← Chapters

ချင်မူ၏အတိတ်ဆိုး

Vol. 15 Ch. 204

ချင်မူ၏အတိတ်ဆိုး

Vol. 15 Ch. 204

ချင်မူနှင့် ထော့ကျိုးက တစ်ယောက်ကို တစ်ယောက် ဆက်၍ စိုက်ကြည့်နေကြသည်။

အဘိုးကြီးမာမှာ အပြင်ပန်းတွင် အေးစက်စက်နိုင်သော်လည်း စိတ်သဘောထားနူးညံ့သူ ဖြစ်၏။ "နှစ်ယောက်စလုံး လူကြီးဖြစ်နေပြီ... ကလေးတွေလို လုပ်မနေကြနဲ့တော့... ငါတို့က မင်းအဆင်ပြေရဲ့လား လာကြည့်တာ… ငါတို့ရဲ့ ခြေလက်တွေရော ပြန်ဆက်လို့ ရသေးလား ကြည့်ခိုင်းချင်တာလည်း ပါတာပေါ့..."

ထော့ကျိုးက ပြုံးလိုက်သည်။ "အဘိုးကြီးမာက မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ဒီထိရောက်အောင် ပြေးလာတာဆိုတော့ မင်းကိုတွေ့ဖို့ သက်သက်လာမှန်း သိသာပါတယ်... မဟာမိုးခြိမ်းသံကျောင်းတော်က ဒီနဲ့ မိုင်ထောင်ချီဝေးတယ်၊ ဒုက္ခိတဘိုးဘွားကျေးရွာနဲ့ဆို မိုင်တစ်ထောင်လောက်ပဲ ရှိတာ... ငါကတော့ မင်းကို တွေ့ဖို့လာတာ မဟုတ်ဘူး... ငါ့ခြေထောက်တွေက ဧကရာဇ်အတိုင်ပင်ခံစံအိမ်မှာ၊ မင်းနဲ့ အနီးဆုံး ဖြစ်နေလို့သာ လာတာ..."

အဘိုးကြီးမာ၏ စကားကြောင့် ချင်မူ့ရင်ထဲတွင် နွေးထွေးသွား၏။ "ထော့ကျိုးစကား နားထောင်မနေနဲ့... ဒီကောင်က စကားကြမ်းပေမဲ့ စိတ်ထားကောင်းပါတယ်... မင့်ကလေးဘဝတုန်းက အိပ်ရာပေါ် အမြဲသေးပေါက်ချလို့ အဘွားကြီးစစ် စိတ်တိုပြီး ဘေးနားရွာကို ပေးပစ်မလို့ လုပ်သေးတယ်... ပေးပစ်ပြီး နောက်နေ့ကျရင် အဘွားကြီးစစ်အိပ်ရာပေါ် မင်း ပြန်ရောက်နေတော့တာပဲ... နောက်ရက်တွေ ထပ်ပေးပစ်လည်း အမြဲတမ်း ပြန်ပြန်ရောက်လာတယ်... မင်းကို ဘယ်သူမှမသိအောင် ပြန်ခိုးပြီး လာထားတာ ဘယ်သူရှိမလဲ၊ ထော့ကျိုးပေါ့..."

ထော့ကျိုးက ခေါင်းခါယမ်းလိုက်သည်။ "ကျုပ် မဟုတ်ဘူး... ကျုပ်အမုန်းဆုံးက ကလေးတွေပဲ... ကျုပ်သာ ခြေထောက်တစ်ဖက်တည်း ဖြစ်မနေရင် ဒီကောင်လေးကို နေ့တိုင်း ပိတ်ကန်နေပြီ..."

ချင်မူ့ရင်ထဲတွင် အောင့်မျက်နာကျင်သွားပြီး မယုံနိုင်စွာ ပြောလိုက်၏။ "ဘွားဘွားက ကျွန်တော် အိပ်ရာထဲ သေးပေါက်ချလို့ သူများကို ပေးပစ်တာ ဟုတ်လား... ကျွန်တော့်ကို ဘွားဘွားက ဒီလောက်ချစ်တဲ့ဟာ..."

