← Chapters

ခွဲခွာခြင်းက ရှောင်လွှဲမရ

Vol. 16 Ch. 212

ခွဲခွာခြင်းက ရှောင်လွှဲမရ

Vol. 16 Ch. 212

စာလိပ်ပေါ်တွင် စာလုံးများစွာ မရှိချေ။ ချင်မူ ခပ်သွက်သွက် တစ်ချက်လှမ်းကြည့်လိုက်၏။ အမျိုးမျိုးသော ဝိညာဉ်စွမ်းအင်ကျင့်စဉ် သဘောတရားများ သူ့စိတ်အလျဉ်တွင် တစ်မုဟုတ်ချင်း ထင်ဟပ်လာသည်။

တုထျန်းမိစ္ဆာဘုရင်က ဤစာလိပ်ပေါ်တွင် ယိုတုမှော်အစီအရင် ရှိသည်ဟု ဆိုခြင်းမှာ သူ့ကို ဆွဲဆောင်ဖျားယောင်းရန် လိမ်လည်သည့် နောက်ထပ်ထွင်လုံးတစ်ခု ဖြစ်နေပြန်၏။

“ငါပြောတဲ့စကားမှာ အနည်းဆုံး ဆယ်ခွန်းတစ်ခွန်း မှန်သေးတယ်… တုထျန်းမိစ္ဆာဘုရင်ရဲ့ စကားကတော့ အခွန်းတစ်ရာမှ တစ်ခွန်းလောက်ပဲ မှန်တယ်…” ချင်မူ စိတ်ထဲမှ တွေးလိုက်သည်။ “သူပြောသမျှထဲမှာ ယိုတုဘာသာစကားပဲ မှန်တယ်၊ ကျန်တာတွေ အကုန်လုံးက အလိမ်အညာတွေချည်းပဲ…”

စာလိပ်ကို သူ အသေးစိတ် လေ့လာလိုက်သည်။ ဤစာသားများ၏ လျှို့ဝှက်ချက် အလုံးစုံကို နားလည်သဘောပေါက်လျှင် ဝိညာဉ်နှင့် ပတ်သက်သည့် မှော်အစီအရင်အချို့ သိမြင်နိုင်သည်မှာတော့ အမှန်ဖြစ်၏။ သို့သော်လည်း ဤစာလိပ်၏ အဓိက အသုံးဝင်မှုက ဝိညာဉ်စွမ်းအား တိုးမြင့်စေရန် ဖြစ်သည်။ ဝိညာဉ်မှော်အစီအရင်မှာ သာမညသာ ဖြစ်၏။

ချင်မူ စာလိပ်ပေါ်မှ စာသားများကို အလွတ်မှတ်သား၍ မျက်စိမှိတ်လိုက်သည်။ ၎င်းတို့၏ လျှို့ဝှက်ချက်ကို ရှာဖွေ၍ ဝိညာဉ်မှော်အစီအရင်တစ်ခု သိမြင်နားလည်ရန် ကြိုးစားလိုက်၏။

မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ဝိညာဉ်နှင့် ပတ်သက်သည့် မှော်အစီအရင်များ ပါဝင်ပြီး မန်သီလူရိုင်းနယ်မြေတွင်လည်း ဤသို့သော မှော်အစီရင်များ ရှိသည်။ အဘိုးကြီးမာ သင်ကြားပေးသည့် မိုးကြိုးရှစ်ချက်လက်သီးသိုင်းနှင့် မိစ္ဆာမျိုးနွယ်၏ မဟာလွတ်မြောက်မုဒြာမှာလည်း ဝိညာဉ်ကို ဦးတည်တိုက်ခိုက်သည့် သိုင်းကွက်များ ဖြစ်၏။

တစ္ဆေကိုးကောင်ဂိုဏ်း၏ ဝိညာဉ်လမ်းညွှန်မှာ ပို၍ အဆင့်မြင့်သည့် ဝိညာဉ် ကောင်းကင်နတ်သိုင်း တစ်ရပ် ဖြစ်သည်။

