ဧကရာဇ်တိုင်ပင်ခံကို အိုးထဲထည့်ပေါင်းခြင်း
Vol. 15 Ch. 202
မြင်းမိုရ်တောင်ပုံရိပ်ပေါ်တွင် ဗောဓိသတ်တစ်ပါးက လက်အုပ်ချီ၍ လျှောက်တင်လိုက်၏။ “အရှင်ဘုရား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူဒဏ်ရာရထားတယ်လို့ ပြောတာကို တပည့်တော်တို့ ဘာလို့ အခွင့်ကောင်း မယူခဲ့တာပါလဲ…”
“တကယ်လား၊ ဟန်ဆောင်တာလား…” တထာဂတက အသာအယာ မေးမြန်းလိုက်သည်။
ဗောဓိသတ်မှာ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ “တပည့်တော်… တပည့်တော် မသိပါဘူးဘုရား…”
တထာဂတက ပြုံးလိုက်သည်။ “အဲဒီလို ယုံခဲ့တဲ့သူတွေ ရှုံးနိမ့်ပြီးလို့ တချို့ သေတောင်သေရပြီ… ဆင်းရဲခြင်းဆရာသခင်၊ မိတ်ဆွေကြီးတို့က သူဒဏ်ရာရနေတယ်ဆိုတာ ယုံခဲ့လို့ အခုလို ရှုံးနိမ့်ခဲ့ရတာ မဟုတ်လား…”
ဆင်းရဲခြင်းဆရာသခင်တို့၏ မျက်နှာများ ဖြူဖျော့သွား၏။ ဝိညာဉ်သခင်တောက်ချွမ်မှာ သူ့ကိုယ်သူ အပြစ်တင်မဆုံး ရှိသည်။ ချင်မူ၏ ဆေးအနယ်အနှစ်များမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြင်းထန်စွာ ဒဏ်ရာရနေကြောင်း သူ တွက်ချက်ခန့်မှန်းခဲ့၏။ အားလုံးက သူ့ကို ယုံကြည်သည့်အတွက် ဒုတိယလမ်းဖြစ်သော သိုင်းလောကစည်းမျဉ်းအတိုင်း တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ကိုချည်း အပြစ်မဆိုသာပေ။
ပြီးခဲ့သည့် မျိုးဆက်၏ ထိပ်သီးသိုင်းသမားသုံးယောက် ဖြစ်သော ဆင်းရဲခြင်းဆရာသခင်၊ ခြေသလုံးအိမ်တိုင်လီ၊ အစစ်အမှန်သခင်မထျန်းတို့၏ အလစ်အငိုက် တိုက်ခိုက်မှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ပြင်းထန်စွာ ဒဏ်ရာရစေမည်မှာ ကျိန်းသေ၏။ ဤထိပ်သီးပညာရှင်သုံးယောက်က လက်ရှိတွင် တစ်လောကလုံး၏ အထွတ်အထိပ်အဆင့် ဖြစ်သည်။ သူတို့၏ သိုင်းစွမ်းရည်အရဖြစ်စေ၊ နာမည်ဂုဏ်သတင်းအရဖြစ်စေ သိုင်းလောကတစ်ခွင်တွင် ထိပ်ဆုံးသာ မဟုတ်ပါလား။
ဤအကြီးအကဲသုံးယောက်၏ စွမ်းရည်ကို မည်သူမျှ သံသယ မရှိကြ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ နှစ်ငါးရာမှ တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင်အဖြစ် ကျော်ကြားသော်လည်း ဤသုံးယောက်နှင့် ယှဉ်သာသေးသည် မဟုတ်ချေ။ သို့အတွက်ကြောင့်ပင် အားလုံးက သူ ဒဏ်ရာပြင်းထန်စွာ ရသွားမည်ဟု ယုံကြည်ခဲ့ကြ၏။ နောက်ပိုင်းတွင် ဖြစ်ပျက်လာသော အသေးအမွှား အဖြစ်အပျက်အချို့ကလည်း ဤယူဆချက်ကို ပိုခိုင်မာသွားစေသည်။
ဥပမာဆိုရသော် နန်းတွင်းကောလိပ်တွင် ဧကရာဇ်အတိုင်ပင်ခံ သင်ခန်းစာ ပို့ချသောအခါ နှစ်ရက်သာ အချိန်ယူပြီး သူ့ဒဏ်ရာမှ အနံ့ဆိုးများကို ဖုံးကွယ်ရန် ရေမွှေးများ သုံးခဲ့၏။
