မိစ္ဆာဆင့်ခေါ်သူ
Vol. 15 Ch. 206
"သတိပေးတဲ့အနေနဲ့ ဟုတ်လား... သတိပေးခံရတဲ့သူက ငါလား..."
ကူလင်းနွမ်၏ မျက်လုံးထောင့်စွန်းနှစ်ဖက် တွန့်ခနဲ ဖြစ်သွားသည်။ ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးလာ၏။ အမိန့်တော်ပြန် မိန်းမစိုး၏ လက်ထဲသို့ တဖုန်းကြေးပြားအချို့ ထိုးထည့်ပေးပြီး အားတင်း၍ နန်းတွင်းသို့ ဆက်လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်မျှ လှမ်းအပြီးတွင် ဧကရာဇ်အမိန့်တော် ထုတ်ပြန်သည့် မိန်းမစိုး နောက်တစ်ယောက် နန်းတွင်းကောလိပ်ဘက်သို့ အပြေးလာနေသည်ကို မြင်လိုက်ရပြန်၏။ "ဂုဏ်ယူပါတယ်၊ သခင်ကြီးကူ..."
ကူလင်းနွမ်က ငေးကြောင်ကြောင်နှင့် မေးလိုက်မိသည်။ "ကုန်းကုန်း၊ ဘာများ ဂုဏ်ယူစရာရှိလို့လဲ..."
"သခင်ကြီးကူ မသိသေးဘူးနဲ့တူတယ်၊ သခင်ကြီးရဲ့ နန်းတွင်းကောလိပ် တော်ဝင်ကျောင်းတော်သားချင်က ပုန်ကန်မှု နှိမ်နင်းတဲ့နေရာမှာ အကျိုးဆောင်နိုင်ခဲ့လို့ အရှင်မင်းကြီးက သူ့ကို ရာထူးတိုးမြှင့် ချီးမြှောက်လိုက်ပါတယ်..."
ကူလင်းနွမ် အံ့အားသင့်သွားပြီး လွှတ်ခနဲ့ အော်ဟစ်လိုက်မိ၏။ "နောက်ထပ် ရာထူးတိုးတာလား... အစောကလေးတင် သူ့ကို ရာထူးတိုး ကြေညာမဲ့ ကုန်းကုန်းတစ်ယောက် ထွက်သွားတာလေ... ဘာလို့ နှစ်ခါဆက်တိုက် ရာထူးတိုးတာလဲ..."
ဧကရာဇ်အမိန့်တော်ပြန် မိန်းမစိုးက ပြောလိုက်သည်။ "အရှင်မင်းကြီး ပြောတာတော့ ပထမတစ်ခေါက်က တချို့သူတွေ လုပ်ရမှာကို မလုပ်နိုင်တဲ့အချိန် တော်ဝင်ကျောင်းတော်သားက သူလုပ်ရမှာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အမြင့်စံ ဆဋ္ဌမအဆင့်ရာထူးကို တိုးမြှင့်ပေးလိုက်တာတဲ့... ဒီတစ်ခေါက်တော့ တော်ဝင်ကျောင်းတော်သားက တောင်ပိုင်းနယ်စပ်ဒေသမှာ ပုန်ကန်သူတွေကို နှိမ်နင်းပြီး အကြီးအကျယ် အကျိုးဆောင်နိုင်ခဲ့လို့ အနိမ့်စံ ပဉ္စမအဆင့်ကို ထပ်ပြီး ရာထူးတိုးပေးလိုက်တာလို့ ပြောပါတယ်..."
ကူလင်းနွမ်က တဖုန်းကြေးပြားအချို့ ထုတ်ယူ၍ ထိုမိန်းမစိုး၏ လက်ထဲသို့ တိတ်တဆိတ် ထိုးထည့်ပေးပြီး တီးတိုးရေရွတ်လိုက်၏။ "အိုး... သူက အဲလို အကျိုးဆောင်နိုင်ခဲ့တာလား... တော်ဝင်ကျောင်းတော်သားချင်က ငါတို့ နန်းတွင်းကောလိပ်ရဲ့ တော်ဝင်ကျောင်းတော်သားဆိုတော့ သူဂုဏ်ပြုချီးမြှင့်ခံရတာ ငါ့အတွက်လည်း ဂုဏ်တက်တာပေါ့..."
