တဲ့သူ ငါ့အပြင် ဘယ်သူမှ မရှိတော့ဘူး ထင်နေတာ… အခုတော့ စိတ်အေးသွားပြီ…”
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို စိတ်ဝင်တစားကြည့်ရှုနေရင်း ယခုအချိန် အစိမ်းရောင် ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်မိလျှင် သေအောင် ရိုက်သတ်ခံရမည်လားဟု အတွေးရောက်သွား၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရွာလူကြီးကဲ့သို့ အဆင့်မျိုး ဖြစ်မည်လားဟု သူ သိချင်လှသည်။
သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ထွင်းဖောက်၍ မမြင်ရချေ။ သူ၏ ကျင့်စဉ်စွမ်းအင်အဆင့်ကို မမြင်နိုင်သကဲ့သို့ သူ၏ စိတ်နေသဘောထားကိုလည်း မမြင်နိုင်ချေ။ ဤသူနှင့် ပတ်သက်၍ ဝိရောဓိဖြစ်စရာ အချက်များစွာ ရှိနေ၏။
သူ့အနေဖြင့် အစိမ်းရောင် ကောင်းကင်မျက်လုံးကို အသုံးပြု၍ ကြည့်လိုက်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဒေါသအိုးပေါက်ကွဲကောင်း ပေါက်ကွဲသွားပေလိမ့်မည်။
“ဧကရာဇ်အတိုင်ပင်ခံ၊ နန်းတော်သခင်မက မင်းကို စကားပြောနေတယ်လေ… ဘာလို့ ပြန်မပြောတာလဲ…”
ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သောအခါ လူတစ်ယောက်က စင်မြင့်ထက်မှ ဆင်းလျှောက်လာသည်ကို တွေ့ရ၏။ ထိုသူက ကြေးမျက်နှာဖုံးတစ်ခု စွပ်ထားသည်။ ထိုကြေးမျက်နှာဖုံးက ထူးခြားဆန်းကြယ်လှပြီး ရှည်လျားကြီးမားသော နားရွက်များ၊ သိမ်းငှက်နှုတ်သီးကဲ့သို့ နှာခေါင်း၊ ပါးစပ်ပြဲပြဲ၊ မျက်လုံးပြူးပြူး၊ မျက်ခုံးထူထူရှိကာ နဖူးတွင် အခြားမျက်လုံးအတွက် ဖောက်ထားဟန်ရှိသော အပေါက်တစ်ပေါက် ပါရှိ၏။
ချင်မူ ထိုမျက်နှာဖုံးအောက်မှ နဖူးပြင်ကို လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် မျက်လုံးတစ်လုံး ရှိနေကြောင်း တွေ့ရသည်။
ဤပုဂ္ဂိုလ်၏ မျက်ခုံးနှစ်ခုကြား၌ မျက်လုံးတစ်လုံး ရှိနေ၏။
“ဒါ ဘယ်လိုကျင့်စဉ်မျိုးလဲ…” သူ မှင်တက်မိသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထိုကြေးမျက်နှာဖုံးတပ်လူကို ကျော်၍ မေတ္တာမဲ့နန်းတော်သခင်မ ချိုးတျဲယီထံ အကြည့်ရောက်သွားသည်။ “မေတ္တာမဲ့နန်းတော်သခင်မချိုးရဲ့ မေတ္တာမဲ့ကောင်းကင်နတ်ဓားသိုင်းက နတ်ဘုရားတစ်ပါး လက်ဆင့်ကမ်းတဲ့ ဓားသိုင်းနဲ့ ထပ်တူညီမျှတယ်…”