နဂါးစီးဂိုဏ်း၏ နဂါးဘုရင် ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်သို့ ညအချိန် ဝင်ရောက်သည့် ဖြစ်ရပ်တွင်လည်း အထိအခိုက်မရှိ ပြန်ထွက်လာနိုင်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို မတားဆီးနိုင်ခဲ့ချေ။
ဧကရာဇ်အတိုင်ပင်ခံနှင့် ကျောက်စိမ်းမြို့တော်ငယ်မှ ခြေသလုံးအိမ်တိုင်ကျန်းတို့ တိုက်ခိုက်ကြသည့် တိုက်ပွဲတွင်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာများ ပြန်ထလာပြီး နတ်ဆေးသမားတော်လေး ချင်မူကို ဘေးနားတွင် ခေါ်ထား၍ နေ့ရောညပါ ပြုစုကုသစေခဲ့ရသည်။
ဝိညာဉ်သခင်တောက်ချွမ်၏ တွက်ချက်မှုနှင့် အခြားဖြစ်ရပ်များ အားလုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဒဏ်ရာများ ပြန်ထလာကြောင်း ညွှန်ပြနေ၏။ ချင်မူ၏ ကုသမှုနှင့်ပင် အကောင်းပကတိ ပြန်ဖြစ်ရန် တစ်လခန့် အချိန်ယူရမည်ဟု မှန်းဆခဲ့ကြသည်။
ဤအရာအားလုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အလစ်အငိုက်ဖမ်း အတိုက်ခိုက်ခံရသည့် အချိန်မှ စတင်ခဲ့ခြင်း ဖြစ်၏။ အစပထမကတည်းက သူတို့အားလုံး ဧကရာဇ်အတိုင်ပင်ခံ၏ လှည့်ကွက်အတွင်း ဝင်ခဲ့ကြသည်။
ရွေးချယ်စရာလမ်းနှစ်သွယ် ဆိုသည်မှာလည်း ထိုလှည့်ကွက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။
မည်သည့်အခါကမျှ ရွေးချယ်စရာလမ်းနှစ်သွယ် မရှိခဲ့။ ရွေးစရာလမ်းက တစ်ခုတည်းသာ ဖြစ်သည်။
“နှစ်ငါးရာမှာ တစ်ခါပေါ်ထွန်းတဲ့ ပါရမီရှင်နဲ့ ရင်ဆိုင်ဖို့ဆိုတာ ဒီလောက် ဘယ်လွယ်လိမ့်မလဲ…” တထာဂတက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ “အဲဒီနှစ်ငါးရာဆိုတာ ဉာဏ်ပညာ၊ အထုံပါရမီနဲ့ ထိုးထွင်းနားလည်နိုင်စွမ်းတင် နက်ရှိုင်းမြင့်မားတာမျိုး မဟုတ်ဘူး… သူ့ရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေကလည်း နှစ်ငါးရာမှတစ်ခါ မြင်တွေ့နိုင်တာမျိုးပဲ… ဒီလိုပါရမီရှင်မျိုးက သူတော်စင်တန်ခိုးရှင် ဖြစ်မလာနိုင်ရင် တရားမဲ့မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မယ်… ဒီလောကကြီးအတွက် ကောင်းတဲ့ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး… ယုံလား…”
တထာဂတက ပြုံးလိုက်၏။ “အရူး…”
အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားသည်။ တထာဂတက အဘယ်ကြောင့် ဤကဲ့သို့သော စကားမျိုး ပြောမှန်း မသိသော်လည်း သူ့စကားက ပြည့်စုံကျစ်လျစ်၍ အဓိပ္ပာယ်နက်နဲသည်ဟု ခံစားမိလိုက်ကြ၏။
သူဖုန်းစားဂိုဏ်းချုပ်ချီတယိုက ပြောလိုက်သည်။ “သူက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ မိတ်ဖွဲ့ပြီးသွားပြီ၊ တရားမဲ့မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်ဖို့ပဲ ရှိတော့တယ်… နှမြောစရာကောင်းတာက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်က ဘယ်သူလဲ မသိလိုက်ရတာပဲ…”