"အကြိမ်တော့ မနည်းလှဘူး..." အဘိုးကြီးမာက ပြောလိုက်သည်။ "အဘွားကြီးစစ်က တစ်ခါမှ ကလေးလည်း မမွေးဖူး၊ ပြုလည်း မပြုစုဖူးတာကို... မင်းသေးပေါက်ရင် ရေတံခွန်လိုပဲ၊ ညတိုင်းလည်း ငိုသေးတယ်... ဗိုက်ဆာလည်းငို၊ ဗိုက်ပြည့်လည်းငို၊ အိပ်မရရင်တောင် ငိုတယ်... ခြံထဲမှာ ထားထားတဲ့ နွားမတောင် မင်းကြောင့် ရူးမလို ဖြစ်သွားသေးတာ၊ အဘွားစစ် စိတ်မတိုရင် ပုံမှန် ဘယ်ဟုတ်ပါတော့မလဲ... ငါတို့အဘိုးကြီးတွေတောင် မခံနိုင်တော့လို့ ရွာလူကြီးနဲ့ ဆေးဆရာက မင်းကို တစ်ဖက်ရွာပေးပစ်ဖို့ သဘောတူလိုက်ကြတာ..."

ချင်မူ့ရင်ထဲမှ နာကျင်မှုက ပိုဆိုးသွားပြီး မည်းမှောင်သော မျက်နှာဖြင့် ပြောလိုက်၏။ "ဘိုးဘိုးရွာလူကြီးနဲ့ ဘိုးဘိုးဆေးဆရာကလည်း ကျွန်တော့်ကို ပေးပစ်ချင်တာလား... ဒီအကြောင်းတွေ ဘာလို့ ကျွန်တော် မသိခဲ့ရတာလဲ..."

ထော့ကျိုးက ပြုံးလိုက်သည်။ "မင်းက တစ်နှစ်တောင် မပြည့်သေးဘူးလေ၊ ဘယ်လိုလုပ် မှတ်မိပါ့မလဲ... အိပ်ရာပေါ် သေးပေါက်ချရုံတင်ဆို တော်သေးတယ်၊ အီးပါ ပါချတာကို... ရွှေအဆို မင်းကို ပေးပစ်ရင် သူများမွေးချင်အောင် နို့စားနွားမတစ်ကောင်ပါ ထည့်ပေးဖို့ ကြံစည်သေးတာ... သိပ်မကြာလိုက်ဘူး၊ မင်းက အိပ်ရာပေါ် သေးပေါက်မချတော့လို့ သူများဆီ ပေးမပစ်ဖြစ်တာ..."

"ဘိုးဘိုးရွှေအကလည်း ကျွန်တော့်ကို ပေးပစ်ချင်တာလား..." ချင်မူ တစ်ခဏမျှ ငြိမ်ကျသွား၏။ "ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးနားကန်းက ကျွန်တော့်ကို ချစ်လို့ တော်သေးတာပေါ့..."

အဘိုးကြီးမာက ဝင်ပြောလိုက်သည်။ "မျက်ကန်းကတော့ မင်းကို တကယ် ချစ်တာပါ... ဒါပေမဲ့

လေပေါ်မြှောက်ပြီး မြှူတုန်း သူ့မျက်နှာပေါ် သေးပေါက်ချလို့ မင်းကို သူများဆီ ပေးပစ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောတော့ဘူး..."

ထော့ကျိုးက ဆက်၍ ပြောပြ၏။ "အဲတုန်းက မင်းကို စိတ်အတိုဆုံးသူဆိုရင် နားကန်းပဲ... မင်းက သူ့စားပွဲပေါ် ခဏခဏတက်ဆော့ပြီး မင်အိုးတွေ မှောက်မှောက်ပစ်တာလေ... ပြီးတော့ မင်တုံးပေါ်တောင် သေးပေါက်ချလိုက်သေးတယ်..." သူ သက်ပြင်းချလိုက်သည်။ "အိပ်ရာပေါ် သေးပေါက်ချတဲ့ အချိန်မှာတောင် မင်းက ချစ်စရာကောင်းပါသေးတယ်... အသက်ကြီးလာပြီး ရွာထဲက ကျောက်ရုပ်တုတွေအပေါ် သေးပေါက်ချတော့ အဲလောက် ချစ်စရာမကောင်းတော့ဘူး..."

