ညဈေးတန်းမှလူသတ်ပွဲ
Vol. 16 Ch. 215
ချင်မူ နဂိုမူလအသွင်သို့ ပြန်ပြောင်းသွားသည်ကို ကြည့်ရင်း နယ်စားဝေ့ ဇဝေဇဝါ ဖြစ်နေမိ၏။ ဧကရာဇ်အတိုင်ပင်ခံစံအိမ်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အဲဒီအေးစက်စက်ကောင်လည်း ဒါမျိုး လေ့ကျင့်ဖူးသလိုပဲ… အရင်က ဒီလိုပုံစံမျိုးပြောင်းတာ မြင်ဖူးတယ်… ထူးဆန်းတယ်… ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို ငါ့လူကြီး ထွက်မကြည့်ပါလား… ဧကရာဇ် ချီးမြှင့်တဲ့ နန်းတွင်းသူတွေကြောင့် အားအင်ကုန်ခန်းနေတာနဲ့ တူတယ်…”
“ပန်ကုန်းစုန်က တကယ်ပဲ လိုလန်ရွှေနန်းတော်ကလား…”
စွန်းနန်ထိုမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေမိ၏။ လိုလန်ရွှေနန်းတော်က မဟာတံတိုင်းအလွန်မှ နံပါတ်တစ် အထွတ်အမြတ်နယ်မြေ ဖြစ်ပြီး သူတို့ကိုယ်သူတို့ မှော်ဆရာဟု ခေါ်ဆိုကြသည်။ ဝိညာဉ်များကို အသုံးပြု၍ အောက်လမ်းမှော်ပညာ လေ့ကျင့်ပြီး သူတို့၏ ခန္ဓာကိုယ်ကို လူမကျ မှော်မိစ္ဆာမကျ ဖြစ်အောင် ပြောင်းလဲပစ်ကြ၏။
ချင်မူ ထုတ်သုံးလိုက်သည်က နတ်ဘုရားအသွင်ပြောင်းလဲခြင်းသာ ဖြစ်သည်။
ဓာတ်ကြီးငါးပါးအဆင့် ရောက်ရှိသူများထဲတွင် နတ်ဘုရားအသွင် ပြောင်းလဲအောင် လေ့ကျင့်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။ မကောင်းဆိုးဝါးကဲ့သို့ ပါရမီထက်သန်လှသူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နန်းတွင်းကောလိပ်ကို နက်နဲသည့် အသိပညာဗဟုသုတများ သင်ကြားမပေးသည့်အတွက် ပြစ်တင်ပြောဆိုခဲ့သော်လည်း ထိုသို့ ဖြစ်ရသည်မှာ နန်းတွင်းကောလိပ်က မသင်ကြားလို၍ မဟုတ်။ အဆာင်မှူးဆရာများကြား၌ ဓာတ်ကြီးငါးပါးအဆင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သူ များစွာ မရှိသောကြောင့်သာ ဖြစ်သည်။
ထို့ပြင် ချင်မူ၏ နတ်ဘုရားအသွင်ပြောင်းလဲခြင်းက သာမန်ထက် ထူးကဲနေ၏။ သူ၏ ရုပ်ခန္ဓာနှင့် ချီစွမ်းအင် နှစ်ခုစလုံး နတ်ဘုရားအသွင် ပြောင်းလဲပြီး ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်ပါ လိုက်၍ ပြောင်းလဲမည့် လက္ခဏာများ ပြနေသည့်အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပင် အံ့ဩခဲ့ရသည်။ သူ့အရှိန်အဝါအငွေ့အသက်လည်း ပြောင်းလဲသွားသဖြင့် လွန်စွာ ထူးကဲသည်ဟု ဆိုနိုင်၏။
ဥပမာဆိုရသော် အစောက မီးလျှံနတ်ဘုရားအသွင် ပြောင်းလဲရာတွင် ချင်မူ၏ မျက်ခုံးနှစ်ခုအလယ်၌ နွားမျက်လုံးတစ်လုံး ပေါ်ထွက်လာပြီး ထိုမျက်လုံးမှ မီးတန်းတစ်ခု ပစ်လွှတ်၍ ယွမ်ယွဲ့ကိုယ်တော်၏ ခေါင်းကို ဖြတ်ပစ်သည်။ ဤသည်မှာ ချင်မူ၏ ရုပ်ခန္ဓာ၊ ချီစွမ်းအင်၊ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်တို့က နတ်ဘုရားတစ်ပါး၏ ရုပ်ခန္ဓာ၊ ချီစွမ်းအင်၊ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်အဖြစ် ပြောင်းလဲ၍ အလိုအလျောက် ဖွဲ့တည်လာသော ကောင်းကင်နတ်သိုင်းတစ်ရပ်ပင် ဖြစ်၏။
