မြေအောက်ဘုံအရှင်သခင်၏ ပဋိညာဉ်ကိုးပါး
Vol. 15 Ch. 208
ဘာသာစကားတစ်ခု၏ လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းခန့်ကို နားလည်လျှင် အခြား နားမလည်နိုင်သည်များမှာ ဝှက်စာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ရှေ့နောက်စာများ၏ ဆိုလိုရင်းနှင့် ဆက်စပ်စဉ်းစား၍ ထိုဝှက်စာများ၏ အဓိပ္ပာယ်ကို မှန်းဆနိုင်၏။
ဤနည်းအတိုင်း ချင်မူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မူလက မိစ္ဆာဘာသာစကားနှင့် ပတ်သက်၍ သူ စိုးစဉ်းမျှ မသိ။ ကံကြမ္မာ အကြောင်းတိုက်ဆိုင်၍ မဟာမြို့ပျက်မှ နတ်သမီးဝင်ပေါက်၌ မိစ္ဆာဘာသာစကားကို ကြားခွင့်ရပြီး မှတ်သားနိုင်လိုက်၏။ ထို့နောက်တွင် မိစ္ဆာနှိမ်နန်းတော်နံရံ၌ ချုပ်နှောင်ထားသော မိစ္ဆာနတ်ဘုရားထံမှ မဟာလွတ်မြောက်မုဒြာ သင်ယူရင်း မိစ္ဆာဘာသာစကား အတော်များများ ထပ်မံသိရှိခဲ့သည်။
ထိုသို့ သိရှိထားသမျှကို အသုံးပြု၍ တုထျန်းမိစ္ဆာဘုရင် ရွတ်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို မှန်းဆနိုင်ခဲ့၏။ ဝှက်စာတစ်ခုကို အဓိပ္ပာယ်ဖော်သကဲ့သို့ပင် ဖြစ်သည်။
တုထျန်းမိစ္ဆာဘုရင် သုံးကြိမ်တိုင်တိုင် ရွတ်ဆိုသော ကျမ်းသစ္စာတွင် မိစ္ဆာဘာသာ စကားလုံး မြောက်မြားစွာ ပါဝင်ပြီး ထိုစကားလုံးများက လွန်စွာ စစ်မှန်သန့်စင်၏။ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ ဘာသာစကားတွင် ကြောက်မက်ဖွယ်ရာ အားအင်တစ်ခု ကိန်းအောင်းပါဝင်ကြောင်း ချင်မူ အစောကတည်းက သိထားနှင့်ပြီး ဖြစ်သည်။ တုထျန်းမိစ္ဆာဘုရင် ကျမ်းသစ္စာရွတ်ဆိုသည်ကို သုံးကြိမ်သုံးခါ နားထောင်ပြီးနောက်တွင် မိစ္ဆာဘာသာစကားကို ချင်မူ အတော်ကြီး ကွမ်းကျင်သွား၏။
ယခု တုထျန်းမိစ္ဆာဘုရင်သာ လူသားဘာသာစကားနှင့် ကျမ်းသစ္စာ ရွတ်ဆိုလျှင် အစောက မှတ်သားထားသည်များနှင့် တိုက်ကြည့်ပြီး နားမလည်လိုက်သော စကားလုံးများကို သင်ယူနိုင်ပေလိမ့်မည်။
အခွင့်ကောင်းယူ၍ သင်သွားခြင်းဟု တုထျန်းမိစ္ဆာဘုရင် ပြောသည်မှာ မမှားချေ။
ယခုအချိန်တွင် ချင်မူ့အနေဖြင့် မိစ္ဆာဘာသာစကားကို အသုံးပြု၍ ကျမ်းသစ္စာဆိုရန် မခက်လှတော့သော်လည်း ပိုစိတ်ချရစေရန် လူသားဘာသာစကား အသုံးပြုခြင်း ဖြစ်၏။ သို့မှသာ စကားလုံးတိုင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သဘောပေါက်ပြီး တုထျန်းမိစ္ဆာဘုရင်၏ လှည့်စားခြင်းကို မခံရမည် ဖြစ်သည်။
ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "အဲဒီလိုဆို မိစ္ဆာဘုရင်ကြီးအနေနဲ့ ကျမ်းသစ္စာ ဆိုချင်ပါသေးရဲ့လား..."
တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်သည်။ "ဒါပေါ့၊ ဆိုရမှာပေါ့..."
ချင်မူက ဤအခွင့်အရေးကို အသုံးချ၍ မိစ္ဆာဘာသာစကားကို အပြည့်အစုံ နားလည်တတ်ကျွမ်းအောင် ကြံစည်နေမှန်း သိသော်လည်း သူ့အနေဖြင့် မည်သို့မျှ မတတ်နိုင်ပေ။ အခြား ရွေးစရာရှိသည်မှာ ချင်မူ့ကို သတ်ပစ်ရန်သာ ဖြစ်၏။ သို့သော်လည်း ထိုသို့လုပ်လိုက်လျှင် သူလည်း ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရပေလိမ့်မည်။ သူက မှော်စွမ်းအား အနည်းငယ် ပါဝင်လာသည့် အသိစိတ်ဝိညာဉ် တစ်ခုမျှသာ မဟုတ်လား။
"သေလွန်ပြီးသော ဝိညာဉ်တို့ ပြန်လာကြကုန်၊ ပဋိညာဉ်ကိုးပါး ရှိတော်မူသော မြေအောက်ဘုံအရှင်သခင်၊ သင့်ထံသို့ အကျွန်ုပ်တို့ကိုယ်အကျွန်ုပ်တို့ ဆက်သပါ၏..."
တုထျန်းမိစ္ဆာဘုရင်၏အသံ မြည်ဟည်းလာပြီး မြေအောက်ဘုံအရှင်သခင်၏ တားမြစ်ထားသော အမည်နာမတော်ကို ခေါ်ဆို၍ ယိုတုအုပ်စိုးသူအရှင် သတိပြုမိစေလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ လူသားဘာသာစကားကို အသုံးပြုသည် ဖြစ်၍ မည်သည့်လှည့်ကွက်မျှ အသုံးပြုနိုင်စရာ အကြောင်းမရှိတော့ချေ။
ချင်မူက စကားလုံး တစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို ဂရုတစိုက်မှတ်သား၍ ထပ်ခါထပ်ခါ လေ့လာလိုက်သည်။
ဤတစ်ကြိမ်တွင် ဖော်ပြခြင်းငှာ မစွမ်းသာသည့် စွမ်းအင်တစ်ရပ်က နက်ရှိုင်းသော ဟင်းလင်းပြင်မှ တရှိန်ရှိန် ထိုးတက်လာသည်ကို ခံစားမိ၏။ ဤစွမ်းအင်က ပို၍ ပို၍ အားကောင်းလာပြီး သူ့စိတ်အလျဉ်တွင် မုခ်ဦးတံခါးတစ်ဝက် ဖွဲ့တည်လာသည်။
တုထျန်းမိစ္ဆာဘုရင်က ကျမ်းသစ္စာ ရွတ်ဆို၍ ပြီးသွားပြီး ချင်မူ့ကို ကြည့်လိုက်၏။
ချင်မူက ကျမ်းသစ္စာတွင် ပါဝင်သည့် စကားလုံးများကို ဘာသာစကားနှစ်ခု တိုက်၍ လေ့လာကြည့်ပြီး မိစ္ဆာဘာသာစကား၌ ပို၍ ကျွမ်းကျင်ပိုင်နိုင်လာမှ ကျမ်းသစ္စာကို ရွတ်ဆိုလိုက်သည်။ သင့်ထံသို့ အကျွန်ုပ်တို့ကိုယ်အကျွန်ုပ်တို့ ဆက်သပါ၏ဟူသော စာကြောင်းအရောက်တွင် မျက်လုံးတစ်စုံက သူ့ခန္ဓာကိုယ်ပေါ်သို့ အကြည့်ရောက်လာကြောင်း ခံစားမိ၏။ အတိအကျဆိုရလျှင် သူ့ဝိညာဉ်အပေါ် အကြည့်ရောက်လာခြင်း ဖြစ်သည်။
သူ့ဝိညာဉ်က တဆတ်ဆတ် တုန်ရီသွား၏။ ဝိညာဉ်အားလုံးကို ပိုင်စိုးခြယ်လှယ်နိုင်သူ၏ ကြီးမြတ်မှုနှင့် အကန့်အသတ်မဲ့ စွမ်းအားတစ်ရပ်ကို ခံစားမိသွားသည်။
ဤသည်က ဝိညာဉ်များ၏ အရှင်သခင်၊ အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ ထိုသူက ရုပ်ခန္ဓာကို စိတ်မဝင်စား၊ ဝိညာဉ်ကိုသာ စိတ်ဝင်စားသည်။