"အမှန်ပါပဲ..." ဧကရာဇ်အမိန့်တော်ပြန် မိန်းမစိုးက အပြုံးပန်းများ ဝေဆာလျက် အပြေးထွက်သွားသည်။
ကူလင်းနွမ် ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးရင်း နန်းတော်ဘက်သို့ ဆက်လျှောက်သွားစဉ် နောက်ထပ် ဧကရာဇ်အမိန့်တော်ပြန် မိန်းမစိုးတစ်ယောက်ကို မြင်မိလိုက်၏။ ထိုမိန်းမစိုးက သူ့ကို တွေ့သောအခါ မျက်နှာတစ်ပြင်လုံး ပြုံးသွားသည်။ "ဂုဏ်ယူပါတယ်၊ သခင်ကြီးကူ... ဂုဏ်ယူပါတယ်..."
ကူလင်းနွမ်က ညိုမှောင်သော မျက်နှာဖြင့် မေးလိုက်၏။ "ကုန်းကုန်း၊ ဘာများ ဂုဏ်ယူစရာ ရှိလို့ပါလဲ..."
"အရှင်မင်းကြီးက တော်ဝင်ကျောင်းတော်သားကို ရာထူးတိုးပေးလိုက်ပါတယ်..."
ထိုမိန်းမစိုးအိုကြီးက ဆက်၍ ပြောလိုက်သည်။ "တော်ဝင်ကျောင်းတော်သားချင်မူက ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသပေးခဲ့တဲ့အတွက် အမြင့်စံ ပဉ္စမအဆင့် ကျုံးစန်းအရာရှိ အဖြစ် တိုးမြှင့်ပေးပြီး အဆောင်မှူးဆရာတွေနည်းတူ ခံစားခွင့် ပေးအပ်လိုက်ပါတယ်... တစ်ရက်တည်း သုံးကြိမ်ဆက်တိုက် ရာထူးတိုးမြှင့်ခံရတာ သခင်ကြီးရဲ့ နန်းတွင်းကောလိပ်အတွက် အကြီးအကျယ် ဂုဏ်ယူစရာပါပဲ..."
ကူလင်းနွမ်က မျက်နှာသေကြီးနှင့် ခေါင်းညိတ်ပြီး တဖုန်းကြေးပြားအချို့ ထုတ်ယူ၍ ထိုမိန်းမစိုးအိုကြီး၏ လက်ထဲသို့ မည်သူမျှ မမြင်အောင် ထိုးထည့်ပေးလိုက်၏။ ထို့နောက် ဖျစ်ညှစ်ပြုံးပြလိုက်သည်။ "ငါလည်း ဂုဏ်ယူရပါတယ်..."
ထိုမိန်းမစိုး ထွက်သွားသောအခါ ကူလင်းနွမ်၏ မျက်နှာတစ်ပြင်လုံး ပိန်းပိတ်အောင် မည်းမှောင်သွား၏။ ချင်မူက ရာထူးတိုး၍ သူက ရာထူးချခံရသည်။ မကြာမီအချိန်အတွင်း၌ သူတို့နှစ်ယောက် အဆင့်တူသွားပေတော့မည်။
သူတစ်ပါး သုံးကြိမ်ဆက် ရာထူးတိုးခြင်းအတွက်နှင့် သူ့အိတ်ထဲမှ ငွေအတော်များများပင် သုံးလိုက်ရသေးသည်။
"သူသာ ရာထူးဆက်တိုးနေရင် သခင်ကြီးလို့ခေါ်ရမဲ့သူက ငါ ဖြစ်တော့မယ်..."