သာမန် ဓာတ်ကြီးငါးပါးအဆင့် သိုင်းပညာရှင်များ နတ်ဘုရားအသွင်ပြောင်းလဲအောင် လေ့ကျင့်နိုင်လျှင်ပင် ချင်မူ၏ နတ်ဘုရားအသွင်ပြောင်းလဲခြင်းနှင့် များစွာ ခြားနားပေလိမ့်မည်။ ထိုသူများအနေဖြင့် ချင်မူ ထုတ်သုံးခဲ့သည့် သိုင်းကွက်မျိုး ထုတ်သုံးနိုင်လိမ့်မည်မဟုတ်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပင် အလုံးစုံ နားမလည်နိုင်သည်ဖြစ်ရာ စွန်းနန်ထို၊ အိမ်ရှေ့မင်းသားနှင့် ကျန်သူများအတွက် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန်မှာ များစွာ အလှမ်းကွာလှ၏။ လိုလန်ရွှေနန်းတော်၏ မှော်မိစ္ဆာအသွင်ပြောင်းလဲခြင်းဟုသာ မှတ်ယူလိုက်ကြပြီး ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က လွန်စွာ စွမ်းအားကြီးလှသည် ဟူ၍ ချီးကျူးမိကြ၏။
“သခင်ကြီးစွန်း၊ ခင်ဗျားရဲ့ တပည့်တွေ အများကြီး အသတ်ခံနေရပြီ… ခင်ဗျားကိုယ်တိုင် သွားစိန်မခေါ်သေးဘူးလား…” နယ်စားဝေ့က ခေါင်းခါယမ်း၍ ပြောလိုက်သည်။ “ခင်ဗျားအနေနဲ့ အဲဒီလူရိုင်းကောင်လေးကို ကိုယ်တိုင်စိန်ခေါ်ပြီး အနိုင်ယူသင့်တယ်… အဲဒါမှပဲ နန်ထိုကျောင်းတော်ရဲ့ ဂုဏ်သိက္ခာက အဖတ်ဆယ်လို့ရမှာ… ခင်ဗျာ့နန်ထိုကျောင်းတော်ရဲ့ တပည့်တွေက ညံ့ဖျင်းလွန်းတယ်… အစောကတစ်ယောက်ဆို အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ထုတ်သုံးတာတောင် ဓာတ်ကြီးငါးပါးအဆင့် ပြိုင်ဘက်က ခေါင်းဖြတ်တာ ခံလိုက်ရတယ်… တကယ် ရှက်ဖို့ကောင်းတာပဲ…”
စွန်းနန်ထို၏ အကြည့်များ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သို့သော်လည်း လျစ်လျူရှုထားလိုက်သည်။ နယ်စားဝေ့၏ ပါးစပ်က မိုးကောင်းကင်တစ်ခုလုံးကိုပင် ဆွဲသွင်းမျိုချနိုင်ကြောင်း သူ သိ၏။ တုံ့ပြန်ပြောဆိုမိလျှင် ထိုလူရိုင်းကောင်လေးနှင့် ရင်ဆိုင်တိုက်ခိုက်အောင် သူ့ကို ဖိအားပေး ပြောဆိုပေလိမ့်မည်။
ဤသို့ သူလုပ်၍ မဖြစ်။ အဆင့်တူတွင် ဤကောင်လေးကို နိုင်ပါမည်ဟု မသေချာချေ။ မယိမ်းယိုင်သော ဝိညာဉ်ရတနာ ဈာန်ကျင့်စဉ်မှ လက်ဟန်မုဒြာတစ်ထောင်ကို ပြီးပြည့်စုံသည့်အဆင့်ထိ လေ့ကျင့်ထားသည့်တိုင် လူရိုင်းကောင်လေး၏ ကျင့်စဉ်ထက် မသာလွန်နိုင်မည်ကို စိုးရွံ့မိသည်။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ထုတ်သုံးမိလျှင်လည်း နယ်စားဝေ့၏ မျက်စိအောက်မှ လွတ်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကို ကြေညာမောင်းခတ်လျှင် ပို၍ ရှက်ဖွယ်ကောင်းမည် ဖြစ်၏။
နယ်စားဝေ့၏ အမူအကျင့်နှင့် နန်းတွင်းတစ်ခုလုံးသိအောင် နှုတ်ဖွာပြောဆိုမည် ဆိုခြင်းကို သံသယရှိစရာ မလိုချေ။