“သိလိုက်ရပါတယ်…” တထာဂတက ပြုံးလိုက်၏။ “ကိုယ်တော့်ကို ပြန်နှုတ်ဆက်လိုက်တဲ့ လူငယ်လေးက လွဲပြီး ဘယ်သူများ ဖြစ်စရာ ရှိဦးမှာလဲ… သေချာ ပြန်စဉ်းစားကြည့်တော့ ဒီကိုယ်တော်နဲ့ အဲဒီဒကာလေး ရေစက်ဆုံဖူးခဲ့ပါတယ်… သူ့ကို တရားပြပြီး မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ခေါ်ဆောင်ချင်ခဲ့ပေမဲ့ ကံအကြောင်းမပါဘဲ တခြား တစ်ပါးသူဆီ ရေစက်လွှဲပြောင်းရောက်ရှိသွားတာ…”
“သူလား…”
မြင်းမိုရ်တောင်ပေါ်ရှိ ရဟန်းအများစု၊ ဆင်းရဲခြင်းဆရာသခင်နှင့် အခြားသူများမှာ မှင်တက်မိသွားကြသည်။ တထာဂတက ပြုံးလိုက်၏။ “သူပါပဲ… ဒီလိုမိစ္ဆာနတ်ဆိုးလေးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာ အဲဒီတာအိုရောင်းရင်းတွေရဲ့ ထူးချွန်မှုပဲလို့ ဆိုရမယ်… နှမြောစရာကောင်းတာက ခက္ခရာတောင်ဝှေးဟာ ဆုံစည်းရတဲ့ ရေစက်ကို မမြဲနိုင်ခဲ့တာပဲ…”
…။
“ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားက ကျုပ်ထက် ဉာဏ်ကောင်းပြီးသားပါ… မြင်းမိုရ်တောင် ရောက်လာတာကို ဘယ်လိုမှ မနေဘူးလား…” နယ်စားဝေ့က အခေါင်းထဲသို့ ရောက်ရှိသွားသော ခေါင်းမပါတော့သည့် ရုပ်အလောင်းကို လှမ်းကြည့်နေရာမှ သူ့ဘေးရှိ ဧကရာဇ်အတိုင်ပင်ခံဘက် လှည့်၍ ပြောလိုက်သည်။ “ဒီဘုန်းကြီးတွေက အခြေအနေကို အခွင့်ကောင်းယူ အမြတ်ထုတ်၊ ဆင်းရဲခြင်းဆရာသခင်နဲ့ တခြား မကောင်းဆိုးဝါးအိုကြီးတွေကို ကယ်တင်ပြီး သူတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အင်အား တိုးပွားအောင်လုပ်ဖို့ လာခဲ့တာ အရှင်းကြီးပဲ… ဒီလူတွေကို အပြတ်မရှင်းလိုက်နိုင်ရင် နောင်တစ်ချိန်မှာ ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်…”
“ဆင်းရဲခြင်းဆရာသခင်နဲ့ ကျန်တဲ့သူတွေရဲ့ သက်တမ်းက ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပဲ ကျန်တော့တာ… စိတ်ထဲထည့်နေစရာ မရှိတော့ပါဘူး… တထာဂတ ကယ်သွားပါစေလေ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “တထာဂတရဲ့ ရည်ရွယ်ချက်ကို ငါ သဘောပေါက်ပါတယ်… ဒီလို အခွင့်အရေးကို အရယူပြီး အရောက်လာမယ်ဆိုတာလည်း မျှော်လင့်ပြီးသားပါ… ငါက ဒဏ်ရာတွေနဲ့ဆိုတော့ သူ့ကို ဟန့်တားနိုင်စွမ်း မရှိတော့ဘူး…”
နယ်စားဝေ့က ဧကရာဇ်အတိုင်ပင်ခံကို သံသယမကင်းသည့် အမူအရာဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ “တကယ်လား၊ ဟန်ဆောင်တာလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “တကယ်ပါ…”
