← Chapters

ယုံကြည်ထိုက်သောထော့ကျိုး

Vol. 15 Ch. 203

ယုံကြည်ထိုက်သောထော့ကျိုး

Vol. 15 Ch. 203

ချင်မူ ထိုသတင်းကို ကြားသောအခါ မျက်မှောင်ကြုတ်မိသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို လှမ်းကြည့်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံက ဝမ်းနည်းကြေကွဲသည့် အမူအရာဖြင့် ပြောလိုက်၏။ “မြောက်ပိုင်းနယ်စားဘုရင်ခံရဲ့ စံအိမ်ကို နာရေးသတင်း သွားမေးရမယ်…”

ချင်မူက ခပ်တိုးတိုး မေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဘာလို့ မြောက်ပိုင်းနယ်စားဘုရင်ခံက ပုန်ကန်ရတာလဲ…”

“သူက ဧကရာဇ်ကို ပုန်ကန်တာ မဟုတ်ဘူး… လင်မိသားစု အင်ပါယာအတွက် ငါ့ကို ပုန်ကန်တာ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ငါ့ဩဇာအာဏာက သိပ်ကြီးလွန်းတော့ စိတ်မဖြောင့်နိုင်ဘူး ဖြစ်သွားတာနေမယ်… ငါက လင်မိသားစုရဲ့ အချုပ်အခြာအာဏာကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ပစ်လိမ့်မယ်လို့ သူ တွေးလိုက်ပုံပဲ… မင်းပြောတာ မှန်တယ်၊ ငါ့အနေနဲ့ မိသားစုဘဝတစ်ခု စဖို့ အချိန်ရောက်ပြီ… ရင်ထဲမှာ လောကသစ္စာတရား တည်နေရင်တောင် အလိုဆန္ဒတွေ ရှိနေဖို့ လိုသေးတယ်…”

ချင်မူ့မျက်နှာအမူအရာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့သော လူတစ်ယောက်က မိသားစုဘဝကို စတင်တော့မည်တဲ့လား။ မယုံနိုင်ဖွယ်ရာ ဖြစ်သော်လည်း အမှန်တကယ် အကောင်အထည် ပေါ်လာတော့မည် ဖြစ်၏။

“ငါ စံအိမ်ကို ပြန်ပြီး အရောင်မှိန်တဲ့ အဝတ်အစားတွေ သွားလဲလိုက်ဦးမယ်… မြောက်ပိုင်းနယ်စားဘုရင်ခံက တိုင်းပြည်အတွက် အများကြီး အကျိုးပြုထားတာ… ငါနဲ့ လမ်းချင်းမတူပေမဲ့ လေးစားထိုက်တဲ့သူပဲ… သူ့ကို ဂါရဝသွားပြုရမယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ကို နှုတ်ဆက်လိုက်၏။ “မြို့တော်ကို ရောက်ပြီဆိုတော့ ငါ့ဒဏ်ရာတွေအတွက် ထပ်ဒုက္ခခံပေးဖို့ မလိုတော့ပါဘူး…”

ချင်မူ ခေါင်းညိတ်လိုက်သည်။ ပြီးသည့်အခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ချောင်းမြောင်းတိုက်ခိုက်ခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်ကို ထောက်ရှုလျှင် သူ့ဘေး၌ နတ်ဆေးသမားတော်တစ်ဦး ရှိနေကြောင်း သိသာထင်ရှား၏။ သို့အတွက် သူ့ကို ချင်မူ ဆက်၍ ကုသပေးရန် မလိုအပ်တော့ချေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ စံအိမ်ရှေ့ ပြန်အရောက်တွင် တောင့်ခနဲ ဖြစ်သွားပြီး တံခါးမကြီးအတိုင်း လမ်းလျှောက်ဝင်မသွားတော့ဘဲ စံအိမ်အတွင်းသို့ တန်း၍ ခုန်ဝင်သွားလိုက်သည်။ ပတ်ဝန်းကျင်တစ်ခွင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အကာအကွယ်အတားအဆီးများက ခြေရာလက်ရာမပျက် ရှိနေသည်ကို တွေ့ရ၏။

သို့တိုင်အောင် စိတ်ဒုန်းဒုန်း မချသေးဘဲ အော်ခေါ်လိုက်သည်။ “လောင်ဖူ… ယွမ်ချင်း…”

