← Chapters

ဘာမှမမြင်

Vol. 16 Ch. 217

ဘာမှမမြင်

Vol. 16 Ch. 217

နယ်စားဝေ့မှာ ဤဖက်တီးပေါက်စကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိ၏။ ဤကောင်လေးက ယခုအဖြစ်အပျက်များကို ဒုက္ခဟု မြင်ဟန်မတူချေ။ ဖခင်အရင်းကို ချောက်ထဲတွန်းချရုံနှင့် မလုံလောက်၊ သူပါ ခုန်ချချင်နေသည်။ မည်သို့လုပ်ရမှန်းပင် မသိတော့ချေ။

“ကောင်းကင်နတ်မင်းယွီ၊ ကောင်းကင်နတ်မင်းရှီ… ကောင်းကင်နတ်မင်းဝေ့ကို ကျွန်တော်တို့နတ်ဂိုဏ်းအကြောင်း ရှင်းပြလိုက်ပါဦး…”

ချင်မူက ဝေ့ဝဲကြည့်ရှု၍ ပြောလိုက်၏။ “စံအိမ်သခင်တို့… ဒီနေရာကို ဖျက်သိမ်းလိုက်တော့၊ ခြေရာလက်ရာ မကျန်ခဲ့စေနဲ့…”

ဝေ့ယုံနှင့် နယ်စားဝေ့တို့မှာ ကမန်းကတန်း ထရပ်လိုက်ရသည်။ လူရိပ်များ တဖျတ်ဖျတ် လှုပ်ရှားနေသည်ကိုသာ မြင်ရ၏။ တစ်ခဏအတွင်း၌ တစ်ရွာလုံး ဖျက်သိမ်းပြီးကာ တိုင်လုံးများ၊ ပျဉ်ပြားများ အစီအရီ ထပ်လျက်သား ဖြစ်သွားသည်။ သံဇလားများ၊ ရေနံဆီများ၊ ထောက်တိုင်များပင် သိမ်းဆည်းပြီးသွား၏။

စံအိမ်သခင်အချို့က သူတို့၏ အလံကြီးများကို ဖြန့်၍ တိုင်လုံးများ၊ ပျဉ်ပြားများကို ဖုံးအုပ်လိုက်သည်။ အလံများကို ပြန်သိမ်းလိုက်သောအခါ ထိုတိုင်လုံးများ၊ ပျဉ်ပြားများက အစအနရှာမရအောင် ပျောက်ကွယ်သွား၏။

အခြားစံအိမ်သခင်များက နန်ထိုကျောင်းတော်မှ ရဟန်းကိုယ်တော် ရုပ်အလောင်းများကို အလံကြီးများဖြင့် ဖုံးအုပ်ပြီး ပြန်ဖယ်လိုက်သောအခါ အလောင်းကောင်များလည်း ပျောက်ကွယ်သွားသည်။

အချို့စံအိမ်သခင်များကတော့ နှစ်ဧကခွဲခန့်ရှိသော မြေကို တူးဆွ၍ ထူမြစ်ထဲ ပစ်ချလိုက်ကြ၏။ မြေသားများက တစ်ရှိန်ထိုး စီးဆင်းနေသော ရေအလျဉ်နှင့် မျောပါသွားသည်။

အချိန်တိုအတွင်း၌ အားလုံး ပြီးစီးသွားပြီး ဤနေရာတွင် စည်ကားသည့် ညဈေးတန်းတစ်ခု ရှိခဲ့မှန်း မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။

ချင်မူက ပြောလိုက်၏။ “လူစုခွဲတော့…”

ရာချီသော စံအိမ်သခင်များ၊ အကြီးအကဲများ၊ လက်ဝဲရံ၊ လက်ယာရံတို့က သူ့ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ အချို့က အလံကြီးများ ဖုံးလွှမ်း၍ ပျောက်ကွယ်သွား၏။ အချို့က ဝတ်ထားသော အဝတ်ကို ခြုံ၍ ထွက်ခွာသွား၏။ အချို့က အမှောင်ထုထဲ တိုးဝင်သွား၏။ အချို့က ဗုံများတီးခတ်၍ ထွက်သွား၏။ အချို့က ဘီးတပ်ယာဉ်ကို တွန်း၍ သွား၏။ အားလုံးက ပိန်းပိတ်မှောင်သော အမှောင်ထုထဲ နစ်ဝင်ပျောက်ကွယ်သွားပြီး ချင်မူ၊ ဝေ့ယုံ၊ နယ်စားဝေ့နှင့် ကောင်းကင်နတ်မင်းနှစ်ပါးသာ ကျန်ရစ်တော့သည်။

