လက်စားချေခြင်း
Vol. 16 Ch. 213
“ဓားစံအိမ်သခင်… ဂိုဏ်းစောင့်အကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ဂိုဏ်းအုပ် ရှစ်ယောက်ကို မြို့ပြင်က ထူမြစ်ကမ်းဘေးမှာ စောင့်နေဖို့ သွားပြောလိုက်…”
ချင်မူက မှတ်တမ်းစာအုပ်ကို ပိတ်၍ မယိမ်းယိုင်သော ကောင်းကင်ရတနာ ဈာန်ကျင့်စဉ်မှ သူလေ့လာထားသမျှကို ဓားစံအိမ်သခင်၏ လက်ထဲသို့ ထည့်လိုက်သည်။ “မယိမ်းယိုင်သော ကောင်းကင်ရတနာ ဈာန်ကျင့်စဉ်ကို လေ့လာပြီး အားနည်းချက်၊ ဟာကွက်တွေကို ဒီထဲမှာ ရေးထားတယ်… သူတို့ကို ဖတ်ခိုင်းထားလိုက်… စံအိမ်သခင်တွေ အားလုံးကိုတော့ နေရာမှာပဲနေပြီး ငါ့အမိန့်ကို စောင့်ခိုင်းထား…”
ဓားစံအိမ်သခင်က အမိန့်နာခံ၍ ထွက်သွား၏။
ချင်မူက ဟူလင်းအာနှင့် နဂါးချီလင်ကို ခေါ်၍ နန်းတွင်းကောလိပ်၌ နှစ်ရက်သုံးရက် နေခဲ့ရန် မှာကြားလိုက်သည်။ ထို့နောက် ကျောင်းတော်သားအိမ်ရာ လမ်းကြားအဆုံးသို့ သွား၍ ဝေ့ယုံကို ရှာလိုက်၏။ “နောင်တော်ဝေ့၊ နယ်စားကြီးဝေ့ ပြန်ရောက်ပြီလား…”
ဝေ့ယုံက ပြောလိုက်သည်။ “ပြီးခဲ့တဲ့ရက်ကမှ သူပုန်တွေ နှိမ်နင်းပြီးလို့ ပြန်ရောက်လာတာ…”
“နောင်တော်ဝေ့အနေနဲ့ အိမ်ပြန်ပြီးတော့ နယ်စားကြီးဝေ့ကို နန်ထိုကျောင်းတော်မှာ စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်တော့မယ်လို့ ပြောပေးနိုင်မလား…”
ဝေ့ယုံက ဇဝေဇဝါ ဖြစ်သွားပြီး ပြုံးလိုက်၏။ “ငါ့အဖေက စိတ်ဝင်စားစရာတွေ သဘောကျပေမဲ့ အကုန်လုံးကိုတော့ လိုက်စိတ်မဝင်စားဘူး… သိပ်ပြီး ကြီးကြီးကျယ်ကျယ် မဟုတ်ရင် သူ မသွားလောက်ဘူး ထင်တယ်… သူ့စကားက တစ်မြို့လုံးကလူတွေ နားကို ပေါက်တာမဟုတ်လား… ဒါနဲ့ ဘာအကြောင်း ရှိလို့တုံး…”
ချင်မူက ပြောလိုက်သည်။ “သူ့ကိုသာ သွားပြောလိုက်ပါ… အဲဒီကို ရောက်ရင် သိလိမ့်မယ်…”
ဝေ့ယုံမှာ နားမလည်နိုင် ဖြစ်ကာ တောင်အောက်သို့ လိုက်ဆင်းလာ၏။ သူတို့နှစ်ယောက် လမ်းခွဲပြီးသောအခါ ချင်မူက ပန်းပွင့်လမ်းကြားမှ မိုးသံနားဆင်စံအိမ်သို့ သွားလိုက်သည်။
ဖူချင်းယွင်က အလျင်အမြန် ဆီးကြို၏။ “ဂိုဏ်းသခင်…”
ချင်မူက လက်ကာ၍ မည်သည်ကိုမျှ မပြောရန် အချက်ပြလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာပြီး အရိုးများ နေရာရွေ့သွား၏။ သူ့အရပ်က ရှည်သည်ထက် ရှည်လာပြီး ပိန်ပိန်ရှည်ရှည် လူတစ်ယောက်အသွင် ပြောင်းသွားသည်။ သူ့ပုံစံက မဟာတံတိုင်းအပြင်ဘက်မှ လူရိုင်းတစ်ယောက်နှင့် တူနေ၏။