ချင်မူ၏ စိတ်အလျဉ်မှာ များစွာ ထိခိုက်တုန်လှုပ်သွားပြီး ခြောက်ကပ်ကပ်လေသံဖြင့် ပြောမိ၏။ "ဘိုးဘိုးမာ၊ ဘိုးဘိုးထော့ကျိုး... ကျွန်တော်က အခု ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေပြီလေ… အိပ်ရာပေါ် သေးပေါက်ချတဲ့အကြောင်း ထုတ်မပြောဘဲ နေလို့ မရဘူးလား... ဘိုးဘိုးတို့ ခြေလက်တွေ ကျွန်တော် ကြည့်ကြည့်လိုက်ဦးမယ်..."

ထော့ကျိုးက အဘိုးကြီးမာကို ပြုံးပြလိုက်သည်။ "ဒီကောင်လေး အိပ်ရာထဲ  သေးပေါက်ချလို့  သူများဆီ ပေးပစ်ခံရတဲ့အဖြစ်ကို  တွေးမိရင် ရယ်ချင်တာ  ထိန်းမရဘူး... ကျုပ်သေရင်တောင်  သတိရတိုင်း  အခေါင်းထဲက  ထထရယ်မိမှာ  ကျိန်းသေတယ်..."

အဘိုးကြီးမာလည်း  ပြုံးလိုက်မိ၏။ "ငါရောပဲ..."

ချင်မူက  ခြံဝင်းထဲသို့  မျက်နှာညိုညိုနှင့်  လျှောက်သွားပြီး  ဆေးကျိုအိုးနှင့်  မီးဖိုကို  မရွှေ့လာသည်။ ပြီးသည့်အခါ အဘိုးကြီးမာနှင့်  ထော့ကျိုးတို့၏  ခြေလက်များကို တစ်ချက်ကြည့်၏။  ထို့နောက် အိမ်ရှေ့စံကိုယ်ရံတော်ဓား  ထုတ်၍  ထော့ကျိုး၏  ခြေထောက်ကို  ခပ်သာသာလှီးပြီး  ထွက်လာသော  သွေးများကို  အသေးစိတ်  စစ်ဆေးလိုက်သည်။

တစ်ခဏနေသောအခါ အဘိုးကြီးမာ၏ လက်ကိုလည်း သွေးထွက်အောင် လှီး၏။ အတန်ကြာ စစ်ဆေးကြည့်ရှုပြီးမှ သူ ပြောလိုက်သည်။ "ဘိုးဘိုးမာရဲ့လက်က အသက်ဓာတ် တစ်ဝက်လောက် ကုန်သွားပေမဲ့ ကောင်းကောင်း စောင့်ရှောက်ခံထားရပါတယ်... ကြည့်ရတာ တစ်ယောက်ယောက်က ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်ပြီး အသွေးအသား ခန်းခြောက်မသွားအောင် ထိန်းသိမ်းထားတဲ့ပုံပဲ... စွမ်းအင်ဆေးလုံးတွေနဲ့ အားဖြည့်လိုက်ရင် အသက်ဓာတ်ပြည့်ပြီး ပြန်ဆက်လို့ ရပါလိမ့်မယ်... တစ်နှစ်၊ နှစ်နှစ်လောက်  လေ့ကျင့်လိုက်ရင်တော့ နဂိုမူလအတိုင်း ပြန်ဖြစ်လာမှာပါ..."

အဘိုးကြီးမာက ပြောလိုက်၏။ "ငါ့လက်က ဗုဒ္ဓတစ်ထောင်စေတီမှာ ထားထားတာ... ဗုဒ္ဓတစ်ထောင်စေတီဆိုတာ ပြီးခဲ့တဲ့ တထာဂတ ရုပ်ကလပ်တော်တွေ ထားတဲ့နေရာပဲ... ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ထိန်းသိမ်းထားဖို့အတွက် ရဟန်းတော်တွေက နေ့ညမပြတ် တရားစာတွေ ရွတ်ဖတ်နေတာ..."

ချင်မူ တအံ့တဩ ဖြစ်သွားပြီး လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ "မဟာမိုးခြိမ်းသံကျောင်းတော်မှာ တကယ် ဗုဒ္ဓတစ်ထောင် ရှိတာလား…”

အဘိုးကြီးမာက ပခုံးတွန့်လိုက်၏။ "ရေတော့မထားရဘူး... ရှိမယ်ထင်တာပဲ..."