သူ့အကြည့်က အခြားတစ်ယောက်ထံ ရောက်သွား၏။ “အံ့ဖွယ်သုံးသွယ်ရဲတိုက်ရဲ့ ချယ်ရဲတိုက်သခင် ချယ်ကျန်းလီ၊ ယွီရဲတိုက်သခင် ယွီချင်းရှန့်၊ လီရဲတိုက်သခင် လီဖေး… ရဲတိုက်သခင်ချယ်ရဲ့ ကျင့်စဉ်က ကောင်းကင်ဘုံဥပဒေသ ဆန်းကြယ်မိစ္ဆာအနှောင်အဖွဲ့၊ တာအိုဂိုဏ်းရဲ့ မိစ္ဆာလမ်းစဉ်ကို တားမြစ်ချုပ်နှောင်တဲ့ ကျင့်စဉ်… ရဲတိုက်သခင်ယွီရဲ့ ကျင့်စဉ်က အဆိပ်ပိုးကောင်တွေကို နဂါးဖြစ်အောင် ပျိုးထောင်တဲ့ အဆိပ်ပိုးကောင်ငါးမျိုး နဂါးအသွင်ပြောင်းကျင့်စဉ်… ရဲတိုက်သခင်လီက အဆိပ်ကျင့်စဉ်ကို ကျင့်တယ်၊ ဘာကျင့်စဉ်လဲ ဆိုတာတော့ သေသေချာချာ မသိဘူး…”
ရဲတိုက်သခင်လီက ဟက်ခနဲ ရယ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ မသိတဲ့ ကျင့်စဉ်တွေလည်း ရှိသေးတာလား… ကျုပ်ရဲ့ကျင့်စဉ်က အဆိပ်အသွင်ပြောင်း နတ်ဝိဇ္ဇာသုံးပါးကျင့်စဉ်လို့ ခေါ်တယ်… အဆိပ်ကို ကျင့်စဉ်စွမ်းအားအဖြစ် ပြောင်းပေးနိုင်တယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်က အခြားလူတစ်ယောက်ထံ ကျရောက်သွား၏။ “ဝိညာဉ်သခင်တောက်ချွမ်က ရောဂါဝေဒနာတွေကို ကုသပြီး လူတွေကို ကယ်တင်တယ်၊ ဘာကြောင့် ပုန်ကန်သူတွေနဲ့ ပူးပေါင်းရတာလဲ… လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မာန်ဟုန်မြစ်မှာ ရေလွှမ်းလို့ ကူးစက်ရောဂါ ပြန့်ပွားပြီး တောင်ပိုင်းဒေသတစ်ခုလုံး ဒုက္ခပင်လယ်ဝေတော့ ဝိညာဉ်သခင်က လူတွေကို အခမဲ့ ကုသပေးခဲ့တဲ့အတွက် နာမည်ကောင်းနဲ့ ကျော်ကြားလာတယ်… ကျုပ်အနေနဲ့ နန်းတွင်းကောလိပ်မှာ ရာထူးတစ်နေရာပေးခဲ့ချင်ပေမဲ့ ခင်ဗျားက ငြင်းဆိုခဲ့တယ်… အဲဒါကြောင့် ဝိညာဉ်သခင်ဆိုတဲ့ ဘွဲ့ပဲ ပေးအပ်နိုင်ခဲ့တာ…”
ဝိညာဉ်သခင်တောက်ချွမ်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “လမ်းမတူရင် ပူးပေါင်းလို့ မရနိုင်ဘူး… ဧကရာဇ်အတိုင်ပင်ခံ၊ အရင်တုန်းက မင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာ မင်းနဲ့ငါ လမ်းမတူလို့ပဲ… မင်းက သိပ်ကို ရက်စက်လွန်းပြီး တစ်လောကလုံးက သိုင်းဂိုဏ်းတွေအားလုံးကို ရှင်းလင်းသုတ်သင်ပစ်ချင်နေတယ်… ငါ့အနေနဲ့ မင်းကို တားဆီးဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငြိမ်ကျသွားသည်။ “တစ်လောကလုံးက သိုင်းဂိုဏ်းတွေကို သုတ်သင်ရှင်းလင်းတယ်ဆိုတာ လူတွေကို ပိုပြီး ကုသနိုင်ဖို့ပဲ… ဝိညာဉ်သခင် မမြင်မိဘူးလား…”
