မိစ္ဆာလိုဉာဏ်များ
Vol. 15 Ch. 207
ယခုမှ ချင်မူ အမှန်တကယ် ကျောစိမ့်သွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တရှန်းမြို့တွင် တိုက်ပွဲကြီး ဆင်နွှဲစဉ်အခါက သူ တောင်ထွတ်ပေါ်မှ ရပ်၍ လှမ်းကြည့်သော်လည်း အဆင့်မြင့်ပညာရှင်များ၏ လှုပ်ရှားမှုကို မြင်အောင် မကြည့်နိုင်ချေ။ တုထျန်းမိစ္ဆာဘုရင်က သူ့မျက်လုံးကို ငှား၍ ကြည့်ရှုသောအခါမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူတို့၏ တိုက်ကွက်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ရ၏။ တုန်လှုပ်ဖွယ်ကောင်းလှသော သိုင်းကွက် သဘောတရားများကိုပင် နားလည်သဘောပေါက်ခဲ့သည်။
သို့သော်လည်း ဤအဖြစ်ကို မိစ္ဆာဘုရင် မရိပ်မိအောင် ဖုံးကွယ်ထားနိုင်သည်ဟု သူ တွေးမိခဲ့၏။
ယခုတော့ သူ၏ အတွေးတိမ်တိမ်လေးမှာ မည်သို့မျှ အသုံးမဝင်ကြောင်း သိလိုက်ရသည်။ တုထျန်းမိစ္ဆာဘုရင်က သူ့နှလုံးသားထဲမှ မတည်ငြိမ်မှုများကို ရိပ်စားမိပြီး သူ မည်သို့ တွေးနေကြောင်း မှန်းဆမိသွား၏။
"သိပ်အတဲ့ မိစ္ဆာနတ်ဆိုးဆင့်ခေါ် ကောင်လေးပါလား၊ မင်းကိုယ်မင်း လည်လှပြီထင်တဲ့ အဲဒီလှည့်ကွက်တွေကို ငါ့လို တုထျန်းအရှင်သခင်ရဲ့ ရှေ့မှာ လာသုံးတော့ အလကားပဲပေါ့..."
တုထျန်းမိစ္ဆာဘုရင်၏ အသံက သူ့ခေါင်းထဲတွင် မြည်ဟည်းလာပြီး နားများ အူထွက်သွားသည်။ "မင်းလို ပမွှားလေးတစ်ကောင်အနေနဲ့ ငါ့ရှေ့မှာ လှည့်ကွက်တွေ လာမသုံးရင် အကောင်းဆုံးပဲ... ငါ့စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ မင်း မှန်းဆနိုင်မှာ မဟုတ်ဘူး... ငါ့ကို ခစား၊ ငါ့ကို ကိုးကွယ်၊ အဲဒါကသာ မင်းအသက် ဆက်ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."
ချင်မူ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းပြီး ရုတ်တရက် ပြုံးပြလိုက်၏။ "တုထျန်းရဲ့ မဟာအရှင်သခင်၊ ဒီကမ္ဘာပေါ်မှာ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကို သိတဲ့သူက တစ်ဦးပဲ ကျန်တော့တယ်... အဲဒါ ကျုပ်ပဲ... အဲဒီအစီအရင်ကို ထုတ်ဖော် အသုံးပြုနိုင်တဲ့ တစ်ဦးတည်းသောသူကလည်း ကျုပ်ပဲ..."
တုထျန်းမိစ္ဆာဘုရင်မှာ ငြိမ်ကျသွားသည်။
တစ်ခဏကြာပြီးနောက် သူ့အသံ ထပ်မံ ပေါ်ထွက်လာ၏။ "စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ ကောင်လေး၊ ငါနဲ့တောင် အပေးအယူ လာလုပ်ရဲတယ်ပေါ့... သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်..."