ကူလင်းနွမ် စိတ်တည်ငြိမ်အောင် ထိန်းပြီး ဧကရာဇ်ရှေ့တော်မှောက် ဝင်ရောက်၍ ထိခိုက်ကျဆုံးစာရင်း ဆက်သလိုက်၏။ ဧကရာဇ်ယန်ဖုန်းက သတင်းပို့မှတ်တမ်းများ ဖတ်ရှုလျက်ရှိပြီး ကူလင်းနွမ် အနားရောက်လာသောအခါ ခေါင်းမော့ကြည့်၍ စာရင်းမှတ်တမ်းကို လက်ခံယူလိုက်သည်။ ထိခိုက်ကျဆုံးစာရင်းကို တစ်ချက် ဖတ်ပြီးနောက် စိတ်နှလုံးနာကျင်စွာဖြင့် ပြော၏။ "ဒီကျောင်းတော်သားတွေအားလုံးက ငါ့ရဲ့ ပါရမီရှင်တွေ၊ အင်ပါယာရဲ့ အနာဂတ်ထောက်တိုင်တွေပဲ... သတင်းပေါက်ကြားသွားလို့ လူ့အမှိုက်တွေရဲ့ ဒုက္ခပေးခံလိုက်ရတာ... ငါ လူသတ်ချင်စိတ် ပေါက်လာပြီ..."
ကူလင်းနွမ်၏ နဖူးထက်တွင် ချွေးစေးများ ဖြိုင်ဖြိုင်ကျလာသည်။ စကားဖြတ်ပြောမိလျှင် ဧကရာဇ် သတ်ချင်သူက သူဖြစ်သွားမည် စိုးသဖြင့် လေသံမျှ မဟရဲတော့ချေ။
ဧကရာဇ်ယန်ဖုန်းက မတ်တတ်ထရပ်၍ ဟိုမှသည် လမ်းလျှောက်နေသည်။ ရုတ်တရက် စားပွဲကို ဗြန်းခနဲ ရိုက်၍ ဒေါသတကြီး မေးမြန်းလိုက်၏။ "ကျောင်းတော်သားတွေ ခရီးထွက်မဲ့ နေရာကို ရွှေမြို့တော်ကနေ ခွာခါနီးမှ အမိန့်ထုတ်ပြန် အသိပေးလိုက်တာ၊ ဘာလို့ ချောင်းမြောင်းတိုက်ခိုက် ခံရတာလဲ... ကူလင်းနွမ်၊ ဝန်မင်းကူ... မင်းရဲ့ ထင်မြင်ချက်ကို ပြောစမ်း၊ သတင်းပေါက်ကြားစေတာ ဘယ်သူလဲ..."
ကူလင်းနွမ်က သူ့ဖာသာ တီးတိုးရေရွတ်လိုက်သည်။ "လီကျိုးတိုက်ပွဲရဲ့ အခြေအနေကို ပြန်သုံးသပ်ကြည့်ရင် လီကျိုးပြည်နယ်အကြီးအကဲက လုစီရင်စုကို ဝင်တိုက်နေပြီ... အဆောင်မှူးဆရာတွေနဲ့ ကျောင်းတော်သားတွေ လီကျိုးကို ရောက်တဲ့အချိန်မှာ ပုန်ကန်သူတွေက ဝိညာဉ်လမ်းညွှန် အစီအရင်ကို ကွက်တိ စီရင်ခဲ့တာ... ဒါကို ကြည့်ရင် ပုန်ကန်သူတွေက ကျောင်းတော်သားတွေ လီကျိုးရောက်မဲ့ အချိန်ကို အတိအကျ ကြိုသိထားတာလို့ ဆိုနိုင်တယ်... ကျောင်းတော်သားတွေ အတွေ့အကြုံခရီးအတွက် လာမဲ့သတင်းကို ကြိုရထားလို့သာ လုစီရင်စု တိုက်ခိုက်သိမ်းပိုက်ခံရပြီးတာတောင် မိစ္ဆာနတ်ဆိုးတွေ၊ သေပြီးတဲ့ ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်စွမ်း ရှိတာပဲ... အဲဒီလိုသာဆို သတင်းပေါက်ကြားစေတဲ့သူက ကျောင်းတော်သားတွေနဲ့ အဆောင်မှူးဆရာတွေ မဟုတ်နိုင်တော့ဘူး..."
သူ အားတင်း၍ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် တခြားပထမအဆင့် နန်းတွင်းအရာရှိတွေပါပဲ... သစ္စာဖောက်က ကျွန်တော်မျိုးတို့ကြားမှာပါ..."
