← Chapters

ဝိညာဉ်ဆင့်ခေါ်ခြင်း

Vol. 16 Ch. 216

ဝိညာဉ်ဆင့်ခေါ်ခြင်း

Vol. 16 Ch. 216

ချင်မူက ခေါင်းလှည့်လာပြီး ဝေ့ယုံကို မြင်သောအခါ မှင်တက်မိသွားသည်။ သူ့မျက်နှာထက်တွင် အပြုံးပန်းတစ်ခု ပွင့်လန်းလာပြီး လက်လှမ်းပြလိုက်၏။ “နောင်တော်ဝေ့နဲ့ နယ်စားမင်းပါလား… ဘာလို့ အပြင်မှာ ရပ်နေတာလဲ… အထဲမြန်မြန် ဝင်ခဲ့လေ…”

ဝေ့ယုံက ကမန်းကတန်း မျက်စပစ်ပြပြီး ပြောလိုက်သည်။ “မြန်မြန်ထွက်လာခဲ့၊ ပြောစရာ ရှိတယ်… ငါတို့နန်းတွင်းကောလိပ်မှာ ပြဿနာကြီး ဖြစ်နေလို့၊ ဒီကို လာခဲ့ဦး…”

သူက ချင်မူ့အတွက် စိုးရိမ်၍ အန္တရာယ်တွင်းထဲမှ ဆွဲထုတ်ရန် ကြိုးစားလိုက်၏။ စိတ်ထဲမှလည်း တွေးလိုက်သည်။ “နောင်တော်ချင်က ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ကောင်းကင်နတ်ဆိုးဂိုဏ်းက လက်စားချေနေတာမှန်း မသိဘဲ ဝင်သွားမိတာ ထင်တယ်… ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မကောင်းဆိုးဝါးတွေက စွန်းနန်ထိုလို ပထမအဆင့် နန်းတွင်းအရာရှိကိုတောင် မျက်စိတစ်မှိတ်အတွင်း သေအောင် သတ်ပစ်ရဲတာ… နောင်တော်ချင့်လို သေးသေးကွေးကွေးဆိုရင်တော့ ရိုးတွင်ခြင်ဆီပါ မကျန်အောင် ညှစ်သတ်ပစ်လိမ့်မယ်…”

နယ်စားဝေ့က ပြေးလမ်းပိတ်ဆို့ထားသည့် အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ကို ကြည့်ရင်း နဖူးထက်၌ သွေးကြောများ ထောင်ထကာ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။ “ဝေ့ယုံ၊ ဒီခွေးကောင်လေး… ငါ့ထက်တောင် ပြဿနာရှာသေးတယ်… အခုချိန်မှတော့ ပြေးချင်ရင်တောင် ပြေးလို့ရမှာ မဟုတ်တော့ဘူး…”

ချင်မူက လက်မြှောက်ပြလိုက်ရာ နယ်စား ဝေ့နောက်မှ အဘွားကြီးက တစ်မုဟုတ်ချင်း ရှေ့ထွက်သွားသည်။ ချင်မူက ခေါင်းငဲ့စောင်း၍ တီးတိုးပြောလိုက်၏။

ထိုအဘွားကြီးက ပြုံး၍ ပြန်ရောက်လာသည်။ “နယ်စားဝေ့နဲ့ ဝေ့မိသားစုကသခင်လေး အထဲကို ဝင်ထိုင်ပါဦး…”

နယ်စားဝေ့၏ မျက်ဝန်းထောင့်စွန်းများ တွန့်ချိုးသွား၏။ ချင်မူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးမှ အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်သည်။ “အထဲဝင်ကြစို့…”

သူတို့နှစ်ယောက် ရွာထဲဝင်သွားသောအခါ ဤနေရာက မကြာသေးမီကမှ ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရ၏။ အရာအားလုံးက အသစ်ဖြစ်၍ သစ်နံ့ဝါးနံ့များပင် ရနေသေးသည်။

နယ်စားဝေ့နှင့် ဝေ့ယုံတို့က ချင်မူ ရွာထဲသို့ ဝင်သွားသည်ကို ကြည့်၍ နောက်မှ အားတင်းကာ လိုက်လာကြ၏။ နယ်စားဝေ့က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ယုံအာ… ဒီကောင်လေးချင်မူနဲ့ မင်းက ဘယ်လို ဆက်ဆံရေးမျိုး ရှိတာလဲ…”