မည်သည့် တုံ့ပြန်သံမျှ မကြားရချေ။ ဧကရာဇ်အတိုင်ပင်ခံစံအိမ်က မူမမှန်စွာ တိတ်ဆိတ်ငြိမ်သက်နေ၏။

အထဲသို့ လျှောက်ဝင်သွားပြီး ခန်းမအတွင်းသို့ ရောက်သောအခါမှ သူ၏ အစေခံများ၊ သက်တော်စောင့်များမှာ ကြိုးဖြင့်တုပ်နှောင်၍ စုပုံပစ်ထားခံရကြောင်း မြင်တွေ့လိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မျက်မှောင်ကြုတ်မိ၏။ ပြီးမှ သူ ဖုယွမ်ချင်းကို မြင်သွားသည်။ အဆိပ်ဘုရင်ငယ် ဖုယွမ်ချင်းမှာ အဝတ်အစားများအားလုံး ချွတ်၍ ကြိုးတုပ်ခံထားရပြီး မျက်နှာကြက်တွင် တွဲလောင်း ဖြစ်နေ၏။ သူ၏လျှာမှာ တစ်လစ်ထွက်နေပြီး ရွှေကြိုးမျှင်လေးတစ်ချောင်းဖြင့် ချည်နှောင်ခံထားရသည်။ ထိုရွှေကြိုး၏ အခြားတစ်ဘက်စွန်းတွင် အတော်လေးဟန်ရှိသော သံတုံးကြီးတစ်တုံး ချိတ်ဆွဲထား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မျက်မှောင် ပို၍ ကြုတ်သွားသည်။ သူ့လက်ချောင်းထိပ်မှ ဓားရောင်လက်သွားပြီး ဖုယွမ်ချင်း၏ ကိုယ်ပေါ်မှ ကြိုးများကို ဖြတ်တောက်ပစ်၏။ ဖုယွမ်ချင်းမှာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။ ထိုအခါမှ သူ၏ ကျင့်စဉ်စွမ်းအင်အားလုံးနှင့် ကောင်းကင်ရတနာများ ပိတ်ဆို့ခံထားရကြောင်း ဧကရာဇ်အတိုင်ပင်ခံ သိရ၏။ သို့အတွက်ကြောင့် ဖုယွမ်ချင်းမှာ သူ့ကျင့်စဉ်စွမ်းအင်ကို အနည်းငယ်မျှပင် ထုတ်မသုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဖုယွမ်ချင်း၏ ကိုယ်တွင်း၌ ပိတ်ဆို့နေသည်များကို ပြန်ဖွင့်ပေးပြီး အခြားအစေခံများ၊ သက်တော်စောင့်များ၏ ကိုယ်ပေါ်မှ အနှောင်အဖွဲ့များကိုလည်း ဖယ်ရှားပေးလိုက်၏။ ထို့နောက် တင်းမာသော မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ “ဘာဖြစ်သွားတာလဲ…”

“ကျွန်တော်လည်း မသိဘူး…” ဖုယွမ်ချင်းက ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်၏။ “ဘာမှမမြင်လိုက်ရဘဲ ဒီမှာ တွဲလောင်းချိတ်ခံလိုက်ရတာ… လျှာဆွဲထုတ်ခံရတဲ့ အချိန်မှာတောင် ဘာတစ်ခုမှ မမြင်လိုက်ရဘူး… သံတုံးနဲ့ ဆွဲထားတာဆိုတော့ အကူအညီအော်တောင်းလို့လည်း မရဘူး…”

“သခင်ကြီး၊ ကျွန်တော်တို့စံအိမ်က သရဲခြောက်နေတာလား…” အစေခံတချို့မှာ ကြောက်ရွံ့ထိတ်လန့်နေပုံပေါ်သည်။ တစ်ယောက်က ပြောလိုက်၏။ “ကျနော်လည်း ဘာတစ်ခုမှ မမြင်လိုက်ရဘဲ သူများတွေနဲ့ အတူတူ ပစ်ချခံရပြီး လှုပ်မရတော့တာ…”