အိမ်ရှေ့မင်းသားက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “မဟာအတိုင်ပင်ခံ၊ ကျွန်တော့်ဆီမှာ တိုက်ခိုက်ရေးသမားကောင်းတွေ ရှိတယ်… ဒီလူရိုင်းကောင်လေးကို နိုင်အောင်တိုက်ဖို့ ကူညီနိုင်မယ်ထင်တယ်…”
စွန်းနန်ထိုက ခေါင်းခါယမ်းလိုက်၏။ “ဒီကောင်လေးရဲ့ အုပ်ထိန်းသူ ဘယ်မှာလဲလို့ တွေးနေတာ…”
“အုပ်ထိန်းသူ ဟုတ်လား…” အိမ်ရှေ့မင်းသားမှာ မှင်တက်မိသွားသည်။
စွန်းနန်ထိုက လှည့်ပတ်ကြည့်ရှုနေရင်းမှ ပြောလိုက်၏။ “အရှင့်သား မသိသေးဘူးထင်တယ်၊ မုခ်ဦးတံခါး ပိတ်ဆို့တဲ့သူတိုင်း ဘေးမှာ အုပ်ထိန်းသူတစ်ယောက် လိုတယ်… ချောင်းမြောင်းလုပ်ကြံခံရတာကို ကာကွယ်ဖို့အတွက်ပေါ့… ဥပမာပြောရရင် နန်းတွင်းကောလိပ်ကို တာအိုဂိုဏ်း မုခ်ဦးတံခါးလာပိတ်တုန်းက တောက်ကျစ်ရဲ့ အုပ်ထိန်းသူအနေနဲ့ တန်းယန်ကျစ် ပါလာတယ်… မဟာမိုးခြိမ်းသံကျောင်းတော် နန်းတွင်းကောလိပ်ကို မုခ်ဦးတံခါးလာပိတ်တော့လည်း ဘုန်းတော်ကြီးကျင့်မင်က ဖိုကျစ်ဖိုရှင်းရဲ့ အုပ်ထိန်းသူအနေနဲ့ လိုက်လာတယ်… ဒီလူရိုင်းကောင်လေးက ဒီလောက်ရဲတင်းနေတာ ဘေးနားမှာ လိုလန်ရွှေနန်းတော်က အုပ်ထိန်းသူတစ်ယောက် သေချာပေါက် ရှိလို့ပဲ… အဲဒီလူက ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်… သူ့ကို ရှာပြီး အနိုင်တိုက်ခိုက်မှပဲ နန်ထိုကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်နိုင်မှာ…”
သူက မိစ္ဆာလမ်းစဉ်မှလူများကို ရင်ထဲအသည်းထဲမှ မုန်းတီး၍ နေ့စဉ်နေ့တိုင်း ဝန်မင်းများစွာကို ထိပါးစော်ကားမိသည်။ ထို့ပြင် နန်ထိုနန်းဆောင်၏ တပည့်သားများကလည်း လွဲမှားသော အမူအကျင့်ကို ပြုကျင့်သဖြင့် မြို့တော်အတွင်းရှိ လူများစွာက သူ့ကို ပြက်ရယ်ပြုရန် စောင့်နေကြ၏။
ဤကိစ္စကို အေးငြိမ်းအောင် ဖြေရှင်းလိုလျှင် အကောင်းဆုံးနည်းလမ်းမှာ ပြဿနာလာရှာသည့် ကောင်လေး၏ အုပ်ထိန်းသူကို ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူသတ်ဖြတ်မှ ဖြစ်ပေလိမ့်မည်။ လူရိုင်းကောင်လေး၏ သေခြင်းရှင်ခြင်းကိုတော့ သူ့အနေဖြင့် ထည့်တွက်စရာ လိုမည် မဟုတ်ပေ။
ရုတ်တရက် စွန်းနန်ထိုက လူရိုင်းကောင်လေးဆီ လျှောက်သွားသည်။ နန်ထိုကျောင်းတော်မှ ရဟန်းကိုယ်တော်များမှာ အံ့ဩဝမ်းသာသွားပြီး လမ်းဖွင့်ပေးလိုက်ကြ၏။
ချင်မူက နန်ထိုနန်းဆောင်၏ အပြင်ဘက်တွင် ရပ်နေပြီး ဘေးပတ်လည်မှ အလောင်းကောင်များမှာ ဆွဲယူရှင်းလင်းပြီးသွားပြီ ဖြစ်သည်။ ယခုအချိန်ထိ သူ့လက်ချက်ဖြင့် သေဆုံးရသူ ဆယ်ပါးကျော်ရှိ၏။ နန်းထိုကျောင်းတော်မှ ကိုယ်တော်များက သူ့ကို ဒေါသမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။ သို့သော်လည်း ရှေ့သို့တော့ ထွက်မလာဝံ့ကြ။
စွန်းနန်ထိုကိုယ်တိုင် ရှေ့ထွက်လာသည် မြင်မှ အားတက်သွားကြ၏။