“ကျွန်တော်တို့ သေအတူရှင်မကွာ နေခဲ့ဖူးပါတယ်…” ဝေ့ယုံက တလေးတစား ထပ်ဖြည့်ပြောလိုက်၏။ “ကျောင်းတော်သားသင်္ဘောကို နဂါးစီးဂိုဏ်း တိုက်ခိုက်တာ ခံရတုန်းက ကျွန်တော့်ကို ကယ်ခဲ့တာ သူပဲလေ…”

နယ်စား ဝေ့မှာ ခေါင်းကိုက်သွား၏။ “အဲဒါဆို မင်းကရော သူ့ကို ကယ်ခဲ့သေးလား…”

ဝေ့ယုံက ခေါင်းခါယမ်းလိုက်သည်။

“သူက မင်းကို ကယ်ပြီး မင်းက သူ့ကို ပြန်မကယ်ဖူးမှတော့ ဘယ်လိုလုပ် သေအတူရှင်မကွာ နေခဲ့ဖူးတာ ဖြစ်တော့မတုံး…”

နယ်စားဝေ့၏ ရင်ထဲတွင် စိုးရိမ်ကြောင့်ကြစိတ်များ ကြီးစိုးလာ၏။ “တစ်ဆင့်ချင်း သွားမှ ဖြစ်တော့မယ်… ငါတော့ ဒီခွေးကောင်လေးရဲ့ ချောက်ချခံလိုက်ရတာပဲ… လီထျန်းရှင်နဲ့ တစ်ခါနှစ်ခါ တွေ့ဖူးတာက အသုံးဝင်ပါ့မလား မသိဘူး…”

သူတို့ ရွာလယ်သို့ ရောက်လာသည်။ ထိုနေရာ၌ စင်မြင့်တစ်ခု ရှိ၏။ ထိုစင်မြင့်က မြေပြင်မှ တစ်ပေသာ မြင့်ပြီး သစ်သားဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ များစွာ မကြီးလှ။ အကျယ်အားဖြင့် ဆယ်ကိုက်ခန့် ရှိ၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းသား အများစုက စင်အောက်တွင် ထိုင်နေကြသည်။ နယ်စားဝေ့၏ ဘေးမှ အဘွားကြီးက ရယ်မောလိုက်၏။ “နယ်စားမင်းနဲ့ ဝေ့မိသားစုကသခင်လေး… ထိုင်ကြပါဦး… ကြမ်းပြင်ကို သေချာ ပွတ်တိုက်ဆေးကြောပြီးပြီ… ဘာမှ မရှိတော့ပါဘူး…”

ဝေ့ယုံ ခေါင်းငုံ့ကြည့်လိုက်ရာ အနီပုပ်ပုပ် သွေးကွက်တို့ ရှိနေသေးသည်ကို တွေ့ရ၏။ သူ တီးတိုးရေရွတ်လိုက်မိသည်။ “သေချာရော ဆေးကြောကြရဲ့လား မသိဘူး… လူခေါင်းပြတ်တွေတောင် ရှိချင်ရှိနေဦးမှာ…”

ကောင်းကင်နတ်ဆိုးဂိုဏ်းက နန်ထိုကျောင်းတော်နှင့် စွန်းနန်ထိုကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်၏။ ဤသည်ကို ကြည့်လျှင် သူတို့၏ စွမ်းအားက မည်မျှ ကြီးမားကြောင်း သိနိုင်သည်။ တိုက်ပွဲပေါင်းရာချီ ဆင်နွှဲခဲ့ဖူးသော နယ်စားဝေ့ပင် အဆင်ခြင်မဲ့ မလှုပ်ရှားရဲဘဲ စိတ်ထဲမှ တွေးလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီနေရာမှာ ပွဲကြီးပွဲကောင်း ကျင်းပနေပေမဲ့ မြို့တော်က အဆင့်မြင့်ပညာရှင်တွေ သတိမထားမိဘူး… သူတို့ရဲ့ လှုပ်ရှားမှုက သိပ်မြန်လွန်းတယ်… အခု ငါတို့ကိုလည်း အဲလို သတ်ချင်ရင် သတ်ပစ်လို့ရမှာပဲ…”

စင်မြင့်အောက်တွင် ရာချီသောလူများက ငြိမ်သက်စွာ ထိုင်၍ အထွတ်အမြတ်ဆရာသခင် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။

