ဦးသျှောင်မှော်ဆရာနတ်ဒေဝါကျင့်စဉ်
Vol. 16 Ch. 214
“ဒီပန်ကုန်းစုန်က ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို ပြောင်းပစ်တာများလား…”
နယ်စားဝေ့မှာ ဇဝေဇဝါဖြစ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “အရင်က လိုလန်ရွှေနန်းတော်ရဲ့ အဆင့်မြင့်ပညာရှင်တွေနဲ့ ငါ တိုက်ခိုက်ဖူးပါတယ်၊ သူတို့ရဲ့ ကျင့်စဉ်က ဝိညာဉ်တွေကို အသုံးပြုပြီး လေ့ကျင့်တာ… ခန္ဓာကိုယ်ကို ရွှေရောင်တလက်လက်ထအောင် ကျင့်ထားပေမဲ့ သူတို့ရဲ့ သိုင်းကွက်အများစုက ဝိညာဉ်နဲ့ တိုက်ခိုက်တာ… ဒီလူရိုင်းကောင်လေးကတော့ ခန္ဓာကိုယ်ကျင့်စဉ်လမ်းကို လျှောက်တဲ့ပုံပဲ… သူ့ကျင့်စဉ်သိုင်းကွက်ကလည်း ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်နဲ့ နည်းနည်း ခြားနားနေတယ်… ပိုပြင်းထန်သလိုပဲ…”
သူက ဂိုဏ်းချုပ်ကြီးအဆင့်ရှိသည့် ပထမအဆင့် နန်းတွင်းအရာရှိ ဖြစ်သည်မဟုတ်လား။ ချင်မူ၏ ထူးခြားနေသော အချက်များကို တစ်မုဟုတ်ချင်း တန်းမြင်၏။ သို့သော်လည်း သူ၏ များပြားကြွယ်ဝသော အသိပညာဗဟုသုတနှင့်ပင် ချင်မူ၏ ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က အနည်းငယ် ကွဲပြားခြားနားနေသည်ဟုသာ သိ၏။ ကောင်းကင်နတ်ဘုရား ဖန်ဆင်းကျင့်စဉ်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း မသိချေ။
မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းကျင့်စဉ် ခုနစ်ခန်းမှာ ထူးခြားချက်ကိုယ်စီ ရှိသည်။ ကောင်းကင်နတ်ဘုရား ဖန်ဆင်းကျင့်စဉ်က အခြားသူများ၏ ကျင့်စဉ်သိုင်းကွက်ကို အတုခိုးနိုင်စွမ်း ရှိ၏။ အဘွားစစ်သည်လည်း ဤကျင့်စဉ်ကို အသုံးပြု၍ နယ်စပ်နဂါးမြို့စားမင်း ဖုယွင်တိအဖြစ် အသွင်ပြောင်းလဲခဲ့ဖူးသည်။
ချင်မူက ယွမ်ကျင့်ကိုယ်တော်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်သဖြင့် အခြားကိုယ်တော်များမှာ မကျေမနပ် ဖြစ်သွားကြ၏။ ကိုယ်တော်တစ်ပါးက ထရပ်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “မင်းက ငါတို့နန်ထိုကျောင်းတော်ရဲ့ အမွေအနှစ်ရတနာကို သိမ်းပိုက်ထားတဲ့အပြင် ငါတို့လူတစ်ယောက်ကိုလည်း သတ်ပစ်တယ်… နန်ထိုကျောင်းတော်မှာ မင်းကို ယှဉ်နိုင်မဲ့သူ မရှိတော့ဘူး ထင်နေတာလား… ငါ၊ ယွမ်ရှန်း မင်းနဲ့ ရင်ဆိုင်တိုက်ခိုက်မယ်…”
ချင်မူက သူ့လက်ကို ဆန့်ထုတ်၍ ဆွဲညှစ်လိုက်၏။ မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းသွားသည်။ ယွမ်ရှန်းကိုယ်တော်မှာ စကားမဆုံးမီပင် မြေပေါ်သို့ ပုံလဲကျသွား၏။ သူ့ခန္ဓာကိုယ်က အသက်ရှိနေဆဲ ဖြစ်ပြီး ဒဏ်ရာဟူ၍ မတွေ့ရချေ။ သူ့နှလုံးကလည်း တဒိတ်ဒိတ် ခုန်နေဆဲ ရှိသည်။