အဝေးတွင်တော့ အလင်းရောင်များ ရှိ၏။ ထိုအလင်းရောင်များက မြို့တော်အပြင်ဘက်ရှိ တကယ့်ညဈေးထံမှ ဖြစ်သည်။

ချင်မူ ထရပ်၍ ထွက်ခွာသွားပြီး လူလေးဦးကို နောက်တွင် ချန်ထားခဲ့လိုက်၏။

နယ်စားဝေ့က ယခုမှ ဂိုဏ်းဝင်ဖြစ်လာ၍ အလွဲအမှား မဖြစ်စေရန် ကောင်းကင်နတ်မင်းယွီနှင့် ကောင်းကင်နတ်မင်းရှီတို့က ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများ ရှင်းပြလိုက်ကြသည်။

ချင်မူက မြို့တော်သို့ ပြန်လာရင်း ညဈေးနှင့် မီးပုံးများ၏ အလှအပကို ခံစားနေ၏။ လင်းလက်တောက်ပနေသော လမ်းများပေါ်တွင် အိမ်ပြန်ရန် မေ့လျော့နေကြသော ကျောင်းတော်သားများနှင့် မိန်းမလှလေးများ ရှိနေသည်။ စာတတ်ပေတတ် ပညာရှင်များက သူတို့၏ စာပေပညာကို ထုတ်ပြနေပြီး သိုင်းပညာရှင်များက သိုင်းစွမ်းရည် ပြသနေကြ၏။ မိန်းမပျိုလေးများကတော့ ခိုးခိုးခစ်ခစ် ရယ်မောနေကြသည်။

“ရွှေမြို့တော်က တကယ့်ကို သာယာလှပတယ်… အရည်အချင်းရှိတဲ့သူတွေအတွက် အောင်မြေပဲ…”

ချင်မူ့ရင်ထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ရုတ်တရက် ကောင်းကင်ယံမှ ငန်းတောင်ဖြူဖြူများကဲ့သို့ ဆီးနှင်းများ ကျလာ၏။ တလက်လက်တောက်ပနေသော နှင်းပွင့်များက အိမ်ပြန်ရန် မေ့လျော့နေသူတို့၏ ပခုံးပေါ်တွင် ခိုနားသွားသည်။ အားလုံး ခေါင်းမော့၍ ကြည့်လိုက်မိကြ၏။ အတော်များများ၏ နှုတ်ဖျားမှ တအံ့တဩ ရေရွတ်သံများ ထွက်ကျလာသည်။ “လှလိုက်တဲ့ နှင်းတွေ…”

နှင်းပွင့်များက မြို့ထဲရှိ မီးပုံးများ၏ အလင်းရောင်ကြောင့် ပို၍ လင်းလဲ့တောက်ပလာ၏။ ဆိုင်ခန်းအမိုးအောက်တွင် ရပ်နေသော မိန်းမပျိုများက လက်ဆန့်ထုတ်၍ နှင်းပွင့်များကို ဖမ်းယူလိုက်ကြသည်။ လမ်းပေါ်ရှိလူများက နှင်းကျလာခြင်းကြောင့် လျော့မသွားသည့်အပြင် ပို၍ပင် တိုးလာ၏။

“နှင်းကျနေပြီ… နှစ်လည်းကုန်တော့မယ်… သိပ်မကြာခင် နန်းတွင်းကောလိပ်က နှစ်သစ်ကူးကျောင်းပိတ်ပေးတော့မှာပဲ… ဘွားဘွားတို့ရော ရွာပြန်ရောက်ကြပြီလား မသိဘူး…”

လမ်းဘေးရှိ ဆိုင်ခန်းများက အငွေ့တစ်ထောင်းထောင်းထ၍ မွှေးပျံ့သော ရနံ့များ လွှမ်းခြုံနေသည်။ ချင်မူ ဆိုင်တစ်ဆိုင်ရှေ့တွင် ဝင်ထိုင်လိုက်၏။ “အသားခေါက်ဆွဲနှစ်ပွဲ၊ ငရုတ်ဆီများများ ထည့်ပေးပါ…”

“ရမယ်… ရမယ်…”

တစ်ခဏကြာသောအခါ ငရုတ်ဆီများ ဖုံးနေသည့် အသားခေါက်ဆွဲနှစ်ပွဲ ရောက်လာသည်။ ဝက်သား သုံးထပ်သားလွှာအချို့က ပေါလောမျောနေ၏။ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်များလည်း ဖြူးထားပြီး စားချင်စဖွယ် မွှေးပျံ့နေသည်။