ဖူချင်းယွင်မှာ အလန့်တကြား ထခုန်လိုက်မိသည်။ “ဖန်ဆင်းပညာပါလား… ဒါ ဖန်ဆင်းပညာ ခုနစ်မျိုးထဲက ဘယ်ဟာများလဲ…”
ချင်မူ၏ ခန္ဓာကိုယ်မှ ရွှေရောင်ခပ်ဖျော့ဖျော့ လင်းဖြာကျလာ၏။ သူ့အဝတ်အစားများကို ဖျင်ကြမ်းထည်များ လဲဝတ်၍ ထောင်ထျယ်အိတ်ထဲမှ တံခွန်ကုက္ကားတစ်ထောင်စေတီကို ထုတ်ယူလိုက်သည်။ သုံးကိုက်ခန့် အမြင့်ရှိသော တံခွန်ကုက္ကားတစ်ထောင်စေတီက အဆက်မပြတ် လည်ပတ်၍ တချွင်ချွင် အသံများ ထွက်ပေါ်လာ၏။ စေတီအတွင်းမှ ဗုဒ္ဓရှင်တော်မြတ်တစ်ပါး အသံ တိုးတိုးသဲ့သဲ့ ကြားရသည်။
“စံအိမ်သခင်ဖူ၊ ဒီနေရာမှာပဲ နေခဲ့… ဘာမှ မလှုပ်ရှားနဲ့… ကျုပ်အမိန့်ကို စောင့်နေ…”
ချင်မူက တံခွန်ကုက္ကားတစ်ထောင်စေတီကို နောက်တွင် တရွတ်တိုက်ဆွဲ၍ မိုးသံနားဆင်စံအိမ်မှ ထွက်ခွာလာ၏။ ပန်းပွင့်လမ်းကြားမှ ထွက်သည်နှင့် နန်ထိုနန်းဆောင်သို့ ဦးတည်သွားလိုက်သည်။
ဤနေရာက အိမ့်ရှေ့မင်းသား၏ မဟာအတိုင်ပင်ခံစံအိမ် ဖြစ်၏။ နန်ထိုကျောင်းတော်မှာ ဗုဒ္ဓလမ်းစဉ်တွင် မဟာမိုးခြိမ်းသံကျောင်းတော်အောက် တစ်ဆင့်သာနိမ့်သည့် ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သည်။ စွန်းနန်ထို နန်းတွင်းသို့ ခိုဝင်သွားသောအခါ နန်ထိုကျောင်းတော်မှာ နန်းတွင်းလက်အောက်ရှိ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာ၏။
စွန်းနန်ထိုမှာ ဗုဒ္ဓကျင့်စဉ်တွင် အတော်လေး ပေါက်မြောက်၍ ဖြောင့်မတ်သော လူတစ်ယောက် ဖြစ်သည်။ မိစ္ဆာလမ်းစဉ်မှ လူများကို ရင်ထဲအသည်းထဲမှ မုန်းတီးပြီး ရဟန္တာတစ်ဦးဖြစ်သည်ဟု ကျော်ကြား၏။ သူ အိမ်ရှေ့မင်းသား၏ မဟာအတိုင်ပင်ခံ ဖြစ်လာသောအခါ နန်ထိုကျောင်းတော်မှာ နန်းတွင်း၏ လက်အောက်ခံ ဖြစ်သွားပြီး အခြား ဗုဒ္ဓဘာသာကျောင်းတော်များလည်း နန်းတွင်းသို့ ခိုလှုံလာကြသည်။ နန်းတွင်းအပေါ်၌ တင်ရှိနေသော သူ၏ အကျိုးပြုမှုများက ငြင်းပယ်၍ မရချေ။
အိမ်ရှေ့မင်းသား၏ မဟာအတိုင်ပင်ခံစံအိမ်ကို နန်ထိုနန်းဆောင်ဟု စွန်းနန်ထို အမည်ပြောင်းပြီး နောက်ပိုင်းတွင် ဤနေရာမှာ နန်ထိုကျောင်းတော်၏ တရားတော်များ ပို့ချသည့် အဓိကနယ်မြေတစ်ခု ဖြစ်လာသည်။ နန်ထိုနန်းဆောင်၌ နန်ထိုကျောင်းတော်မှ လာရောက်၍ တရားတော်များ သင်ယူသည့် ရဟန်းပျို အတော်များများ ရှိ၏။ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းတို့၏ နေအိမ်များမှ အမျိုးသမီးအချို့လည်း ဤနေရာသို့ လာရောက်၍ တရားတော်များ နာယူမှတ်သားလေ့ ရှိကြသည်။
