← Chapters

တုထျန်းမိစ္ဆာဘုရင် ပုန်းခိုရာနေရာ

Vol. 15 Ch. 200

တုထျန်းမိစ္ဆာဘုရင် ပုန်းခိုရာနေရာ

Vol. 15 Ch. 200

မိစ္ဆာလမ်းစဉ်၏ နံပတ်တစ်ဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကူညီသည်ဖြစ်စေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက နေရာရွှေ့ပြောင်းအလံများ အသုံးပြု၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်ဖွဲ့ကို ခေါ်ဆောင်လာခဲ့သည်ဖြစ်စေ သိုင်းဂိုဏ်းအဖွဲ့အစည်းများ၏ တပည့်ဂိုဏ်းသားများအားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ထိုဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးသိုင်းပညာရှင်များ အားလုံး၏ စိတ်နှလုံး ယိမ်းယိုင်ပျက်ပြားအောင် ပြုလုပ်နိုင်ခဲ့သည်။

သူတို့၏ စိတ်ဓာတ်ပျက်ပြားမှုက များစွာ မကြာမြင့်လှသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့သော ပညာရှင်မျိုး၏ ရှေ့တွင်တော့ သေဖို့ရန် ဖန်လာခြင်းသာ ဖြစ်၏။

ဂိုဏ်းသခင်အဆင့် ထိပ်သီးပညာရှင်များက အများအားဖြင့် ကောင်းကင်တံတားအဆင့် ပညာရှင်များ ဖြစ်သော်လည်း ထိုကောင်းကင်တံတားအဆင့်၌ပင် စွမ်းအားကြီးသူ၊ စွမ်းအားနိမ့်သူ ကွဲပြားသေးသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြောဖူးသကဲ့သို့ပင် ဖြစ်၏။ သူက အဆင့်တိုင်းတွင် အားနည်းချက် မရှိခဲ့သူ ဖြစ်သည်။ အခြားသူတို့၏ ထောင့်ချိုးက မည်မျှ ကျယ်ဝန်းသည် ဖြစ်စေ သူတို့၏ မျဉ်းကြောင်းက မည်သည့်အခါမျှ သူ့မျဉ်းဖြောင့်လောက် ရှည်လျားလိမ့်မည် မဟုတ်။

သူ့ကျင့်စဉ်စွမ်းအင်က အခြားသူများထက် သာလွန်သကဲ့သို့ သိုင်းကွက်စွမ်းရည် ပညာရပ်နှင့် ပတ်သက်၍လည်း ထိုသူတို့ထက် သာလွန်၏။

အလစ်အငိုက် တိုက်ခိုက်ခံရသည့် အခြေအနေမျိုးတွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူ မရှိချေ။ ယုတ်စွအဆုံး သူ၏ သိုင်းကွက်တစ်ကွက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ချေ။

ဤသည်မှာ ကောင်းကင်လှိုင်းမြို့တွင် တုထျန်းမိစ္ဆာဘုရင် ရွှေအနှင့် တိုက်ခိုက်စဉ်ကကဲ့သို့ ဖြစ်၏။ တုထျန်းမိစ္ဆာဘုရင်မှာ တစ်ချက်တည်းနှင့် အသေသတ်ခံလိုက်ရပြီး ထိုတစ်ချက်က အလစ်အငိုက်ဖမ်း တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထိုထိပ်သီးသိုင်းပညာရှင်များ စိတ်ဓာတ်ပျက်ပြားသွားသည့် တစ်ခဏတာကာလကို အခွင့်ကောင်းယူ၍ အနည်းဆုံး လေးယောက်ခန့် သတ်ဖြတ်နိုင်လိမ့်မည်ဟု ချင်မူ မှန်းဆမိ၏။ မည်မျှအထိ ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်နိုင်မည်ကတော့ သူ့အရည်အချင်းပေါ် မူတည်သည်။