ရဟန်းကိုယ်တော်အချို့ ရှေ့သို့ ပြေးထွက်လာပြီး အသက်ရှူ၊ မရှူ စမ်းကြည့်လိုက်၏။ ယွမ်ရှန်းကိုယ်တော်က အသက်ရှူနေဆဲ ရှိသည်။ သို့သော်လည်း သူ့မျက်လုံးများကတော့ မှိတ်နေ၏။
“မစစ်ဆေးနေနဲ့တော့၊ သူ့ဝိညာဉ် ပျက်စီးသွားပြီ…” ချင်မူက ပြောလိုက်သည်။ “သူ့ဝိညာဉ်ကို အကျွန် နုတ်ယူဖျက်ဆီးလိုက်တာ…”
“မင်းပြောတော့ အားစမ်းပွဲဆို…” ကိုယ်တော်များက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘာလို့ တစ်ကြိမ်ပြီးတစ်ကြိမ် လူသတ်နေရတာလဲ…”
ချင်မူက မတုန်မလှုပ် ပြန်ပြောလိုက်သည်။ “ဒါ မဟာတံတိုင်းအလွန်က စည်းမျဉ်းပဲ… သိုင်းကွက်စထုတ်တာနဲ့ သေခြင်းရှင်ခြင်းဆိုတာ မရှိတော့ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေကို ရဲရင့်တယ်လို့ ထင်ထားတာ… ဒီလိုမျိုး သေမှာကြောက်တဲ့အထိ နုရွနေမယ် မထင်မိဘူး… ကြည့်ရတာ မှားသွားတဲ့ပုံပဲ… ဒီတံခွန်ကုက္ကားတစ်ထောင်စေတီကို လိုလန်ရွေနန်းတော်မှာပဲ ပြန်ထားတာ ကောင်းပါတယ်… ထိုက်တဲ့လူ မရှိဘူး…”
“စော်ကားလှချည်လား…” ကိုယ်တော်တစ်ပါးက ဒေါသတကြီး အော်ဟစ်၍ တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်။ ထိုတောင်ဝှေးက ကွင်းကိုးကွင်းရှိပြီး ရတနာကိုးပါး ချိတ်ဆွဲထား၏။ လေဟုန်ကို ထိုးအခွင်းတွင် ကြားရသူအပေါင်း၏ ဝိညာဉ်ကို လှုပ်ခါနိုင်စွမ်းရှိသော တချွင်ချွင်အသံများ မြည်ဟည်းသွားသည်။
ချင်မူက နေရာတွင် မလှုပ်မယှက် ရပ်နေပြီး ထိုကိုယ်တော်၏ တောင်ဝှေး သူ့ခေါင်းပေါ်သို့ ရိုက်ချလာသည်ကို ကြည့်နေ၏။ အနီးသို့ ရောက်လာသောအခါမှ တောင်ဝှေးကို ဖျတ်ခနဲ ဖမ်းဆုပ်၍ အားဖြင့်ဆွဲယူလိုက်သည်။ နန်ထိုကျောင်းတော်မှ ကိုယ်တော်၏ လက်နှစ်ဖက်မှာ သွေးချင်းချင်းနီသွား၏။
ရွှစ်…။
ချင်မူက တောင်ဝှေးကို ပြန်ပစ်လွှတ်လိုက်သည်။ တောင်ဝှေးက ပိုင်ရှင်ကိုယ်တော်၏ ရင်ဝကို ထိုးဖောက်၍ ကြမ်းပြင်သို့ စိုက်ဝင်သွား၏။
နယ်စားဝေ့က ခေါင်းခါယမ်းလိုက်သည်။ “နန်ထိုကျောင်းတော်ရဲ့ ကိုယ်တော်တွေက စားဖို့သောက်ဖို့ပဲ သိတယ်… ဒီနှစ်တွေမှာ မင်းညီမင်းသားလို နေထိုင်ခဲ့တော့ ဟိုလူရိုင်းကောင်လေးနဲ့ အကွာကြီးကွာသွားတာပေါ့… အဆင့်တူဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး… လိုလန်ရွှေနန်းတော်ရဲ့ မှော်ပညာက ထူးဆန်းတယ်… တစ်ဘက်လူရဲ့ ဝိညာဉ်ကို ဖျက်ဆီးနိုင်တာ မှန်ပေမဲ့ တစ်ခုခု လွဲနေသလိုပဲ… ဒီကောင်လေးရဲ့ သိုင်းကွက်ကို တစ်ခါမှ မမြင်ဖူးဘူး… ဦးသျှောင်မှော်ဆရာက ကောင်းကင်နတ်သိုင်းအသစ် တီထွင်လိုက်တာများလား…”
ဝေ့ယုံမှာ ချင်မူ့ကို ရှာမတွေ့သေးသဖြင့် စိတ်ထဲမှ တွေးလိုက်မိ၏။ “ငါ့ကိုကျ ဒီနေရာ သွားဖို့ပြောပြီး သူက ဘယ်ရောက်နေတာလဲ…”