“သရဲခြောက်ခံရတာ ဟုတ်လား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ဘာတစ္ဆေသရဲမှ မဟုတ်ဘူး… အဲဒီလူရဲ့ ခြေလှမ်းက သိပ်မြန်လွန်းလို့ မင်းတို့ သူ့ကို မမြင်လိုက်ရတာ… သူဘယ်သူလဲဆိုတာ ငါသိတယ်… ငါမရှိတုန်းကို အခွင့်ကောင်းယူ စံအိမ်ထဲ ခိုးဝင်ပြီး သူ့ခြေထောက် ပြန်ယူသွားတာပဲ… ငါထင်တာ မမှားရင် ရတနာတိုက်လည်း ဗလာကျင်းသွားလောက်ပြီ…”

သူ ရတနာတိုက်ဆီသို့ ဦးတည်သွားလိုက်၏။ အားလုံးက သူ့နောက်မှ လိုက်လာကြသည်။ ရတနာတိုက်သို့ ရောက်သောအခါ အကာအကွယ်အတားအဆီး အစီအရင်နှင့် သော့ခလောက်များ မပျက်မစီး ရှိနေသည်ကို တွေ့ရ၏။

ဖုယွမ်ချင်းမှာ သက်ပြင်းချ၍ ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားခန့်မှန်းတာ မှားသွားပြီ… သော့တွေက ခြေရာလက်ရာ မပျက်ဘူး… သူခိုးက ခင်ဗျားရဲ့ အကာအကွယ်အတားအဆီးတွေကို မဖျက်ဆီးနိုင်လို့ အထဲက ပစ္စည်းတွေ ထိမသွားရဘူး ထင်တယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းချလိုက်၏။ “တစ္ဆေဆိုတာ အကောင်အထည် မရှိဘူး… အဲဒီလူက ကောင်းကင်ကို ခိုးယူပြီး နေမင်းကို လဲလှယ်နိုင်တယ်… ဘာလို့ အကာအကွယ်အတားအဆီးတွေ၊ သော့တွေကို ချိုးဖျက်ဖို့ လိုနေဦးမှာလဲ… တစ်စက်ကလေးမှ မတို့မထိဘဲ ဒီအတိုင်း ကျော်ဖြတ်သွားလို့ရတယ်… ရတနာတိုက်က ဗလာကျင်းသွားပြီ…”

အားလုံးက သူ့စကားကို မယုံချေ။

ဧကရာဇ်အတိုင်ပင်ခံက အကာအကွယ်အတားအဆီးများ ဖယ်ရှား၍ တံခါးကို တွန်းဖွင့်လိုက်သည်။ ရတနာတိုက်အတွင်း၌ မြူမှုန်တစ်စက်ပင် မထင်အောင် ပြောင်ရှင်းနေ၏။

ယခင်ကဆိုလျှင် ရတနာတိုက်၏ အတွင်းနံရံ၌ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ ထိုပန်းချီကားမှာ ကောင်းကင်ပန်းချီတိုင်းပြည် အိမ်ရှေ့မင်းသား၏ လက်ရာ ဖြစ်ပြီး ဓားနတ်ဘုရား၏ နောက်ကျောဘက်မြင်ကွင်းကို သရုပ်ဖော်‌ရေးဆွဲထား၏။ ယခုတော့ ထိုပန်းချီကား၏ အစအနကိုပင် မမြင်ရတော့။

ပန်းချီကား ချိတ်ဆွဲထားသည့် နေရာတွင် ကကျိုးကကြောင် လက်ရေးဖြင့် ဖတ်ချင်စရာ မရှိအောင် ရေးထားသော စာများကိုသာ မြင်ရ၏။

“ဧကရာဇ်အတိုင်ပင်ခံ၊ ကျုပ်ခြေထောက်ကို ပြန်ယူသွားပြီ… ခင်ဗျားရဲ့ ရတနာတွေအတွက် ကျေးဇူးပဲ… ခင်ဗျာ့အစေခံတွေကို ကောင်းကောင်းဆက်ဆံထားတယ်၊ စိတ်မပူပါနဲ့… အိုး ဒါနဲ့ ခင်ဗျားအိပ်ရာပေါ်မှာ ကျုပ်အိပ်ခဲ့သေးတယ်၊ နိုးလာတော့ အဲပေါ်မှာ အလေးစွန့်ခဲ့တယ်… ခင်ဗျားအတွက် စာကြည့်ခန်းထဲမှာ လ္ဘက်ရည်ကြမ်းမွှေးမွှေးလေး တစ်အိုးလည်း တည်ထားပေးတယ်… ကျုပ်တို့ရန်ငြှိုးတွေက ကျေသွားပြီပေါ့… အဲဒါတွေအတွက်တော့ ကျုပ်ကို ကျေးဇူးတင်နေဖို့ မလိုဘူးနော်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားသည်။ တစ်မုဟုတ်ချင်း သူ့အိပ်ခန်းထဲသို့ ပြေးဝင်၍ စောင်ကို မကြည့်လိုက်၏။ အနံ့ဆိုးကြီးက လေထုထဲ ပျံ့နှံ့ကြိုင်လှိုင်သွားသည်။ သူ့နှာခေါင်းကို အမြန်ပိတ်၍ လက်ခါပြလိုက်၏။ “လောင်ဖူ၊ အပြင်ထုတ်ပြီး ပစ်လိုက်… ပစ်လိုက်…”