သို့သော်လည်း တစ်လောကလုံးရှိ စွမ်းအားအကြီးဆုံး ပညာရပ်များကို ထုတ်ဖော်တိုက်ခိုက်သည့် ဤတိုက်ပွဲက မည်မျှ ကြီးကျယ်ခမ်းနားသည်ဖြစ်စေ ထိုနေရာမှ အခြေအနေကို ကောင်းစွာ အကဲခတ်နိုင်သူ များများစားစား မရှိချေ။ လူအယောက်တစ်ရာကျော် ရှိနေသည့်တိုင် လက်ဝဲရံနှင့် လက်ယာရံတို့သာ ထိုတိုက်ပွဲရှိ လူများ၏ လှုပ်ရှားမှုတိုင်းကို တစ်ခုမကျန် မြင်တွေ့နိုင်စွမ်း ရှိ၏။

သုံးရာ့ခြောက်ဆယ်သော စံအိမ်တို့၏ စံအိမ်သခင်များထဲတွင်ပင် ထိုတိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်သူ များများစားစား မရှိပေ။

ချင်မူ တိုက်ပွဲအပေါ် အာရုံပြန်စိုက်ကြည့်လိုက်သည်။ သို့တိုင်အောင် ထိုနေရာမှ အခြေအနေကို မြင်တွေ့နိုင်ခြင်း မရှိ။ လျင်မြန်စွာ ရွေ့လျားနေသူတို့ အရိပ်များ၊ ကောင်းကင်နတ်သိုင်းနှင့် ဓားသိုင်းတို့မှ ထွက်ပေါ်လာသော အလင်းရောင်များကိုသာ မြင်တွေ့ရ၏။

တစ်ချက်တစ်ချက်တွင် အလင်းတန်းတစ်ခု ပျောက်ပျောက်သွားသည်။ ထိုသည်မှာ ထိပ်သီးသိုင်းပညာရှင်တစ်ယောက် သေဆုံးသွားခြင်းပင် ဖြစ်၏။

ယခုအချိန်တွင် လူရိပ်ရှစ်ခုသာ ကျန်တော့သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအပြင် ခုနစ်ယောက် ရှိသေးတာပဲ…”

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ ထိုခုနစ်ယောက်က စွမ်းရည်အမြင့်ဆုံး ခုနစ်ယောက် ဖြစ်ပေလိမ့်မည်။ မည်သူတွေများ ဖြစ်လိမ့်မည်နည်း။

ထိုလူရိပ်များထံမှ နတ်ဘုရားကဲ့သို့ အလင်းတန်းများ ဖြာထွက်နေသည်ကိုသာ သူ မြင်ရ၏။ မည်သူများ ဖြစ်သည်ကို မမြင်ရ။

“တိုက်ပွဲအခြေအနေကို မမြင်ရရင် အခွင့်အရေးကြီးတစ်ခု လက်လွတ်ဆုံးရှုံးတာပဲ… ငါ့ရဲ့ စိမ်းပြာ ရောင် ကောင်းကင်မျက်လုံးကို ဖွင့်လို့ ရနိုင်လောက်မလား…”

ချင်မူက ချီစွမ်းအင်ကို စုစည်း၍ မျက်လုံးများဆီသို့ ထပ်မံပို့လွှတ်ပြီး စိမ်းပြာရောင် ကောင်းကင်မျက်လုံး၏ သင်္ကေတအမှတ်အသားများကို တည်ဆောက်ရန် ကြိုးစားကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သူငယ်အိမ်အလွှာသုံးထပ် ရှိနေပြီ ဖြစ်၏။ ပထမအလွှာမှာ မူလသူငယ်အိမ်ဖြစ်ပြီး ဒုတိယအလွှာမှာ ကောင်းကင်မျက်လုံးမှ ဖွဲ့တည်လာသည့် သူငယ်အိမ် ဖြစ်သည်။ တတိယအလွှာမှာ အစိမ်းရောင် ကောင်းကင်မျက်လုံးမှ ဖွဲ့တည်လာသော သူငယ်အိမ် ဖြစ်၏။ သူ့အနေဖြင့် စိမ်းပြာရောင် ကောင်းကင်မျက်လုံးကို ဖွင့်နိုင်လျှင် စတုတ္ထအလွှာ ဖွဲ့တည်လာပြီး ပို၍ ရှင်းလင်းစွာ မြင်နိုင်ပေလိမ့်မည်။