ထိုပညာရပ်အမျိုးမျိုး၏ မှော်သင်္ကေတများကို နှိုင်းယှဉ်လေ့လာကြည့်လျှင် သူ၏ သိုင်းစွမ်းအား များစွာ တိုးတက်လာနိုင်ပေလိမ့်မည်။

ချင်မူ အချိန်အတော်ကြာအောင် တွေးတော ဆင်ခြင်နေပြီးနောက် ခြံဝင်းထဲ၌ ဖြည်းညင်းစွာ လမ်းလျှောက်လိုက်၏။ သူ၏ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းတွင် ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်အတွင်းသို့ ယိုတုစာလုံးမှ သဘောတရားများ ထည့်သွင်းနေသည်။

ဤသည်က မိုးကြိုးရှစ်ချက် လက်သီးသိုင်းမှ သိုင်းကွက်တစ်ကွက် ဖြစ်ပြီး တထာဂတ၏ မဟာယနသုတ္တန်နှင့် တွဲဖက်အသုံးပြုရသော စွမ်းအားကြီး ပညာရပ် ဖြစ်၏။ အဆင့်ထပ်မမြှင့်နိုင်တော့သည်အထိ တထာဂတအဆက်ဆက် ပြုပြင်မွမ်းမံခဲ့သဖြင့် ဤသိုင်းကွက်၏ စွမ်းအားက ကြီးမားပြင်းထန်လှသည်။

ယခု ချင်မူက ဤသိုင်းကွက်ကို ထပ်၍ စွမ်းအားမြင့်အောင် ပြုပြင်မွမ်းမံနေ၏။ သူ့အနေဖြင့် တထာဂတ၏ မဟာယနသုတ္တန်ကို မလေ့ကျင့်ဖူးသော်လည်း မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ပေါင်းစည်း၍ သိုင်းကွက်ကျင့်စဉ်အားလုံး တစ်သားတည်း ဖြစ်စေပြီးနောက်တွင် မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအားမှာ တိုးမြင့်သည်ထက် တိုးမြင့်လာသည်။ တထာဂတ၏ မဟာယနသုတ္တန် လေ့ကျင့်ထားသူများအောက် နိမ့်ကျခြင်း မရှိတော့။

သူက လက်သီး တစ်ချက်ပြီးတစ်ချက်၊ သိုင်းကွက် တစ်ကွက်ပြီးတစ်ကွက် လေ့ကျင့်နေ၏။ လက်သီးက နှလုံးသားမုဒြာ၊ နှလုံးသားမုဒြာက သူရိန်နေမင်း…။ လက်သီးချက်တိုင်းက မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်း၍ သူရိန်နေမင်းကဲ့သို့ တရှိန်ရှိန်တောက်လောင်ပြီး ယန်ဝိညာဉ်ကို အားဖြည့်ကာ စွမ်းအားကြီးသည်ထက် ကြီးလာသည်။

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်မှာ ရုပ်ခန္ဓာကို တိုက်ခိုက်ရာတွင် များစွာ အသုံးဝင်ခြင်း မရှိပေ။ အမြင်အားဖြင့် စွမ်းအားကြီးမား ပြင်းထန်သယောင် ထင်ရသော်လည်း ဝိညာဉ်ကိုသာ ဦးတည်တိုက်ခိုက်သော ပညာရပ် ဖြစ်၏။

ချင်မူက ဤသိုင်းကွက်ကို ထပ်ခါထပ်ခါ လေ့ကျင့်နေပြီး သူ၏ လက်သီးချက်မှ မီးလျှံအငွေ့အသက်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဤမီးလျှံက သာမန်မီးလျှံများနှင့် မတူ။ ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သော ကံကြမ္မာမီးလျှံ ဖြစ်၏။

လက်သီးချက်တိုင်းတွင် ကံကြမ္မာမီးလျှံများ တွဲဖက်ပါဝင်လာပြီး မီးရှိန် တဖြည်းဖြည်း ပိုမို ပြင်းထန်၍ အလျှံတညီးညီး တောက်လောင်နေသော နေလုံးနီကြီးကဲ့သို့ ဖြစ်လာသည်။

