← Chapters

ကောင်းကင်အလိုတော်မုခ်ဝ

Vol. 16 Ch. 211

ကောင်းကင်အလိုတော်မုခ်ဝ

Vol. 16 Ch. 211

ချင်မူက ဟူလင်းအာကို ယန္တရားရုပ်ထိန်းချုပ်ပုံ သင်ပေးလိုက်၏။ တုထိန်းမိစ္ဆာဘုရင်၏ ရင်ဘတ်နေရာတွင် ထိန်းချုပ်ခန်း ထည့်သွင်းထားသည်။ အံဝှက်နေရာတစ်ခုကို အသာအယာ ဖိနှိပ်လိုက်လျှင် ထိန်းချုပ်ခန်းက အလိုအလျောက် ပေါ်ထွက်လာ၏။

ဤနတ်ဘုရားယန္တရားရုပ်က ဆောင်းသလင်းသံမဏိနှင့် ပြုလုပ်ထားပြီး လွန်စွာ ကြီးမား၍ ကိုးကိုက်ခန့် အမြင့်ရှိသည်။ ချင်မူ့အနေဖြင့် ငွေကုန်ကြေးကျ အတော်ခံခဲ့ရ၏။ ဆောင်းသလင်းသံမဏိ သက်သက်ပင် တဖုန်းကြေးပြား တစ်သောင်းကျော် ကျသည်။

ယန္တရားရုပ်၏ အစိတ်အပိုင်းများမှာလည်း ထောင်ချီ၏။ စက်သွားချည်းပင် ရှစ်ရာ၊ ကိုးရာ ရှိသဖြင့် ဤယန္တရားရုပ်၏ အလုပ်လုပ်ပုံက လွန်စွာ ရှုပ်ထွေးနက်နဲလှသည်။

တုထျန်းမိစ္ဆာဘုရင် မလှုပ်ရှားလိုသည့်တိုင် ထိန်းချုပ်ခန်းကို အသုံးပြု၍ အလိုရှိရာ စေခိုင်းနိုင်၏။ ဤနတ်ဘုရားယန္တရားရုပ်က လက်ရှစ်ဖက်၊ မျက်နှာလေးခု ရှိပြီး လွန်စွာ ကြံ့ခိုင်သန်စွမ်းလှသည်။ သာမန် ကောင်းကင်နတ်သိုင်း ပညာရှင်များအနေဖြင့် ဆောင်းသလင်းသံမဏိ၏ မာကျောခိုင်ခန့်မှု ကျော်လွှား တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားယန္တရားရုပ်၏ နှလုံးသားနေရာတွင် ဆေးမီးဖိုသေးသေးလေး ရှိ၏။ ထိုဆေးမီးဖိုက ဖန်းယွင်ရှောင်အတွက် ချင်မူ ပြုလုပ်ပေးလိုက်သော ဆေးမီးဖိုနှင့် အတော်လေး ဆင်တူသည်။ သို့သော်လည်း ဖန်းယွင်ရှောင်၏ သင်္ဘောပျက်ပေါ်တွင် ပြုလုပ်စဉ်က ပထမဆုံးအကြိမ် ဖြစ်သဖြင့် အတွေ့အကြုံမရှိချေ။ ဤတစ်ကြိမ်တွင်တော့ သူပြုလုပ်သည့် ဆေးမီးဖိုက ပို၍ သေးငယ်ပြီး ပို၍ ရှုပ်ထွေးသေသပ်သည်။

ဟူလင်းအာ ထိန်းချုပ်ခန်းထဲတွင် ဝင်ထိုင်လိုက်သောအခါ ထိုဆေးမီးဖိုလေးထဲသို့ စွမ်းအင်ဆေးတုံးများ ပစ်ထည့်နိုင်ပြီး ချီစွမ်းအင်ကို အသုံးပြု၍ မီးရှိန်ကို ထိန်းချုပ်နိုင်၏။ တုထျန်းမိစ္ဆာဘုရင် မပါလျှင်ပင် ဤနတ်ဘုရားယန္တရားရုပ်ကို သံချပ်ကာလက်နက် တစ်ခုအဖြစ် အသုံးချနိုင်သည်။