သက်လတ်ပိုင်းအရွယ် ကိုယ်တော်အချို့ မည်းမှောင်သော မျက်နှာများဖြင့် နန်ထိုနန်းဆောင်ထဲမှ ထွက်လာကြသည်။ တစ်ပါးက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “တာ့လီနန်းဆောင်ကို သွားပြီး ဒီကောင့်ကို ဖမ်းဖို့ အာဏာပိုင်တွေဆီ အကြောင်းကြားစမ်း… နောက်တစ်ယောက်က အိမ်ရှေ့စံနန်းဆောင်ကို သွားပြီး ခေါင်းဆောင်ကို ခေါ်လာခဲ့…”
အခြားကိုယ်တော်များမှာ မျက်လုံးများ အရောင်တောက်၍ အဆောတလျင် ပြေးထွက်သွားသည်။
တာ့လီနန်းဆောင်မှာ စုံစမ်းစစ်ဆေးရေးကို တာဝန်ယူရသော နန်းဆောင် ဖြစ်၏။ နန်ထိုနန်းဆောင်အနေဖြင့် ချင်မူနှင့် သူသေကိုယ်သေ တိုက်ခိုက်နေရန် မလိုအပ်ပေ။ အာဏာပိုင်များကို ခေါ်လိုက်ရုံသာ လို၏။ ဤအရိုင်းအစိုင်းကောင်ကို ထောင်ထဲသို့ ထည့်ပစ်နိုင်မည့်အပြင် တံခွန်ကုက္ကားတစ်ထောင်စေတီသည်လည်း နန်းထိုကျောင်းတော်သို့ အလိုအလျောက် ပြန်လည် ရောက်ရှိလာပေလိမ့်မည်။
ချင်မူက ရွှေမြို့တော်အတွင်း၌ လူသတ်ခဲ့သဖြင့် တာ့လီနန်းဆောင်က လာရောက်စုံစမ်းစစ်ဆေးမည်မှာ ကျိန်းသေ၏။ ထို့ပြင် တာ့လီနန်းဆောင်၌ နန်ထိုကျောင်းတော်မှ လူများလည်း ရှိသည့်အတွက် ပို၍ လွယ်ကူအဆင်ပြေပေလိမ့်မည်။
ရဟန်းကိုယ်တော်တစ်ပါးက အိမ်ရှေ့စံနန်းဆောင်သို့ တရောသောပါး ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “ခေါင်းဆောင်၊ မကောင်းတော့ဘူး… တပည့်တော်တို့ နန်ထိုကျောင်းတော်ကို လာရန်စထိပါးနေပါတယ်…”
စွန်းနန်ထိုက ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ တင်ပျဉ်ဖွဲ့ထိုင်နေ၏။ ထိုကိုယ်တော်၏ စကားကို ကြားသောအခါ မျက်လုံးများ ဖွင့်၍ အိမ်ရှေ့မင်းသားကို ကြည့်လိုက်သည်။ အိမ်ရှေ့မင်းသားက သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး ဧကရာဇ်ယန်ဖုန်းထက် ပို၍ ငယ်ရွယ်သည့်ပုံ မပေါ်ချေ။ မုတ်ဆိတ်မွေးများကို လက်ချောင်းဖြင့် ထိုးဖွရင်း ပြုံးကာ မေးလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာနတ်ဆိုးတွေ လက်တုံ့ပြန်ဖို့ လာကြတာလား…”
နန်ထိုနန်းဆောင်မှ ကိုယ်တော်က ခေါင်းခါယမ်းလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက မဟုတ်ပါဘူး… လိုလန်ရွှေနန်းတော်က ပန်ကုန်းစုန်လို့ခေါ်တဲ့ ဂိုဏ်းသားတပည့်တစ်ယောက်ပါ… သူနဲ့အတူ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ပျောက်ဆုံးသွားတဲ့ နန်ထိုကျောင်းတော်ရဲ့ အမွေအနှစ်ရတနာ၊ တံခွန်ကုက္ကားတစ်ထောင်စေတီလည်း ပါလာပါတယ်… သူပြောတာတော့ ထိုက်တဲ့သူကို ပေးမလို့တဲ့… အဆင့်တူချင်းမှာ သူ့ကို နိုင်ရင် တံခွန်ကုက္ကားတစ်ထောင်စေတီကို ပေးအပ်မယ်လို့ ဆိုပါတယ်… တပည့်တော်တို့ရဲ့ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေ ထွက်ပြီး စိန်ခေါ်တိုက်ခိုက်ပေမဲ့ တစ်ခါတည်း အသတ်ခံလိုက်ရပါတယ်… အခုဆိုရင် သူသတ်လိုက်တဲ့ အစ်ကိုတော်၊ ညီတော်တွေ အတော်များလောက်ပါပြီ…”