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းရင်း ထော့ကျိုး၏ ခြေထောက်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ "ဘိုးဘိုးထော့ကျိုး၊ ဒီခြေထောက်က... သွေးခန်းပြီး အသက်ဓာတ်မရှိတာ ကြာပြီ... ပြန်ဆက်လို့ မရနိုင်တော့ဘူး..."

ထော့ကျိုး၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွား၏။ ဆက်လက် ပြုံးရယ်နိုင်ခြင်း မရှိတော့ဘဲ အော်ဟစ်လိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ့ခြေထောက်က နတ်ဘုရားခြေထောက်လို့ နာမည်ကျော်တာ အလကားမဟုတ်ဘူး… ဒီခြေထောက်နှစ်ဖက်စလုံးကို နတ်ဘုရားအဆင့်ထိ လေ့ကျင့်ထားတာ… ဘယ်လိုလုပ် အသက်ဓာတ်မရှိတော့ဘဲ နေမှာလဲ... ပြီးတော့ အဖြတ်ခံရတာက ဘယ်လောက်မှ မကြာသေးဘူး… အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ရှိဦးမယ်... ငါ့ခြေထောက်က အဘိုးကြီးမာရဲ့ နတ်လက်သီးအောက်ကျတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ အသက်ဓာတ်ကျန်ဦးမှာ သေချာတယ်..."

ချင်မူက ဖြူစင်ရိုးသားသော အပြုံးတစ်ခုကို ပြုံးလိုက်၏။ "စိတ်မကောင်းပါဘူး၊ ဘိုးဘိုးထော့ကျိုး... ဘိုးဘိုးခြေထောက်က သေသွားပြီ၊ ပြန်ဆက်လို့ မရတော့ဘူး... အစောက ဘိုးဘိုးရဲ့ သွေးကို အရသာခံကြည့်တော့ ဟင်းခပ်အမွှေးအကြိုင်ငါးမျိုး အရသာနဲ့ ကျပ်ခိုးနံ့သင်းသင်း ရတယ်... ဧကရာဇ်အတိုင်ပင်ခံက ဘိုးဘိုးခြေထောက်ကို ကျပ်တိုက်ပြီး အခြောက်ခံထားတာလား မသိဘူး..."

ထော့ကျိုး အံကြိတ်၍ ရယ်မောလိုက်သည်။ "ခွေးကောင်လေး၊ ငါ့ကို ထပ်ပြီး အရူးလုပ်ပြန်ပြီ... ဧကရာဇ်အတိုင်ပင်ခံက ငါ့ခြေထောက်ကို အသားခြောက် လုပ်ပစ်ရအောင် မဆင်းရဲသေးဘူး..." ထိုစကားပြောပြီးလျှင် ပြောပြီးချင်း သူ တုန်လှုပ်ချောက်ချားသွား၏။ "ဧကရာဇ်အတိုင်ပင်ခံက တကယ့်ကို ဆင်းရဲနေတာဟ၊ ငါ့ခြေထောက်ကိုတော့ အသားခြောက် မလုပ်ပစ်လောက်ပါဘူး၊ ဟုတ်တယ်မလား..."

ချင်မူမှာ ကျေနပ်အားရ ဖြစ်သွားသည်။

အဘိုးကြီးမာက ဝင်ပြောလိုက်၏။ "သူ့ကို မခြောက်တော့နဲ့... သူခိုးတွေက ကြောက်တတ်တယ်..."

ချင်မူ ပြုံးလိုက်၏။ "ဘိုးဘိုးမာရဲ့ လက်နဲ့ ဘိုးဘိုးထော့ကျိုးရဲ့ ခြေထောက်က ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းလောက် မကောင်းတော့ပေမဲ့ အသက်ဓာတ်ကျန်ပါသေးတယ်... အရင်ဆုံး ဆေးဝါးတွေသုံးပြီး အသက်ဓာတ်နှိုးဆွရဦးမယ်... ဆယ်ရက်၊ ဆယ့်ငါးရက်လောက်နေရင် အကောင်းနီးပါး ပြန်ဖြစ်လာမှာပါ... အဲဒီအချိန်မှ ဆက်ရင် ပြဿနာ မရှိလောက်တော့ဘူး... ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ဦးသျှောင်မှော်ဆရာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆက်ထားတာမလို့ အကောင်းပကတိအတိုင်း ရှိနေတာ... ဘိုးဘိုးတို့ ခြေလက်တွေကတော့ သက်ရှိခန္ဓာကိုယ်ရဲ့ အထောက်အပံ့ မရလို့ အဲလို အကောင်းအတိုင်း ဖြစ်မနေတော့ဘူး..."

