နေလုံးမမြင်ရသောကောင်းကင်
Vol. 16 Ch. 218
“အရှင့်သား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက အဓိကဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ဂိုဏ်းပါ… ပြီးခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လုံး ဂိုဏ်းသခင်မရှိပေမဲ့ အထင်သေးလို့ မရပါဘူး…”
သက်လတ်ပိုင်းအရွယ်လူက ဆက်ပြောလိုက်သည်။ “ဒီလောက် နှစ်တွေအများကြီး ဂိုဏ်းသခင် မရှိတာတောင် ပျက်စီးမသွားဘဲ စွမ်းအားကြီးနေသေးတာဆိုတော့ သူတို့ ဘယ်လောက် စည်းလုံးတယ်ဆိုတာ သိနိုင်ပါတယ်… မဟာမိုးခြိမ်းသံကျောင်းတော်တို့၊ တာအိုဂိုဏ်းတို့ဆိုရင် တထာဂတ၊ တာအိုသခင် မရှိဘဲ နှစ်လေးဆယ် နေဝံ့ပါ့မလား… အရှင့်သား ကောင်းကင်နတ်ဆိုးဂိုဏ်းကို လျှော့တွက်ရင် တစ်ပန်းရှုံးပါလိမ့်မယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ခေါင်းခါယမ်းလိုက်၏။ “စိတ်မပူပါနဲ့… ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါ လျှော့မတွက်ပါဘူး… မဟာအတိုင်ပင်ခံစွန်းနန်ထို၊ နန်ထိုနန်းဆောင်က ကိုယ်တော်တွေနဲ့ နန်းထိုကျောင်းတော်ကို ဘာသတင်းမှ မထွက်ဘဲ သတ်ပစ်နိုင်တာ ကြည့်ရင် သူတို့ရဲ့ အင်အားက မသေးဘူးဆိုတာ သိနိုင်တယ်… ဒီလိုဂိုဏ်းမျိုးကို ငါဘာလို့ လျှော့တွက်မှာလဲ…”
သက်လတ်ပိုင်းအရွယ်လူမှာ နားမလည်နိုင် ဖြစ်သွားသည်။ အိမ်ရှေ့မင်းသားက ဆက်ပြောလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ ငါကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး… အထွတ်အမြတ်နယ်မြေ နှစ်ခုဖြစ်တဲ့ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် ပိုပြီး သူတို့နဲ့ ရန်ငြှိုးရှိတယ်… ဒီဂိုဏ်းကြီးနှစ်ဂိုဏ်းက မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်သီးဂိုဏ်းကို ဖယ်ရှားနိုင်မယ်ဆိုရင် ဘာမဆိုလုပ်မှာပဲ… အခွင့်အရေးမရသေးလို့သာ… တကယ်လို့များ…”
“တကယ်လို့များ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က အဲဒီဂိုဏ်းတွေနဲ့ အတိုက်အခံ မပြုတော့ဘူးဆိုရင်… တကယ်လို့များ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆက်မထောက်ခံတော့ဘူးဆိုရင်… တကယ်လို့များ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က ဧကရာဇ်အတိုင်ပင်ခံကို ထုတ်ပယ်ပစ်မယ်ဆိုရင်… တကယ်လို့များ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က သိုင်းဂိုဏ်းတွေနဲ့ တိုင်းနိုင်ငံတွေရဲ့ အားပြိုင်မှုကို လေထဲက မီးခိုးငွေ့တွေလို လွင့်ပါးပျောက်ကွယ်သွားစေမယ်ဆိုရင်… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က အဲဒီလို ဧကရာဇ်နဲ့ မဟာမိတ်ဖြစ်ချင်မယ်လို့ မင်းထင်သလား… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က ဒီလို ဧကရာဇ်ကို ထောက်ခံအားပေးနိုင်မလား…”
သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး သူ၏ အရှင်သခင်ကို မော့ကြည့်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက နက်နက်နဲနဲ စိုက်ကြည့်ပြီး အမူအရာ အပြောင်းအလဲမရှိ ပြောလိုက်၏။ “ငါ့ခမည်းတော်က ကြီးမြတ်တဲ့ စွမ်းရည်ဗျူဟာ ရှိပေမဲ့ ဧကရာဇ်အတိုင်ပင်ခံကို ယုံကြည်ကိုးစားလွန်း အားကြီးတယ်… အဲလိုယုံတော့ နန်းတွင်းရဲ့ တစ်ဝက်လောက်က ဧကရာဇ်အတိုင်ပင်ခံဘက်မှာ ဖြစ်နေပြီ… ငါတို့ လင်မိသားစုရဲ့အခြေ ယိုင်နဲ့တော့မယ်… ခမည်းတော်က ဧကရာဇ်အတိုင်ပင်ခံရဲ့ ဩဇာအာဏာကို ကြီးထွားခွင့် ပေးထားတာ၊ ဧကရာဇ်အတိုင်ပင်ခံသာ ပုန်ကန်ဖို့ ကြံစည်ရင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး… ဧကရာဇ်အတိုင်ပင်ခံကို ဒီအတိုင်း ဆက်ကြီးထွားခွင့်ပြုနေရင် လောကကြီးက ပြောင်းလဲသွားလိမ့်မယ်… နန်းဆက်အမွေဟာလည်း တစ်ပါးလက်ကို ကူးသွားလိမ့်မယ်….”
