အခွင့်ကောင်းယူ
Vol. 15 Ch. 201
လက်ယာရံက ခါးထောက်၍ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ “မြည်းဂတုံးတွေ၊ သတ္တိရှိရင် ရပ်လိုက်… ငါ အဘွားကြီးက နင်တို့ကို သုံးရက်သုံးညတိတိ မထပ်အောင် ကျိန်ဆဲပြမယ်…”
ဗောဓိသတ်တစ်ပါးက သရော်လိုက်၏။ “ရွှယ်ပီ၊ နင်တို့အားလုံးမှာ အဲပါးစပ်ပြောပဲ ရှိတော့တယ်…”
“လျစ်လျူရှုထားလိုက်…” မြင်းမိုရ်တောင်ထက်မှ တထာဂတက မိန့်လိုက်သည်။ “သူတို့နဲ့ ငြင်းခုန်နေရင် နှစ်ဝက်လောက် ကြာသွားလိမ့်မယ်… ငါတို့ တိုက်ခိုက် ငြင်းခုန်ခဲ့တာ နှစ်ပေါင်းရာချီနေပြီ… ဘာမှ လောကြီးစရာ မလိုဘူး… အခု ဒီတိုက်ပွဲကို အရင် ထိန်းချုပ်ကြစို့…”
တောင်ပေါ်မှ ဘုန်းကြီးများက ရပ်တန့်ခြင်း မရှိဘဲ မြင်းမိုရ်တောင်၏ ပုံရိပ်က တိုက်ပွဲကွင်းပြင်ဆီသို့ ဆက်လက် ရွေ့လျားသွား၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆင်းရဲခြင်းဆရာသခင်တို့နှင့် ဆက်လက် တိုက်ခိုက်နေဆဲ ရှိပြီး မြင်းမိုရ်တောင်ပုံရိပ် ရောက်မလာမီ အားလုံးကို ရှင်းပစ်နိုင်ရန် ကြိုးစားလိုက်သည်။ ဤအခိုက်၌ တထာဂတ၏ အသံက အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာ၏။ “ဧကရာဇ်အတိုင်ပင်ခံ… တာအိုရောင်းရင်းတို့… မင်းတို့အနေနဲ့ ကိုယ်တော့်မျက်နှာကို ထောက်ထားပေးနိုင်မလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားချီစွမ်းအင်က ပျံ့လွင့်ပျောက်ကွယ်သွားပြီး ဆင်းရဲခြင်းဆရာသခင်နှင့် ကြေးမျက်နှာဖုံးစွပ်လူနောက် လိုက်လံတိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက အပြုံးတစ်ခုနှင့် ပြောလိုက်၏။ “တထာဂတ၊ မိန့်ကြားပါ…”
“သိပ်ကောင်းတယ်… တာအိုရောင်းရင်းတို့ နေကြပါဦး…” တထာဂတက တည်ကြည်လေးနက်စွာ မိန့်ကြားလိုက်သည်။
ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများက တိုက်ခိုက်ရန် ပြင်နေစဉ်တွင် တထာဂတ၏ စကားကို ကြားသဖြင့် တစ်ခဏမျှ တုံ့ဆိုင်းသွား၏။
အစစ်အမှန်သခင်မထျန်းမှာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားချီကြောင့် အဆုတ်နှင့် နှလုံးတွင် ထိခိုက်ဒဏ်ရာရသွားသဖြင့် အဆက်မပြတ် ချောင်းဆိုး၍ သွေးများ ဟပ်ထုတ်လိုက်သည်။ သူက စူးစူးရှရှလေသံဖြင့် မေးလိုက်၏။ “တထာဂတ၊ ကိုယ်တော်က ကျုပ်တို့နဲ့ ပူးပေါင်းပြီး ဒီမကောင်းဆိုးဝါးကို ရှင်းပစ်မလို့လား…”
တထာဂတက ခေါင်းခါယမ်းလိုက်သည်။
ခြေသလုံးအိမ်တိုင်လီက မျက်နှာပျက်ယွင်းသွားပြီး သရော်စကားဆိုလိုက်၏။ “ကြည့်ရတာ မဟာမိုးခြိမ်းကျောင်းတော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းလိုပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နောက်လိုက်ခွေး ဖြစ်သွားပြီနဲ့ တူတယ်…”