အဘိုးမာနှင့် ထော့ကျိုးတို့ သက်ပြင်းချလိုက်၏။ "ပြန်ဆက်လို့ ရသေးတယ်ဆိုရင်ကို ကောင်းလှပါပြီ..."

ထော့ကျိုးက ပြုံးလိုက်သည်။ "နန်းတွင်းရတနာတိုက်ထဲကနေ ပရဆေးပင်တွေ ယူလာတယ်၊ ဘယ်ဆေးပင်တွေ သုံးလို့ရမလဲ ကြည့်ကြည့်လိုက်လေ... လိုသေးတယ်ဆို ငါ သွားပြီး... အဟမ်း ချေးလိုက် ငှားလိုက်မယ်..."

"မလိုဘူး ရတယ်... နန်းတွင်းကောလိပ်ရဲ့ ဆေးစတိုမှာ လိုတဲ့ဆေးပင်တွေ ရှိမှာပါ..."

ချင်မူ ခြံဝင်းထဲ ဆင်း၍ ပရဆေးပင်များ ကြည့်ရှုရန် ပြင်လိုက်စဉ်တွင် အပြင်ဘက်မှ ဟူလင်းအာ၏ အသံ ကြားလိုက်ရ၏။ "သခင်လေး၊ ဧကရာဇ်အတိုင်ပင်ခံ ကြွလာပါတယ်..."

"ဧကရာဇ်အတိုင်ပင်ခံ ရောက်လာတာ ဟုတ်လား... ဘိုးဘိုးထော့ကျိုးနောက် ခြေရာခံ လိုက်လာတာများလား..."

ချင်မူ အံ့အားသင့်သွားသည်။ သူ နောက်ပြန်လှည့်၍ အိမ်တံခါးမကို ပိတ်လိုက်၏။ ထို့နောက် အဝတ်အစားများကို သပ်သပ်ယပ်ယပ်ဖြစ်အောင် ပြုပြင်ပြီး ခြံတံခါးဖွင့်ပေးလိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အပြင်ဘက်၌ ရပ်နေ၏။ တစ်လောကလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိသော ဤသက်လတ်ပိုင်းအရွယ် လူသားက စိတ်မသက်မသာနှင့် ခပ်ရွံ့ရွံ့ ဖြစ်နေသည်။ အတန်ကြာအောင် ငြိမ်ငြိမ်ကြီး ရပ်နေပြီးမှ ခပ်လေးလေး ပြောလိုက်၏။ "တော်ဝင်ကျောင်းတော်သားက ချမ်းသာကြွယ်ဝတာဆိုတော့ ငါ့ကို ငွေနည်းနည်းလောက် ချေးပေးနိုင်မလား..."

ချင်မူ အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံက ငွေချေးဖို့ လာခဲ့တာလား... ဧကရာဇ်မင်းမြတ်ရဲ့ အတိုင်ပင်ခံကြီးက တကယ်ပဲ ငွေကြေးမလောက်မင ဖြစ်နေတာလား..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမှန်အတိုင်း ဖြေလိုက်၏။ "ငါ ရှေ့တန်းထွက်သွားတုန်း အိမ်မှာ သူခိုးဝင်ပြီး ရှိသမျှ အကုန်မသွားတာ ခံလိုက်ရတယ်... အခု တစ်ပြားမှ မရှိတော့ဘူး၊ မြောက်ပိုင်းနယ်စားဘုရင်ခံ စံအိမ်ကို နာရေးမေးဖို့ လက်ဆောင်ပစ္စည်းလည်း ဝယ်ရဦးမယ်..."