တုထျန်းမိစ္ဆာဘုရင်သာ သူ့ခန္ဓာကိုယ်အဖြစ် အသုံးပြု၍ ကူညီတိုက်ခိုက်ပါက ထုတ်ဖော်အသုံးချနိုင်မည့် တိုက်ခိုက်ရေးစွမ်းအားက သေးငယ်လိမ့်မည် မဟုတ်ပေ။ အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်များကို အလွယ်တကူ အနိုင်ယူနိုင်ပြီး ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်များနှင့်ပင် အတော်လေး အံ့တု ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ချင်မူက ဤနတ်ဘုရားယန္တရားရုပ် တည်ဆောက်နည်း အတတ်ပညာကို ရွှေအ၊ နားကန်း၊ အဘိုးကြီးမာတို့ထံမှ သင်ယူထားခြင်း ဖြစ်သည်။ သူတို့သုံးယောက် သင်ထားသမျှကို ရောစပ် တည်ဆောက်လိုက်ခြင်းသာ ဖြစ်ပြီး အသစ်တည်ထွင်ဖန်တီးခြင်း မဟုတ်ချေ။

သူလုပ်ခဲ့သည်က အားလုံးကို ပေါင်းစပ်ဖန်တီးလိုက်ခြင်းသာ ဖြစ်၏။

သို့သော်လည်း ဤနတ်ဘုရားယန္တရားရုပ်က ပန်းပဲပညာ၊ လက်မှုပညာ၊ မှော်သင်္ကေတပညာ လက်ရာပိုင်းတွင် ဆရာအဆင့်သို့ ရောက်ရှိနေပေပြီ။ မူလ ပညာရပ်များနှင့်မတူ ကွဲပြားခြားနားသည့် တိုက်ခိုက်ရေးနည်းလမ်း တစ်ခု ဖြစ်တည်သွား၏။

ဟူလင်းအာက စိတ်လှုပ်ရှားပျော်ရွှင်လျက် ရှိပြီး နတ်ဘုရားယန္တရားရုပ်ထဲရှိ တုထျန်းမိစ္ဆာဘုရင်ကို သတိပင် မရချေ။ ထိန်းချုပ်စက်ခန်းငယ်လေးထဲသို့ တစ်မုဟုတ်ချင်း ဝင်ထိုင်၍ စမ်းသပ် ထိန်းချုပ်ကြည့်လိုက်၏။

ချင်မူက ကမန်းကတန်း ပြောလိုက်သည်။ “နဂါးကြီး၊ သူ့နောက်လိုက်သွား၊ ပြဿနာ မရှာစေနဲ့…”

နဂါးချီလင်က အမိန့်နာခံ၍ နတ်ဘုရားရုပ်၏ လက်များကို တကျွီကျွီ မြည်အောင် လှုပ်ယမ်းနေသော ဟူလင်းအာနောက်သို့ လိုက်သွား၏။ ချင်မူ နဂါးချီလင်၏ နောက်ကျောကို လှမ်းကြည့်မိသည်။ ဤကောင်ကြီး၏ ဝမ်းဗိုက်က မြေပြင်နှင့် ထိလုနီးပါး ဖြစ်နေ၏။

“ဒီကောင့်ကို အစာလျှော့ကျွေးမှ ဖြစ်တော့မယ်…”

ချင်မူ ခေါင်းခါယမ်းလိုက်မိသည်။ ဤနဂါးချီလင်မှာ ယခင်က ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်သည့်တိုင် လွန်စွာ ကြံ့ခိုင်သန်စွမ်း၏။ တောင်တံခါးတွင် စောင့်ကြပ်နေသည့်အခါ မည်သူမျှ အနား ကပ်မသွားရဲချေ။

သို့သော်လည်း သူ့နောက်လိုက်သည့်အချိန်မှ စ၍ သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်လုံးမျှ အလျော့မခံသကဲ့သို့ ကျောက်စိမ်းနဂါးရေကန်မှ ရေကိုလည်း စိတ်ကြိုက် သောက်သည့်အတွက် တဖြည်းဖြည်း ဝလာပြီး အရွယ်အစားလည်း ပိုကြီးလာသည်။

ဤအတိုင်းဆက်သွားနေလျှင် နဂါးချီလင်မှာ ကြမ်းပြင်ပေါ်တွင် ဗိုက်ထောက်နေသည့် အသားလုံးကြီး ဖြစ်သွားပေတော့မည်။ ခြေလက်များပင် မြေကြီးပေါ် ထောက်နိုင်တော့မည် မဟုတ်။