ဝိညာဉ်သခင်တောက်ချွမ်က ပြောလိုက်၏။ “မင်းရဲ့ လုပ်ရပ်တွေက သိပ်ကိုကောင်းတယ်… အစက ဒီလောကကြီးမှာ ဆေးဆရာဆိုတာ နည်းနည်းလေးပဲ ရှိတယ်၊ အခုတော့ နွားမတစ်ကောင်ပေါ်က အမွေးတွေလို ဖြစ်နေပြီ… သင်္ဘောပျံတွေမှာတောင် ဆေးဆရာတွေ ခန့်ထားနိုင်တယ်… ကူးစက်ရောဂါတွေ ပျံ့ဖို့ မလွယ်တော့ဘူး… ဒါပေမဲ့ ဒီနှစ်တွေမှာ နန်းတွင်းကောလိပ်က သင်ပေးလိုက်တဲ့ သမားတော်တွေအားလုံး ရမ်းကုတွေပဲ… တစ်ယောက်မှ နတ်ဆေးသမားတော်လို့ သတ်မှတ်မရဘူး… ဒီအချက်ကိုတော့ မင်း မငြင်းနိုင်ဘူးမလား…”
“ကြည့်ရတာ ခင်ဗျားရဲ့ လမ်းက တကယ်ပဲ ကျုပ်နဲ့ မတူဘူး ထင်ပါရဲ့…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အခြားလူများကို ကြည့်၍ ပြောလိုက်သည်။ “အဆင့်မြင့်အရာရှိမားလျန်ရှန်း၊ သခင်ကြီးမား…”
“မခံယူဝံ့ပါဘူး…” မားလျန်ရှန်းက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ကျုပ်ရဲ့ ရာထူးက ခင်ဗျား ထောက်ခံပေးခဲ့တာပါ… ဒါပေမဲ့ ကျုပ်မှာလည်း ကျုပ်ဂိုဏ်းရှိပါတယ်… ကျုပ်က ကျုံးနန်တောင်က၊ နန်းမင် လီဓားငါးသွယ်ကျင့်စဉ်ကို လေ့ကျင့်ပါတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “မင်းက ဖြောင့်မတ်ပြီး ဘက်မလိုက်တတ်တဲ့အပြင် စစ်သည်တပ်ဖွဲ့ကို ဦးဆောင်ရာမှလည်း ကျွမ်းကျင်တဲ့အတွက် နန်းတွင်းအရာရှိအဖြစ် ခန့်အပ်ဖို့ အရှင်မင်းကြီးဆီမှာ ငါ တောင်းဆိုခဲ့တာပဲ… မင်းအနေနဲ့ ဂိုဏ်းဂဏကွဲပြားမှုတွေကို ဘေးဖယ်ထားနိုင်မယ်လို့ ထင်ခဲ့မိတာ၊ အခု ပုန်ကန်တဲ့သူ ဖြစ်သွားပြီဆိုတော့ အတော်လေး နာကျင်ရတယ်… နန်းတွင်းအရာရှိတစ်ယောက်အနေနဲ့ မင်းက အတော်လေး ကောင်းကျိုးဆောင်နိုင်ခဲ့တယ်၊ လူတွေကလည်း မင့်အကြောင်း ကောင်းသတင်းတွေ အမြဲပြောကြတယ်…”
မားလျန်ရှန်းက ခေါင်းခါယမ်းလိုက်၏။ “ကျုပ်က ပုန်ကန်သွားတဲ့ အရာရှိကောင်း တစ်ယောက်သက်သက် မဟုတ်ဘူး… ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အမှားတွေကို ပြန်ဆင်ခြင်သင့်တယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်နှာသေဖြင့် ပြောလိုက်သည်။ “ပုပ်ရိသွားတဲ့ အပိုင်းတွေဆိုတာ ချက်ချင်း ခုတ်ဖြတ်ပစ်ရတယ်… လူတွေရဲ့ နှလုံးသားက အဟောင်းထဲမှာ ပျော်မွေ့ပြီး ပုပ်ရိနေရင် ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ… ခေတ်ပြောင်းတော်လှန်ရေးကိုပဲ စပြီး ပုပ်ရိနေတဲ့လူတွေကို မပြုပြင်ရင် လောကကြီးက အေးချမ်းဖို့ ခက်လိမ့်မယ်… မင်းက လူကောင်းတစ်ယောက် ဖြစ်ပေမဲ့ ငါ့လမ်းမှာ လာပိတ်နေတယ်…”