သို့သော်လည်း ဤအမျိုးသမီး အများစုမှာ တစ်ကိုယ်တည်း အထီးကျန်နေသူများ ဖြစ်၏။ အချို့မှာ ဗုဒ္ဓကိုးကွယ်မှုကို အမည်ခံ၍ ရဟန်းပျိုများနှင့် ချိတ်ကာ သူတို့၏ အထီးကျန်မှုကို ဖြေဖျောက်ရန် မရိုးသားသော ရည်ရွယ်ချက်ဖြင့် လာရောက်သူများ ဖြစ်သည်။ ရဟန်းပျိုအချို့ကို သိမ်းသွင်းထောက်ပံ့ထားသော အသက်ကြီးကြီး မိန်းမအချို့ပင် ရှိ၏။ သို့အတွက်ကြောင့် ထိုရဟန်းပျိုများမှာ အမျိုးသမီးခန်းဆောင်များအတွင်း ဝင်ချည်ထွက်ချည် ဖြစ်နေကြရသည်။
ဤသည်က ရွှေမြို့တော်တွင် မထူးဆန်းတော့သော အရာတစ်ခု ဖြစ်၏။
အချို့ရဟန်းအိုကြီးများက အမျိုးသမီးငယ်များကို ခေါ်ယူ၍ နေ့မအားညမအား တေးဂီတများ တီးမှုတ်ဖျော်ဖြေခိုင်းရာ အများအမြင်မတင့်ဖွယ် ဖြစ်လာသည်။
စွန်းနန်ထိုမှာ သူ့လက်အောက်ငယ်သားများ၏ မစင်ကြယ်မှုကို သိသော်လည်း နန်းတွင်းတာဝန်ဝတ္တရားများ၊ လုပ်ငန်းဆောင်တာများနှင့် မအားလပ်ဖြင့် ထိန်းသိမ်းကြပ်မတ်နိုင်ခြင်း မရှိချေ။ ထို့ပြင် ရွှေမြို့တော်၏ လူမှုဆက်ဆံရေးက များစွာ ပွင့်လင်းပြီး ဤနေရာမှ အမျိုးသမီးများက ပို၍ ရဲတင်းသည်။ ဧကရာဇ်မယ်တော်ကြီးပင် တိတ်တိတ်ပုန်းချစ်သူ တစ်ယောက် ရှိသည်ဖြစ်ရာ စွန်းနန်ထိုအနေဖြင့် သူ့လူများ၏ အရှုပ်ထုပ်တွင် ဝင်ရောက်ပတ်သက်ရန် စိတ်မဝင်စားချေ။
ပြီးလျှင် ဧကရာဇ်က သူ့ကို ထိန်းမြားပေးစားရန် အခါခါ ချီးမြှောက်သဖြင့် သုံးကြိမ်ဆက် ငြင်းပယ်အပြီး လေးကြိမ်မြောက်တွင် လက်ခံခဲ့၏။ သို့အတွက်ကြောင့် သူကိုယ်တိုင်မှာ လူတစ်ဝက်၊ ရဟန်းတစ်ဝက် ဖြစ်နေပြီး လက်အောက်ငယ်သားများ၏ အမူအကျင့်ကို သွန်သင်ဆုံးမရန် များစွာ သင့်လျော်ခြင်း မရှိလှပေ။
သို့သော်လည်း မိစ္ဆာလမ်းစဉ်ကိုတော့ ရင်ထဲအသည်းထဲမှ မုန်းတီးဆဲရှိပြီး မိစ္ဆာလမ်းစဉ်မှလာသည့် နန်းတွင်းအရာရှိများကို အမြဲတစေ မနှစ်မြို့ကြောင်းပြ၍ အခါအခွင့်သင့်လျှင် ကြိမ်းမောင်းအပြစ်တင်လေ့ ရှိသည်။
ယနေ့အခါတွင် နန်ထိုနန်းဆောင်၏ အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ ရဟန်းကိုယ်တော်များ တစ်ပါးပြီးတစ်ပါး ပြေးထွက်လာပြီး အော်ဟစ် ပြောဆိုနေကြသည်။ “အပြင်ဘက်မှာ ဗုဒ္ဓလမ်းစဉ်ရဲ့ အဖိုးတန်ရတနာတစ်ခု လာရောင်းနေတယ်… ငါတို့ နန်ထိုကျောင်းတော်ရဲ့ မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်နဲ့ တွဲဖက်သုံးရတဲ့ တံခွန်ကုက္ကားတစ်ထောင်စေတီပဲ… အဲဒါ ငါတို့ကျောင်းတော်ရဲ့ အမွေအနှစ်ရတနာ၊ ပျောက်နေတာ နှစ်ပေါင်းရာကျော်ရှိပြီ…”
