အဝါရောင်သစ်တော်သီးပင်
Vol. 15 Ch. 205
ချင်မူက ဖော်စပ်မည့် ဆေးပင်များကို ရွေးထုတ်လိုက်သည်။ အဘိုးကြီးမာ၏လက်နှင့် ထော့ကျိုး၏ခြေထောက်ကို ဆေးစိမ်ထားပြီးနောက် နန်းတွင်းကောလိပ် ဆေးစတိုမှ တောင်ပိုင်းဒေသ အဆိပ်ပိုးကောင်မှုန့်အချို့ သွားဝယ်လိုက်၏။
ဤအဆိပ်ပိုးကောင်မှုန့်မှာ လှပျိုဖြူအဆိပ်ပိုးကောင်ဟု ခေါ်သော အလွန်တရာ သေးငယ်သည့် ပိုးကောင်ငယ်လေးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိုးကောင်တစ်ကောင်တည်းဆိုလျှင် သာမန်မျက်စိနှင့် မမြင်ရ။ တတိယမျက်လုံးနှင့် ကြည့်မှသာ မြင်နိုင်၏။
ဤပိုးကောင်များမှာ အခြောက်ခံ၍ အမှုန့်ပြုထားသည့်တိုင် သွေးနှင့် ထိတွေ့သောအခါ ပြန်လည် ရှင်သန်နိုင်စွမ်း ရှိသည်။
ချင်မူက အဘိုးကြီးမာနှင့် ထော့ကျိုးထံမှ သွေးအနည်းငယ် တောင်းယူ၍ အဆိပ်ပိုးကောင်မှုန့်ကို အရည်ဖျော်လိုက်၏။ လှပျိုဖြူအဆိပ်ပိုးကောင်များမှာ သွေးနှင့် ထိတွေ့သောအခါ ပြန်လည် ရှင်သန်လာသည်။ သွေးထည့်ထားသည့် ဖန်ခွက်နှစ်ခွက်မှာ အသက်ဝင်လာသကဲ့သို့ ထင်ရ၏။
အဘိုးကြီးမာနှင့် ထော့ကျိုးက ဖန်ခွက်များကို လှမ်းကြည့်လိုက်သည်။ သူတို့၏ မျက်စိအမြင်က လွန်စွာ အားကောင်းသဖြင့် သွေးထဲရှိ ပိုးကောင်များကို မြင်နိုင်စွမ်းရှိ၏။ ဖန်ခွက်ထဲတွင် သောင်းချီသော ပိုးကောင်များ ပြည့်သိပ်နေပြီး လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထော့ကျိုးက ပြုံးလိုက်၏။ "မူအာ၊ ဒီပိုးကောင်တွေ သုံးပြီး ငါတို့ခြေလက်တွေကို ကုမလို့လား... ဒါ ဘာပိုးကောင်တွေလဲ... အန္တရာယ်ရှိလား..."
သူတို့၏ ဒုက္ခိတဘိုးဘွားကျေးရွာ၌ မိန်းမငယ်လေးများကို မျက်ရည်တောက်တောက်ကျအောင် ခြောက်လှန့်နိုင်ခြင်းအပေါ် မူတည်၍ အဆင့်စီလျှင် သားသတ်သမားမှာ ဒုတိယသာ စွဲပေလိမ့်မည်။ ပထမနေရာ၌ ရပ်တည်နေသူမှာ ပန်းပွင့်လေးများနှင့် ပိုးကောင်ငယ်လေးများ စိုက်ပျိုးမွေးမြူတတ်သည့် ဆေးဆရာ ဖြစ်သည်။
ဆေးဆရာ၏ မျက်နှာက ကြောက်စရာကောင်းသည် မှန်သော်လည်း ထိုထက် ပိုကြောက်ဖို့ကောင်းသည်မှာ သူ၏ ပိုးကောင်များ ဖြစ်၏။ ထော့ကျိုးမှာ မခိုးရ မနေနိုင်သူ ဖြစ်သဖြင့် ရွာရှိလူအားလုံး၏ အခန်းထဲသို့ ရောက်ဖူးသည်။ ချင်မူ၏ သကြားရည်လောင်းထားသည့် အသီးတုတ်ထိုးများကိုပင် အကြိမ်ပေါင်း မနည်းအောင် ခိုးယူဖူးသော်လည်း ဆေးဆရာ၏ အခန်းကိုတော့ ယောင်မှား၍မျှ မထိမိချေ။
ချင်မူမှာ ဆေးဆရာထံမှ ဆေးပညာ သင်ယူဖူးသည် ဖြစ်၍ အဆိပ်ပိုးကောင်များနှင့် ပတ်သက်ပြီး အတော်လေး နှံ့စပ်ပေလိမ့်မည်။ ဖန်ခွက်နှစ်လုံးထဲမှ ပိုးကောင်များကို ကြည့်ရင်း ထော့ကျိုး ကြက်သီးမွေးညင်းများ ထောင်ထသွား၏။ လူယုတ်မာတစ်ယောက်က သူ့ကို အန္တရာယ်ပြုရန် ကြိုးစားနေသည့် ခံစားချက်မျိုး ရလာသည်။
"ဘိုးဘိုးထော့ကျိုး၊ စိတ်မပူပါနဲ့... ဒီလှပျိုဖြူအဆိပ်ပိုးကောင်နည်းက တောင်ပိုင်းနယ်စပ် ပင်ပျိုငါးသွယ်ပြည်နယ်ရဲ့ အဆိပ်ပိုးကောင်နည်းတွေထဲက တစ်နည်းပါ... ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်ပါဘူး..."