ဧကရာဇ်ယန်ဖုန်းက ဟက်ခနဲ ရယ်မောလိုက်သည်။ "ကြည့်ရတာ ထီးနန်းပလ္လင်ကနေ ငါ့ကို ထစေချင်တဲ့သူတွေ ရှိနေပြီနဲ့ တူတယ်... မင်းနဲ့ငါကလွဲရင် ညီလာခံလာတက်ပြီး ဒီသတင်း သိသွားတဲ့သူက အကုန်လုံး ပထမအဆင့်အရာရှိတွေ၊ အိမ်ရှေ့စံမင်းသားရဲ့ ဆရာတွေ၊ စစ်တု၊ စစ်ခုန်၊ နယ်စားတွေပဲ... သူတို့အထဲမှာ ဘယ်သူသစ္စာဖောက်လို့ မင်းထင်လဲ..."
ကူလင်းနွမ်၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ လိမ့်ဆင်းလာ၏။ သူ အံတင်းတင်းကြိတ်လိုက်ပြီး မည်သည့် စကားတစ်ခွန်းမျှ မဆိုတော့ပေ။
ဧကရာဇ်ယန်ဖုန်းက သူ့ကို ကြည့်၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "မင်း မပြောရဲတော့ဘူးလား... ကြည့်ရတာ မင်းက ငါ့ကို သစ္စာမခံတဲ့ပုံပဲ..."
ကူလင်းနွမ်၏ နဖူးထက်တွင် ရေဖြင့် လောင်းချသကဲ့သို့ ချွေးစေးများ စီးကျလာ၏။ "ကျွန်တော်မျိုးက မဟာမြို့ပျက်မှာ နှစ်ပေါင်းနှစ်ရာကျော် ရေခဲတုံးထဲ နေခဲ့ရတဲ့အတွက် နန်းတွင်းက ဝန်မင်းတွေအကြောင်း အများကြီး မသိတော့လို့ မလျှောက်တင်ဝံ့တာပါ..."
"မင်းစိတ်ထဲ ရှိတဲ့အတိုင်းပြော၊ ငါ ခွင့်လွှတ်တယ်..."
"ကျွန်တော်မျိုးက ဉာဏ်နည်းပြီး တုံးအပါတယ်၊ ကျွန်တော်မျိုးရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားတောင်မှ တော်ဝင်ကျောင်းတော်သားရဲ့ လှည့်ဖျားယူငင်ခြင်း ခံလိုက်ရတာပါ၊ အဲဒါကို ကြည့်ရင် ကျွန်တော်မျိုး ဘယ်လောက် တုံးအသလဲဆိုတာ သိနိုင်ပါတယ်..."
ဧကရာဇ်ယန်ဖုန်းက အံကြိတ်၍ ပြုံးပြီး လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။ " စကားတွေ လျှောက်ဝေ့မနေနဲ့... တော်ဝင်ကျောင်းတော်သားက မင့်ဓားကို လှည့်ဖျားယူသွားတော့ရော မျက်နှာအောက်ချ တောင်းပန်ပြီး ပြန်တောင်းလို့ မရဘူးလား... မင်းသာ တုံးအနေတာဆိုရင် ဘာကိစ္စ ပါမောက္ခချုပ်ရာထူး ပေးနေရအုံးမှာလဲ... မင့်ပစ္စည်းတွေ သိမ်းပြီး ထွက်သွားလိုက်တော့... မင်း ဘယ်သူ့ကို သံသယရှိတာလဲ ပြောစမ်း..."
ကူလင်းနွမ် အံကြိတ်၍ ခေါင်းမော့ကြည့်လိုက်၏။ "အိမ်ရှေ့မင်းသားရဲ့ ဆရာတချို့လို့ ထင်မိပါတယ်..."
"ဘာပြောလိုက်တယ်..."
ဧကရာဇ်ယန်ဖုန်းမှာ ဒေါသမထိန်းနိုင်တော့ဘဲ ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါ ဟုန်းခနဲ ထွက်ပေါ်လာသည်။ ကူလင်းနွမ်မှာ ဖိအားကြီးစွာ ခံစားရပြီး ခေါင်းထောင်မကြည့်ရဲတော့ချေ။
ရုတ်တရက် ဧကရာဇ်ယန်ဖုန်း၏ အမူအရာ ပြန်လည် ပျော့ပျောင်းသွားပြီး လက်ဝှေ့ယမ်းပြလိုက်၏။ "ဝန်မင်းကူ၊ မောင်မင်းက သိပ်ဉာဏ်ကောင်းတယ်၊ သိပ်တော်တယ်... ပြန်လို့ရပြီ..."