ချင်မူ တစ်လုတ်စားလိုက်ပြီး စပ်ရှိန်းသော အရသာကြောင့် အားပြည့်လန်းဆန်းသွား၏။ ယနေ့အတွက် သူ တစ်နပ်သာ စားရသေးသဖြင့် အတော်လေး ဆာလောင်နေချေပြီ။ သို့ဖြစ်၍ ခေါက်ဆွဲနှစ်ပန်းကန်ကို တရှူးရှူး စားလိုက်သည်။

ဤအခိုက်၌ တဟားဟားရယ်သံ ကြားလိုက်ရ၏။ “ညီလေးချင်၊ နောက်ဆုံးတော့ မင်းကို ငါတွေ့ပြီ… ငါ့ကို သံထည်သင်္ဘောတစ်စီး ဆောက်ပေးဖို့ ကတိပေးထားတာ၊ မပြေးနဲ့တော့… ဆိုင်ရှင်၊ အသားခေါက်ဆွဲလေးပွဲ၊ စပ်စပ်လေး… သူရှင်းလိမ့်မယ်…” ထိုသူက ခေါက်ဆွဲမှာပြီး ချင်မူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

ချင်မူက ထိုသူ့ကို ကြည့်၍ ပြုံးလိုက်၏။ “နောင်တော်ဖန်းယွင်ရှောင်… ဘာရှိလို့ မြို့တော်ကို လာတာလဲ…”

ထိုသူက မီးလျှံဓားပြ ဖန်းယွင်ရှောင် ဖြစ်သည်။ သူ၏ ဝဲဘက်မျက်လုံးတွင် ကန့်လန့်ဖြတ် ဓားဒဏ်ရာ အမာရွတ်ကြီး ရှိ၏။ သို့သော်လည်း ဤသည်က အတုကပ်ထားခြင်း ဖြစ်မည်လားဟု ချင်မူ သံသယဝင်မိသည်။

“အဲအကြောင်း မပြောစမ်းပါနဲ့… ကံဆိုးလွန်းလို့ပါကွာ…” ဖန်းယွင်ရှောင်က သက်ပြင်းချလိုက်၏။ “ပြောရာမှာ စိတ်တောင် မချမ်းသာဘူး… ပြီးခဲ့တစ်ခေါက် ခရီးသည်တင်တုန်းက ငါ့သင်္ဘော တစ်စစီဖြစ်ပြီး ပြုတ်ကျကုန်တာလေ… အကုန်သေတော့မလို့… ငါ့မှာ အစွမ်းကုန်ထုတ်ပြီး သူတို့ကို လိုက်ဖမ်းလိုက်ရတယ်… ဒါပေမဲ့ မြို့တော်ကို ရောက်အောင် မပို့နိုင်တော့ လျော်ကြေးပေးလိုက်ရတာပေါ့…”

“ဒီနေ့ မနက်ကတည်းက မင်းကို လိုက်ရှာနေတာ… မင်းက နန်းတွင်းကောလိပ်မှာ မရှိဘူးလေ… အဲဒါနဲ့ မြို့ထဲလျှောက်သွားနေရင်း တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ လာတွေ့တာ… ငါ့ကို သံထည်သင်္ဘောတစ်စီး ဆောက်ပေးဦး… အခု လောကကြီးက ပြန်အေးချမ်းသွားပြီဆိုတော့ ငါ့လုပ်ငန်း ပြန်စတော့မယ်…”

ချင်မူ့မျက်နှာအမူအရာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ လောကကြီး အေးချမ်းသွားပြီ ဖြစ်၍ ဤဓားပြကြီး ညွှန်းဆိုသည့် လုပ်ငန်းဆိုသည်မှာ သူ၏ အလုပ်ဟောင်း ဖြစ်ပေလိမ့်မည်။ ဖန်းယွင်ရှောင်က လူကောင်းအဖြစ်မှ ဓားပြပြန်လုပ်ရန် ကြံစည်နေခြင်း ဖြစ်၏။

“မဟူရာသံ၊ မဟူရာကြေးနက်နဲ့ လိုတဲ့ငွေအလုံအလောက် ရပြီလား…” ချင်မူက မေးလိုက်သည်။ “ပြီးတော့ သင်္ဘောပျံ ပုံကြမ်းရော… ပုံကြမ်းမရှိဘဲ ဆောက်ဖို့မလွယ်ဘူး…”