သူ၏ ချီစွမ်းအင်များကို မျက်လုံးဆီသို့ ပို့လွှတ်လိုက်သည့်အခိုက်မှာပင် အခြားတစ်စုံတစ်ရာက ချီစွမ်းအင်နှင့်အတူ သူ့မျက်လုံးထဲသို့ ဝင်သွားကြောင်း ခံစားသိရှိလိုက်၏။

ချင်မူ မှင်တက်မိသွားသည်။ ရုတ်တရက် တိုက်ပွဲကွင်းပြင်၏ မြင်ကွင်းက အလွန်တရာ ရှင်းလင်းပြတ်သားလာသည်ဟု ခံစားမိလိုက်၏။

သူ့ခေါင်းကို ခါယမ်း၍ တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်မိသည်။ အလွန်တရာ ကြည်လင်ပြတ်သားနေဆဲ ရှိ၏။

သူက စိမ်းပြာရောင် ကောင်းကင်မျက်လုံး၏ သင်္ကေတ အမှတ်အသားများကိုပင် ဖွဲ့စည်းတည်ဆောက်ရခြင်း မရှိသေးပေ။

“ငါ့မျက်လုံးထဲမှာ တစ်ယောက်ယောက်ရဲ့ မျက်လုံး ရှိနေပြီ…”

ချင်မူ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ ယခုအခါတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ တိုက်ကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းကို မြင်နိုင်ပြီ ဖြစ်သည့်အပြင် ကောင်းကင်နတ်သိုင်းများ၊ ဓားသိုင်းများ၏ အလွှာအဆင့်ဆင့်နှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့ကိုပင် မြင်နေရသည်။

လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်းက သူ့မျက်လုံးအောက်မှ ပြေးမလွတ်ချေ။

ဤသည်က သူ့မျက်လုံးမှ မြင်တွေ့ရသည်များ မဟုတ်။ အခြားတစ်ယောက်၏ မျက်လုံးမှ မြင်တွေ့ရခြင်း ဖြစ်သည်။ သို့တည်းမဟုတ် အခြား တစ်စုံတစ်ယောက်က သူ့မျက်လုံးကို ငှား၍ တိုက်ပွဲကို ကြည့်ရှုလေ့လာနေခြင်းဟုလည်း ဆိုနိုင်၏။

သူ့မျက်လုံးကို ငှား၍ တိုက်ပွဲကို ကြည့်ရှုလေ့လာနေသူမှာ မည်သူ ဖြစ်သနည်း။

ရုတ်တရက် ကောင်းကင်လှိုင်းမြို့၌ တုထျန်းမိစ္ဆာဘုရင် ဆင့်ခေါ်ခဲ့သည့် ဖြစ်ရပ်ကို သူ သတိရသွားသည်။ တုထျန်းမိစ္ဆာဘုရင်၏ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအားက သူ့ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြု၍ မိစ္ဆာနတ်ဘုရားရုပ်တုထဲသို့ ဝင်ရောက်ခဲ့၏။ သူ့မျက်ခုံးနှစ်ခုအလယ်၌ ကွဲအက်ပွင့်ထွက်၍ လျှပ်စီးတန်းကဲ့သို့သော အလင်းတန်းများ မိစ္ဆာနတ်ဘုရားရုပ်တုထဲသို့ စီးဝင်သွားသည်။ ထိုအခိုက်၌ သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လေ့ကျင့်မိ၏။

ထိုသို့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေစဉ်တွင် တစ်စုံတစ်ခုက ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားကြောင်း ခံစားခဲ့မိသည်။

ထို့နောက်တွင် မဟာတောင်တော်ဂိုဏ်းသားများ ရောက်ရှိလာပြီး မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင်ကို အသုံးပြု၏။ တုထျန်းမိစ္ဆာဘုရင်ကို ပြန်မောင်းမထုတ်နိုင်သော်လည်း ဆင့်ခေါ်နေသည့် ဖြစ်စဉ် ရပ်တန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ တစ်ရှိန်ထိုး စီးထွက်နေသည့် စိတ်အလျဉ်နှင့် မှော်စွမ်းအားမှာလည်း ပြတ်တောက်သွားသည်။