ဝေ့ယုံက ဟိုဟိုသည်သည် ကြည့်ရင်း ချင်မူ့ကို တွေ့သွား၏။ တစ်မုဟုတ်ချင်း ဝမ်းသာအားရ လက်ဝှေ့ယမ်းပြလိုက်သည်။ “နောင်တော်ချင်၊ နောင်တော်ချင်… ဒီကိုလာ…”

နယ်စားဝေ့မှာ ဤဖက်တီးကောင်ကို မြေပေါ်သို့ ပြားပြားဝပ်အောင် တက်ဖိ၍ အာထပ်မကျယ်နိုင်အောင် ပါးစပ်ထဲသို့ ညစ်ပတ်နံစော်သည့် ခြေအိတ်များ ထိုးထည့်ပစ်ချင်စိတ်သာ ဖြစ်မိတော့၏။

ချင်မူက ဝေ့ယုံကို ပြုံးပြ၍ စင်ပေါ်သို့ တက်သွားသည်။

ဝေ့ယုံမှာ အထိတ်တလန့် ဖြစ်သွားပြီး အက်ကွဲကွဲ လေသံတိုးတိုးဖြင့် အလျင်အမြန် ပြောလိုက်၏။ “စင်ပေါ်မတက်နဲ့၊ တက်မသွားနဲ့… အဲဒါ သူတို့ရဲ့ အထွတ်အမြတ်ဆရာသခင် မိန့်ခွန်းပြောတဲ့နေရာ…”

နယ်စားဝေ့က သူ့ကိုစူးရဲစွာ စိုက်ကြည့်ပြီး ဆူငေါက်လိုက်သည်။ “ခွေးကောင်လေး၊ မင့်ပါးစပ်ကို ပိတ်ထားစမ်း…”

ဝေ့ယုံက ကမန်းကတန်း ပါးစပ်ပိတ်လိုက်၏။ နယ်စားဝေ့က ဒေါသတကြီး ပြောလိုက်သည်။ “ငါ ဒီလောက် ပါးစပ်ပိတ်နေတာကို မင်းမမြင်ဘူးလား… မင်းလို အာကျယ်အာကျယ်ကောင်မျိုး ဘာလို့များ မွေးထားမိပါလိမ့်… အခုထိ သဘောမပေါက်သေးဘူးလား ဟမ်…”

ဝေ့ယုံမှာ မှင်တက်မိသွား၏။ ချင်မူ စင်ပေါ်တက်သွားပြီး သူတို့ဘက်သို့ မျက်နှာလှည့်လာသောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများအားလုံး ထရပ်၍ ဦးညွှတ်အရိုအသေ ပြုလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်…”

ချင်မူက ခေါင်းညိတ်ပြလိုက်၏။ “ထုံးစံတွေ မလိုဘူး… ထိုင် ထိုင်…”

အားလုံးက ထိုင်ချလိုက်သည်။

ဝေ့ယုံမှာ ပါးစပ်ဟပြဲနှင့် ငေးကြောင်ကြောင် ဖြစ်သွား၏။ အတန်ကြာသည်ထိ အသိပြန်မဝင်လာချေ။

နယ်စားဝေ့က သက်ပြင်းချ၍ တီးတိုးရေရွတ်လိုက်သည်။ “အဲဒီပန်ကုန်းစုန်က တစ်ခုခု ပြဿနာရှိနေတယ်ဆိုတာ ငါ အစောကတည်းက သိတယ်… သူ့ရဲ့ ဦးသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က နည်းနည်းခြားနားနေတာ… အခုကြည့်ရသလောက်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ်ဆရာသခင်ကိုယ်တိုင် လှုပ်ရှားသွားတဲ့ပုံပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းက လူငယ်တစ်ယောက်ကို ဂိုဏ်းသခင်အဖြစ် ရွေးလိုက်တာ၊ အတော်လေး ရဲတင်းပါလား…”

စင်မြင့်ထက်တွင် ချင်မူက ထိုင်ချလိုက်၏။ “ဝိညာဉ်စစ်ဆေးရှာဖွေတဲ့ မှော်အစီအရင် ဘယ်သူတတ်လဲ…”

အမျိုးသမီးတစ်ယောက်က ထရပ်၍ ဦးညွှတ်အရိုအသေ ပြုလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ ကျွန်မ အနည်းအကျဉ်း တတ်ပါတယ်…