အားလုံးက နန်ထိုနန်းဆောင်ထဲမှ ထွက်လာကြပြီး အမှန်တကယ်ပင် နန်ထိုကျောင်းတော်မှ ပျောက်ဆုံးနေသော အမွေအနှစ်ရတနာ၊ တံခွန်ကုက္ကားတစ်ထောင်စေတီ ဖြစ်ကြောင်း တွေ့လိုက်၏။ တစ်လမ်းလုံးမှာ ရဟန်းကိုယ်တော်များဖြင့် ပြည့်နှက်ပိတ်ဆို့သွားသည်။ သူတို့ကြား၌ အမျိုးသမီးအချို့လည်း တိုးဝှေ့ပါလာ၏။
လူအုပ်ကြားတွင်တော့ တံခွန်ကုက္ကားတစ်ထောင်ဖြင့် ဖွဲ့တည်ထားသည့် စေတီတစ်ဆူ မိုးထိအောင် ထိုးထိုးထောင်ထောင် ရှိနေသည်။ တံခွန်ကုက္ကား တစ်ခုချင်းစီမှာ ကျောက်စိမ်းမှ ထွင်းထုထားခြင်း ဖြစ်ပြီး အဆင့်ခုနစ်ဆင့် ဖွဲ့တည်နေ၏။ တစ်ဆင့်တစ်ဆင့်တွင် တရားတော်များ ရေးထွင်းထားသည့် စက်ဝိုင်းပတ်ပုံ ကျည်တောက်များ ရှိသည်။ ထိုကျည်တောက်များက လည်ပတ်နိုင်ပြီး ထိုသို့ လည်ပတ်သောအခါ ၎င်းတို့အပေါ်ရှိ တရားစာများက အရောင်အဝါများ တောက်ပ၍ ဗုဒ္ဓတရားသံများ ထွက်ပေါ်လာ၏။
ထိုတရားတော် တံခွန်ကုက္ကား တစ်ခုချင်းစီ၏ အထဲတွင် ဖန်သလင်းထည်၊ ကျောက်စိမ်းဆွဲကြိုး၊ သရီယဓာတ်တော်၊ မီးအိမ်၊ ဥဿဖရား၊ မဟူရာ စသည့် ရတနာများ ရှိသည်။
တံခွန်ကုက္ကားတစ်ထောင်က အတူတကွ စုပေါင်း၍ မျှော်စင်ကြီး တစ်ခုနှယ် စေတီဖွဲ့တည်နေ၏။ ဤသည်က နန်ထိုကျောင်းတော်၏ အမွေအနှစ်ရတနာ၊ တံခွန်ကုက္ကားတစ်ထောင်စေတီ ဖြစ်သည်။
ဤရတနာက ပဋိပက္ခတိုက်ပွဲများအတွင်း ပျောက်ဆုံးသွားသည်မှာ နှစ်ကာလကြာရှည်ပြီ ဖြစ်ပြီး ယခုကဲ့သို့ ပြန်လည် ပေါ်ထွက်လာမည်ဟု မျှော်လင့်မထားမိကြချေ။ နန်ထိုကျောင်းတော်မှ ရဟန်းကိုယ်တော်အားလုံးမှာ တစ်မုဟုတ်ချင်း ပြေးထွက်လုယူချင်စိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာ၏။
သို့သော်လည်း ဤသည်က ရွှေမြို့တော် ဖြစ်သည်။ လက်လွတ်စပယ် ပြုမူ၍ မရ။
ဤတံခွန်ကုက္ကားတစ်ထောင်စေတီကို ရောင်းချနေသူက လူမျိုးခြားတစ်ယောက်၏ အသွင်အပြင်ရှိသော လူငယ်တစ်ယောက် ဖြစ်၏။ သူက စေတီအောက်တွင်ရပ်၍ အဆောင်ရတနာ၏ အစွမ်းသတ္တိကို ထုတ်ဖော်အသုံးပြုထားသည်။
တံခွန်ကုက္ကားတစ်ထောင်စေတီမှာ မူလက ဤမျှ မြင့်မားခြင်း မရှိ၊ တံခွန်ကုက္ကားတစ်ခုစီ၏ အမြင့်က သုံးလက်မသာ ရှိ၏။ သို့သော်လည်း ၎င်း၏ စွမ်းအားကို ဤလူငယ်လေး ထုတ်ဖော်အသုံးပြုလိုက်သည့်အခါ တံခွန်ကုက္ကားတစ်ခုစီက သုံးကိုက်ခန့် ရှည်လျားလာသည်။ တံခွန်ကုက္ကားတစ်ထောင်စေတီ တစ်ခုလုံးက ကိုက်နှစ်ရာအမြင့်ထိ ရောက်ရှိသွား၏။ တစ်ထောင်သော စက်ဝိုင်းပတ်ပုံကျည်တောက်များ လည်ပတ်သည့်အခါ ၎င်းတို့အပေါ်ရှိ တရားစာများ လင်းလက်တောက်ပ၍ အားကောင်းသော ဗုဒ္ဓတရားသံတစ်သံ ထွက်ပေါ်ကာ လွန်စွာသပ္ပာယ်လာသည်။