ဤသည်ကို ကြည့်လျှင် သူ့ခန္ဓာကိုယ်ထဲ၌ တုထျန်းမိစ္ဆာဘုရင်၏ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအားတချို့ ကျန်ရှိနေသေးမည်ဟု ယူဆနိုင်၏။

“ဒါဆို ငါ့ခန္ဓာကိုယ်ထဲမှာနေ၊ ငါမျက်လုံးကိုငှားပြီး တိုက်ပွဲမြင်ကွင်းကို ကြည့်နေတာ တုထျန်းမိစ္ဆာဘုရင်ပဲပေါ့…”

ချင်မူ တုန်လှုပ်သွားသည်။ တုထျန်းမိစ္ဆာဘုရင်၏ ဤအသိစိတ်အလျဉ်က သူ့ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် ပုန်းခိုနေသနည်း။ ဤကာလတစ်လျှောက်လုံး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လေ့ကျင့်ရာတွင် အဘယ်ကြောင့် မူမမှန်သည့် တစ်စုံတစ်ရာမျှ မခံစားခဲ့ရသနည်း။

တုထျန်းမိစ္ဆာဘုရင်က မည်သည်ကို ကြံစည်နေသနည်း။

အဘွားစစ်၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာဂိုဏ်းသခင် လီထျန်းရှင် ရှိနေပြီး ယခု သူ့ခန္ဓာကိုယ်ထဲတွင် တုထျန်းမိစ္ဆာဘုရင် ရောက်လာသည် ဆိုပါက မည်မျှ ရယ်ဖွယ်ကောင်းလိုက်ပါသနည်း။

ချင်မူ ငြိမ်ငြိမ်သက်သက်ပင် ဆက်နေလိုက်၏။ တုထျန်းမိစ္ဆာဘုရင် သူ့မျက်လုံးမှတစ်ဆင့် တိုက်ပွဲမြင်ကွင်းကို ကြည့်ရှုနေခြင်းမှာ ကောင်းသောကိစ္စ ဖြစ်သည်။ သူ့အနေဖြင့် တိုက်ပွဲအခြေအနေကို ကြည့်ရှုခွင့်ရသကဲ့သို့ ထိပ်သီးပညာရှင်များ အသုံးပြုသည့် ကောင်းကင်နတ်သိုင်းများကိုလည်း လေ့လာခွင့်ရ၏။ ဤသည်က သူ့အတွက် များစွာ အသိအမြင် ကျယ်စေနိုင်သော အတွေ့အကြုံပင် ဖြစ်သည်။

“ငါ့ကိုယ်ထဲမှာ ရှိနေတာ တုထျန်းမိစ္ဆာဘုရင်ရဲ့ အသိစိတ်အလျဉ်နဲ့ မှော်စွမ်းအား နည်းနည်းပါပဲ… သူ ဘယ်လောက် စွမ်းအားကြီးကြီး ဘာမှ မလုပ်နိုင်ပါဘူး… သူ့ကို ရှာတွေ့တာနဲ့ သေချာပေါက် ရှင်းပစ်လို့ ရမှာပါ… ငါသိသွားမှန်း မသိအောင် သူ့ကို မသိချင်ယောင်နေလိုက်မယ်…”

နောက်ဆုံးတွင်တော့ ထိပ်သီးသိုင်းပညာရှင်များ၏ တိုက်ပွဲကို သူ ရှင်းရှင်းလင်းလင်း မြင်ခွင့်ရခဲ့ပေပြီ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားများက ဓားအစစ်များ မဟုတ်၊ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားများ ဖြစ်ပြီး အမြဲမပြတ် ပြောင်းလဲကာ စိတ်ကြိုက် စုစည်းနိုင်၊ ဖြန့်ကားနိုင်၏။