သူ့မျက်ဝန်းများက စူးရဲသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ငါတို့လင်မိသားစုရဲ့ တော်ဝင်မြင့်မြတ်တဲ့ အကြီးအကဲတွေအကုန်လုံး ဒီအချက်ကို မြင်တယ်… အဲဒါကြောင့်လည်း သတ္တမဦးရီးတော်က ငါ့ကို ထောက်ခံပံ့ပိုးတာပဲ… သတ္တမဦးရီးတော်က ဖျောင်းဖျပေမဲ့ ခမည်းတော်က ခေါင်းမာပြီး ဧကရာဇ်အတိုင်ပင်ခံကို ယုံကြည်ဖို့ပဲ ရွေးလိုက်တော့ သတ္တမဦးရီးတော်ရဲ့ မျှော်လင့်ချက်တွေက ငါ့အပေါ် ပုံကျလာတာ…”
အိမ်ရှေ့မင်းသားမှာ မကျေမချမ်း ဖြစ်လာပြီး ဝမ်းနည်းဒေါသဖြင့် ပြောလိုက်၏။ “သတ္တမဦးရီးတော်က တည်ထောင်သူဧကရာဇ်နဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထူထောင်ခဲ့တဲ့ လင်မိသားစုအကြီးအကဲပဲ… ဦးရီးတော်ဟာ တိုင်းပြည်သစ္စာဖောက်ဆိုတဲ့ နာမည်ကို ဂရုမစိုက်ဘဲ သိုင်းလောကရဲ့ ဂိုဏ်းတွေ၊ နေရာအနှံ့အပြားက အရာရှိမင်းတွေနဲ့ ဆက်သွယ်ခဲ့တယ်… အဲဒါတွေအားလုံးက ဧကရာဇ်အတိုင်ပင်ခံကို ဆွဲချဖို့၊ ငါ့အတွက် လမ်းဖောက်ပေးဖို့ပဲ… နှမြောစရာကောင်းတာက အားလုံး အလဟဿဖြစ်သွားရတယ်… သေပြီးတာတောင် ရုပ်အလောင်း အပြည့်အစုံ မရှိနိုင်ရှာဘူး… ဟိုမကောင်းဆိုးဝါး ဧကရာဇ်အတိုင်ပင်ခံက သူ့ခေါင်းကို ဖြတ်ပစ်တယ်… လူမှုဝန်းကျင် အလွှာအသီးသီးမှာလည်း သူ့ကို သစ္စာဖောက်လို့ ပြောနေကြတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားမှာ မျက်ရည်များ ကျဆင်းလာပြီး စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ “ငါတို့လင်မိသားစုရဲ့ တိုင်းပြည် ခမည်းတော်လက်ထဲ ပျက်စီးသွားမှာကို ထိုင်ကြည့်မနေနိုင်ဘူး… သစ္စာရှိတာနဲ့ မိဘကိုသိတတ်တာ နှစ်ခုစလုံး တစ်ပြိုင်နက် မဖြစ်နိုင်မှတော့ လင်မိသားစုကို သစ္စာရှိဖို့ပဲ ငါရွေးချယ်တော့မယ်… လုပ်ကိုလုပ်ရမဲ့ အရာတွေဆိုတာ မလုပ်ဘဲ ထိုင်နေလို့မရဘူး…”
သူက ဟိုမှသည် စိတ်လှုပ်ရှားစွာ လျှောက်သွားနေ၏။ “ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ… ငါ့ရဲ့ ညီတော်၊ ညီမတော်တွေက ကံကြမ္မာဆိုးကို မမြင်နိုင်ဘဲ မိန်းမောသာယာနေကြတုန်း… ခမည်းတော်က ဧကရာဇ်အတိုင်ပင်ခံကို အလုံးစုံ ပုံပေးထားပြီ၊ လင်မိသားစုသာ ထီးနန်းကနေ ကန်ချခံရရင် သူတို့အကုန်လုံး အမြစ်ပြတ်သုတ်သင်ခံရမှာပဲ… ဒါကို ငါ အဖြစ်မခံနိုင်ဘူး… အဲဒီမိစ္ဆာနတ်ဆိုး ဧကရာဇ်အတိုင်ပင်ခံ ငါတို့ အသိုက်အမြုံကို အပိုင်စီးသွားခွင့် မပြုနိုင်ဘူး… ဒါတွေအားလုံး တားဆီးဖို့အတွက် ငါ ဧကရာဇ်လုပ်ရတော့မယ်…”