“သေချာလို့လား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ “တကယ်ပေါ့ဟ… အဲဒီလို ဂိုဏ်းခေါင်းဆောင်အဆင့်တွေနဲ့ မင်းပဲ တိုက်ကြည့်လိုက်ဦး… သူတို့ထဲမှာ နတ်ဘုရားအဆင့်လို ပညာရှင်သုံးယောက်တောင် ပါသေးတယ်… ဒီလိုလူတွေနဲ့ သူသေကိုယ်သေတိုက်ပြီး ဒဏ်ရာမရရအောင် ငါက ဘာမလို့လဲ…”
“ကျုပ်တော့ မယုံဘူး…” နယ်စားဝေ့က မကျေမချမ်း ပြောလိုက်၏။ “ယုံရင် ကျုပ်ရူးနေလို့ပဲ… ခင်ဗျားပြောသမျှ ဘာတစ်ခုမှ မယုံတော့ဘူး… အဲလို ယုံတဲ့လူတွေလည်း အကုန်လုံး အခေါင်းထဲ ရောက်ကုန်ပြီ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားသည်။ “တစ်ခါတစ်လေလည်း ငါပြောတာ ယုံရပါတယ်ဟ…”
“အဲဒါကြောင့်ပဲ သူများတွေကို ယုံအောင် လှည့်စားနိုင်တာလေ… ခင်ဗျားပြောတာ တကယ် ဟုတ်၊ မဟုတ် အကဲခတ်လို့ မရတော့ဘူး…” နယ်စား ဝေ့က ခေါင်းတလားထဲသို့ ငုံ့ကြည့်ပြီး တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ “ဒီအခေါင်းထဲကလူ ဘယ်သူလဲဆိုတာ ခင်ဗျားသိတယ် မဟုတ်လား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ငါ မပြောနိုင်ဘူး…”
“ခင်ဗျား မပြောလည်း ကျုပ်သိရမှာပါ… မြို့တော်ပြန်ရောက်ရင် ဘယ်မင်းသားကြီးတစ်ပါး ကောက်ခါငင်ခါ သေသွားလဲ ကြည့်လိုက်ရုံပဲ…”
နယ်စားဝေ့က ဘေးဘီသို့ ကြည့်ရှု၍ တီးတိုးပြောလိုက်သည်။ “လင်မိသားစုတွင်းမှာ ပဋိပက္ခရှိနေတယ်၊ ဒီဖြစ်ရပ်တစ်ခုတည်း သီးခြားဟုတ်ပုံ မရဘူး… မယ်တော်ကြီးကလည်း ဒီအတိုင်းပဲဆို ဘယ်လိုလုပ်မလဲ… ကျုပ်ကတော့ ခင်ဗျား ရှေ့တစ်လှမ်းတိုးပြီး ဧကရာဇ်လုပ်လိုက်သင့်ပြီလို့ ထင်တယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို စိုက်ကြည့်လိုက်၏။ ထိုအကြည့်ထဲ၌ လူသတ်လိုသော အရိပ်အငွေ့တို့ ယှက်သန်းနေသည်။
နယ်စားဝေ့မှာ အထိတ်တလန့် ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်က မိတ်ဆွေတွေ ဖြစ်လာတာ နှစ်ပေါင်းနှစ်ရာ ကျော်နေပါပြီ… ကျုပ်ကို လာခြောက်မနေနဲ့… ဒါက ကျုပ်အကြံ မဟုတ်ဘူး… ခင်ဗျာ့နောက်လိုက်ရောင်းရင်းတွေ စိတ်ထဲမှာ ရှိနေတဲ့ အတွေးအကြံပဲ… ခင်ဗျားရဲ့ ရာထူးက အမြင့်ဆုံးကို ရောက်နေပြီ… နောက်ထပ် ဘယ်လောက်ပဲ အကျိုးထူးတွေဆောင်ဆောင် ရာထူးထပ်မြှင့်ပေးဖို့ မဖြစ်နိုင်တော့ဘူး… အခု ခင်ဗျားက ပုန်ကုန်မှုကို နှိမ်နှင်းပြီး နောက်ထပ် အကျိုးဆောင်မှုကြီး လုပ်ခဲ့ပြီးပြီ… ဧကရာဇ်က ခင်ဗျားကို ဘယ်လိုများ ဆုတွေလာဘ်တွေ ချီးမြှင့်စေချင်သေးတာလဲ… ထီးနန်းလွှဲပေးလိုက်ဖို့လား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ဧကရာဇ်နဲ့ ငါက ပြောနေဆိုနေရမဲ့သူတွေ မဟုတ်ဘူး… ဧကရာဇ်က ငါ့အကြောင်း ကောင်းကောင်းသိတယ်၊ ဆုတွေလာဘ်တွေ တောင်းနေမဲ့လူ မဟုတ်ဘူးဆိုတာလည်း သူသိတယ်… ငါလိုချင်တာက ငါ့ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ တစ်ခုပဲ…”