“အကုန်ပြင်ပြီးပြီ… သင်္ဘောကျင်းက အရာရှိကို လာဘ်ထိုးပြီး သင်္ဘောပျံပုံကြမ်းတစ်ခု တောင်းထားတယ်…”

အသားခေါက်ဆွဲများ ရောက်ရှိလာသဖြင့် ဖန်းယွင်ရှောင်က ပါးစပ်ထဲ ပလုတ်ပလောင်း ထိုးထည့်ပြီး အာလုတ်သံဖြင့် ရေရွတ်လိုက်၏။ “အား… စပ်ချက်… မွှေးချက်… ကောင်းလိုက်တာ… မဟူရာသံနဲ့ မဟူရာကြေးနက်လည်း ဝယ်ပြီးပြီ… မြို့ပြင် ထူမြစ်ကမ်းဘေးမှာ သင်္ဘောကျင်းတစ်ခု ရှိတယ်… ငါ့ငွေအိတ်လည်း ပြောင်တလင်းခါ သွားပြီ… ဒီသံထည်သင်္ဘောနဲ့ပဲ ပိုက်ဆံပြန်ရှာရတော့မယ်…”

ချင်မူက ပြုံးလိုက်သည်။ “ကောင်းပြီလေ… နန်းတွင်းကောလိပ် ကျောင်းမပိတ်ခင် ခင်ဗျာ့သင်္ဘောကို ပြီးအောင် ဆောက်ပေးပါ့မယ်… မနက်ဖြန်ကျ လာရှာလှည့်…” စကားဆုံးသောအခါ တဖုန်းကြေးပြားတစ်ပြား ထုတ်ယူ၍ ခေါက်ဆွဲဆိုင်ပိုင်ရှင်ကို ပေးလိုက်၏။

ဆိုင်ပိုင်ရှင်က သူ့လက်များကို တဘက်ဖြင့် သုတ်ရင်း ချင်မူ့ကို ပြုံးပြလိုက်သည်။ “သခင်လေး၊ ကျွန်တော့်မှာ ပြန်အမ်းစရာ မရှိဘူး… သခင်လေးမှာ ငွေအကြွေ မပါဘူးလား… ခေါက်ဆွဲခြောက်ပွဲက ဝမ်သုံးဆယ်ပဲ ကျပါတယ်…”

“ပြန်မအမ်းတော့နဲ့…” ချင်မူက ပြောပြောဆိုဆိုနှင့် ထွက်ခွာသွား၏။

ဖန်းယွင်ရှောင်မှာ သူ့နောက်ကျောကို ကြည့်ရင်း ရေရွတ်မိသည်။ “ချမ်းသာလှချည်လား…”

ချင်မူက တဖုန်းကြေးပြားနှင့် ပတ်သက်၍ ရောထွေးနေဆဲ ရှိ၏။ မည်မျှ တန်ကြေးရှိမှန်း မသိချေ။ အပြင်ထွက်စားသည့်အခါ ဈေးအကြီးဆုံး စားသောက်ဆိုင်တွင် ဝိုင်းလုံးပြည့် ထိပ်တန်းဟင်းလျာများ စားသောက်လျှင်ပင် တဖုန်းကြေးပြား ဆယ့်နှစ်ပြား မကျော်ချေ။ ဤကဲ့သို့ လမ်းဘေးခေါက်ဆွဲလေးအတွက် တဖုန်းကြေးပြားတစ်ပြားဆိုသည်မှာ ဆိုင်ရှင်အနေဖြင့် ကျေးဇူးတင်မဆုံးစရာ ဖြစ်၏။

နောက်တစ်နေ့တွင် ဖန်းယွင်ရှောင်က နန်းတွင်းကောလိပ်သို့ ရောက်ရှိလာသည်။ ချင်မူက ဟူလင်းအာ၊ နဂါးချီလင်၊ တုထျန်းမိစ္ဆာဘုရင်တို့ကို သင်္ဘောကျင်းသို့ ခေါ်ဆောင်လာ၏။ ထိုနေရာ၌ သိုင်းပညာရှင်များစွာက အစစ်အမှန်မီးလျှံ အသုံးပြု၍ မဟူရာသံကို အရည်ကျိုပြီး အစစ်အမှန်ရေစင်ဖြင့် အအေးခံကာ သင်္ဘောပျံအတွက် လိုအပ်သော ဆေးမီးဖိုများ သွန်းလုပ်နေကြသည်။ သင်္ချာပညာရပ်တွင် ကျွမ်းကျင်သူများက သင်္ဘောအစိတ်အပိုင်းများ၏ အရွယ်အစားကို တိုင်းတာ၍ တပ်ဆင်နေကြ၏။ လူသန်ကြီးများက သတ္ထုကိုယ်ထည်များ သွန်းလုပ်၍ လက်သမားများက ဓားချီစွမ်းအင်ဖြင့် သစ်သားကို ပုံဖော်နေကြသည်။ သင်္ဘောကျင်းက လွန်စွာ စည်ကားလှ၏။

