မိုးလေဝသတိုက်ခိုက်မှု
Vol. 16 Ch. 219
သူ့စကားအဆုံးတွင် ခန်းမတစ်ခုလုံး ကြွက်စီကြွက်စီ ဆူညံသွား၏။ တိမ်တိုက်တစ်ခုတည်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နယ်နိမိတ်တစ်ခုလုံးကို ဖုံးလွှမ်းရန်မှာ မည်သို့မျှ မဖြစ်နိုင်သော်လည်း ယခု ဖြစ်နေချေပြီ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အရှေ့အနောက် မိုင်ကိုးသောင်း၊ တောင်မြောက် မိုင်ရှစ်သောင်း ကျယ်ဝန်းသည်။ ယခု အင်ပါယာနယ်နိမိတ်တစ်ခုလုံး ခြောက်ရက်၊ ခုနစ်ရက်ဆက် နှင်းကျနေသည်မှာ မည်သို့မျှ မဖြစ်နိုင်သောအရာ ဖြစ်၏။
ကောင်းကင်နတ်သိုင်းပညာရှင်များတွင် လေမိုးဆင့်ခေါ်နိုင်သည့် စွမ်းရည်ရှိသော်လည်း နေရာကွက်ကွက်လေးသာ မိုးရွာအောင်၊ လေတိုက်အောင် ပြုလုပ်နိုင်သည်။ ဤသို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ခုလုံး သက်ရောက်သည့် မှော်အစီအရင်မျိုးကို ထိန်းချုပ်အသုံးပြုနိုင်စွမ်း မရှိပေ။
သို့သော်လည်း ဤသည်က သဘာဝကပ်ဘေး မဟုတ်။ ရွှေမြစ်၏ တောင်ဘက်တွင် နှင်းကျခဲ၏။ မာန်ဟုန်မြစ်၏ တောင်ဘက်တွင် မိုးကျနှင်းကျသည့် ရာသီဥတုမျိုး ရှိရန် ပိုမဖြစ်နိုင်သေး၏။ ထို့အပြင် လီမြစ်မှာ ရာသီအားလုံး နွေရာသီ ဖြစ်၍ နှင်းကျရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ယခုတော့ အင်ပါယာတစ်ခုလုံးတွင် နှင်းများ ကျဆင်းနေသည်။
ဧကရာဇ်ယန်ဖုန်းက ချောင်းတစ်ချက်ဟန့်လိုက်သဖြင့် ဝန်မင်းများအားလုံး တိတ်ကျသွား၏။ “စိုက်ပျိုးရေးဝန်မင်း၊ ဒီလိုနှင်းကျတာမျိုးက ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲဆိုတာ မသိတဲ့ ဝန်မင်းတွေ ရှိလိမ့်ဦးမယ်… သူတို့ကို ရှင်းပြလိုက်ဦး…”
ဝန်မင်းအိုတစ်ပါးက နေရာမှ ရှေ့ထွက်လာသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စိုက်ပျိုးရေးဝန်မင်း ဖြစ်၏။ ဧကရာဇ်ကို ဦးညွှတ်အရိုအသေပြုရင်း ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဝန်မင်းတို့… ဒီဆီးနှင်းကပ်ဘေးက မြောက်ပိုင်းရွာတွေရဲ့ သီးနှံရိတ်သိမ်းမှုကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး၊ သူတို့က ဆောင်းရာသီနှင်းထုနဲ့ အသားကျနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိပြီးသားပါ… အဓိကကျတာတော့ တောင်ပိုင်းပဲ… ဒီနှင်းထုကြီးကျတာ ပြီးသွားရင် တောင်ပိုင်းရွာတွေအကုန်လုံး နှင်းထုကြောင့် ကောက်ပဲသီးနှံစိုက်ခင်းတွေ ပြောင်တလင်းခါသွားလိမ့်မယ်… နောက်နှစ်ရောက်တဲ့အခါ ရိတ်သိမ်းစရာ ဘာမှကျန်တော့မှာ မဟုတ်ဘူး…”
ဘဏ္ဏာရေးဝန်ကြီးက အဆောတလျင် မေးမြန်းလိုက်၏။ “စိုက်ပျိုးရေးဝန်မင်း၊ တောင်ပိုင်းဆိုတာက…”
“ရွှေမြစ်ရဲ့ တောင်ပိုင်းတစ်ခြမ်းလုံးပဲ…”
ဝန်မင်းအားလုံး လေအေးများ ရှိုက်သွင်းလိုက်မိကြသည်။ ချင်မူပင် တုန်လှုပ်သွား၏။