လောင်ဖူက ကမန်းကတန်း ပြေး၍ အိပ်ရာခင်းနှင့် စောင်ကို လုံးထွေး သိမ်းယူလိုက်သည်။ သို့တိုင်အောင် အနံ့ဆိုးကြီးက မွေ့ရာတွင် စွဲကျန်နေဆဲ ရှိ၏။ လောင်ဖူက မေးလိုက်သည်။ “သခင်ကြီး၊ မွေ့ရာကိုရော ပစ်လိုက်ရမှာလား…”

“ပစ်လိုက်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ဝှေ့ယမ်းပြ၍ စာကြည့်ခန်းထဲသို့ အပြေးလှမ်းဝင်သွား၏။ စာကြည့်ခန်းတစ်ခုလုံးက ကျင်ငယ်နံ့များ ဖုံးလွှမ်းနေသည်။ အကြမ်းအိုးထဲရှိ ဝါဝါအရည်များက လ္ဘက်ရည်ကြမ်း မဟုတ်သည်မှာတော့ ထင်ရှား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အင်္ကျီလက်အိုးတစ်ချက် လှုပ်ခါ၍ ရေနွေးကြမ်းအိုးနှင့် အကြမ်းပန်းကန်များကို ပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်နေ၏။ “ကျက်သရေယုတ်လိုက်တာ… သူ့ခြေထောက် သူပြန်ယူသွားတာ ဘယ်လိုမှ သဘောမထားပေမဲ့… ငါ့စံအိမ်ထဲ စားသွားအိပ်သွားတဲ့အပြင် ကျင်ကြီးကျင်ငယ်ပါ စွန့်ပြီး ငါ့ရဲ့ စိတ်ငြိမ်းအေးမှုကို ဖျက်ဆီးတာတော့ လွန်သွားပြီ… လောင်ဖူ၊ အကြမ်းအိုးတစ်စုံနဲ့ အိပ်ရာအသစ် ပြင်လိုက်…”

လောင်ဖူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “သခင်ကြီး၊ ကျွန်တော်တို့ဆီမှာ ငွေသိပ်မကျန်တော့ဘူး…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ မှင်တက်သွား၏။ ပြီးမှ တီးတိုးရေရွတ်လိုက်သည်။ “ဧကရာဇ်ဆီက ဆုလာဘ်တွေ ရောက်ဖို့ သုံးလေးရက်လောက် လိုဦးမယ်… လစာကလည်း လအစမှ ပေးတာ… ဒီလ လစာက ကုန်သွားပြီလား…”

“ဒီတစ်ခေါက် သခင်ကြီးသွားတော့ လစာတစ်ဝက်ကျော် ယူသွားခဲ့တာလေ… ကျန်တာတွေက ဘုရင်ခံတွေ၊ နယ်စားတွေ၊ ဝန်မင်းတွေရဲ့ မွေးနေ့ပွဲအတွက် လက်ဆောင်သေးသေးလေးတွေ ပို့ရလို့ ကုန်သွားပြီ… သားယောကျ်ားလေးမွေးတဲ့ အရာရှိမင်းတွေအတွက်လည်း လက်ဆောင်ပို့ရသေးတယ်… ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မယ်တော်ကြီးရဲ့ မွေးနေ့ရှိလို့ လက်ဆောင်ပို့တာတောင် မျက်နှာပန်းမလှတော့လို့ အဟားခံလိုက်ရသေးတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ခေါင်းကိုက်လာ၏။ “မြောက်ပိုင်းနယ်စားဘုရင်ခံ ဆုံးပါးသွားတာအတွက် လက်ဆောင်ပို့ဖို့ ရှိသေးတယ်… ငါတို့မှာ တကယ် တစ်ပြားမှ မရှိတော့ဘူးလား… ပေါင်နှံစရာ တစ်ခုခုရော ရှိသေးလား…”

