← Chapters

အရှုံးပေး

Vol. 15 Ch. 210

အရှုံးပေး

Vol. 15 Ch. 210

ချင်မူက ထော့ကျိုး၏ ခြေထောက်၊ အဘိုးကြီးမာ၏ လက်တို့ကို ပြန်ဆက်ပေးပြီး အဘိုးကြီး နှစ်ယောက်စလုံးကို ဆေးကျိုအိုးထဲ ထည့်လိုက်သည်။ ထို့နောက် ဆေးရည် ပွက်ပွက်ဆူသည်အထိ တည်၍  မီးရှိန်မကျအောင် ဟူလင်းအာကို စောင့်ကြည့်ခိုင်းထားလိုက်၏။

သူ အခန်းထဲမှ ထွက်လာသောအခါ အပြင်ဘက် ကောင်းကင်ယံက မှောင်မည်းနေချေပြီ။ ခြံဝင်းအပြင်၌ မည်သူမျှ မရှိတော့။ အားလုံးက အန္တရာယ်မှ ပုန်းရှောင်ရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။ တုထျန်းမိစ္ဆာဘုရင်သာလျှင် ကျောင်းတော်သားအိမ်ရာ အပြင်ဘက်လမ်းကြား၌ မလှုပ်နိုင်မရှားနိုင် ထီးထီးကြီး ရပ်နေ၏။

ချင်မူက အနားသို့ လျှောက်သွားပြီး နတ်ဘုရားရုပ်တု၏ ဗိုက်ကို ဖွင့်လိုက်သည်။ အထဲ၌ စက်သွားများ ရာချီ၍ ရှုပ်ယှက်ခတ်နေ၏။ သူ လက်လှမ်း၍ စက်သွားအချို့ကို အနည်းငယ် လှည့်လိုက်သည်။ တုထျန်းမိစ္ဆာဘုရင်မှာ သူ့ခြေလက်များ ပြန်လှုပ်ရှားနိုင်ပြီ ဖြစ်ကြောင်း ရုတ်ခြည်း ခံစားမိသဖြင့် သုတ်ခနဲ ထပြေးတော့၏။ ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးသည်။ တစ်ကိုယ်လုံးမှ တထပ်ထပ် အသံများ  ကြားရပြီး အဆစ်များအားလုံး လှုပ်မရ ဖြစ်သွားပြန်၏။

"နဂါးကြီး၊ သူ့ကို ခြံထဲပြန်ဆွဲသွင်းခဲ့..." ချင်မူက ခြံအပြင်ဘက်မှ နဂါးချီလင်ကို ပြောလိုက်သည်။

နဂါးချီလင်က အမြီးယမ်းပြ၍ ဖောင်းကားနေသော ဗိုက်လုံးကြီးကို မနိုင့်တနိုင် သယ်လာပြီး တုထျန်းမိစ္ဆာဘုရင်၏ ခြေထောက်တစ်ဖက်ကို ဆွဲကိုက်လိုက်၏။ ထို့နောက် တတောင်တောင်တတင်တင် ဆူညံအောင် ကြမ်းပြင်ပေါ် လျှောတိုက်ဆွဲလာပြီး ချင်မူ့ ခြံထောင့်သို့ ပစ်ချထားသည်။

"ခွေးမသား၊ သတ္တိရှိရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်..." တုထျန်းမိစ္ဆာဘုရင်က မရပ်မနား ဆဲဆိုကြိမ်းမောင်းနေ၏။ "ငါ့ကို လှုပ်မရအောင် ချုပ်ထားတာ သူရဲကောင်းအလုပ်လား..."