ကျမ်းသစ္စာကို ဖောက်ဖျက်ပါက ဖျောက်ဖျက်သူ၏ ဝိညာဉ်ကို လာရောက် ခေါ်ဆောင်သွားမည် ဖြစ်၏။
ချင်မူက ကျမ်းသစ္စာကို ဆက်ရွတ်လိုက်သည်။ မုခ်ဦးတံခါးတစ်ဝက်က သူ့မျက်စိရှေ့တွင် တဖြည်းဖြည်း ပုံပေါ်လာ၏။ ဤမုခ်ဦးတံခါးက တုထျန်းမိစ္ဆာဘုရင်၏ မုခ်ဦးတံခါးနှင့် ပေါင်းစည်းသွားပြီး မုခ်ဦးတံခါးတစ်ချပ် အပြည့်အစုံ ဖြစ်တည်သွားသည်။
မုခ်ဦးတံခါး၏ အလွန်တွင် အဆုံးမဲ့ အမှောင်ထုကြီး ရှိနေ၏။
အောက်ဘက်တွင်တော့ အဝါရောင်စမ်းချောင်းတစ်ခု ရှိသည်။ အမှန်တကယ်တမ်းတွင် အဝါရောင်စမ်းချောင်းဟု ခေါ်ရန်မသင့်။ ထိုစမ်းချောင်းက တလက်လက် တောက်ပနေပြီး အချိုးအကွေ့ ကိုးသွယ်၊ အကွေးအဝိုက် ဆယ့်ရှစ်ခုနှင့် အောက်ပိုင်းရောက်လေ ပိုကျယ်ဝန်း နက်ရှိုင်းလာလေ ဖြစ်၍ ကောင်းကင်ဘုံမှ မြစ်တစ်စင်းအလား ထင်မှတ်မှားရသည်။
အဆုံးအစမရှိသော အဝါရောင်စမ်းချောင်း၏ အခြေတွင် ခံစားချက်ကင်းမဲ့သည့် အကြည့်တစ်စုံကို မြင်တွေ့ရ၏။
ဤရွှေရောင်တလက်လက် တောက်ပနေသော စမ်းချောင်းက အဝါရောင်စမ်းချောင်းမဟုတ်၊ ဦးချိုများ ဖြစ်သည်။
ဝိညာဉ်များကို ပိုင်စိုးသူ၊ မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းထက်မှ ဦးချိုနှစ်ချောင်း ဖြစ်နေ၏။
မြေအောက်ဘုံအရှင်သခင်၏ ပဋိညာဉ်ကိုးပါးမှ ပဋိညာဉ်သဘောတူညီချက်ဟူသော စကားမှာ ဤအချိုးအကွေ့များကို ရည်ညွှန်းခြင်း ဖြစ်သည်။
ပဋိညာဉ်ကိုးပါးသည် အချိုးအကွေ့ကိုးသွယ် ဖြစ်၏။
သူ၏ ဦးချိုများက အချိုးအကွေ့ကိုးသွယ် ရှိသည့် အဝါရောင်စမ်းချောင်း ဖြစ်သည်။
ချင်မူနှင့် တုထျန်းမိစ္ဆာဘုရင်တို့ ကျမ်းသစ္စာပြုသည်မှာ ဤကမ္ဘာဦးနတ်ဘုရားကြီး၏ ဦးချို အချိုးအကွေ့ကိုးသွယ်ပေါ်တွင် ဖြစ်၏။
ကျမ်းသစ္စာချိုးဖျက်ခြင်းကို အဘယ်ကြောင့် ပဋိညာဉ်ချိုးဖောက်ခြင်းဟု ခေါ်ဆိုသနည်း။ မြေအောက်ဘုံအရှင်သခင်၏ ပဋိညာဉ်ကိုးပါးနှင့် ဆက်စပ်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ကျမ်းသစ္စာမှာ အဝါရောင်စမ်းချောင်း၏ အချိုးအကွေ့ကိုးသွယ်ပေါ်တွင် ကျိန်ဆိုခြင်း ဖြစ်သဖြင့် တစ်ဦးတစ်ယောက်က ကျမ်းသစ္စာချိုးဖျက်သည်နှင့် မြေအောက်ဘုံအရှင်သခင်က ထိုသူ၏ ဝိညာဉ်ကို နုတ်ယူသွားမည် ဖြစ်သည်။
ကျမ်းသစ္စာ ဆိုပြီးသွားသောအခါ မုခ်ဦးတံခါးပိတ်သွားပြီး ချင်မူ၏ မျက်လုံးရှေ့မှ မြင်ကွင်းလည်း ပျောက်ကွယ်သွား၏။
"ဟီး ဟီး... ဟီး ဟီး ဟီး..."
