← Chapters

တောင်ကိုရွှေ့ခြင်း

Vol. 15 Ch. 199

တောင်ကိုရွှေ့ခြင်း

Vol. 15 Ch. 199

မြို့တွင်းရှိမြင်ကွင်းက အရိုးခိုက်ခိုက်တုန်စရာ ကောင်းလှ၏။ အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ အဆိပ်ပိုးကောင်တပ်ဖွဲ့မှာ တိုက်ခိုက်ရန် အသင့်ပြင်ချိန်ပင် မရလိုက်ဘဲ မီးပင်လယ်နှင့် ဓားပျံများကြား နစ်မြုပ်၍ ပြာကျသွားသည်။

အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ အဆိပ်ပိုးကောင်တပ်ဖွဲ့မှာ အလွန်တရာ စွမ်းအားကြီးမားလှသော်လည်း အငိုက်မိသွားသဖြင့် အဆိပ်ပိုးကောင်များရော ၎င်းတို့ကို ထိန်းချုပ်စေခိုင်းသည့် စစ်သည်များပါ မီးလောင်သေဆုံးသွားကြ၏။

အလွန်တရာ အစွမ်းထက်လှသည်ဆိုသော မေတ္တာမဲ့နန်းတော်၏ အမျိုးသမီးတပ်ဖွဲ့မှာလည်း မလှန်နိုင်အောင် အထိနာသွားသည်။ မရေမတွက်နိုင်သော ဓားပျံများက ကောင်းကင်ယံမှ ပျံဝဲကျရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ထုတ်ချင်းခတ် ဖောက်ထွက်သွား၏။ အပေါက်ပေါင်း ထောင်ချီပေါ်ထွက်၍ ရပ်လျက်သား သေဆုံးသွားကြသည်။

သူတို့၏ ခန္ဓာကိုယ်များ လဲပြိုကျသွားသည့်အချိန်တွင် ထုတ်ချင်းခတ် ဖောက်သွားသော ဓားပျံများက ငှက်စီးတပ်ဖွဲ့ဝင်များ၏ နောက်ကျောရှိ ဓားအိတ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်၏။

သူပုန်တပ်ဖွဲ့တစ်ခုလုံးနှင့် သိုင်းဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများမှာ တုံ့ပြန်ချိန်မရလိုက်ချေ။ တစ်ဟုန်ထိုးပြေးဝင်လာသည့် ခြေလျင်တပ်သားများကြောင့် လူစုကွဲသွားကြပြီး ပြန်လည် မစုစည်းနိုင်ဘဲ တစ်ဦးချင်း ခုခံတိုက်ခိုက်နေကြရ၏။

ဂိုဏ်းသားတစ်ယောက်၏ သိုင်းစွမ်းအားက စစ်သည်တစ်ယောက်ထက် သာလွန်သော်လည်း အဖွဲ့လိုက်တိုက်ခိုက်မှုတွင် အတွေ့အကြုံနည်းပါးသဖြင့် တစ်ချီတည်းနှင့် ကစဉ့်ကလျား ဖြစ်သွားကြသည်။ သူပုန်တပ်ဖွဲ့က အဖွဲ့လိုက် စုပေါင်းတိုက်ခိုက်ခြင်း နည်းဗျူဟာများ လေ့ကျင့်ထားသည် မှန်သော်လည်း အငိုက်မိသွား၏။ တပ်ဖွဲ့တစ်ဖွဲ့အနေဖြင့် လူစုကွဲ၍ ကစဉ့်ကလျား ဖြစ်သွားသည်နှင့် အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