“ဒါက…”

လောင်ဖူမှာ တစ်ခဏ တုံ့ဆိုင်းသွားပြီး ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စံအိမ်ထဲတွင် လှည့်ပတ်ကြည့်ရှုလိုက်၏။ စံအိမ်က သေးငယ်လှသည် မဆိုနိုင်သော်လည်း ပရိဘောဂပစ္စည်း များများစားစား မရှိချေ။ ပေါင်နှံနိုင်သော ပစ္စည်းဟူ၍ မရှိ။

သူ့အနေဖြင့် မလိုအပ်သော အရာများအပေါ် စိတ်ရောက်နေလျှင် ကိုယ်စိတ်နှစ်ပါး တိုးတက်မှုအတွက် အနှောင့်အယှက်ဖြစ်သည်ဟု ခံယူသဖြင့် နေထိုင်စားသောက်မှု အလုံးစုံကို ရိုးရှင်းသော ပစ္စည်းပစ္စယများသာ အသုံးပြုခဲ့၏။ စုဆောင်းသိမ်းဆည်းထားသမျှမှာလည်း ထော့ကျိုး၏ ခြေထောက်၊ ကောင်းကင်ပန်းချီတိုင်းပြည် အိမ်ရှေ့မင်းသား၏ ပန်းချီကား စသည်တို့ကဲ့သို့သော ပုံမှန်မဟုတ်သည့် အရာများသာ ဖြစ်သည်။ ယခု ထိုအရာများသည်ပင် စောရနတ်ဘုရား၏ ခိုးယူသွားခြင်း ခံရချေပြီ။

“လစာကြိုတောင်းလို့ ရနိုင်လောက်မလား…”

လောင်ဖူက မေးလိုက်သည်။ “သခင်ကြီး၊ နန်းတွင်းမှာ မျက်နှာမပြချင်တော့ဘူးလား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ချီတုံချတုံ ဖြစ်သွား၏။ “ချေးလို့ ငှားလို့ရော မရဘူးလား…”

လောင်ဖူက ခေါင်းခါယမ်းလိုက်သည်။ “ဒီတစ်လောမှာ စစ်ပွဲတွေ ဖြစ်နေတာဆိုတော့ သခင်ကြီးနဲ့ ရင်းနှီးတဲ့သူတွေ အကုန်လုံး ရှေ့တန်းထွက်နေကြတယ်၊ အိမ်မှာ မရှိကြဘူး… အိမ်ကြီးသခင် မရှိဘဲနဲ့ ဘယ်သူက ကျွန်တော့်ကို အချေးအငှား လုပ်မှာလဲ… သခင်ကြီးကိုယ်တိုင် သွားရင်တော့…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တီးတိုးရေရွတ်လိုက်၏။ “ငါ့ရဲ့ ပန်းချီစွမ်းရည်က မညံ့လှပါဘူး… ရောင်းလိုက်ရင် ငွေစကြေးစနည်းနည်းလောက် ရမှာပါ…”

“သခင်ကြီး လက်မှတ်ထိုးမှာလား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ငါ့နာမည် လက်မှတ်ထိုးရင် ပန်းချီကားဝယ်တဲ့သူက ငါ့ကို လာဘ်ထိုးဖို့ ဝယ်တာ ဖြစ်သွားလိမ့်မယ်… လက်မှတ်မထိုးဘူး…”

လောင်ဖူက ခေါင်းယမ်းလိုက်၏။ “အဲဒီလိုဆို သခင်ကြီးရဲ့ ပန်းချီကားက ရောင်းရမှာ မဟုတ်ဘူး…”

လောင်ဖူ့စကားကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဒေါသထွက်သွားသည်။ “မရောင်းရဘူးလို့ မင်းဘယ်လိုသိလဲ… ကောင်းကင်ပန်းချီတိုင်းပြည် အိမ်ရှေ့မင်းသားရဲ့ ပန်းချီကားကို ငါ အကြိမ်ပေါင်းမနည်းဘူး ကူးဆွဲဖူးတယ်… ပန်းချီနတ်ဘုရားနဲ့ မယှဉ်ဝံ့ရင်တောင် အဲလောက် မညံ့ပါဘူး…”