ချင်မူ ခေါင်းညိတ်ပြီး ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို ထုတ်သုံးလိုက်ရာ သူ့နောက်ကျောဘက်တွင် ကြောက်မက်ဖွယ်ရာ မုခ်ဦးတံခါးဝတစ်ခု ပေါ်ထွက်လာ၏။ ထိုမုခ်ပေါက်မှ အနက်ရောင် အခိုးအငွေ့များ တိုးဝင်လာပြီး သံဇလားထဲရှိ ရေနံဆီမီးများပင် ငြိမ်းသေသွားသည်။

ဤအခိုက်၌ အမှောင်ထုထဲတွင် စွန်းနန်ထိုနှင့် အခြားကိုယ်တော်များ မတ်တတ်ရပ်နေသည်ကို အားလုံးမြင်တွေ့လိုက်ရ၏။

ချင်မူက ပြောလိုက်သည်။ “စံအိမ်သခင်၊ ကျွန်တော်တို့ကောင်းကင်နတ်မင်းနှစ်ပါးကို ထိပါးခဲ့တဲ့ စွန်းနန်ထိုရဲ့ အပေါင်းအပါက ဘယ်သူတွေလဲ သိချင်တယ်…”

“နားလည်ပါပြီ…”

စံအိမ်သခင်အမျိုးသမီးက ရှေ့သို့ထွက်လာပြီး တလက်လက် တောက်ပနေသာ ကြေးမုံမှန်တစ်ချပ်ကို ထုတ်ယူလိုက်၏။ ထိုနောက် သူ၏ လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးလိုက်ရာ ကြေးမုံမှန်၏ အလင်းရောင်က စွန်းနန်ထိုအပေါ် ကျရောက်သွားသည်။

ကြေးမုံမှန်အလင်းတန်းက စွန်းနန်ထို၏ ဝိညာဉ်ကို ထွင်းဖောက်၍ နောက်ဘက်ရှိ လေထုထဲ၌ ထွန်းလင်းပြီး အမျိုးမျိုးသော ပုံရိပ်များ ထင်ဟပ်လာ၏။ ထိုပုံရိပ်များက စွန်းနန်ထို အသက်ရှိစဉ်အခါက မှတ်ဉာဏ်များ ဖြစ်သည်။ ပုံရိပ်များက လျင်မြန်စွာ ရွေ့လျား၍ အတိတ်ကာလသို့ ပြန်သွားနေ၏။ မကြာမီ ကောင်းကင်နတ်မင်းလုကို ချောင်းမြောင်းလုပ်ကြံသည့် မှတ်ဉာဏ်သို့ ရောက်ရှိသွားသည်။

“အိမ်ရှေ့မင်းသားရဲ့ မဟာဆရာသခင် ယွင်ပေါ်ရှန်း၊ အိမ်ရှေ့မင်းသားရဲ့ မဟာကိုယ်ရံတော် ထင်ယန်ကျွီ၊ အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော် စွေ့မင်ကျစ်၊ အိမ်ရှေ့မင်းသားရဲ့ ဆရာသခင် ဟယ်ချမ်ချိုး၊ ပြီးတော့…”

လက်ယာရံရွှယ်ပီက စွန်းနန်ထို၏ မှတ်ဉာဏ်တွင် ပေါ်လာသော လူများကို ရေးမှတ်နေ၏။ နောက်ဆုံးလူအပေါ် အကြည့်ရောက်သွားသောအခါ သူ၏ သူငယ်အိမ် ကျဉ်းမြောင်းသွားသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အိမ်ရှေ့မင်းသား လင်ယွိရှ…”

ချင်မူက ခေါင်းညိတ်လိုက်၏။ “မှတ်ထားလိုက်… အခွင့်အရေးရတဲ့အခါ သူတို့သွားရမဲ့လမ်းကို ပို့မယ်…”

လက်ယာရံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသား၏ အမည်ကို ရေးမှတ်လိုက်သည်။

နယ်စားဝေ့၏ ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်သွား၏။ သူ ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာချေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းက အိမ်ရှေ့မင်းသားကိုပင် သွားရမည့်လမ်းသို့ ပို့ဆောင်ချင်နေသည်။ ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသား မဟုတ်ပါလား။

