← Chapters

မြေကမ္ဘာဇာစ်မြစ်မုခ်ဝ

Vol. 15 Ch. 209

မြေကမ္ဘာဇာစ်မြစ်မုခ်ဝ

Vol. 15 Ch. 209

လောင်ဖူက ထိုမြင်ကွင်းကို မြင်ပြီး ပြောလိုက်၏။ "သခင်လေးမှာ ဧည့်သည်တွေ ရှိလာပြီဆိုတော့ မနှောင့်ယှက်တော့ပါဘူး... ကျွန်တော်လည်း တခြားမိသားစုတွေဆီ အကြွေးသွားဆပ်ရအုံးမှာ... သွားဆပ်မဲ့ထဲက နှစ်ယောက်က သူခိုးနောက် အတော်လေး ပါသွားတာဆိုတော့ အကြွေးသွားမဆပ်ရင် ငတ်ပြတ်နေလိမ့်မယ်..."

ထော့ကျိုးနှင့် အဘိုးကြီးမာက အနားသို့ လျှောက်လှမ်းလာသည်။ ထော့ကျိုး၏ မျက်နှာက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး အဘိုးကြီးမာကလည်း စည်းစိမ်ဥစ္စာဆိုသည်မှာ သူ့အတွက် မည်သို့မျှ မဟုတ်လေဟန် မျက်နှာထားမျိုး ဖြစ်နေ၏။

ချင်မူက သူတို့နှစ်ယောက်စလုံးကို ခရီးဦးကြိုပြုလိုက်သည်။ "ဘိုးဘိုးထော့ကျိုးနဲ့ ဘိုးဘိုးမာက ဒီရက်ပိုင်း ဘယ်တွေသွားနေတာလဲ..."

အဘိုးကြီးမာက ပြောလိုက်၏။ "ထော့ကျိုးက လီကျိုးမှာ ဒုက္ခသည်တွေအတွက် လှူဖို့ ငါ့ကို ခေါ်သွားလို့ပါကွာ..."

ထော့ကျိုးက ပြုံးလိုက်သည်။ "လီကျိုးမှာ ပုန်ကန်မှုကြောင့် အားလုံးပျက်စီးပြီး လူတွေ ငတ်ပြတ်ကုန်ပြီ... အဘိုးကြီးမာနဲ့ ငါက ငွေတွေ အတော်လေး ရထားတာမလို့ အဲဒီက ဒုက္ခသည်တွေကို သွားလှူတာ... ငါတို့ ဝတ်ထားတဲ့ ပြောင်ပြောင်လက်လက်တွေကို ကြည့်မနေနဲ့၊ အကုန်လုံး အတုတွေ... ဒီရွှေဆွဲကြိုးက သစ်သားပေါ် ရွှေမင်သုတ်ထားတာ၊ ဒီကျောက်စိမ်းဆွဲသီးကလည်း အတုပဲ... အစစ်တွေက အဘိုးကြီးမာ သွားရောင်းပြီး လီကျိုးအတွက် ဆန်တွေ၊ ခေါက်ဆွဲတွေ ဝယ်ပစ်လိုက်ပြီ... မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေလည်း အဲဒီမှာ ရောက်ပြီး ကူညီနေကြတာနဲ့ ရိက္ခာဝယ်ဖို့ သူတို့ဆီ ငွေလှူခဲ့တယ်..."

ချင်မူက ပြုံးလိုက်၏။ "အဲဒီလိုဆို နန်းတွင်းသမားတော်ယိုက ကောင်းမှုတစ်ခု ပြုခဲ့တာပေါ့..."

ချင်မူ မိစ္ဆာဆင့်ခေါ်ခြင်းအကြောင်း ပြောပြသောအခါ ထော့ကျိုးက စိတ်ဝင်တစား မေးမြန်းလိုက်သည်။ "အဲလိုမျိုး ဖြစ်သွားသေးတယ်ပေါ့... ငါအရှက်ရအောင်တော့ မလုပ်ဘူးမလား၊ အဲဒီမိစ္ဆာဘုရင် လှည့်စားတာရော ခံလိုက်ရသေးလား... ဒီကိစ္စကို အဘိုးကြီးမာလက်ထဲ အပ်လိုက်၊ မာဝမ်ရှန်းက မျက်လုံးသုံးလုံး ရှိတယ်၊ မိစ္ဆာနှိမ်နင်းတဲ့နေရာမှာ အတော်ဆုံးပဲ..."