သူ့ခန္ဓာကိုယ်မှ အလင်းရောင်များက နတ်ဘုရားတစ်ပါးကဲ့သို့ အလျှံတညီးညီး တောက်လောင်နေသည်။ ဤသို့သော အလင်းတန်းများကို ရွာလူကြီး၏ ကိုယ်ပေါ်တွင်လည်း မြင်ဖူးကြောင်း ချင်မူ အမှတ်ရမိ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လက်ထဲတွင် အခြေခံအကျဆုံး ဓားကွက်များပင် အလွန်တရာ ရှုပ်ထွေး၍ နက်နဲဆန်းကြယ်နေသည်။

အခြေခံဓားကွက်များသာမဟုတ်၊ သေသပ်တိကျသော တွက်ချက်မှုများနှင့် အကွက်အပြောင်းအလဲများကလည်း ပို၍ နက်နဲဆန်းကြယ်၏။

“တာအိုဂိုဏ်းရဲ့ တာအိုဓားသိုင်းလား…”

ချင်မူ မှင်တက်မိသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းတွင် တာအိုဂိုဏ်းမှ တာအိုဓားသိုင်း၏ အရိပ်အငွေ့များ သူ မြင်တွေ့ရ၏။ ဤသည်က အလွန်တရာ ရှုပ်ထွေးလှသော တွက်ချက်မှုပညာရပ် ဖြစ်သည်။ ယင်ယန်သင်္ကေတကို ဥပမာပြုရလျှင် မည်သူမဆို စက်ဝိုင်းတစ်ခုဆွဲနိုင်သော်လည်း ထိုစက်ဝိုင်းကို ထက်ပိုင်းခြမ်းမည့် မျဉ်းကွေး၏ တည်နေရာကို လူတိုင်း မတွက်ချက်နိုင်ပေ။

ဤသည်က တာအိုဓားသိုင်း၏ ပထမဓားကွက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်၏ လျှို့ဝှက်ချက်ပင် ဖြစ်၏။ ယင်၊ ယန် အသွားအလာကို ထိုက်ရွှမ်သင်္ချာကျမ်း အသုံးပြု၍ တွက်ချက်နိုင်ရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။

အဆုံးမရှိသည့် ကိန်းဂဏန်းများထိ တွက်ချက်နိုင်လျှင် လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန် ဓားကွက်၏ အမြင့်ဆုံးစွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ပို၍ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိလိုလျှင် ရှုခုန်းနှင့် ချင်းကျင့် ဒသမကိန်းအထိ တွက်ချက်နိုင်ရမည် ဖြစ်၏။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သင်္ချာတွက်ချက်မှုမှာ အတော်လေး ကျွမ်းကျင်ပေါက်မြောက်ထားတာပဲ…” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။ “အစောကတည်းက သိရင် လမ်းမှာတုန်းက ထိုက်ရွှမ်သင်္ချာကျမ်းနဲ့ ပတ်သက်တာတွေ မေးပါတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တိုက်ခိုက်နေသူများမှာ မျိုးဆက်ဟောင်း သိုင်းပညာရှင် သုံးယောက် ဖြစ်သော ဆင်းရဲခြင်းဆရာသခင်၊ ခြေသလုံးအိမ်တိုင်လီ၊ အစစ်အမှန်သခင်မထျန်းတို့ ဖြစ်သည်။ မျိုးဆက်ဟောင်း၏ ထိပ်တန်းသိုင်းပညာရှင်များဟု ခေါ်ဆိုထိုက်၏။ သူတို့၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အလင်းတန်းများက ရှေးဟောင်းနတ်ဘုရားသုံးပါးအလား ထင်မှတ်မှားရသည်။ သိုင်းကွက်များကလည်း တစ်မူထူးခြားလှ၏။

ဆင်းရဲခြင်းဆရာသခင်၏ လက်ထဲမှ ကြီးမားသော စုတ်တံကြီးက ရှည်လျားသော စုတ်တံအမွေးများကြောင့် မြင်းမြီးယပ်နှင့် ပိုတူနေသည်။ သို့သော်လည်း မြင်းမြီးယပ်ကဲ့သို့ အကွက်အပြောင်းများစွာ ဖော်ဆောင်နိုင်ခြင်း မရှိပေ။