လက်သီးချက်များ ထိုးရင်းနှင့် ပို၍ ပို၍ အသားကျလာပြီး အဆက်မပြတ် မာန်သွင်းအော်ဟစ်မိ၏။ ရုတ်တရက် ကောင်းကင်ယံထက်မှ ကြီးမားသော နေလုံးကြီး ပေါက်ကွဲ၍ မီးတောက်မီးပွားများ အရပ်မျက်နှာအနှံ့သို့ တဖွားဖွား ပျံ့လွင့်ကာ ခြံဝင်းတစ်ခုလုံး ကံကြမ္မာမီးလျှံများ ဖုံးလွှမ်းသွားသည်။

ချင်မူ သိုင်းကွက်ကို ပြန်ရုပ်သိမ်း၍ ရှိုက်သွင်းထားသော လေများကို ဖြည်းညင်းစွာ ရှူထုတ်လိုက်၏။ ရုတ်တရက် သူ့ရင်ထဲတွင် လှုပ်ရှားသွားပြီး ခြံတံခါး ဖွင့်ကြည့်သောအခါ ခြေလှမ်းကြဲများဖြင့် လှမ်းလာသော ဓားစံအိမ်သခင်ကို မြင်လိုက်ရသည်။

သူ ဓားစံအိမ်သခင်ကို ခြံထဲသို့ ဝင်ရန် ဖိတ်ခေါ်ရင်း မေးလိုက်၏။ “ဓားစံအိမ်သခင်၊ ဘာအကြောင်းရှိလို့ အလောတကြီး ပြေးလာတာလဲ…”

“ကောင်းကင်နတ်မင်းလု ဒဏ်ရာရလာတယ်…” ဓားစံအိမ်သခင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့အမူအရာက တည်ကြည်လေးနက်နေ၏။ “အခု ကျွန်တော့်အိမ်မှာ၊ ဂိုဏ်းသခင်နဲ့ တွေ့ချင်နေတယ်… သူ့အခြေအနေက… အတော်လေး ဆိုးတယ်…”

ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ခြံဝင်းအတွင်းမှ အမြန် ပြေးထွက်၍ ဓားစံအိမ်သခင်နှင့်အတူ လိုက်သွားသည်။

“ဂိုဏ်းသခင်၊ ဒီလို ဒဏ်ရာတွေနဲ့ တွေ့ဆုံရတဲ့အတွက် အရှက်ရမိပါတယ်၊ ထပြီး ဂါရဝ မပြုနိုင်တာ ခွင့်လွှတ်ပါ…” ကောင်းကင်နတ်မင်းလုက အိပ်ရာပေါ် လှဲနေရာမှ လူးလဲထသော်လည်း မထနိုင်သည့်အတွက် ရှက်ရွံ့စွာ တောင်းပန်လိုက်၏။

ချင်မူက ခေါင်းခါယမ်း၍ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုရင်း မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်မင်းလု၏ အဝတ်အစားများက စုတ်ပြဲနေ၏။ သူ၏ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူများပေါ်တွင်ပင် သွေးစက်များ စွန်းထင်းနေသည်။

ရရှိထားသော ဒဏ်ရာများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာများထက်ပင် ဆိုးရွား၏။ ကြည့်ရသည်မှာ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံလာရဟန် ရှိသည်။

ကောင်းကင်နတ်မင်းလုမှာ ပြင်ပဒဏ်ရာများသာ ရထားသည် မဟုတ်။ ကောင်းကင်ရတနာများတွင်လည်း ဒဏ်ရာရထား၏။ ယန်ဝိညာဉ်မှ ဒဏ်ရာများကလည်း အလွန်တရာ ပြင်းထန်လှသည်။

သူ၏ ကောင်းကင်ရတနာ ခုနစ်ခုစလုံးမှာ အကြီးအကျယ် ထိခိုက်ထား၏။ ဝိညာဉ်သန္ဓေသားက ကျောက်ရုပ်သဖွယ် ငြိမ်သက်နေပြီး ဓာတ်ကြီးငါးပါး နတ်ဘုရားများထဲမှ သုံးပါးမှာ ဖျက်ဆီးခံထားရသည်။ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတွင်လည်း ထောက်တိုင်နှစ်ခုသာ ကျန်ရစ်တော့၏။ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၊ သေခြင်းရှင်ခြင်းနယ်ပယ်များကတော့ အလုံးစုံ ပျက်သုဉ်းသွားပြီ ဖြစ်သည်။ ကောင်းကင်တံတားနယ်ပယ်အတွင်းရှိ တစ်ခုတည်းသော မိုးပျံတံတားမှာလည်း ကျိုးပဲ့ပျက်ယွင်းနေ၏။