တထာဂတက ထပ်မံ၍ ခေါင်းခါယမ်းလိုက်သည်။
ဆင်းရဲခြင်းဆရာသခင်က မတုန်မလှုပ် ပြောလိုက်၏။ “တာအိုရောင်းရင်းကြီး၊ ကျုပ်တို့ကို ဆတ်တငံ့ငံ့ ဖြစ်အောင် လုပ်မနေပါနဲ့… ပြောစရာရှိတာ ပြောလိုက်ပါ…”
တထာဂတက ရယ်မောလိုက်သည်။ “ကိုယ်တော်က အားလုံးနဲ့ ကံကြမ္မာကောင်း ဖန်တီးပြီး အငြင်းပွားနေတဲ့ကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးချင်လို့ပါ… ဒီမှာရှိတဲ့ လူအားလုံးက ကျင့်ကြံသူ သိုင်းလောကသားတွေပါပဲ… အခုလို ဆက်တိုက်ခိုက်နေကြရင် သူရဲကောင်းတွေ ဘယ်လောက်များများ ဆုံးရှုံးရမလဲ… ပညာရပ်တွေ ဘယ်လောက်များများ ပျက်စီးပျောက်ကွယ်သွားမလဲ… တာအိုရောင်းရင်းတို့အနေနဲ့ ဘာကြောင့်များ ရန်မီးကို မိတ်ဖက်အဖြစ် မပြောင်းလဲနိုင်ရတာလဲ၊ ဘာကြောင့်များ အချင်းချင်းကြားက ကံကြမ္မာကြွေးတွေကို မဖြတ်တောက်နိုင်ကြရတာလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်များ လှုပ်ခတ်သွားသော်လည်း မည်သည်ကိုမျှ မပြောလိုက်ချေ။
တထာဂတက သူ့ကို ကြည့်၍ ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ကြင်နာတတ်တဲ့သူ တစ်ယောက်ပါ… တစ်ခါတုန်းက ကိုယ်တော့်ရဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကို ရောက်လာလို့ ဗုဒ္ဓဝါဒအကြောင်း၊ မဟာယာနအကြောင်း မိန့်ကြားပြီး ကံကြမ္မာကုသိုလ် မျိုးစေ့ချခဲ့ဖူးတယ်… ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ဒီရဟန်းအိုကြီးကို အဲဒီကံကြမ္မာကုသိုလ်ကြွေးလေးများ ပြန်လည် ပေးဆပ်နိုင်မလား မသိဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “အဲဒီတုန်းက တပည့်တော် ငယ်ရွယ်စဉ် ပညာရှာဖွေခဲ့တာပါ… မဟာမိုးခြိမ်းသံကျောင်းတော်ကို ရောက်တဲ့အခါ တထာဂတအရှင်က ဂိုဏ်းဂဏကွဲပြားမှုကို ပဓာနမထားဘဲ တပည့်တော်ရဲ့ ကျင့်ကြံအားထုတ်မှုကို ထောက်ပြညွှန်ကြားမှုတွေ ပြုလုပ်ပေးခဲ့တဲ့အတွက် တပည့်တော်က တထာဂတရဲ့ တပည့်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ ရပါတယ်… တပည့်တော်အနေနဲ့ ဒီကံကြမ္မာကုသိုလ်ကြွေးကို ပြန်ဆပ်မှသာ သင့်တော်ပါမယ်… ဒါပေမဲ့ ဒါက ကျားကို တောထဲ ပြန်လွှတ်သလို ဖြစ်မသွားနိုင်ဘူးလား အရှင်ဘုရား… ဒီလူတွေဟာ ပုန်ကန်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ၊ ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူး… သူတို့ ထပ်ပြီး ပုန်ကန်ရင် အသက်အိုးအိမ်စည်းစိမ်တွေ ထပ်ပြီး ဆုံးရှုံးရလိမ့်ဦးမယ်… တထာဂတ၊ ကိုယ်တော်က မေတ္တာတရားကြီးမားပါတယ်… တပည့်တော် စိုးရိမ်နေတာကို သိနိုင်မယ်လို့ ထင်ပါတယ်…”