ခြေသလုံးအိမ်တိုင်လီက ဓားသိုင်းသမား ဖြစ်၏။ သူ၏ ဓားသိုင်းက အလွန်တရာ ရှုပ်ထွေးနက်နဲလှသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းအောက် နိမ့်ကျသည်။ သူ့ဓားသိုင်းက အခြေခံဓားသိုင်း ဆယ့်လေးကွက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် မည်မျှပင် ဆန်းကြယ်နက်နဲသော်လည်း ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဖြစ်၏။

ခေတ်ကာလက ရှေ့သို့ တရွေ့ရွေ့ တိုးသွားသော်လည်း သူက နေရာမရွေ့ ကျန်နေရစ်သည်။

အစစ်အမှန်သခင်မထျန်းက အဆိပ်ပိုးကောင်များကို ထူးဆန်းသော နဂါးအမျိုးမျိုး ဖြစ်အောင် မွေးမြူထား၏။ ကိုက်သုံးရာခန့် ရှည်လျားသော ကောင်းကင်ဘုံကင်းခြေများနဂါး၊ ကောင်းကင်ပိုးချည်မျှင်ကောင်မှ အသွင်ပြောင်းလာသည့် ပိုးချည်မျှင်နဂါး၊ မြွေစိမ်းမှ အသွင်ပြောင်းလာသည့် အစိမ်းရောင်ရေနဂါး အစရှိသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော အဆိပ်ပိုးကောင်များ ပါသည်။

ဤအဆိပ်ပိုးကောင်များက စွမ်းအားကြီးမားလှသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းကို ရင်ဆိုင်နိုင်ခြင်း မရှိပေ။ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြ၏။

အစစ်အမှန်သခင်မထျန်းက ဆက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ဟု ချင်မူ တွက်လိုက်မိသည်။

ဤသုံးယောက်အပြင် အခြားလူလေးယောက်လည်း ရှိသေး၏။ ထိုလေးယောက်ထဲတွင် သူဖုန်းစားဂိုဏ်းချုပ် ချီတယို၏ ဆင်းရဲခြင်းတစ်ရာကျင့်စဉ်က လွန်စွာ ထူးခြားလှသည်။ သူ့ခန္ဓာကိုယ်က စိတ်တိုင်းကျ အကောင်အထည် ဖော်နိုင်၊ ဖျောက်နိုင်ပြီး မှန်းဆ၍မရအောင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ ဆင်းရခြင်းတစ်ရာကျင့်စဉ်၏ အနှစ်သာရက မည်သည့်အရာမျှ ပိုင်ဆိုင်မထားခြင်း ဖြစ်ပြီး လွန်စွာ ထူးခြားလှသော ကျင့်စဉ် ဖြစ်သည်။

ယခုအချိန်ထိ အသက်နှင့်ကိုယ် အိုးစားမကွဲသေးသော အခြားသူတစ်ဦးမှာ ဝိညာဉ်သခင်တောက်ချွမ် ဖြစ်၏။ သူ၏ သိုင်းစွမ်းအားက အားလုံးထဲတွင် အနိမ့်ဆုံး ဖြစ်သည်။ သို့ဖြစ်၍ သူကိုယ်တိုင် အသက်ရှင်အောင် ရှောင်တိမ်းနေနိုင်သည်လား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ညှာပေးထားသည်လား၊ သို့တည်းမဟုတ် အမှုထားလောက်စရာဟု မမြင်ခြင်းကြောင့်လား ပြောဖို့ရန် ခက်လှ၏။

တတိယပုဂ္ဂိုလ်က မဟာအားအင်ကျောင်းတော်မှ ဇင်ကိုယ်တော်ကျစ်ခုန်း ဖြစ်သည်။ သစ္စာလေးပါးမုဒြာ၏ စွမ်းအားက ထူးကဲလှ၏။ သို့သော်လည်း တာအိုလမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်သည့် ဤကိုယ်တော်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားချက်များအောက်တွင် ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်း၍ ဆက်လက် တိုက်ခိုက်ရန် အင်အားများစွာ မကျန်တော့ချေ။