ချင်မူက ပိုးကောင်သွေးများကို အဘိုးကြီးမာ၏လက်နှင့် ထော့ကျိုး၏ခြေထောက်ရှိ သွေးကြောများထဲသို့ ထိုးထည့်လိုက်၏။ "ဒီပိုးကောင်တွေကို လှပျိုဖြူအဆိပ်ပိုးကောင်လို့ ခေါ်ရတဲ့ အကြောင်းရင်းက တောင်ပိုင်းနယ်စပ်ရဲ့ သိုင်းဂိုဏ်းသူတချို့က ဒီပိုးကောင်တွေ သုံးပြီး အရွယ်တင် နုပျိုလှပနေအောင် လုပ်ကြလို့ပဲ... သူတို့ သေသွားပြီးရင်တောင် အသက်ရှိနေသလို ထင်ရသေးတယ်..."
"သေပြီးရင်တောင် အသက်ရှိနေသလို ထင်ရသေးတယ် ဟုတ်လား..." ထော့ကျိုး ကျောစိမ့်သွားသည်။ ဤလှပျိုဖြူအဆိပ်ပိုးကောင်များက မည်သည့်နည်းနှင့်မျှ မကောင်းနိုင်ဟု ထင်နေမိသေး၏။
ချင်မူက ထော့ကျိုး၏ခြေထောက်နှင့် အဘိုးကြီးမာ၏လက်ကို ဆေးကျိုအိုးထဲသို့ ထည့်လိုက်သည်။ ဆေးကျိုအိုးထဲ၌ ဆေးရည်များ ကျိုပြီးသား အသင့်ရှိနေ၏။ "ဒီလို အဆိပ်ပိုးကောင်မျိုးက သွေးပုပ်သွေးညစ်တွေ၊ အရေပြားအသေတွေ၊ မကောင်းတော့တဲ့ ကြွက်သားတွေ၊ ကျိုးပဲ့နေတဲ့ အရိုးတွေ၊ အသက်ဓာတ် မရှိတော့တဲ့ ရိုးတွင်းခြင်ဆီတွေကို စားပစ်နိုင်တယ်... အဲဒါကြောင့် လှပျိုဖြူအဆိပ်ပိုးကောင် အသုံးပြုတဲ့လူတွေက အသက်ကြီးပြီး သေတဲ့အချိန်ထိ ငယ်ရွယ်နုပျိုတဲ့ သွင်ပြင်ကို ထိန်းထားနိုင်ကြတာ... ဘိုးဘိုးဆေးဆရာ ပြောတာတော့ သူ့မှာ ဒီလိုအဆိပ်ပိုးကောင်မျိုး ခန္ဓာကိုယ်ထဲ မွေးထားတဲ့ မိန်းကလေးမိတ်ဆွေ တချို့ ရှိတယ်တဲ့... နှစ်တွေအများကြီး ကြာတာတောင် ဆယ်ခြောက်နှစ်၊ ဆယ်ခုနစ်အရွယ်အတိုင်းပဲ ရှိပြီးတော့ ကျပ်ထုပ်နေတာပဲတဲ့... ကျပ်ထုပ်နေတဲ့ မိန်းကလေးတွေဆို သိပ်သဘောကျတာလို့ ဘိုးဘိုးဆေးဆရာက ပြောတယ်..."
ဤလူငယ်လေး၏ မျက်နှာတွင် အတွေးနက်သွားသည့် အမူအရာ ပေါ်လာသည်။ "ကျပ်ထုပ်နေတဲ့ မိန်းကလေးတွေဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ..."
ထော့ကျိုးက ပြောလိုက်၏။ "မင့်အသက်က ငယ်ပါသေးတယ်၊ အဲလို အဓိပ္ပာယ်မရှိတာတွေ လျှောက်မစဉ်းစားနေနဲ့... ဒီပိုးကောင်တွေက ငါ သုံးလို့ရရဲ့လား..."