ချင်မူ့ရင်ထဲတွင် မသက်မသာ ခံစားမိသည်။ ဤအပေးအယူက အောင်မြင်နိုင်ပါမည်လား သူ မသေချာချေ။ မအောင်မြင်ဘဲ ဤမိစ္ဆာနတ်ဆိုးနှင့် ပဋိပက္ခဖြစ်ရလျှင် ဒုက္ခများပေတော့မည်။
အပေးအယူ အောင်မြင်ပြီး သူ အသက်ရှင်နိုင်ပါက ရွာပြန်ရောက်သည့်အခါ ရွာလူကြီးနှင့် ကျန်သူများကို အကူအညီတောင်း၍ တုထျန်းမိစ္ဆာဘုရင်ကို သတ်ဖြတ်ပစ်နိုင်မည် ဖြစ်၏။
တုထျန်းမိစ္ဆာဘုရင်၏ အပြုအမူကို ကြည့်လျှင် သူ့အသက်ကို ရန်ရှာနိုင်ကြောင်း ထင်ရှားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ခရီးအတူ သွားစဉ်အခါက မည်သို့မျှ မလှုပ်ရှားဘဲ သူ့ကိုယ်ထဲတွင် ငြိမ်သက်စွာ ပုန်းနေခဲ့၏။
ဆင်းရဲခြင်းဆရာသခင်တို့ကဲ့သို့ ဂိုဏ်းချုပ်ကြီးအဆင့်များနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တိုက်ခိုက်သောအခါမှ သူ့မျက်လုံးကို ငှားရမ်း၍ တိုက်ပွဲအခြေအနေကို ကြည့်ရှုရဲသည်။ ဤသည်ပင်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ စွမ်းအားအစစ်အမှန်နှင့် အားနည်းချက်ကို ရှာဖွေရန်အတွက် တုထျန်းမိစ္ဆာဘုရင် စွန့်စားခြင်း ဖြစ်၏။
ထိုစဉ်က ချင်မူဘေးတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များ ဝန်းရံနေသဖြင့် သူ မည်သည်ကိုမျှ မလှုပ်ရှားခဲ့။ နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ချင်မူ ဆေးကုပေးနေစဉ်တွင်လည်း ငြိမ်သက်နေခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် လမ်းခွဲပြီး နန်းတွင်းကောလိပ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ထော့ကျိုးနှင့် အဘိုးကြီးမာတို့ ရောက်နေသဖြင့် ထွက်မလာခဲ့။
ယခု ထော့ကျိုးနှင့် အဘိုးကြီးမာတို့ မရှိတော့ဘဲ သူတစ်ယောက်တည်း ရှိသည့်အခါမှ ပေါ်ထွက်လာ၏။
တုထျန်းမိစ္ဆာဘုရင်အနေဖြင့် ဧကရာဇ်အတိုင်ပင်ခံ၊ အဘိုးကြီးမာ၊ ထော့ကျိုးတို့ကိုသာ ကြောက်ရွံ့ခြင်း မရှိလျှင် ဤမျှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
တစ်နည်းဆိုသော် မမှားသင့်သော အမှားကို သူ ကျူးလွန်လိုက်ခြင်း ဖြစ်၏။
ဤအချက်ကို ထောက်ရှုလျှင် တုထျန်းမိစ္ဆာဘုရင်မှာ အဘွားစစ်၏ တာအိုနှလုံးသားထဲရှိ လီထျန်းရှင်ကဲ့သို့ သတ်၍ မရသည် မဟုတ်။ စွမ်းအားအလုံအလောက်သာ ရှိလျှင် ဤမိစ္ဆာနတ်ဆိုးကို ရှင်းထုတ်ပစ်နိုင်ပေလိမ့်မည်။
"တုထျန်းပြည်က ပျက်စီးသွားပြီ၊ အဆုံးမရှိတဲ့ အမှောင်ထုကြီးပဲ ကျန်တော့တယ်... ငါ့တုထျန်းပြည်သူပြည်သားတွေ ရှင်သန် နေထိုင်နိုင်ဖို့ ကမ္ဘာသစ်တစ်ခု လိုလာပြီ..."