စတုတ္ထပုဂ္ဂိုလ်မှာ ကြေးမျက်နှာဖုံးစွပ်လူ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုများက အပြင်းထန်ဆုံး ဖြစ်သည့်အပြင် ချင်မူ့အတွက် ဇဝေဇဝါ အဖြစ်ရဆုံးလည်း ဖြစ်၏။

ထိုသူက ကောင်းကင်နတ်သိုင်းကို အဓိကအသုံးပြု တိုက်ခိုက်ပြီး သူ့တိုက်ကွက်အားလှိုင်းများက နဂါးကိုးကောင်ပုံရိပ်များအဖြစ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်များက တုနှိုင်းမဲ့စွမ်းအားဖြင့် တစ်ဟုန်ထိုး တိုးဝင်လာသည့် တကယ့်နဂါးအစစ်များကဲ့သို့ပင် ဖြစ်၏။

ဤနဂါးကိုးကောင်က အပြောင်းအလဲများစွာ ပြုနိုင်သည်။ အမျိုးမျိုးသော တိုက်ခိုက်မှု၊ ခုခံမှု ကောင်းကင်နတ်သိုင်းများ ကိန်းအောင်းပါဝင်သကဲ့သို့  မီးကိုလည်း ထိန်းချုပ်နိုင်၏၊ ရေကိုလည်း ထိန်းချုပ်နိုင်၏။ ယင်စွမ်းအင်၊ ယန်စွမ်းအင် ဆင့်ကဲပြောင်းလဲနိုင်၏။ စွမ်းအားအဟုန် ပြင်းထန်စွာ တိုက်ခိုက်နိုင်သကဲ့သို့ အကွက်အပြောင်းအလဲ များစွာလည်း ဖော်ဆောင်နိုင်သည်။ တိုက်စစ်ဖြစ်စေ၊ ခံစစ်ဖြစ်စေ အဆီးအတားမရှိ စိတ်တိုင်းကျ ပြောင်းလဲနိုင်၏။

ထို့အပြင် ဤမျက်နှာဖုံးစွပ်လူက သူ၏ နဂါးကိုးကောင်ကို ရုပ်ခန္ဓာ ဖွဲ့စည်းနိုင်လုနီးပါးအဆင့်ထိ ကျင့်ကြံထားသည်။

နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်…။

ဤသည်က ဧကရာဇ် လင်မိသားစု၏ ကျင့်စဉ် ဖြစ်၏။ ဧကရာဇ်သွေးပါသောသူများသာ လေ့ကျင့်နိုင်သည်။ သာမန် မင်းသား၊ မင်းသမီးများအနေဖြင့် ထိခွင့်မရှိချေ။

ဤကြေးမျက်နှာဖုံးစွပ်လူက တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှား၏။ ထို့ပြင် သူ၏ ကျင့်စဉ်အဆင့်အရ တော်ဝင်မိသားစု၏ အထွတ်တကာ့ ထိပ်ခေါင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

သူ၏ တိုက်ခိုက်မှုများက အလွန်တရာ ပြင်းထန်လှသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အညှာတာကင်းမဲ့စွာ သတ်ဖြတ်ခြင်း မပြုချေ။ သူ့အနေဖြင့် ထိုသို့ သတ်ဖြတ်ရန် စိတ်စနိုးစနောင့် ဖြစ်နေခြင်းလားဟု ပြောရန်တော့ ခက်လှ၏။

“ဒီလူက ဘယ်သူများလဲ…” ချင်မူ အံ့အားသင့်မိသည်။

ဤအခိုက်အတန့်၌ သူ့ရင်ထဲတွင် တစ်ခုခု မူမမှန်သလို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ အနောက်ဘက်အရပ်မှ ကြီးမားထည်ဝါသော တောင်ကြီးတစ်လုံး၏ ပုံရိပ် ရွေ့လျားလာသည်ကို မြင်ရ၏။

ချင်မူ မင်သက်မိသွားသည်။ ဤတောင်ကြီးက မယုံနိုင်လောက်အောင် ကြီးမားလှ၏။ သို့သော်လည်း တကယ့်တောင်အစစ်တော့ မဟုတ်၊ ပုံရိပ်ယောင်မျှသာ ဖြစ်ပြီး ထူးဆန်းသော သွင်ပြင်ရှိသည့် ဘုန်းကြီးများစွာ၏ အရှိန်အဝါအငွေ့အသက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြင်းမိုရ်တောင်…။