ဖန်းယွင်ရှောင်က သူတို့ကို ဦးဆောင်၍ စက်ရုံတစ်ခုသို့ ခေါ်သွားသည်။ ချင်မူ လှည့်ပတ်ကြည့်ရှုလိုက်၏။ ဤနေရာ၌ လိုအပ်သော အသုံးအဆောင်မျိုးစုံ ရှိသည်။ သတ္ထုအရည်ကျိုသည့် မီးဖို၊ သံထည်သွန်းလုပ်သည့် ပစ္စည်းများ၊ ငြမ်းများ၊ ရွေဘော်ထိုးသည့်စင်များ ရှိပြီး မဟူရာသံနှင့် မဟူရာကြေးနက်များကို ထောင့်တစ်နေရာတွင် စုပုံထား၏။

ဤစက်ရုံက လွန်စွာကြီးမားလှပြီး သင်္ဘောခြောက်စီး၊ ခုနစ်စီးခန့် သိုလှောင်ထားနိုင်သည်။

အထဲတွင် သင်္ဘောကျင်းအရာရှိတစ်ယောက်က စောင့်ဆိုင်းနေပြီး ဖန်းယွင်ရှောင်ကို မြင်သောအခါ ကြိမ်းမောင်းလိုက်၏။ “ဘာလို့ အခုမှလာတာလဲ… ဒီနေရာကို ဆယ်ရက်ပဲ အသုံးပြုခွင့်ပေးမှာနော်… ပြီးတာနဲ့ ပိတ်ချလိုက်မှာ…”

ဖန်းယွင်ရှောင်က ပြုံး၍ ပြောလိုက်သည်။ “ဆယ်ရက်ဆိုရင် လုံလောက်ပါပြီ…” စကားဆုံးသည်နှင့် ငွေအိတ်တစ်အိတ်ကို ထိုအရာရှိ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။

သင်္ဘောကျင်းအရာရှိက ငွေအိတ်ကို ဆကြည့်လိုက်သည်။ “နောက်ဆယ်ရက်တော့ ငါ မသိချင်ယောင်ဆောင်နေမယ်… မင့်သင်္ဘောကို မြန်မြန်ပြီးအောင်ဆောက်… ကြီးကြပ်အရာရှိတွေလာမှ ဆိုရင် ငါ အခက်တွေ့လိမ့်မယ်…”

ထို့နောက် ထိုအရာရှိက ထွက်ခွာသွား၏။ ဖန်းယွင်ရှောင်က ချင်မူ့ကို ကြည့်၍ မေးလိုက်သည်။ “ညီလေးချင်၊ ဆယ်ရက်အတွင်း ပြီးပါ့မလား…”

ချင်မူက သင်္ဘောပုံကြမ်းကို ကြည့်၍ အပြောင်းအလဲ ပြုလုပ်မည့် နေရာများစွာ ရေးမှတ်နေ၏။ “တစ်ယောက်ထဲဆိုရင်တော့ ခက်မှာပေါ့… အကူအညီပေးမဲ့သူတွေ လိုတယ်… ကျွန်တော်နဲ့ ကျွန်တော့်လူတွေက ဒီဆယ်ရက်အတွင်း ခင်ဗျားရဲ့ သင်္ဘောကို ဆောက်မယ်… ခင်ဗျားက အဲဒီအချိန်အတွင်း စက်ရုံထဲ မဝင်ရဘူး… ဝင်လာရင်တော့ အကျိုးဆက်ကို ခင်ဗျား ခံရမယ်…”

ဖန်းယွင်ရှောင်က နားမလည်လှသော်လည်း ခေါင်းညိတ်လိုက်သည်။ “မပူပါနဲ့… ငါက စပ်စုတတ်တဲ့လူ မဟုတ်ပါဘူး…”

ချင်မူက ခေါင်းညိတ်၍ သူ့ကို စက်ရုံအပြင်သို့ ထွက်စေလိုက်၏။ ထို့နောက် ဟူလင်းအာကို ပြောလိုက်သည်။ “ငါ့ကို လူသွားခေါ်ပေးဦး… ဒီနေရာကို နေရာရွှေ့ပြောင်းအလံ သုံးပြီး လာဖို့ ပြောလိုက်…”