ကူလင်းနွမ်မှာ ချွေးစေးများ စိုနစ်လျက် တရွေ့ရွေ့ နောက်ပြန်ဆုတ်သွားသည်။
"ပြန်လာအုံး..." ဧကရာဇ်ယန်ဖုန်းက ပြောလိုက်၏။
ကူလင်းနွမ် ခေါင်းမွေးများ ထောင်ထသွားပြီး အားတင်း၍ ပြန်ဝင်လာသည်။ ဧကရာဇ်ယန်ဖုန်းက ဖြည်းညင်းသက်သာစွာ ပြောလိုက်၏။ "ဒီတစ်ခေါက် ဧကရာဇ်အတိုင်ပင်ခံက အကြီးအကျယ် အကျိုးဆောင်ခဲ့တာ၊ သူ့ကို ဆုတော်လာဘ်တော် မချီးမြှင့်ရသေးဘူး... ဘာဆုလာဘ် ချီးမြှင့်သင့်တယ်လို့ မင်းထင်သလဲ..."
ကူလင်းနွမ် ခေါင်းငုံ့သွားသည်။ "အရှင်မင်းကြီးအနေနဲ့ ဘာများ ဆုချီးမြှင့်နိုင်ပါသလဲ..."
ဧကရာဇ်ယန်ဖုန်းကခေါင်းခါယမ်းလိုက်၏။ "ဘာမှ မရှိတော့ဘူး..."
ကူလင်းနွမ် တစ်ခဏမျှ စဉ်းစားလိုက်သည်။ "အဲဒီလိုဆို ဧကရာဇ်အတိုင်ပင်ခံကို ရွှေငွေနဲ့ မိန်းမလှလေးတွေ ချီးမြှင့်သင့်ပါတယ်..."
"မင်းနဲ့ငါ အကြံတူသွားပြီ..." ဧကရာဇ်ယန်ဖုန်းက သက်ပြင်းချလိုက်၏။ "အရင်လိုပဲ သူ ငြင်းမှာကို ငါ စိုးရိမ်နေတာ..."
ကူလင်းနွမ်က တစ်ခဏမျှ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "ဒီတစ်ခေါက် ဖြစ်ပျက်သွားတာတွေက အများကြီးဆိုတော့ ဧကရာဇ်အတိုင်ပင်ခံသာ ဉာဏ်ကောင်းတဲ့သူဆိုရင် သေချာပေါက် လက်ခံပါလိမ့်မယ်..."
ဧကရာဇ်ယန်ဖုန်း မှင်တက်မိသွားပြီး ပြုံးလိုက်၏။ "မင်းလည်း ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပါပဲ၊ မင်းကို ငါသတိမပေးတော့ဘူး၊ မင်းအနေနဲ့လည်း သတိပေးဖို့ မလိုဘူး ထင်ပါတယ်... ပြန်တော့... နောက်တစ်ခုက တော်ဝင်ကျောင်းတော်သားကိုလည်း သွားမနှောင့်ယှက်နဲ့တော့... သူက မင်း သွားရှုပ်လို့ရတဲ့သူမျိုး မဟုတ်ဘူး၊ သူ့အင်အားက မင်းထင်တာထက် အများကြီးသာတယ်... မင်း သူ့ကို ပြဿနာသွားရှာတိုင်း မင်းအတွက် ငါ အရှက်ရရတယ်... လူတိုင်းက ဆန့်ကျင်ကန့်ကွက်တဲ့ကြားက မင်းကို အရေးပါတဲ့ နေရာ အပ်နှင်းထားတာ၊ မင့်အရှုပ်ထုပ်တွေ ငါ ဆက်မရှင်းချင်တော့ဘူး..."
ကူလင်းနွမ် အရှက်ကြီးစွာရ၍ နန်းတွင်းမှ လှည့်ပြန်လာရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ "အဲကောင်လေးကို ငါ သွားရှုပ်လို့ မရဘူးတဲ့လား... ငါက သွားရှုပ်လို့ မရဘူးတဲ့လား... ငါလို မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်သီးတစ်ယောက်၊ မိစ္ဆာလမ်းစဉ်မှ အရေးပါအရာရောက်တဲ့ လူတစ်ယောက်က ဓာတ်ကြီးငါးပါးအဆင့် ကောင်စုတ်လေးကို သွားရှုပ်လို့ မရဘူးတဲ့လား... ငါ နှစ်ပေါင်းရာချီ ရှင်သန်ရုန်းကန်ခဲ့တာ အလဟဿလား..."