တုထျန်းမိစ္ဆာဘုရင်၏ ရယ်သံ ထွက်ပေါ်လာသဖြင့် ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ "မိစ္ဆာဘုရင်ကြီးအနေနဲ့ ဘာများ ရယ်စရာ ရှိလို့ပါလဲ..."
"ဘာမှ မဟုတ်ပါဘူး..."
တုထျန်းမိစ္ဆာဘုရင်က အဆက်မပြတ် ရယ်မောရင်းမှ မအောင့်နိုင်ဘဲ သရော်တော်တော် ပြောဆိုလိုက်သည်။ "ကောင်စုတ်လေး၊ မင်းက မိစ္ဆာနတ်ဆိုးလို ပါးနပ်ပေမဲ့ ငါ့ထောင်ချောက်ထဲတော့ တိုးဝင်လာသေးတာပဲ... မင်းနဲ့ ကျမ်းသစ္စာဆိုတာ ငါ့ခန္ဓာကိုယ်အစစ် မဟုတ်ဘူး... အသိစိတ်ဝိညာဉ် အပိုင်းအစတစ်ခု သက်သက်ပဲ... အခုကစပြီး ငါခိုင်းတဲ့အတိုင်း ကောင်းကောင်းလုပ်... ယိုတုဘာသာစကား သင်ရဖို့တော့ အိပ်မက် မက်မနေနဲ့... ဒီအသိစိတ်ဝိညာဉ် ပျက်စီးသွားလည်း ငါ့အတွက် ဘာမှ မဖြစ်ဘူး..."
ချင်မူမှာ မျက်လုံးများ ပြူးကျယ်၍ စိုက်ကြည့်နေပြီး အတန်ကြာအောင် စိတ်နှင့်ကိုယ် မကပ်နိုင်ဘဲ ဖြစ်သွား၏။
တုထျန်းမိစ္ဆာဘုရင်က ချင်မူ့ပုံစံကို ကြည့်၍ လွန်စွာ ကျေနပ်အားရသွားပြီး တဟားဟား ရယ်မောလိုက်သည်။
တစ်ခဏကြာပြီးသောအခါ ချင်မူ သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ပြုံးပြုံးလေး ဆက်ဆံပြီး နောက်ကျောက ဓားနဲ့ထိုးဖို့ ဘိုးဘိုးထော့ကျိုးက အမြဲမှာတာ ဒါကြောင့်ပါလား... မိစ္ဆာဘုရင်၊ ခင်ဗျားက တကယ့်ကို ကျွမ်းကျင်အဆင့်ပါပဲ... ကံကောင်းလို့ ကျုပ်ကလည်း အဲထက် မညံ့တာ..."
တုထျန်းမိစ္ဆာဘုရင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
ချင်မူက တီးတိုးရေရွတ်လိုက်၏။ "ကျုပ်မှာလည်း ဝှက်ဖဲတစ်ခု ရှိတယ်... ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို တစ်ယောက်ဆင့်ခေါ်ပြီးတာနဲ့ တစ်ယောက်တန်းသတ်ဖို့ လုပ်ထားတာ... အဲဒီလိုဆို သဘောတူညီချက်ကို ဖောက်ဖျက်ရာ မကျဘူးမလား..."