ချင်မူ့ရင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ "ဘိုးဘိုးထော့ကျိုးက ဧကရာဇ်အတိုင်ပင်ခံ စံအိမ် တစ်ခုလုံးကို အပြောင်ရှင်းပြီး တစ်ပြားမှတောင် ချန်မထားခဲ့တာလား... ဘိုးဘိုးထော့ကျိုးက ခြေထောက်တစ်ချောင်း မရှိတော့ပေမဲ့ ငါ့ထက်ပိုပြီး ပေါ့ပါးသွက်လက်သေးတာပဲ..."

သူ ပြုံးလိုက်၏။ "ဧကရာဇ်အတိုင်ပင်ခံ၊ ဘယ်လောက်များ လိုတာပါလဲ..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ တွက်ချက်၍ ပြောလိုက်သည်။ "ငါ့လစာက တဖုန်းကြေးပြားရှစ်ရာဆိုတော့ တစ်လစာဆိုရင် ဒီအကြပ်အတည်းကို ကျော်လွှားနိုင်ပါပြီ..."

ချင်မူက ဟူလင်းအာကို ပြောလိုက်၏။ "လင်းအာ၊ တဖုန်းကြေးပြားတစ်ထောင် ယူလာပြီး ဧကရာဇ်အတိုင်ပင်ခံကို ပေးလိုက်ပါ..."

ဟူလင်းအာက ခေါင်းညိတ်၍ အခန်းထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

ချင်မူ ပြုံးလိုက်၏။ "ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ဒီလောက် ဆင်းဆင်းရဲရဲနေဖို့ လိုအပ်လို့လား..."

ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ "လိုအင်ဆန္ဒတွေ များလွန်းရင် ကျင့်ကြံခြင်းနဲ့ အသိဉာဏ်ပညာကို ထိခိုက်နိုင်တယ်... အလိုဆန္ဒ နည်းပါးတဲ့အခါ ငွေကြေးဆိုတာ အရေးမပါတော့ပါဘူး..."

ရုတ်တရက် သူ့မျက်ဝန်းထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ပြုံးလိုက်၏။ "မင့်အခန်းထဲမှာ တခြားလူ ရှိနေတယ်... အဲဒီလူက တထာဂတ ဗုဒ္ဓမြတ်စွာတစ်ပါးလို မလှုပ်မယှက် ထိုင်နေတယ်... မဟုတ်သေးဘူး၊ လူနှစ်ယောက် ဖြစ်လိမ့်မယ်... နောက်တစ်ယောက်က မိုးအောက်မြေပြင်တစ်ခွင်နဲ့ တစ်သားတည်း ဖြစ်ပြီး တစ်ချိန်လုံး ရွေ့လျားနေတယ်... အချိန်မရွေး လွတ်ထွက်သွားတော့မလိုပဲ... ဘယ်လောက်တောင် ထိပ်တန်းကျလိုက်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ကျင့်စဉ်လဲ၊ ငါတောင် သူ့ကို သတိမထားမိဘဲ နေတော့မလို့... တော်ဝင်ကျောင်းတော်သားချင်၊ ငါ့ကို အထဲဝင်ဖို့ မဖိတ်ခေါ်တော့ဘူးလား..."

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံကို အထဲဝင်ဖို့ မဖိတ်ခေါ်တော့ဘူး... ကျွန်တော့်ရဲ့ မိသားစုဆွေမျိုးတွေ ရောက်နေတာပါ၊ သူတို့က ဒဏ်ရာရထားတော့ ဧည့်တွေ့ဖို့ အဆင်မပြေ ဖြစ်နေသေးတယ်..."

"အိုး... ဒဏ်ရာရထားကြတာလား၊ အဲဒါကြောင့် ခြံထဲမှာ ပရဆေးပင်တွေ အများကြီး ဖြစ်နေတာကိုး... ငါလည်း ဒဏ်ရာရထားတာဆိုတော့ သူတို့ကို အနှောက်အယှက်ပေးလို့ မသင့်တော်ပါဘူး..."