ထိုလူငယ်လေး၏ အသံက ပျံ့လွင့်လာ၏။ “အကျွန့်ဆီမှာ မိသားစုအမွေ အဖိုးတန်ရတနာတစ်ခု ရှိပါတယ်… အဲဒီရတနာကို ထိုက်တဲ့လူဆီ လွှဲပြောင်းပေးအပ်ပါမယ်… အကျွန်က မဟာတံတိုင်းအလွန် မြက်ခင်းလွင်ပြင်က လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတစ်ယောက်ပါ… ဒီရတနာက အကျွန့်ရဲ့အဘိုး ဘုန်းတော်ကြီးအိုတစ်ပါးကို အသက်ဘေးက ကယ်တင်လို့ လက်ဆောင်ရခဲ့တာပါ… ဒီတစ်ခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လာတာမှာ အင်ပါယာရဲ့ သူရဲကောင်းတွေနဲ့ တွေ့ဆုံပြီး ရတနာနဲ့ထိုက်သူကို ရှာဖွေချင်ပါတယ်…”
“ကိုယ်တော်ကြီးယွမ်ကျင့်၊ ဒါက တပည့်တော်တို့ နန်ထိုကျောင်းတော်ရဲ့ အမွေအနှစ်ရတနာ မဟုတ်ဘူးလား…” ရဟန်းတစ်ပါးက ဘေးနားမှ ချောမောလှပသည့် ရုပ်ရည်နှင့် ကိုယ်တော်ကို မေးလိုက်သည်။
ယွမ်ကျင့်ကိုယ်တော်မှာ အသက်များစွာ မကြီးသေးသော်လည်း စွန်းနန်ထို၏ တပည့်ရင်း ဖြစ်၍ မြင့်မားသော ရာထူး ရှိ၏။ စွန်းနန်ထိုနောက်မှ နှစ်ပေါင်းများစွာ လိုက်လံကျင့်ကြံ၍ နန်ထိုကျောင်းတော်၏ သမိုင်းကျောင်းကို ကောင်းစွာသိသူ ဖြစ်သဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါက ငါတို့နန်ထိုကျောင်းတော်ရဲ့ အမွေအနှစ်ရတနာ၊ တံခွန်ကုက္ကားတစ်ထောင်စေတီ အစစ်ပဲ… ဒီစေတီပေါ်မှာ ထွင်းထုထားတဲ့ တရားစာတွေက ခေါင်းဆောင်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့တဲ့ နန်ထိုရဟန္တာကျမ်းစာပဲ… အတုလုပ်ဖို့ မဖြစ်နိုင်ဘူး…”
ယွမ်ကျင့်ကိုယ်တော်၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ရုတ်တရက် ကျယ်လောင်သော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “သယ်… လူရိုင်းကောင်… ဒါက ငါတို့ နန်ထိုကျောင်းတော်ရဲ့ ရတနာပဲ… မြန်မြန် ပြန်ဆက်သစမ်း…”
ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ “ကိုယ်တော်၊ ဒီရတနာက အကျွန်ရဲ့မိသားစုကို ဘုန်းတော်ကြီးတစ်ပါးက ပေးခဲ့တာ… အကျွန့်မိသားစုကို ပေးခဲ့တဲ့အတွက် အကျွန်ပိုင်ဆိုင်တဲ့ ရတနာ ဖြစ်နေပြီ… အကျွန့်ရဲ့ရတနာကို ထိုက်တဲ့လူဆီပဲ ပေးအပ်ပါမယ်…”
ရုတ်တရက် အခြားရဟန်းပျိုတစ်ပါးက ရယ်မောလိုက်သည်။ “ထိုက်တဲ့လူဆိုတာ ဘယ်လို သိနိုင်မှာလဲ…”