အဘိုးကြီးမာ၏ မျက်ခုံးနှစ်ခုအလယ်တွင် ရုတ်တရက် နှစ်ခြမ်းဟပွင့်သွားပြီး အဖြူရောင် အသားလုံးတစ်လုံး ပေါ်ထွက်လာ၏။ ထို့နောက် ဘေးဘက်ဆီသို့ လည်၍ မျက်လုံးတစ်လုံး ပွင့်ဟလာပြီး ချင်မူ၏ မျက်ခုံးနှစ်ခုအလယ်သို့ တောက်ပသော ဗုဒ္ဓအလင်းတန်းများ ထွန်းလင်းကျရောက်သွားသည်။

စူးစူးရှရှ အော်သံများနှင့်အတူ မချိမဆန့် ကြိမ်းမောင်းပြောဆိုသံ တစ်သံ ပေါ်ထွက်လာ၏။ "ငါ့ကို သေအောင်လုပ်ရင် မင်းလည်း သေရမှာ သိထား..."

ချင်မူက ကမန်းကတန်း တားလိုက်သည်။ "ဘိုးဘိုးမာ၊ ကျွန်တော်က သူနဲ့ ကျမ်းသစ္စာဆိုထားတာ၊ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို သဘောတူထားတယ်..."

“မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ဟုတ်လား..."

ထော့ကျိုးနှင့် အဘိုးကြီးမာ၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ အဘိုးကြီးမာက သူ့နဖူးထက်မှ တတိယမျက်လုံးကို တစ်မုဟုတ်ချင်း ပိတ်၍ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ "မူအာ၊ မင်းက သိပ်ရဲတင်းလွန်းတာပဲ... မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်က ဘယ်လောက် အန္တရာယ်များလဲ မင်းသိလား... ဒီလို ကျမ်းသစ္စာမျိုးကို ဘာလို့ ကျိန်ဆိုရတာလဲ... ပြီးတော့ တစ်ဘက်က လူတောင် မဟုတ်ဘူး၊ တခြားကမ္ဘာက မိစ္ဆာနတ်ဘုရားနဲ့..."

ထော့ကျိုးက ခေါင်းခါယမ်းလိုက်၏။ "အဆင်ခြင်မဲ့လိုက်တာ... မင့်အသက်နဲ့များ လောင်းကြေးထပ် ကစားရတယ်လို့... ဘာကိစ္စ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ကတိသစ္စာပြုလိုက်ရတာလဲ... ငါတို့ကို ပြောရင် ရှင်းပေးမှာပေါ့..."

ချင်မူက ပြောလိုက်သည်။ "ကျွန်တော် ယိုတုဘာသာစကား သင်ချင်လို့ပါ..."

"အဲဒါအတွက်များ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် မလိုပါဘူး... ဒီမိစ္ဆာဘုရင်ကို သားသတ်သမားဆီ လက်လွှဲပေးလိုက်၊ သုံးလေးငါးရက်အတွင်း အကုန်ထုတ်ပြောလာအောင် လုပ်ပေးလိမ့်မယ်..." ထော့ကျိုးက ခေါင်းခါယမ်းလိုက်၏။ "သားသတ်သမားက နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေနဲ့ ကစားရတာ ကြိုက်တဲ့သူ... သုံးလေးငါးရက်လောက်နဲ့ သေချင်စိတ်ပေါက် လုပ်ပေးနိုင်တယ်... သားသတ်သမားလက်သာ အပ်လိုက်၊ သူ မသေရင် မင်းကို ငါ သင်ပေးမယ်..."

ချင်မူက ခပ်အမ်းအမ်း ပြောလိုက်သည်။ "မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်က ကျိန်ဆိုပြီးသွားပြီ၊ ပြင်လို့ မရတော့ဘူး... အခု ကျွန်တော် မိစ္ဆာနတ်ဆိုးဆင့်ခေါ်ဖို့ ပြင်လိုက်ဦးမယ်... ဘိုးဘိုးတို့ ဒုက္ခခံပြီး ကူညီပေးပါဦး..."

အဘိုးကြီးမာက ပြောလိုက်၏။ "ခေါ်သာ ခေါ်လိုက်ပါ၊ ကျန်တာ ငါတို့တာဝန်ထား..."