ဤဒဏ်ရာများချည်း သက်သက်ဆိုလျှင် ကုသ၍ ရနိုင်သေးသော်လည်း သူ၏ ခန္ဓာကိုယ်က အိုမင်းနေချေပြီ။ ယခင်ကကဲ့သို့ မဟုတ်တော့။ ပြိုပျက်လုလု ယန်ဝိညာဉ်ကို ထိန်းသိမ်းထားရန် များစွာ ခက်ခဲလှ၏။

ကောင်းကင်နတ်မင်းလုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူ၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ ကောင်းကင်နတ်မင်းချမ် ဘယ်ရောက်သွားတာလဲ ကျွန်တော် သိခဲ့ရပါပြီ…”

“စကားမပြောနဲ့အုံး…”

ချင်မူက နဂါးသွားရည်နှစ်ပုလင်း ထုတ်ယူ၍ ကောင်းကင်နတ်မင်းလု၏ ဒဏ်ရာများကို လိမ်းပေးပြီး နောက်တစ်ပုလင်း ထုတ်ယူ၍ မော့သောက်စေလိုက်၏။ ထို့နောက် ဆေးပင်နာမည်များ ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုရင်း စာရွက်ပေါ် ရေးချပြီး ဓားစံအိမ်သခင်ကို ဆေးစတိုသို့ အဝယ်လွှတ်လိုက်သည်။ ထိုဆေးပင်များက ကောင်းကင်နတ်မင်းလု၏ ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသနိုင်မည်၊ မကုသနိုင်မည် ဆိုခြင်းတော့ သူကိုယ်တိုင်ပင် မသေချာချေ။ အကောင်းဆုံးရလဒ်မှာ အသက်ရှင်၍ သုံးစားမရ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံးရလဒ်ကတော့…။

ဓားစံအိမ်သခင်က အပြေးထွက်သွား၏။ ကောင်းကင်နတ်မင်းလု၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက သက်သာလာသော်လည်း ယန်ဝိညာဉ်နှင့် ကောင်းကင်ရတနာမှ ဒဏ်ရာများက ပို၍ပင် ဆိုးရွားလာသည်။ အသက်ကို ခဲယဉ်းစွာ ရှူရှိုက်နေရ၏။ “ကောင်းကင်နတ်မင်းချမ်က သေသွားပြီ… သူချန်ထားတဲ့ ခြေရာလက်ရာနောက် လိုက်ရင်း သူ့အဝတ်အစားတွေနဲ့ မျှားခေါ် ချောင်းမြောင်းလုပ်ကြံတာ ခံလိုက်ရတယ်…”

ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်သူ လုပ်ကြံတာလဲ…”

“မျက်နှာတွေ ဖုံးထားပေမဲ့ သူတို့ရဲ့ ကောင်းကင်နတ်သိုင်းကို ကျွန်တော် မှတ်မိတယ်…”

ကောင်းကင်နတ်မင်းလု၏ ခန္ဓာကိုယ်က တွန့်လိမ်သွား၏။ ယန်ဝိညာဉ်မှ ဒဏ်ရာများ ထကြွလာသဖြင့် နာကျင်မှုဝေဒနာ ခံစားရခြင်း ဖြစ်သည်။ သူ အံတင်းတင်းကြိတ်၍ အောင့်ခံလိုက်၏။ ဖွေးဖွေးဖြူနေသော ဆံပင်များက ခန္ဓာကိုယ်နှင့်အတူ လိုက်ပါ တုန်ခါနေသည်။ “သူတို့က ကျွန်တော်တို့ နတ်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်း အစီအရင်ကို လိုချင်လို့ လုပ်တာ… ဂိုဏ်းသခင်၊ ကျွန်တော် ဆက်ပြီး ကူညီမပေးနိုင်တော့ဘူး… ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် အရှက်ရမိပါတယ်“