ဧကရာဇ်ယန်ဖုန်းမှာ မှတ်တမ်းမှတ်ရာများကို ပြန်လည် ဖတ်ရှုနေရင်းမှ ရုတ်တရက် မီးငှက်စုတ်တံကို အောက်ချ၍ ငိုင်ကျသွား၏။ "ငါ့တုန်းက လူလတ်ပိုင်းအရွယ်ရောက်မှ၊ တခြားသားတော်တွေ မစောင့်နိုင်လို့ ကံတော်ကုန်သွားပြီးမှ ဒီပလ္လင်ပေါ် ထိုင်ခွင့်ရတာ... ကြည့်ရတာ အိမ်ရှေ့စံက ငါ့လိုမျိုး အိမ်ရှေ့မင်းသားနေရာမှာ အကြာကြီး ထိုင်စောင့်ချင်တဲ့ပုံ မရပါလား..."
နန်းတွင်းကောလိပ်တွင် ချင်မူမှာ ဧကရာဇ်အမိန့်တော် သုံးခုကို လက်ခံရယူလိုက်သည်။ သူ၏ ရာထူးက အမြင့်စံ ပဉ္စမအဆင့် ကျုံးစန်းအရာရှိအဖြစ်သို့ တိုးမြင့်သွားချေပြီ။ ကျုံးစန်းအရာရှိဆိုသည်မှာ အမည်ခံရာထူးသက်သက်သာ ဖြစ်ပြီး အမှန်တကယ် အာဏာအင်အား လက်ကိုင်မရှိသည့် နေရာ ဖြစ်၏။ ဤရာထူးရထားသူများမှာ အရပ်သားအရာရှိ၊ ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာနေသူများသာ ဖြစ်သည်။
ချင်မူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်သဖြင့် ဧကရာဇ်က သူ့ကို ယုံကြည်စိတ်ချခြင်း မရှိသေးကြောင်း ထင်ရှား၏။ နန်းတွင်း၌ မိစ္ဆာဂိုဏ်းမှ လူဆိုးများ ပြည့်မသွားစေရေးအတွက် ဧကရာဇ်က သူ့ကို အာဏာအင်အား အစစ်အမှန် ပေးအပ်လိမ့်မည် မဟုတ်ပေ။
ချင်မူ အထူးတထွေ အံ့ဩဟန်မပြဘဲ ဧကရာဇ်အမိန့်ပြန်တမ်း သုံးခုကို အနောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
သူက ဓာတ်ကြီးငါးပါးအဆင့်၏ အခြား အသွင်ပြောင်းလဲခြင်း လေးမျိုးကို လေ့ကျင့်နေဆဲ ရှိသေး၏။
ပုန်ကန်မှု ချေမှုန်းရန် တောင်ပိုင်းနယ်စပ်ဆီသို့ ခရီးထွက်စဉ် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို သင်ကြားထောက်ပြပေးခဲ့သည်။ ချန်ဝမ်ယွင်၊ စစ်ယွင်ရှန်းနှင့် ကျန်သူများမှာ တောင်ပိုင်းနယ်စပ်မှ ပြန်ရောက်သည်နှင့် မှတ်တမ်းထိန်းဆောင်သို့ သွား၍ ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်ကျမ်းများကို သွားရောက် ရှာဖွေကြ၏။
စစ်ယွင်ရှန်းက ချင်မူထံမှ တော်ဝင်ကျောင်းတော်သား စာအုပ်ငှားကတ်ကိုပင် တောင်းယူ၍ မှတ်တမ်းထိန်းဆောင် တတိယထပ်သို့ ကျင့်စဉ်ကျမ်းများ သွားရောက်ရှာဖွေလေသည်။
ချင်မူက စနေဂြိုဟ် ကြယ်တာရာစွမ်းအားများကို စုပ်ယူလှည့်လည်လိုက်၏။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အသွင်ပြောင်းလဲလာသည်။ သူ့ခြေထောက်များက တစ်သားတည်း ပေါင်းစည်း၍ မြွေတစ်ကောင်၏ အမြီးအသွင်သို့ ပြောင်းသွား၏။ လူခေါင်းနှင့် မြွေကိုယ်လုံး စုစုပေါင်းအမြင့် ဆယ်ကိုက်ခန့် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် နောက်ကျောဘက်၌ တင်းကျပ်စွာ စေ့ပိတ်ထားသော တံခါးရွက်နှစ်ချပ် ပေါ်ထွက်လာ၏။