သူက အခြားသူများကို ကြည့်၍ ဆက်ပြောလိုက်၏။ “သူတောင်းစားဂိုဏ်းရဲ့ ချီတယို၊ ဂိုဏ်းချုပ်ချီ၊ ဆင်းရဲခြင်းတစ်ရာကျင့်စဉ်… ကောင်းကင်ကြယ်တာရာဖမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လောရှင်းဟယ်၊ ကောင်းကင်ကြယ်တာရာဖမ်းကျင့်စဉ်… မဟာအားအင်ကျောင်းတော်ရဲ့ ဇင်ကိုယ်တော်ကျစ်ခုန်း၊ သစ္စာလေးပါးမုဒြာ… မဟာဖူထို့ကျောင်းတော်ရဲ့ ဟုန်ဖာကိုယ်တော်၊ ဓမ္မပြန့်ပွားမဟာဗောဓိကျင့်စဉ်… တောင်ပင်လယ်နဂါးကျောင်းတော်ရဲ့ ဟွေ့ယင်ကိုယ်တော်၊ စိန်ခန္ဓာဝဇီရကျင့်စဉ်… ပြီးတော့ ရွှမ်ခုန်းတိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်ခဲ့တဲ့ စကြမုနိရွှမ်းခုန်း၊ နန်ကျင်းတိုင်းပြည်ရဲ့ အရှင်သခင် တွမ့်ယင်၊ ရှီဖန်းတိုင်းပြည်ရဲ့ အရှင်သခင် နုနူဟူအာ၊ မျိုးဆက်ဟောင်းက ဆရာကြီးသုံးပါးလည်း ရှိနေတာပဲ…”
သူ့အကြည့်က အဘိုးကြီးနှစ်ယောက်နှင့် အဘွားကြီးတစ်ယောက်ထံ ကျရောက်သွားသည်။ “ခင်ဗျားတို့ သုံးယောက်က ပြီးခဲ့တဲ့ မျိုးဆက်ဟောင်းက၊ သက်တမ်းအနေနဲ့ ခုနစ်ရာ ရှစ်ရာလောက် ရှိနေပြီမလား… နှစ်ပေါင်းရှစ်ရာကျော် နေလာခဲ့ပြီးပြီဆိုတော့ ဘဝနေဝင်ချိန်နား နီးနေပြီပေါ့… ခင်ဗျားတို့ သုံးယောက်ရဲ့ သက်တမ်းက ဘယ်လောက်ကျန်သေးလဲ သိခွင့်ရှိမလား…”
ပိန်ပိန်ပုပု မည်းကြုတ်ကြုတ် အဘိုးကြီးက ပြုံးလိုက်၏။ “ငါက ခြေသလုံးအိမ်တိုင်ရှန်းယဲ့ပဲ၊ လူတွေကတော့ ခြေသလုံးအိမ်တိုင်လီလို့ ခေါ်ကြတယ်… ငါ့သက်တမ်းက ဆယ့်ခြောက်နှစ်ကျန်သေးတယ်… ပြောရရင်တော့ ငါ့ကို ခြေသလုံးအိမ်တိုင် တစ်ယောက်အဖြစ် သတ်မှတ်လို့ မရဘူး… ဧကရာဇ်အတိုင်ပင်ခံ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခဲ့တဲ့ ချူးယွင်တိုင်းပြည်က ငါ တည်ထောင်ခဲ့တဲ့ နိုင်ငံငယ်လေးပဲ…”
“ငါက အစစ်အမှန်သခင်မထျန်းပဲ…”
အဘွားအိုက ပြုံးလိုက်သည်။ “ပိုးကောင်လေးတွေ မွေးရတာ နှစ်သက်တဲ့သူပါ၊ ငါ့ပိုးကောင်လေးတွေတော့ ဧကရာဇ်အတိုင်ပင်ခံ မြင်ဖူးပြီးသား ဖြစ်ပါလိမ့်မယ်… အံဖွယ်သုံးသွယ်ရဲတိုက်ရဲ့ ရဲတိုက်သခင်ယွီက ငါ့သားပဲ…”
ခပ်ဝဝအဘိုးကြီးက ပြောလိုက်၏။ “ငါကတော့ သူတို့လို ကြီးကျယ်တဲ့ နောက်ခံတွေ မရှိပါဘူး… ငါ့ကို ဆင်းရဲခြင်းဆရာသခင်လို့ ခေါ်ကြတယ်၊ ငါဝနေလို့တော့ အထင်မသေးနဲ့ တစ်ပြားမှ မကျန်အောင် စားလိုက်လို့ ဒီလိုဖြစ်သွားတာပဲ… ငါတို့က ဆင်းရဲခြင်းယုတ္တိကျင့်စဉ်ကို ကျင့်တယ်၊ ပိုဆင်းရဲလေလေ ပိုပြီးယုတ္တိကျလေလေပေါ့…”
“ဆင်းရဲခြင်းဆရာသခင်က နောက်နေပြန်ပါပြီ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဆင်းရဲသားတစ်ယောက်ရဲ့ ရှုထောင့်ကနေကြည့်ရင် ပညာရှာဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ်၊ အရာရာကို အသေးစိတ် လေ့လာပြီး ပညာရနိုင်တယ်… ဒီသဘောတရားကို ကျုပ် သိပါတယ်… ဒါပေမဲ့ ခင်ဗျားက ဆရာတစ်ယောက် မဟုတ်လား၊ ဘာအတွက်နဲ့ ကျုပ်ကို ပုန်ကန်ရတာလဲ…”