စွမ်းနန်ထိုက ခေါင်းမော့၍ တံခွန်ကုက္ကားတစ်ထောင်စေတီကို ကြည့်လိုက်သည်။ “ဘယ်လိုသတ္တိနဲ့များ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က လိုလန်ရွှေနန်းတော် ခိုးသွားတဲ့ အမွေအနှစ်ရတနာကို ယူပြီး ငါတို့ နန်ထိုကျောင်းတော်ရဲ့ မုခ်ဦးတံခါးကို လာပိတ်ရဲရတာလဲ…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒီကိုလာခဲ့တာ ရတနာနဲ့ ထိုက်တဲ့သူကို ရောင်းချချင်လို့၊ ကိုယ်တော်တို့ နန်ထိုကျောင်းတော် မုခ်ဦးတံခါးကို ပိတ်ဖို့ မဟုတ်ဘူး… တခြားသူတွေလည်း ဒီတံခွန်ကုက္ကားတစ်ထောင်စေတီကို လိုချင်ရင် အကျွန့်ကို လာစိန်ခေါ်တိုက်ခိုက်လို့ ရတယ်… ရတနာနဲ့ ထိုက်ရင် ပေးလိုက်ဖို့ ဝန်မလေးဘူး… ဒီကိုယ်တော်ကြီး အရည်အချင်း ရှိတယ်ဆိုရင် အကျွန့်ကို တိုက်ခိုက်အနိုင်ယူပြီး ဒီတံခွန်ကုက္ကားတစ်ထောင်စေတီကို ယူသွားနိုင်တယ်… အရည်အချင်း မရှိရင်တော့ အကျွန့်အလုပ်ကို ဝင်မရှုပ်ပါနဲ့…”
အိမ်ရှေ့မင်းသားက အပြုံးတစ်ခုကို ဆင်မြန်း၍ လျှောက်လှမ်းလာသည်။ “မင်းက ဒီရတနာကို ရောင်းချချင်တာဆိုတော့ ဈေးနှုန်းသတ်မှတ်ချက် ရှိမှာပေါ့… ဘယ်လောက်ရရင် ရောင်းမှာလဲ…”
ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ “မှန်ပါတယ်၊ ရောင်းဈေး ရှိတယ်…”
နန်ထိုကျောင်းတော်မှ ကိုယ်တော်များမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ ဤသို့ ဝယ်ယူနိုင်မှန်းသိလျှင် အဘယ်သို့ပြု၍ အသေအကြေ တိုက်ခိုက်နေရဦးမည်နည်း။
အိမ်ရှေ့မင်းသားမှာ စိတ်အားတက်ကြွသွားပြီး အပြုံးတစ်ခုနှင့် မေးလိုက်၏။ “ဘယ်လောက်ပေးရမလဲ… ကြိုက်ဈေးသာပြောပါ… ဒီလောကကြီးမှာ ငါ မဝယ်နိုင်တာ ဘာမှ မရှိဘူး…”
ချင်မူ၏ အမူအရာ ပျော့ပျောင်းသွားသည်။ “ဈေးက သိပ်မကြီးပါဘူး… ဆေးဆရာနဲ့ ဆေးထည့်မီးထိုးကောင်လေးတွေ အပါအဝင် သင်္ဘောပျံအစီးတစ်ရာရယ်… တိမ်ပျံလှည်း အစီးနှစ်ရာရယ်ပါပဲ… ရွှေရောင်လူသန်ကြီးတွေတော့ မလိုဘူး၊ အကျွန်တို့ မြက်ခင်းလွင်ပြင်မှာ လူသန်ကြီးတွေ ပေါတယ်…”
အိမ်ရှေ့မင်းသား၏ မျက်နှာ မည်းမှောင်သွား၏။ “မင်းက ငါ့ကို အရူးလုပ်နေတာလား…”
သင်္ဘောပျံများနှင့် တိမ်ပျံလှည်းများက စစ်မက်ရေးရာ အသုံးအဆောင်များ ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရေးပါသော လက်နက်အင်အားတစ်ရပ် ဖြစ်သည်။ ၎င်းတို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် အခြားအဆင့်မြင့်ပညာရှင်များ တီထွင်ခဲ့ခြင်း ဖြစ်၏။ တိမ်ပျံလှည်းများက မြို့ရိုးကို တိုက်ခိုက်ရာတွင် အရေးပါသည်။ သို့ဖြစ်၍ သင်္ဘောပျံများနှင့် တိမ်ပျံလှည်းများကို လိုလန်ရွှေနန်းတော်သို့ ရောင်းချလိုက်လျှင် နိုင်ငံတော်ပုန်ကန်မှု ဖြစ်သွားပေလိမ့်မည်။ အိမ်ရှေ့မင်းသား ဖြစ်နေလျှင်ပင် ဧကရာဇ်က အညှာပေးမည် မဟုတ်။ ခေါင်းဖြတ်ကွပ်မျက်မည်သာ ဖြစ်၏။
ချင်မူက မတုန်မလှုပ် ပြောလိုက်သည်။ “အိမ်ရှေ့မင်းသားအနေနဲ့ ဒီဈေးကို မတတ်နိုင်ရင် အကျွန့်အလုပ်ကို ဝင်မရှုပ်ပါနဲ့…”