ဟူလင်းအာက ငွေအိတ်ကြီးတစ်အိတ် ယူလာ၏။ ချင်မူက သူ့လက်ထဲမှ လွှဲပြောင်းယူ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထံ ကမ်းပေးလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ငွေရေးကြေးရေး ကြပ်တည်းနေရင် ပြန်မပေးလည်း ရတယ်... ဧကရာဇ်အတိုင်ပင်ခံ… မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့သူတစ်ယောက်အဖို့ ဆင်းရဲတာ ပြဿနာ မဟုတ်ပေမဲ့ မဖြစ်မနေ ဆင်းရဲဖို့လည်း မလိုပါဘူး... ဆင်းရဲတယ်ဆိုတာ မြင့်မြတ်တဲ့သူ ဖြစ်ဖို့ လိုအပ်ချက်တစ်ခု မဟုတ်ဘူးမလား..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ "ငါ ပြန်ဆပ်မှာပါ... ဧကရာဇ်ရဲ့ ဆုတော်လာဘ်တော်တွေ သုံးလေးရက်အတွင်း ရောက်လာတော့မယ်၊ အဲဒီအခါကျ မင့်ကို ပြန်လာဆပ်ပါ့မယ်... ဒီရက်ပိုင်း ကြပ်တည်းနေတာ ဖြေရှင်းဖို့အတွက်ပဲ လိုတာပါ..."

သူက ကျေးဇူးတင်စကား ဆို၍ နှုတ်ဆက်ထွက်ခွာသွားသည်။

ချင်မူက ဧကရာဇ်အတိုင်ပင်ခံ အဝေးရောက်သွားသည်အထိ စောင့်ပြီးနောက် ဟူလင်းအာနှင့် နဂါးချီလင်ကို ခြံတံခါးဝတွင် စောင့်ကြပ်ခိုင်းလိုက်၏။ ထို့နောက် ပင်မခန်းထဲ ပြန်ဝင်ကာ မေးလိုက်သည်။ "ဘိုးဘိုးထော့ကျိုး၊ ဧကရာဇ်အတိုင်ပင်ခံရဲ့ စံအိမ်ကို အပြောင်ရှင်းပစ်လိုက်တာလား..."

"ဘာအပြောင်ရှင်းပစ်ရမှာလဲ..." ထော့ကျိုးက ခေါင်းခါယမ်းလိုက်၏။ "သူ့စံအိမ်မှာ ငွေနဲ့ပတ်သက်လို့ ဘာမှ များများစားစား မရှိဘူး၊ ပရိဘောဂတွေကလည်း ဘာမှ အဖိုးမတန်ဘူး... တန်ကြေးအရှိဆုံးဆိုလို့ နားကန်းရဲ့ ပန်းချီကားပဲ ရှိတယ်၊ အဲဒါတော့ အဖိုးဖြတ်လို့ မရဘူးပေါ့..."

ချင်မူ ဇဝေဇဝါဖြစ်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အမှန်တကယ်ပင် ထိုမျှ ဆင်းရဲသည်လား။ လူမှုအဆင့်အတန်း အသီးသီးတွင် ဩဇာညောင်း၍ ဧကရာဇ်၏ အရေးပါအရာရောက်သော ဝန်မင်းတစ်ပါးမှာ အဘယ်သို့ပြု၍ စည်းစိမ်ဥစ္စာမရှိ ဖြစ်နေရသနည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သတ္ထုတွင်းကြီးကြပ်အရာရှိများ၊ ပန်းပဲဖိုနှင့် လက်နက်ခဲယမ်းစက်ရုံတာဝန်ခံ အရာရှိမင်းများမှာ ဖော်မပြနိုင်လောက်အောင် ချမ်းသာကြွယ်ဝကြ၏။ ဧကရာဇ်၏ အတိုင်ပင်ခံတစ်ယောက်အနေဖြင့် အဘယ်သို့ပြု၍ ဤမျှ ဆင်းရဲမွဲတေနေရပါသနည်း။

ထော့ကျိုးက စာရွက်လိပ်တစ်ခုကို ဖျတ်ခနဲ ဆွဲထုတ်၍ ဖွင့်လိုက်သည်။ "ဒီဓားနတ်ဘုရားရဲ့ နောက်ကျောဘက်ပန်းချီကားက ရွာလူကြီးရဲ့ပုံ ဟုတ်တယ်မလား... နားကန်းက ရွာလူကြီး ငယ်ငယ်ကပုံကို မြင်ဖူးလိုက်တာနဲ့ တူတယ် ဟီး ဟီး... ဒီပန်းချီကားကို လူတိုင်း ကြည့်လို့မရဘူး ကြည့်မိတဲ့ မျက်လုံးတွေ ကန်းကုန်လိမ့်မယ်..."