ချင်မူက တုထျန်းမိစ္ဆာဘုရင်၏ ဆဲဆိုအော်ဟစ်သံများကို မကြားသည့်အလား ဆေးပင်များကို ရောစပ်နေသည်။ ရုတ်တရက် နတ်ဘုရားရုပ်တု၏ ခန္ဓာကိုယ်မှ လျှပ်စီးတန်းတစ်ခု ပေါ်ထွက်လာ၏။ မိစ္ဆာဘုရင်က ပျံသန်းထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အမျိုးမျိုးသော မှော်သင်္ကေတများ ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီး ထိုလျှပ်စီးတန်းကို နတ်ဘုရားရုပ်တု၏ အပြင်သို့ ပြေးထွက်မရအောင် ချုပ်နှောင်ထား၏။

တုထျန်းမိစ္ဆာဘုရင်၏ နှုတ်ဖျားမှ အယုတ္တအနတ္တများ ထပ်မံ ထွက်ကျလာသည်။ ဤနတ်ဘုရားရုပ်တုပေါ်တွင် လိုလန်ရွှေနန်းတော်မှ အတားအဆီး မှော်သင်္ကေတများ ရေးထွင်းထား၏။ ထိုမှော်သင်္ကေတများကို ချင်မူ လိုလန်ရွှေနန်းတော် ရတနာတိုက်မှ သင်ယူလာခြင်း ဖြစ်ပြီး နတ်ဘုရားယန္တရားရုပ် တည်ဆောက်စဉ်က တိတ်တဆိတ် စီရင် ရေးသားခဲ့သည်။

မိစ္ဆာဘုရင် နတ်ဘုရားရုပ်တုထဲသို့ ဝင်ပြီးမှ ပြန်ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် ဤသို့သော မှော်သင်္ကေတများပါ ထည့်သွင်း စီရင်ရေးသားထားခြင်း ဖြစ်၏။

ချင်မူ ဆေးပင်များ ရောစပ်ပြီးသွားသောအခါ ခြံထောင့်ရှိ တုထျန်းမိစ္ဆာဘုရင်ကို အလေးအနက် အမူအရာဖြင့် ကြည့်လိုက်သည်။ "ယိုတုဘာသာစကားနဲ့ ပတ်သက်ပြီး ခင်ဗျားသိသမျှ ကျုပ်ကို သင်ပေးရင် လွှတ်ပေးမယ်..."

"မင်းကို ယုံရင် ငါ ငတုံးငအမို့လို့ပဲ..." တုထျန်းမိစ္ဆာဘုရင် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။ "ထပ်ပြီး လှည့်ဖျားဖို့ မစဉ်းစားနဲ့တော့..."

ချင်မူက ဖြူစင်သော မျက်နှာထား၊ အရိုးသားဆုံး လေသံဖြင့် ပြောလိုက်သည်။ "ခင်ဗျား စိတ်ချရအောင် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ကျမ်းသစ္စာဆိုကြမလား..."

"မင့်မေဂျီးတော် စိတ်ချ..."

"ဟေ့ ဟေ့... ခင်ဗျားလို မိစ္ဆာဘုရင်တစ်ပါးက ဘာလို့ ဒီလို ညစ်ညစ်ညမ်းညမ်းတွေ ဆဲဆိုနေရတာလဲ..."

"မင့်မေဂျီးတော် ညစ်ညစ်ညမ်းညမ်း... မင့်စကားကို ငါယုံမယ် ထင်မနေနဲ့... မင့်ကို ငါ ယုံမိရင် လိပ်မြေးဖြစ်ကွာ..."

…

ထော့ကျိုးနှင့် အဘိုးကြီးမာတို့က ဆေးကျိုအိုးကြီးထဲတွင် သက်သောင့်သက်သာ ထိုင်နေပြီး ဆေးရည်များက ပွက်ပွက်ထ ဆူဝေလျက် ရှိ၏။

"မြေခွေးလေး၊ မီးရှိန်မြှင့်လိုက်ဦး..."