ချင်မူက ထော့ကျိုး နန်းတွင်းမှ ယူဆောင်လာသော ဆေးပင်များထဲမှ သစ်စေ့တစ်စေ့ ကောက်ယူပြီး ပင်မခန်းဆောင်အောက်မှ ကျောက်စိမ်းရောင်မြေသားများ ပေါ်အောင် ကြမ်းခင်းကြွေပြား တစ်ချပ်ကို ဆွဲခွာလိုက်သည်။ "ရတာပေါ့... ဒါပေမဲ့ ဒီလိုအဆိပ်ပိုးကောင်မျိုးက ဆိုးကျိုးလည်း ရှိတယ်... သူတို့အတွက် စားစရာမရှိတော့ရင် ကောင်းနေတဲ့ အသွေးအသားတွေကို စားပစ်တာ၊ အဲဒါကြောင့် ခန္ဓာကိုယ်ထဲ ဒီလိုအဆိပ်ပိုးကောင်မျိုး ထည့်ထားတဲ့သူတွေက သွေးစိမ်းရှင်ရှင်တွေသုံးပြီး မွေးကြရတယ်... အချိန်ကြာလာတာနဲ့အမျှ လှပျိုဖြူအဆိပ်ပိုးကောင်တွေ ပိုပိုပြီး ပွားလာတဲ့အခါ လိုအပ်တဲ့ အသွေးအသားပမာဏ များလာလိမ့်မယ်..."
သူက ထောင်ထျယ်အိတ်ကို ဖွင့်၍ ကျောက်စိမ်းနဂါးနန်းတော်မှ ရေအနည်းငယ် ထုတ်ယူပြီး ရေလောင်းလိုက်၏။ "ဘိုးဘိုးဆေးဆရာပြောတာတော့ ပင်ပျိုငါးသွယ်ပြည်နယ်မှာဆိုရင် မိန်းမလှလေးတွေက ငယ်ရွယ်နုပျိုပြီး သန်မာအားကောင်းတဲ့ ယောက်ျားပျိုတွေကို ညှို့မြူသိမ်းသွင်းတဲ့ ဖြစ်ရပ်တွေ မကြာခဏ တွေ့ရတယ်တဲ့... တစ်ညတာ ပျော်ပါးပြီးတာနဲ့ အဲဒီယောက်ျားပျိုတွေဟာ အရေခွံပဲ ကျန်ရစ်ကြတယ်... မိန်းမလှတွေက အဲဒီယောက်ျားပျိုလေးတွေရဲ့ အသွေးအသား အဆီအနှစ်တွေ သုံးပြီး သူတို့ရဲ့ လှပျိုဖြူအဆိပ်ပိုးကောင်တွေကို အစာကျွေးပစ်ကြတာလို့ ဆိုတယ်..."
ထော့ကျိုးမှာ ဆတ်ခနဲ တုန်သွားသည်။
ချင်မူ ရေလောင်းပြီးသွားသောအခါ မြေကြီးထဲမှ အညှောင့်ပေါက်လေးတစ်ခု ထိုးထွက်လာပြီး မျက်စိအောက်တွင်ပင် ဆန့်ထွက်ကြီးထွားလာ၏။
ဤလူငယ်လေးက အပင်ညှောက်ပေါက်လေး၏ ဘေးမှ တစ်ပတ်ပြီးတစ်ပတ် လမ်းပတ်လျှောက်ရင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။ ထို့နောက် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို အသုံးပြု၍ အမျိုးမျိုးသော လက်ဟန်မုဒြာများဖြင့် အပင်ပေါက်လေးကို ထိခတ်လိုက်၏။ သူ၏ လက်ဖဝါးနှင့် လက်ချောင်းလေးများက အပင်ပေါက်လေး၏ အရွက်များကို ထိရုံသာထိ၍ တစ်မုဟုတ်ချင်း ပြန်ရုပ်သိမ်းသွားသည်။
အပင်ပေါက်လေး၏ အကိုင်း၊ အခက်၊ အရွက်တို့မှာ သူ့လက်ဝါး၊ လက်ချောင်းများနှင့် ထိတွေ့သွားတိုင်း ကုချင်းသံစဉ်ကဲ့သို့ ဒင်ဒင်ဒေါင်ဒေါင် မြည်လာ၏။ ပင်မခန်းဆောင်ထဲ၌ သာယာကြည်နူးဖွယ်ကောင်းသော သံစဉ်စည်းချက်တစ်ခု ပျံ့လွင့်လွှမ်းခြုံသွားသည်။
ချင်မူက ဟိုမှသည် လျှောက်သွားရင်း ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို အသုံးပြုလျက်ရှိ၏။ သစ်ပင်ငယ်လေးက လူတစ်ရပ်အရွယ်သို့ ကြီးထွားလာပြီး အရွက်များ စိမ်းစို၍ အညှောက်များ ပေါက်လာသည်။