သို့သော်လည်း သူ့အနေဖြင့် မည်သည်ကိုမျှ ထပြော၍ မသင့်လျော်ချေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက လက်ရှိတွင် စည်ပင်ဝပြောနေသော်လည်း လွန်ခဲ့သော နှစ်နှစ်ရာခန့်ကမှ ဤသို့ အစပြုလာခြင်း ဖြစ်၏။ ဧကရာဇ်အတိုင်ပင်ခံ နန်းတွင်းသို့ ရောက်သည့်အခါမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာအင်အား မြင့်တက်လာသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာသည့် အင်အားအစုအဖွဲ့ကြီး ဖြစ်၏။ ရှည်လျားသော သမိုင်းကြောင်း ရှိပြီး မရေမတွက်နိုင်သော တိုင်းနိုင်ငံများ၏ စည်ပင်ဝပြောမှုကိုလည်းကောင်း၊ မင်းဆက်အပြောင်းအလဲ အမျိုးမျိုးကိုလည်းကောင်း ဖြတ်သန်းခရီးနှင်လာခဲ့သည်။ ယခုအခြေအနေက သူတို့၏ ကောင်းကင်နတ်မင်းနှစ်ပါး ဆုံးပါးရာမှ ဖြစ်တည်လာသော အမုန်းပွားမှုသက်သက် မဟုတ်၊ ကြီးစွာသော ထိပါးစော်ကားမှုကြီး ဖြစ်၏။ ဤသွေးကြွေးက သေချာပေါက် ဆပ်ရပေလိမ့်မည်။

ယခုအခြေအနေက သူကိုယ်တိုင်ပင် မည်သည့်အချိန် အန္တရာယ်ကျရောက်မည် မသိရာ အိမ်ရှေ့မင်းသားအတွက် အဘယ်သို့ ရပ်တည် ပြောဆိုပေးနိုင်ပါမည်နည်း။

စံအိမ်သခင်အမျိုးသမီးက စွန်းနန်ထို၏ မှတ်ဉာဏ်များကို ဆက်လက်ကြည့်ရှုနေပြီး ကောင်းကင်နတ်မင်းချမ်ကို လုပ်ကြံသည့် နေရာအထိရောက်အောင် သွားလိုက်၏။ အစောကလူများအပြင် နောက်တစ်ယောက် ထပ်တိုးလာသည်။ ထိုသူက အိမ်ရှေ့စံကိုယ်ရံတော် လောဖျောင်းဆရာသခင် ဖြစ်၏။

ဤမျိုးဆက် အိမ်ရှေ့စံကိုယ်ရံတော်မှာ ကူလင်းနွမ် မဟုတ်တော့ပေ။ သူက နှစ်ပေါင်းနှစ်ရာကျော် ပျောက်ကွယ်နေသဖြင့် ဧကရာဇ်က အိမ်ရှေ့စံကိုယ်ရံတော်ရာထူးကို လောဖျောင်းဆရာသခင်အား ပေးအပ်လိုက်သည်။ လောဖျောင်းဆရာသခင်က ဗုဒ္ဓလမ်းစဉ်မှ ဖြစ်၏။

ယွင်ပေါ်ရှန်းနှင့် စွေ့မင်ကျစ်တို့မှာ တာအိုလမ်းစဉ်မှ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ထင်ယန်ကျွီနှင့် ဟယ်ချမ်ချိုးတို့က တည်ထောင်သူဧကရာဇ်နှင့်အတူ အင်ပါယာကို ထူထောင်ခဲ့သည့် အထက်တန်းလွှာမိသားစုများမှ ဖြစ်၏။

ဤလူငါးယောက်နှင့် သေဆုံးသွားပြီဖြစ်သော စွန်းနန်ထိုမှာ အိမ်ရှေ့မင်းသား၏ အဖွဲ့မှ ဖြစ်သည်။ သူတို့အားလုံးက အိမ်ရှေ့စံ၏ ဆရာသခင် ဖြစ်ခဲ့ဖူးကြ၏။

ပထမအဆင့် အမြင့်စံနန်းတွင်းအရာရှိ ဆယ့်ခြောက်ယောက်တွင် အိမ်ရှေ့မင်းသားဘက်မှ ခြောက်ယောက်ရှိနေသည်။

“လောဖျောင်းဆရာသခင်ရဲ့ နာမည်ကိုလည်း ရေးမှတ်ထားလိုက်…” ချင်မူက ပြောလိုက်၏။ “အခုက နှစ်သစ်ကူးနားနီးနေပြီဆိုတော့ သူတို့အတွက် နောက်ဆုံးနှစ်သစ်ကူးညစာကို မိသားစုနဲ့အတူတူ ငြိမ်းငြိမ်းချမ်းချမ်း စားပါစေဦး… စွန်းနန်ထိုလည်း သေပြီ၊ နန်ထိုနန်းဆောင်ကိုလည်း အပြတ်ရှင်းပြီးပေမဲ့ နန်ထိုကျောင်းတော် ကျန်နေသေးတယ်… လက်ဝဲရံ၊ လက်ယာရံနဲ့ ဂိုဏ်းထိန်းအကြီးအကဲတွေ နန်ထိုကျောင်းတော်ကို ပြာချပစ်လိုက်၊ ခြေရာလက်ရာ မကျန်စေနဲ့…”