ထော့ကျိုးက ရေပေါ်တွင် ပေါလောပေါ်နေသော ရွှေဆွဲကြိုးကြီးကို မျက်လုံးများ မှေးစင်း၍ ကြည့်လိုက်သည်။ ထို့နောက် တဗျစ်တောက်တောက် ပြောဆိုနေသော တုထျန်းမိစ္ဆာဘုရင်ဘက် လှည့်ကြည့်၍ တစ်ချက်ရယ်မောလိုက်၏။ "ဒီကောင်လေးမူအာ တကယ် အရွယ်ရောက်လာပြီပဲ... ဟိုမိစ္ဆာဘုရင် အရှုပ်ထုပ်ကို ခင်ဗျားနဲ့ ကျုပ် ရှင်းပေးရမယ် မှတ်နေတာ၊ သူ့ဖာသာ ဖြေရှင်းနိုင်မယ် မထင်မိဘူး... အခု ကျုပ်စိတ်ပူတာ ဒီခွေးကောင်လေးအတွက် မဟုတ်တော့ဘူး၊ သူနဲ့ ရင်ဆိုင်ရမဲ့သူတွေအတွက် ဖြစ်သွားပြီ... စဉ်းစားကြည့်တော့ ဒီလို ဆိုးဆိုးဝါးဝါး ဉာဏ်များတတ်လာအောင် ဒီကောင် ဘယ်သူ့ဆီကများ သင်ထားပါလိမ့်..."

အဘိုးကြီးမာက ထော့ကျိုးကို စိုက်ကြည့်လိုက်သည်။

သူ့လည်ပင်းထက်မှ ရွှေဆွဲကြိုးကြီးကလည်း ရေပေါ်တွင် ပေါလောမျောလျက် ရှိပြီး ပွက်ပွက်ဆူနေသော ရေအပူချိန်ကြောင့် ရွှေမင်များ ကွာကျကုန်၏။

ထော့ကျိုးမျက်နှာတွင် ဇဝေဇဝါအမူအရာ ပေါ်လာသည်။ "ရွာမှာ လူကောင်းတွေချည်းပဲ ရှိတာပါ... ဒီကောင် ဒါတွေ ဘယ်သူ့ဆီက သင်လိုက်သလဲ မသိဘူး... ကြည့်ရတာ ရွာက ထွက်ပြီးမှ မကောင်းတဲ့ အတတ်တွေ တတ်လာတာ ထင်တယ်..."

အဘိုးကြီးမာက သူ့ကို ဆက်၍ စိုက်ကြည့်နေ၏။

ထော့ကျိုးက ပြုံးလိုက်သည်။ "ခင်ဗျားက ကျုပ်ကို ဘာလို့ စိုက်ကြည့်နေတာလဲ... ကျုပ်မျက်နှာပေါ် တစ်ခုခု ကပ်နေလို့လား... အဲလိုကြီး စိုက်ကြည့်နေတော့ ကြက်သီးမွေးညင်းတွေတောင် ထောင်ထလာတယ်... အဘိုးကြီးမာ၊ ခင်ဗျား အရင်က လူဆိုးထိန်းများ လုပ်ခဲ့ဖူးသေးလား... ခင်ဗျား ကျုပ်ကို ကြည့်လိုက်တိုင်း ကျောစိမ့်စိမ့်သွားတာ..."

အဘိုးကြီးမာက အကြည့်လွှဲ၍ မတုန်မလှုပ် ပြောလိုက်၏။ "အရင်က ဆယ်နှစ်ကျော်လောက် လူဆိုးထိန်း လုပ်ဖူးတယ်၊ နောက်ပိုင်းကျ တရားရေးအရာရှိအဖြစ် ခန့်အပ်ခံရတယ်... အမှုကြီးတစ်ခု ဖြေရှင်းပေးနိုင်ပြီး နာမည်ကျော်လာတဲ့နောက်ပိုင်းမှာ မဟာမိုးခြိမ်းသံ ကျောင်းတော်က လာဆုံတွေ့လို့ လူဆိုးထိန်းအလုပ် တစ်ခန်းရပ်သွားတာ..."

"အဲဒါကြောင့် ခင်ဗျားစိုက်စိုက်ကြည့်ရင် ကျုပ် မသက်မသာ ခံစားရတာကိုး... မဟာမိုးခြိမ်းသံ ကျောင်းတော် ဘုန်းကြီးတွေက တကယ့်ကို အလုပ်ရှုပ်ခံနိုင်တဲ့သူတွေပဲ... ခင်ဗျား သာမန်လူဘဝကို ပြန်သွားတာတောင် နောက်က လိုက်ရှာကြသေးတယ်..."