နောက်တစ်ခဏ၌ ပန်းဖူးများ ဖူး၍ နှင်းပွင့်ကဲ့သို့ ဖွေးဖွေးဖြူသော သစ်တော်ပန်းများ ပွင့်အာလာ၏။
"လှပျိုဖြူအဆိပ်ပိုးကောင်ရဲ့ နာမည်က သိပ်တော့မကောင်းဘူး... အဲဒါကြောင့်မို့လို့ ကျွန်တော် အစောက နန်းတွင်းကောလိပ် ဆေးစတိုမှာ သွားဝယ်တော့ အဆောင်မှူးဆရာက ဘာသုံးဖို့လဲ မေးတာ ခံလိုက်ရသေးတယ်... သူပြောတာတော့ ဘုရင်ခံ၊ နယ်စား၊ ဝန်မင်းမိသားစုတွေက မိန်းမတော်တော်များများ ဒီလိုပစ္စည်းမျိုးတွေကို သဘောကျကြတယ်တဲ့... နန်းတွင်း မိဖုရားငယ်တွေထဲမှာတောင် ဒါမျိုးတွေသုံးတဲ့သူ ရှိသေးတယ်၊ အဲဒါကြောင့် ကုသရေးခန်းမက ဒီအဆိပ်ပိုးကောင်တွေကို မျိုးမပွားနိုင်အောင် ဗီဇပြောင်းလဲထားတယ်လို့ ပြောတယ်..."
ချင်မူ၏ ခြေလှမ်းများက အနည်းငယ်မျှပင် ရပ်တန့်ခြင်း မရှိသကဲ့သို့ သူ့လက်များကလည်း အနားမနေချေ။ သူ၏ လက်ဟန်မုဒြာက ကွမ်ရင်မယ်တော် လက်ချောင်းတောက်ထုတ်ဟန်သို့ ကူးပြောင်းသွားသည်။ လက်ချောင်းတောက်ချက် တစ်ချက်စီတိုင်းတွင် တည်ငြိမ်သည့် ကန်ရေပြင်သို့ ကျောက်ခဲပြုတ်ကျသည့်နှယ် အသံများ ထွက်ပေါ်လာ၏။
အပင်ထက်တွင်တော့ သစ်တော်ပန်းများ ညှိုးခြောက်သွားပြီး အစိမ်းရောင် သစ်တော်သီးများ သီးလာသည်။ ထိုသစ်တော်သီးများက လွန်စွာ သေးငယ်ပြီး လက်မအရွယ်ခန့်သာ ရှိ၏။
သို့သော်လည်း ချင်မူ၏ လက်ဟန်မုဒြာက ထပ်မံ၍ ပြောင်းလဲသွားပြီး သစ်တော်သီးများသည်လည်း တဖြည်းဖြည်း ကြီးထွားလာသည်။
"နန်းတွင်းသမားတော်ယိုက အဆိပ်ပိုးကောင်သတ်ဆေးကိုတောင် ဖော်စပ်ထားသေးတယ်၊ လှပျိုဖြူအဆိပ်ပိုးကောင် ခန္ဓာကိုယ်ကို ဒုက္ခပေးလာတဲ့အချိန်မှာ အဲဆေးကို သောက်လိုက်ရင် ကိုယ်ထဲကပိုးကောင်တွေကို ရှင်းထုတ်ပေးနိုင်တယ်တဲ့..."
ချင်မူက သူ၏ ဖန်ဆင်းပညာကို ဆက်၍ ပြောင်းလဲပြီး သစ်သီးများ ရင့်မှည့်အောင် ပြုလုပ်လိုက်၏။ အပင်ထက်မှ အစိမ်းရောင် သစ်တော်သီးများက လက်သီးဆုပ်အရွယ်ခန့်ထိ ကြီးထွားလာသည်။ "ဆေးစတို အဆောင်မှူးဆရာဆီကနေ အဲဒီအဆိပ်ပိုးကောင်သတ်ဆေး တစ်လုံးတောင် ကျွန်တော် တောင်းကြည့်လိုက်သေးတယ်... အသုံးပြုထားတဲ့ ဆေးပင်တွေက သာမန်ရိုးရိုးဆေးပင်တွေပါပဲ၊ ဒါပေမဲ့ အဲဒီဆေးလုံး ရောင်းတဲ့ ဈေးကတော့ တော်တော်ကြီးတာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ လစာနဲ့တောင် အဲဒီလို ဆေးလုံးမျိုး တစ်လုံးဝယ်ဖို့ မလောက်ဘူး... အဆောင်မှူးဆရာပြောတာတော့ နန်းတွင်းသမားတော်ယိုက အဲဒီဆေးလုံးအားကိုးနဲ့ နန်းတွင်းသမားတော်တွေကြားမှာ အချမ်းသာဆုံးသူဌေး ဖြစ်နေတာတဲ့..."