လက်ဝဲရံ၊ လက်ယာရံနှင့် ဂိုဏ်းထိန်းအကြီးအကဲများက အမိန့်နာခံလိုက်ကြသည်။

နယ်စားဝေ့က သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဤဂိုဏ်းသခင်ငယ်က အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသည်။ ယခုအချိန်တိုအတွင်း နန်းတွင်း၏ ပထမအဆင့် အမြင့်စံအရာရှိ ခြောက်ယောက်နှင့် အိမ်ရှေ့မင်းသားကို သတ်ဖြတ်လိုက်လျှင် ဧကရာဇ်က သေချာပေါက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းတွင်းက ယခုလက်ရှိတွင် အင်အားကြီးနေသည် မဟုတ်လား။ နန်းတွင်းကို ဆန့်ကျင်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် နေရာရှိလိမ့်မည် မဟုတ်။ ထို့ပြင် တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း သူတို့နိမ့်ပါးချိန်ကို သေချာပေါက် အခွင့်ကောင်းယူပေလိမ့်မည်။ ထိုအချိန်သို့ ရောက်သောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သေချာပေါက် အန္တရာယ်တောထဲ ရောက်ရှိသွားမည် ဖြစ်၏။

အချိန်ခြား၍ တစ်ယောက်စီသတ်ခြင်းက အန္တရာယ်ကို အတော်လေး လျှော့ချနိုင်သည်။

ဥပမာဆိုရသော် စွန်းနန်ထိုကို သတ်၍ နန်ထိုကျောင်းတော်ကို အပြတ်ရှင်းရန်အတွက် ချင်မူက လိုလန်ရွှေနန်းတော်၏ နာမည်ကို အသုံးပြုပြီး နန်ထိုကျောင်းတော်၏ အမွေအနှစ်ရတနာဖြင့် မျှားခေါ်ခဲ့သည်။ စွန်းနန်ထို ထွက်ပေါ်လာအောင် ဖိအားပေးနိုင်သည်သာမက မြို့ပြင်သို့ လိုက်လာအောင်ပင် ခေါ်ထုတ်နိုင်ခဲ့၏။

စွန်းနန်ထိုက ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင် ဖြစ်သော်လည်း သူ့ကို သတ်၍ နန်ထိုနန်းဆောင်မှ ကိုယ်တော်များကို အပြတ်ရှင်းရန် မျက်စိတစ်မှိတ်ခန့်သာ ကြာလိုက်သည်။ ထို့ပြင် မြို့တော်အတွင်း၌ လှုပ်ရှားသည် မဟုတ်သဖြင့် ခြေရာလက်ရာလည်း မကျန်ပေ။ အရာအားလုံးက ဟာကွက်မရှိ အောင်မြင်ပြီးမြောက်၍ အစအနမကျန်အောင် ဖျောက်ဖျက်ထားနိုင်၏။

ဧကရာဇ်အနေဖြင့် စုံစမ်းစစ်ဆေးလိုလျှင်ပင် မည်သည့်သဲလွန်စကိုမျှ ရှာတွေ့လိမ့်မည် မဟုတ်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်းလည်း သိနိုင်တော့မည် မဟုတ်ချေ။

စွန်းနန်ထိုသေဆုံးကြောင်း သိလျှင် အိမ်ရှေ့မင်းသားက သတိအနေအထား ဖြစ်၍ လုပ်ကြံရန် ခက်ခဲသွားပေလိမ့်မည်။ သူတို့ လှုပ်ရှားလျှင် တန်ပြန်လုပ်ကြံခြင်းပင် ခံရနိုင်၏။ သို့ဖြစ်၍ ဤကာလကို ငြိမ်သက်စောင့်ဆိုင်းနေခြင်းက အကောင်းဆုံး ဖြစ်သည်။