“ဂိုဏ်းချုပ်က ဒီကောင့်ကို သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်အိုးကျွေးတာ မဖြစ်နိုင်ဘူး… အဲလိုသာဆို အစောကတည်းက ဘောလုံးလို ဝဖီးနေလောက်ပြီ… ပိုစားချင်လို့ ငါ့ကို ညာထားတာပဲ… ဒီကောင့်ကို အိုးတစ်ဝက်ပဲ ကျွေးမှ ဖြစ်တော့မယ်…”

ချင်မူ အသက်ရှူထုတ်ခြင်းအပေါ် အာရုံစိုက်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထပ်မံ ထုတ်ဖော်လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြွေကိုယ်လူခေါင်းနှင့် စနေဂြိုဟ်အရှင်သခင် အသွင်သို့ ပြောင်းသွား၏။ လက်ထဲတွင် စာလိပ်ပုံရိပ် ဖွဲ့တည်၍ နောက်ကျောဘက်တွင် မုခ်ဦးတံခါးတစ်ခု ပေါ်ထွက်လာသည်။

ချင်မူ နောက်သို့ လှည့်လိုက်၏။ သူ၏ ဝိညာဉ်က တုန်ခါ၍ ထူးဆန်းသော အသံများ ပေါ်ထွက်လာသည်။ ဤသည်က တုထျန်းမိစ္ဆာဘုရင် သင်ပေးခဲ့သော ယိတုဘာသာစကား ဖြစ်၏။ အဓိပ္ပာယ်မှာ မြေကမ္ဘာဇာစ်မြစ်မုခ်ဝဟု တုထျန်းမိစ္ဆာဘုရင်က ပြောသည်။ ထိုအဓိပ္ပာယ် မှန်၊ မမှန် မသိသည့်တိုင် သူ သင်ယူရသော စာသားကတော့ လွဲမှားခြင်း မရှိ။

မုခ်ဦးတံခါးပေါ်မှ စာလုံးများကို အသံထွက် ရွတ်ဆိုလိုက်သည့်အချိန်တွင် မြေကမ္ဘာဇာစ်မြစ်မုခ်ဝက တဖြည်းဖြည်း ပွင့်ဟလာသည်။ နောက်ထဲတွင်တော့ အဆုံးမဲ့ အမှောင်ထု ဟင်းလင်းပြင်ကြီး ရှိနေ၏။

ချင်မူ တစ်ခဏမျှ မှင်တက်မိသွားသည်။ မုခ်ဦးတံခါးဘေးသို့ ပတ်လျှောက်ကြည့်သောအခါ သူ့ကိုယ်သူ ခြံထဲတွင်သာ ရှိသေးကြောင်း တွေ့ရ၏။ ထိုနေရာမှ ကြည့်လျှင် မုခ်ဦးတံခါးက ထုထည်မရှိသည့်အလား ပါးလွှာ၍ အမှောင်ထုကလည်း ဒေါင်လိုက် သေးသေးမျှင်မျှင်လေး ဖြစ်နေသည်။

မုခ်ဦးတံခါးရှေ့သို့ ပြန်လျှောက်လာသောအခါ သူ့ရှေ့တွင် အဆုံးမဲ့ အမှောင်ထုကြီး ရှိနေသည်ကို တွေ့ရ၏။

“ဒါက တခြားကမ္ဘာနဲ့ ဆက်သွယ်နေတဲ့ တံခါးလား…”

ချင်မူ ကြက်သေသေသွားသည်။ သူ့လက်ကို ဆန့်၍ တံခါးပေါက်အတွင်းသို့ ဖြည်းဖြည်းချင်း ထိုးထည့်ကြည့်သော်လည်း မည်သည်မျှ ထူးထူးခြားခြား ဖြစ်မလာပေ။

“ဒါက ဓာတ်ကြီးငါးပါးအဆင့်ရဲ့ လျှို့ဝှက်ချက်လား… တခြားလူတွေမှာလည်း ဒီလိုမုခ်ဦးတံခါး ရှိတာပဲလား… ဒီတံခါးမျိုး ဖွင့်ဝင်ဖူးတဲ့သူရော ရှိရဲ့လား…”

သူ အနည်းငယ် တုံ့ဆိုင်းသွား၏။ မုခ်ဦးတံခါးထဲသို့ ဝင်သွားလျှင် မည်သည့်အရာများ ကြုံတွေ့ရလိမ့်မည်နည်း။ ဤအမှောင်ထုအတွင်း၌ ဒဏ္ဍာရီထဲမှ ယိုတု ရှိနေသည်လား။