ထော့ကျိုး၏ မျက်လုံးများ အရောက်တောက်သွား၏။ "နန်းတွင်းသမားတော်ယို ဟုတ်လား... အချမ်းသာဆုံးသူဌေး ဟုတ်လား..."
သစ်ပင်ထက်မှ သစ်တော်သီးများက အဝါရောင်သန်း၍ မွှေးပျံ့လာသည်။
ချင်မူက သစ်တော်သီးအချို့ ခူး၍ အဘိုးကြီးမာနှင့် ထော့ကျိုးထံ ပစ်ပေးလိုက်၏။ အဘိုးကြီးနှစ်ယောက်မှာ တစ်ကိုက်စီ စားကြည့်ပြီးနောက် ပါးစပ်ထဲတွင် ချိုမြသည့် သစ်တော်အရသာ စိမ့်ဝင်သွားသဖြင့် တအံ့တဩ ချီးကျူးလိုက်မိကြသည်။
"နတ်ဆေးသမားတော်လေးက ဘယ်လို မှော်ပညာမျိုးသုံးပြီး ဒီလိုသစ်တော်သီးတွေ ဖန်ဆင်းလိုက်တာလဲ..." အဘိုးကြီးမာက မေးလိုက်၏။
ချင်မူမှာ ရှက်သွားသည်။ "ဘိုးဘိုးမာ၊ ကျွန်တော့်ကို မစပါတော့နဲ့... ဒါက ဘွားဘွားသင်ပေးထားတဲ့ ကမ္ဘာမြေမှုန်ဖန်ဆင်းပညာပါ..."
"ကမ္ဘာမြေမှုန်ဖန်ဆင်းပညာ ဟုတ်လား..."
အဘိုးကြီးမာနှင့် ထော့ကျိုး တစ်ယောက်ကို တစ်ယောက် မယုံနိုင်သလို ကြည့်လိုက်ကြ၏။ ထော့ကျိုးက တီးတိုးရေရွတ်လိုက်သည်။ "အဘွားကြီးစစ် ဒီကျင့်စဉ်ကို သုံးတာ ငါအရင်က မြင်ဖူးပါတယ်... အဲဒီတုန်းက မွန်းတည့်ချိန်ကြီး၊ လူ့နှလုံးငါးခုက ကောင်းကင်ကို မျက်နှာမူပြီး နေမင်းရောင်ခြည် အဆီအနှစ်တွေကို စုစည်းနေတာ၊ မိုးပေါ်မှာ မီးလျှံတိမ်တိုက်တွေက တရှိန်ရှိန်တောက်လောင်လို့... အဲမြင်ကွင်းက အတော်လေး ကြောက်ဖို့ကောင်းချက်၊ မြင်တာနဲ့ မိစ္ဆာလမ်းစဉ်က ထိပ်တန်းကျင့်စဉ်ကို သုံးနေတာမှန်း သိသာတယ်... အဘွားကြီးစစ်က အဲဒီကျင့်စဉ်ကို သုံးပြီး လူတွေအများကြီးကို လောင်တိုက်သွင်း သတ်ပစ်ခဲ့တာ၊ အခု မင်းသုံးတာနဲ့ အတော်လေး ကွာသလိုပဲ..."
ချင်မူ မှင်တက်မိသွား၏။ "ကျွန်တော် မှားကျင့်မိတာများလား..."
အဘိုးကြီးမာက ခေါင်းယမ်းလိုက်သည်။ "မင်း မှားကျင့်တာ မဟုတ်ပါဘူး... မင်းကျင့်တာ အစင်ကြယ်ဆုံးပဲ၊ အဘွားကြီးပဲ လမ်းမှားရောက်သွားတာ ဖြစ်မယ်... နေမင်းက သက်ရှိအားလုံးကို ရှင်သန်အောင် ခွန်အားပေးနေတာဆိုတော့ ဒီအတိုင်း အသုံးပြုတာကသာ အမှန်ဖြစ်မှာ..."
ချင်မူက သစ်တော်သီးတချို့ ထပ်ခူး၍ တစ်ဝက်ခြမ်းကာ ဆေးကျိုအိုးထဲသို့ ပစ်ထည့်လိုက်၏။ "ကျွန်တော်က လှပျိုဖြူအဆိပ်ပိုးကောင်နဲ့ ဘိုးဘိုးတို့ရဲ့ ခြေလက်ထဲက မကောင်းတော့တဲ့ အသွေးအသားတွေကို ဖယ်ရှားပစ်ပြီးရင် ဒီဆေးရည်နဲ့ အဲဒီပိုးကောင်တွေကို ထုတ်ပစ်မှာ... ဘိုးဘိုးတို့ ခြေလက်တွေ ဘေးမဖြစ်ပါဘူး... ဒီအဝါရောင်သစ်တော်သီးက တခြားဆေးပင်တွေရဲ့ အာနိသင်ကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးတစ်မျိုးပဲ... အရသာကောင်းပေမဲ့ ဆေးစွမ်းအာနိသင် အများကြီးတော့ မပါဘူး..."