သူ့အနေဖြင့် တောင်ပိုင်းသို့သွားသည့် ခရီးလမ်းတွင် အင်္ဂါဂြိုဟ်အရှင်သခင်၊ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်၊ ကြာသပတေးဂြိုဟ်အရှင်သခင်၊ သောကြာဂြိုဟ်အရှင်သခင် နတ်ဘုရားအသွင်ပြောင်းလဲခြင်း ကျင့်စဉ်များကို ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲခြင်း တစ်မျိုးသာ လေ့ကျင့်ရန် ခက်ခဲနေ၏။ သူ၏ ချီစွမ်းအင် သိပ်သည်းမှုနှင့်ပင် ပြီးပြည့်စုံသော စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲခြင်းကို မပြုလုပ်နိုင်သေးချေ။
ဤတစ်ကြိမ် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်လည် လေ့ကျင့်လိုက်သည်တွင် နောက်ကျောဘက်မှ တင်းကျပ်စွာ စေ့ပိတ်ထားသော မုခ်ဦးတံခါး၏ အသွင်သဏ္ဌာန်မှာ တဖြည်းဖြည်း ပိုထင်ရှားလာသည်။ သို့တိုင်အောင် ထိုမုခ်ဦးတံခါးပေါ်မှ စာလုံးများက မှုန်ဝါးဝါး ဖြစ်နေဆဲ ရှိပြီး ဖတ်၍ မရသေးချေ။
စနေဂြိုဟ်အရှင်သခင်မှာ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များအနက် အလွန်တရာ ထူးကဲလှ၏။ စနေဂြိုဟ် မြေအပိုင်စားကျင့်စဉ်သည် ဓာတ်ကြီးငါးပါး၏ ဦးသျှောင်ဖြစ်ပြီး မျှော်လင့်မထားမိအောင် ကျင့်ရခက်လှသည်။ အထူးသဖြင့် စနေဂြိုဟ်အရှင်သခင်၏ နောက်ကျောဘက်မှ မုခ်ဦးတံခါး ဖြစ်၏။
ချင်မူမှာ စနေဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲနိုင်ပြီ ဖြစ်သော်လည်း သူ့နောက်ကျောဘက်မှ မုခ်ဦးတံခါးက ပီပြင်စွာ ဖွဲ့တည်လာခြင်း မရှိသေးချေ။ ထိုမုခ်ဦးတံခါးပေါ်ရှိ စာလုံးများမှာလည်း မှုန်ဝါးနေဆဲသာ ရှိသည်။
ကောင်းကင်ယံမှ မြေဝါရောင် အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ထံသို့ အဆက်မပြတ် စီးဝင်နေ၏။ မြေဓာတ် ကြယ်တာရာစွမ်းအားက ဟုန်းခနဲ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် နတ်ဘုရားအသွင်ပြောင်းလဲခြင်းက ပို၍ ပီပြင်လာသည်။ စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲခြင်းတွင် ထပ်၍ အသွင်ပြောင်းစရာများ ရှိသေးသည်ကို ချင်မူ ဖြည်းဖြည်းချင်း တွေ့ရှိသွား၏။ သူ့လက်ထဲတွင် စာလိပ်တစ်ခု၏ ပုံရိပ် ပေါ်ထွက်လာသည်။