တုထျန်းမိစ္ဆာဘုရင်၏ အသံက ပျံ့လွင့်လာသည်။ "ငါ့မှာ ဆင်းရဲဒုက္ခ အမျိုးမျိုးခံပြီး ဒီကမ္ဘာဆီ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင် ရောက်အောင် လက်ဆင့်ကမ်းခဲ့ရတာ၊ အခုတော့ ဒီအစီအရင်ကို သိတဲ့သူက မင်းတစ်ယောက်ပဲ ကျန်တော့တယ်... မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထား..."
ချင်မူ ယခုမှ စိတ်အေးသွားပြီး သက်ပြင်းကျိတ်ချလိုက်၏။ "အဲဒါဆို ကျုပ်က ခင်ဗျားကို ထပ်ပြီး ဆင့်ခေါ်ပေးရမှာလား..."
တုထျန်းမိစ္ဆာဘုရင်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "အရင်ကတော့ ငါ အဲဒီလို စိတ်ကူးထားတာပဲ၊ ဒါပေမဲ့ ဒီကမ္ဘာမှာလည်း စွမ်းအားကြီးတဲ့သူတွေ ရှိနေတာ တွေ့ရတော့ မင်းကနေတစ်ဆင့် ငါ့လူတချို့ ဒီကိုစေလွှတ်ဖို့ပဲ ဆန္ဒရှိတော့တယ်... ကမ္ဘာနှစ်ခုရဲ့ အဆင့်မြင့်ပညာရှင်တွေ စစ်မီးပွားမှာကို ငါ မလိုလားပါဘူး၊ စစ်ပွဲဆင်နွှဲရရင် မင်းတို့အတွက်လည်း မကောင်းဘူး၊ ငါတို့အတွက်လည်း မကောင်းဘူး... တုထျန်းပြည်က အဖတ်ဆယ်မရတော့လို့ ငါတို့ မျိုးနွယ်စု ပျက်သုဉ်း ပျောက်ကွယ်သွားမှာကိုပဲ မလိုလားတာ၊ ဒီကမ္ဘာကို ကျူးကျော်သိမ်းပိုက်ဖို့ စိတ်ကူးမရှိပါဘူး..."
"ယုံလား... အရူး..." ချင်မူ စိတ်ထဲမှ ပြောလိုက်၏။
ပါးစပ်မှတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုချေ။ ထိုသို့သာ ထုတ်ပြောလိုက်လျှင် တုထျန်းမိစ္ဆာဘုရင်က သူ့ကို အသာကလေး သတ်သွားပေလိမ့်မည်။
တုထျန်းမိစ္ဆာဘုရင်၏ အသိစိတ်ဝိညာဉ် ချင်မူ့ခန္ဓာကိုယ်သို့ တွယ်ကပ် ပုန်းခိုစဉ်က မှော်စွမ်းအားအချို့လည်း တွဲဖက်ပါဝင်လာသည်။ ထိုမှော်စွမ်းအားက ချင်မူ၏ ချီစွမ်းအင်ထုထက် များစွာ သာလွန်၏။ တုထျန်းမိစ္ဆာဘုရင်နှင့်သာ အတိအလင်း ပဋိပက္ခဖြစ်ရလျှင် ထိုအသိစိတ်ဝိညာဉ်နှင့် မှော်စွမ်းအားက သူ့ကို အပြတ်ရှင်းပစ်ရန် ခက်လိမ့်မည် မဟုတ်။
ဤမိစ္ဆာဘုရင်က သူ့ကို အသုံးချစရာ ရှိသေး၍သာ လွှတ်ထားခြင်း ဖြစ်၏။ ချင်မူ့အနေဖြင့် သူ့ကို ဆင့်ခေါ်ရန် စိတ်ကူးမရှိကြောင်း သိသွားလျှင် လူသတ်ရန် အတွေးပေါ်လာပေလိမ့်မည်။
"မင်းအနေနဲ့ ငါ့ကို ဆင့်ခေါ်ဖို့ မလိုပါဘူး၊ ငါ့လက် အောက်ငယ်သားတွေကိုသာ ဆင့်ခေါ်ပေး..." တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်သည်။ "ပြီးတာနဲ့ မင့်ကိုယ်ထဲက ငါထွက်သွားမယ်၊ မင်းဖာသာ စိတ်အေးလက်အေး နေလို့ရပြီ... မင့်ဘက်က ငါ့ကို အဲဒီကိစ္စသေးသေးလေး ကူညီပေးရုံပဲ... အဲဒါဆို ဟိုမုခ်ဦးတံခါးပေါ်က စာလုံးတွေကို ငါ ရှင်းပြပေးမယ်..."