တထာဂတက ပြုံးလိုက်၏။ “ရဟန်းအိုကြီးက ဒီတာအိုရောင်းရင်းတွေကို မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အရိပ်အောက် ခိုလှုံစေပြီး လူဘောင်လောကရဲ့ ကိစ္စရပ်တွေမှာ ဝင်မပါစေအောင် တားမြစ်လိုက်ပါ့မယ်… ဧကရာဇ်အတိုင်ပင်ခံ ဘယ်လို သဘောရမလဲ…”
ဧကရာဇ်အတိုင်ပင်က မည်သည့် သဘောထားကိုမျှ ထုတ်မပြောချေ။
တထာဂတက ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများကို ပြုံး၍ ကြည့်လိုက်သည်။ “ဒီမှာရှိတဲ့လူတွေအားလုံးက ထူးချွန်တဲ့ ပါရမီရှင်တွေပါ၊ ကိုယ်တော်တို့ မျိုးဆက်မှာ သူ့နယ်ပယ်နဲ့သူ ပြိုင်ဘက်ကင်းခဲ့ကြတဲ့သူတွေချည်းပဲ… ဘဝတစ်လျှောက်လုံး အင်ပြည့်အားပြည့် ထည်ထည်ဝါဝါ နေထိုင်လာခဲ့ပြီးပြီဆိုတော့ အခု လက်နက်ချပြီး ဗုဒ္ဓအရိပ်အောက်ကို မခိုလှုံချင်ကြဘူးလား…”
အစစ်အမှန်သခင်မထျန်းက သရော်စကားဆိုလိုက်၏။ “တထာဂတ၊ ကိုယ်တော့်ရဲ့ မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ ကျုပ်တို့ ပူးပေါင်းလိုက်ရင် ဒီမကောင်းဆိုးဝါးကို သုတ်သင်ရှင်းလင်းပစ်ဖို့ လွယ်လွယ်လေး မဟုတ်ဘူးလား… ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံလိုက်ရင် ကိုယ်တော့်ရဲ့ မဟာမိုးခြိမ်းသံကျောင်းတော်လည်း ဘေးကင်းမယ် ထင်လို့လား… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျုပ်တို့ကို ရှင်းပစ်ပြီးတဲ့အခါ ဗုဒ္ဓကိုလည်း သေချာပေါက် ရှင်းပစ်မှာပဲ… ကိုယ်တော့်ရဲ့ မိစ္ဆာနှိမ်ပညာရပ်တွေ ထုတ်ပြပြီး သူ့ကို အညှာအတာကင်းကင်း တိုက်ပစ်လိုက်စမ်းပါ…”
တထာာဂတက ပြုံး၍ ပြန်ဖြေလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ကိုယ်တော့်ရဲ့ ဗုဒ္ဓဝါဒကို ဘယ်လိုပဲ ပြုမူပစေ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်သူတွေ ရှိနေဦးမှာပဲ… ဒီလောကကြီးမှာ နတ်ဘုရားတွေပဲ ရှိရှိ၊ မိစ္ဆာနတ်ဆိုးတွေပဲ ရှိရှိ သက်ဝင်ယုံကြည်မှုသာ ရှိနေရင် ဧကရာဇ်အတိုင်ပင်ခံက ကိုယ်တော်တို့ကို သုတ်သင်ရှင်းလင်းပစ်လို့လည်း ဗုဒ္ဓဝါဒက ပျောက်ကွယ်မသွားဘူး၊ ထောက်ခံအားပေးလို့လည်း ထူးပြီး ပွားများစည်ပင်လာမှာ မဟုတ်ဘူး… တာအိုရောင်းရင်းတို့အနေနဲ့ ရန်ကြွေးတွေကို လွှတ်ချနိုင်ရင် ကိုယ်တော့်နောက် လိုက်ခဲ့ပါ… လွှတ်မချလိုဘူးဆိုရင်လည်း ဒီရဟန်းအိုကြီးအနေနဲ့ ရေစက်မပါဘူးလို့ပဲ ပြောနိုင်ပါတယ်… ကိုယ်တော် ထွက်သွားပါ့မယ်…”
ရုတ်တရက် ကောင်းကင်ယံမှ လူရိပ်များ အဆောတလျင် သက်ဆင်းလာပြီး ဧကရာဇ်အတိုင်ပင်ခံနောက်တွင် နေရာယူလိုက်ကြသည်။ ထိုသူများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်မှူးတစ်ရာ ဖြစ်၏။ သွေးစွန်းနေသော ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများ ကောင်းကင်ယံသို့ တလူလူ လွင့်နေသည်။