သူတို့နှစ်ဦးသား တစ်ညလုံး ဆေးကျိုအိုးထဲတွင် စိမ်နေရသည်။ ကြားထဲတွင် ချင်မူက ဆေးရည်များ လာလာလဲပေး၏။ မနက်ရောက်သောအခါ အဘိုးကြီးမာနှင့် ထော့ကျိုးတို့ ဆေးကျိုအိုးထဲမှ ထွက်၍ ကိုယ်လက်သန့်စင်လိုက်သည်။ ချင်မူက မနက်စာ ပြင်ဆင်ပေးထားပြီး ဖြစ်၍ ဝိုင်းဖွဲ့ စားသောက်လိုက်ကြ၏။ ဟူလင်းအာက ချင်မူ့ကို ပန်းကန်ကူဆေးပေးရန် ပြေးသွားစဉ် ထော့ကျိုးက ပြုံး၍ ထရပ်လိုက်သည်။ "မူအာ၊ ငါနဲ့ အဘိုးကြီးမာ ဒီမှာ ဆက်မနေတော့ဘူး၊ သွားတော့မယ်..."

ချင်မူ သူ့လက်များ ခြောက်အောင် အမြန်သုတ်လိုက်၏။ "ဘိုးဘိုးတို့ကို ကျွန်တော် လိုက်ပို့မယ်..."

အဘိုးကြီးမာက လက်ဝှေ့ယမ်းပြလိုက်သည်။ "ရတယ်၊ လိုက်မပို့တော့နဲ့... မင်းအဆင်ပြေနေတာကို တွေ့လို့ ငါနဲ့ ထော့ကျိုး စိတ်ချမ်းသာတယ်... ငါတို့က အိုပြီ၊ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပါပြီလေ..."

ထော့ကျိုးက တောင်ဝှေးကို အားပြုရပ်၍ သူ့ကို ပြုံး၍ ကြည့်လိုက်၏။ "အဘိုးကြီးမာက ပြဇာတ်ခင်းနေပြန်ပြီ... ကဲ လာလာ... ငါတို့ကို လိုက်ပို့... မဟုတ်ရင် ဒီအဘိုးကြီးမာ နောက်နှစ်ရက်၊ သုံးရက်လောက်အထိ ဝမ်းနည်းလို့ ပြီးမှာ မဟုတ်ဘူး..."

ချင်မူက တောင်အောက်ထိ လိုက်ပို့လိုက်သည်။ "ဘိုးဘိုးမာ၊ ဘိုးဘိုးထော့ကျိုး... ဘိုးဘိုးတို့ ခြေလက်တွေက  အခုမှ ပြန်ဆက်ထားတာဆိုတော့ အားသိပ်စိုက်လို့ မရသေးဘူးနော်... တစ်နှစ်၊ နှစ်နှစ်လောက် လေ့ကျင့်လိုက်အုံး..."

အဘိုးကြီးမာက ခေါင်းညိတ်လိုက်၏။

ထော့ကျိုးက သက်ပြင်းချသည်။ "နှစ်နှစ်ဆယ်၊ သုံးဆယ်လောက် ခြေတစ်ဖက် မရှိဘဲ နေခဲ့ရတာဆိုတော့ အသားကျနေပြီ... ရုတ်တရက်ကြီး ခြေတစ်ဖက် ပြန်ပေါက်လာတော့ မနေတတ်မထိုင်တတ်တောင် ဖြစ်တယ်..."

အဘိုးကြီးမာလည်း ထိုနည်းတူ ခံစားမိ၏။ "ငါ့သက်တမ်းတစ်ဝက်လောက် ဒုက္ခိတ ဖြစ်လာတာဆိုတော့ ပြန်ဆက်ထားတဲ့ လက်ကို မလိုဘူးလို့ပဲ တွေးနေမိတာ..."

ချင်မူ သူတို့နောက်မှ လိုက်လာရင်း တောင်တံခါးမုခ်ဝသို့ ရောက်သောအခါ ထော့ကျိုးက ပြုံးလိုက်သည်။ "ပြန်တော့... ဆက်မပို့နဲ့တော့..."