ချင်မူ ပြုံးလိုက်၏။ "ကျွန်တော့်ဘိုးဘိုးက မုခ်ဦးပေါ်မှာ ရေးထားတဲ့ စာလုံးတွေကို သိပါလိမ့်မယ်၊ အဲဒီအတွက်နဲ့တော့ မိစ္ဆာဘုရင်ကို ဒုက္ခပေးဖို့ မလိုပါဘူး..."
"ဟီး ဟီး... သိမယ် ဟုတ်စ... ဒါက ယိုတုစာလုံးတွေ... မြင်ဖူး၊ သိဖူးရင်တောင် အသံထွက်ပြီး ဖတ်နိုင်မယ် ထင်လို့လား..." တုထျန်းမိစ္ဆာဘုရင်က ခပ်အေးအေး အမူအရာဖြင့် ဖြည့်စွက်ပြောလိုက်သည်။ "ယိုတုစာလုံးဆိုတာ အသံထွက် မဖတ်နိုင်ရင် အလကားပဲ... အဲဒီစာလိပ်ကလည်း ယိုတုမှော်အစီအရင်ကို မှတ်တမ်းတင်ထားတာ... မင်း မသိချင်ဘူးလား..."
ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "ဒီစာလိပ်နဲ့ မုခ်ဦးပေါ်က စာလုံးတွေကို အသံထွက် မဖတ်နိုင်မှတော့ ယိုတုဘာသာစကားသင်လည်း ဘာအသုံးဝင်မှာလဲ... ပြီးတော့ အဲဘာသာစကား မတတ်လည်း ကျုပ်အတွက် ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး... ဘာကိစ္စ အပေးအယူ လုပ်နေရဦးမှာလဲ..."
"ဟား... ဟား... ဟား..."
တုထျန်းမိစ္ဆာဘုရင်က ရယ်မောလိုက်သည်။ "ကြည့်ရတာ မင်းရောက်တဲ့ ကျင့်စဉ်အဆင့်ရဲ့ ရင်သပ်ရှုမောစရာတွေကို ကောင်းကောင်း မသိသေးဘူးပဲ... ယိုတုဘာသာစကားကို မင်းတတ်သွားတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထက် ပိုစွမ်းအားကြီးလာမှာ... တခြားသူတွေက တြိဂံဆို သူက မျဉ်း ဖြောင့်လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြောခဲ့တယ် မဟုတ်လား... မုခ်ဦးပေါ်က စာလုံးတွေကို တတ်သွားရင် မင့်ရဲ့ မျဉ်းဖြောင့်က သူထက် ပိုရှည်သွားလိမ့်မယ်..."
တုထျန်းမိစ္ဆာဘုရင်၏ အသံက ချင်မူ့ခေါင်းထဲတွင် နေရာအနှံ့မှ မြည်ဟည်းထွက်ပေါ်နေ၏။ တစ်ခါတစ်ရံတွင် ဘယ်ဘက်ရောက်သွားလိုက်၊ တစ်ခါတစ်ရံတွင် ညာဘက်ရောက်သွားလိုက်၊ တစ်ခါတစ်ရံတွင် အရှေ့ဘက်ရောက်သွားလိုက်၊ တစ်ခါတစ်ရံတွင် အနောက်ဘက်ရောက်သွားလိုက် ဖြစ်နေပြီး မည်သည့်နေရာမှ လာသည်မှန်း ဝေခွဲ၍ မရချေ။
"မင်းလို ပမွှားကောင်လေးက ယိုတုဆိုတာ ဘာမှန်း သိမှာမဟုတ်ဘူး... ငါ ပြောပြမယ်..."