တုထျန်းမိစ္ဆာဘုရင်မှာ မှင်တက်မိသွားသည်။
သူတို့နှစ်ယောက်စလုံး ငြိမ်ကျသွား၏။
တစ်ခဏနေသောအခါ တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်သည်။ "ဒီအတိုင်းဆို ငါတို့နှစ်ယောက်စလုံး အကျိုးယုတ်ရုံပဲ ရှိလိမ့်မယ်... မင်းက ငါ့ကို မယုံမှတော့ မင့်ကိုယ်ထဲ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး... ဒုတိယနည်းလမ်းကို ငါရွေးမယ်... မင်းက ယန္တရားရုပ်တစ်ခု ဖန်တီးပေး... မင့်ကိုယ်ထဲကနေ အဲဒီနတ်ဘုရားရုပ်တုထဲကို ငါ ပြောင်းနေမယ်... ယန္တရားရုပ်တု တည်ဆောက်ပြီးသွားရင် မင်းကို ယိုတုဘာသာစကား သင်ပေးမှာပါ၊ အဲဒီအတွက် မပူနဲ့..."
"သဘောတူတယ်..."
ချင်မူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ အဘိုးကြီးမာက ပရိဘောဂပစ္စည်းအမျိုးမျိုး မကြာခဏ ပြုလုပ်လေ့ရှိပြီး သူ့ထံမှ လက်မှုအတတ်ပညာ အတော်များများ ချင်မူ သင်ယူထားသည်။ နားကန်းထံမှ သင်ယူထားသော ပန်းချီနှင့် စာလုံးလှပညာ၊ ရွှေအထံမှ သင်ယူထားသော ပန်းပဲပညာတို့ပါ ထပ်ပေါင်းထည့်လျှင် နတ်ဘုရားယန္တရားရုပ်တစ်ခု ဖန်တီးရန်မှာ သူ့အတွက် ခက်ခဲခြင်း မရှိလှချေ။
ချင်မူ ယန္တရားရုပ် စတင် တည်ဆောက်တော့မည် ပြင်နေရင်း ကျောရိုးတစ်လျှောက် စိမ့်တက်၍ နဖူးထက်မှ ချွေးစေးများ လှိမ့်ဆင်းလာ၏။ "လှည့်ကွက်ထဲ ဝင်မိတော့မလို့ပါလား... ယန္တရားရုပ် မတည်ဆောက်ခင် ကျမ်းသစ္စာဆိုထားတဲ့အတိုင်း မိစ္ဆာနတ်ဆိုး ဆင့်ခေါ်ပေးမှ ဖြစ်မယ်... မဟုတ်ရင် ယန္တားရုပ် တည်ဆောက်ဖို့ အာရုံစိုက်နေတာနဲ့ မိစ္ဆာနတ်ဆိုး မဆင့်ခေါ်မိဘဲ ယိုတုဘာသာစကား သင်လိုက်လို့ ပဋိညာဉ်ပျက်ပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ဝိညာဉ်နုတ်ခံရလိမ့်မယ်..."
တုထျန်းမိစ္ဆာဘုရင်က လွှတ်ခနဲ ချီးကျုးလိုက်မိသည်။ "အတော် ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ... မင်းရဲ့ ပါးနပ်ပုံမျိုးနဲ့ဆို ငါ့တုထျန်းပြည်မှာ ကောင်းကောင်းကြီး ရှင်သန်နိုင်တယ်..."
ချင်မူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ တုထျန်းမိစ္ဆာဘုရင်ကဲ့သို့ မိစ္ဆာနတ်ဆိုးမျိုးနှင့် ဆက်ဆံရာတွင် သတိလက်လွတ်နေမိပါက သူ့ရိုးတွင်းခြင်ဆီပါမကျန် ဝါးစားခံလိုက်ရပေလိမ့်မည်။
သူ အနောက်ခန်းသို့ ဝင်၍ ငွေစအချို့ ယူကာ နတ်ဘုရားရုပ် တည်ဆောက်ရန်အတွက် လိုအပ်သော သစ်သားနှင့် ဆောင်းသလင်းသံမဏိအချို့ သွားဝယ်ရန် ပြင်လိုက်သည်။ ခြံတံခါးဝတွင် ဟူလင်းအာ မတ်တတ်ရပ်၍ ဟိုကြည့်သည်ကြည့် လုပ်နေသည်ကို မြင်သဖြင့် ပြုံးကာ မေးလိုက်၏။ "လင်းအာ၊ ကျင့်စဉ်မကျင့်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ..."
ဟူလင်းအာက ကြောင့်ကြမကင်းစွာ ပြောလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံက ကျွန်မတို့ဆီမှာ တဖုန်းကြေးပြားတစ်ထောင် အကြွေးတင်ထားတာ၊ အခု ပြန်ဆပ်ဖို့ အချိန်ရောက်နေပြီ..."