ချင်မူ နန်းတွင်းကောလိပ် သိုလှောင်ရုံသို့ လူရိုးအချို့ သွားဝယ်လိုက်သည်။ ထို့နောက် အိတ်ထဲမှ အဆောင်ရတနာကို ထုတ်၍ မိစ္ဆာနတ်ဆိုးဆင့်ခေါ် အစီအရင်ကို စတင်လိုက်၏။

နန်းတွင်းကောလိပ်က သမာသမတ်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ် ဟူ၍ ခွဲခြားခြင်း မရှိဘဲ ကျင့်စဉ်၊ သိုင်းပညာ၊ မှော်အစီအရင် အားလုံးကို သင်ကြားပေးသဖြင့် အချို့ မှော်အစီအရင်များအတွက် သိုလှောင်ရုံတွင် လူအရိုးများ အမြဲရှိတတ်သည်။

ဆင့်ခေါ်အစီအရင်က အဆင်ပြေချောမွေ့စွာ စတင်၍ မိစ္ဆာနတ်ဘုရားရုပ်တုပေါ်မှ မှော်သင်္ကေတများ လင်းလက်လာ၏။ ဤတစ်ကြိမ်တွင်တော့ ကောင်းကင်လှိုင်းမြို့တုန်းကကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖြစ်မလာတော့ပေ။ ဤသည်ကို ကြည့်လျှင် ယခု ဆင့်ခေါ်နေသော မိစ္ဆာနတ်ဘုရားက တုထျန်းမိစ္ဆာဘုရင်ကဲ့သို့ စွမ်းအားမကြီးမားကြောင်း သိသာထင်ရှား၏။

နန်းတွင်းကောလိပ် ကောင်းကင်ယံထက်တွင် မိုးလေဝသအပြောင်းအလဲများ ဖြစ်ပေါ်၍ အရှိန်အဝါကြီးမားသော မှော်စွမ်းအားတစ်ရပ်က မိုးသားထုကို ထွင်းဖောက် သက်ဆင်းလာသည်။ မဟူရာတိုင်လုံးကြီးတစ်လုံး ကျောင်းတော်သားအိမ်ရာအပေါ် ပိကျလာသကဲ့ ရှိ၏။

နန်းတွင်းကောလိပ်ရှိ ပါမောက္ခချုပ် အပါအဝင် ကျောင်းတော်သားများ၊ အဆောင်မှူးဆရာများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရွှေမြို့တော်မှ အဆင့်မြင့်ပညာရှင်များလည်း စိုးရိမ်မကင်းစွာ လှမ်းမျှော်ကြည့်မိကြ၏။

ချင်မူ၏ ခြံဝင်းထဲတွင်တော့ မိစ္ဆာနတ်ဆိုးဆင့်ခေါ်သည့် အစီအရင်က ရှေ့ဆက်နေဆဲ ဖြစ်သည်။ သစ်သားဖြင့် ပြုလုပ်ထားသော မိစ္ဆာနတ်ဘုရားရုပ်တုမှာ တဖျစ်ဖျစ် မြည်၍ ကြီးထွားဆန့်ထွက်လာ၏။ မာန်သွင်းကြွေးကြော်လိုက်သည့် မိစ္ဆာသံတစ်သံကို ချင်မူ ကြားရသည်။ "နိမ့်ကျတဲ့ ကမ္ဘာငယ်၊ တုထျန်းပြည်က ကျားဟယ်မိစ္ဆာနတ်ဘုရားရဲ့ အမျက်ဒေါသကို ရင်ဆိုင်ဖို့ ပြင်ထားလော့..."

ထိုအခိုက်၌ နန်းတွင်းကောလိပ် ကောင်းကင်ယံထက်တွင် ဗုဒ္ဓရောင်ဝါ အလင်းတန်းများ ဖြာကျလာ၏။ ကြီးမားသော ဗုဒ္ဓမြတ်စွာတစ်ဆူက ကောင်းကင်ယံထက်တွင် တင်ပျဉ်ဖွဲ့၍ နှစ်ဧကခွဲခန့်ရှိသော လက်ဖဝါးတော်ကို ဆန့်ထုတ်လိုက်သည်။ ထိုလက်ဖဝါးတော်က ဖျိုးဖျိုးဖျစ်ဖျစ် မြည်၍ အောက်သို့ နိမ့်ဆင်းဖိကျလာ၏။ ကျားဟယ်မိစ္ဆာနတ်ဘုရား၏ အသိစိတ်ဝိညာဉ်နှင့် မှော်စွမ်းအားမှာ သက်ဆင်းရောက်ရှိနိုင်ခြင်း မရှိမီပင် သစ်သားရုပ်နှင့်အတူ အပိုင်းပိုင်းအစအစ ပြိုကွဲပျက်စီးသွားသည်။