သူ့တွင်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြေပုံရှိသည်။ ရွှေမြစ်က မဟာမြို့ပျက်မှ မြစ်ဖျားခံ၍ အရှေ့ဘက်သို့ မိုင်သောင်းချီ ခရီးဆန့်ကာ သမုဒ္ဒရာထဲထိ စီးဝင်၏။
ရွှေမြစ်၏ တောင်ပိုင်းနယ်မြေမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သုံးပုံနှစ်ပုံရှိသည်။
ဆိုလိုသည်မှာ အင်ပါယာ၏ နယ်မြေသုံးပုံနှစ်ပုံတွင် ကောက်ပဲသီးနှံရိတ်သိမ်းနိုင်ခြင်း ရှိတော့မည်မဟုတ်။
“ဒါက… အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့အနေနဲ့ နယ်မြေအသီးသီးက စားနပ်ရိက္ခာတွေကို တောင်ပိုင်းကို ပို့ပြီး ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်…” အမှုထမ်းရေးရာဝန်မင်းက ရှေ့ထွက်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။ “တောင်ပိုင်းက စစ်ပွဲပြီးခါစ ဖြစ်တဲ့အတွက် စီရင်စုအတော်များများက ကယ်ဆယ်ရေးနဲ့ အကူအညီတွေ လိုအပ်နေပါသေးတယ်… အခုအချိန်ကတည်းက စားနပ်ရိက္ခာတွေ ပြတ်လပ်နေလောက်ပါပြီ… အရှင်မင်းကြီးအနေနဲ့ ပြည်သူတွေ ကပ်ဘေးက လွတ်မြောက်အောင် မြောက်ပိုင်းက စားနပ်ရိက္ခာတွေ တင်ပို့ပေးတော်မူပါ…”
စိုက်ပျိုးရေးဝန်မင်းက သက်ပြင်းချလိုက်သည်။ “အခုလောလောဆယ်မှာ ဘာကိုမှ တင်ပို့ပေးလို့ မဖြစ်သေးဘူး… ဝန်မင်းတို့ သိချင်မှ သိလိမ့်မယ်… စစ်ပွဲကြောင့် စားနပ်ရိက္ခာက ပြတ်လပ်နေပြီ… အခုအချိန် တောင်ပိုင်းကို စားနပ်ရိက္ခာတွေ ပို့လိုက်ရင် ငတ်ပြတ်နေသူတွေ စားသောက်ပစ်တာနဲ့ ကုန်ခန်းသွားမှာပဲ… စားနပ်ရိက္ခာတွေ ကုန်သွားရင် စိုက်စရာပျိုးစရာတောင် ကျန်မှာ မဟုတ်တော့တဲ့အပြင် ဆောင်းဝင်လာတဲ့အချိန်အတွက်လည်း စားစရာ ကျန်တော့မှာ မဟုတ်ဘူး… အမှုထမ်းရေးရာဝန်မင်း၊ ငတ်ပြတ်နေတဲ့သူတွေမှာ စားစရာ ဘာမှမရှိတော့ရင် လူသားစစားလာလိမ့်မယ်…”
“အဲဒါဆို တောင်ပိုင်းကလူတွေကို ငတ်ပြီးသေအောင် ထားတော့မှာလား…”
စိုက်ပျိုးရေးဝန်မင်းက ပြောလိုက်၏။ “စားနပ်ရိက္ခာတွေက တောင်ပိုင်းကို ပို့ရမှာပါ… ဒါပေမဲ့ ပမာဏ ကန့်သတ်ပြီး ပို့ရမယ်… မသေရုံလောက်ပဲ ပေးမယ်… တကယ်တမ်းတော့ တောင်ပိုင်းမှာ စားနပ်ရိက္ခာ သိုလှောင်ထားတာတွေ ရှိတယ်… ဒါပေမဲ့ အကုန်လုံးက အထက်တန်းလွှာမိသားစုတွေနဲ့ မြေပိုင်ရှင်ယာပိုင်ရှင်တွေ ပိုင်ဆိုင်ထားတာ… သူတို့ရဲ့ ရိက္ခာကို သွားထိမိရင် ကပ်ဘေးဒုက္ခသည်တွေကို ပုန်ကန်ထကြွအောင် သွေးထိုးမှာ စိုးရိမ်ရတယ်… အရှင်မင်းကြီး…”
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အမူအရာ ပေါ်ထွက်လာပြီး ပြောလိုက်သည်။ “အထက်တန်းလွှာမိသားစုတွေနဲ့ မြေပိုင်ရှင်ယာပိုင်ရှင်တွေရဲ့ စားနပ်ရိက္ခာကိစ္စကို ငါ နည်းလမ်းရှာဦးမယ်… ဆက်ပြော…”