ဆင်းရဲခြင်းဆရာသခင်က ခေါင်းခါယမ်းလိုက်၏။ “ဆင်းရဲစဉ်အချိန်မှာ အကျင့်စရိုက် ကောင်းမွန်အောင် လေ့ကျင့်ခဲ့ရင် အင်အားကြီးမားလာတဲ့အခါ လောကကြီးအတွက် အကျိုးဖြစ်ထွန်းလိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံ၊ မင်းရဲ့ အင်အားက ကြီးမားလွန်းနေတော့ လောကကြီးအတွက် အကျိုးမရှိဘူး… ငါက သူတို့လို ကိုယ်ကျိုးအတွက် ပုန်ကန်တာ မဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ပုန်ကန်ခဲ့တာပဲ… မင်းရဲ့ ကြီးထွားလာတဲ့ အင်အားအရ အခုအချိန်မှာ ရှင်းထုတ်ပစ်နိုင်သေးတယ်… နောက်လေးငါးနှစ်ကြာတဲ့အခါမှဆို မင်းက ဧကရာဇ် ဖြစ်နေလောက်ပြီ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တောင်ထွတ်ပေါ်တွင် ခါးကို ဆန့်မတ်လိုက်သည်။ သူ၏ မတုန်မလှုပ်လေသံက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ “ငါ့ကို ဆန့်ကျင်တဲ့သူ တခြား ဘယ်သူ ရှိသေးလဲ…”
တစ်မဟုတ်ချင်းပင် တစ်ယောက်တစ်ပေါက် အသံများ တရှန်းတစ်မြို့လုံး ဖုံးလွှမ်းသွားသည်။ “ကျုပ် ရှိသေးတယ်…”
“ကောင်းကင်နတ်ဝိဇ္ဇာဂိုဏ်းရဲ့ လျောင်ယင်ကျစ် ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်တယ်…”
“ကွမ်းလုဆရာသခင် ချိုးကျစ်မင် ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်တယ်…”
“ဝူလင်တပ်မှူး ရှန်းမူ ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်တယ်…”
“တုဟူစံအိမ်တပ်ဗိုလ် ချင်းမင်ယွဲ့ ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်တယ်…”
“ဝူယင်းစီရင်စုအကြီးအကဲ ချန်းယောင် ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်တယ်…”
…။
တရှန်းမြို့ထဲတွင် သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တို့၏ အသံများ ဖုံးလွှမ်းနေသည်။ တစ်သံဆုံးလျှင် နောက်တစ်သံ ထွက်ပေါ်လာပြီး အတော်မသတ်အောင် ရှိနေ၏။ ကြေညာဖော်ထုတ်သံများက အားကောင်းသည်ထက် အားကောင်းလာပြီး ဆူဝေတက်ကြွလာကြသည်။