အဘိုးကြီးမာက လက်ဝှေ့ယမ်းပြ၏။ "နှစ်သစ်ကူးကျရင် အိမ်ပြန်လာဖို့ မမေ့နဲ့..."

"ရောက်အောင်လာခဲ့ပါ့မယ်..." ချင်မူက အလေးအနက် ခေါင်းညိတ်၍ လက်ပြနှုတ်ဆက်လိုက်သည်။

အဘိုးကြီးမာနှင့် ထော့ကျိုးတို့က မြို့ပြင်သို့ ဦးတည် လှမ်းလျှောက်သွားကြ၏။ ထော့ကျိုးက သက်ပြင်းမှုတ်ထုတ်လိုက်သည်။ "ကျုပ်တို့ ကောက်မွေးစားထားတဲ့ ကလေးလေးက အခုတော့ အရွယ်ရောက်လာပြီပေါ့၊ အရင်တုန်းက သူများဆီ ပေးပစ်မိတော့မလို့..."

အဘိုးကြီးမာက ခေါင်းညိတ်လိုက်၏။ "ပေးပစ်မိလုနီးပါးပဲ၊ ကံကောင်းထောက်မပြီး မင်း ပြန်ခိုးလာခဲ့တာ..."

"ဒီကောင်လေးက ကျုပ်တို့ သင်ပေးထားလို့ သူများကို အယုံမလွယ်တော့ဘူး... အပြင်ဘက်လောက ရောက်ရင် သူ အနိုင်ကျင့်ခံရမှာကို ကျုပ် အမြဲတွေးပူနေတာ၊ အခုတော့ ရွာကို စိတ်ချလက်ချ ပြန်နိုင်ပါ−"

ထော့ကျိုးက စကားပြောနေရင်းတန်းလန်း ရပ်သွားသည်။ အဘိုးကြီးမာလည်း ခြေလှမ်းရပ်သွား၏။ အဘိုးကြီးနှစ်ဦးက သူတို့ရှေ့ရှိ ထူမြစ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ မြစ်ပြင်ထက်တွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် မတ်တတ်ရပ်နေ၏။ မြစ်ရေက တစ်ရှိန်ထိုး စီးဆင်းနေသော်လည်း ထိုသူက နေရာမှ ရွေ့လျားခြင်း မရှိ။

ထော့ကျိုးက မျက်ခုံးပင့်၍ အပြုံးနှင့် မေးလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံ၊ မင်းရဲ့ ဒဏ်ရာတွေ ကျက်ပြီလား..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်၏။ "ကျုပ်ရဲ့ ဒဏ်ရာတွေ ကျက်ပါပြီ၊ ခင်ဗျားတို့ရော..."

အဘိုးကြီးမာက ပခုံးကြောများ ကျုံ့၍ လျှော့လိုက်ပြီး တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "တစ်ပွဲလောက်တော့ နွှဲနိုင်ပါသေးတယ်..."

ထော့ကျိုးက သူ့ခြေထောက်ကို ခါယမ်းကြည့်ပြီး သက်ပြင်းချလိုက်၏။ "မူအာက အားသိပ်မစိုက်ဖို့ မှာလိုက်တယ်... တိုက်ကြခိုက်ကြရင် ခြေထောက်တစ်ဖက်တော့ သုံးလို့ ရပါသေးတယ်လေ... ဧကရာဇ်အတိုင်ပင်ခံ၊ မင်းက အတော်လေး စိတ်ထိန်းနိုင်တာပဲ... အဲဒီနေ့က အခန်းထဲမှာ ငါတို့ ရှိမှန်းလည်း သိတယ်၊ မင့်ပစ္စည်းတွေ ခိုးသွားတဲ့သူက ငါမှန်းလည်း သိရက်နဲ့ ပြန်ထွက်သွားပြီး အခုအချိန်ထိ စောင့်နေနိုင်တယ်... အဲလို လုပ်နိုင်ဖို့ လွယ်မှာ မဟုတ်ဘူး..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမူအရာ အပြောင်းအလဲမရှိ ပြောလိုက်သည်။ "အဲဒီတုန်းက ကျုပ်ဒဏ်ရာတွေ သက်သာသေးတာ မဟုတ်ဘူး၊ ဒါကြောင့် ပြန်သွားတာ... ခင်ဗျားတို့နှစ်ယောက်က ဝါစဉ်ကြီး အဆင့်မြင့်ပညာရှင်တွေပါ၊ လူဆိုးလူယုတ်တွေ မဟုတ်ဘူး... ရွှေမြို့တော်မှာ ခိုးသွားတာလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့အတွက်ပဲ... ခင်ဗျားတို့နဲ့ ကျုပ် မတိုက်ချင်ဘူး၊ အဲဒီတော့ ဧကရာဇ်တံဆိပ်ပြားကို ထားပြီး ထွက်သွားပါ... ဆက်ဆံရေး မပျက်ပါရစေနဲ့..."