“အဲဒါကြောင့်ပဲ ဧကရာဇ်အတွက် အခက်တွေ့နေရတာ… ခင်ဗျားကို ဆုတွေလာဘ်တွေ မပေးရင် တစ်ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံး သူ့ကို စိတ်ပျက်သွားကြလိမ့်မယ်… ဆုပေးမယ်ဆိုတော့လည်း ခင်ဗျားကို ဆုပေးစရာ ဘာမှမရှိဘူး… ခင်ဗျားအတွက် မိန်းမလှလေးတွေ ဆုချစေချင်တာလား… ရွှေတွေငွေတွေ ဆုချစေချင်တာလား ဟမ်…”
နယ်စားဝေ့က လေသံနှိမ့်၍ ပြောလိုက်၏။ “ဧကရာဇ်က ခင်ဗျားအကြောင်း ကောင်းကောင်းသိပေမဲ့ အိမ်ရှေ့မင်းသားက သိမတဲ့လား… နောင်တစ်ချိန် အိမ်ရှေ့မင်းသား ထီးနန်းဆက်ခံတဲ့အခါ ခင်ဗျားအကြောင်းကို သူ့အဖေလို သိနိုင်ပါ့မလား… အိမ်ရှေ့မင်းသားက ခင်ဗျားကို ဘာနဲ့ ဆုလာဘ်ပေးမလဲ… ပြီးတော့ သူတို့ဘဝတစ်လျှောက်လုံး ခင်ဗျားနောက်လိုက်ခဲ့တဲ့ ရောင်းရင်းတွေ… ခင်ဗျားသာ ရှေ့တစ်လှမ်း ထပ်တိုးသွားရင် သူတို့ဘဝလည်း တိုးမြင့်သွားနိုင်မယ်… တချို့က ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခု ရောက်ချင်ကြပြီ၊ အဲဒီအတွက်ဆို ခင်ဗျားကို ထီးနန်းတင်မှပဲ ရတော့မယ်… မယ်တော်ကြီးက ဘာကို စိတ်ပူနေတယ် ခင်ဗျား ထင်လို့လဲ… ခင်ဗျားကို ထင်လို့လား… သူစိတ်ပူနေတာ ခင်ဗျားလက်အောက်က လူတွေကိုပဲ…”
“ငါတာအိုနဲ့ငါပဲ နေပါရစေ… မင်း ဘာမှ ထပ်မပြောနဲ့တော့…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရှေ့သို့ လျှောက်သွားရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “မင်းနဲ့ စကားပြောရတာ ပင်ပန်းတယ်… သူပုန်တွေကိုသာ ငြိမ်ဝပ်ပိပြားအောင် နှိမ်နှင်းပြီး အကြွင်းအကျန်တွေ ရှင်းခဲ့… ငါ့ဒဏ်ရာတွေကုဖို့ နတ်ဆေးသမားတော်လေးကို လိုက်ရှာလိုက်ဦးမယ်…”
“ခင်ဗျားကို ဆေးထပ်ကုဖို့လား…” နယ်စားဝေ့မှာ ဇဝေဇဝါ ဖြစ်သွား၏။ “တကယ်ကြီး ဒဏ်ရာရထားတာလား… ကျုပ်ကို ထပ်လိမ်တာတော့ မဟုတ်ဘူးမလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို မကြည်မသာ ကြည့်၍ လက်ဝှေ့ယမ်းပြကာ အနားမှ ထွက်သွားသည်။
ချင်မူက နဂါးချီလင်၊ ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများကို ခေါ်၍ တောင်အောက်သို့ ဆင်းလာ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စံအိမ်သခင်များ၊ လက်ဝဲရံ၊ လက်ယာရံတို့လည်း နေရာရွှေ့ပြောင်းအလံများကို အသုံးပြု၍ ထွက်ခွာသွားကြသည်။
တောင်အောက်၌ ချင်မူတို့နှင့် ဧကရာဇ်အတိုင်ပင်ခံ ဆုံမိကြ၏။