“သခင်ကြီး၊ ရွှေမြို့တော်ကို ဘယ်လိုနေရာမျိုးများ ထင်လို့လဲ… ဒီမှာ နာမည်ကျော် ကျောင်းတော်သားတွေက မြစ်ထဲကငါးတွေလိုပဲ… သူတို့ပန်းချီကားတွေ ရောင်းရင်တောင် ဘယ်လောက်များ ရလို့လဲ… တစ်ဝက်လောက်က အရိုးပေါ်အရေတင် ငတ်ပြတ်နေကြတာ… သခင်ကြီးရဲ့ ပန်းချီစွမ်းရည်က သူတို့နဲ့ယှဉ်ရင် ဘယ်လိုနေမယ် ထင်သလဲ…”

လောင်ဖူက ပြောလိုက်၏။ “သခင်ကြီးရဲ့ တပည့်တွေကတော့ သခင်ကြီးကို ချေးပေးနိုင်လောက်မယ် ထင်ပါတယ်…”

“ငါ့တပည့်တွေဆီက ချေးရမယ် ဟုတ်လား… အဲလောက်ထိတော့ ငါ့ကိုယ်ငါ အနိမ့်ကျခံလို့ မဖြစ်သေးဘူး…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ကို တွေးမိပြီး ပြုံးလိုက်သည်။ “ဘယ်သူ့ဆီက ချေးလို့ရမလဲ ငါသိပြီ… အဲဒီလူက ငွေရေးကြေးရေး တွက်ကပ်တတ်တဲ့သူ မဟုတ်ဘူး… ငါ့အတွက် ဆေးပင်တွေဝယ်ရင် သူပဲ ပေးခဲ့တာ… မဟုတ်လို့ကတော့ ငါ့လစာလောက်နဲ့ အစောကြီးကတည်းက ကုန်သွားတာ ကြာပြီပေါ့… နန်းတွင်းအသိုင်းအဝိုင်းကလည်း မဟုတ်တော့ မျက်နှာပူနေစရာ မလိုဘူး… ငါသွားပြီး ပိုက်ဆံချေးလိုက်ဦးမယ်… မင်းတို့ ဒီမှာစောင့်နေခဲ့ကြ…”

ချင်မူ ကျောင်းတော်သားအိမ်ရာသို့ ဝင်သည်နှင့် ဆေးနံ့များ ရလိုက်၏။ ထိုဆေးနံ့က သူ့အိမ်ဘက်မှ လာသဖြင့် အံ့အားသင့်သွားသည်။

ကျောင်းတော်သားအိမ်ရာတွင် သန့်ရှင်းရေးလုပ်ပေးသော အလုပ်ကြမ်းသမားများ ရှိ၏။ ထိုအလုပ်ကြမ်းသမားများက မကြာခဏဆိုသလို စာသင်ဆောင်များသို့ သွား၍ သင်ခန်းစာများ နားထောင်လေ့ရှိသဖြင့် သူတို့၏ ကျင့်စဉ်စွမ်းအင်က နိမ့်ကျခြင်း မရှိလှချေ။ ထိုထဲတွင် ကျောင်းတော်သားများထက် စွမ်းရည်သာလွန်သူများပင် ရှိ၏။ နန်းတွင်းကောလိပ်၏ သမိုင်းတစ်လျှောက်တွင် ထူးကဲသော စွမ်းရည်များ ထုတ်ပြနိုင်၍ ကျောင်းတော်သားအဖြစ် တက်ရောက်ခွင့်ပြုပြီး နာမည်ကျော်အရာရှိများ ဖြစ်သွားသည့် အလုပ်ကြမ်းသမားများစွာ ရှိခဲ့သည်။

ကျောင်းတော်သားအိမ်ရာမှာ ထိုသို့သော အလုပ်ကြမ်းသမားများ စောင့်ကြပ်နေသည်ဖြစ်၍ ခိုးဝင်နိုင်ရန် မလွယ်လှချေ။

ချင်မူ နဂါးချီလင်နှင့် ဟူလင်းအာကို ခေါ်၍ ခြံဝင်းထဲသို့ ဝင်လာသောအခါ ခြံထဲတွင် ဆေးပင်အိတ်ကြီးများ အပုံလိုက် ရှိနေသည်ကို တွေ့ရ၏။ ဆေးမီးဖို၊ ဆေးကျိုအိုးကဲ့သို့သော ပစ္စည်းများပင် ရှိနေသည်။