ကြေးမျက်နှာဖုံးတပ်လူမှာလည်း သွေးဆူလာပြီး ရင်ခေါင်းသံဖြင့် ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ မင်း မြင်ပြီလား… မင်းကို လူတွေ ဘယ်လောက် မုန်းနေသလဲဆိုတာ သိပြီလား… တစ်လောကလုံးက လူတွေ မင်းကို မြင်ရင် သတ်ချင်နေကြတဲ့ကြားမှာ ဘယ်လိုမျက်နှာနဲ့ အသက်ဆက်ရှင်နိုင်သေးတာလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမူအရာ အပြောင်းအလဲမရှိဘဲ မတုန်မလှုပ် ပြောလိုက်သည်။ “တစ်လောကလုံးက လူတွေ ဟုတ်လား… ဒီမြို့ထဲက လူလေး တစ်သိန်းလောက်ကို တစ်လောကလုံးက လူတွေလို့ ခေါ်လို့ရပြီလား… အမြစ်ပြတ်ရှင်းထုတ်ပစ်ဖို့ လိုနေတဲ့ လူနည်းစုလေး တစ်ခုထက် မပိုဘူး… မင်းတို့အားလုံး လူသေတွေ ဖြစ်သွားမှ တစ်လောကလုံး အေးချမ်းနိုင်မှာ…”
“အဲဒီလိုဆိုတော့ တစ်ဘက်ဘက်က အပြီးတိုင် ပျက်သုဉ်းသွားမှ အဆုံးသတ်နိုင်မှာပဲ…” ကြေးမျက်နှာဖုံးစွပ်လူက ပြောလိုက်၏။ “ဒီတောင်ပေါ်မှာ ကောင်းကင်အနှောင်အဖွဲ့ အတားအဆီးကို စီရင်ထားပြီးပြီ၊ ဧကတစ်ရာကျော်အထိ လွှမ်းခြုံနိုင်တယ်… ဒီက တိုက်ပွဲကြောင့် အပြင်ဘက်က စစ်သည်တွေကို ထိခိုက်မှာကို စိုးရိမ်စရာ မရှိဘူး… ဒီတစ်ခေါက်တော့… သိုင်းလောကရဲ့ စည်းမျဉ်းတွေ၊ သမာသမတ်ကျမှုတွေကို ထည့်စဉ်းစားနေတော့မှာ မဟုတ်ဘူး…”
ချင်မူ သက်ပြင်းတစ်ချက်ချ၍ စစ်ယွင်ရှန်းကို ပြုံးပြလိုက်သည်။ “ဒီလိုဆိုတော့ ငါ စိတ်အေးရပါပြီ…”
ယွင်ချွယ်ကိုယ်တော်မှာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့၍ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။ “ဘာ… ဘာကို စိတ်အေးတာလဲ… ငါတို့က အနှောင်အဖွဲ့အစီအရင်ထဲမှာ ပိတ်မိနေတာလေ၊ အားလှိုင်းဒဏ်ကြောင့် အရင်ဆုံးသေရလိမ့်မယ်… ကောင်းကင်လှိုင်းမြို့မှာ ဖြစ်တာတွေ မေ့သွားပြီလား… ဒီတိုက်ပွဲက ကောင်းကင်လှိုင်းမြို့က တိုက်ပွဲထက် အဆပေါင်းများစွာ ပိုပြင်းထန်မှာ…”
ယွဲ့ချင်းဟုန်နှင့် ကျန်သူများမှာလည်း မျက်နှာများ ဖြူရော်နေကြသည်။ တုထျန်းမိစ္ဆာဘုရင်၏ စွမ်းအားတစ်စိတ်ဒေသသာ ကောင်းကင်လှိုင်းမြို့သို့ သက်ဆင်း၍ နဂါးစီးဂိုဏ်းသခင်၊ အခြားဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးပညာရှင်တစ်ယောက်တို့နှင့် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုများက မမှန်းဆနိုင်အောင် ဖြစ်၏။ အလွန်တရာ ကြံ့ခိုင်သန်စွမ်းလှသော နဂါးချီလင်ပင် ထိုသို့သော အားလှိုင်းဒဏ်ကို ခံနိုင်စွမ်း မရှိခဲ့ချေ။
ဤနေရာတွင် တိုက်ပွဲကြီး ဖြစ်ပါက အထိအခိုက်အပျက်အစီးက အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