စွန်းနန်ထို၏ မျက်နှာ မည်းမှောင်သွား၏။ “မင်းတို့ကောင်တွေက ဗုဒ္ဓကျင့်စဉ်တွေ မကျင့်ဘဲ မိန်းမတွေ၊ အရက်တွေနဲ့ ပျော်မြူးနေတာကိုး… ရှုံးတာတောင် နည်းသေးတယ်… ဒါပေမဲ့ တံခွန်ကုက္ကားတစ်ထောင်စေတီက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက မဟာတံတိုင်းအပြင်ဘက်မှာ ပျောက်ကွယ်သွားတဲ့ အမွေအနှစ်ရတနာပဲ… ငါတို့နန်ထိုကျောင်းတော်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတာဆိုတော့ ကြိုဆိုရမှာပေါ့…”
အိမ်ရှေ့မင်းသားက မျက်မှောင်ကြုတ်လိုက်သည်။ “မဟာအတိုင်ပင်ခံ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်နတ်မင်းနှစ်ပါး ဆုံးရှုံးထားတာ… မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ် အထွတ်အမြတ်နယ်မြေဆိုတော့ ဒီကိစ္စကို လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး… အခု ဘယ်ကမှန်း မသိတဲ့ လိုလန်ရွှေနန်းတော်က ဂိုဏ်းသားတစ်ယောက် ပေါ်လာတာ ထောင်ချောက်ဖြစ်နေဦးမယ်… ကျွန်တော်ကြားတာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက နှစ်ပေါင်းလေးဆယ်ကျော် ငြိမ်သက်နေတာကနေ ဂိုဏ်းသခင်အသစ်တစ်ယောက် ရွေးချယ်တင်မြှောက်လိုက်ပြီတဲ့… အဲဒီဂိုဏ်းသခင်ရဲ့ နောက်ကြောင်းကိုလည်း မသိရသေးဘူး…”
စွန်းနန်ထိုက ထရပ်ပြီး မတုန်မလှုပ် ပြောလိုက်၏။ “အရှင့်သား၊ သတင်းက နောက်ကျနေတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ နောက်ကြောင်းက ပေါ်လာပြီ… မဟာမိုးခြိမ်းသံကျောင်းတော်ဆီက သတင်းရတာ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်က နန်းတွင်းကောလိပ်ရဲ့ တော်ဝင်ကျောင်းတော်သားတဲ့… မျိုးရိုးက ချင်၊ နာမည်က မူ… မဟာမြို့ပျက်ကလာတဲ့ အစွန့်ပစ်ခံလူတစ်ယောက်ပဲ… သိပ်မကြာသေးခင်ကမှ အရှင်မင်းကြီးက သူ့ကို ရာထူးတိုးမြှင့်ပေးပြီး ကျုံးစန်းအရာရှိအဖြစ် ခန့်အပ်ခဲ့တာ…”
“သူလား…” အိမ်ရှေ့မင်းသားက ထရပ်လိုက်ရင်း တအံတဩ ဖြစ်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်က ငယ်ရွယ်ပေမဲ့ ဂိုဏ်းထဲမှာ အဆင့်မြင့်ပညာရှင်တွေနဲ့ ဉာဏ်ထက်တဲ့သူတွေ ရှိသေးတယ်၊ သတိလွတ်လို့ မဖြစ်ဘူး… မဟာအတိုင်ပင်ခံက မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ အဆက်အသွယ် ရှိသေးတာလား… ထင်မထားမိဘူး… မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တွေ့ဆုံခွင့်ရအောင် စီစဉ်ပေးနိုင်မလား…”