“အဲဒါတွေ တွေးပူမနေနဲ့… ခင်ဗျား ဘာမှမဖြစ်ဘူး၊ မသေဘူး…” ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး လေသံတိုးတိုးနှင့် ပြောလိုက်၏။ “ခင်ဗျား သေသွားရင်တောင် ခင်ဗျားရဲ့ ဝိညာဉ်ကို ယိုတုက ပြန်ဆွဲခေါ်လာမယ်…”

“ကျွန်တော့်ကို ဝိုင်းတိုက်ကြတဲ့ လူတွေထဲက တစ်ယောက်က နန်းတွင်းရဲ့ အမြင့်စံ ပထမအဆင့် အရာရှိပဲ…” ကောင်းကင်နတ်မင်းလုက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာသည်။ “သူ့ကျင့်စဉ်ကို ကျွန်တော် မှတ်မိတယ်၊ မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်ပဲ… အမြင့်စံ ပထမအဆင့် အရာရှိတွေထဲမှာ အိမ်ရှေ့မင်းသားရဲ့ မဟာအတိုင်ပင်ခံ၊ စွန်းနန်ထိုတစ်ယောက်ပဲ ဒီကျင့်စဉ်ကို အထွတ်အထိပ်ထိ လေ့ကျင့်ထားတာ… သူ့ရဲ့ တံခွန်ကုက္ကားတစ်ထောင်စေတီပေါ်မှာ ထိုင်နေရင် ဝိညာဉ်ရတနာက ယိမ်းယိုင်အောင် လှုပ်နှဲ့လို့ မရတော့ဘူး…”

ချင်မူက သူ့လက်များကို ခပ်သွက်သွက် လှုပ်ရှား၍ ကောင်းကင်နတ်မင်းလု၏ ကိုယ်ပေါ်သို့ တဆတ်ဆတ် ထိုးစိုက်လိုက်၏။ သူ၏ လက်ချောင်းဆယ်ချောင်းစလုံးက အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နှင့် အရိပ်များသာ မြင်ရတော့သည်။ တစ်ခဏသာ ကြာလိုက်၏။ ကောင်းကင်နတ်မင်းလု၏ ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်း၌ ချုပ်ထားပြီးသွားသည်။

ချင်မူ အသုံးပြုလိုက်သည်က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆင့်မြင့်ပညာရှင်များ အရေခွံခွာ၍ အဝတ်ချုပ်သည့် ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ ဖြစ်၏။ သူ့လက်ထဲတွင်တော့ ဤပညာက အသက်ကယ်နည်းလမ်း ဖြစ်သွားသည်။

ကောင်းကင်နတ်မင်းလု၏ ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ်ခုနစ်ခုကို ထိုးပိတ် ချုပ်နှောင်ပြီးသွားသော်လည်း ဝိညာဉ်ပျက်စီးလွင့်ပါးနေခြင်းကို ဟန့်တားရန်တော့ ချင်မူ့အတွက် ခက်ခဲနေသေး၏။

“ဂိုဏ်းသခင်၊ မင်းက နတ်ဆေးသမားတော် တစ်ပါးဆိုပေမဲ့ သေမဲ့လူကိုတော့ ကယ်နိုင်မှာ မဟုတ်ပါဘူး…”

ကောင်းကင်နတ်မင်းလုက ပြုံးပြလိုက်ပြီး အိပ်ရာပေါ်မှ အတုန်တုန် အချိချိ ထလာသည်။ သူ မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည့်အခါ မျက်နှာထက်တွင် သွေးရောင်တစ်ချက် လွှမ်းသွား၏။ “ဂိုဏ်းသခင်ရဲ့ အားတွေ အကုန်မခံပါနဲ့တော့… ကျွန်တော့်ဝိညာဉ်က မကြာခင် တစ်စစီ ပျယ်လွင့်တော့မှာပါ၊ ကောင်းကင်တံတားကလည်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီ… ဆက်ပြီး တောင့်မခံနိုင်တော့ဘူး… ဂိုဏ်းချုပ် ထွက်သွားပြီးနောက်ပိုင်း ကျွန်တော်တို့ ကောင်းကင်နတ်ဂိုဏ်း ထွန်းလင်းတောက်ပဖို့အတွက် ဂိုဏ်းသခင်ကို ကူညီနိုင်လိမ့်မယ်လို့ တွေးထားခဲ့တာ… အခုတော့ အဲဒီနေ့ရက်တွေကို မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး…”