နန်းတွင်းကောလိပ်ရှိ ကျောင်းတော်သားများ၊ အဆောင်မှူးဆရာများ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားကြ၏။ ရွှေမြို့တော်မှ အဆင့်မြင့်ပညာရှင်များနှင့် မြို့စောင့်တပ်သားများလည်း စိတ်အေးသွားသည်။ "နန်းတွင်းကောလိပ်ပဲလေ၊ အဆင့်မြင့်ပညာရှင်တွေ အမြဲတမ်း ရှိပါတယ်... ဒီလို ဗုဒ္ဓကျင့်စဉ်စွမ်းအင်မျိုးက မဟာမိုးခြိမ်းသံ ကျောင်းတော်မှာတောင် တွေ့ရခဲတာ... နန်းတွင်းကောလိပ်မှာ ဒီလို ပညာရှင်မျိုး ရှိနေတာဆိုတော့ အထင်သေးလို့ မရဘူး..."

ကူလင်းနွမ်က နန်းတွင်းကောလိပ်မှ အဆောင်မှူးဆရာအချို့ ခေါ်ဆောင်၍ အခင်းဖြစ်ပွားရာနေရာသို့ အပြေးလှမ်းလာ၏။ ချင်မူက ခြံဝင်းအတွင်းမှ ခေါင်းပြူ၍ ပြုံးပြလိုက်သည်။ "အားလုံး အချိန်ကိုက် ရောက်လာတာပဲ၊ အခုလေးတင် မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်လာလို့ ကျွန်တော့်ဘိုးဘိုး ရိုက်သတ်ပစ်လိုက်ပါပြီ..."

ကူလင်းနွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားပြီး ဖျစ်ညှစ်ပြုံးပြလိုက်၏။ "ဂရုစိုက်ပါ၊ ဝန်မင်းချင်... ငါတို့ ကျောင်းတော်သားအိမ်ရာကို မဖျက်ဆီးမိစေနဲ့... ကဲ ကဲ အားလုံး လူစုခွဲကြတော့... ဝန်မင်းချင်ရဲ့ အဘိုးရှိနေမှတော့ နန်းတွင်းကောလိပ်မှာ ဘာမှ ပြဿနာဖြစ်စရာ မရှိဘူး..."

အဆောင်မှူးဆရာများမှာ တစ်ယောက်ကို တစ်ယောက် မယုံနိုင်သလို ကြည့်လိုက်မိကြသည်။ ကူလင်းနွမ်က ချင်မူနှင့် မည်သည့်အခါကမျှ မတည့်ဖူးသည် မဟုတ်လား။ အဘယ်သို့ ပြု၍ အလွယ်တကူ အလျှော့ပေးလိုက်ရပါသနည်း။

"ဒါကြီးက ဝန်မင်းချင် မိစ္ဆာနတ်ဆိုးဆင့်ခေါ်နေတာ အသိသာကြီးလေ၊ ဘာလို့ ကူလင်းနွမ်က ပြဿနာ မရှာတာလဲ မသိဘူး..."

အားလုံး စိတ်ရှုပ်ထွေးသွားသည်။ "ရွှေမြို့တော်မှာ မိစ္ဆာနတ်ဆိုးဆင့်ခေါ်တာ သေဒဏ်ချနိုင်တဲ့ ပြစ်မှုပဲ... ပါမောက္ခချုပ်က ဘာလို့ မသိသလို နေလိုက်ပါလိမ့်..."