ဟူလင်းအာက ခေါင်းညိတ်၍ ပြေးထွက်သွား၏။

အတန်ကြာသောအခါ ဟူလင်းအာ ပြန်ရောက်လာသည်။ “သခင်လေး၊ ဗိသုကာစံအိမ်သခင်နဲ့ လက်သမားစံအိမ်သခင်က အမြန်ဆုံး လာခဲ့မယ်လို့ ပြောလိုက်ပါတယ်…”

သူ့စကားအဆုံးတွင် အလံကြီးနှစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုအလံများ၏ အောက်၌ ကောင်းကင်နတ်ဆိုးဂိုဏ်းသား တစ်ရာစီ ပါလာသည်။ ဗိသုကာစံအိမ်သခင်နှင့် လက်သမားစံအိမ်သခင်တို့က သူတို့၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်လာ၏။

ချင်မူက စံအိမ်သခင်နှစ်ယောက်ထံ ပုံကြမ်းပေးပြီး မေးလိုက်သည်။ “ဒါကို ဆယ်ရက်အတွင်း အပြီးဆောက်နိုင်မလား…”

စံအိမ်သခင်နှစ်ယောက်က ပုံကြမ်းကို အကြိမ်ကြိမ်အထပ်ထပ် ကြည့်ပြီး လက်သမားစံအိမ်သခင်က ပြန်မေးလိုက်၏။ “ဂိုဏ်းသခင်က သံကိုယ်ထည်သင်္ဘော တည်ဆောက်ချင်တာလား… ဆေးမီးဖိုရဲ့ စွမ်းအားက အတော်လေးပြင်းမှ ရမယ်ထင်တယ်…”

ချင်မူ ပြုံးလိုက်သည်။ “ကျွန်တော်က ပန်းပဲပညာ နည်းနည်းတတ်လို့ စွမ်းအားပြင်းတဲ့ ဆေးမီးဖို သွန်းလုပ်နိုင်ပါတယ်… ဒါပေမဲ့ သင်္ဘောကျင်းက ဒီနေရာမှာ ဆယ်ရက်ပဲ နေခွင့်ပြုတာဆိုတော့ အတော်လေး လောလိမ့်မယ်… ဆယ်ရက်အတွင်း ပြီးအောင် လုပ်ရမှာ…. လုပ်နိုင်ပါ့မလား…”

ဗိသုကာစံအိမ်သခင်နှင့် လက်သမားစံအိမ်သခင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ချင်မူ့ကို ပြန်မေးလိုက်၏။ “ဂိုဏ်းသခင်က သင်္ဘောဘယ်နှစီး ဆောက်ချင်တာလဲ… ကျွန်တော်တို့ စံအိမ်နှစ်ခု ပေါင်းပြီး လုပ်ရင် ဆယ်ရက်အတွင်း သင်္ဘောငါးစီး ဆောက်နိုင်ပါတယ်… အဲထက်တော့ ပိုမဆောက်နိုင်ဘူး…”

ချင်မူ အံအားသင့်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “သင်္ဘောငါးစီးဆောက်ဖို့က မဟူရာသံနဲ့ မဟူရာကြေးနက် အလုံအလောက် မရှိဘူး…”

“ကျွန်တော်တို့ လက်သမားစံအိမ်နဲ့ ဗိသုကာစံအိမ်မှာ လိုတဲ့ပစ္စည်း အလုံအလောက် ရှိပါတယ်…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်၏။ “အဲဒါဆို ငါးစီး ဆောက်တာပေါ့…”

စံအိမ်သခင်နှစ်ယောက် လိုအပ်သော ပစ္စည်းများ ယူရန် တစ်မုဟုတ်ချင်း ထွက်ခွာသွားသည်။

ငါးရက်ကြာပြီးသောအခါ…။ ဖန်းယွင်ရှောင်မှာ ဤနေရာသို့ မကြာခဏရောက်လာသော်လည်း အထဲသို့ ဝင်မသွားရဲချေ။ လူအယောက်တစ်ရာခန့် တစ်ပြိုင်နက် အလုပ်လုပ်နေသည့်နှယ် အသံများ ကြားရသဖြင့် အထဲဝင်၍ အခြေအနေ အကဲခတ်လိုသော်လည်း ချင်မူ၏ စကားကို ပြန်ကြားယောင်ပြီး တွန့်ဆုတ်နေမိ၏။