“ငါ ဒဏ်ရာရလာတယ်…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။
“ခိ…” နဂါးချီလင်မှာ မရယ်မိအောင် ကြိုးစားလိုက်ရ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤသတ္တဝါကြီးကို စိုက်ကြည့်လိုက်သည်။ နဂါးချီလင်မှာ သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာက ဖြူဖျော့နေပြီး ချင်မူ့ကို ပြောလိုက်သည်။ “ငါ ဒဏ်ရာရလာတယ်…”
ချင်မူက မယုံသလို မေးလိုက်၏။ “တကယ်လား၊ ဟန်ဆောင်တာလား…”
“တကယ်…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာက ပို၍ ဖြူဖျော့လာ၏။
“အဟုတ်ကြီးလား…”
“ဟုတ်တယ်…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ နဖူးထက်၌ သွေးကြောများ ထောင်ထလာသည်။
“ကောင်းပြီလေ…”
…။
တရှန်းမြို့နေရာက ပြားပြားဝပ် ပြိုပျက်၍ ဟင်းလင်းပြင်ကွက်လပ်ကြီးသာ ဖြစ်ကျန်ရစ်သည်။ ပရဆေးဆိုင်များလည်း မရှိတော့သည်ဖြစ်သဖြင့် သူတို့ ဝူယင်းမြို့သို့သာ ပြန်လာရ၏။ ဝူယင်းမြို့အနီးတွင် ရေကန်တစ်ကန် ရှိပြီး ထိုရေကန်တစ်ဝိုက်၌ မြူခိုးမြူငွေ့များ ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းနေလေ့ရှိသည်။ မြို့တစ်မြို့လုံးက မြူခိုးမြူငွေ့များကြားတွင် ပေါ်တစ်လှည့်ပျောက်တစ်လှည့် ဖြစ်နေသဖြင့် မြူခိုးငွေ့ကြား ပျောက်ကွယ်နေသောမြို့ဟု အဓိပ္ပာယ်ရသည့် ဝူယင်းမြို့ အမည်တွင်နေခြင်း ဖြစ်၏။
ဝူယင်းမြို့စားစံအိမ်သို့ ရောက်သောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာများကို ချင်မူ စစ်ဆေးကြည့်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံ ရရှိထားသည့် ဒဏ်ရာများက နေရာပေါင်း တစ်ရာကျော်၏။ အများစုမှာ အတွင်းဒဏ်ရာများ ဖြစ်ပြီး ခန္ဓာကိုယ်တွင်းနေရာအချို့၌ အဆိပ်ပိုးကောင်များပင် ရောက်နေသည်။ ကောင်းကင်ရတနာများတွင်လည်း ဒဏ်ရာများ ရထား၏။ သို့သော်လည်း ကံကောင်းသည်မှာ ဧကရာဇ်အတိုင်ပင်ခံက သိပ်သည်းနက်ရှိုင်းသည့် ကျင့်စဉ်စွမ်းအင်ရှိသူ ဖြစ်သဖြင့် ထိုဒဏ်ရာများ ထကြွမလာအောင် ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။
ဒဏ်ရာများအားလုံးက အမျိုးမျိုး ကွဲပြားခြားနားနေ၏။ အထူးသဖြင့် ကောင်းကင်ရတနာထိ ထိုးဖောက်ဝင်ရောက်သွားသည့် ဒဏ်ရာများက ကုသရခက်ခဲလှပြီး ချင်မူ၏ ဆေးပညာစွမ်းရည်ကို အကဲစမ်းနေသကဲ့သို့ ရှိသည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၊ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၊ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ၊ ကောင်းကင်တံတား ကောင်းကင်ရတနာ အားလုံးသော ကောင်းကင်ရတနာများရှိ ဒဏ်ရာဒဏ်ချက်များက မကြုံစဖူး ထူးကဲလှအောင် ကုသရ ခက်ခဲလှ၏။ ယန်ဝိညာဉ်မှ ဒဏ်ရာများကလည်း ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ချင်မူ့အတွက်တော့ ဤသည်က ကောင်းကင်ရတနာများ၏ လျှို့ဝှက်ချက်ကို နက်နက်နဲနဲ လေ့လာရန် ရှားရှားပါးပါး ရရှိလာသည့် အခွင့်အရေးတစ်ရပ်ပင် ဖြစ်၏။