သူက ဓားနတ်ဘုရားပန်းချီကားကို ပြန်လိပ်၍ ချင်မူ့ထံ ပစ်ပေးလိုက်၏။ "မင့်ကို ပေးလိုက်မယ်၊ ဒီပန်းချီကားကို မိစ္ဆာရန် ကာကွယ်ဖို့သုံး... နားကန်းဆွဲထားတဲ့ ရွာလူကြီးရဲ့ပန်းချီကားက မင့်နားကို သရဲတစ္ဆေတွေ မကပ်နိုင်အောင် ကာကွယ်ပေးလိမ့်မယ်... ဖွင့်တော့မကြည့်နဲ့... မင့်ရဲ့ ကျင့်စဉ်စွမ်းအင်နဲ့ဆို ကြည့်မိတာနဲ့ မျက်လုံးကန်းမှာ၊ အခန့်မသင့်ရင် သေတောင်သေနိုင်တယ်... အဲဒီအချိန်မှာ နားကန်းရဲ့ ပန်းချီကားတွေက နတ်ဘုရားအဆင့် မရောက်သေးပေမဲ့ သူဆွဲတဲ့လူက စွမ်းအားကြီးလွန်းတော့ မင်းအနေနဲ့ ကြည့်လို့ မဖြစ်သေးဘူး..."

ချင်မူမှာ မျက်ကန်း၏စကားကို မယုံသော်လည်း ပန်းချီကားကို သူ၏ ထောင်ထျယ်အိတ်ထဲသို့ ထည့်ကာ သိမ်းလိုက်သည်။

အဘိုးကြီးမာက ပြောလိုက်၏။ "နားကန်းက ရွာလူကြီးကို အရင်က မြင်ဖူးတာ မှန်တယ်... ဒါပေမဲ့ ဒါက သူ့စိတ်ထဲမှာ ကြည်ညိုလေးစားထားတဲ့ ပုံရိပ်ပဲ... ရွာမှာ သူအရင်းနှီးဆုံးက ရွှေအ... အခု ရွှေအက ဘာတစ်ခုမှမပြောဘဲ ထွက်သွားတော့ နားကန်းလည်း ငြိမ်နေနိုင်မှာ မဟုတ်ဘူး၊ သေချာပေါက် ရွှေအကို ထွက်ရှာလိမ့်မယ်..."

ချင်မူ့ရင်ထဲတွင် ခံစားမိသွားသည်။ သူ ထွက်သွားကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာရှိ ရွာသူရွာသားများ တစ်ယောက်ပြီးတစ်ယောက် ရွာမှ ထွက်လာ၏။ ဤအဘိုးကြီးများက သူ့ကို မလွမ်းဟု ပြောနေသော်လည်း သူ့အတွက်နှင့် ရွာမှ ထွက်လာကြသည်။

ထော့ကျိုး နန်းတွင်းမှ 'ချေးငှား'လာသည်ဟူသော ပရဆေးပင်များကို အမျိုးအစားခွဲခြင်းအပေါ် သူ အာရုံစိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိ၏။ "နန်းတွင်းက ပရဆေးပင်တွေက အဖိုးတန်တာ မှန်ပေမဲ့ ဘိုးဘိုးဆေးဆရာရဲ့ ဆေးပင်ခြံထဲက ဆေးပင်တွေလောက်တော့ မကောင်းသေးဘူး... တကယ်ဆို ဒီဆေးပင်တွေက တကယ့်ကို ရှားပါးတဲ့ ဆေးပင်တွေ..."

ဤဆေးပင်များနှင့်ဆိုလျှင် အဘိုးကြီးမာ၏ လက်နှင့် ထော့ကျိုး၏ ခြေထောက်ကို အသက်ဓာတ် ပြန်ဖြည့်ပေးနိုင်မည့် ဆေးတစ်ဖုံ ဖော်စပ်နိုင်ပြီ ဖြစ်သည်။ နန်းတွင်းကောလိပ် ဆေးစတိုမှ ဖြည့်စွက်ဆေးပင်အချို့ သွားယူရန်သာ လိုအပ်ပေတော့မည်။

All Chapters