ဝင်သွားပြီးနောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါမည်လား။

ထိုအခိုက်၌ အမှောင်ထုကမ္ဘာထဲမှ အလင်းရောင်တစ်ခု ပေါ်လာသည်။ လှေကလေးတစ်စီးက သူ့ထံသို့ ဦးတည် လှော်ခတ်လာ၏။ လှေဦးထိပ်တွင် မီးအိမ်မှိန်မှိန်တစ်လုံး ချိတ်ဆွဲထားပြီး ချောက်ချားဖွယ် လင်းလဲ့နေသည်။

လှေဦးထိပ်မှ မီးအိမ်၏ အလင်းရောင်အောက်တွင် အဘိုးကြီးတစ်ဦးက စက္ကူလူရုပ်များ၊ စက္ကူမြင်းရုပ်များ ခေါက်နေ၏။ မှိတ်တုတ်မှိတ်တုတ် လင်းနေသော မြင်ကွင်းက လွန်စွာမှ ငြိမ်းအေးလှသည်။

ချင်မူ မုခ်ဦးတံခါးပေါက်မှ ခေါင်းပြူကြည့်လိုက်သောအခါ အဘိုးကြီးက မီးအိမ် ဖြုတ်ယူ၍ သူ့ဘက် လှမ်းကြည့်သည်ကို မြင်လိုက်ရ၏။ မီးအိမ်အလင်းရောင် သူ့အပေါ် ကျရောက်လာချိန်တွင် ဝိညာဉ်ဆွဲနုတ်သွားသကဲ့သို့ ခံစားရပြီး လှုပ်မရတော့ချေ။

လှေပေါ်မှ အဘိုးကြီးက မီးအိမ်ကို လှေဦးထိပ်တွင် ပြန်ချိတ်လိုက်သည်။ မီးအိမ်အလင်းရောင် ကိုယ်ပေါ် မကျတော့သည့်အခါမှ ချင်မူ သက်ပြင်းချလိုက်၏။

ရုတ်တရက် ခေါင်းမွေးများ ထောင်ထသွားပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ လှေပေါ်တွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

လှေငယ်လေးက အေးအေးလူလူ လှည့်ထွက်သွား၏။ ချင်မူ နောက်ဘက်သို့ ပြန်ကြည့်လိုက်သောအခါ ခပ်ဝေးဝေး မုခ်ဦးပေါက်တစ်ခုမှ အလင်းရောင်ကို မြင်ရသည်။ ထိုရှေ့တွင်တော့ သူက မတ်တတ်ရပ်၍ အထဲသို့ လှမ်းကြည့်နေ၏။

မုခ်ဦးတံခါးပေါက်ရှေ့ရှိ သူ့ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကြီးသဖွယ် မလှုပ်မယှက် ဖြစ်နေသည်။

သူက မုခ်ဦးတံခါးရှေ့တွင် ရှိနေဆဲဆိုလျှင် ဤနေရာမှ ‘သူ’က မည်သူ ဖြစ်သနည်း။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အမှောင်ထုကြီးကိုသာ တွေ့ရ၏။ အလင်းရောင်ဟူ၍ မီးအိမ်မှလာသော အလင်းရောင်နှင့် မြေကမ္ဘာဇာစ်မြစ်မုခ်ဝမှလာသော အလင်းရောင်သာ ရှိသည်။

သူ့ရင်ထဲတွင် အေးခဲသွား၏။ လှေပေါ်တွင် စက္ကူလူရုပ်များ၊ စက္ကူမြင်းရုပ်များ ခေါက်နေသော အဘိုးကြီးက သူ့ကို မီးအိမ်မြှောက်ကြည့်ပြီး ဝိညာဉ်နုတ်ယူလိုက်ခြင်း ဖြစ်သည်။

မုခ်ဦးတံခါးဝရှိ ‘သူ’က ဝိညာဉ်မရှိတော့ဘဲ ခန္ဓာကိုယ်အခွံသက်သက်သာ ဖြစ်သွားချေပြီ။

“ကျွန်တော် မသေသေးဘဲနဲ့ ဘာလို့ ဝိညာဉ်ကို လာခေါ်တာလဲ…” ချင်မူက အဘိုးကြီးကို မေးလိုက်၏။