အိမ်ရှေ့မင်းသား၏ အမူအရာ ပျက်ယွင်းသွား၏။
“ဒီရတနာကို ထိုက်တဲ့သူဆီ ပေးအပ်ပါမယ်…” ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “အကျွန့်ကို အနိုင်ယူနိုင်မယ်လို့ ထင်တဲ့လူတွေ လာစမ်းကြည့်လို့ ရတယ်… အကျွန့်အနေနဲ့ ဒီနေရာမှာ သုံးရက်တိတိ နေမယ်၊ ဒီသုံးရက်အတွင်း အကျွန့်ကို အနိုင်ယူမဲ့သူ မရှိရင်တော့ မဟာတံတိုင်းအလွန်ကို ပြန်ပါမယ်…”
“သုံးရက်လား…”
စွန်းနန်ထိုက ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း အမှောင်ထဲ၌ ပုန်းကွယ်နေသည့် အုပ်ထိန်းသူကို ရှာမတွေ့သေးပေ။ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ “ဒီသုံးရက်အတွင်းမှာ မင်းဘယ်နားပုန်းနေလဲ ငါရအောင်ရှာပြမယ်…”
နန်ထိုကျောင်းတော်မှ ကိုယ်တော်များက ရှေ့ထွက်စိန်ခေါ်ခြင်း မရှိတော့သည့်အတွက် ချင်မူ ငြိမ်သက်စွာ ထိုင်၍ စောင့်နေလိုက်သည်။
လာရောက်ကြည့်ရှုသူများလည်း တဖြည်းဖြည်း ကြဲပါးသွား၏။ နယ်စားဘုရင်ခံ၊ နယ်စား၊ ဝန်မင်းများမှာလည်း အခြေအနေကို စောင့်ကြည့်ရန် အစေခံများ ထား၍ ပြန်သွားကြသည်။ နယ်စားဝေ့က ဝေ့ယုံကို ခေါ်၍ ဧကရာဇ်အတိုင်ပင်စံအိမ်သို့ သွားကာ တံခါးခေါက်လိုက်၏။ လောင်ဖူက ပြုံး၍ ထွက်လာပြီး မေးမြန်းလိုက်သည်။ “နယ်စားမင်း၊ ဘာကိစ္စများ ရှိလို့ပါလဲ…”
“ဧကရာဇ်အတိုင်ပင်ခံ ဘယ်သွားနေတာလဲ…”
“သခင်ကြီးက သခင်မကို ခေါ်ပြီး အလည်အပတ်ခရီး ထွက်သွားပါတယ်…”
နယ်စားဝေ့မှာ အလန့်တကြား ထခုန်မိပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွား၏။ “သခင်မ ဟုတ်လား… ဘယ်က သခင်မလဲ…”
“နယ်စားဝေ့ မသိလောက်သေးဘူး… ဧကရာဇ်က နန်းတွင်းသူတစ်ရာနဲ့ ချီးမြှောက်လို့ သခင်ကြီး ဝမ်းမြောက်ပျော်ရွှင်ခဲ့ရတာလေ… နောက်တစ်နေ့မှာ အဲဒီအပျိုဖြူတွေထဲက တစ်ယောက်နဲ့ စိတ်တူကိုယ်တူ သဘောမျှလို့ မင်္ဂလာအရက်သောက်ပြီး လက်ထပ်လိုက်ကြတယ်… မင်္ဂလာဦးညလွန်မြောက်ပြီး နောက်တစ်မနက်မှာပဲ သခင်ကြီးက သခင်မနဲ့ ထွက်သွားတာ၊ မြို့တော်မှာ မရှိတော့ဘူး…”
နယ်စားဝေ့မှာ ပြင်းစွာ တုန်လှုပ်သွားပြီး မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ပေါ်ထွက်လာသည်။ သူ အထစ်ထစ်အငေါ့ငေါ့နှင့် ထပ်မံ ရေရွတ်လိုက်မိပြန်၏။ “ဧကရာဇ်အတိုင်ပင်ခံက လက်ထပ်သွားပြီ၊ သူ တကယ်ပဲ လက်ထပ်သွားပြီကိုး… ဒီလူ့မှာ ခံစားတတ်တဲ့ နှလုံးသား မရှိတော့ဘူး ထင်နေတာ… ဒီလို လက်ထပ်သွားမယ်လို့ ဘယ်ထင်မိမှာလဲ… လူယုတ်မာ၊ ငါ့ကိုတောင် မပြောဘူး…”
လောင်ဖူက ပြုံးလိုက်သည်။ “သခင်ကြီးက ရိုးရိုးရှင်းရှင်းပဲ နေချင်တာမလို့ ဧကရာဇ်ကိုတောင် အကြောင်းမကြားခဲ့ပါဘူး…”
နယ်စားဝေ့က ရယ်မောလိုက်၏။ “ကောင်းပါပြီ၊ ကောင်းပါပြီ… သူတို့က ဆင်းရဲတာဆိုတော့ အခမ်းအနားတွေ ဘယ်လုပ်နိုင်မှာလဲ… ငါ့အစေခံတွေ လွှတ်ပြီး လက်ဆောင်ပစ္စည်းတွေ ပို့လိုက်မယ်… ဒါနဲ့ ဘယ်တော့ ပြန်လာမယ် ပြောသွားသေးလဲ…”