ဤသည်က တစ်ဖက်သတ် သတ်ပွဲကြီး ဖြစ်၏။ ဤသတ်ပွဲမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းအလံများ အသုံးပြု၍ အငိုက်ဖမ်းတိုက်ခိုက်မှုကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့သော တိုက်ခိုက်မှုမျိုးနှင့် ကြုံတွေ့ရသူများအတွက် အဆုံးသတ်က တစ်ခုတည်းသာ ရှိ၏။ ထိုအရာကား အမြစ်ပြတ် ပျက်သုဉ်းခြင်းသာ ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် ကြေးမျက်နှာဖုံးစွပ်လူက အတုန်တုန်အရီရီနှင့် ရေရွတ်လိုက်၏။ “ရွေးစရာ နှစ်လမ်း၊ ရွေးစရာ နှစ်လမ်း…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို ရွေးစရာနှစ်လမ်း ပေးခဲ့သည်။ တစ်လမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့၏ ချေမှုန်းခြင်းကို ခံယူရန် ဖြစ်၏။ ဤနည်းလမ်းက သူတို့ကို တောင်ပင်လယ်ဘက်အထိ ချောင်ပိတ်အောင် ဖိအားပေး၍ တစ်ယောက်မကျန် သတ်ဖြတ်ရှင်းလင်းပေလိမ့်မည်။ ဤသည်က အင်ပါယာတစ်ခု၏ တိုက်ခိုက်ရေးနည်းလမ်း ဖြစ်၏။

အခြား ရွေးစရာလမ်းမှာ သိုင်းလောကစည်းမျဉ်းအတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို စိန်ခေါ်၍ သူသေကိုယ်သေ တိုက်ခိုက်ရန် ဖြစ်သည်။

သူတို့အနေဖြင့် ဤရွေးစရာလမ်းတစ်ခုမှ တစ်ခုကို ရွေးချယ်ရမည်ဟု တစ်ချိန်လုံး ထင်နေခဲ့မိ၏။ ဤနည်းလမ်း နှစ်ခုစလုံးကို တစ်ပြိုက်နက် ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိကြ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို အသေသတ်ချင်သကဲ့သို့ သူပုန်တပ်ဖွဲ့ကိုလည်း အမြစ်ပြတ် ရှင်းပစ်လိုခြင်း ဖြစ်သည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းက ဘယ်အချိန်ကစပြီး နန်းတွင်းကို ခိုလှုံသွားတာလဲ…” မေတ္တာမဲ့နန်းတော်သခင်မက အော်ဟစ်လိုက်၏။ “မိစ္ဆာလမ်းစဉ်ရဲ့ အထွတ်အမြတ်နယ်မြေက ဘယ်အချိန်ကစပြီး နန်းတွင်းရဲ့ နောက်လိုက်ခွေးတွေ ဖြစ်သွားတာလဲ…”

မေတ္တာမဲ့နန်းတော်၏ မေတ္တာမဲ့ကောင်းကင်နတ်ဓားသိုင်းမှာ အတွင်းစိတ် တည်ငြိမ်၍ ခံစားချက် ကင်းမဲ့ရန် လိုအပ်သည်။ ဓားသိုင်း၏ အမြင့်မားဆုံး စိတ်အခြေအနေကို ရရှိရန် ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာထားခြင်း၊ ရန်လိုခြင်း ကင်းရမည် ဖြစ်၏။ အတွင်းစိတ်နှလုံး၌ အခြား မည်သည့်အရာမျှ ညစ်ထေးခြင်း မရှိမှ အရာအားလုံးကို ကြည်လင်သော မှန်ပြင်ကဲ့သို့ ပုံရိပ်ထင်ဟပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း မေတ္တာမဲ့နန်းတော်သခင်မ ချိုးတျဲယီအနေဖြင့် သူ၏ ဂိုဏ်းသားများ ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ စိတ်တည်ငြိမ်မှု ပျက်ပြားသွားသည်။

ဤသည်က သေးမွှားသော ကိစ္စ မဟုတ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချက်ချင်း သတိပြုမိပြီး သူ့လက်ချောင်းထိပ်မှ ချီစွမ်းအင်က ဓားအလင်းရောင်အဖြစ် အသွင်ပြောင်းသွား၏။ ထိုဓားအလင်းရောင်က တစ်ခဏချင်း ဆန့်ထွက်လာပြီး မေတ္တာမဲ့နန်းတော်သခင်မ၏ လည်မျိုသို့ ရောက်ရှိသွားသည်။