အဘိုးကြီးက သူ့ကို ဂရုမစိုက်ဘဲ စက္ကူလူရုပ်များနှင့် စက္ကူမြင်းရုပ်များ ဆက်ခေါက်နေသည်။

ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ မြေကမ္ဘာဇာစ်မြစ်မုခ်ဝက ဝေး၍ ဝေး၍ သွားသည်ကို မြင်ရ၏။ သူ့ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့သွားသည်။ တုထျန်းမိစ္ဆာဘုရင်က တစ်ခုခု ထိန်ချန်ထား၏။ ဤမုခ်ဦးတံခါးက မြေကမ္ဘာဇာစ်မြစ်မုခ်ဝ မဖြစ်နိုင်။ အမှန်တကယ်သာ မြေကမ္ဘာဇာစ်မြစ်မုခ်ဝဆိုပါက သူ၏ ဝိညာဉ်ကို ဤအဘိုးကြီး လာရောက် နုတ်ယူလိမ့်မည် မဟုတ်ချေ။

သူ လှေပေါ်မှ ခုန်ချလိုက်၏။ ဤနေရာက မုခ်ဦးတံခါးပေါက်နှင့် များစွာ ကွာဝေးသေးခြင်း မရှိ။ သူ့ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်အောင် သွားကောင်းသွားနိုင်ပေလိမ့်မည်။

သို့သော်လည်း သူ ခုန်ချလိုက်သည့်အခိုက်တွင် မျှော်လင့်ထားသကဲ့သို့ ရေထဲ ကျမသွားချေ။ လှေပတ်ပတ်လည် တစ်ခွင်လုံးမှာ အမှောင်ထုကြီး ဖြစ်သည်။ အဆုံးအစမဲ့သော အမှောင်ထုကြီး ဖြစ်၏။

ရေနစ်သူ တစ်ယောက်ကဲ့သို့ လက်များကို နေရာအနှံ့ လှုပ်ရှား ကူးခတ်လိုက်သော်လည်း အားပြုစရာ နေရာမရှိ။ ပို၍ နက်ရှိုင်း မည်းနက်သော အမှောင်ထုထဲသို့သာ ကျဆင်းနစ်မြုပ်သွား၏။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ အမှောင်ထုထဲ တိုးဝင်၍ တဖြည်းဖြည်း ဝေးသွားသော လှေငယ်လေးကို မြင်ရသည်။ လှေဦးထိပ်မှ အလင်းရောင်မှာလည်း ပို၍ ပို၍ သေးငယ်မှုန်ဝါးသွား၏။ တဖြည်းဖြည်းနှင့် အစက်အပြောက်လေး တစ်ခုအဖြစ်သာ မြင်ရတော့သည်။

“ခွေးမသား တုထျန်းမိစ္ဆာဘုရင်၊ ငါ့ကို လှည့်ကွက်ဆင်သွားတာ…”

ချင်မူမှာ အဆုံးမရှိသည့် အမှောင်ထု အိပ်မက်ဆိုးကြီးထဲသို့ နစ်ဝင်ကျဆင်းနေသလို ခံစားရ၏။ လွတ်မြောက်ရန် လမ်းမရှိ၊ ရုန်းကန် လှုပ်ရှားနိုင်ခြင်းလည်း မရှိ။

ဤသည်က မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်၍ ဒူးထောက် အရှုံးပေးသွားစေနိုင်သော အမှောင်ထုကြီး ဖြစ်သည်။

သူ့ဝိညာဉ်ကို သယ်ဆောင်နိုင်သော လှေငယ်လေးမှာလည်း အဝေးသို့ လှော်ခတ်သွားချေပြီ။

ရုတ်တရက် ချင်မူ အားကုန်ထုတ်၍ တုထျန်းမိစ္ဆာဘုရင် သင်ပေးထားသည့် ယိုတုဘာသာစကားကို အော်ဟစ်ရွတ်ဆိုလိုက်၏။ နားလည်ရခက်၍ ဆွဲငင်တုန်ခါနေသော အသံတစ်သံက သူ့နှုတ်ဖျားမှ ထွက်ကျလာသည်။ ဤသည်က ပါးစပ်ဖြင့် အသံထွက်၍ မရ၊ ဝိညာဉ်ဖြင့် ရွတ်ဆိုရသော ဘာသာစကား ဖြစ်၏။