လောင်ဖူက ခေါင်းခါယမ်းလိုက်သည်။
နယ်စားဝေ့က သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ တီးတိုးရေရွတ်လိုက်၏။ “ဟိုလူရိုင်းကောင်လေးရဲ့ ပြဿနာက ရှိသေးတယ်… ဒါပေမဲ့ သုံးရက်နေဦးမှာဆိုတော့ လောစရာ မလိုပါဘူးလေ… ဧကရာဇ်အတိုင်ပင်ခံ ပြန်လာတာပဲ စောင့်တာပေါ့…”
ညမှောင်ပြီ ဖြစ်၍ မြို့တော်တစ်ခွင်လုံးတွင် မီးပုံးမျိုးစုံ လင်းလက်လာသည်။ ညဈေးလည်း ဖွင့်လှစ်၍ လမ်းတစ်လျှောက်တွင် တဖြည်းဖြည်း လူများ စည်ကားလာ၏။ နယ်စားဝေ့က ဝေ့ယုံကို စုံစမ်းခိုင်းလိုက်သည်။ “နှစ်သစ်ကူးရောက်ဖို့ တစ်လတောင် မလိုတော့လို့ မြို့ထဲက ကုန်သည်တွေ နှစ်သစ်ကူးကုန်ပစ္စည်း ရောင်းနေတာပါ…”
“ဟုတ်လား… ငါတို့သားအဖ လျှောက်ပတ်ကြည့်တာပေါ့…”
သူတို့သားအဖ ညဈေးတစ်လျှောက် ပတ်၍ ကြည့်ရှုရာ အထက်တန်းလွှာမိသားစုမှ မိန်းမပျိုလေးများစွာ လမ်းပေါ် ထွက်လာကြသည်ကို တွေ့ရ၏။ ထိုမိန်းမပျိုလေးများက လှပစွာ ဝတ်စားဆင်ယင်၍ ခေါက်ယပ်တောင်ကို ကိုင်ဆောင်လာကြသည်။ အရုပ်မီးပုံးများကို ငေးမောရင်း ယောက်ျားပျိုများ လှမ်းကြည့်သည်ကို တွေ့လျှင် မျက်နှာကို ယပ်တောင်ဖြင့် ကွယ်၍ ပြန်လှန်ချောင်းကြည့်ကြ၏။
ဝေ့ယုံက ဝေ့မိသားစု ဇာတိမြို့မှ လာခြင်း ဖြစ်ပြီး နယ်စားဝေ့နှင့် များစွာ အဆက်အဆံ မရှိပေ။ နန်းတွင်းကောလိပ်၌ နာမည်တစ်ခု ရလာမှ နယ်စားဝေ့က သူ့ကို အာရုံစိုက်လာသည်။ သူတို့ လမ်းလျှောက်ရင်းနှင့် နယ်စားဝေ့က သူ၏ စွမ်းအင်ကျင့်စဉ်အတွက် လမ်းညွှန်ထောက်ပြ သင်ကြားပေး၏။
စကားတပြောပြောနှင့် လျှောက်လာရင်း နန်ထိုနန်းဆောင်နား အရောက်တွင် နယ်စားဝေ့ မှင်တက်မိသွားသည်။ နန်းဆောင်အပြင်၌ ပန်ကုန်းစုန်ကို မတွေ့ရတော့။
နန်ထိုနန်းဆောင်မှ ရဟန်းကိုယ်တော်များစွာ ပြေးထွက်လာသည်ကိုသာ မြင်တွေ့ရ၏။ လူအုပ်အလယ်တွင်တော့ စွန်းနန်ထို ရှိနေသည်။ သူ့ဘေးတွင် အခြား ကျောင်းထိုင်ကိုယ်တော်များလည်း ရှိ၏။ ကိုယ်တော်တစ်ပါးက ကမန်းကတန်း လျှောက်တင်လိုက်သည်။ “ခေါင်းဆောင်၊ ဟိုလူရိုင်းကောင်က ညဈေးကို အကာကွယ်ယူပြီး ထွက်ပြေးသွားတာ… သူ့နောက်ကို ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေ လိုက်သွားပါတယ်…”
“ဉာဏ်များလိုက်တဲ့ကောင်၊ ဒီနေရာမှာ သုံးရက်နေဦးမယ်လို့ ထင်အောင် ငါတို့ကို လှည့်စားသွားတာ… ညတွင်းချင်း ထွက်ပြေးသွားမယ်လို့ မထင်လိုက်မိဘူး…”
“ကိုယ်တော်ကြီးတွေ လိုက်သွားတာမို့လို့ အဲကောင် မလွတ်ပါဘူး အရှင်ဘုရား…”
စွန်းနန်ထို၏ မျက်နှာက ခံစားချက်အမူအရာ ကင်းမဲ့နေ၏။ နန်ထိုနန်းဆောင်မှ ကိုယ်တော်များကို ဦးဆောင်ခေါ်ယူ၍ ပြေးထွက်သွားပြီး လေသံတင်းတင်းဖြင့် ပြောလိုက်သည်။ “မြို့ပြင်မှာ လှုပ်ရှားကြတာပေါ့…”