"ဧကရာဇ်တံဆိပ်ပြားလား..."

ထော့ကျိုးနှင့် အဘိုးကြီးမာက တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်၏။ "ဧကရာဇ်တံဆိပ်ပြားကို ငါ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် လေ့လာပြီးပြီ၊ ဘာမှ ထူးထူးခြားခြား မရှိဘူး၊ မင်းကိုပြန်ပေးလိုက်ရုံပဲ... ဒါပေမဲ့ အခုက သူများကို လက်ဆောင်ပေးပြီးသား ဖြစ်သွားတယ်..."

"လက်ဆောင်ပေးပစ်တယ် ဟုတ်လား..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခေါင်းပေါ်တွင် ရုတ်တရက် ကြယ်ရောင်များ ပေါ်ထွက်လာပြီး ကြယ်တာရာ အစုအဝေးတစ်ခု ဖွဲ့တည်သွားသည်။ ထိုကြယ်တာရာများက မှိတ်တုတ်မှိတ်တုတ် လှုပ်နေပြီး သူ့အတွင်းစိတ်၌ မငြိမ်မသက် ဖြစ်သွားကြောင်း ထင်ရှား၏။ "ဘယ်သူ့ကို ပေးလိုက်တာလဲ..."

"မင်းတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ ကျုံးစန်းအရာရှိလေ..." ထော့ကျိုးက ဟက်ခနဲ ရယ်၍ အဘိုးကြီးမာနှင့်အတူ ထွက်သွားသည်။

"ကျုံးစန်းအရာရှိလား..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ တစ်ခဏမျှ မှင်တက်မိသွားပြီး ထိုသူနှစ်ဦး၏ နောက်ကျောပြင်ကို စိုက်ကြည့်လိုက်၏။ သူ မည်သည်ကိုမျှ လှုပ်ရှားခြင်း မရှိဘဲ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဧကရာဇ်တံဆိပ်ပြားက သူ့ဆီ ပေးလိုက်တာလား... ဒီကောင်လေးကလည်း ယူရဲတယ်ပေါ့... ပုန်ကန်ဖို့ ကြံစည်နေတာများလား... ဧကရာဇ်တံဆိပ်ပြားက ထာဝရငြိမ်းချမ်းရေး အင်ပါယာ စတင်တည်ထောင်ခဲ့တဲ့ ဧကရာဇ်ကို နတ်ဘုရားတစ်ပါးက ပေးထားတဲ့ အဆောင်ရတနာပဲ၊ ထီးနန်းအာဏာကို ကိုယ်စားပြုတယ်... ပြီးတော့ လျှို့ဝှက်ချက်တစ်ခုလည်း ကိန်းအောင်းနေတယ်လို့ ဆိုကြတာ... သူ့ဆီက ငါ ပြန်တောင်းရမလား..."

ဧကရာဇ်အတိုင်ပင်ခံက မြစ်ပြင်အလယ်တွင် ရပ်နေရင်း အတန်ကြာအောင် တတွတ်တွတ် ရေရွတ်ပြီးမှ ခေါင်းခါယမ်း၍ လှည့်ထွက်သွား၏။ "ထီးနန်းအာဏာဆိုတာ ရုပ်ဝတ္တုပစ္စည်းလေး တစ်ခုနဲ့တင် ဆုံးဖြတ် သတ်မှတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး... ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုပေါ်မှာပဲ အရင်းတည်တာ..."