ဆေးပညာသဘောတရားနှင့် ပတ်သက်လျှင် သူ၏ အသိပညာဗဟုသုတက နန်းတွင်းသမားတော်ယိုထက် သာလွန်သည်။ နန်းတွင်းသမားတော်ယို၏နည်းက အဆိပ်ပိုးကောင်သတ်ဆေး အသုံးပြု၍ လှပျိုဖြူအဆိပ်ပိုးကောင်များကို သေအောင်လုပ်ပစ်ခြင်း ဖြစ်သဖြင့် ထိုပိုးကောင်များက ခန္ဓာကိုယ်ထဲတွင် ဆက်ရှိနေပြီး တဖြည်းဖြည်းချင်းမှသာ အပြင်သို့ စွန့်ထုတ်ပစ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ချင်မူဖော်စပ်ထားသည့် ဆေးရည်က ဤအဆိပ်ပိုးကောင်များ သူတို့ဖာသာ ပြန်ထွက်လာအောင် လုပ်ခြင်း ဖြစ်သဖြင့် စိုးစဉ်းမျှ ကြွင်းကျန်မနေတော့ပေ။
ထို့ပြင် ဤဆေးရည်က သွေးလေလှည့်ပတ်မှု ကောင်းမွန်စေသဖြင့် အဘိုးကြီးမာ၏လက်နှင့် ထော့ကျိုး၏ခြောက်ထောက်ကို ဇီဝဖြစ်စဉ်များ လှုံ့ဆော်ပြီး အသက်ဓာတ် ပြန်လည် ပြည့်တင်းလာအောင် ကူညီပေးနိုင်သည်။ နဂိုအတိုင်း ကောင်းမွန်လာသည့်အခါမှသာ သူတို့၏ ခြေလက်များကို ပြန်ဆက်ပေးနိုင်မည် ဖြစ်၏။
ချင်မူက ကျန်သည့် သစ်တော်သီးများကို ခူးယူလိုက်ရာ တောင်းတစ်လုံး အပြည့်ရသည်။ ထို့နောက် သစ်တော်ပင်ကို အမြစ်မှ ဆွဲနှုတ်၍ ခြံထဲသို့ သွားထားလိုက်၏။
ပြီးသည့်အခါ ဟူလင်းအာနှင့် နဂါးချီလင်ကို ခေါ်၍ သစ်တော်သီးများ ပေးလိုက်သည်။ ဟူလင်းအာက တစ်ကိုက် မြည်းကြည့်ပြီးနောက် ချီးကျူးမဆုံး ဖြစ်သွား၏။ နဂါးချီလင်လည်း အတော်များများ စားသည်။ သွေးနီမီးလျှံ စွမ်းအင်ဆေးလုံးများ မဟုတ်သည့်တိုင် မြိန်ရေယှက်ရည် စား၏။
"ဒီကောင်ကြီးကို အဆီချပေးဖို့ လိုနေပြီ..."
ချင်မူ နဂါးချီလင်ကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ "ဒီအတိုင်း ဆက်စားနေရင် ဒီကောင် မီးလျှံတိမ်တိုက်တွေပေါ် နင်းပြီး လေထဲပျံနိုင်ပါအုံးမလား..."