ယွမ်ကျင့်ကိုယ်တော်က ထိုရဟန်းပျိုကို လှမ်းကြည့်ပြီး အံ့ဩသွား၏။ ဤရဟန်းပျိုသည်လည်း ချောမောလှပသော ရုပ်ရည်ရှိပြီး စွန်းနန်ထို၏ အခြားတပည့်ရင်းတစ်ဦး ဖြစ်သည့် ယွမ်ဖုန်းကိုယ်တော် ဖြစ်သည်။ သူတို့နှစ်ယောက်က မိန်းမလုသည့်ကိစ္စ၊ အခြားကိစ္စများနှင့် ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက် တည့်ရှုခြင်း မရှိချေ။ အပေါ်ယံတွင် ရင်းနှီးသယောင်၊ ယဉ်ကျေးသယောင် ဆက်ဆံကြသော်လည်း အစေးမကပ်သည်မှာ ကြာလှပြီ ဖြစ်၏။
ယွမ်ဖုန်းကိုယ်တော်က ဤလူရိုင်းကောင်၏ လက်မှ တံခွန်ကုက္ကားတစ်ထောင်စေတီကို လုယူ၍ စွန်းနန်ထို၏ ရှေ့တွင် မျက်နှာလိုမျက်နှာရ လုပ်ကာ သူ့ကို ဘေးကန်ထုတ်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ချင်မူက တံခွန်ကုက္ကားတစ်ထောင်စေတီကို အောက်ချ၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အကျွန်က မဟာတံတိုင်းအပြင်ဘက် ဟိုးအဝေးက လာခဲ့တာပါ… အင်ပါယာရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ရတော့ ရင်ထဲမှာ လေးစားအားကျစိတ်တွေ တိုးပွားလာရပါတယ်… ဒီလိုမျိုး အောင်မြင်မှုတွေဟာ အင်ပါယာရဲ့ ဂုဏ်ထူးဆောင် သူရဲကောင်းတွေကြောင့်ဆိုရင် မမှားပါဘူး… ဒီတံခွန်ကုက္ကားတစ်ထောင်စေတီက သာမန်ပစ္စည်းတစ်ခု မဟုတ်တဲ့အတွက် အကျွန်အနေနဲ့ ဒီရတနာကို အသုံးချပြီး အင်ပါယာရဲ့ သူရဲကောင်းတွေနဲ့ ဆုံတွေ့ချင်ပါတယ်… အဆင့်တူမှာ အကျွန့်ကို အနိုင်ယူနိုင်တဲ့သူကို ဒီရတနာ လွှဲပြောင်းပေးအပ်ပါမယ်…”
ဝေ့ယုံနှင့် နယ်စားဝေ့က နယ်စားစံအိမ်မှ ထွက်၍ နန်ထိုနန်းဆောင်သို့ ရောက်လာသည်။ နယ်စားဝေ့က တစ်ချက်ကြည့်၍ ခေါင်းခါယမ်းပြီး ပြုံးလိုက်၏။ “ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ… နန်ထိုကျောင်းတော်ကို ပြဿနာလာရှာတဲ့ လိုလန်ရွှေနန်းတော်က ကောင်လေးတစ်ယောက်ပဲကို…”
သူ့အသံက ကျယ်လောင်လွန်းလှသဖြင့် အခြားလမ်းများတွင် ရှိသော လူအားလုံးပင် ပီပီသသ ကြားလိုက်ရသည်။
ထိုလမ်းများက နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းများ နေထိုင်သောနေရာ ဖြစ်၏။ နယ်စားဝေ့၏ အသံကို ကြားသောအခါ သူတို့အားလုံး စံအိမ်မှ အပြေးထွက်လာကြည့်သဖြင့် တစ်ခဏအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
နန်ထိုကျောင်းတော်မှ ကိုယ်တော်များမှာ လူတဖြည်းဖြည်း များလာသည်ကို တွေ့သဖြင့် အတင်းလုယူလျှင် သူတို့အတွက် မကောင်းနိုင်ကြောင်း သိလိုက်၏။ အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားသော ကိုယ်တော်တစ်ပါးက ပြုံးလိုက်သည်။ “မင်းကို အနိုင်ယူနိုင်တယ်ဆိုရင် တံခွန်ကုက္ကားတစ်ထောင်စေတီကို ယူသွားလို့ရပြီ မဟုတ်လား…”