ထို့ပြင် ဧကတစ်ရာကျော် ပတ်လည်တွင် အတားအဆီးအလွှာဖြင့် ကန့်သတ်ထားသေးသည်။ ဆိုလိုသည်မှာ ဤထိပ်သီးပညာရှင်များ၏ အားလှိုင်းများက ဟိုမှသည် ပြန်ကန်၍ အခြေအနေ ပိုဆိုးရွားမည်ဟူသော သဘောပင် ဖြစ်၏။
ထိုအချိန်ရောက်သောအခါ နဂါးချီလင်ပင် အသားတစ်ဘဝ ရောက်သွားရပေလိမ့်မည်။
ဤအခိုက်၌ မြို့ပြင်မှ ကြီးမားသော အလံကြီးများ ရုတ်တရက် ပေါ်ထွက်လာပြီး မိုင်ပေါင်းဒါဇင်ချီအောင် ပြန့်ကားသွားသည်။
ကောင်းကင်ယံထက်တွင် ရပ်နေသော ကြေးမျက်နှာဖုံးစွပ်လူနှင့် ကျန်သူများမှာ ထိုမြင်ကွင်းကို လှမ်းကြည့်၍ အကြီးအကျယ် မျက်နှာပျက်သွားကြ၏။ ကိုက်ပေါင်းဒါဇင်ချီ ရှည်လျားသည့် အလံကြီးများက ကောင်းကင်ထက်သို့ တလူလူ လွင့်တက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့စခန်းအပေါ် ဖုံးအုပ်သွားသည်။ ထိုအလံများအောက်တွင် ရှိနေသည်မှာ မရေမတွက်နိုင်သော စစ်သည်များ၊ သားရဲတပ်များ ဖြစ်၏။
ကြေးမျက်နှာဖုံးစွပ်လူ အော်ဟစ်သတိပေးမည် ပြင်လိုက်စဉ်မှာပင် အလံကြီးများက လိပ်တက်သွားသည်။ ထို့နောက် မြို့ထဲတွင် ကြီးမားသော အလံကြီး သုံးရာ့ခြောက်ဆယ် ပေါ်ထွက်လာ၏။ ဝါးခမောက်များဆောင်း၍ အဝတ်အိတ်များ သယ်ဆောင်ထားသည့် လူထူးဆန်းများက ရုတ်တရက် အလံများကို ဝှေ့ယမ်းလိုက်သောအခါ ထောင်သောင်းချီသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့ကြီး တရှန်းမြို့ထဲတွင် ပေါ်ထွက်လာသည်။
ထိုအခိုက်တွင်မှ ကြေးမျက်နှာဖုံးစွပ်လူ၏ အသံက ပေါ်ထွက်လာ၏။ “သတိထား…”
သို့သော်လည်း နောက်ကျသွားချေပြီ။
သုံးရာ့ခြောက်ဆယ်သော လူထူးဆန်းများက သူတို့၏ အလံကြီးများကို ပြန်လိပ်လိုက်သည့် အခိုက်တွင် ရန်လိုကြမ်းတမ်းသော မျက်နှာများ ပေါ်ထွက်လာ၏။ ထိုသူများက ဓားလှံလက်နက်များ စွဲကိုင်ထားပြီး သတ်ဖြတ်လိုသော အရှိန်အဝါ အငွေ့အသက်များ ဟုန်းခနဲ ထွက်ပေါ်လာသည်။
ထို့နောက် တိမ်ပျံလှည်းများနှင့် ရွှေရောင်လူသန်ကြီးများ ပေါ်ထွက်လာ၏။ သင်္ဘောပျံကြီးများ၏ နောက်မြီးပိုင်းမှ ကြေးဝါသားရဲရုပ်များက မီးတောက်မီးလျှံများ တဖွားဖွား မှုတ်ထုတ်လိုက်သည်။ ကြီးမားသော ငှက်ကြီးများကလည်း အတောင်ပံတဖျပ်ဖျပ် ခတ်နေပြီး လေပွေများ တဝုန်းဝုန်း ထလာ၏။
အလံကြီးများ လိပ်ပြီးသွားပြီး သေးကျုံ့သွားသည့်အချိန်တွင် ဓားလှံထိုးခုတ်သံများနှင့် လောကတစ်ခွင်လုံး သိမ့်သိမ့်တုန်သွားနိုင်သည့် အော်ဟစ်ကြွေးကြော်သံများ စတင်ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်က အလွန်တရာ နှေးကွေးစွာ ကုန်ဆုံးသွားသကဲ့သို့ ထင်ရ၏။ လွန်စွာ နှေးကွေးလွန်းသဖြင့် အားလုံး၏ အမူအရာ အပြောင်းအလဲများကို မြင်လိုက်ရသည်။ တိုက်ပွဲဝင်ရန် အသင့်အနေအထားမှ ရန်လိုသတ်ဖြတ်သည့် အသွင်သို့၊ ကြောင်အမ်းအမ်း အမူအရာမှ ကြောက်ရွံ့တုန်လှုပ်သည့် အမူအရာသို့ ဆင့်ကဲ ပြောင်းလဲသွားကြ၏။