ထိုဆေးမီးဖိုနှင့် ဆေးကျိုအိုးက သာမန်မဟုတ်။ ၎င်းတို့အပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတအမှတ်အသားများက လွန်စွာထူးကဲလှပြီး အဖိုးထိုက်တန်သော ရတနာများဖြစ်ကြောင်း ထင်ရှား၏။ လိုလန်ရွှေနန်းတော်မှ သူယူဆောင်လာသည့် ရတနာများအောက်ပင် နိမ့်ကျခြင်း မရှိချေ။

ဆေးကျိုအိုးထဲတွင် ခြေထောက်တစ်ချောင်း ရှိပြီး ဆေးမီးဖိုထဲတွင်တော့ လက်တစ်ချောင်း ရှိနေသည်။

ချင်မူ ထိုခြေလက်နှစ်ချောင်းကို မြင်သောအခါ မှင်တက်မိသွားပြီး ဟူလင်းအာနှင့် နဂါးချီလင်တို့ကို မှာလိုက်၏။ “ခြံဝင်းအပြင်ဘက်မှာ စောင့်နေ၊ ဘယ်သူမှ ဝင်မလာစေနဲ့…”

ဟူလင်းအာနှင့် နဂါးချီလင်တို့ ခြံအပြင်သို့ ထွက်သွားကြသည်။ ခြံဝင်းတံခါး တကျွီကျွီမြည်အောင် တိုးထွက်သွားသည့် နဂါးချီလင်ကို လှည့်ကြည့်ရင်း ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ဒီကောင်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုဝလာတော့တာပဲ… သိပ်မကြာခင် ဒီကောင့်ကြောင့် ခြံတံခါးပျက်လို့ အသစ်ထပ် တပ်ရလိမ့်ဦးမယ်…”

အိမ်တံခါးမကို တွန်းဖွင့်ဝင်သွားသောအခါ အဘိုးအိုတစ်ယောက်နှင့် များစွာအိုမင်းခြင်း မရှိသေးသော လူတစ်ယောက်ကို တွေ့လိုက်သည်။ ထော့ကျိုးက သပ်ယပ်ကြော့ရှင်းနေ၏။ သူ့ဆံပင်များက နက်မှောင်ပြောင်လက်နေပြီး မုတ်ဆိတ်မွေးများကိုလည်း တလက်လက် တောက်ပနေသည့် ရွှေကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသည်။ ဝတ်ဆင်ထားသည့် အဝတ်အစားများကလည်း အတော်လေး အမြင်တင့်တယ်လှ၏။

အဘိုးကြီးမာက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထော့ကျိုးကဲ့သို့တော့ ပြောင်လက်တောက်ပနေခြင်း မရှိ။ သူ့အင်္ကျီလက်အိုးတစ်ဖက်က ဟာလာဟင်းလင်းနှင့် တွဲလောင်းကျနေ၏။ သူ့အသွင်က ခရီးပန်းလာသည့်ပုံစံ ပေါက်နေပြီး မကြာသေးမီကမှ ဤနေရာသို့ ရောက်လာဟန် ရှိသည်။ နားသယ်မွေး၊ ပါးမြိုင်းမွေးများက ဖွေးဖွေးဖြူနေ၏။

ချင်မူဝင်လာသည်ကို မြင်သောအခါ ထော့ကျိုးက ရိုးရိုးတန်းတန်း အပြုံးတစ်ခု ပြုံးပြလိုက်ပြီး အဘိုးကြီးမာ၏ အေးစက်စက်မျက်နှာကတော့ ဝင်းခနဲ လက်သွား၏။

"ဘိုးဘိုးမာ၊ ဘိုးဘိုးထော့ကျိုး..." ချင်မူ့ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားပြီး မျက်လုံးများ နီရဲလာသည်။ "ဘိုးဘိုးတို့နှစ်ယောက်က ကျွန်တော့်ဆီလာတွေ့တာလား..."