သူ့ခန္ဓာကိုယ်တွင်းမှ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာသည်။ ကောင်းကင်တံတား ကောင်းကင်ရတနာက ထူမတ်ထားသည့် ကောင်းကင်တံတား မရှိတော့သည့်အတွက် ပြိုကျပျက်စီးသွား၏။

ပြိုပျက်သွားသည့် ကောင်းကင်တံတား ကောင်းကင်ရတနာက သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို တိုက်ချသွားသည်။ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာက ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို တိုက်ချသွား၏။ ကောင်းကင်ရတနာများ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်သည်။

ချင်မူ၏ ရင်ထဲ၌ ဝမ်းနည်းစိတ်တို့ ပြည့်လျှံလာ၏။ ယခုအချိန်တွင် ဓားစံအိမ်သခင် ယူဆောင်လာမည့် ဆေးပင်များပင် ကယ်တင်နိုင်တော့မည် မဟုတ်ချေ။

ကောင်းကင်နတ်မင်းလု၏ ခန္ဓာကိုယ်မှ တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများ ဟုန်းခနဲ ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်က အပိုင်းပိုင်းအစစ ဖြစ်သွား၏။ ဤသို့သော ပျက်စီးမှုမျိုးက အဖတ်ဆယ်၍ မရ။ သူ့ဒဏ်ရာများက ပြင်းထန်လှသည်။ အထူးသဖြင့် ဝိညာဉ်မှ ဒဏ်ရာများ ဖြစ်၏။ သူ့ဝိညာဉ်က ပျက်သုဉ်းပြယ်လွင့်လုလု ဖြစ်နေသည်။

ဝိညာဉ် ပျက်သုဉ်းပြယ်လွင့်သွားလျှင် ယိုတုသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။ သရဲတစ္ဆေတစ်ကောင်ပင် ဖြစ်နိုင်တော့မည် မဟုတ်။

“အလျှံတညီးညီး တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေ၊ ယိုယွင်းနေတဲ့ ခန္ဓာကို လောင်တိုက်သွင်းပစ်တော့…” ကောင်းကင်နတ်မင်းလုက တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများကြားတွင် တီးတိုးရေရွတ်လိုက်၏။ “သေခြင်းရှင်ခြင်းက အနိစ္စ၊ ခွဲခွာခြင်းက ရှောင်လွှဲလို့ မရဘူး… ဂိုဏ်းသခင် အထွတ်အမြတ်ဆရာသခင် ဖြစ်လာတာကို ကျွန်တော်မျိုး စောင့်ကြည့်နိုင်မှာ မဟုတ်တော့ပါဘူး… အခုအချိန်မှာ တန်ခိုးရှင်သက်ဆင်းတောင်ဆီ ပြန်ပြီး အထွတ်အမြတ်သစ်ပင်ကို မြင်ခွင့် ရချင်မိတာပါပဲ… ကျွန်တော့်နားထဲမှာ သစ်ခုတ်သမားရဲ့ ပုဆိန်သံတွေ ကြားလာရပြီ…”

မီးတောက်မီးလျှံများကြားမှ အဘိုးအိုက ပြုံးပြလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော်က အိုမင်းပါပြီ…”

ချင်မူ သူ့လက်ကို ဆန့်၍ ထိုအဘိုးအို၏ လက်ကို လှမ်းဆွဲလိုက်သော်လည်း ပြာမှုန်များကိုသာ ဖမ်းဆုပ်မိ၏။