သင်္ဘောကျင်းတွင်…။ ဗိသုကာစံအိမ်နှင့် လက်သမားစံအိမ်က ဆယ်ရက်တာကာလအတွင်း သင်္ဘောငါးစီး ဆောက်လုပ်ပြီးစီးသွားသည်။ အားလုံးက ချင်မူ သွန်းလုပ်ထားသည့် ဆေးမီးဖို ဆယ့်ငါးလုံးကို သင်္ဘောများတွင် တပ်ဆင်၍ ကြေးဝါသားရဲပိုက်များနှင့် ချိတ်ဆက်နေကြ၏။
ချင်မူက သင်္ဘောပျံပုံကြမ်းကို အနည်းငယ် ညှိယူ၍ အထားအသို ပြင်ဆင်ခဲ့သည်။ သင်္ဘောတစ်စီးတွင် ဆေးမီးဖိုသုံးလုံးစီ တပ်ဆင်ရ၏။ ကြေးဝါသားရဲပိုက်လည်း သုံးခုတပ်ဆင်ရပြီး သင်္ဘောအမြီးပိုင်းတွင် နှစ်ခု၊ အောက်အခြေတွင် တစ်ခု ထားရှိသည်။ ကြေးဝါသားရဲများ၏ ဦးခေါင်းက မည်သည့် အရပ်မျက်နှာကိုမဆို လှည့်၍ရ၏။
သင်္ဘောပျံ၏ ကိုယ်ထည်ကို သစ်သားမှ မဟူရာသံနှင့် မဟူရာကြေးနက်အဖြစ် ပြောင်းလဲလိုက်သဖြင့် အလေးချိန်က သိသိသာသာ မြင့်တက်သွားသည်။ ဆေးမီးဖိုတစ်ခုတည်းဖြင့် လေပေါ်သို့ ပျံအောင် မပင့်တင်နိုင်တော့ချေ။ သို့ဖြစ်၍ ချင်မူက ဆေးမီးဖို နှစ်ခု ထပ်ထည့်ထားခြင်း ဖြစ်၏။ ထို့အပြင် သင်္ဘောအောက်အခြေတွင် မီးလျှံများ ပန်းထုတ်နိုင်သော ကြေးဝါသားရဲပိုက် ထည့်ထားသဖြင့် မြေပြင်မှ ခွာချိန်နှင့် မြေပြင်သို့ သက်ဆင်းချိန်တွင် များစွာ ယိမ်းခါလှုပ်ယမ်းခြင်း မရှိတော့ချေ။
သံကိုယ်ထည်သင်္ဘောငါးစီးတွင် သုံးစီးက ကြီးမားပြီး နှစ်စီးက သေးငယ်သည်။ အရွယ်အစားအရ သေးငယ်သော်လည်း တည်ဆောက်ပုံ အသေးစိတ်ကတော့ အတူတူပင် ဖြစ်၏။
ချင်မူက သင်္ဘောပျံငါးစီးကို သစ်သားဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်ရအောင် ဆေးသုတ်ခိုင်းလိုက်သည်။ သို့မှသာ မြင်ရသူများအနေဖြင့် များစွာ အံ့ဩခြင်း မရှိတော့မည် ဖြစ်၏။
ဖန်းယွင်ရှောင်မှာ လွန်စွာ ဝမ်းသာအားရ ဖြစ်နေပြီး သင်္ဘောငါးစီးကြားတွင် ဟိုသည်လျှောက်လှမ်း ကြည့်ရှုနေသည်။ “ဂိုဏ်းသခင်၊ ဘယ်သင်္ဘောက ကျွန်တော့်ဟာလဲ…”
ချင်မူက သေးသော သင်္ဘောတစ်စီးကို ညွှန်ပြလိုက်သဖြင့် ဖန်းယွင်ရှောင်၏ မျက်နှာအမူအရာ တစ်မုဟုတ်ချင်း ရှုံ့မဲ့သွား၏။ “ကြီးတဲ့သင်္ဘော မရဘူးလား…”