“လွယ်ပါတယ်…” စွန်းနန်ထိုက အပြင်သို့ လျှောက်ထွက်သွားရင်း ပြောလိုက်၏။ “တထာဂတကလည်း အရှင့်သားနဲ့ တွေ့ချင်နေတာ…”
အိမ်ရှေ့မင်းသားက သူ့နောက်မှ လိုက်သွားရင်း ပြုံးလိုက်သည်။ “အတိုင်ပင်ခံနောက်ကနေ လိုက်ပြီး အဲဒီပန်ကုန်းစုန်က လိုလန်ရွှေနန်းတော်ကလား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းကလားဆိုတာ ကြည့်ပါဦးမယ်…”
များမကြာမီတွင် တာ့လီနန်းဆောင်မှ စုံစမ်းစစ်ဆေးရေးမှူးများ အပြေးအလွှား ရောက်ရှိလာ၏။ နယ်စားဝေ့ကို တွေ့သောအခါ သူတို့ ကမန်းကတန်း နှုတ်ဆက်လိုက်ကြသည်။
နယ်စားဝေ့က စွန်းနန်ထိုနှင့် အိမ်ရှေ့မင်းသားတို့ ရောက်လာသည်ကို မျက်ဝန်းထောင့်စွန်းမှ မြင်မိပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်က အမိန့်ထုတ်ပြန်ထားတယ်၊ နန်းတွင်းက နန်းတွင်းနဲ့ သက်ဆိုင်ပြီး သိုင်းလောကက သိုင်းလောကနဲ့ပဲ သက်ဆိုင်ရမယ်တဲ့… ဒါက သိုင်းလောကရန်ကြွေးပဲ… တာ့လီနန်းဆောင်အနေနဲ့ စွက်ဖက်စရာ အကြောင်းမရှိဘူး… မဟုတ်ရင် နေ့တိုင်း မစဲတဲ့ သိုင်းလောကရဲ့ တိုက်ပွဲတွေအားလုံးကို တာ့လီနန်းတော်က လိုက်ဖြေရှင်းနေတော့မှာလား… နန်းတွင်းက အရာရှိတစ်ယောက်ယောက် သေမှပဲ ဝင်ပါကြတာပေါ့… သခင်ကြီးစွန်း၊ အရှင့်သား… လာ လာ… ဒီမှာ စိတ်ဝင်စားစရာ ကောင်းနေပြီ…”
စွန်းနန်ထို၏ မျက်နှာ ညို့မှိုင်းသွားသည်။ အိမ်ရှေ့မင်းသားက ပြုံးလိုက်၏။ “မဟာအတိုင်ပင်ခံ၊ သွားကြတာကောင်းမယ်… မသွားရင် နယ်စားဝေ့ အာကျယ်တာနဲ့ ဒီကိစ္စ မြို့တော်တစ်ခုလုံး သိကုန်လိမ့်မယ်… အင်း… ခမည်းတော် ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ အချိန်ရောက်ပြီပဲ…”
နယ်စားဝေ့ ပြောဆိုလိုက်သည့် စည်းမျဉ်းမှာ သိုင်းဂိုဏ်းကြီးများ အားလုံးနှင့် တိုင်ပင်၍ ဧကရာဇ်ယန်ဖုန်း ချမှတ်ခဲ့သော စည်းမျဉ်း ဖြစ်သည်။ နန်းတွင်းက နန်းတွင်းနှင့် သက်ဆိုင်၍ သိုင်းလောကက သိုင်းလောကနှင့် သက်ဆိုင်မည်။ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟု သဘောတူခဲ့ကြ၏။ နန်ထိုကျောင်းတော်မှ ရဟန်းကိုယ်တော်များက အိမ့်ရှေ့မင်းသား၏ မဟာအတိုင်ပင်ခံ၊ စွန်းနန်ထို၏ တပည့်များ ဖြစ်သော်လည်း အများစုမှာ နန်းတွင်း၌ ရာထူးရာခံ မရှိချေ။ သို့ဖြစ်၍ သိုင်းလောကသားများဟုသာ သတ်မှတ်နိုင်သည်။
စွန်းနန်ထိုနှင့် အိမ်ရှေ့မင်းသားတို့က နယ်စားဝေ့တို့၏ ဘေးသို့ ရောက်လာ၏။ သူတို့ စကားပြောဆိုနေစဉ် အချိန်အတွင်း၌ ချင်မူက နောက်ထပ် ကိုယ်တော်အချို့ကို သတ်ဖြတ်ပစ်သည်။ နန်ထိုနန်းဆောင်မှာ ဒေါသမီးများ ဆူဝေနေ၏။ ရဟန်းကိုယ်တော်များ အားလုံးက ချင်မူ့ကို ဝိုင်းဖွဲ့တိုက်ခိုက်ရန်ပင် တာစူနေကြသည်။