နယ်စားဝေ့၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝေ့ယုံကို ခေါ်၍ နောက်မှပြေးလိုက်ကာ ပြုံးလိုက်၏။ “စွန်းနန်ထို… စွန်းနန်ထို… သမာသမတ်ကျသလိုလိုနဲ့… ဒီလောက် ဉာဏ်များကောက်ကျစ်လိမ့်မယ်လို့ မထင်မိဘူး… မြို့တော်ထဲမှာ ဟိုလူရိုင်းကောင်လေးကို သတ်ရင် လူတွေဝိုင်းပြောတာခံရမှာ သေချာတယ်… မြို့ပြင်မှာ သတ်ပြီး အလောင်းဖျောက်လိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး… ငါတို့ နောက်ကလိုက်သွားပြီး ဘုန်းကြီးတွေ လူသတ်တာ ကြည့်ကြစို့…”
ဝေ့ယုံက သူ့နောက်မှ လိုက်သွားသည်။ နန်ထိုကျောင်းတော်မှ ကိုယ်တော်များက လူအုပ်ကြားမှ တိုးဝှေ့၍ စွန်းနန်ထိုထံ ပန်ကုန်းစုန်၏ ခြေရာလက်ရာ ခံမိသည်များကို သတင်းလာလာပို့ကြ၏။ တဖြည်းဖြည်းနှင့် သူတို့ မြို့ပြင်သို့ ရောက်လာသည်။
မြို့ပြင်တွင်လည်း ညဈေးရှိ၏။ မီးပုံးများ တောက်ပလင်းလက်နေအောင် ထွန်းညှိထားသည်။ ညဈေးက မိုင်ပေါင်းများစွာ ရှည်လျားပြီး လူအများ သွားလာနေသဖြင့် ထူးကဲစွာ စည်ကားနေ၏။
နယ်စားဝေ့က ဝေ့ယုံကို ခေါ်ယူ၍ နန်ထိုကျောင်းတော်၏ ကိုယ်တော်များနောက်မှ နောက်ယောင်ခံလိုက်လာသည်။ မသိလိုက်မသိဖာသာနှင့် မိုင်ပေါင်းများစွာ လျှောက်လာမိကြ၏။ ဤနေရာထိ ညဈေးက ရှိနေဆဲဖြစ်သည်။ ညဈေးသာမက ရွာတစ်ရွာပင် ရှိ၏။ ထိုရွာဝင်ပေါက်မှာ ကိုက်ပေါင်းတစ်ဒါဇင်ခန့် ကျယ်ဝန်းသည့် သစ်သားတံခါးကြီး ဖြစ်သည်။ တံခါးအပေါ်တွင် အနီရောင်သစ်သားကမ္ပည်းတိုင်တစ်ခု ချိတ်ဆွဲထား၏။
နယ်စားဝေ့က ခေါင်းမော့၍ အနီရောင်သစ်သားကမ္ပည်းတိုင်ကို ကြည့်လိုက်သည်။ ကမ္ပည်းတိုင်ပေါ်၌ အထွတ်အမြတ်ဆရာသခင်၏ သင်ကြားမှုဟူ၍ အဓိပ္ပာယ်ရသော စာလုံးလေးလုံး ရေးထွင်းထား၏။
နယ်စားဝေ့၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ စွန်းနန်ထိုမှာ ရွာထဲသို့ ဝင်သွားပြီ ဖြစ်ပြီး ဤနေရာမှ မီးပုံးများက တောက်ပစွာ လင်းလက်နေ၏။ တိုင်လုံးများပေါ်၌ သံဇလားတင်၍ ရေနံဆီများထည့်ထားပြီး မီးတောက်မီးလျှံများ ဖျစ်ဖျစ်မြည် လောင်ကျွမ်းနေသည်။
ရွာထဲ၌ ဆိုင်ခန်းမျိုးစုံရှိပြီး နွားများ၊ ဆိတ်များ သတ်သည့် သားသတ်ရုံပင် ရှိ၏။ စည်ကားနေသော ရွာထဲတွင် အော်ဟစ်ရောင်းချသံများ ဆူညံနေပြီး အရာအားလုံးက သာမန် ညဈေးတန်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။
“ဘာဖြစ်လို့လဲ၊ နယ်စားမင်း…” ဝေ့ယုံက ဇဝေဇဝါ ဖြစ်သွား၏။
“အထွတ်အမြတ်ဆရာသခင်၏ သင်ကြားမှု… ဒီစာသားကို ငါ မြင်ဖူးတယ်…”
နယ်စားဝေ့က အတွေးနက်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပြီးခဲ့တဲ့ဂိုဏ်းသခင်၊ လီထျန်းရှင် ခရီးရှည်ကြီး ထွက်ပြီး ရွှေမြို့တော်နားမှာ စခန်းချတုန်းက သူတို့နန်းဆောင်အဝင်ဝမှာ ဒီစာသားကို ချိတ်ဆွဲထားတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့ရဲ့ဂိုဏ်းသခင်ကို အထွတ်အမြတ်ဆရာသခင်လို့ ခေါ်ကြတာ… အဓိပ္ပာယ်ကတော့ အထွတ်အမြတ်ဆရာသခင်က သူတို့ကို သင်ကြားပေးဖို့ ရောက်လာပြီပေါ့… ညဈေးမှာရှိတဲ့ လူတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေပဲ…”