ထော့ကျိုးမှာ အငြိမ်ထိုင်မနေနိုင်တော့ချေ။ ချင်မူ့အိမ်၌ နေ့တစ်ဝက်ခန့် နေပြီးသောအခါ တညည်းညည်း တညူညူနှင့် အပြင်လျှောက်ထွက်ကြည့်မည့်အကြောင်း ပြောလာ၏။ အဘိုးကြီးမာကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တွေ့နေမည်စိုးသဖြင့် ထော့ကျိုးနှင့်အတူ လိုက်သွားသည်။
ထော့ကျိုးကို နားဝင်အောင် ပြောဆိုနိုင်သူမှာ အဘိုးကြီးမာသာ ရှိ၏။ ထော့ကျိုးအနေဖြင့် အဘိုးကြီးမာကို လေးစားကြောက်ရွံ့သဖြင့် သူ့စကားကို ပယ်ရှားနိုင်စွမ်း မရှိပေ။ သူတို့နှစ်ဦး ထွက်သွားသည့်တိုင် ချင်မူအနေဖြင့် စိတ်မပူမိ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည်လည်း ဒဏ်ရာအပြင်းအထန် ရထားသဖြင့် သူနှင့် ဆုံတွေ့သည့်တိုင် ထော့ကျိုးအတွက် အရေးနိမ့်စရာ ရှိလိမ့်မည် မဟုတ်ချေ။
ထို့ပြင် အဘိုးကြီးမာမှာ ရွာရှိလူများအနက် သတိအကြီးဆုံး ဖြစ်၏။ အဘိုးကြီးမာ ပါလျှင် ထော့ကျိုးအနေဖြင့် ပြဿနာများစွာ ရှာနိုင်လိမ့်မည် မဟုတ်။
ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ရှေ့တန်းသို့ ထွက်သွားကြသော နန်းတွင်းကျောင်းတော်သားများ ပြန်ရောက်လာသည်။ သူတို့အနေဖြင့် လီကျိုးပြည်နယ်၊ မာန်ဟုန်မြစ်၊ လုစီရင်စုတွင် မဟာတောင်တော်ဂိုဏ်းက မိစ္ဆာနတ်ဆိုး ဆင့်ခေါ်နေသည်ကိုလည်းကောင်း၊ တစ္ဆေကိုးကောင်ဂိုဏ်းက ဝိညာဉ်များ ဆင့်ခေါ်နေသည်ကိုလည်းကောင်း၊ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းက အလောင်းကောင်များ ထိန်းချုပ်နေသည်ကိုလည်းကောင်း ကြုံတွေ့ခဲ့ရ၏။
တပ်မှူးရှောင်ရီ၏ အငိုက်ဖမ်းတိုက်ခိုက်မှု ကြုံရပြီးနောက် တိုက်ပွဲသို့ ဦးတည်သွားသည့် နန်းတွင်းကျောင်းတော်သားများ၏ သုံးဆယ်ရာခိုင်နှုန်းခန့် ကျဆုံးသွားသည်။ ထိုသုံးဆယ်ရာခိုင်နှုန်းမှာ လက်ရွေးစင်တကာ့ လက်ရွေးစင်များ ဖြစ်သဖြင့် အကြီးအကျယ် ဆုံးရှုံးနစ်နာရသည်ဟု ဆိုနိုင်၏။
အမှောင်ထုထဲသို့ တိုးဝင်သွားသည့် နန်းတွင်းကျောင်းတော်များမှာတော့ အားလုံး သုတ်သင်ခံလိုက်ရသည်။ ကံကောင်းထောက်မသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်မကြီးက ဧကရာဇ်အတိုင်ပင်ခံ၏ ဦးဆောင်ညွှန်ကြားမှုအောက်တွင် မာန်ဟုန်မြစ်ပုန်ကန်မှုကို နှိမ်နင်းလိုက်နိုင်၏။ တပ်မှူးယုယွမ်ချူးယွင်မှာလည်း ဆင့်ခေါ်ရောက်ရှိလာသည့် မိစ္ဆာနတ်ဘုရားကို တပ်ဖွဲ့အင်အားများ စုစည်း၍ မြေအောက်ဘုံသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
လီကျိုးပြည်နယ်အကြီးအကဲ ယုယွမ်ချူးယွီကတော့ သူ၏ တပ်ဖွဲ့ကို ဦးဆောင်၍ တပ်မှူးရှောင်ရီကို တားဆီးရန် မြစ်ပြင်ကို ဖြတ်ကျော်တိုက်ခိုက်၏။ သွေးလွှမ်းသည့် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲပြီးသည့်အခါ တပ်မှူးရှောင်ရီ တပ်မကြီး၏ အရှိန်အဟုန် တစ်ခန်းရပ်သွားသည်။ ယုယွမ်ချူးယွီနှင့် ယုယွမ်ချူးယွင်တို့၏ ဓားများက မာန်ဟုန်မြစ် ဆည်းဆာနေဝင်ချိန်၌ ဟန်ချက်ညီစွာ ပေါင်းစပ်ကခုန်သွား၏။ ထိုအခိုက်အတန့်၌ ဓားရိပ်ဆည်းဆာက မြစ်ပြင်အလယ်သို့ တစ်ဝက်ခန့် နစ်မြုပ်နေပြီး ဆည်းဆာနေမင်းထံမှ မရေမတွက်နိုင်သော ဓားရောင်များက သူပုန်တပ်ဖွဲ့၏ မရေမတွက်နိုင်သော ပုန်ကန်သူများကို သုတ်သင်ရှင်းလင်းပစ်သည်။ ကောင်းကင်ယံမှ သင်္ဘောပျံများ ပြုတ်ကျ၍ အလောင်းကောင်များ တဖွဲဖွဲ ရွာကျလာ၏။