ချင်မူ ခေါင်းယမ်းမိပြီး နန်းတွင်းကောလိပ်၊ သိုလှောင်ရုံသို့ သွား၍ လိုအပ်သော ပစ္စည်းများ ဝယ်ကာ ခြံထဲသို့ သယ်လာ၏။
နတ်ဘုရားရုပ်တု ထုလုပ်ရန်မှာ သူ့အတွက် မခက်ခဲလှ။ နေ့တစ်ဝက်အတွင်း၌ တုထျန်းမိစ္ဆာဘုရင်၏ လမ်းညွှန်မှုဖြင့် ပုံစံမတူသော သစ်သားရုပ်တုငါးခု ထုလုပ်ပြီးစီးသွားသည်။ ထိုရုပ်တုငါးခုစလုံးက မိစ္ဆာနတ်ဘုရားရုပ်တုများ ဖြစ်၏။
"ဒီငါးယောက်က ငါ့အုပ်ချုပ်မှုကို မနာခံတဲ့ကောင်တွေ... မင်း သူတို့ကို ဆင့်ခေါ်ပြီး သတ်ရင် ငါ့အတွက် အမြတ်ပဲ..." တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်သည်။
ချင်မူ သစ်သားရုပ်တုများ ထုလုပ်ပြီးသောအခါ ထမင်းဟင်းချက်ပြုတ်၍ ခြံတံခါးဝတွင် ရှိနေဆဲ ဖြစ်သော ဟူလင်းအာကို စားရန် ခေါ်လိုက်၏။ ဟူလင်းအာက ကြောင်ငေးငေး အမူအရာဖြင့် လျှောက်လာသည်။ စားနေရင်းတန်းလန်းနှင့် ရုတ်တရက် ထ၍ ရေရွတ်လိုက်၏။ "သခင်လေး၊ ဧကရာဇ်အတိုင်ပင်ခံက ကျမတို့ဆီမှာ တဖုန်းကြေးပြားတစ်ထောင် အကြွေးတင်နေသေးတယ်..."
ချင်မူက လိုလန်ရွှေနန်းတော်မှ ခိုးယူလာသည့် သံရည်ကျိုအိုးကို ထုတ်ယူ၍ နတ်ဘုရားယန္တရားရုပ် တည်ဆောက်ရန်အတွက် လိုအပ်သော ဆောင်းသလင်းသံမဏိများကို အရည်ကျိုလိုက်သည်။ သူ ညသန်းခေါင်ထိ အလုပ်လုပ်နေစဉ်တွင် သူ့အိမ်အနီးမှ ကျောင်းတော်သားများမှာ ဆူဆူညံညံ အသံများကြောင့် အိပ်မရသဖြင့် အဆောင်မှူးဆရာများထံ သွားတိုင်ကြ၏။ အဆောင်မှူးဆရာအချို့က ချင်မူ့ထံ ကိုယ်တိုင်လာရောက်၍ ဆက်မလုပ်တော့ရန် တောင်းပန်စကားဆိုသည်။
ချင်မူ့အနေဖြင့် ဆရာများစကားအတိုင်း ရပ်တန့်၍ အိပ်ရာဝင်လိုက်ရ၏။
နောက်တစ်နေ့မနက် အိပ်ရာနိုးသောအခါ အခန်းတံခါးဖွင့်၍ မျက်နှာသစ်ရင်း တစ်ခုခု လိုနေသကဲ့သို့ ခံစားလိုက်မိသည်။ အတန်ကြာ စဉ်းစားပြီးမှ ယမန်နေ့ည အိပ်သည့်အခါတွင် သူ့စောင်အောက်၌ တစ်စုံတစ်ခု ပျောက်ဆုံးနေကြောင်း သတိရသွား၏။
"ကြည့်ရတာ မနေ့ညက ဟူလင်းအာ ငါ့စောင်အောက် လာတိုးမအိပ်ဘူး ထင်တယ်..."