ကူလင်းနွမ်က အရင်ဆုံး ထွက်ခွာသွား၏။ သူ့နဖူးထက်တွင်တော့ ချွေးစေးများ လိမ့်ဆင်းလာသည်။ "ဒီကောင်လေးအဘိုး ရောက်နေတာလား... ဘယ်သူပါလိမ့်၊ မြစ်ပြင်ကို ပြောင်းပြန်လှန်တဲ့ မျက်ကန်းလား၊ ငါ့ဓားအိမ်ကို ခိုးသွားတဲ့ ထော့ကျိုးလား... ဟို ကိုယ်တစ်ပိုင်းပြတ် မကောင်းဆိုးဝါးများလား... အရှင်မင်းကြီးက ဒီကောင်လေးကို သွားမရှုပ်နဲ့လို့ ပြောတာ မဆန်းဘူး၊ ငါ တကယ် ဒီကောင်နဲ့ သွားရှုပ်လို့ မဖြစ်ဘူး... မကောင်းဆိုးဝါးတွေက မဟာမြို့ပျက်အပြင်ကိုတောင် ထွက်လာရဲကြတယ်... ရွှေမြို့တော်က မအေးချမ်းတော့ဘူး… မိစ္ဆာနတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေတောင် ဝင်ထွက်နိုင်နေပြီ..."

ချင်မူက ခြံတံခါးကို ပြန်ပိတ်လိုက်၏။ အဆောင်မှူးဆရာများမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ အိမ်ရာဝင်းအတွင်းမှ ကျောင်းတော်သားများကို တစ်မုဟုတ်ချင်း ခေါ်ထုတ်လိုက်၏။ "ဒီမှာ အန္တရာယ် အရမ်းများတယ်... လောလောဆယ် ကျောင်းတော်သားအိမ်ရာမှာ မနေကြနဲ့အုံး၊ မဟုတ်ရင် ဘယ်လိုသေသွားမှန်းတောင် မသိလိုက်ဘဲ နေမယ်... ကျောင်းတော်သားတွေ နှစ်ရက်လောက် အပြင်မှာသွားနေ၊ အခြေအနေ တည်ငြိမ်သွားမှ ပြန်လာခဲ့..."

ကျောင်းတော်သားအားလုံးမှာ မကြာသေးမီကမှ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်ထွက်လာသော မိစ္ဆာနတ်ဘုရားနှင့် ဗုဒ္ဓမြတ်စွာကို မြင်တွေ့ထားသဖြင့် မှင်တက်မိနေကြဆဲ ရှိသည်။ ကျောင်းတော်သားအိမ်ရာက လုံခြုံစိတ်ချရခြင်း မရှိတော့ကြောင်း သူတို့ သဘောပေါက်၏။ သို့ဖြစ်၍ ကမန်းကတန်း ထွက်ခွာသွားကြသည်။

"တခြားမိစ္ဆာနတ်ဘုရားတွေကို ဘာလို့ မဆင့်ခေါ်သေးတာလဲ..." တုထျန်းမိစ္ဆာဘုရင်၏ အသံက ချင်မူ၏ ခေါင်းထဲတွင် ပေါ်ထွက်လာပြီး မေးမြန်းလိုက်၏။

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ "ကျုပ်ပေးထားတဲ့ ကတိအတိုင်း ခင်ဗျားရဲ့ လက်အောက်ငယ်သားကို ဆင့်ခေါ်ပေးပြီးပြီလေ၊ အခု ခင်ဗျားအလှည့်ပဲ၊ ကျုပ်ကို ယိုတုဘာသာစကား သင်ပေးပေတော့..."

တုထျန်းမိစ္ဆာဘုရင်မှာ တစ်ခဏမျှ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ "နောက်ထပ် ရုပ်တုလေးခု ရှိသေးတယ်လေ..."

"မိစ္ဆာဘုရင်၊ ကျုပ်တို့ရဲ့ ပဋိညာဉ်သဘောတူညီချက်က တစ်ဝက်ဖြည့်ဆည်းပြီးသွားပြီနော်... တစ်ယောက်ဆင့်ခေါ်တာလည်း ဆင့်ခေါ်တာပဲ၊ ငါးယောက်ဆင့်ခေါ်တာလည်း ဆင့်ခေါ်တာပဲ..." ချင်မူက ထပ်ဖြည့်ပြောလိုက်သည်။ "ခင်ဗျားဘက်က ကတိကို မဖြည့်ဆည်းရင် မြေအောက်ဘုံအရှင်သခင်က ယိုတုကို ခေါ်သွားလိမ့်မယ်..."