နှင်းများက ဤနှစ်ရက်သုံးရက်အတွင်း ထူထပ်စွာ ကျဆင်းနေပြီး မြေပြင်တစ်ခုလုံး နှင်းထုကြီး ဖုံးလွှမ်းနေသည်။ မိုးလေဝသဌာနက ကောင်းကင်နတ်သိုင်းပညာရှင်များ စေလွှတ်၍ မြူနှင်းတိမ်တိုက်များ အရည်ပျော်အောင် လုပ်စေသော်လည်း မြို့ပြင်ရှိနှင်းထုကြီးက ပို၍ သိပ်သည်းထူထပ်၏။

ဖန်းယွင်ရှောင်၏ သိချင်စိတ်က ပို၍ ကြီးမားလာသည်။ သူ့နားရွက်များ ဆတ်ခနဲ ဆတ်ခနဲ တွန့်၍ ပါးပြင်ကို ဂနာမငြိမ်စွာ ကုတ်ဖဲ့မိ၏။ နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားသောအခါ ဖန်းယွင်ရှောင် ဆက်၍ သည်းမခံနိုင်တော့ဘဲ စိတ်ထဲမှ တွေးလိုက်သည်။ “နည်းနည်းလောက် ချောင်းကြည့်တာ ဘာပြဿနာမှ မရှိနိုင်လောက်ပါဘူး…”

သူ စက်ရုံတံခါးကို တွန်းဖွင့်၍ ခေါင်းထိုးပြီး ချောင်းကြည့်လိုက်၏။ ရုတ်တရက် မျက်စိရှေ့တွင် လက်ရှစ်ဖက်၊ မျက်နှာလေးခုရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်ထွက်လာပြီး သူ့လည်ကုပ်ကို ဖမ်းဆုပ်သွားသည်။ “ခွေးကောင်လေး… ဘာချောင်းကြည့်ချင်တာလဲ…”

ဖန်းယွင်ရှောင်မှာ ကမန်းကတန်း အော်ဟစ်လိုက်၏။ “ညီတော်ချင်၊ ငါပါ… ငါပါ…”

စက်ရုံထဲရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းသား အယောက်နှစ်ရာကျော်၏ အကြည့်များက အသံလာရာသို့ ကျရောက်သွားသည်။ ထို့နောက် ချင်မူ့ဘက် ခေါင်းလှည့်သွား၏။ “ဂိုဏ်းသခင်၊ ဒီလူက…”

ဖန်းယွင်ရှောင်မှာ ဤလူအားလုံးကို မြင်သောအခါ ထခုန်မိမတတ် တုန်လှုပ်သွားသည်။ သူတို့၏ အဝတ်အစားများကို သတိပြုမိသောအခါ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းပဲ… ငါ ဘာမှ မမြင်ဘူး… ငါ ဘာမှ မမြင်ဘူး… ဒါ ဘယ်နေရာလဲ… ဘာလို့ ငါ ဒီနေရာ ရောက်နေတာလဲ…”

ချင်မူက ဆေးမီးဖိုများ သွန်းလုပ်နေရာမှ ရုတ်ရုတ်သဲသဲ အသံများကြားသဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် စံအိမ်သခင်နှစ်ယောက်ကို ညွှန်ကြားလိုက်၏။ “ဆက်ပြီး ဆောက်… ဒီကိစ္စ ငါဖြေရှင်းလိုက်မယ်…”

ဖန်းယွင်ရှောင်မှာ လက်ရှစ်ဖက်၊ မျက်နှာလေးခု မိစ္ဆာနတ်ဘုရား၏ ဖမ်းချုပ်ထားခြင်း ခံရပြီး ဘေးနားတွင်လည်း နဂါးချီလင်တစ်ကောင် ရှိနေသဖြင့် ပြန်လှန်၍ မတုံ့ပြန်ဝံ့ပေ။ ချင်မူ့ကို ပြုံးပြလိုက်၏။ “ညီလေးချင်၊ ငါက လျှောက်သွားရင်း သတိမထားမိဘဲ ရောက်လာတာပါ… ဘာမှ မမြင်လိုက်ပါဘူး…”

“နော်တော်ဖန်း၊ အထဲ ဝင်မလာဖို့ ပြောခဲ့တာကို… အခုတော့ ကျွန်တော့်အတွက် အခက်တွေ့ရပြီ…” ချင်မူက လက်နှစ်ချောင်း ထောင်ပြ၍ ပြုံးကာ ပြောလိုက်သည်။ “ရွေးစရာနှစ်ခုရှိတယ်… နောင်တော်က သိုင်းလောကနဲ့ မစိမ်းတဲ့သူဆိုတော့ အဲရွေးစရာနှစ်ခုက ဘာလဲ သိမှာပါ…”