မေတ္တာမဲ့နန်းတော်သခင်မ၏ စိတ်နှလုံးသာ ပျက်ပြားသွားသည် မဟုတ်၊ အခြားသူတို့၏ စိတ်နှလုံးလည်း တည်ငြိမ်မှု ပျက်ပြားသွား၏။ သို့ဖြစ်၍ မေတ္တာမဲ့နန်းတော်သခင်မကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တိုက်ခိုက်သည့်အခါ မည်သူမျှ ဟန့်တားနိုင်လိုက်ခြင်း မရှိပေ။

“ငါတို့ သေရတော့မယ်…” ဤအတွေးက ချန်ဝမ်ယွင်နှင့် ကျန်သူများ၏ ရင်ထဲ၌ တစ်မုဟုတ်ချင်း နိုးထလာသည်။

ဤတောင်ထွတ်က ဧကတစ်ရာကျော်ပတ်လည်တွင် ကောင်းကင်အနှောင်အဖွဲ့ အတားအဆီးလွှာဖြင့် ကာရံထားသဖြင့် အားလှိုင်းများက အပြင်သို့ ထွက်မသွားဘဲ အထဲတွင်သာ ပဲ့တင်ရိုက်နေမည် ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စတင် တိုက်ခိုက်လိုက်သည်နှင့် သူတို့အားလုံး ပြားချပ်အောင် နင်းချေခံရပေလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ တိုက်ကွက် မစမီမှာပင် ချင်မူတို့အုပ်စု၏ ရှေ့၌ အလံကြီးတစ်လက် ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ဖုံးအုပ်သွားသည်။ သိမ့်ခနဲ လှုပ်ခါသွားပြီး ထိုအလံနှင့်အတူ နဂါးချီလင်နှင့်တကွ အခြားသူများအားလုံး ပျောက်ကွယ်သွား၏။

နောက်တစ်ခဏ၌ ချင်မူနှင့် အခြားသူများ တောင်ခြေ၌ ပေါ်ထွက်လာသည်။ ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်တို့က သူတို့ဘေးမှ ဝါးခမောက်ဆောင်းထားသည့် ထူးဆန်းသောလူကို ကြည့်လိုက်မိကြ၏။ ထိုသူက သူ၏ အလံကြီးကို ပြန်ဖြန့်နေသည်။

ရာချီသော လူထူးဆန်းများက ဤတောင်ခြေကို ဝန်းပတ်၍ သူတို့၏ အလံကြီးများ ဖြန့်ကာ တောင်တစ်ခုလုံးကို ဖုံးအုပ်လိုက်ကြ၏။ ရှေးကျသော အသံတစ်သံ ဟိန်းထွက်လာသည်။ “သွား…”

ဝှစ်…။

ရာချီသော အလံများ တလူးလူးတလွန့်လွန့် လှုပ်ခါသွားပြီး ၎င်းတို့၏ အောက်မှ တောင်ကုန်းစင်မြင့်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအပါအဝင် ထိုသိုင်းဂိုဏ်းချုပ်ကြီးများနှင့်အတူ ပျောက်ကွယ်သွား၏။

တောင်ကုန်းစင်မြင့် ရှိနေခဲ့သည့်နေရာတွင် ကွင်းပြောင်ပြောင် မြေကွက်လပ်သာ ကျန်နေခဲ့သည်။

ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ကျန်သူများမှာ မှင်တက်နေမိကြ၏။ ထိုအခိုက်၌ ခမောက်နှင့် လူထူးဆန်းများက အလံများကို ထပ်ဖြန့်၍ သူတို့အုပ်စုအပေါ် လွှမ်းခြုံလာသည်။