တရှိန်ရှိန် တောက်လောင်နေသော မီးလျှံများက ငြိမ်းသေသွားချေပြီ။ ကျန်ခဲ့သည်က မီးခိုးပြာများသာ ဖြစ်၏။

ဓားစံအိမ်သခင်၏ ခြေသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ သူက အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဆေးပင်များ ထမ်းပိုးသယ်ဆောင်လာ၏။ ချင်မူက နောက်လှည့်ကြည့်၍ တုံးတိတိ ပြောလိုက်သည်။ “ဓားစံအိမ်သခင်၊ မလိုတော့ဘူး… ကောင်းကင်နတ်မင်းလုက ကောင်းကင်ဘုံကို တက်သွားပြီ…”

ဓားစံအိမ်သခင်၏ လက်ထဲမှ ဆေးပင်ထုပ်များ မြေပေါ်သို့ လွတ်ကျသွား၏။ ဤအရပ်ကိုးပေရှိသော လူသန်ကြီး၏ ဒူးများ မြေပေါ်သို့ ထောက်ကျ၍ ပြားပြားဝပ်အောင် ဦးတိုက် အရိုအသေပြုလိုက်သည်။ သူ့ပခုံးများက တဆတ်ဆတ် တုန်ရီနေသော်လည်း ငိုကြွေးသံက ထွက်ကျမလာ။

အတန်ကြာသောအခါ ချင်မူ ကောင်းကင်နတ်မင်းလု၏ အရိုးပြာများကို သိမ်း၍ အစိမ်းရောင် ခရားအိုးထဲ ထည့်လိုက်၏။ ပြီးနောက် ထိုခရားရှေ့၌ ငူငူကြီး ရပ်နေမိသည်။

ယခုနေရာသို့ သူ ရောက်ရှိလာခြင်းမှာ အဘွားစစ်၏ လက်ချက်ကြောင့်သာ ဖြစ်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင် ဖြစ်လာသည့်တိုင် သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေဆဲ ရှိသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အဘွားစစ်နှင့် လူငယ်ဂိုဏ်းချုပ်မှလွဲ၍ အခြား တွယ်တာစရာမရှိ။

သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်း ပိုသိလာလေလေ ဤဂိုဏ်း၏ အယူဝါဒခံယူချက်နှင့် အမျိုးစုံသော ဂိုဏ်းသားများကို ပိုသဘောကျလာလေလေ ဖြစ်သည်။ သူတို့၏ နေပုံထိုင်ပုံ ပြုမူကျင့်ကြံပုံတို့ကို လေးစားနှစ်ခြိုက်မိလာ၏။

သူ့ကိုယ်သူ ကောင်းကင်နတ်ဆိုးဂိုဏ်းဝင် တစ်ယောက်အဖြစ် ခံယူပြီး အရည်အချင်းပြည့်မီသော နတ်ဂိုဏ်းသခင်တစ်ယောက် ဖြစ်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ကောင်းကင်နတ်မင်းလုနှင့် သူ များစွာ ဆက်ဆံရခြင်း မရှိခဲ့။ ဤအဘိုးကြီးက သူ့ကို နတ်ဂိုဏ်းသခင်တစ်ယောက် အဖြစ်ထက် အဆော့သန်သော ဂိုဏ်းသားတစ်ယောက်သဖွယ် ပိုသဘောထားပြီး တန်ခိုးရှင်သက်ဆင်းတောင်တွင် သူပြဿနာရှာသမျှကို ဖြေရှင်းပေးခဲ့သည်။ သားမြေးများအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့် အနွံတာခံသည့် အဘိုးတစ်ယောက်နှယ် ဖြစ်၏။

ယခုတော့ ဤအဘိုးကြီး သေဆုံးသွားချေပြီ။ အစိမ်းရောင် ခရားအိုးထဲမှ အရိုးပြာများသာ ကျန်ရစ်၏။