“ငါ ဝင်မယ်…” ဖန်းယွင်ရှောင်က အလုအယက် ပြောလိုက်၏။ “ဒီနေ့ကစပြီး ငါက ကောင်းကင်နတ်ဂိုဏ်းဝင်ပဲ…”

ချင်မူက တဟားဟားရယ်မော၍ တုထျန်းမိစ္ဆာဘုရင်ကို အောက်ချပေးရန် စေခိုင်းလိုက်သည်။ “ဒီနေ့ကစပြီး ကျွန်တော်တို့က ညီနောင်ရင်းချာတွေ ဖြစ်သွားပြီ…”

အိမ်ရှေ့မင်းသားနန်းဆောင်တွင် ကျောင်းတော်သားနှင့်တူသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အိမ်ရှေ့မင်းသား၏ နံဘေးသို့ တရောသောပါး ပြေးကပ်သွား၏။ “အရှင့်သား၊ မဟာအတိုင်ပင်ခံက တကယ်ဆုံးပါးသွားတာပါ… နန်ထိုနန်းဆောင်မှာလည်း ကိုယ်တော်တစ်ပါးမှ မကျန်တော့ဘူး… အကုန်ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ သေချာတယ်… ဖုန်းယွီပြည်နယ်ကလည်း နန်ထိုကျောင်းတော်တစ်ခုလုံး အပြတ်ရှင်းခံလိုက်ရတဲ့အကြောင်း မနေ့က သတင်းပို့လာတယ်… ဧကရာဇ်က အမျက်ဒေါသထွက်ပြီး စုံစမ်းဖို့ လူလွှတ်ပေမဲ့ ကျူးလွန်သူတွေရဲ့ သဲလွန်စ မတွေ့ရဘူး… အားလုံးကတော့ လိုလန်ရွှေနန်းတော်ရဲ့ လက်ချက်လို့ ပြောနေကြတယ်… အဲဒါကြောင့် ဧကရာဇ်က နှစ်သစ်ကူးပြီးရင် မဟာတံတိုင်းအပြင်ကို တပ်ဖွဲ့စေလွှတ်ဖို့ စဉ်းစားနေပါတယ်…”

အိမ်ရှေ့မင်းသား၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်နေပြီး ထရပ်လိုက်သည်။ “ဘာသဲလွန်စမှ မတွေ့ဘူး ဟုတ်လား… ခမည်းတော် မစုံစမ်းချင်တာပဲ ဖြစ်ရမယ်… ဒါ သေချာပေါက် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လက်ချက်ပဲ… မိစ္ဆာတွေရဲ့ အထွတ်အခေါင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းကသာ ဒါမျိုး လျှို့လျှို့ဝှက်ဝှက် လုပ်နိုင်မှာ… သူတို့ရဲ့ ကောင်းကင်နတ်မင်းနှစ်ပါး ဆုံးရှုံးထားတာဆိုတော့ သေချာပေါက် လက်စားပြန်ချေမှာပဲ… မဟာမိုးခြိမ်းသံကျောင်းတော်ကို မင်းသွားပြီး တထာဂတနဲ့ တွေ့ဆုံခွင့် တောင်းလိုက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်က ဘယ်သူလဲ ငါအတိအကျ သိချင်တယ်…”

အိမ်ရှေ့မင်းသားက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း အေးစက်စက် ထပ်ပြောလိုက်၏။ “နန်ထိုကျောင်းတော်ကလည်း ဗုဒ္ဓဘာသာရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတော့ တထာဂတက ထိုင်ကြည့်နေမှာ မဟုတ်လောက်ဘူး… မဟာအတိုင်ပင်ခံ ဆုံးပါးသွားပေမဲ့ မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ ငါတို့ အဆက်အသွယ် အပြတ်ခံလို့ မဖြစ်ဘူး၊ တထာဂတက ဧကရာဇ်အတိုင်ပင်ခံကို သဘောမကျတာဆိုတော့ ဝမ်းမြောက်ဝမ်းသာ ကူညီမှာပါ… သိုင်းလောကရဲ့ ဂိုဏ်းတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အိမ်ရှေ့မင်းသားက အသုံးမကျတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ သိအောင်၊ ကျန်တဲ့လူတွေ အကုန်လုံးအတွက် စံနမူနာ ဖြစ်အောင် လူတစ်ယောက်တော့ သတ်ပြရတော့မယ်… ငါ့လူကို ထိရဲတဲ့သူမှန်သမျှ အမြစ်ပြုတ်သုတ်သင်ခံရမယ်…”

All Chapters