သူ့အသံအဆုံးတွင် ထပ်တူထပ်မျှ နားလည်ရခက်၍ ရှေးကျသော အသံတစ်သံက အဆုံးမဲ့ အမှောင်ထုကြီးထဲမှ ပျံ့လွင့်လာသည်။ ဤအသံမှာလည်း ယိုတုဘာသာစကားနှင့် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ဂါထာရွတ်နေသည်နှင့်ပင် တူ၏။ ကမ္ဘာဦးကာလက ရှေးလူသားတစ်ဦး လောကကြီးကို စောင့်ရှောက်သည့် နတ်ဘုရားကို အသွေးအသက်ဖြင့် ယဇ်ပူဇော်နေသကဲ့သို့ ရှိသည်။

ချင်မူမှာ သူ့တစ်ကိုယ်လုံး တစ်မုဟုတ်ချင်း ပေါ့ပါးသွားသည်ကို ခံစားလိုက်မိ၏။ ထို့နောက် အထက်သို့ မြောက်တက်၍ လျင်မြန်စွာ ရွေ့လျားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုအလင်းတန်းက အမှောင်ထုအတွင်း ရွှီခနဲ ပျံသန်း၍ မုခ်ဦးတံခါးဝတွင် ရပ်နေဆဲ ဖြစ်သော သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။

ချင်မူ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်လုံးများ ဖွင့်၍ အသက်လုရှူလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက ယခုမှ ရေထဲက တက်လာသည့်နှယ် ချွေးများ စိုနစ်နေ၏။

ထိုအချိန်တွင် မုခ်ဦးတံခါး၏ နောက်ထဲမှ လှေငယ်လေးက ထပ်မံ လှော်ခတ်ရောက်ရှိလာသည်။ လှေပေါ်မှ အဘိုးအိုက သူ့ကို စိုက်ကြည့်လိုက်၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် မီးအိမ်ကို ဖြုတ်မယူတော့။

ချင်မူက မုခ်ဦးတံခါးရှေ့တွင် ရပ်နေရာမှ စနေဂြိုဟ်အရှင်သခင် အသွင်ကို အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်ရန် အသင့်ပြင်ထားပြီး မေးလိုက်သည်။ “တာအိုရောင်းရင်း၊ အစောက ရွတ်ဆိုလိုက်တဲ့ စာကြောင်းရဲ့ အဓိပ္ပာယ်က ဘာများပါလဲ…”

ထိုအဘိုးကြီး၏ အကြည့်က သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး လှေငယ်လေးကို အမှောင်ထုဘက် ပြန်၍ ဦးလှည့်လိုက်၏။

“ကမ္ဘာမြေက ကြီးမြတ်တဲ့ ဇာစ်မြစ်… အရာအားလုံးဟာ ကမ္ဘာမြေက မွေးဖွားလာပြီး ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ရှင်သန်ရတယ်…”

“အပြောကျယ်လှတဲ့ ကမ္ဘာမြေဟာ အရာအားလုံးကို ထမ်းပိုးတယ်၊ ထောက်ပံ့တယ်… အကန့်အသတ်မဲ့ စွမ်းအားနဲ့အတူ ပေးဆပ်နိုင်ခြင်းက အနှိုင်းမဲ့၊ သိမြင်နားလည်နိုင်ခြင်းက အတိုင်းအဆမရှိ… အရာအားလုံးဟာ ကမ္ဘာမြေကြီးပေါ်မှာပဲ ရင့်မှည့်ကြရတယ်…”

“မြင်းမဟာ ကမ္ဘာမြေလို သတ္တဝါ၊ ကမ္ဘာမြေပေါ်မှာ အဆုံးအစမရှိ ပြေးလွှားနိုင်တယ်… ပျော့ပျောင်းနူးညံ့သလို နာခံတတ်တယ်၊ ကျစ်လျစ်သန်မာသလို အသာစီးရယူနိုင်တယ်… ဒါဟာ သူတစ်ပါးထက် သာလွန်ချင်သူတွေ ကျင့်သုံးအပ်တဲ့ အရာပဲ… ရှေ့ဆုံးကနေ ချွန်ထွက်ရင် ဘေးချော်ပြီး လမ်းမှားရောက်တယ်… နောက်ကနေလိုက်ရင် နာခံမှတ်သားပြီး လမ်းမှန်ရောက်မယ်…”