သက်လတ်ပိုင်းအရွယ် ရဟန်းအချို့က ပတ်ဝန်းကျင်၌ လူများ ပို၍ စုရုံးလာသည်ကို မြင်ပြီး နန်ထိုကျောင်းတော်၏ ဂုဏ်သိက္ခာ မြောင်းထဲရောက်မည် စိုးသဖြင့် ဂိုဏ်းသားကိုယ်တော်အားလုံးကို တိတ်တိတ်နေကြရန် အော်ဟစ်ပြောဆိုလိုက်သည်။
“နယ်စားမင်း၊ အရှင့်သား၊ သခင်ကြီးစွန်း…”
နယ်စားဝေ့ လှမ်းကြည့်လိုက်သောအခါ နောက်ထပ် အရာရှိမင်းတစ်ပါး ရောက်လာသည်ကို တွေ့ရ၏။ “သခင်ကြီးယန်ကျစ်ကွေ့ပါလား… သခင်ကြီးယန်က အတော်လေး နာမည်ကျော်တာပဲ… ဧကရာဇ်နဲ့ မယ်တော်ကြီးအနားမှာ နေရတာ…”
သခင်ကြီးယန်က ကမန်းကတန်း ပြောဆိုလိုက်သည်။ “နယ်စားဝေ့က ရယ်စရာတွေ ပြောနေပြန်ပါပြီ… သခင်ကြီးစွန်း၊ ဘာဖြစ်ရတာလဲ…”
“နန်ထိုကျောင်းတော်တော့ ဒုက္ခတွေ့နေပြီ… ကြည့်ရတာ အဲတစ်ယောက်က ရန်ကြွေးလာဆပ်တာ ထင်တယ်…”
နန်းတွင်းမှ အဆင့်မြင့်အရာရှိအချို့လည်း ထပ်ရောက်လာပြီး တစ်ယောက်က ပြောလိုက်၏။ “နန်ထိုကျောင်းတော်က ဒီနှစ်ပိုင်းတွေမှာ နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းမိသားစုတွေရဲ့ မိန်းမဆောင်တွေကို ဝင်ချည်ထွက်ချည် လုပ်လို့ အပြောခံနေရတာ… ဝန်မင်းအတော်များများ မကျေနပ်ကြပေမဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ထုတ်မပြောကြဘူး… ဒီတစ်ခေါက်တော့ အားလုံးက ကျိတ်ပျော်ပြီး အရသာခံ လာကြည့်ကြမှာ သေချာတယ်… ဟိုမှာကြည့်ပါလား၊ ဘယ်သူမှ ဝင်ပါဖို့ စိတ်မကူးကြဘူး… အာ… သခင်ကြီးစွန်းလည်း ရောက်နေတာပဲ…”
သူတို့အားလုံးက နန်းတွင်း၏ ပထမအဆင့်၊ ဒုတိယအဆင့် အရှာရှိများ ဖြစ်ပြီး စွန်းနန်ထိုကို တမင် မမြင်ချင်ဟန်ဆောင်၍ ပုတ်ခတ်လိုက်ခြင်း ဖြစ်သည်။
စွန်းနန်ထိုက အလေးထားဟန် မပြဘဲ ချင်မူ့ကိုသာ ကြည့်လိုက်၏။ အိမ်ရှေ့မင်းသားကလည်း ချင်မူ့ကို စူးစိုက်ကြည့်ရှု၍ သူ့သိုင်းကွက်များ၏ ဇာတ်မြစ်ကို မှန်းဆရန် ကြိုးစားနေသည်။
“ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်ကို အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ ပိတ်ပြီး စိန်ခေါ်ခိုင်းလိုက်… ပြီးရင် တိုက်ခိုက်ရင်းနဲ့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပြန်ဖွင့်ပြီး တစ်ခါတည်း အသေသတ်ပစ်…”
သက်လတ်ပိုင်းအရွယ် ရဟန်းတစ်ပါးက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ယွမ်ခုန်း၊ မင်းသွား… ငါတို့မျက်နှာက ပျက်ပြီးပြီပဲ၊ နည်းနည်းလောက် ထပ်ပျက်ရလည်း မထူးတော့ဘူး… ဘယ်နည်းနဲ့ဖြစ်ဖြစ် တံခွန်ကုက္ကားတစ်ထောင်စေတီကို ပြန်ရမှ ဖြစ်မယ်…”