ချန်ဝမ်ယွင်တို့ အသိပြန်မဝင်နိုင်သေးမီမှာပင် ကြီးမားသော အလံကြီးတစ်ခုက သူတို့အပေါ် အုပ်မိုးသွား၏။ လောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ခဏနေမှ မြေမာပေါ် ခြေပြန်ချမိသည်။ သူတို့က တရှန်းမြို့တိုက်ပွဲစက်ကွင်းအတွင်း မရှိတော့ဘဲ အနီးအနားရှိ တောင်ထွတ်တစ်ခုပေါ် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

ဤတောင်ထွတ်က အလွန်တရာ မြင့်မားလှပြီး လေတဟူးဟူး တိုက်ခတ်နေသဖြင့် သူတို့၏ အဝတ်အစားများ တဖျပ်ဖျပ် လွင့်နေသည်။ ဘေးနားတွင်တော့ ဝါးခမောက်ဆောင်းထားသည့် လူထူးဆန်း တစ်ရာကျော် မတ်တတ်ရပ်နေကြ၏။

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ ရင်ထဲမှ အံ့ဩထိတ်လန့်မှုကို ချိုးနှိမ်၍ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ “ဒါ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ထိပ်သီးပညာရှင်တွေပဲ… ငါတို့ကို ပြန်ပေးဆွဲပြီး ဘာလုပ်မလို့လဲ မသိဘူး…”

အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာလမ်းစဉ်၏ နံပါတ်တစ် အထွတ်အမြတ်နယ်မြေ ဖြစ်၏။ ဤနံပါတ်တစ် မိစ္ဆာအဖွဲ့အစည်းက အမြဲတစေ လျှို့ဝှက်လှုပ်ရှားတတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းတွင်းဘက်မှ အကြိမ်ပေါင်းများစွာ စုံစမ်းထောက်လှမ်းခဲ့သည့်တိုင် အသုံးဝင်သော အချက်အလက် များများစားစား မရရှိခဲ့ပေ။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို အကူအညီပေးသည့်အပြင် သူတို့အုပ်စုကိုပင် တိုက်ပွဲအတွင်းမှ ခေါ်ထုတ်ပေးခဲ့သည်ကို ထောက်ရှုပါက သေချာပေါက် ကြိုတင် ကြံစည်ထားသော ကိစ္စရပ် ဖြစ်၏။

ရုတ်တရက် ထိုလူထူးဆန်းများက ခေါင်းပေါ်မှ ဝါးခမောက်များကို ချွတ်၍ သူတို့ဘက်သို့ လှည့်ကာ ဂိုဏ်းသားတပည့်တစ်ယောက်၏ ဂါရဝပြုခြင်းမျိုးဖြင့် ဦးညွှတ်အရိုအသေပြုပြီး တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။ “နတ်ဂိုဏ်းသခင်နဲ့ ကောင်းကင်နတ်မယ်ကို ဂါဝရပြုပါတယ်…”

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ ဂိုဏ်းသားတပည့်တစ်ယောက်၏ ဂါရဝပြုနည်းမျိုးဖြင့် ဦးညွှတ်အရိုအသေပြုနေသော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆင့်မြင့်ပညာရှင်များကို ကြည့်ရင်း သူတို့၏ ရင်ထဲတွင် မသက်မသာ ခံစားလိုက်ကြရသည်။ ယွင်ချွယ်ကိုယ်တော်က တစ်မုဟုတ်ချင်း မျက်စိစုံမှိတ်၍ အော်ဟစ်လိုက်၏။ “ကျုပ် ဘာမှ မမြင်ဘူး… ခင်ဗျားတို့မျက်နှာတွေ မမြင်ဘူး… ကျုပ်ကို နှုတ်မပိတ်ပါနဲ့…”

ဤအခိုက်၌ တရင်းတနှီး ရှိနေသော အသံတစ်သံ သူတို့ဘေးမှ ထွက်ပေါ်လာသည်။ “ထပါ၊ ထုံးစံတွေ မလိုပါဘူး…”