"မဟုတ်ဘူး..." အဘိုးကြီးမာက တုံ့ပြန်ပြောဆိုလိုက်၏။

ချင်မူ့ရင်ထဲတွင် နာကျင်သွားသည်။ ထော့ကျိုးက ပြုံးလိုက်၏။ "မင်းက ငါတို့ထက် ပိုသက်သောင့်သက်သာ နေနေရတာပဲ... ဘာလို့ လာကြည့်နေရဦးမှာလဲ... ငါတို့ ကောက်မွေးစားထားတဲ့သူ တစ်ယောက်ကို တွေ့ဖို့အတွက်နဲ့ မိုင်ထောင်ချီ ဝေးတဲ့နေရာကနေ အရောက်လာခဲ့ရဦးမှာလား... အများကြီး လျှောက်တွေးမနေနဲ့..."

ချင်မူက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။ "ဘိုးဘိုးတို့ ကျွန်တော့်ကို လာတွေ့တာ အသိသာကြီးကို..."

ထော့ကျိုးက ခေါင်းခါယမ်းလိုက်၏။ "မင်းကို ငါ့ခြေထောက် ပြန်ဆက်ခိုင်းမလို့ လာတာ... ငါ့ခြေထောက်က ပြန်ဆက်လို့ ရသေးလား ကြည့်စမ်းပါဦး..."

"မကြည့်ပါဘူး..."

ထော့ကျိုးမှာ ဒေါသခြောင်းခြောင်းထသွားသည်။ "ခွေးကောင်လေး၊ အခုတော့ အတောင်စုံလို့ ပုန်ကန်ပြီပေါ့ ဟုတ်လား... ငါတို့က မင်းကို လာတွေ့တာ လုံးဝမဟုတ်ဘူးကွ..."

အဘိုးကြီးမာက ချောင်းတစ်ချက်ဟန့်၍ ခပ်အေးအေး ပြောလိုက်၏။ "သူ့ကို လာတွေ့တာ မဟုတ်ရင် မင့်ခြေထောက်ကို ဘာလို့ ဆေးဆရာဆီ ယူမသွားတာလဲ... ထပ်မစတော့နဲ့... ဟိုမှာကြည့်ဦး၊ ငိုတော့မယ်..."

"မငိုပါဘူး..." ချင်မူက ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။

"အေးပါ၊ အေးပါ... မငိုတော့နဲ့... ငါ မင်းကို လာတွေ့တာပါ... အခုလေးတင်မှ ဧကရာဇ်အတိုင်ပင်ခံစံအိမ်က ပြန်လာတာ၊ အဲမှာ အတော်ကြာအောင် နေခဲ့သေးတယ်... ပစ္စည်းတချို့လည်း ယူခဲ့တယ်... ဆေးကျိုအိုးထဲက ခြေထောက်ကို တွေ့လား..."

ထော့ကျိုးက သူ့ကိုယ်သူ လွန်စွာ ဂုဏ်ယူဝင့်ကြွားလျက် ရှိ၏။ "အဲဒါ ငါ့ခြေထောက်လေ... ဧကရာဇ်အတိုင်ပင်ခံစံအိမ်က ပြန်ယူလာတာ၊ ဧကရာဇ်အတိုင်ပင်ခံ ဘာမှမတတ်နိုင်လိုက်ဘူး... ငါ့ခြေထောက်ပြန်ယူသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရတာ...."

ချင်မူက တစ်ခဏမျှ ငြိမ်နေပြီးမှ နွေးထွေးသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ "ဘိုးဘိုးထော့ကျိုး၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ ကျွန်တော်က အခုမှ ပြန်ရောက်လာကြတာ... ဧကရာဇ်အတိုင်ပင်ခံစံအိမ်မှာ ဘယ်က ဧကရာဇ်အတိုင်ပင်ခံ ရောက်နေတာများလဲ..."

ထော့ကျိုးက သူ့ကို စိုက်ကြည့်လိုက်၏။ ချင်မူကလည်း အလျှော့မပေးဘဲ ပြန်စိုက်ကြည့်လိုက်သည်။ သူတို့၏ မျက်နှာပေါ်မှ အပြုံးများက ထပ်တူညီစွာ နွေးထွေး၍ ယုံကြည်ကိုးစားရသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။ သူတို့၏ လက်ချက်ဖြင့် ဓားတန်းလန်း စိုက်ဝင်သွားလျှင်တောင်မှ ထိုသို့ ဓားထိုးခံလိုက်ရသူမှာ သူတို့အပေါ် ဆက်လက် ယုံကြည်နေဦးမည်သာ ဖြစ်သည်။

All Chapters