ပြင်ပခန္ဓာကိုယ်ဒဏ်ရာများကတော့ အတွင်းဒဏ်ရာများလောက် ပြင်းထန်ခြင်း မရှိပေ။
သူ့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာများကို ပြုစုကုသလိုလျှင် ခက်ခက်ခဲခဲ အချိန်ယူ ကုသရပေလိမ့်မည်။ ချင်မူ အတန်ကြာအောင် စဉ်းစားတွက်ချက်ပြီးနောက် ကုသမည့်နည်းလမ်းကို ဆုံးဖြတ်ကာ ပရဆေးပင်များ အရှာလွှတ်လိုက်သည်။
ပရဆေးဆိုင်ရှိ ဆေးပင်အများစုက သာမန်ဆေးပင်များသာ ဖြစ်ပြီး တန်ဖိုးကြီးဆေးပင်များက ရှာဖွေရခက်လှ၏။ ဝူယင်းမြို့က ကြီးမားသော်လည်း ဤနေရာ၌ ဝယ်၍မရသည့် ဆေးပင်များစွာ ရှိနေပြီး ထိုဆေးပင်များကို မြို့တော်သို့ ရောက်ရှိမှ ရှာဖွေရမည် ဖြစ်သည်။
ချင်မူက ဝယ်ရသည့် ဆေးပင်များဖြင့် ကုသနိုင်သော ဒဏ်ရာများကို အရင်ဆုံး ကုသပေးရန် ပြင်လိုက်၏။ အခြားဒဏ်ရာများကိုတော့ မြို့တော်သို့ ပြန်ရောက်သောအခါမှသာ ကုသရပေလိမ့်မည်။
မြို့စားစံအိမ်အတွင်း၌ ချင်မူက အိုးကြီးတစ်လုံး ရှာခဲ့ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ထိုအိုးထဲသို့ ရေနှင့် ဆေးပင်များ ဖြည့်ကာ ပေါင်းချောင်တစ်ခု ထည့်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကိုယ်တုံးလုံးချွတ်၍ ဝင်လှဲခိုင်းလိုက်၏။ ဧကရာဇ်အတိုင်ပင်ခံ၏ တစ်ကိုယ်လုံးတွင် အပ်ပေါင်း ရာချီအောင် ထိုးစိုက်ထားပြီး ထိုအပ်များက သူ၏ ကောင်းကင်ရတနာများထဲထိ ဖောက်ဝင်နေသည်။ ချင်မူက ကောင်းကင်ရတနာများထဲသို့ ဆေးစွမ်းအာနိသင်ရောက်အောင် ငွေအပ်များကို ပေါင်းကူးတံတားသဖွယ် အသုံးပြုခဲ့ခြင်း ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပေါင်းချောင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေရာမှ ရုတ်တရက် စကားစလိုက်သည်။ “ဧကရာဇ်က ငါ့ကို မိန်းမလှလေးတွေနဲ့ ရွှေတွေငွေတွေ ဆုချရင် လက်ခံလိုက်သင့်သလား…”
ချင်မူက သူ၏ မျက်ခုံးနှစ်ခုအလယ်မှ ငွေအပ်ကို လှည့်သွင်းလိုက်၏။ ထိုငွေအပ်က အခေါင်းပေါက်ပါပြီး ဆေးစွမ်းအာနိသင်များကို လိုရာသို့ ရောက်ရှိအောင် လမ်းကြောင်းပေးနိုင်သည်။ “ဧကရာဇ်က တခြားဘာများ ဆုချနိုင်သေးလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ ငြိမ်သက်သွား၏။ “တခြား မရှိဘူး…”
“အဲဒါဆို လက်ခံသင့်တာပေါ့…” ချင်မူက ငွေအပ်နောက်တစ်ချောင်း ကောက်ယူ၍ ဧကရာဇ်အတိုင်ပင်ခံ၏ အဆုတ်နေရာသို့ ထိုးစိုက်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ အိမ်မှာ တခြား ဘယ်သူရှိသေးလဲ…”