ချင်မူ ခြံတံခါး တွန်းဖွင့်လိုက်သောအခါ အပြင်ဘက်ရှိ နဂါးချီလင်၏ ခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ဟူလင်းအာကို မြင်ရ၏။ ဟူလင်းအာက ကျောင်းတော်သားအိမ်ရာ ဝင်ပေါက်ဆီသို့ လှမ်းမျှော်ကြည့်လျက် ရှိပြီး တစ်ညလုံး မအိပ်ရသေးမှန်း သိသာစွာ မျက်လုံးများ နီရဲနေသည်။
"သခင်လေး၊ ဧကရာဇ်အတိုင်ပင်ခံက ကျမတို့ဆီမှာ တဖုန်းကြေးပြားတစ်ထောင် အကြွေးတင်နေသေးတယ်..." သူက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွား၏။ သူ ဟူလင်းအာကို ကောက်ပွေ့၍ စောင်အောက်သို့ ပို့ပြီး နတ်ဘုရားယန္တရားရုပ် တည်ဆောက်ခြင်းအမှုကို ဆက်လုပ်လိုက်သည်။
တတိယမြောက်နေ့တွင်လည်း ဟူလင်းအာက ခြံတံခါးသို့ သွား၍ စောင့်မြဲစောင့်နေ၏။ ညရောက်သောအခါမှ နုံးချည့်စွာ ပြန်လာပြီး ညစာစားသည်။ ပြီးနောက် ငေးငေးငိုင်ငိုင်နှင့် အကြာကြီး ထိုင်နေ၏။ "ဧကရာဇ်အတိုင်ပင်ခံက ကျမတို့ဆီမှာ တဖုန်းကြေးပြားတစ်ထောင် အကြွေးတင်နေသေးတယ်..."
စတုတ္ထနေ့ ရောက်သောအခါ ဟူလင်းအာမှာ မည်သည်ကိုမျှ မပြောတော့သကဲ့သို့ ခြံတံခါးဝသို့လည်း မသွားတော့ချေ။ သူ့မျက်နှာကတော့ မရွှင်မပျ ဖြစ်နေသည်။
ချင်မူ စိုးရိမ်ပူပန်စွာ မေးမိသောအခါမှ ပြန်ဖြေ၏။ "ဧကရာဇ်အတိုင်ပင်ခံက အကြွေးပြန်မပေးတော့ဘူး ထင်တာပါပဲ..."
နောက်ဆုံးတွင် ချင်မူ နတ်ဘုရားယန္တရားရုပ်ကို တည်ဆောက်ပြီးစီးသွားသည်။ ထိုရုပ်တုမှာ ခေါင်းလေးလုံး၊ လက်ရှစ်ဖက် ရှိပြီး ခြေဆစ်၊ လက်ဆစ်အားလုံး စိတ်ကြိုက် လှုပ်ရှားနိုင်၏။ ခန္ဓာကိုယ်ပေါ်တွင် မှော်သင်္ကေတ အမျိုးမျိုးကိုလည်း ရေးသားစီရင်ထားသည်။ ချင်မူက တုထျန်းမိစ္ဆာဘုရင်ကို ချက်ချင်း ဝင်ခွင့်မပေးသေးချေ။
ထိုအခိုက်၌ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ချင်မူ ဟူလင်းအာကို လှမ်းကြည့်လိုက်သည်။ ဤမြေခွေးလေးက တံခါးသွားမဖွင့်ဘဲ ငိုင်တွေတွေကြီး ထိုင်နေသည်ကို သူ တွေ့လိုက်ရ၏။ ချင်မူ ခေါင်းခါယမ်းမိပြီး သူ့ဖာသာ တံခါးသွားဖွင့်လိုက်သည်။
တံခါးရှေ့တွင် အဘိုးကြီးတစ်ဦး ရပ်နေ၏။ ထိုအဘိုးကြီး၏ အဝတ်အစားများက ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းသပ်ယပ်စွာ ဝတ်ဆင်ထားသည်။ သူက ပြုံးလိုက်၏။ "သခင်လေးချင်မူလား မသိဘူး... ကျွန်တော်မျိုးက ဧကရာဇ်အတိုင်ပင်ခံ စံအိမ်ရဲ့ အိမ်တော်ထိန်းပါ... မျိုးရိုးနာမည်က ဖူလို့ခေါ်ပါတယ်... ဧကရာဇ်အတိုင်ပင်ခံက စေခိုင်းလိုက်လို့ အကြွေးပြန်လာဆပ်တာပါ..."
ချင်မူ အံ့အားသင့်သွားသည်။ "အဘိုးဖူ၊ ဧကရာဇ်ဆီက ဆုတော်လာဘ်တော်တွေ ရောက်လာပြီလား..."