နယ်စားဝေ့က များစွာ စိတ်မဝင်စားလှသော်လည်း အသံကျယ်လောင်ကျယ်လောင်ဖြင့် အော်ဟစ်လိုက်၏။ “ခေါင်းတုံးလေး… အဆင့်တူလို့ သူပြောထားတယ် မဟုတ်ဘူးလား… စည်းကမ်းဖောက်လို့ မရဘူးလေ… စွန်းနန်ထို ဘယ်ရောက်နေလဲ… သူ့ရတနာပေါ်လာတာတောင် ဘယ်မိန်းမဆီ သွားနေပြန်လဲ မသိဘူး…”
ဝေ့ယုံမှာ ဇဝေဇဝါ ဖြစ်နေပြီး ဟိုဟိုသည်သည်ကြည့်၍ စိတ်ထဲမှ တွေးလိုက်သည်။ “ဒီနေရာမှာ စိတ်ဝင်စားစရာ ရှိလိမ့်မယ်လို့ နောင်တော်ချင် ဘယ်လိုသိပါလိမ့်… သူရော ဘယ်ရောက်နေတာလဲ…”
ချင်မူက ပြောလိုက်၏။ “အကျွန့်ကို နိုင်တာနဲ့ တံခွန်ကုက္ကားတစ်ထောင်စေတီကို ယူသွားနိုင်ပါတယ်… မဟာတံတိုင်းအပြင်ဘက် မြက်ခင်းလွင်ပြင်က အသင်တို့ရဲ့ အင်ပါယာလောက် မဖွံ့ဖြိုးပေမဲ့ ကတိစကားကိုတော့ အသက်နဲ့အမျှ အလေးထားပါတယ်…”
အဝါရောင်သင်္ကန်းနှင့် ကိုယ်တော်က ရှေ့ထွက်တော့မည် ပြင်လိုက်စဉ် ယွမ်ကျင့်ကိုယ်တော်က သူ့ထက် ခြေတစ်လှမ်းဦး၍ ပြုံးပြလိုက်သည်။ “စေတီကို ငါ ပြန်ယူလိုက်မယ်… ဒီကနောင်တော်၊ ကိုယ်တော့်နာမည်က ယွမ်ကျင့်၊ ဓာတ်ကြီးငါးပါးအဆင့်ပါ... နောင်တော့်ရဲ့ နာမည်ကို သိခွင့်ရှိမလား…”
ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “လိုလန်ရွှေနန်းတော်က ပန်ကုန်းစုန်၊ ဓာတ်ကြီးငါးပါးအဆင့်ပါ…”
ယွမ်ကျင့်ကိုယ်တော်က မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်ကို ထုတ်ဖော်အသုံးပြုလိုက်ပြီး ပြင်းထန်သော အားအင်တစ်ရပ် ပေါက်ကွဲထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလင်းလက်၍ နောက်ကျောဘက်၌ ကြီးမားသော ဗုဒ္ဓမြတ်စွာတစ်ဆူ၏ ပုံရိပ် ဝိုးတဝါး ထင်ဟပ်လာ၏။ ထိုဗုဒ္ဓမြတ်စွာက လက်တော်တစ်ထောင် ရှိ၍ အဆောင်ရတနာတစ်ထောင်ကို ကိုင်ဆောင်ထားသည်။ ထိုအဆောင်ရတနာများထဲ၌ ဖန်ထည်ခွက်များ၊ ကျောက်စိမ်းမီးအိမ်များ၊ လေး၊ မြား၊ တင်းပုတ်၊ ကျည်ပွေ့စသည့် ရတနာမျိုးစုံ ပါဝင်၏။
ဗုဒ္ဓမြတ်စွာ၏ ပုံရိပ်က ရုတ်တရက် ယွမ်ကျင့်ကိုယ်တော်နှင့် ပေါင်းစည်းပျောက်ကွယ်သွားသည်။ ယွမ်ကျင့်ကိုယ်တော်၏ ခန္ဓာကိုယ်မှ ရတနာအလင်းတန်းများ ထွန်းလင်းလာပြီး သူ့လက်တစ်ဖက်က ရတနာမုဒြာတစ်ခုအဖြစ် ဖွဲ့တည်သွား၏။ ခြေသို့ ခြေတစ်လှမ်းအတိုးတွင် သူ၏ လက်ဟန်က ဖန်သားရတနာမုဒြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ဖန်သားရတနာကဲ့သို့ လင်းလက်တောက်ပသော လက်ဝါးရိုက်ချက်ဖြင့် ချင်မူ့ကို ရိုက်ချလိုက်၏။