“ငါ့အပြင် အစေခံတချို့နဲ့ သက်တော်စောင့်နည်းနည်းပဲ ရှိတယ်…”
“ရွှေငွေကရော ဘယ်လောက်ရှိလဲ…”
“တစ်လတစ်လရတဲ့ လစာနဲ့တင် အလုံအလောက်ပါပဲ…”
“ခင်ဗျားမှာ မိန်းမတွေ ကလေးတွေရော ရှိလား…”
“နှလုံးသားထဲမှာ လောကသစ္စာတရား တည်နေမှတော့ ဘာအတွက် အလိုဆန္ဒတွေ ထားဖို့လိုဦးမှာလဲ…”
“ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ မိသားစုဘဝတစ်ခု စဖို့သင့်ပြီ… စကားပြောတာ ရပ်တော့၊ ဒီအပ်စိုက်ပြီးရင် ပေါင်းချောင်အဖုံး ဖုံးပြီး မီးရှိန်မြှင့်တော့မယ်…”
…။
လဝက်ကြာပြီးသောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အသားအရောင် ပြန်လည်ကြည်လင်လာ၏။ သူ့ကို ကုသရင်း မြို့ပေါင်းဆယ့်ငါးမြို့ ကျော်ဖြတ်ခဲ့သည့်တိုင် ချင်မူလိုအပ်သော ဆေးပင်အားလုံး မရရှိသေးပေ။ သို့သော်လည်း သူ၏ဒဏ်ရာများက အတော်လေး သက်သာလာပြီ ဖြစ်သည်။
ချင်မူက ဆေးပညာသဘောတရားကို ထုံးလိုချေ ရေလိုနှောက်ထားနိုင်သည် ဖြစ်၍ ထိပ်တန်းစွမ်းအင်ဆေးပင်များ မရသည့်အခါ သာမန်ဆေးပင်များကို အစားထိုး အသုံးပြုခဲ့၏။ သို့တိုင်အောင် အချို့ဒဏ်ရာများက အလွန်တရာ အဖိုးထိုက်တန်သည့် စွမ်းအင်ဆေးပင်များ ရရှိရန် မဖြစ်မနေ လိုအပ်သဖြင့် မည်သို့မျှ မတတ်နိုင် ဖြစ်ရသည်။
မြို့တော်သို့ ရောက်သောအခါ လမ်းမများ၌ အဖြူရောင်မီးပုံးများ၊ အဖြူရောင်အလံများ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။ မေးမြန်းကြည့်သည့်အခါ မြောက်ပိုင်းနယ်စားဘုရင်ခံ လင်ယင်ဖုန်း ကွယ်လွန်သွားကြောင်း သိရသည်။ ဧကရာဇ်က ပူဆွေးသောကရောက်ပြီး တစ်တိုင်းပြည်လုံး ညှိုးငယ်ဝမ်းနည်းနေကြ၏။
မြောက်ပိုင်းနယ်စားဘုရင်ခံ လင်ယင်ဖုန်းမှာ ယခင်ဧကရာဇ်၏ ညီတော်၊ အဋ္ဌမမြောက်မင်းသား ဖြစ်သဖြင့် အဋ္ဌမဦးရီးတော်ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ သူ့ကို လူအများက လေးစားချစ်ခင်ကြပြီး ယခင်ဧကရာဇ် နယ်မြေချဲ့ထွင်ရာတွင် ထူးချွန်သော စစ်ရေးစွမ်းရည်များ ပြသ၍ တိုင်းပြည်ပေါင်း မြောက်မြားစွာကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်၏။ တိုက်ပွဲအတွင်း၌ သူရရှိသော ဒဏ်ရာဒဏ်ချက်များ လွန်စွာပြင်းထန်၍ သေတွင်းသို့ ဆင်းရလုနီးပါး အခါများပင် ရှိဖူးသည်။ ထိုသို့ ဒဏ်ရာပြင်းထန်သည့်ကြားမှ ယခင်ဧကရာဇ်၏ အသက်ကို သူကယ်ခဲ့သည့် အကြိမ်ပေါင်းမှာလည်း မနည်းလှချေ။
ဧကရာဇ်ယန်ဖုန်း နန်းတက်နိုင်သည်မှာလည်း သူ၏ ထောက်ပံ့မှုကြောင့် ဖြစ်၏။ လင်မိသားစု၏အင်ပါယာ တည်ဆောက်ရာတွင် သူ၏ အခန်းကဏ္ဍက များစွာကြီးမားလှသည်။