“ကြီးတဲ့သင်္ဘောတွေက စစ်ပွဲမှာ စစ်သည်တွေ သယ်ပို့ဖို့နဲ့ တိုက်ခိုက်ဖို့… အမြန်နှုန်းက သင်္ဘောအသေးတွေလောက် မကောင်းဘူး…” ချင်မူက ရှင်းပြလိုက်သည်။ “မီးလျှံဓားပြ ဆက်လုပ်ချင်သေးတာဆိုရင် သင်္ဘောအသေးကို ရွေးတာ အကောင်းဆုံးပဲ… အကြီးလိုချင်ရင်တော့ ခရီးသည်တင်ဖို့ပဲ ရမယ်… ဒါပေမဲ့ သင်္ဘောကြီးတွေက စွမ်းအင်ဆေးတုံး ပိုကုန်တော့ ဒီလို အေးချမ်းနေတဲ့အချိန်မှာ ပိုက်ဆံများများ ရှာနိုင်မှာ မဟုတ်ဘူး…”
ဖန်းယွင်ရှောင်မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွား၏။ “အဲဒါဆိုရင်တော့ သင်္ဘောအသေးပဲ ယူတော့မယ်… ဒါနဲ့ နောက်သင်္ဘောအသေး တစ်စီးက ဘာလုပ်ဖို့လဲ…”
သင်္ဘောအသေးဟုသာ ပြောသော်လည်း များစွာ မသေးလှချေ။ အရှည်ကိုက်သုံးဆယ်၊ အကျယ်ဆယ်ကိုက်၊ အမြင့်ဆယ့်ငါးကိုက်ရှိပြီး လူအယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ဆန့်သည်။
ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကို အဝတ်အစားလဲ၍ သင်္ဘောကြီးသုံးစီးကို မောင်းထွက်သွားစေလိုက်၏။ ထို့နောက် သင်္ဘောအသေးကို နန်းတွင်းကောလိပ်သို့ ပို့စေလိုက်သည်။ “နှစ်သစ်ကူး ရောက်တော့မယ်ဆိုတော့ ကျွန်တော် သွားဖို့လာဖို့အတွက် ဒီသင်္ဘောကို သုံးရမယ်… စံအိမ်သခင်ဖန်း၊ ခင်ဗျားက အခု ကျွန်တော်တို့နတ်ဂိုဏ်းရဲ့ ဓားပြစံအိမ်သခင် ဖြစ်သွားပြီ… ဂိုဏ်းသခင်တစ်ယောက်အနေနဲ့ ဂိုဏ်သားတွေရဲ့ အသက်မွေးဝမ်းကြောင်းပညာကို ဘာမှ ပြောစရာ မရှိပါဘူး… လူတွေရဲ့ ကြွယ်ဝမှုကို ဓားပြတိုက်နိုင်တယ်၊ ဒါပေမဲ့ လူသတ်တာတို့၊ မုဒိမ်းကျင့်တာတို့တော့ မလုပ်ရဘူး…”
“ငါက တာအိုဂိုဏ်းကပါ… တာအိုသခင်ရဲ့ မောင်းထုတ်ခံခဲ့ရပေမဲ့ ငါတို့ မီးလျှံဓားပြတွေက လူ့အသက်ကို မသတ်သလို၊ မုဒိမ်းလည်း မကျင့်ပါဘူး… စိတ်မပူနဲ့… အသက်မွေးဝမ်းကျောင်းပညာရပ် သုံးရာ့ခြောက်ဆယ်မှာ ကိုယ်စီကျွမ်းကျင်သူတွေ ရှိတယ်… အကောင်းဆုံး ကြိုးစားလုပ်ဆောင်မှာပါ၊ ဂိုဏ်းသခင် စိတ်မပျက်စေရပါဘူး…”
ချင်မူ မှင်တက်မိသွား၏။ အတန်ကြာမှ လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။ ဖန်းယွင်ရှောင်က သင်္ဘောအသေးပေါ်သို့ ဝမ်းသာအားရ တက်သွား၏။ မီးလျှံဓားပြတစ်ဒါဇင်ကျော်က သင်္ဘောကို သစ်သားမြောင်းအတိုင်း အားကုန်တွန်းထုတ်သွားသည်။