တုထျန်းမိစ္ဆာဘုရင်မှာ ဒေါသဖြစ်ဖြစ်နှင့် တဟီးဟီး ရယ်မောလိုက်၏။ "ဉာဏ်များလိုက်တဲ့ကောင်၊ ငါ့ကို လှည့်ကွက်ဆင်ထားတယ်ပေါ့... သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်... ကံကောင်းချင်တော့ ငါလည်း တစ်ကွက်ချန်ထားမိတယ်... မင်းကို ငါ ယိုတုဘာသာစကား သင်ပေးမှာပါ၊ ဒါပေမဲ့ ဝါကျတစ်ကြောင်းပဲ... ကျမ်းသစ္စာဆိုတုန်းက ယိုတုဘာသာစကား အကုန်လုံး သင်ပေးမယ်လို့ မပြောလိုက်ဘူးမလား..."

ချင်မူမှာ မျက်လုံးပြူးနှင့် စိုက်ကြည့်လိုက်မိသည်။

တုထျန်းမိစ္ဆာဘုရင်မှာ သူ့ကိုယ်သူ ကျေနပ်အားရသွား၏။ "မင်းကို မုခ်ဦးတံခါးပေါ်က စာလုံးတွေပဲ ပြောပြမယ်၊ စာလိပ်ပေါ်က စာလုံးတွေ သင်ရဖို့တော့ အိပ်မက်မက်မနေနဲ့... ယိုတုဘာသာစကား အကုန်လုံး သင်ချင်ရင် ကိုယ့်ဖာသာ ယိုတုဆင်းပြီး သင်ပေတော့..."

ဤရက်များအတွင်း ချင်မူ စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲရာတွင် မုခ်ဦးတံခါးပေါ်မှ စာလုံးများက တဖြည်းဖြည်း ပို၍ ရှင်းလင်းပြတ်သားလာသည်။ စာလိပ်ပေါ်မှ စာလုံးများကတော့ မှုန်ဝါးနေဆဲသာ ရှိ၏။

သူ သွေးတိုးစမ်း၍ မေးလိုက်သည်။ "တခြား ရုပ်တုလေးခု ဆင့်ခေါ်ပေးရင်ရော စာလိပ်ပေါ်က ယိုတုစာလုံးတွေ သင်ပေးမှာလား..."

"မသင်ပေးဘူး..." တုထျန်းမိစ္ဆာဘုရင်က ပြတ်သား၏။

ချင်မူ သက်ပြင်းတစ်ချက် ချ၍ ပြုံးလိုက်သည်။ "အဲဒီလိုဆိုလည်း မုခ်ဦးတံခါးပေါ်က စာကြောင်းကိုပဲ သင်ပေးပါတော့..."

တုထျန်းမိစ္ဆာဘုရင်က ထူးဆန်းသော အသံတစ်သံကို ပြုလိုက်၏။ ထိုအသံက သန်းပေါင်းထောင်ချီသော ငရဲခံဝိညာဉ်များထံမှ ထွက်ပေါ်လာသကဲ့သို့ ထင်ရသည်။ ချင်မူ နောက်မှလိုက်၍ ရွတ်ဆိုကြည့်သောအခါ ဤဘာသာစကားက လူသားတစ်ယောက်အနေဖြင့် အသံထွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရ၏။ သူ အံ့အားသင့်မိသွားသည်။

တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်၏။ "တချို့ဘာသာစကားတွေက မင်းတို့လို အဆင့်နိမ့်မျိုးနွယ်တွေ သင်ယူနိုင်တဲ့အရာမျိုး မဟုတ်ဘူး... မင်းတို့ဘာသာစကားက လည်မျိုကနေ အသံထုတ်တာ၊ ယိုတုဘာသာစကားက လည်မျိုကနေ ထုတ်တာမဟုတ်−"

သူ့စကားပင် မဆုံးလိုက်။ ချင်မူ့ထံမှ လည်ချောင်းသံ မဟုတ်သော အသံတစ်သံ ပေါ်ထွက်လာသည်။ ထိုအသံက သူ၏ ဝိညာဉ်မှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး တုထျန်းမိစ္ဆာဘုရင် ရွတ်ဆိုသော အသံနှင့် အတော်လေး တူ၏။