ထိုစာလိပ်ကို ငုံ့ကြည့်လိုက်သောအခါ ၎င်းအပေါ်တွင် ရေးသားထားသည့် စာသားများက မှုန်ဝါးဝါးရှိနေဆဲ ဖြစ်ကြောင်း တွေ့ရ၏။ သို့သော်လည်း တစ်မူထူးကဲသည့် စာကြောင်းဖွဲ့စည်းပုံအရ စာလိပ်ပေါ်ရှိ စာသားများမှာ ခယ့်သိုဝမ်ဟုခေါ်သော ဖားလောင်းပုံစာရေးနည်း ဖြစ်ဟန်ရှိသည်။ စာလုံးများက လက်ရှိစာရေးနည်းနှင့် ကွာခြားပြီး နေ၊ လ၊ ပိုးမွှားကောင်၊ ငါးများ၏ ပုံစံနှင့် တူ၏။
ချင်မူမှာ ကျောင်းတော်သားကြီး နားကန်းထံတွင် ဆယ်နှစ်နီးပါး သင်ယူလာသူ ဖြစ်သည်။ နားကန်းက ရှေးဟောင်းဘာသာစကားများနှင့် ပတ်သက်၍ အလွန်တရာ အသိပညာကြွယ်ဝသူ ဖြစ်သော်လည်း ချင်မူ့ကို ဤသို့သော ဖားလောင်းစာမျိုးတော့ သင်ကြားပေးခြင်း မရှိ။
ချင်မူ မုခ်ဦးတံခါးပုံရိပ်မှ စာလုံးများကို နောက်ပြန် လှည့်ကြည့်လိုက်သည်။ မှုန်ဝါးဝါး ရှိနေသေးသည့်တိုင် စာလိပ်နှင့် မုခ်ဦးတံခါးတွင် ရေးထားသော စာသားများက တူညီမှုရှိသည်ကို သူ တွေ့ရ၏။
"ဒါ ဘယ်လို စာသားမျိုးလဲ..."
တစ်ခုခု မူမမှန်သလို ချင်မူ မသိုးမသန့် ခံစားမိသည်။ ဓာတ်ကြီးငါးပါးအဆင့် သိုင်းပညာရှင်တိုင်း စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲသည့်အခါ သူတို့၏ နောက်ကျောဘက်၌ ဤသို့သော မုခ်ဦးတံခါးမျိုး၊ လက်ထဲတွင် ဤသို့သော စာလိပ်မျိုး ပေါ်လာသည်ဆိုပါက ဤဘာသာစကားကို အသေးစိတ် လေ့လာသုံးသပ် မှတ်တမ်းပြုစုထားသူ တစ်ယောက်တစ်လေတော့ သေချာပေါက် ရှိပေလိမ့်မည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဧကရာဇ်အတိုင်ပင်ခံက ဤအကြောင်းနှင့် ပတ်သက်၍ မည်သည်ကိုမျှ မပြောခဲ့ရသနည်း။
အခြားသူများ၏ စနေဂြိုဟ်အရှင်သခင်အသွင်၌ ဤသို့သော မုခ်ဦးတံခါးမျိုးနှင့် စာလိပ် မရှိလေသည်လား။
ချင်မူ အတွေးများနေသခိုက် ခပ်ဩဩ မိစ္ဆာနတ်ဆိုးသံတစ်သံ သူ့ခေါင်းထဲ၌ မြည်ဟည်းလာ၏။ "အများကြီး လျှောက်တွေးမနေနဲ့၊ ဒါ ယိုတုဘာသာစကားပဲ... မင်းလို ပမွှားကောင်လေးက ယိုတုဘာသာစကားကို ဘယ်လိုလုပ် သိနိုင်မှာလဲ..."
ချင်မူ ခေါင်းမွေးများ ထောင်ထသွားပြီး အထိတ်တလန့် မေးလိုက်သည်။ "ဘယ်သူလဲ... ငါ့ကိုယ်ထဲမှာ ဘယ်သူ စကားပြောနေတာလဲ..."
"ဟန်ဆောင်နေသေးတာလား..." ထိုအသံက ရယ်မောလိုက်၏။ "ငါ့ရှေ့မှာ ဘယ်ချိန်ထိ ဟန်ဆောင်နေဦးမှာလဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ တိုက်ပွဲကို မင့်မျက်လုံးကနေတစ်ဆင့် ကြည့်တုန်းက ငါရှိမှန်း မင်း သိပြီးသား မဟုတ်လား၊ တုထျန်းအရှင်သခင်ကို ဆင့်ခေါ်တဲ့ကောင်လေးရဲ့..."