“ကျေးဇူးတင်ပါတယ်၊ နတ်ဂိုဏ်းသခင်…”

ထူးဆန်းသော လူများက ထရပ်လိုက်ကြ၏။ ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ ထိုစကားပြောလိုက်သူကို တအံ့တဩမျက်နှာဖြင့် ကြည့်လိုက်မိကြသည်။

နန်းတွင်းကောလိပ်သို့ ဝင်ရောက်ခွင့်ရသည့် ပထမဆုံး စွန့်ပစ်ခံလူ၊ နန်းတွင်းကောလိပ်၏ ပထမဆုံး တော်ဝင်ကျောင်းတော်သား စသည့်ဂုဏ်ပုဒ်များနှင့် ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မိစ္ဆာဂိုဏ်းသခင် ဖြစ်သည်တဲ့လား။

“တော်ဝင်ကျောင်းတော်သားချင်က မိစ္ဆာဂိုဏ်းသခင်ဆိုရင် မိစ္ဆာကောင်းကင်နတ်မယ်က ဘယ်သူလဲ…” ယွဲ့ချင်းဟုန်က အတုန်တုန်အယင်ယင်နှင့် မေးလိုက်သည်။

စစ်ယွင်ရှန်းက ရှိုးတိုးရှန့်တန့် ပြုံးပြသည်ကို မြင်လိုက်ရသဖြင့် ယွဲ့ချင်းဟုန် ခေါင်းမွေးများ ထောင်ထသွား၏။

“ငါတို့ နန်းတွင်းကောလိပ်က လျှို့ဝှက်အလင်းခန်းမရဲ့ အဆောင်မှူး ကျန့်စန်းရှန့်… ဓာတ်ငါးပါးဝင်္ကပါခန်းမရဲ့ အဆောင်မှူး ချန်ယွင်ထင်တောင် ပါတာပါလား…”

ချန်ဝမ်ယွင်မှာ ဓားစံအိမ်သခင်နှင့် ဝင်္ကပါစံအိမ်သခင်ကို မြင်ပြီး ရင်ထဲတွင် လေးလံသွားကာ တီးတိုးရေရွတ်လိုက်သည်။ “ငါတို့တော့ သေပြီ… သေပြီ…”

ယွင်ချွယ်ကိုယ်တော်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “သူတို့မျက်နှာတွေ မြင်ပြီးမှတော့ မင်းတို့ သေချာပေါက် သေပြီပေါ့… ဘာကိစ္စ နာမည်တွေပါ ထုတ်ပြောရတာလဲ… ငါက မျက်လုံးပိတ်ထားပေမဲ့ အခု သူတို့နာမည်တွေကို ကြားသွားတော့ ငါပါ သေရတော့မယ်…”

ဓားစံအိမ်သခင်က သူတို့လေးယောက်ကို ကြည့်၍ မေးလိုက်သည်။ “နတ်ဂိုဏ်းသခင်၊ အခု သူတို့က ကျွန်တော်တို့ မျက်နှာတွေ မြင်သွားပြီဆိုတော့ ဘေးကင်းအောင် နှုတ်ပိတ်လိုက်ရမလား…”

ယွင်ချွယ်ကိုယ်တော်က ကမန်းကတန်း မျက်လုံးဖွင့်၍ ချင်မူ့ကို ကြည့်ကာ ပြုံးပြလိုက်၏။ “တော်ဝင်ကျောင်းတော်သား… နတ်ဂိုဏ်းသခင်၊ ငါတို့က အတန်းဖော်တွေလေ… အရင်ကဆို ငါ့ကိုတောင် ရိုက်ပုတ်ဖူးတယ် မဟုတ်ဘူးလား၊ မေ့သွားပြီလား… အစ်မတော်မြေခွေးလေး၊ ငါ ပိုက်ဆံဘယ်လောက် ပေးထားတယ်ဆိုတာ မှတ်မိတယ် မဟုတ်လား… ကူပြောပေးပါဦး…”