တုထျန်းမိစ္ဆာဘုရင်မှာ မှင်တက်မိသွားပြီး သူ့ကိုယ်သူ သတိပေးလိုက်သည်။ "ဒီမိစ္ဆာကောင်လေးက သိပ်ကို လိမ္မာပါးနပ်ပါလား၊ လည်ချောင်းကထုတ်တဲ့ အသံ မဟုတ်ဘူးဆိုတာ သိတာနဲ့ ဝိညာဉ်ကထုတ်တဲ့ အသံမှန်း တန်းသိသွားတယ်... ဒီတိုင်း ဆက်သွားရင် နောက်တစ်ချိန် သူ့ကို နိုင်မှာ မဟုတ်တော့ဘူး... ဒီလိုပါးနပ်တဲ့ နတ်ဆိုးမျိုးက အခွင့်အရေးပေးတာနဲ့ ချက်ချင်း သတ်ပစ်နိုင်ရင် အကောင်းဆုံးပဲ..."

ချင်မူ ဝိညာဉ်မှ အသံထုတ်ရန် ကြိုးစားပြီး အတန်ကြာသောအခါ ထိုဝါကျတစ်ကြောင်းကို အစအဆုံး တတ်ကျွမ်းသွား၏။ "ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ဘာတဲ့လဲ..."

တုထျန်းမိစ္ဆာဘုရင်က မဖြေချေ။ ချင်မူ ထပ်မေးတော့မည် ပြင်သည့်အချိန်မှ အသံထွက်လာ၏။ "ဒီစာကြောင်းက မြေကမ္ဘာဇာစ်မြစ်မုခ်ဝလို့ အဓိပ္ပာယ်ရတယ်..."

ချင်မူ တုန်လှုပ်သွားသည်။ “မြေကမ္ဘာဇာစ်မြစ်မုခ်ဝ ဟုတ်လား... ခင်ဗျား ကျုပ်ကို လိမ်ပြောတာတော့ မဟုတ်ဘူးမလား..."

တုထျန်းမိစ္ဆာဘုရင်က လှောင်ရယ်ရယ်လိုက်၏။ "မင်းကို လိမ်မယ် ဟုတ်လား၊ ဘာကိစ္စ လိမ်နေရမှာလဲ... အဲစာကြောင်းရဲ့ အဓိပ္ပာယ်က မြေကမ္ဘာဇာစ်မြစ်မုခ်ဝပဲ၊ ဘာတစ်ခုမှ မလွဲဘူး..."

ချင်မူ မယုံသင်္ကာ ဖြစ်သွားသည်။ တုထျန်းမိစ္ဆာဘုရင်က ဤမျှ ရှောရှောရှူရှူ ပြောပြနေသည်မှာ တစ်စုံတစ်ခု အမှားအယွင်း ရှိ၍ ဖြစ်ရမည်။

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ပြုံးလိုက်၏။ "တုထျန်းမိစ္ဆာဘုရင်၊ အခု ခင်ဗျား ကျုပ်ကိုယ်ထဲက ထွက်သွားလို့ရပြီ... ခင်ဗျားအတွက် ဆောင်းသလင်းသံမဏိနဲ့ နတ်ဘုရားယန္တရားရုပ် လုပ်ထားတယ်၊ အဲထဲကို သွားတော့... ပြီးရင် ခင်ဗျားဖာသာ မိစ္ဆာဆင့်ခေါ်ခေါ်၊ ဘာလုပ်လုပ် ကြိုက်တာသာလုပ်..."

တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်သည်။ "မင်းက ငါ ထွက်သွားအောင် လှည့်စားချင်တာလား၊ ပြီးမှ လက်တစ်ဖက်ပြတ်ကိုယ်တော်ကို သတ်ခိုင်းမလို့ပေါ့လေ... ငါ အဲလောက် မအဘူး..."

ချင်မူက ခေါင်းခါယမ်း၍ အဘိုးကြီးမာနှင့် ထော့ကျိုးကို ပြောလိုက်၏။ "ဘိုးဘိုးတို့ ခြေလက်တွေကို ကျွန်တော် ပြန်ဆက်ပေးတော့မယ်..."

အဘိုးကြီးမာက ပြောလိုက်သည်။ "မင်း ငါတို့ခြေလက်တွေ ပြန်ဆက်ပေးနေတုန်း အဲဒီမိစ္ဆာနတ်ဘုရားက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားမှာပေါ့... အခုပဲ အသေသတ်လိုက်တာ ပိုမကောင်းဘူးလား..."

ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "ကျွန်တော် ပြောပြီးသားစကား မတည်လို့ မဖြစ်ဘူး... သူ့အတွက် နတ်ဘုရားယန္တရားရုပ် တည်ဆောက်ပြီး အဲထဲ ဝင်ခွင့်ပြုမယ်လို့ ကတိပေးထားတာ..."

အဘိုးကြီးမာက မည်သည်ကိုမျှ ထပ်မပြောတော့ချေ။ ချင်မူက အဘိုးကြီးမာအတွက် အိပ်ရာခင်းတစ်ခု ယူလာပြီး လှဲအိပ်ခိုင်းလိုက်၏။ ထို့နောက် အဘိုးကြီးမာ၏ လက်ပြတ်ကို ဆေးကျိုအိုးထဲမှ ထုတ်၍ ပြန်ဆက်ပေးလိုက်သည်။

သူ အလုပ်ရှုပ်နေစဉ်တွင် သူ့မျက်ခုံးနှစ်ခုအလယ်မှ အလင်းပွင့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာပြီး လက်ရှစ်ဖက်၊ မျက်နှာလေးခု နတ်ဘုရားရုပ်တုထံ ပြေးဝင်သွား၏။

ထော့ကျိုးက မျက်ခုံးပင့်၍ သွားအဖြဲသား ပြုံးလိုက်သည်။ "ဒီအရှုပ်ထုပ် မိစ္ဆာဘုရင်ကတော့... မင်းကို ငါ မိုင်ရှစ်ရာ အကျောပေးတယ်၊ ပြေးထား..."

တုထျန်းမိစ္ဆာဘုရင်က နတ်ဘုရားရုပ်တုထဲ ဝင်ရောက် ထိန်းချုပ်ပြီးနောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြောင်း တွေ့ရသဖြင့် တစ်မုဟုတ်ချင်း ခြေကုန်သုတ်ပြေးတော့၏။

ခြေဆယ်လှမ်းကျော် လှမ်း၍ ချင်မူ၏ ခြံဝင်းပြင်အရောက်တွင် ထပ်ခနဲ အသံကြားရပြီး သူ့ခြေထောက်အဆစ်များ လှုပ်မရ ဖြစ်သွားသည်။

တစ်ကိုယ်လုံးရှိ လှုပ်ရှားနိုင်သော အဆစ်အားလုံးထံမှ သော့ခလောက် ပိတ်လိုက်သကဲ့သို့ တထပ်ထပ် အသံများ ပေါ်ထွက်လာ၏။ တုထျန်းမိစ္ဆာဘုရင်၏ လက်ရှစ်ဖက်စလုံးမှာ လေထဲတွင် မြှောက်လျက်သား ဖြစ်နေသည်။ ခြေတစ်ဖက်မှာလည်း အပေါ်သို့ ကွေးညွှတ်၍ ပြန်ချမရ။ သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်ကာ မလှုပ်ရှားနိုင်တော့ချေ။

"ခွေးသူတောင်းစားလေး၊ ငါ့ကို လှည့်စားပြီ..." ခံပြင်းဒေါသထွက်နေသည့် အသံတစ်သံက နတ်ဘုရားရုပ်တုထံမှ ထွက်ပေါ်လာပြီး ကျိန်ဆဲလိုက်၏။

ချင်မူ၏ ခြံဝင်းထဲမှ ဟူလင်းအာ ခေါင်းပြူထွက်လာပြီး နေရာတွင် တောင့်တောင့်ကြီး ဖြစ်နေသော မိစ္ဆာနတ်ဘုရားရုပ်တုကို လှမ်းကြည့်လိုက်သည်။ "သခင်လေးက ပြောထားတယ် မဟုတ်ဘူးလား... ရှင့်အတွက် နတ်ဘုရားယန္တရားရုပ် တည် ဆောက်ပေးမယ် ဆိုတာ... ဒါ ယန္တရားရုပ်ပဲလေ... ဒါနဲ့ သခင်လေးက အသိဉာဏ် အလင်းပွင့်လာတဲ့ မြေခွေးထီးတစ်ကောင်လို့ ရှင် မထင်မိဘူးလား... ကျွန်မကတော့ အတော်လေး တူတယ် ထင်တာပဲ..."

All Chapters