ယွမ်ခုန်းကိုယ်တော်က ခေါင်းညိတ်နာခံ၍ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ထိုးပိတ်ပြီး ချင်မူနှင့် စိန်ခေါ်တိုက်ခိုက်ရန် ရှေ့ထွက်သွားသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က ယွမ်ကျင့်ကိုယ်တော်ထက် အဆပေါင်းများစွာ သာ၏။ မားမားမတ်မတ် ရပ်နေသောအခါ သူ့ခန္ဓာကိုယ်က မယိမ်းယိုင်သော ခန္ဓာနှင့် လက်ပွားတစ်ထောင် ရှိသည့် ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ဖြစ်လာသည်။ မိုးကြိုးရှစ်ချက်လက်စီးသိုင်းမှ လက်တစ်ထောင်ဗုဒ္ဓသိုင်းကွက်နှင့် သဘောတရားခြင်း မတူသော်လည်း စွမ်းအားအာနိသင်ကတော့ ထပ်တူနီးပါး ဖြစ်၏။
ချင်မူက ရှေ့တစ်လှမ်းတိုး၍ တိုက်ခိုက်လိုက်သည်။ ကျယ်လောင်သော မိုးခြိမ်းသံကြီး ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက် ထိုးထည့်လိုက်ခြင်း ဖြစ်ပြီး လေပွေများ တဟူးဟူးထ၍ ဘေးနားမှ ကြည့်နေသူအားလုံး၏ အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခါသွားသည်။
ယွမ်ခုန်းကိုယ်တော်၏ ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ် အသံများ ပေါက်ကွဲထွက်ပေါ်လာပြီး မြေပေါ်သို့ အတောင့်သား ပုံကျသွား၏။ သူ့အရိုးအားလုံးက မွမွကြေ၍ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခြင်း မရှိမီ သတ်ဖြတ်ခံလိုက်ရသည်။
နန်ထိုကျောင်းတော်မှ ကိုယ်တော်များက ဒေါသတကြီး စိုက်ကြည့်လျက် ရှိပြီး ချင်မူ့ကို နုတ်နုတ်စင်းချင်နေကြ၏။ သို့သော်လည်း သူတို့ကို သက်လတ်ပိုင်းရဟန်းက တားဆီးထားသည်။
နယ်စားဝေ့က သဘောတကျ လက်ခုပ်တီး၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “လိုလန်ရွှေနန်းတော်ရဲ့ ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က သိပ်ကို စွမ်းအားကြီးတာပဲ… နောက်ထပ် အဆင့်မြင့်ကိုယ်တော်တစ်ပါး သေသွားပြန်ပြီ…”
စွန်းနန်ထိုက မျက်မှောင်ကြုတ်၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ “ဒါက ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်လား…”
သူက လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်ပညာရှင်များနှင့် တွေ့ဆုံဖူးခြင်း မရှိသကဲ့သို့ ဤသို့သော ကျင့်စဉ်သိုင်းကွက်မျိုးကိုလည်း တစ်ခါမျှ မမြင်ဖူးချေ။ အခြားတစ်ဘက်တွင် နယ်စားဝေ့က အနောက်ဘက်နယ်စပ်သို့ သွား၍ လိုလန်ရွှေနန်းတော်၏ မှော်ဆရာဘုရင်များနှင့် တိုက်ခိုက်ဖူး၏။
အိမ်ရှေ့မင်းသားက တီးတိုးပြောဆိုလိုက်သည်။ “ကျွန်တော်ကြားဖူးတာတော့ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတွေက ဝိညာဉ်အသုံးပြုလေ့ကျင့်ပြီး သူတို့ကိုယ်သူတို့ လူတစ်ဝက်၊ မှော်မိစ္ဆာတစ်ဝက်ဖြစ်အောင် ပြောင်းနိုင်ကြတယ်တဲ့…”