"ယိုတုဆိုတာ မင်းတို့သေမျိုးတွေ သေတဲ့အခါ နောက်ဆုံးရောက်တဲ့ နေရာပဲ... သက်ရှိတွေ သေလွန်ရင် သူတို့ရဲ့ ဝိညာဉ်တွေအကုန်လုံး မဟာမြေအောက်ဘုံအရှင်သခင် အုပ်စိုးတဲ့ ယိုတုကို လာရတယ်..."
"မြေအောက်ဘုံအရှင်သခင်က သေခြင်းတရားကို ထိန်းချုပ်တဲ့ ကမ္ဘာဦးနတ်ဘုရားတစ်ပါးပဲ... နတ်ဘုရားနဲ့ ဗုဒ္ဓတွေတောင် သက်တမ်းကုန်တဲ့အခါ သူ့အုပ်စိုးမှုအောက် ရောက်ရတယ်..."
"ယိုတုဆိုတာ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေဟောတဲ့ ငရဲ မဟုတ်ဘူး... ငရဲဆိုတာ မင်းတို့ သေမျိုးတွေကို ခြောက်လှန့်ဖို့ သုံးတာ၊ ယိုတုက ငရဲထက် အဆတစ်ရာ ပိုရက်စက်ကြမ်းတမ်းတယ်..."
"ယိုတုစကား၊ ယိုတုမှော်အစီအရင်ကို တတ်ကျွမ်းသွားရင် မင့်ရဲ့ ယန်ဝိညာဉ် သန်မာအားကောင်းလာလိမ့်မယ်၊ ဒါက နတ်ဘုရားဖြစ်ဖို့ လှေကားထစ်တစ်ခုပဲ..."
ချင်မူ့ရင်ထဲတွင် အကြီးအကျယ် လှုပ်ရှားသွားပြီး ပြုံးလိုက်သည်။ "ပါးစပ်ပြောနဲ့တင်တော့ ဘာသက်သေမှ မရှိဘူးလေ၊ ခင်ဗျားပြောတာတွေက မယုံနိုင်လောက်အောင် ကောင်းလွန်းနေတယ်... ယိုတုမှော်အစီအရင် တစ်ခုလောက် ပြောပြရင် ခင်ဗျားပြောတာကို ကျုပ်ယုံမယ်..."
တုထျန်းမိစ္ဆာဘုရင် ဟက်ခနဲ ရယ်မောလိုက်၏။ "မင်း သိပါတယ်..."
ချင်မူ တစ်ခဏမျှ မှင်တက်မိသွားပြီး လွှတ်ခနဲ ရေရွတ်လိုက်သည်။ "ဝိညာဉ်လမ်းညွှန်... ဝိညာဉ်လမ်းညွှန်က ယိုတုမှော်အစီအရင်လား..."
"ဝိညာဉ်လမ်းညွှန်က ယိုတုရဲ့ မှော်အစီအရင်အစစ် မဟုတ်ဘူး... ယိုတုမှော်အစီအရင်ကို မင်းတို့ကမ္ဘာက သေမျိုးဘာသာစကားနဲ့ ပြန်ဖန်တီးထားတာ... တကယ့် ယိုတုမှော်အစီအရင်ရဲ့ စွမ်းအားအစစ်အမှန်နဲ့ အများကြီးကွာတယ်..."
တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်၏။ "ယိုတုမှော်အစီအရင်အစစ်က ယိုတုဘာသာစကားကို သုံးထားတာ၊ ယိုတုဘာသာစကားက မင်းတို့ကမ္ဘာက မှော်သင်္ကေတတွေထက် အများကြီး ပိုရှုပ်ထွေးတယ်... မင်းတို့ရဲ့ မှော်သင်္ကေတာဆိုတာတွေက ယိုတုဘာသာစကားကို အရိုးဆုံး၊ အရှင်းဆုံး ဖြစ်အောင် လုပ်ထားတာ သက်သက်ပဲ..."
ချင်မူ့ရင်ထဲတွင် တုန်ခါသွားပြီး လက်ထဲမှ စာလိပ်ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။ ဤစာလိပ်ပေါ်မှ စာလုံးများက ယိုတုဘာသာစကားကို အသုံးပြု၍ ရေးထားခြင်း ဖြစ်သည်တဲ့လား။
ဝိညာဉ်လမ်းညွှန်က သေဆုံးသူတို့၏ ဝိညာဉ်များကို ပြန်လာအောင် ခေါ်ယူနိုင်၏။ ယိုတုဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို အသုံးပြုလျှင် မည်မျှပင် စွမ်းအားကြီးမားလိမ့်မည်နည်း။
တစ်ခု ရှိသည်မှာ ယိုတုမှော်အစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အသုံးချရန်အတွက် ယိုတုစာလုံးများကို အသံထွက် ရွတ်ဖတ်မှ ရမည်ဟု တုထျန်းမိစ္ဆာဘုရင်က ပြော၏။ ဤစကားက အလိမ်အညာ ဟုတ်ဟန်မတူချေ။
မာန်ဟုန်မြစ်ပေါ်တွင် တစ္ဆေကိုးကောင်ဂိုဏ်းသားများ ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို ထုတ်သုံးစဉ်က လျှို့ဝှက်ဆန်းကြယ်သော သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ကြသည်။ ထိုသီချင်းသံကြောင့် အနက်ရောင် မြူခိုးငွေ့များ အလိပ်လိုက် တက်လာပြီး မြစ်လယ်တွင် ကြောက်မယ်ဖွယ်ရာ အမှောင်ထု မုခ်ဦးတံခါးတစ်ချပ် ပေါ်ထွက်လာ၏။
တုထျန်းမိစ္ဆာဘုရင်၏ စကားအများစုက အလိမ်အညာ ဖြစ်သော်လည်း အမှန်တရား အချို့လည်း ပါဝင်သည်။
"မိစ္ဆာဘုရင်၊ တစ်ခါတုန်းက ညဘက်ကြီး မြစ်ကမ်းဘေးမှာ ထိုင်ပြီး သေဆုံးသူတွေကို လမ်းပြပေးနေတဲ့ အဘိုးကြီးတစ်ယောက် မြင်ဖူးတယ်... မရဏတမန်တော်လို့ ပြောတာပဲ... အဲဒီ မရဏတမန်တော်က ယိုတုနဲ့ ဘယ်လိုများ ပတ်သက်ဆက်စပ်တာလဲ..." ချင်မူက ထိုအဖြစ်အပျက်ကို သတိရပြီး မေးမြန်းလိုက်၏။
တုထျန်းမိစ္ဆာဘုရင်က ဖြေလိုက်သည်။ "မြေအောက်ဘုံအရှင်သခင် လက်အောက်မှာ သေခြင်းတရားကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တမန်တော်နတ်ဘုရား တစ်ပါးပါပဲ... ယိုတုဘာသာစကား သင်မှာလား၊ မသင်ဘူးလားသာပြော..."
"သင်မယ်..." ချင်မူက ဖြူစင်ရိုးသားစွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်၏။ "မြန်မြန်သင်ပေးပါ..."
တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်သည်။ "ငါ့လက်အောက်ငယ်သားတွေကို မင်းဆင့်ခေါ်ပြီးရင် သင်ပေးမယ်..."