ဤအခိုက်၌ ချင်မူက ဝေ့ယုံနှင့် နယ်စားဝေ့ကို ကြည့်၍ ပြုံးပြလိုက်၏။ နယ်စားဝေ့မှာ ရင်ထဲတွင် စိမ့်တက်သွားပြီး ဟက်ခနဲ ရယ်မောလိုက်သည်။ “ဂိုဏ်းသခင်၊ ကျုပ်အသံက သိပ်ကျယ်တာ…”

“ကျွန်တော် သိပါတယ်…” ချင်မူက ပြုံးလိုက်၏။ “နယ်စားမင်း အော်လိုက်ရင် ရွှေမြို့တော်ကလူတွေအကုန်လုံး ရှင်းရှင်းလင်းလင်း ကြားနိုင်ပါလိမ့်မယ်… နယ်စားမင်းအနေနဲ့ စွန်းနန်ထိုကို ကျွန်တော်တို့ ကောင်းကင်နတ်ဂိုဏ်း သတ်ခဲ့တဲ့နည်းလမ်းက မြန်ဆန်သပ်ယပ်တယ်လို့ မထင်မိဘူးလား…”

နယ်စားဝေ့၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ သူတို့ တစ်ခွန်းမျှ မအော်ရသေးမီ အပြတ်ရှင်းပစ်နိုင်သည်ဟု ချင်မူ ဆိုလိုခြင်း ဖြစ်၏။

နယ်စားဝေ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ “ငါက ဂိုဏ်းသခင်လီနဲ့ အတော်လေး ရင်းနှီးခဲ့ဖူးပါတယ်…”

ချင်မူက ခေါင်းငဲ့စောင်း၍ ဘေးနားမှ လက်ဝဲရံနှင့် လက်ယာရံကို ကြည့်လိုက်၏။ ရွှယ်ပီက ပြောလိုက်သည်။ “ပြီးခဲ့တဲ့ ဂိုဏ်းသခင်က သူနဲ့ တစ်ခါနှစ်ခါပဲ တွေ့ဆုံဖူးတာပါ၊ ရင်းရင်းနှီးနှီး ဆက်ဆံရေးမျိုး မရှိပါဘူး…”

နယ်စားဝေ့၏ မျက်နှာ မည်းမှောင်သွားပြီး လွတ်လမ်းရှိ၊ မရှိ ဘေးပတ်ဝန်းကျင်သို့ တိတ်တခိုးကြည့်လိုက်၏။

ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “နယ်စားမင်း၊ ကျွန်တော့်ရဲ့ဂိုဏ်းမှာ ကောင်းကင်နတ်မင်းနှစ်ပါး ဆုံးရှုံးသွားတာဆိုတော့ နေရာလွတ်နှစ်ခု ရှိတယ်… နယ်စားမင်းက သိုင်းဂိုဏ်းတစ်ခုခုက မဟုတ်ဘဲ အထက်တန်းလွှာမိသားစုက လာတာဆိုတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်း ဖြစ်လာဖို့ ဘာအဟန့်အတားမှ မရှိလောက်ဘူး ထင်ပါတယ်…”

နယ်စားဝေ့က ချောက်ကပ်ကပ် ချောင်းဟန့်ပြီး ဘေးပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ရာ စွန်းနန်ထိုကို သတ်ခဲ့သော အဆင့်မြင့်ပညာရှင် အယောက်နှစ်ဆယ် တန်းစီရပ်နေသည်ကို မြင်လိုက်ရ၏။ သူ့မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ “ငါက နယ်စားမင်းဆိုတော့ နန်းတွင်းတာဝန်ဝတ္တရားတွေ ရှိတယ်… မင်းတို့ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းလုပ်ဖို့ ဘယ်အချိန်ရှိမှာလဲ… တခြား ပေါ့ပေါ့ပါးပါး တစ်ခုလောက် ခိုင်းလို့ မရဘူးလား…”