ဟူလင်းအာက ခေါင်းလေးကို ငဲ့စောင်း၍ အမြီးလေးယမ်းကာ သူလည်း မည်သို့မျှ မတတ်နိုင်ကြောင်း ပြလိုက်သည်။

ချင်မူက နှစ်သိမ့်လိုက်၏။ “မစိုးရိမ်ပါနဲ့ ကျောင်းတော်သားယွင်၊ အားလုံး စိတ်အေးအေးထားပါ… ငါ ရှိပါသေးတယ်… ငါ ဒီမှာပါ…”

သူက ဓားစံအိမ်သခင်ဘက် လှည့်၍ ပြောလိုက်သည်။ “ဓားစံအိမ်သခင်၊ သူတို့အားလုံးက နန်းတွင်းကောလိပ်မှာ ငါ့ရဲ့ အတန်းဖော်တွေပဲ… သူတို့ကို ငါတို့နတ်ဂိုဏ်းထဲ ဝင်မလား မေးလိုက်ပါ၊ မဝင်ချင်ဘူးဆိုရင် ဒီလို သာယာလှပတဲ့နေရာမှာပဲ မြေမြှုပ်ပစ်လိုက်တာပေါ့…” ထို့နောက် ချင်မူက သူ့သူငယ်ချင်းများဘက် ခေါင်းပြန်လှည့်လာ၏။ “စိတ်မပူနဲ့၊ စိတ်မပူနဲ့… ငါ ဖြေရှင်းလိုက်ပါ့မယ်…”

ယွင်ချွယ်ကိုယ်တော်မှာ ကြောက်သေးပါမတတ် လန့်ဖြန့်၍ ခေါင်းမွေးများ ထောင်ထသွားသည်။ ကံကောင်း၍ သူက ခေါင်းတုံးဖြစ်နေ၏။ မဟုတ်လျှင် သူခေါင်းမွေးများ မိုးထိုးနေချေလိမ့်မည်။

ချင်မူက တစ်ဘက်လှည့်သွားပြီး ပြောလိုက်ပြန်၏။ “ဓားစံအိမ်သခင်၊ သူတို့ကို သတ်ရင် ငါ့ရှေ့မှာတော့ မသတ်နဲ့… ဝမ်ယွင်၊ ချင်းဟုန် စိတ်မပူကြပါနဲ့… ငါတို့က တခြားမိစ္ဆာဂိုဏ်းတွေလို  အညှာအတာကင်းမဲ့တဲ့သူတွေ မဟုတ်ပါဘူး… စိတ်အေးအေးထား၊ အဆင်ပြေသွားမှာပါ… မင့်ဓားကို အမြန်ဆုံး ဆွဲထုတ်နော်၊ သူတို့ကို ဝေဒနာ မခံစားရစေနဲ့…”

“မင်းပြောတာ ငါ ကြားတယ်…”

ယွင်ချွယ်ကိုယ်တော်က အော်ဟစ်လိုက်သည်။ “ဓားစံအိမ်သခင်၊ ဒီဘက်မလာနဲ့နော်… ကျုပ်က မိစ္ဆာဂိုဏ်းသား… ဖွီ ဖွီ… ကောင်းကင်နတ်ဂိုဏ်းဝင် ဖြစ်နေပြီ…”

ယွဲ့ချင်းဟုန်နှင့် ချန်ဝမ်ယွင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။ ယွဲ့ချင်းဟုန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “အစ်ကိုကြီး၊ ကျွန်မတို့ ဘာလုပ်ကြမလဲ…”