နယ်စားဝေ့က အာကျယ်ကျယ်နှင့် ရေရွတ်လိုက်၏။ “ဘာဖြစ်နေတာလဲ… တထာဂတလည်း ဝင်ပါတာလား… အမြတ်ထုတ်ဖို့ ကြိုးစားတာလား… ဧကရာဇ်အတိုင်ပင်ခံ၊ ကျုပ်တို့ ဒီဘုန်းကြီးအိုကြီးနဲ့ ကျန်တဲ့ခေါင်းတုံးတွေကို ရှင်းပစ်လိုက်မယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆက်မပြောရန် လက်ကာပြ၍ တားလိုက်သည်။ ထို့နောက် တီးတိုးပြောလိုက်၏။ “နှစ်ဘက်စလုံး ထိခိုက်မှာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး… တထာဂတအရှင် လာဖြန်ဖြေ ညှိနှိုင်းပေးတာ ကောင်းတဲ့ကိစ္စပဲ…”
နယ်စားဝေ့မှာ အံ့အားသင့်၍ နားမလည်နိုင် ဖြစ်သွားသည်။ “သူတို့က ဒီကိုလာပြီး အခွင့်ကောင်းယူ အမြတ်ထုတ်တာ အသိသာကြီးပဲ… ဒီပုန်ကန်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ ခေါင်းဆောင်တွေကို သူတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ လက်အောက် သိမ်းသွင်းပြီး အင်အားတိုးပွားအောင် လုပ်ချင်နေတာ… ဒီလူတွေ အကုန်လုံးက ထိပ်သီးတွေချည်းပဲ၊ သူတို့ကို လွှတ်ပေးလိုက်တာ ကျားကို တောထဲ ပြန်လွှတ်လိုက်တာနဲ့ အတူတူပဲ… နောက်ပိုင်းမှာ ပြဿနာတွေ အတောမသတ်အောင် လိုက်လာလိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံ၊ ပြန်စဉ်းစားပါဦး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးလိုက်၏။ “သူတို့ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီးတဲ့နောက်မှာ လူ့ဘောင်လောကီကိစ္စတွေနဲ့ မပတ်သက်စေတော့ဘူးလို့ တထာဂတက ကတိပေးထားပါတယ်… သူ့ကို ငါ ယုံတယ်…”
“တကယ်ကြီး ယုံနေတာလား…” နယ်စားဝေ့က မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။ “ခေါင်းပေါ်မှာ ဆံပင်မရှိတဲ့လူကို ဘယ်ကိစ္စမှ ယုံစားလို့ မရဘူး…”
သူ ထပ်ပြောတော့မည် ပြင်လိုက်စဉ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ကာပြ၍ ခပ်အေးအေး ပြောလိုက်၏။ “တထာဂတက ဗုဒ္ဓဝါဒရဲ့ ဦးဆောင်ဦးရွက်ပဲ… ငါတို့ရဲ့ ရန်ကြွေးတွေကို လာဖြေရှင်းပေးပြီး လောကကြီး အေးချမ်းအောင် ဆောင်ရွက်တာက ကုသိုလ်ကောင်းမှုတစ်ခု မဟုတ်လား… ပြီးတော့ ငါလည်း ဒဏ်ရာရထားတယ်…”
မြင်းမိုရ်တောင်ထက်မှ ဗောဓိသတ်များနှင့် ရဟန္တာများမှာ သူ့စကားကို ကြားသောအခါ ခေါင်းလည်လာကြ၏။
တထာဂတက တရားစာများ ရွတ်ဖတ်၍ ဗောဓိသတ်များနှင့် ရဟန္တာများကို သတိပေးလိုက်သည်။ ထို့နောက် ပြုံးပြလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက ရန်ကြွေးတွေကို ချေဖျက်လိုတယ်ဆိုတော့ တာအိုရောင်းရင်းတို့ကရော… ဆင်းရဲခြင်းဆရာသခင်…”
ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့အနေဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခိုလှုံလိုခြင်း မရှိလျှင် တထာဂတက သူတို့ကို ကယ်တင်ရန် လက်ညှိုးတစ်ချောင်းပင် လှုပ်မည်မဟုတ်။ မဟာမိုးခြိမ်းသံကျောင်းတော် ထွက်ခွာသွားသည့်အခါ ဧကရာဇ်အတိုင်ပင်ခံ၏ လက်အောက်တွင် သူတို့အားလုံး အသက်ဆုံးရှုံးရပေလိမ့်မည်။
တထာဂတအနေဖြင့် မဟာမိုးခြိမ်းသံကျောင်းတော်၏ အဆင့်မြင့်ပညာရှင်များ အားလုံးကို ခေါ်ဆောင်လာသည်ကို ကြည့်လျှင် အနိုင်ဘက်မှဖြစ်ကြောင်း သေချာနေ၏။ သူတို့သာ မဟာမိုးခြိမ်းသံကျောင်းတော်၏ လက်အောက်သို့ ခိုလှုံရန် သဘောတူလိုက်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရှေ့ဆက်တိုးရဲလိမ့်မည် မဟုတ်ချေ။
တထာဂတက ပြုံးလိုက်၏။ “တာအိုရောင်းရင်းတို့အားလုံးက ရန်ကြွေးတွေကို သင်ပုန်းချေပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ရောင်းရင်းတို့ရဲ့ တာအိုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာပါ၊ ဒီလောကကြီးက စိတ်ရဲ့လှည့်စားမှု သက်သက်ပါပဲ… ဧကရာဇ်အတိုင်ပင်ခံ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကြေးမျက်နှာဖုံးတပ်လူကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ “တထာဂတအရှင်၊ သူတော့ နေခဲ့ရမယ်…”
ကြေးမျက်နှာဖုံးတပ်လူမှာ ရင်ထဲတွင် အကြောက်တရားတို့ ကြီးစိုးသွား၏။ တထာဂတက မျက်မှောင်ကြုတ်လိုက်သည်။ မြင်းမိုရ်တောင်ပုံရိပ်ပေါ်မှ ဗောဓိသတ်များ၊ ရဟန္တာများ၊ မထေရ်များက တရားစာများ ရွတ်ဖတ်လိုက်ကြ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “သူ နေခဲ့ရမယ်…”
သူ့စကားက မပြင်းထန်သော်လည်း လေသံက ညှိနှိုင်း၍ မရမှန်း သိသာစွာ ပြတ်သားနေ၏။
တထာဂတက သက်ပြင်းချလိုက်သည်။ “ဒီက ဒကာတော်မှာ ဗုဒ္ဓဘာသာနဲ့ ရေစက်ပါမလာဘူးပဲ… ဆင်းရဲခြင်းဆရာသခင်၊ တာအိုရောင်းရင်းတို့ တောင်ပေါ်ကို တက်လာခဲ့ကြပါ…”
ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများမှာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ကြေးမျက်နှာဖုံးတပ်လူကို ကြည့်လိုက်ကြ၏။ ထို့နောက် အံတင်းတင်းကြိတ်၍ မြင်းမိုရ်တောင်ပေါ်သို့ တက်သွားသည်။ သူတို့ တစ်ပြိုင်နက် ပြောလိုက်ကြ၏။ “မိတ်ဆွေကြီး… စိတ်မကောင်းပါဘူး…”
“ထပ်မပြောတော့နဲ့၊ ကျုပ် နားလည်ပါတယ်…”
ကြေးမျက်နှာဖုံးတပ်လူက တဟားဟား ရယ်မောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ငါ့ကို ဘယ်လို လုပ်ချင်တာလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်နှာသေဖြင့် ပြောလိုက်၏။ “ဧကရာဇ်နဲ့ တွေ့ဖို့ မြို့တော်ကို ဖမ်းခေါ်သွားမယ်…”