အပြင်ဘက်တွင်တော့ ဆီးနှင်းကျဆင်းမှု ရပ်တန့်သွားပြီ ဖြစ်၏။ သို့သော်လည်း အေးစိမ့်လှသည့် ရာသီဥတုကြောင့် သင်္ဘောကျင်းထဲတွင် လူမရှိသလောက် ဖြစ်နေသည်။
ဖန်းယွင်ရှောင်က အော်ဟစ်လိုက်၏။ “မီးဖိုကို မီးညှိလိုက်တော့… သွားကြမယ်… ဒီသင်္ဘောက ငါတို့ရဲ့ တိမ်လိုက်သင်္ဘောအသစ်ပဲ… လူကောင်းဆက်မလုပ်တော့ဘူး၊ ငါတို့ရဲ့ မီးလျှံဓားပြအလံကို လွှင့်ထူလိုက်… အပြင်ဘက် မိုးကောင်းကင်ကြီးနဲ့ မရေမတွက်နိုင်တဲ့ စည်းစိမ်ဥစ္စာတွေ ဆီးကြိုနေပြီ…”
သံထည်သင်္ဘောက အပေါ်သို့ ခပ်နှေးနှေး မြင့်တက်၍ တဖြည်းဖြည်း အရှိန်မြန်လာသည်။ ရုတ်တရက် သင်္ဘောက လေထုကို ထိုးခွင်းသွားပြီး မီးလျှံဓားပြများ၏ အော်သံကို ချင်မူ ကြားလိုက်ရ၏။ “အေးလိုက်တာ၊ အေးလိုက်တာ… ခေါင်းဆောင်ဖန်း၊ သင်္ဘောကုန်းပတ်ပေါ်မှာ ရပ်မနေနဲ့… အထဲမှာ နွေးတယ်…”
သူတို့ ထွက်သွားပြီးနောက် ချင်မူ နဂါးချီလင်၊ ဟူလင်းအာ၊ တုထျန်းမိစ္ဆာဘုရင်တို့ကို ခေါ်ဆောင်၍ ရွှေမြို့တော်သို့ ပြန်လာလိုက်သည်။
ပြီးခဲ့သည့်ရက်များအတွင်း ဆီးနှင်း ထူထပ်စွာ ကျဆင်းခဲ့သည့်အတွက် ယခုအချိန်တွင် ရပ်တန့်သွားပြီ ဖြစ်သော်လည်း ကောင်းကင်တစ်ခွင်၌ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းနေဆဲ ရှိ၏။ လေအေးများ တရွှီရွှီ တိုက်ခိုက်ပြီး နေရောင်မမြင်ရသဖြင့် အရာရာ အေးခဲနေသည်။
“နေရာင်မမြင်ရတာ ဆယ်ရက်ရှိပြီ…” ဟူလင်းအာက ကောင်းကင်ကို မော့ကြည့်၍ ပြောလိုက်၏။
သူက စက်ရုံထဲတွင် အငြိမ်ထိုင်မနေနိုင်ဖြင့် မကြာခဏ အပြင်ထွက်သွားလေ့ရှိသည်။
ချင်မူ မှင်တက်မိသွား၏။ ပြီးခဲ့သည့် ဆယ်ရက်စလုံး နေရောင် လုံးဝမမြင်ရသည်တဲ့လား။ ကြည့်ရသည်မှာ ဆီးနှင်းများ ထူထပ်သိပ်သည်းလွန်းသဖြင့် နှင်းကျရပ်သွားသည့်အချိန်တွင်ပင် နေလုံး မထွက်လာနိုင်သေးခြင်း ဖြစ်မည်။
သူ များစွာ တွေးမနေတော့ချေ။ ယခုက နှစ်သစ်ကူးနား နီးသည်ထက် နီးလာသဖြင့် မြို့တော်တစ်ခွင်လုံး မီးပုံးများ၊ စာတန်းဆိုင်းဘုတ်များ အလှဆင်၍ နှစ်သစ်ကူး အရိပ်အငွေ့များ လွှမ်းခြုံနေ၏။ ချင်မူ မြို့ထဲသို့ ရောက်သောအခါ ကောင်းကင်ယံသို့ ပျံတက်သွားသော သင်္ဘောပျံများကို မြင်တွေ့ရသည်။ သင်္ဘောပေါ်၌ စစ်သည်များအပြင် နန်းတွင်းမှ ဝန်းမင်းအချို့လည်း ပါ၏။ အဘယ်အကြောင်းကြောင့်မှန်း သူ သိချင်မိသွားသည်။