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ "ဆင့်ခေါ်ပြီးလို့ ခင်ဗျားက ကတိဖျက်ရင် ကျုပ်နစ်နာမှာပေါ့... ဒီလိုလုပ်မလား၊ ခင်ဗျားဝင်လို့ရအောင် သစ်သားယန္တရားရုပ်တစ်ရုပ် ကျုပ်လုပ်ပေးမယ်... အဲဒါဆို ခင်ဗျားလူတွေကို ခင်ဗျားကိုယ်တိုင် ဆင့်ခေါ်လို့ရပြီပေါ့... ကျုပ်ကို ယိုတုဘာသာစကား သင်ပေး၊ ပြီးရင် ခင်ဗျားလူတွေကို ကိုယ်တိုင်ဆင့်ခေါ်... နှစ်ဦးနှစ်ဖက် မကျေနပ်စရာ မရှိတော့ဘူး..."
တုထျန်းမိစ္ဆာဘုရင်က သရော်တော်တော် ရယ်မောလိုက်သည်။ "သိပ်ကောင်းတဲ့ အဆိုပြုချက်ပဲ... ဒါပေမဲ့ မင့်ခန္ဓာကိုယ်ထဲက ထွက်သွားတာနဲ့ တခြားလူတွေ အကူအညီခေါ်ပြီး ငါ့ကို သတ်တော့မှာပေါ့... ငါ အဲလောက်တောင် မစဉ်းစားတတ်ဘူးလို့ မင်း ထင်နေတာလား... မင့်ခန္ဓာကိုယ်ထဲမှာပဲ ငါ ဆက်နေမယ်... မင်းက ယဇ်ပူဇော်ပြီး မိစ္ဆာနတ်ဆိုးဆင့်ခေါ်... ပြီးသွားရင် မင်းကို ယိုတုဘာသာစကား သင်ပေးမယ်..."
ချင်မူ သရော်ပြုံးပြုံးလိုက်၏။ "ဆင့်ခေါ်ပြီးလို့ ခင်ဗျားက ကျုပ်ကို မသင်ပေးရင် ဘယ်လိုလုပ်မလဲ... ခင်ဗျာ့လက်အောက်ငယ်သားတွေက ကျုပ်ကို တန်းသတ်ရင် ခင်ဗျားက လွတ်မယ်၊ ကျုပ်က သေပြီး ယိုတုကို ဝိညာဉ်ရောက်မယ်... ပြီးခဲ့တဲ့အခေါက် ခင်ဗျားကို ဆင့်ခေါ်တုန်းက ကျုပ်ရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ခဲ့တာ မမေ့နဲ့..."
နှစ်ယောက်စလုံး ငြိမ်ကျသွားသည်။
တစ်ခဏနေပြီးသောအခါ တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်၏။ "မိစ္ဆာနတ်ဆိုးလို ပါးနပ်လိုက်တဲ့ ကောင်လေး၊ အရူးလုပ်လို့ မလွယ်ပါလား... ဒီလိုလုပ်စို့၊ မင်းနဲ့ငါ ကျမ်းသစ္စာဆိုမယ်... မင်းက ငါ့လက်အောက်ငယ်သားတွေ ဆင့်ခေါ်ပေး၊ ငါက မင်းကို ယိုတုဘာသာစကား သင်ပေးမယ်... ကျမ်းသစ္စာ ဖောက်ဖျက်တဲ့သူက မြေအောက်ဘုံအရှင်သခင်ရဲ့ ဝိညာဉ်နုတ်ခံရမယ်... ဘယ်လိုလဲ..."
ချင်မူ တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါပေမဲ့ လှည့်စားမယ်တော့ မကြံနဲ့၊ မိစ္ဆာဘာသာစကား အတော်များများ ကျုပ်တတ်တယ်..."
တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်၏။ "မိစ္ဆာနတ်ဆိုးလို ပါးနပ်တဲ့ ကောင်စုတ်လေးပဲ... ကောင်းပြီလေ၊ ဒီတစ်ခါတော့ မင်းကို ငဲ့ညှာပြီး ဘာလှည့်ကွက်မှ မသုံးတော့ဘူး..."