“ဧကရာဇ်နဲ့ တွေ့ဖို့ မြို့တော်ကို ဖမ်းခေါ်သွားမယ် ဟုတ်လား…” ကြေးမျက်နှာဖုံးတပ်လူ၏ လေသံက တစ်မျိုးတစ်မည် ဖြစ်သွားသည်။ သို့သော်လည်း သူက ပြုံးလိုက်၏။ “အဲဒါဆို ဧကရာဇ်အတိုင်ပင်ခံရဲ့ ဓားက ဘယ်လောက်မြန်လဲ ကြည့်ရတော့မှာပေါ့…”
သူက လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှောက်တင်ရင်း ရုတ်တရက် သူ့ကြေးမျက်နှာဖုံးကို ရိုက်ချလိုက်သည်။ အပိုင်းပိုင်းအစစ ကြေမွသွားသော ကြေးမျက်နှာဖုံးနှင့်အတူ အောက်ဘက်မှ မျက်နှာမှာလည်း ရုပ်လုံးမပေါ်အောင် ပျက်စီးသွား၏။
“ဧကရာဇ်အတိုင်ပင်ခံ၊ လင်မိသားစုရဲ့ အင်ပါယာက မင့်လက်ထဲမှာ အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်…”
သူ့ဦးခေါင်းခွံ တစ်ခုလုံး ပွင့်ထွက်၍ သေဆုံးသွား၏။ သို့သော်လည်း ခန္ဓာကိုယ်က ငုတ်တိုင်တစ်ချောင်းကဲ့သို့ မားမားမတ်မတ် ရပ်လျက်ရှိပြီး ပြိုလဲမသွားချေ။
နယ်စားဝေ့နှင့် ကျန်သူများက အော်ဟစ်ပြေးသွားသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မလှုပ်မယှက် ရပ်နေသည်။ ကြေးမျက်နှာဖုံးစွပ်လူ ကိုယ့်အသက်ကိုယ် ပြန်နုတ်ယူမည်ကို သူ မတားဆီးခဲ့ချေ။
အဝေးတစ်နေရာမှ ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် ထိုစကားကို ပြောလိုက်ခြင်းမှာ ကြေးမျက်နှာဖုံးစွပ်လူ သူ့ကိုယ်သူ သတ်သေအောင် ဖိအားပေးခဲ့ခြင်း ဖြစ်၏။ မျက်နှာဖုံးအောက်တွင် မည်သူ၏ မျက်နှာ ရှိသည် ဖြစ်စေ ထိုသူက တော်ဝင်မိသားစု၌ မြင့်မားသော အဆင့်အတန်းရှိသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ဧကရာဇ်အတွက် လွန်စွာ အရေးပါသူတစ်ယောက် ဖြစ်နိုင်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို မြို့တော်သို့ ခေါ်ဆောင်၍ ဧကရာဇ်ရှေ့မှောက်သို့ အရောက်ပို့ခဲ့လျှင် ဧကရာဇ်အတွက် အရှက်ရစရာ ဖြစ်မည့်အပြင် မှူးမတ်အရာရှိများ၏ စိတ်နှလုံးလည်း ယိမ်းယိုင်သွားပေလိမ့်မည်။
ဧကရာဇ်အနေဖြင့် ထိုသူ့ကို သတ်ရေး၊ မသတ်ရေးသည်ပင် ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်၏။
သူ့ရုပ်သွင်အစစ်အမှန် ပေါ်သွားသည့်အခါ ဧကရာဇ်၏ ဂုဏ်သိက္ခာ ကြီးစွာ ထိခိုက်မည့်အပြင် ပြည်သူပြည်သား အလွှာအသီးသီးကြား၌ ပုန်ကန်မှုများက ထိုသူ၏ စိတ်ရင်းအရ တော်လှန်ခဲ့ခြင်းလား၊ ဧကရာဇ်၏ အလိုအရလား တီးတိုး ငြင်းခုန် ပြောဆိုကြပေတော့မည်။
ထိုအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ နာမည်ဂုဏ်သတင်းက ဧကရာဇ်ထက် သာလွန်သွားမည် ဖြစ်သကဲ့သို့ မှူးမတ်အရာရှိ အများစုကလည်း ဧကရာဇ်အတိုင်ပင်ခံဘက်သို့ စိတ်တိမ်းညွှတ်သွားကြပေလိမ့်မည်။ ဧကရာဇ်ကိုယ်တိုင်ပင် အတိုင်ပင်ခံကို သတိထား ဆက်ဆံရတော့မည် ဖြစ်၏။ ဧကရာဇ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကြား ပဋိပက္ခများ ဖြစ်လာသည့်အခါ အင်ပါယာတစ်ခုလုံး ဘေးဒုက္ခများရမည် ဖြစ်သကဲ့သို့ လင်မိသားစုလည်း အန္တရာယ်တောထဲ ကျရောက်သွားပေလိမ့်မည်။
တော်ဝင်မိသားစု၏ အကြီးအကဲတစ်ယောက်အနေဖြင့် ကြေးမျက်နှာဖုံးစွပ်လူမှာ သူ့အသက်သူ ပြန်နုတ်ယူရန်မှ လွဲ၍ အခြား မရှိတော့ချေ။ သူ့အနေဖြင့် လင်မိသားစု၏ ဂုဏ်သိက္ခာ ကျဆင်း၍ အောက်စည်းသို့ ရောက်ရမည့် အဖြစ်မျိုးကို အဖြစ်မခံနိုင်သည် မဟုတ်လား။
သို့အတွက်ကြောင့် သူ၏ ရုပ်အမှန်ကို မည်သူမျှ မသိအောင် ဖျက်ဆီးပစ်ခဲ့ရ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကြေးနှာဖုံးစွပ်လူကို မတားခဲ့။ သူ့အနေဖြင့် ထိုသူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားစေရန်သာ မျှော်လင့်ခဲ့သည်။ မြို့တော်သို့ ဖမ်းခေါ်၍ ဧကရာဇ်ရှေ့မှောက် မပို့ဆောင်လိုချေ။ ထိုသူသာ သူ့ရုပ်သွင်သူ မဖျက်ဆီးခဲ့လျှင် သူကိုယ်တိုင် ဖျက်ဆီးပေးရပေလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် ဧကရာဇ်၏ မျက်နှာကို အိုးမည်း မသုတ်လိုသကဲ့သို့ လင်မိသားစု၏ အရှက်ကိုလည်း မခွဲလိုချေ။ ဤသည်က အကောင်းဆုံး အဖြေပင် ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ ဤကြေးမျက်နှာဖုံးတပ်လူကို မြို့တော်သို့ ပြန်ခေါ်သွားလျှင် အမှန်တကယ် ပုန်ကန်လိုသောဆန္ဒရှိ၍ ထီးနန်းသိမ်းလိုကြောင်း ထင်ရှားပေလိမ့်မည်။ ယခုအမြင်အရတော့ ထီးနန်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအတွက် အရေးပါပုံမရ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အသုံးချ၍ သူ၏ ရည်မှန်းချက် ဖြစ်သော ထာဝရရှင်သန်ခြင်း သုံးမျိုးကို ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
သူက သူတော်စင်တန်ခိုးရှင်တစ်ပါး ဖြစ်ရန် ဆန္ဒရှိနေ၏။
မြင်းမိုရ်တောင်ပေါ်မှ တထာဂတက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အခု အရာအားလုံး ပြေလည်သွားပြီဆိုတော့ ဒီရဟန်းအိုကြီး ပြန်ကြွလိုက်ပါဦးမယ်…”
“ဂရုစိုက် ကြွပါ၊ တထာဂတ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြန်၍ ဦးညွှတ် နှုတ်ဆက်လိုက်၏။
မြင်းမိုရ်တောင်ပုံရိပ်က အနောက်ဘက်အရပ်ဆီသို့ ရွေ့လျား ထွက်ခွာသွားသည်။ ဆင်းရဲခြင်းဆရာသခင်၊ အစစ်အမှန်သခင်မထျန်းနှင့် ကျန်သူများမှာ လည်ပြန်လှည့်ကြည့်လိုက်မိကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကြေးမျက်နှာဖုံးစွပ်လူ၏ ခေါင်းကို ဖြတ်၍ ချက်ချင်း မြေမြှုပ်ရန် အမိန့်ပေးနေကြောင်း မြင်တွေ့လိုက်ကြသည်။ ခေါင်းမဲ့ရုပ်အလောင်းခန္ဓာကိုယ်ကိုတော့ ခေါင်းတလားထဲထည့်၍ မြို့တော်သို့ ပြန်သယ်သွားရန် ပြင်နေကြ၏။