“ဓားစံအိမ်သခင်…” ချင်မူ၏ ကြောင်စီစီ မျက်ဝန်းများထဲ၌ အေးစက်စက် အငွေ့အသက်တစ်ခု ယှက်သန်းသွားသည်။ သူ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဂိုဏ်းသားတွေကို အမိန့်ပေးလိုက်၊ လူအား ငွေအား အကုန်သုံးပြီး စုံစမ်း… အိမ်ရှေ့မင်းသားရဲ့ မဟာအတိုင်ပင်ခံ၊ စွန်းနန်ထိုအကြောင်း ရသမျှ အချက်အလက် အကုန်လိုချင်တယ်… သူ့ဘဝ၊ သူ့မိသားစု၊ သူ့ဂိုဏ်း၊ သူ့တပည့်၊ သူနဲ့ ပတ်သက်သမျှ အကုန်လုံးပဲ…”

ဓားစံအိမ်သခင်က ထရပ်လိုက်သည်။ “အမိန့်အတိုင်းပါ…”

ချင်မူက ဆက်ပြောလိုက်၏။ “ကောင်းကင်နတ်မင်းလုကိုလည်း ပြန်ခေါ်သွား၊ သူက အထွတ်အမြတ်သစ်ပင်ဆီကို ပြန်ချင်နေတာ… အဲနေရာမှာ မြေမြှုပ်ပေးလိုက်ပါ…”

ဓားစံအိမ်သခင်က အစိမ်းရောင် ခရားအိုးကို သယ်ဆောင်သွားသည်။

ချင်မူ ဓားစံအိမ်သခင်၏ အိမ်ဝင်းအတွင်းမှ ထွက်လာပြီးနောက် မှတ်တမ်းထိန်းဆောင်မှ ပြန်ရောက်နေပြီဖြစ်သော စစ်ယွင်ရှန်းထံ သွား၍ သူ့စာအုပ်ငှားကတ်ကို ပြန်ယူလိုက်၏။ ထို့နောက် မှတ်တမ်းထိန်းဆောင်သို့ ဦးတည်သွားလိုက်သည်။

မှတ်တမ်းထိန်းဆောင်သို့ ရောက်သောအခါ တတိယထပ်သို့ တက်သွား၏။ ဤနေရာ၌ ကျင့်စဉ်ကျမ်း များများစားစား မရှိ။ စာလိပ်တစ်ရာခန့်သာ ရှိပြီး ခေါင်းမွေးများ ဖွေးဖွေးဖြူနေသည့် မှတ်တမ်းထိန်း အဘိုးကြီးများက ကျင့်စဉ်အမျိုးမျိုးကို သုတေသနပြု လေ့လာ၍ စိတ်ကူးစိတ်သန်း အသစ်အဆန်းများ ထုတ်ဖော်နိုင်ရန် ကြိုးစားနေကြသည်။

ချင်မူ မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်ကို ရှာဖွေ၍ အသေးစိတ် လေ့လာလိုက်၏။ နှစ်ရက်တိတိ မအိပ်မနားချေ။ ထို့နောက် မှတ်တမ်းထိန်းဆောင်မှ သူ့အိမ်သို့ ပြန်၍ အိပ်၏။

နောက်တစ်နေ့ရောက်သောအခါ ဓားစံအိမ်သခင်က ထူထဲသော မှတ်တမ်းစာအုပ်တစ်အုပ် ယူဆောင်လာသည်။

ထိုစာအုပ်ထဲတွင် ရေးသားထားသော စွန်းနန်ထိုနှင့် ပတ်သက်သမျှကို တစ်ခုမကျန် ဖတ်ရှုလိုက်၏။ နေ့တစ်ဝက်ကျိုးသောအခါမှ သူ့မျက်လုံးများကို မှိတ်လိုက်သည်။

ဓားစံအိမ်သခင်က သူ့ဘေးတွင် တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ အတန်ကြာပြီးသောအခါ ချင်မူ၏ မျက်လုံးများ ပွင့်လာသည်။ “နန်ထိုကျောင်းတော်၊ စွန်းနန်ထို၊ မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်… သူ့တစ်မိသားစုလုံးကို ရွှေမြို့တော်ထဲမှာ သုတ်သင်ရှင်းလင်းရင် အကျိုးဆက်က အတော်လေး ကြီးသွားလိမ့်မယ်… အဲဒီတော့ မြို့ပြင်မှာ လုပ်ကြတာပေါ့…”

All Chapters