“ကြည့်ရတာ စစ်ပွဲဆင်နွှဲဖို့များလား…”
ချင်မူက ခေါင်းမော့ကြည့်လိုက်သော်လည်း ဒါဇင်ချီသော သင်္ဘောပျံများက မြင့်သည်ထက် မြင့်တက်သွားသည်ကိုသာ မြင်ရ၏။ အလျားလိုက် ရှေ့သို့ ပျံသန်းသွားရမည့်အစား အပေါ်သို့သာ တက်သွားသဖြင့် သူအံ့အားသင့်မိသွားသည်။
နန်းတွင်းကောလိပ်သို့ ပြန်ရောက်သောအခါ နှစ်သစ်ကူးနှင့် ပတ်သက်၍ ပြောဆိုနေကြသော ကျောင်းတော်သားများစွာကို တွေ့ရ၏။ မည်သူကမျှ ဝန်မင်းများ တိမ်တိုက်ထဲသို့ ပျံတက်သွားသည့်အကြောင်း ပြောမနေကြချေ။ အချို့ကျောင်းတော်သားများကတော့ ကျောင်းတော်သားအိမ်ရာရှေ့တွင် ဆိုက်ကပ်ထားသော သင်္ဘောပျံအကြောင်း ပြောဆိုနေကြသည်။
“ဘယ်လို သူဌေးသားကများ သင်္ဘောပျံစီးနိုင်တာလဲ မသိဘူး…”
နောက်တစ်နေ့ ရောက်သည့်အခါတွင်လည်း ကောင်းကင်ယံက ညို့မှိုင်းဆဲသာ ရှိ၏။ ကူလင်းနွမ်က နန်းတွင်းကောလိပ်ရှိ ကျောင်းတော်သားအားလုံးကို ဆင့်ခေါ်၍ ကြေညာလိုက်သည်။ “ဧကရာဇ်က နှစ်သစ်ကူးကျောင်းပိတ်ရက် သတ်မှတ်ပေးလိုက်ပြီ… အခု မင်းတို့အားလုံး အိမ်ပြန်လို့ရပြီ…”
တောင်ထွတ်တစ်ခုလုံး ဝမ်းသာအားရ အော်ဟစ်သံများ ဖုံးလွှမ်းသွား၏။
ချင်မူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သောအခါ နောက်ထပ်သင်္ဘောပျံများ အထက်အမြင့်သို့ ပျံတက်သွားကြောင်း တွေ့ရသည်။
ထိုအချိန်တွင် တိမ်လိုက်ဓားပြသင်္ဘောပေါ်၌…။ ဖန်းယွင်ရှောင်သည် သင်္ဘောထိပ်ဦးတွင် ရပ်၍ တဆတ်ဆတ်တုန်နေပြီး နှာခေါင်းထက်မှာ ရေခဲချွန်ကို ဖယ်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ “ဒုတိယညီလေး၊ ငါတို့ အခု ဘယ်ရောက်နေပြီလဲ…”
မီးလျှံဓားပြတစ်ယောက်က အောက်သို့ငုံကြည့်၍ ပထဝီဝင်အနေအထားကို သုံးသပ်ပြီး ပြောလိုက်သည်။ “လီမြစ်ကို ရောက်နေပြီ…”
“ဘာလို့ လီမြစ်မှာလည်း နှင်းကျရတာလဲ…”
ဖန်းယွင်ရှောင် အံ့အားသင့်သွား၏။ ဖွေး ဖွေးဖြူနေသော တောင်တန်းများကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ “ပုံမှန် မဟုတ်တော့ဘူး… လီမြစ်က တောင်ဘက်နယ်စပ်ရဲ့ အစွန်ဆုံးမှာ ရှိတာ… ဆောင်းအကျဆုံး အချိန်တောင် ဘာမှ ရှိတာမဟုတ်ဘူး… ဒီနှစ်တော့ ဒီနေရာတစ်ခုလုံးတောင် နှင်းဖုံးနေပါလား…”