တပ်မှူးရှောင်ရီမှာ နောက်ဆုတ်လိုက်ရသည်။
ယုယွမ်ချူးယွီနှင့် ယုယွမ်ချူးယွင်တို့၏ တပ်ဖွဲ့များ မြစ်ပြင်ကို ဖြတ်ကျော်ပြီးသည့်အခါမှသာ လီကျိုးပြည်နယ်၏ မငြိမ်မသက်ဖြစ်မှုများ အဆုံးသတ်သွား၏။
ထိုတိုက်ပွဲပြီးနောက် နန်းတွင်းကျောင်းတော်သားများကို စစ်ဆေးကြည့်သောအခါမှ သူတို့ အကြီးအကျယ် နစ်နာဆုံးရှုံးရမှန်း သိလေသည်။ ကျောင်းသားများကို ကယ်ဆယ်ရန် မိစ္ဆာနတ်ဆိုးနှင့် တိုက်ခိုက်ရင်း တိုက်ပွဲကျသွားရသော အဆောင်မှူးဆရာအချို့ပင် ရှိ၏။
ထိုအရာများ ပြီးသည့်နောက်တွင် ကျောင်းတော်သားများစွာမှာ အဆောင်မှူးဆရာများ၏ ဦးဆောင်မှုဖြင့် ပုန်ကန်သူများ ငြိမ်သက်အောင် လိုက်လံနှိမ်နင်းရသည်။ ဧကရာဇ်အတိုင်ပင်ခံ နန်းတွင်းသို့ ပြန်ရောက်သောအခါမှ ကျောင်းတော်သားများ၏ ခရီးစဉ် ပြီးဆုံးပြီး နန်းတွင်းကောလိပ်သို့ ပြန်လာကြ၏။ သို့အတွက်ကြောင့် ချင်မူထက် နောက်ကျနေကြခြင်း ဖြစ်သည်။
ကူလင်းနွမ်မှာ ကျဆုံးသွားသော နန်းတွင်းကျောင်းတော်သား များစွာအတွက် သူ့အပြစ်ကို ရှောင်လွှဲနိုင်ခြင်း မရှိသဖြင့် ဧကရာဇ်ထံ အပြစ်ဒဏ်ခံယူရန် စာတင်လိုက်၏။ ဧကရာဇ်က သူ့လစာကို နှစ်တစ်ဝက် ရုပ်သိမ်းပြီး စတုတ္ထအဆင့် အရာရှိအဖြစ် ရာထူးချသည်။ သို့သော်လည်း နန်းတွင်းကောလိပ် ပါမောက္ခချုပ်ရာထူးမှတော့ ရုပ်သိမ်းခြင်း မရှိ၊ တာဝန် ဆက်လက်ထမ်းဆောင်ရ၏။
ကူလင်းနွမ်က ထိခိုက်ကျဆုံးစာရင်းကို ပြုစုခိုင်းပြီး ချင်မူ၏နာမည် ပါလေမည်လားဟု ရှာကြည့်သော်လည်း မတွေ့ရချေ။
ထိခိုက်ကျဆုံးစာရင်း ပြုစုအပြီးတွင် ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် နန်းတွင်းသို့ အပြေးသွားလိုက်သည်။ လမ်းတွင် ဧကရာဇ်အမိန့်ပြန်တမ်း ကြေညာသော မိန်းမစိုးတစ်ယောက် နန်းတွင်းကောလိပ်ဘက်သို့ ဦးတည်သွားနေသည်ကို တွေ့သဖြင့် ကူလင်းနွမ် ကမန်းကတန်း လှမ်းမေးလိုက်၏။ "ကုန်းကုန်း၊ နန်းတွင်းကောလိပ်မှာ ဧကရာဇ်အမိန့်ပြန်တမ်း ကြေညာစရာ ရှိလို့လား..."
ထိုမိန်းမစိုးက ပြုံးလိုက်သည်။ "ဂုဏ်ယူပါတယ် သခင်ကြီး၊ တော်ဝင်ကျောင်းတော်သားချင်က ပုန်ကန်မှုကို နှိမ်နင်းတဲ့ နေရာမှာ ကျောင်းတော်သားတွေကို ကယ်ဆယ်ပြီး ကောင်းကျိုးပြုနိုင်ခဲ့ပါတယ်... အရှင်မင်းကြီးက သူ့ကို ရာထူးတိုးမြှင့်ပေးဖို့အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်ကြေညာခိုင်းလိုက်တာပါ..."
ကူလင်းနွမ်၏ မျက်နှာ အေးခဲသွားပြီး ဒေါသတကြီး ပြောဆိုလိုက်၏။ "ဒါ သူလုပ်ရမဲ့ အလုပ်လေ၊ ဘာကိစ္စ ချီးမြှောက်စရာလိုလို့လဲ..."
"အရှင်မင်းကြီး ပြောတာတော့ တချို့လူတွေက သူတို့လုပ်ရမဲ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်လို့ သတိပေးတဲ့အနေနဲ့ ဒီလိုမျိုး ချီးမြှောက်လိုက်တာတဲ့..."