ဓားပျံများက ခန္ဓာကိုယ်များကို တိုးဝင်ဖြတ်သန်းပြီး သွေးများ တဖွားဖွား လွင့်ပျံသွားသည်။ ဦးခေါင်းပြတ်များက လည်တိုင်ထက်မှ လွင့်ဝဲ ပြုတ်ကျသွား၏။
“ဆင်အသွင်ပြောင်း…”
အေးခဲရပ်တန့်သွားဟန် ရှိသည့် အခိုက်အတန့်ကို အော်ဟစ်အမိန့်ပေးသံတစ်သံက ဖြိုခွင်းလိုက်သည်။ ခြေလျင်တပ်စိပ်မှ တပ်မှူးတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်ပြီး စစ်သည်များက မာန်သွင်းကြွေးကြော်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ယိမ်းထိုးလှုပ်ခါ၍ ဆင်ခေါင်းလူ့ဘီလူးကြီးများအသွင် ပြောင်းကာ သူပုန်တပ်ဖွဲ့များထံ ပြေးဝင်၍ လူစုကွဲအောင် တိုက်ခိုက်လိုက်ကြသည်။
ထိုအခိုက်၌ ငှက်စီးတပ်ဖွဲ့က ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အောက်ဘက်သို့ ပြန်လည် စိုက်ဆင်းကာ မရေမတွက်နိုင်သော ဓားပျံများကို မိုးသီးမိုးပေါက်ပမာ ပစ်လွှတ်တိုက်ခိုက်လိုက်၏။
“မီးလျှံဘူးသီးခြောက်တွေ…”
သင်္ဘောပျံများပေါ်မှ အမိန့်ပေးသံ ထွက်ပေါ်လာပြီး စစ်သည်များက လူ့အရပ်တစ်ဝက်ခန့် ရှိသော အနီရောင် ဘူးသီးခြောက်များကို ထုတ်ယူလာကြသည်။ အဖုံးအဆို့များကို ဖွင့်လိုက်သောအခါ တရှိန်ရှိန် တောက်လောင်နေသော မီးလျှံများ တဖွားဖွား ပန်းထွက်လာပြီး မြို့ရိုးနံရံများပေါ်ရှိ အစောင့်တပ်သားများကို မီးလောင်တိုက်သွင်းပစ်၏။ မရေမတွက်နိုင်သောလူများမှာ မီးတောက်မီးလျှံများ စွဲလောင်၍ ပြေးလွှားနေကြသည်။
ဘုန်း…။
ရွှေရောင်လူသန်ကြီးများ တပ်ဖွဲ့က တိမ်ပျံလှည်းများ တွန်း၍ လမ်းတစ်လျှောက်ရှိ သူပုန်တပ်ဖွဲ့များကို ကြိတ်ချေတွန်းတိုက်ကာ မြို့ရိုးနံရံကို ဝင်ဆောင့်ကြ၏။ မြို့ရိုးထက်မှ မီးစွဲလောင်နေသော လူများ တဖွဲဖွဲ ပြုတ်ကျလာသည်။
မြို့ရိုးအပြင်ဘက်တွင်တော့ ကွမ့်ကျွင်းတပ်မှူးချုပ်နှင့် ဟွိုက်ဟွားတပ်မှူးချုပ်တို့က ရဲတင်းလှံများကို ပင့်မြှောက်၍ တရှန်းမြို့ဆီသို့ ဦးညွှန်လိုက်ကြ၏။ သူတို့၏ နောက်ဘက်တွင် မရေမတွက်နိုင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့ကြီးက မြည်ကြွေးအော်ဟစ်၍ မြေပြင်ရော ဝေဟင်ပါမချန် ပင်လယ်လှိုင်းလုံးများကဲ့သို့ ချီတက်လာကြသည်။