ချန်ဝမ်ယွင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဧကရာဇ်အတိုင်ပင်ခံကို ကူညီခဲ့တာဆိုတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက နန်းတွင်းရဲ့ တစ်စိတ်တစ်ဒေသလို့ ပြောနိုင်တယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်လို့ ဘာမှ ထိခိုက်စရာ မရှိဘူး… ပြီးတော့ ငါတို့ မဝင်ရင်…” သူ့မျက်လုံး ထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။ စကား မဆက်တော့ချေ။

ယွဲ့ချင်းဟုန် သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်လို့ ဘာမှ ထိခိုက်စရာ မရှိဘူး… ငါတို့ ဝင်မယ်…”

သူက ထိုသို့ ပြောလိုက်သည် ဖြစ်၍ ဝံပုလွေကျွန်မှာလည်း အခြား ပြောစရာ မရှိတော့ပေ။

ယွဲ့ချင်းဟုန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ စစ်ယွင်ရှန်းကို မေးလိုက်၏။ “ကောင်းကင်နတ်မယ်၊ ငါတို့ နတ်ဂိုဏ်းကို မဝင်ရင်လည်း ဘာမှ လုပ်မှာ မဟုတ်ဘူးမလား…”

စစ်ယွင်ရှန်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ဂိုဏ်းသခင်က ကြင်နာတတ်တဲ့ နှလုံးသား ရှိပါတယ်… သူက နင်တို့ကို စနောက်နေတာပါ…”

ယွင်ချွယ်ကိုယ်တော်က သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်၏။ “စနောက်နေတယ်ဆိုတာ ကိုယ်တော် သိတာပေါ့… တော်ဝင်ကျောင်းတော်သားချင်၊ အစောက မင်း စနောက်နေတာ မဟုတ်လား… ဟုတ်တယ်မဟုတ်လား တော်ဝင်ကျောင်းတော်သားချင်…”

ချင်မူက ဟက်ခနဲ ရယ်၍ မည်သည်ကိုမျှ မပြောချေ။ ယွင်ချွယ်၏ မျက်နှာ ဖြူဖျော့သွား၏။

ချင်မူက တောင်စွန်းသို့ လျှောက်သွား၍ မိုင်ပေါင်းများစွာ ကွာဝေးသောနေရာမှ တောင်တစ်လုံးဆီသို့ ကြည့်လိုက်သည်။ ထိုတောင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးသိုင်းပညာရှင် တစ်ဒါဇင် တိုက်ခိုက်နေသော နေရာ ဖြစ်၏။

ကြေးမျက်နှာဖုံးစွပ်လူ စီရင်ထားသည့် ကောင်းကင်အနှောင်အဖွဲ့ အတားအဆီးအလွှာက ပေါက်ပြဲနေပြီ ဖြစ်ပြီး အပေါက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအပေါက်များမှတစ်ဆင့် ကြောက်မက်ဖွယ်ရာ လေပွေမုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော သစ်ပင်များ ကောင်းကင်ယံထက်သို့ မြောက်တက်၍ အစိတ်စိတ်အမြွှာအမြွှာ ကြေမွသွား၏။

တောင်ထိပ်ပေါ်မှ တိုက်ပွဲက လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးသိုင်းပညာရှင်များ၏ သူသေကိုယ်သေ အသက်လုပွဲ ဖြစ်၏။ သူတို့နေရာနှင့် အလွန်တရာ ဝေးကွာပြီး ကောင်းကင်အနှောင်အဖွဲ့ အတားအဆီးလွှာ ခြားထားသည့်တိုင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခံစားရသေးသည်။

ဝှီး…။

လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ချန်ဝမ်ယွင်တို့မှာ သူတို့ရောက်ရှိနေသည့် တောင်ထိပ်က အဘယ်ကြောင့် လေပြင်းများ တိုက်ခတ်နေရသည်ကို ယခုမှ သဘောပေါက်သွား၏။ ဤနေရာမှ လေပြင်းများက မိုင်ပေါင်းများစွာ အကွာရှိ တိုက်ပွဲမှ ရိုက်ခတ်လာသော အားလှိုင်းများ ဖြစ်သည်။