မီးလျှံဓားပြများက သင်္ဘောဝမ်းထဲမှ တက်လာပြီး အောက်ငုံ့ကြည့်ကာ စုတ်တသပ်သပ် ဖြစ်သွား၏။
ရုတ်တရက် ဖန်းယွင်ရှောင်၏ အမူအရာ ပျက်ယွင်းသွားပြီး ကမန်းကတန်း မေးလိုက်သည်။ “ငါတို့က မြို့တော်နဲ့ မိုင်ထောင်ချီ ဝေးလာပြီ မဟုတ်ဘူးလား… ဘာလို့ အခုထိ နေလုံး မမြင်ရသေးတာလဲ…”
ဒါဇင်ချီသော ဓားပြများမှာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ ခေါင်းခါယမ်းလိုက်ကြ၏။
ဖန်းယွင်ရှောင်က သက်ပြင်းတစ်ချက် ရှိုက်သွင်းပြီး ကောင်းကင်ယံမှ တိမ်စိုင်မည်းကြီးကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ “မိုင်ထောင်ချီ ဖုံးလွှမ်းနေတဲ့ တိမ်တိုက်… ဒီခွေးသူတောင်းစားက သာမန်တိမ်တိုက် ဟုတ်နိုင်ပါ့မလား… ဒီနှင်းတွေကလည်း တောင်ဘက်နယ်စပ်ထိတောင် ကျနေတာ… လာမဲ့နှစ်က အေးချမ်းတဲ့ကာလ မဟုတ်တော့ဘူး၊ နေရာအနှံ့ ငတ်ပြတ်နေတဲ့သူတွေနဲ့ ကပ်ဆိုက်တဲ့နှစ် ဖြစ်တော့မယ်… လူတွေငတ်ပြီး စားစရာ မရှိတော့ရင် ဆူပူသောင်းကျန်းကုန်လိမ့်မယ်… ဒီနှစ်တွေမှာ အေးချမ်းသွားပြီမို့လို့ ငွေတွေအများကြီး ရှာနိုင်တော့မယ် ထင်နေတာ… ဒုတိယညီလေး၊ ဆေးမီးဖိုကို အဆုံးထိ မီးရှိန်တင်လိုက်တော့… တောင်ဘက်ကို သွားကြစို့…”
နှစ်နာရီကျော် ကြာပြီးသောအခါ တိမ်လိုက်ဓားပြသင်္ဘောက တောင်ဘက်နယ်စပ်ကို လွန်မြောက်၍ တောင်ပင်လယ် အထက်ကောင်းကင်သို့ ရောက်ရှိသွား၏။ ရုတ်တရက် သူတို့ရှေ့ရှိ စူးရှတောက်ပသော အလင်းရောင်ကြောင့် မျက်စိများ မဖွင့်နိုင် ဖြစ်သွားသည်။ ထိုနေရာသို့ ပျံသန်းသွားသောအခါ တရှိန်ရှိန် လင်းလက်တောက်ပနေသော နေလုံးကြီးကို တွေ့လိုက်ရ၏။ နေရောင်က ပင်လယ်ပြင်ထက်တွင် တဖျတ်ဖျတ် လက်နေသည်။
ဖန်းယွင်ရှောင် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ လေအေးများ တစ်ဝကြီး ရှိုက်သွင်းမိသွား၏။
အလွန်တရာ ကြီးမားလှသော တိမ်စိုင်မည်းကြီး တစ်ခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နယ်နိမိတ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