ချင်မူက သူ့ကို နွေးထွေးစွာ ပြုံးပြလိုက်၏။ “အဲဒီအတွက်တော့ စိတ်မပူပါနဲ့… ကျွန်တော်တို့ နတ်ဂိုဏ်းက ငြိမ်ငြိမ်ဆိမ်ဆိမ်ပဲ နေတာပါ… တိုက်ခိုက်ဖို့ လိုတဲ့အခါမှ နယ်စားဝေ့ကို ဒုက္ခပေးပါလိမ့်မယ်… နာမည်ရာထူးတစ်ခုပါပဲ… ပြီးတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းတွေတင် အငြိမ်နေတာ မဟုတ်ဘူး၊ ဂိုဏ်းသခင်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်ငြိမ်ပဲ နေတာပါ… ဒီလိုကိစ္စမျိုးတွေ ရှိမလာရင် ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး… နယ်စားမင်းအနေနဲ့ ဆန္ဒမရှိဘူးဆိုရင်လည်း အခက်တွေ့အောင်တော့ မလုပ်ပါဘူး၊ ဒီနေ့ကြုံတွေ့ရသမျှကို ဘယ်သူ့မှ ပြန်ပြောမပြဘူးလို့ ကျမ်းကျိန်ရင် ထွက်သွားနိုင်ပါပြီ… အားလုံးက ကျွန်တော်တို့ နတ်ဂိုဏ်းကို အထင်မှားနေကြတယ်… ကျွန်တော်တို့က လူသတ်ရင် မျက်တောင်တောင် မခတ်တဲ့ မိစ္ဆာနတ်ဆိုးတွေလို့ ထင်နေကြတာ… နယ်စားမင်းအနေနဲ့ရော အဲလို မထင်မိဘူးလား…” သူက ပြောရင်းနှင့် တဟားဟား အော်ရယ်လိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကလည်း သူနှင့်အတူ လိုက်ပါရယ်မောကြ၏။ သို့သော်လည်း ဟန်ဆောင်ရယ်မောခြင်းသာ ဖြစ်သည်။ သူတို့၏ အသွင်သဏ္ဌာန်က ကျူးကျော်ဝင်ရောက်လာသူ နှစ်ယောက်ကို နှုတ်ပိတ်သတ်ဖြတ်ရန် အသင့်ဖြစ်နေသကဲ့သို့ ရှိ၏။

“ဆန္ဒရှိပါတယ်… ဆန္ဒရှိပါတယ်…” နယ်စားဝေ့က ကမန်းကတန်း ပြောလိုက်သည်။

ဝေ့ယုံက တစ်ခဏမျှ တွန့်ဆုတ်သွား၏။ “နယ်စားမင်း…”

“ပါးစပ်ပိတ်ထား…”

နယ်စားဝေ့က ဘေးသို့လှည့်ကြည်၍ ဆူငေါက်လိုက်သည်။ “မင်းက ငါ့ကို ချောက်ထဲ တွန်းချလိုက်တာပဲ… ငါ့တစ်သက်လုံး တည်ဆောက်လာခဲ့ရတဲ့ ဂုဏ်သိက္ခာအားလုံး မင့်လက်ထဲမှာ ရေစုန်မျောသွားပြီ… မင်းသာ နောင်တော်ချင်လို့ မခေါ်ခဲ့ရင် ငါတို့ မှည့်တစ်ပေါက်မစွန်းဘဲ ထွက်သွားနိုင်သေးတယ်…”

ဝေ့ယုံ နှုတ်ခမ်းစူသွား၏။ “သခင်ကြီး၊ သူတို့က ထွက်သွားခွင့်ပေးတယ်လေ၊ ဘာလို့ သူတို့ဂိုဏ်းထဲ ဝင်လိုက်လဲ… နောင်တော်ချင်က စိတ်ရင်းကောင်းပါတယ်… လူဆိုးမဟုတ်ဘူး…”

နယ်စားဝေ့က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “သူက လူဆိုးမဟုတ်ဘူးလို့ မင်း ထင်နေတုန်းလား… သူသာ လူဆိုးမဟုတ်ရင် ဘယ်လိုလုပ် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင် ဖြစ်လာမှာလဲ…”

ချင်မူက ချောင်းဟန့်လိုက်၏။ “ကောင်းကင်နတ်မင်းဝေ့၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလို့ပဲ ခေါ်ပါတယ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ မခေါ်ပါဘူး… ကျွန်တော်ကလည်း မိစ္ဆာဂိုဏ်းသခင် မဟုတ်ဘူး၊ နတ်ဂိုဏ်းသခင်ပါ… ကောင်းကင်နတ်မင်းဝေ့ ဒါကို စိတ်ထဲမှာ မြဲမြဲမှတ်ထားပါ…”

ဝေ့ယုံက ဝမ်းသာအားရ ပြောလိုက်သည်။ “အဖေ၊ ကောင်းကင်နတ်မင်းဆိုတဲ့ နာမည်က နယ်စားမင်းဆိုတာထက် အများကြီး ပိုခန့်ညားတယ်… နောင်တော်ချင်၊ ငါ့ကိုလည်း ရာထူးတစ်ခု ပေးပါဦး…”

All Chapters