နယ်စားဝေ့က တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ အထဲသို့ လှမ်းဝင်လိုက်သည်။ ရုတ်တရက် အဘိုးကြီးတစ်ယောက်နှင့် အဘွားကြီးတစ်ယောက် ထွက်လာပြီး ပြုံးပြလိုက်၏။ “နယ်စားမင်း၊ ခဏနေပါဦး…”
နယ်စားဝေ့က တစ်စုံတစ်ခု ပြောတော့မည် ပြင်လိုက်စဉ် ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားသည်။ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ဟိုဟိုသည်သည် လှည့်ပတ်သွားလာနေသည့် ဈေးသည်များ၊ ကျောင်းတော်သားများ၊ မိန်းမလှများက ရုတ်တရက် ခုန်ဝင်တိုက်ခိုက်သည်ကို မြင်လိုက်ရ၏။
နန်ထိုကျောင်းတော်မှ ကိုယ်တော်များမှာ ဘေးနားရှိ ဈေးသည်များ၊ ဖြတ်သန်းသွားလာသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သူတို့၏ ဦးခေါင်းများက လေထဲသို့ လွင့်ထွက်၍ ကောင်းကင်တစ်ခွင်လုံး စွေးစွေးနီအောင် သွေးရောင်လွှမ်းသွား၏။
ဤလူများက လုပ်ကြံသတ်ဖြတ်မှု အောင်မြင်သည်နှင့် နောက်ပြန်ဆုတ်၍ ဘေးနှစ်ဖက်ရှိ အိမ်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း၌ စွန်းနန်ထို၏ ဘေးနားရှိ ရဟန်းကိုယ်တော်များအားလုံး ခေါင်းပြတ်ခန္ဓာကိုယ်များ ဖြစ်ကျန်ခဲ့၏။
စွန်းနန်ထိုက မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့နောက်မှ လက်တစ်ထောင်ရှိသော ဗုဒ္ဓမြတ်စွာတစ်ပါး ပေါ်ထွက်လာ၏။ ထိုရုပ်ပွားတော်ကြီးက ဗုဒ္ဓအရှိန်အဝါများ ထွန်းလင်းတောက်ပ၍ တစ်ထောင်သော ရတနာလက်နက်ကို ကိုင်ဆောင်ထားပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ဤအခိုက်၌ အဘိုးကြီး၊ အဘွားကြီး အယောက်နှစ်ဆယ် ပေါ်ထွက်လာပြီး စွန်းနန်ထိုကို အရပ်မျက်နှာအနှံ့မှ ခုန်ဝင်တိုက်ခိုက်လိုက်၏။ အုန်းခနဲ မြည်သံနှင့်အတူ လက်တစ်ထောင်ဗုဒ္ဓ ရုပ်ပွားတော်ကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
နယ်စားဝေ့မှာ ကျောက်ရုပ်သဖွယ် ဖြစ်ကျန်ရစ်ပြီး ညဈေးက သူမဟုတ်သလို ပြန်လည် စည်ကားသိုက်မြိုက်လာ၏။ အချို့က အလောင်းများကို ဆွဲယူသွားပြီး ကျန်သူများက မြေပြင်ကို မြစ်ရေဖြင့် ဆေးကြောနေကြသည်။
“အထွတ်အမြတ်ဆရာသခင်၏ သင်ကြားမှု” နယ်စားဝေ့ ဤစာသားကို အမှတ်ရမိပြီး တုန်လှုပ်သွား၏။ သူ ကမန်းကတန်း ပြောလိုက်သည်။ “သွားစို့… ဒီမိစ္ဆာဂိုဏ်းသခင်ရဲ့ သရုပ်မှန်ကို မတွေ့ခင် သွားကြစို့…”
ရုတ်တရက် ဝေ့ယုံက ရွာဘက်သို့ လက်ဝှေ့ယမ်းပြီး ပြုံးပြလိုက်၏။ “နောင်တော်ချင်၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ…”