ကျောင်းတော်သားအိမ်ရာတွင် ချင်မူက ဆေးရည်များ သွန်၍ ဆေးကျိုအိုးနှင့် ဆေးမီးဖိုကို ဆေးကြောသန့်ရှင်းနေသည်။ အစွန်းအထင်းများ မကျန်တော့သည်အထိ တိုက်ချွတ်ပြီးနောက် နေလှန်း၍ အခြောက်ခံလိုက်၏။

ဟူလင်းအာက သန့်ရှင်းရေး ကူလုပ်ပေးနေရင်း စားပွဲပေါ်တွင် ကျောက်စိမ်းပြားဝိုင်းတစ်ခုကို တွေ့သဖြင့် တအံ့တဩ အော်ဟစ်လိုက်သည်။ "သခင်လေး... သခင်လေးရဲ့ ဘိုးဘိုးနှစ်ယောက် ပစ္စည်းကျန်ခဲ့တယ်..."

ချင်မူ လာကြည့်ပြီး ကျောက်စိမ်းပြားပေါ်မှ စာလုံးများက ရင်းနှီးနေသည်ကို တွေ့လိုက်၏။ "ဒါက... ဘိုးဘိုးထော့ကျိုးရဲ့ ဧကရာဇ်တံဆိပ်ပြားပဲ... ဘိုးဘိုးထော့ကျိုး ကျန်ခဲ့တာ ဖြစ်မယ်... ရွာလူကြီးနဲ့ အမှောင်ထုထဲ သွားတုန်းက ဒီဧကရာဇ်တံဆိပ်ပြားကို ငါ့လည်ပင်းမှာ ဘိုးဘိုးထော့ကျိုး ဆွဲပေးလိုက်တာ၊ သုံးတော့ မသုံးလိုက်ရဘူး... ဘိုးဘိုးထော့ကျိုးက ဘာလို့ ကျန်နေခဲ့တာတုံး မသိဘူး... အရင်ကဆို အမှိုက်တစ်စတောင် မကျန်အောင် အမြဲ ကောက်ထည့်သွားနေကျကို..."

သူ ခေါင်းခါယမ်းရင်း ဧကရာဇ်တံဆိပ်ပြားကို ကျောက်စိမ်းဆွဲသီးနှင့်အတူ တွဲချည်လိုက်သည်။ "ရွာရောက်မှပဲ ပြန်ပေးတော့မယ်..." ထို့နောက် တုထျန်းမိစ္ဆာဘုရင်ကို တရွတ်တိုက် ဆွဲခေါ်လာပြီး နတ်ဘုရားရုပ်တု၏ ဝမ်းဗိုက်ကို ဖွင့်လိုက်၏။ အထဲမှ ယန္တရားစက်သွားများကို ဟိုဟိုသည်သည် လှည့်လိုက်သည်။ "မိစ္ဆာဘုရင်ကြီး လှုပ်လို့ရပြီ..."

တုထျန်းမိစ္ဆာဘုရင်က သရော်တော်တော် ရယ်မောလိုက်၏။ "မင်းက ငါ့ကို လာကစားနေတာပဲ၊ မလှုပ်ဘူး... ကောင်စုတ်လေး၊ ငါ့ခန္ဓာကိုယ်အစစ် ရောက်လာမှာကို စောင့်နေ၊ မင့်ဘဝတစ်ခုလုံး အရှင်လတ်လတ် ငရဲဖြစ်သွားအောင် လုပ်ပစ်မယ်..."

ဟူလင်းအာက ထရပ်၍ ခါးထောက်လိုက်သည်။ "ငါ့သခင်လေးမှာ နင့်ဘဝကို အရှင်လတ်လတ် ငရဲဖြစ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ရာ ရှိတယ်ဟဲ့..."

ချင်မူက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "လင်းအာ၊ တစ်ရာလောက်လေးတင် ဘယ်ဟုတ်မှာလဲ..."

တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်သည်။ "ခွေးကောင်လေး၊ မင့်စိတ်ကြိုက်သာ လုပ်စမ်းပါ... ငါ ကြောက်ဒူးတုန်ရရင် နှစ်ပေါင်းသောင်းချီ လေ့ကျင့်အားထုတ်လာတာ အလကား ဖြစ်သွားတော့မှာပေါ့..."

ချင်မူက သူ့ကို အကြံပေးလိုက်၏။ "ဘာလို့ အဲလိုတွေ လုပ်ဖို့ လိုနေဦးမှာလဲ.. ကျုပ်တို့နှစ်ယောက်စလုံး မိစ္ဆာလမ်းစဉ်ကပဲ... ခင်ဗျားသိတဲ့ ယိုတုဘာသာစကားကိုသာ သင်ပေးလိုက်၊ ခင်ဗျားကို ချက်ချင်း လွှတ်ပေးမယ်၊ အဲဒီလိုဆို နှစ်ယောက်စလုံးအတွက် မကောင်းဘူးလား..."

"ဖီ..." တုထျန်းမိစ္ဆာဘုရင် တံတွေးထွေးလိုက်သည်။

ချင်မူက ရယ်မောလိုက်၏။ "ခင်ဗျားကို မိုးပြာယန်ခန်းမဆီ ပို့ပြီး ဖာချင်းကိုယ်တော်ဆီမှာ နေ့တိုင်း တရားနာခိုင်းမယ်... ဖာချင်းကိုယ်တော်က မိစ္ဆာနတ်ဆိုး ချေချွတ်ရတာ ကြိုက်တဲ့သူ၊ သေချာပေါက် ပျော်သွားမှာပဲ..."

တုထျန်းမိစ္ဆာဘုရင်က လှောင်ပြုံးပြုံးလိုက်သည်။ "ဟီး ဟီး... ငါက နတ်ဘုရားဖြစ်သွားတဲ့ မိစ္ဆာနတ်ဆိုးလေ၊ အဲလောက်နဲ့ ချေချွတ်ချင်တာလား... မင်းပြောတဲ့ ဖာချင်းကိုယ်တော်သာ လာစမ်းပါစေ၊ သူပဲ ငါ့ကို ချေချွတ်နိုင်မလား၊ ငါကပဲ သူ့ကို မိစ္ဆာနတ်ဆိုးဖြစ်အောင် လုပ်ပစ်နိုင်မလား ကြည့်ကြသေးတာပေါ့..."

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ တုထျန်းမိစ္ဆာဘုရင်က အမှန်တကယ်ပင် မိစ္ဆာဆန်လှသည်။ သူ့ကို ချေချွတ်ရန်လာသော ဖာချင်းကိုယ်တော်ကိုပင် မိစ္ဆာဖြစ်အောင် ပြောင်းလဲပစ်နိုင်လောက်၏။

"သခင်လေး၊ သူက ကျွန်မတို့ကိုကျ မိစ္ဆာနတ်ဆိုးဖြစ်အောင် ဘာလို့ ပြောင်းမပစ်တာလဲ..." ဟူလင်းအာမှာ နားမလည်နိုင် ဖြစ်နေသည်။

တုထျန်းမိစ္ဆာဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "မြေခွေးမိစ္ဆာမ၊ နင်တို့ကို ငါက မိစ္ဆာနတ်ဆိုးပြောင်းပေးဖို့ လိုသေးလို့လား... နင်တို့နှစ်ယောက်က အစကတည်းက မိစ္ဆာနတ်ဆိုးတွေ... ဒီတစ်ခေါက် ငါ ရှုံးတာ ဝန်ခံတယ်၊ ငါ့ကို အဆုံးသတ်လိုက်တော့..."

ချင်မူက ခေါင်းခါယမ်းလိုက်၍ အသာအယာ ပြောလိုက်သည်။ "ကျုပ်က အဲလိုလူမျိုး မဟုတ်ပါဘူး... လင်းအာ၊ အခုကစပြီး သူ့ကို နင့်နောက်ခေါ်ထား... ဒီယန္တရားရုပ်ကို ဘယ်လို ထိန်းချုပ်ရမလဲ သင်ပေးမယ်..."

All Chapters