နန်းတွင်းကောလိပ်တွင်…။ ချင်မူက အထုပ်အပိုးများ ထည့်၍ မဟာမြို့ပျက်သို့ ပြန်ရန် ပြင်ဆင်နေ၏။ အဆောင်မှူးဆရာတစ်ယောက်က အပြေးရောက်လာပြီး အော်ပြောလိုက်သည်။ “ကျုံးစန်းအရာရှိ၊ ဧကရာဇ်က ဆဋ္ဌမအဆင့်နဲ့အထက် နန်းတွင်းအရာရှိတွေအားလုံး နန်းတွင်းညီလာခံကို လာတက်ရမယ်လို့ အမိန့်စကား ပါးလိုက်တယ်… မတက်တဲ့လူ ပြစ်ဒဏ်ပေးခံရမယ်တဲ့…”
ချင်မူ အထုပ်အပိုးများကို ချ၍ ဟူလင်းအာကို ပြောလိုက်၏။ “မင်းတို့ ဒီမှာ စောင့်နေကြဦး… ငါ နန်းတော်ထဲ တစ်ချက်သွားကြည့်လိုက်ဦးမယ်…”
ဤသည်က သူ့အတွက် နန်းတွင်းညီလာခံသို့ ပထမဆုံးအကြိမ် တက်ဖူးခြင်း ဖြစ်သည်။ ညီလာခံခန်းမသို့ ရောက်သောအခါ လူအုပ်ကြီးက ဆီးကြိုနေချေ၏။ ထောင်ချီသော နန်းတွင်းအရာရှိများမှာ တိုးဝှေ့နေရသည်။ ကံကောင်းထောက်မ၍ ဧကရာဇ်၏ ညီလာခံသဘင် ကျင်းပရာခန်းမက များစွာကျယ်ဝန်းခြင်း ဖြစ်၏။
ဧကရာဇ်ယန်ဖုန်းက ပလ္လင်ထက်တွင် ထိုင်နေပြီး သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်သော သွင်ပြင် ရှိနေသည်။ မကြာခဏ ဆိုသလိုလည်း မေးမြန်းနေ၏။ “ဧကရာဇ်အတိုင်ပင်ခံ ရောက်ပြီလား…”
ဧကရာဇ်အတိုင်ပင်ခံ ရောက်မလာသေးကြောင်း သိရသည့်အခါ ဧကရာဇ်ယန်ဖုန်း၏ မျက်နှာထက်မှ စိုးရိမ်ပူပန်သည့် အသွင်က ပို၍ ဆိုးရွားလာသည်။
အတန်ကြာပြီးသောအခါ ဧကရာဇ်ယန်ဖုန်းက ချောင်းတစ်ချက်ဟန့်၍ ပြောဆိုလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံကို ထပ်မစောင့်တော့ဘူး… ဝန်မင်းတွေ၊ ဒီဆယ်ရက်အတွင်းမှာ နေရောင်မမြင်ကြရဘူး မဟုတ်လား… ငါကိုယ်တော်လည်း နေရောင်မမြင်ရဘူး… ငါကိုယ်တော်တင်မက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ခုလုံး နေရောင်မမြင်ရတာ ဆယ်ရက်ရှိပြီ… တိုင်းပြည်အနှံ့မှာလည်း နှင်းတွေကျနေတဲ့အကြောင်း သတင်းပို့လာကြတယ်… မြောက်ဘက်သဲကန္တာရကနေ တောင်ဘက်ကောင်းကင်ယံအထိ၊ အရှေ့ဘက်နေထွက်ကျွန်းကနေ အနောက်ဘက်လျှို့ဝှက်ရေတံခါးထိ နှင်းတွေကျနေတာ ခြောက်ရက်၊ ခုနစ်ရက်လောက် ရှိပြီ…”
ဧကရာဇ်က နဂါးပလ္လင်ထက်မှ ထရပ်၍ တဆတ်ဆတ် တုန်ရီနေသော လက်ညှိုးဖြင့် အထက်ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ “ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နယ်နိမိတ်တစ်ခုလုံးကို တိမ်တိုက်ကြီးတစ်ခုက ဖုံးလွှမ်းထားတယ်…”