ခြေသလုံးအိမ်တိုင်လီက သက်ပြင်းချလိုက်သည်။ “တာအိုရောင်းရင်း တထာဂတ၊ ကိုယ်တော့်ကြောင့်သာ မဟုတ်ရင်…”
တထာဂတက ခေါင်းခါယမ်းလိုက်သည်။ “ထပ်ပြောမနေပါတော့နဲ့… ဧကရာဇ်အတိုင်ပင်ခံက ကိုယ်တော့်ရဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကို သဘောမကျ ဖြစ်သွားပြီးပြီပဲ… တောင်ပေါ်ကို ပြန်ကြစို့… ကိုယ်တော့်ရဲ့ အပြစ်သားတပည့်က ဒီအခွင့်အရေးကို အရယူပြီး သူ့လက်ကို ပြန်ယူနေလောက်ပြီ… အချိန်မီ ပြန်ရောက်ရင် သူနဲ့ တွေ့နိုင်ကောင်းသေးရဲ့…”
တောင်ပေါ်ရှိ ဘုန်းကြီးများမှာ အံ့အားသင့်သွားကြ၏။
မြင်းမိုရ်တောင်ပုံရိပ်က ချင်မူတို့ ရှိနေသည့် တောင်ပေါ်မှ ဖြတ်သန်းသွားပြီး လှောင်ပြောင်သရော်သံများ ထပ်၍ ထွက်ပေါ်လာပြန်သည်။ “မြည်းခေါင်းတုံးတွေ…”
ဗောဓိသတ်များ၊ ရဟန္တာများနှင့် မထေရ်များကလည်း တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။ “မိစ္ဆာလမ်းစဉ်က မကောင်းဆိုးဝါး သတ္တဝါတွေ…”
တထာဂတက ခေါင်းခါယမ်း၍ မြင်းမိုရ်တောင်ကို ရပ်တန့်စေလိုက်သည်။ ထို့နောက် အောက်သို့ ငုံ့ကြည့်၍ လက်အုပ်ချီလိုက်၏။ “မိတ်ဆွေကြီး…”
လက်ဝဲရံ၊ လက်ယာရံနှင့် စံအိမ်သခင်များမှာ အံ့အားသင့်သွားကြသည်။ ဓားစံအိမ်သခင်က ချင်မူ့ကို မသိမသာ ခေါင်းခါပြလိုက်၏။ သို့သော်လည်း ချင်မူက လက်ကာပြ၍ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ “မိတ်ဆွေကြီး…”
တထာဂတ၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာပြီး ခေါင်းညိတ်၍ အားလုံးကို ခေါ်ဆောင်ကာ ထွက်ခွာသွား၏။
“ဂိုဏ်းသခင်၊ ဘာလို့ အဲဒီ မြည်းခေါင်းတုံးကို ပြန်နှုတ်ဆက်လိုက်ရတာလဲ…” လက်ယာရံ ရွှယ်ပီက ညည်းတွားရေရွတ်လိုက်သည်။ “အခု ဂိုဏ်းသခင်ရဲ့ သရုပ်အမှန်ကို ထုတ်ပြလိုက်ပြီဆိုတော့ အဲဒီ သောက်ခေါင်းတုံးအိုကြီးရဲ့ မျက်လုံးထဲမှာ ဂိုဏ်းသခင် ရှိသွားပြီ… သေချာပေါက် တစ်ခုခု ဖြစ်လာလိမ့်မယ်…”
“ကျွန်တော်က နတ်ဂိုဏ်းသခင် ဖြစ်နေမှတော့ တန်းတူရည်တူ နှုတ်ဆက်လာတဲ့ သူ့ကို ဘယ်လိုလုပ် ပြန်မနှုတ်ဆက်ဘဲ နေနိုင်မှာလဲ…” ချင်မူက ပြုံးလိုက်၏။ “ကျွန်တော် နတ်ဂိုဏ်းသခင် ဖြစ်တယ်ဆိုတဲ့ အချက်ကို အမြဲတမ်း ဖုံးကွယ်မထားနိုင်ဘူး… ပြီးတော့ ခင်ဗျားတို့အားလုံးရဲ့ မျက်နှာ၊ နတ်ဂိုဏ်းရဲ့ မျက်နှာကိုလည်း အပျက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ…”
အားလုံးက တညီတည်း ပြောလိုက်ကြသည်။ “ကျွန်တော်တို့မှာ ဒီလိုမျက်နှာမျိုး မရှိတာ ပိုကောင်းပါတယ်…”