“မင်းပြောလိုက်တဲ့ စကားက ‘ကမ္ဘာမြေဟာ ကြီးမြတ်တဲ့ ဇာစ်မြစ်’ ဆိုတဲ့ စာသားပဲ… အစောကတည်းက ပြောရင် မင့်ဝိညာဉ်ကို ခေါ်သွားမှာ မဟုတ်ဘူး…”

လှေငယ်လေးက တဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ်သွားသည်။ အဘိုးကြီး၏ အသံက အဝေးမှ ပျံ့လွင့်လာ၏။ “ဒီမုခ်ဦးတံခါးက ယိုတုရဲ့ ကောင်းကင်အလိုတော်မုခ်ဝ၊ မြေကမ္ဘာဇာစ်မြစ် ကောင်းကင်အလိုတော်ပဲ… သေလွန်ပြီးတဲ့သူတွေ၊ တစ္ဆေသရဲတွေပဲ ဝင်လို့ရမယ်၊ မင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး…”

“တုထျန်းမိစ္ဆာဘုရင်က ငါ့ကို တကယ် သေတွင်းပို့ခဲ့တာကိုး…” ချင်မူ ဒေါသထွက်သွားသည်။ သို့သော်လည်း တဟားဟား ရယ်မောလိုက်၏။ “ကံကောင်းချင်တော့ ငါ မသေဘူး၊ ဒီမိစ္ဆာနတ်ဆိုးနဲ့ ဖြည်းဖြည်းချင်း စာရင်းရှင်းရမယ်… အာ ငါ့ဝိညာဉ်က နည်းနည်း ပြောင်းလဲသွားပါလား…”

ယိုတုမှ ပြန်လာအပြီးတွင် သူ့ဝိညာဉ်က ပို၍ သန်မာလာသည်။ ချင်မူ မှင်တက်မိသွား၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သောအခါ ကောင်းကင်အလိုတော်မုခ်ဝမှ ထူးဆန်းသည့် စွမ်းအားတစ်ရပ် စီးဆင်းလာပြီး သူ၏ ဝိညာဉ်ကို အားအင်ဖြည့်တင်းပေးနေသည်။

သူ ကျောက်ရုပ်သဖွယ် ဖြစ်သွားမိ၏။ တုထျန်းမိစ္ဆာဘုရင်က သူ့ကို လိမ်ညာခဲ့သော်လည်း အားလုံးက အမှားချည်း မဟုတ်။

တုထျန်းမိစ္ဆာဘုရင်၏ ပြောစကားက မှန်ပေသည်။ ဤမုခ်ဦးတံခါးပေါ်မှ စာလုံးများကို သိပြီး မုခ်ဦးတံခါးကို ဖွင့်လှစ်နိုင်ခြင်းကြောင့် သူ၏ ကျင့်စဉ်စွမ်းအင်တွင် အားနည်းချက် မရှိတော့ဘဲ ဓာတ်ကြီးငါးပါးအဆင့်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထက်ပင် သာလွန်တော့မည် ဖြစ်၏။

ဓာတ်ကြီးငါးပါးအဆင့်၏ စနေဂြိုဟ်အရှင်သခင် အသွင်ပြောင်းလဲခြင်းမှာ ဝိညာဉ်စွမ်းအင်ကျင့်စဉ်အတွက် အဓိကကျသဖြင့် သူ့ကျင့်စဉ်စွမ်းအင် တိုးတက်ရေးအတွက် များစွာ အရေးပါလှသည်။

အတန်ကြာပြီးနောက် သူ့ဝိညာဉ်မှာ ပို၍ ပို၍ အခြေခိုင်လာကြောင်း ခံစားမိ၏။ လက်ထဲမှ စာလိပ်ကို ငုံ့ကြည့်လိုက်သောအခါ စာလုံးများက ပို၍ ကြည်လင် ပြတ်သားလာသည်။ ငှက်ပုံ၊ သားရဲပုံ၊ ငါးပုံ၊ နေပုံ၊ လပုံ စာလုံးများကို မြင်ရ၏။

ထိုစာလုံးများကို သူ မမြင်ဖူးသော်လည်း အဓိပ္ပာယ်ကို သိနားလည်သကဲ့သို့ ကြည့်ရှုလိုက်မိသည်။ စာလိပ်ထဲမှ စာလုံးများ၏ နက်နဲသော သဘောတရားက အလိုအလျောက်ပင် သူ့အသိပညာ၏ တစ်စိတ်တစ်ဒေသ ဖြစ်သွား၏။

All Chapters