လေတိုက်အားက ပို၍ ပို၍ ပြင်းထန်လာ၏။ ပတ်ဝန်းကျင် တောင်များပေါ်မှ သစ်ပင်များမှာ ယိမ်းနွဲ့ကိုင်းညွတ်နေကြသည်။ လေလှိုင်းများက ဆင့်ကဲဆင့်ကဲ တိုက်ခတ်လာ၏။ သစ်ပင်များက ခေါင်းမထောင်နိုင်အောင် ကွေးညွတ်နေပြီး အချို့မှာ ထက်ပိုင်းပြတ် လွင့်ပါသွားသည်။

တိုက်ပွဲဖြစ်ရာ တောင်မှာတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလောက်ချေပြီ။ ကြောက်မက်ဖွယ်ရာ ထိပ်သီးသိုင်းပညာရှင်များ တိုက်ခိုက်နေသည့် ကြမ်းပြင်မှာ တစ်စထက်တစ်စ နိမ့်ဆင်းလာပြီး မြေပြင်ညီ အနေအထားသို့ ရောက်ရှိသွားကြောင်း ချင်မူ တွေ့လိုက်၏။

တိုက်ပွဲက အလွန်တရာ ဝေးကွာလှသဖြင့် ချင်မူမှာ အစိမ်းရောင် ကောင်းကင်မျက်လုံး အသုံးပြု၍သာ မြင်ရသည်။ သို့တိုင်အောင် သဲသဲကွဲကွဲ မမြင်ရပေ။ ဤထိပ်သီးသိုင်းပညာရှင်များ တိုက်ခိုက်နေသည့် အရှိန်အဟုန်က မြန်လွန်းလှသဖြင့် သူတို့၏ သိုင်းကွက်များ ကြည့်ရန်မဆိုထားနှင့်၊ လူရိပ် မြင်ရရန်ပင် အတော်ခက်ခဲလှ၏။

ချင်မူမှာ သူတို့၏ လှုပ်ရှားမှု အရိပ်အယောင်ကိုသာ ကြည့်၍ လူမည်မျှ ကျန်သေးကြောင်း မှန်းဆရသည်။

“နောက်ထပ် ထိပ်သီးသိုင်းသမားတစ်ယောက် ကျသွားပြီ…” ချင်မူ့ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။

ယွဲ့ချင်းဟုန်က ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆင့်မြင့်ပညာရှင်များ အားလုံးက တောင်ထိပ်ပေါ်တွင် တိတ်တဆိတ် ရပ်၍ တိုက်ပွဲကို ရှုစားနေကြောင်း မြင်မိသည်။ သူတို့က သွားရောက်ကူညီမည့် အရိပ်အယောင် မရှိသဖြင့် ဇဝေဇဝါ ဖြစ်သွား၏။ “နင်တို့က သွားမကူတော့ဘူးလား…”

“ဟင့်အင်း…”

ချင်မူက ရှင်းပြလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ယောက်တည်း ဖြေရှင်းနိုင်ပါတယ်… ပြီးခဲ့တဲ့ မျိုးဆက်ရဲ့ မကောင်းဆိုးဝါးသုံးယောက်က အငိုက်ဖမ်း တိုက်ခိုက်ပြီး စစ်သည်တစ်သောင်းအလယ်မှာ ရှိတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ အငိုက်ဖမ်း တိုက်ခိုက်မယ်ဆိုရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး… ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ အဲလို တိုက်ခိုက်နိုင်မဲ့ အခွင့်အရေးရအောင် ဖန်တီးပေးခဲ့တာ… အဲဒီ သိုင်းဂိုဏ်းချုပ်တွေ စိတ်တည်ငြိမ်မှု ပျက်ပြားသွားတဲ့ တစ်ခဏက ဧကရာဇ်အတိုင်ပင်ခံအတွက် အငိုက်ဖမ်း တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ…”

All Chapters