ချင်မူ့ ခေါင်းထဲတွင် နားလည်ရခက်သော မိစ္ဆာဘာသာစကားသံ မြည်ဟည်းလာသည်။ ကြားရသော စကားလုံးများက အသံထွက်ရန် မလွယ်သည့်အပြင် နားလည်ရခက်လှ၏။ ချင်မူ့အနေဖြင့် တစ်ဝက်ခန့်သာ နားလည်သဖြင့် ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။ "စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထား... ငါ မတောက်တခေါက်ပဲ တတ်တယ်ဆိုတာ ဒီမိစ္ဆာဘုရင်ကို ပေးသိလို့ မဖြစ်ဘူး..."
များစွာမကြာလိုက်ချေ။ တုထျန်းမိစ္ဆာဘုရင် ကျမ်းသစ္စာ ရွတ်ဆို၍ ပြီးသွားပြီး ချင်မူ၏ စိတ်အလျဉ်တွင် မုခ်ဦးတံခါးပေါက် တစ်ဝက်ပုံ ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ ယိုတုမုခ်ဦးတံခါးပေါက် တစ်ခြမ်း ဖြစ်ပုံရ၏။
"မင့်အလှည့်..." တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်သည်။
ချင်မူ စိတ်တည်ငြိမ်အောင် ထိန်း၍ သူနားမလည်လိုက်သော မိစ္ဆာစကားတစ်ဝက်ကို ဖြည်းဖြည်းချင်း စဉ်းစားပုံဖော်ကြည့်၏။ တုထျန်းမိစ္ဆာဘုရင်က စိတ်ရှည်ဟန်မရဘဲ လောဆော်လိုက်သည်။ "မြန်မြန်လုပ်၊ မဟုတ်ရင် ယိုတုမုခ်ဦးတံခါး ပျောက်သွားလိမ့်မယ်..."
ချင်မူ လှောင်ရယ်ရယ်လိုက်၏။ "ခင်ဗျားက ကျုပ်ကို နှပ်ချဖို့ ကြိုးစားနေတာပဲ၊ ဒီကျမ်းသစ္စာကို ကျုပ်သဘောမတူဘူး..."
တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်သည်။ "ကောင်စုတ်လေး၊ မင်းက မိစ္ဆာဘာသာစကား တကယ်တတ်တာပဲ..."
ယိုတုမုခ်ဦးတံခါးမှာ ပျောက်ကွယ်သွားပြီး မိစ္ဆာဘာသာစကားသံ ထပ်မံပေါ်ထွက်လာ၏။ ဤတစ်ကြိမ်တွင်တော့ ချင်မူ အတော်များများ နားလည်လိုက်သည်။ သို့သော်လည်း အဓိပ္ပာယ် မသေချာသည့် စကားလုံးအချို့ ရှိနေသေး၏။
တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ... မင်းတကယ်တတ်တာ ငါ သိပြီ..." မုခ်ဦးတံခါးပေါက်မှာ ထပ်မံပျောက်ကွယ်သွားပြီး မိစ္ဆာဘာသာစကားသံက ကျမ်းသစ္စာ ပြန်ဆိုလိုက်၏။
ချင်မူ ရုတ်တရက် ပြုံးလိုက်သည်။ "မိစ္ဆာဘုရင်၊ ခင်ဗျားက လှည့်စားဖို့ပဲ အမြဲလုပ်နေတာ... လူသားဘာသာစကားနဲ့ပဲ ကျမ်းသစ္စာဆိုကြစို့..."
တုထျန်းမိစ္ဆာဘုရင်မှာ ခဏတာ ငြိမ်သက်သွားပြီးမှ မိစ္ဆာနတ်ဆိုးကဲ့သို့ ပါးနပ်လှသည့် ချင်မူကို ကျိန်ဆဲလိုက်၏။ "ကောင်စုတ်လေး၊ မင်းက မိစ္ဆာဘာသာစကားကို အပေါ်ယံပဲ တတ်တာမလား… အခုမှ အခွင့်ကောင်းယူပြီး သင်သွားတာ..."