ထိုတောင်ပုံရိပ်ကြီး၌ အရွယ်အစား အမျိုးမျိုးနှင့် တောင်ထွတ်များ ရှိပြီး တောင်ထွတ်တစ်ခုစီတွင် ဘုန်းကြီးတစ်ပါးကျစီ ကြာပွင့်ပုံ တင်ပျဉ်ဖွဲ့၍ ထိုင်နေ၏။ တချို့ကတော့ မတ်တတ်ရပ်၍ ကျောက်စိမ်းပန်းအိုးများ ကိုင်ဆောင်ထားပြီး အချို့က ဖင်ထိုင်ချ၍ ဗိုက်ပူပူကို ကိုင်ကာ ပြုံးရယ်လျက် အနေအထားဖြင့် ရှိကြသည်။

အမြင့်ဆုံး ရွှေရောင်တောင်ထွတ်ပေါ်တွင်တော့ ဗုဒ္ဓကိုယ်တော်ကြီးတစ်ပါး ထိုင်နေပြီး ရွှေစင်ရွှေသားအတိပြီးသကဲ့သို့ ရွှေရောင်အလင်းတန်းများ တဝင်းဝင်းတလက်လက် ဖြာထွက်နေ၏။

“မဟာမိုးခြိမ်းသံကျောင်းတော်၊ တထာဂတ ဗုဒ္ဓ…”

ချင်မူ့ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ မဟာမိုးခြိမ်းသံကျောင်းတော် ရောက်ရှိလာချေပြီ။ တထာဂတကိုယ်တော်တိုင် ကျောင်းအုပ်၊ မထေရ်၊ ဗောဓိသတ်၊ ရဟန္တာများကို ဦးဆောင်၍ ကြွချီလာ၏။

မဟာမိုးခြိမ်းသံကျောင်းတော်က မည်သို့သော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သနည်း။

ဤအခိုက်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း တစ်စုံတစ်ခုကို ခံစားမိပြီး ရုတ်တရက် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်၍ ဇင်ကိုယ်တော် ကျစ်ခုန်းကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များကလည်း နောက်ပြန်လှည့်ကြည့်ပြီး ကောင်းကင်ယံ၌ မျောလွင့်လာသည့် မြင်းမိုရ်တောင်ပုံရိပ်ကြီးကို မြင်သွားကြ၏။

“မြည်းခေါင်းတုံးတွေ…” လက်ဝဲရံက သရော်လိုက်သည်။

“မြည်းခေါင်းတုံးတွေ…” အားလုံးက တစ်ပြိုင်နက် အော်ဟစ်လိုက်၏။

ယွင်ချွယ်ကိုယ်တော်မှာ အားလုံးက မြည်းခေါင်းတုံးဟု အော်ဟစ်နေကြသဖြင့် သူလည်း ဖျစ်ညှစ်အားတင်း၍ မြည်းခေါင်းတုံးဟု အော်လိုက်ရသည်။ သူက ဘုန်းကြီးတစ်ပါး ဖြစ်သည့်တိုင် ယခုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းဝင် ဖြစ်နေပြီ မဟုတ်လား။

မြင်းမိုရ်တောင်၏ ပုံရိပ်က သူတို့အပေါ်မှ ဖြတ်သန်းသွားပြီး တောင်ပေါ်မှ ကျောင်းအုပ်များ၊ မထေရ်များ၊ ဗောဓိသတ်များ၊ ရဟန္တာများက အောက်သို့ ငုံ့ကြည့်၍ တစ်ပြိုင်နက် အေးစက်စက် ရေရွတ်လိုက်ကြသည်။ “မိစ္ဆာလမ်းစဉ်က မကောင်းဆိုးဝါးသတ္တဝါတွေ…”

ချင်မူ့မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ “ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကြား ဆက်ဆံရေးက အတော်လေး တင်းမာနေတဲ့ပုံပဲ…”

All Chapters