ဤသည်က မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်၏ အားသာချက်ပင် ဖြစ်သည်။ ဤပညာရပ်ကို ကောင်းကင်နတ်အသွင်အဆင့်ထိ လေ့ကျင့်ထားသူများမှာ ရတနာတစ်ထောင် ကိုင်ဆောင်သည့် ဗုဒ္ဓမြတ်စွာတစ်ပါး ဖန်ဆင်းနိုင်သဖြင့် ရတနာတစ်ထောင်ကျင့်စဉ်ဟုလည်း ခေါ်ဆိုကြ၏။
ကောင်းကင်နတ်အသွင်အဆင့်ထိ မလေ့ကျင့်နိုင်သေးသူများကတော့ ရတနာတစ်ထောင်ကို လက်ဟန်မုဒြာတစ်ထောင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။ ထိုလက်ဟန်မုဒြာများက တစ်ခုနှင့်တစ်ခု ခြားနား၍ မတူညီသည့် စွမ်းအားများ ရှိကြ၏။
ယွမ်ကျင့်ကိုယ်တော်က ဓာတ်ကြီးငါးပါးအဆင့်တွင်သာ ရှိသေးသော်လည်း သိပ်သည်းသော ကျင့်စဉ်စွမ်းအင် ရှိသဖြင့် လက်ဟန်မုဒြာတစ်ရာကျော်ကို သင်ယူတတ်မြောက်ထားသည်။ ထို့ပြင် ဤကျင့်စဉ်ကို လေ့ကျင့်လျှင် ရဟန္တာခန္ဓာကိုလည်း ရရှိနိုင်၏။ စိန်ကဲ့သို့ ခန္ဓာကိုယ် ရှိသည့်အခါ ဓားလှံလက်နက်တို့ တိုးပေါက်နိုင်မည် မဟုတ်တော့ချေ။
လက်ဟန်မုဒြာကို ရိုက်ချလိုက်သည့်အချိန်တွင် ယွမ်ကျင့်ကိုယ်တော်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လက်ဝါးပတ်ပတ်လည်တွင် ဖန်သားရတနာနယ်ပယ်တစ်ခု ဖွဲ့တည်သွားသည်။ အလင်းတန်းများကြားမှ ဗုဒ္ဓတရားသံတစ်သံလည်း ပျံ့လွင့်လာ၏။
ချင်မူက နေရာမှ မရွေ့ချေ။ ရုတ်တရက် သူ့လက်ကို မြှောက်၍ ရိုက်ချလိုက်ရာ ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ ဖန်သားရတနာနယ်ပယ်၊ ဝိညာဉ်ရတနာဗုဒ္ဓမြတ်စွာ၊ ဖန်သားရတနာလက်ဟန်မုဒြာတို့ တစ်စစီ ပြိုကွဲပျက်စီးသွားသည်။ မြေပြင်ထက်၌ တွင်းချိုင့်ကြီးတစ်ခု ပေါ်ထွက်လာပြီး တွင်းထဲတွင်တော့ ယွမ်ကျင့်ကိုယ်တော်မှာ အသားပုံ၊ အရိုးပုံတစ်ခုအဖြစ် ပြောင်းလဲသွား၏။
နန်ထိုနန်းဆောင်မှ ကိုယ်တော်အားလုံး တုန်လှုပ်ချောက်ချားသွားသည်။ နယ်စားဝေ့က သူ့မုတ်ဆိတ်မွေးကို လက်ဖြင့်ကစားရင် သံသယဖြစ်နေမိ၏။ “ဒီလူရိုင်းကောင်လေးရဲ့ သိုင်းကွက်က အကြမ်းစားဆန်ပေမဲ့ ကျင့်စဉ်စွမ်းအင်က ပုံမှန်နဲ့မတူအောင် အားကောင်းတယ်… သူ့နာမည်က ဘာတဲ့လဲ…”
ဝေ့ယုံက ချက်ချင်း ပြန်ဖြေလိုက်သည်။ “ပန်ကုန်းစုန်လို့ ပြောလိုက်တာ ထင်တယ်…”
နယ်စားဝေ့က တတွတ်တွတ် ရေရွတ်လိုက်၏။ “မဟုတ်သေးဘူး၊ ဒါက ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်နဲ့ သိပ်မတူသလိုပဲ…”