လောင်ဖူက ပြောလိုက်၏။ "ရောက်လာပါပြီ သခင်လေး... ဧကရာဇ်က နန်းတွင်းသူတစ်ရာနဲ့ ရွှေစတစ်သန်း ဆုချီးမြှင့်လိုက်ပါတယ်... ဧကရာဇ်အတိုင်ပင်ခံက လက်ဆောင်တွေ လက်ခံလိုက်ပေမဲ့ နန်းတွင်းသူတစ်ရာကြောင့် ခေါင်းကိုက်နေရတယ်... အကုန်လုံးကို မထောက်ပံ့နိုင်ဘူးလေ၊ အခုတော့ ငွေစကြေးစနည်းနည်း ရှိလာလို့ တော်သေးတာပေါ့... ဒါပေမဲ့ အကြွေးတွေ အကုန်ဆပ်ပြီးသွားရင် ဆုတော်ငွေရဲ့ တစ်ဝက်လောက်ပဲ ကျန်တော့မှာ... သခင်လေးချင်၊ ဒီမှာ တဖုန်းကြေးပြားတစ်ထောင်ပါ..."
ချင်မူ ဟူလင်းအာကို လှမ်းခေါ်ရန် ပြင်လိုက်စဉ် သူ့မျက်ဝန်းထောင့်စွန်း၌ အဖြူရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရ၏။ ဟူလင်းအာက လေပေါ်တွင် ဝဲပျံသည့်နှယ် လှစ်လှစ် လှစ်လှစ် ပြေးလာပြီး ချိုမြသောအပြုံးတစ်ခုကို ပြုံး၍ အဘိုးဖူ၏ လက်ထဲမှ ငွေအိတ်ကို ဖတ်ခနဲ ဆွဲယူလိုက်သည်။ "ကြည့်ရတာ ဧကရာဇ်အတိုင်ပင်ခံက ယုံကြည်ကိုးစားရတဲ့ လူတစ်ယောက်ပဲ... ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုးဖူ..."
လောင်ဖူမှာ အံ့အားသင့်သွားသော်လည်း မည်သည်ကိုမျှ မပြောချေ။ ထို့နောက် ချင်မူကို သတိပေးစကား ဆိုလိုက်၏။ "သခင်လေးချင်က ချမ်းသာကြွယ်ဝတာဆိုတော့ သတိထားပါ... ဒီရက်ပိုင်း ရွှေမြို့တော်မှာ သူခိုးတစ်ယောက် သောင်းကျန်းနေတယ်... ချမ်းသာတဲ့ အရာရှိမင်း အတော်များများ အခိုးခံလိုက်ရပြီ... အဆိုးဆုံးကတော့ နန်းတွင်းသမားတော်ယိုပဲ၊ သူဆို အိပ်ရာထဲကကို မထနိုင်တော့ဘူး၊ ငိုနေတာ... ပထမအဆင့် အရာရှိမင်းတွေထဲမှာလည်း အခိုးခံလိုက်ရတဲ့သူတွေ ရှိတယ်၊ သူတို့ကတော့ ရာထူးနဲ့ မလိုက်တဲ့ ရတနာတွေ အများကြီးပါသွားလို့ ခိုးခံရကြောင်း မပြောရဲကြဘူး... သူတို့ရဲ့ အစေခံတွေပဲ ကျိတ်ကျိတ် ကျိတ်ကျိတ် ပြောနေကြတာ..."
ထိုသို့ ပြောဆိုနေစဉ်၌ အဝတ်အစား တောက်တောက်ပြောင်ပြောင်နှင့် ရွှေငွေများ ဝတ်ဆင်ထားသည့် လူချမ်းသာပုံ အဘိုးကြီးနှစ်ယောက် ကျောင်းတော်သားအိမ်ရာအတွင်းသို့ ဝင်လာသည်။ ထိုထဲမှ တစ်ယောက်မှာ ခြေတစ်ဖက်မရှိသည့် ဒုက္ခိတ ဖြစ်ပြီး ကျန်တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ် မြေရှင်အိမ်ရှင်တစ်ယောက် ပုံစံပေါက်၏။ သူတို့နှစ်ယောက်စလုံးက ကြွယ်ဝချမ်းသာ၍ ခံ့ညားထည်ဝါသော အသွင်ကို ဆောင်နေသည်။