သူပြောဆိုနေစဉ်တွင် နန်ထိုကျောင်းတော်မှ အခြားကိုယ်တော်တစ်ပါး ထွက်လာပြီး အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ တန်းဖွင့်၍ ကောင်းကင်နတ်သိုင်းကို ထုတ်သုံးရန် ပြင်လိုက်၏။ သူက မမျှမတ အသာစီးရယူ၍ ရင်ဝတွင် လက်ဟန်မုဒြာတစ်ခု ပြင်ကာ ချင်မူ့အနီးသို့ တစ်မုဟုတ်ချင်း တိုးကပ်သွားသည်။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်လိုက်သဖြင့် ကျင့်စဉ်စွမ်းအင်များ တစ်ဟုန်ထိုး ထိုးတက်၍ ကောင်းကင်နတ်သိုင်း ပေါက်ကွဲထွက်ပေါ်လာ၏။
ဤကိုယ်တော်က ယွမ်ခုန်းကိုယ်တော်ထက်ပင် စွမ်းအားသာလွန်ပြီး မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်၏ ရတနာတစ်ထောင်မှ ရတနာလေးရာကျော်ကို လေ့ကျင့်အောင်မြင်ပြီး ဖြစ်သည်။ လက်ဟန်မုဒြာလေးရာကျော်ကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်၏။ မျက်စိတစ်မှိတ်အတွင်း၌ ဗုဒ္ဓရောင်ခြည်တော်များ တောက်ပလင်းလက်လာသည်။ သူ၏ သွင်ပြင်က လူအုပ်၏ ချီးမြှောက်မှုကို ခံယူ၍ မိစ္ဆာနတ်ဆိုးများကို နှိမ်နှင်းနေသော ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ရှိ၏။
“ကောင်းလိုက်တဲ့ ကျင့်စဉ်စွမ်းအင်ပဲ၊ ယွမ်ယွဲ့ကိုယ်တော်…” လူအုပ်ကြားမှ အမျိုးသမီးတစ်ဦးက စွဲလမ်းတပ်မက်စွာ ရေရွတ်ချီးကျူးလိုက်သည်။
သူ့စကားမဆုံးမီပင် ချင်မူ၏ခန္ဓာကိုယ်က နွားခေါင်း၊ နွားခွာ၊ လူကိုယ်ရှိသည့် နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွား၏။ တစ်ကိုယ်လုံး ရွှေရောင်တဖျတ်ဖျတ် တောက်ပနေပြီး နဂါးနှစ်ကောင်ကို စီးနင်းထားသည်။ မျက်ခုံးနှစ်ခုအလယ်တွင် နွားမျက်လုံးတစ်လုံး ပေါ်ထွက်လာပြီး မီးတန်းတစ်ခု ပစ်လွှတ်ကာ ယွမ်ယွဲ့ကိုယ်တော်၏ လည်ပင်းကို ပိုင်းဖြတ်ပစ်၏။
ယွမ်ယွဲ့ကိုယ်တော်မှာ နောက်သို့ လွင့်စင်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ဦးခေါင်းမရှိတော့ဘဲ လည်ပင်းမှ သွေးများ ပန်းထွက်နေ၏။
ခေါင်းပြတ်မှာ အစောက စွဲလမ်းတပ်မက်စွာ ပြောဆိုလိုက်သည့် အမျိုးသမီး၏ ခြေရင်းသို့ လိမ့်ဆင်းသွားသည်။ ထိုအမျိုးသမီးမှာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့၍ စူးစူးရှရှ ဟစ်အော်ပြီး မေ့မျောသွား၏။
ဖပ်… ဖပ်…။
ချင်မူ၏ အမြီးက ဘယ်ညာယမ်းခါ၍ သူ့တင်ပါးသူ နှစ်ချက်ရိုက်လိုက်သည်။ တင်ပါးတစ်ပြင်လုံး တစ်မုဟုတ်ချင်း နီရဲသွား၏။
အိမ်ရှေ့မင်းသား၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ဒါ လိုလန်ရွှေနန်းတော်ရဲ့ ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ပဲ နေမယ်… ဒါပေမဲ့ သူ့တင်ပါးသူ ဘာလို့ ပြန်ရိုက်ရတာလဲ… လိုလန်ရွှေနန်းတော်ရဲ့ ထူးဆန်းတဲ့ မှော်ပညာများလား…”