“မှန်လှပါ… တောင်ပိုင်းတင်မကပါဘူး၊ တခြားကပ်ဘေးကြီးကလည်း ကျွန်တော်မျိုးတို့အပေါ်မှာ အုပ်မိုးနေပါတယ်…” စိုက်ပျိုးရေးဝန်မင်းက လျှောက်တင်လိုက်၏။ “မြောက်ပိုင်းက ဆောင်းတွင်းဆိုရင် အေးတာ ပုံမှန်ပေမဲ့ ဒီနှစ်က အရင်ထက် ပိုအေးပါတယ်… လယ်သမားတွေက အနွေးဓာတ်ရအောင် သစ်ပင်တွေခုတ်ပြီး မီးလှုံနေကြပြီ… ဒီအတိုင်းဆိုရင် သစ်တောတွေ ပြုန်းပြီး လွင်တီးခေါင် ဖြစ်တော့မယ်… မြောက်ပိုင်းအနေနဲ့ သစ်ပင်တွေခုတ် မီးလှုံပြီး အအေးဒဏ်ကို အံတုနိုင်ပေမဲ့ တောင်ပိုင်းရဲ့ လက်ရှိအခြေအနေကို မြင်ယောင်ကြည့်နိုင်ပါတယ်… တောင်ပိုင်းက သစ်ပင်တွေသာ အပြောင်ရှင်းခံလိုက်ရရင် တောင်ပြို၊ မြေပြို၊ ရေလွှမ်းတာတွေ အတောမသတ်အောင် ဖြစ်လာပါလိမ့်မယ်…”
“သဘာဝကပ်ဘေးကြောင့် လူလုပ်ကပ်ဘေး ဖြစ်လာနိုင်တယ်၊ လူလုပ်ကပ်ဘေးကြောင့် နောက်ထပ်သဘာဝကပ်ဘေးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်… ဒါပေမဲ့ ကပ်ဘေးဒုက္ခသည်တွေကို အနွေးဓာတ်ရအောင် ထင်းခုတ်ခွင့် မပြုပြန်ရင်လည်း အေးခဲသေဆုံးသူတွေ မရေမတွက်နိုင်အောင် ဖြစ်သွားပါလိမ့်မယ်…”
ဧကရာဇ်ယန်ဖုန်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ညီလာခံအတွင်းရှိ ဝန်မင်းများလည်း တိတ်ကျသွား၏။ တိတ်ဆိတ်လွန်းသဖြင့် အသက်ရှူသံများကပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာသည်။ မီးလှုံရန် ထင်းမခုတ်လျှင်လည်း လယ်သမားများအတွက် အေးခဲသေဆုံးရန်သာ ရှိ၏။ ခုတ်ပြန်လျှင်လည်း ဆင့်ကဲကပ်ဘေးများက ဆီးကြိုနေသည်။
ဆီးနှင်းကပ်ဘေးတစ်ခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ တိုင်းပြည်ကြီးတစ်ခုကို ရွေးချယ်ရခက်သည့် အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့၏။
စိုက်ပျိုးရေးဝန်မင်းက ဆက်၍ လျှောက်တင်လိုက်သည်။ “အဓိကကျတဲ့အချက်က ဒီအခြေအနေအတိုင်း ဘယ်လောက်ကြာမလဲ မသိတာပါပဲ… တစ်ပြည်လုံးကို အုပ်မိုးနေတဲ့ မိုးတိမ်မည်းကြီးသာ ရက်ပိုင်းအတွင်း ပြယ်လွင့်ပျောက်ကွယ်သွားမယ်ဆိုရင် အထိအခိုက် အဆုံးအရှုံးနည်းအောင် လုပ်နိုင်ပါတယ်… မဟုတ်ရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်…”
“ငါ… နားလည်ပြီ…” ဧကရာဇ်ယန်ဖုန်းက နောက်သို့ ခပ်လျော့လျော့ မှီထိုင်လိုက်မိ၏။ “ကဲ ငါ့ရဲ့ ဝန်မင်းတွေ… ဒီအခြေအနေက ဘယ်လောက်အန္တရာယ်ကြီးသလဲ နားလည်ကြပြီ မဟုတ်လား… အစောပိုင်း တိုင်းပြည်သစ္စာဖောက်တွေ ပုန်ကန်တုန်းက ငါကိုယ်တော် မစိုးရိမ်သလို အလေးလည်း မထားခဲ့ဘူး… သူတို့ လုပ်ရပ်က ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘဲ ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါကိုယ်တော်ရဲ့ဝန်မင်းတွေ သုတ်သင်ရှင်းလင်းတာ ခံကြရမှာကို သိမြင်ပြီးသား… ဒါပေမဲ့ ဒီတိမ်တိုက်နဲ့ ဆီးနှင်းကပ်ဘေးက ငါတို့ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာကို ဖျက်ဆီးတော့မယ်… ဝန်မင်းတွေ၊ မင်းတို့မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိကြသလား…”
ဝန်မင်းအားလုံး တိတ်ကျသွားသည်။ သူတို့၏ ထူးချွန်ထက်မြက်သည့် အရည်အချင်းနှင့်ပင် ဤတိမ်တိုက်ကို မှုတ်ထုတ်၍ နှင်းထုကို အရည်ပျော်အောင် မလုပ်နိုင်ကြသည် မဟုတ်လား။
ဧကရာဇ်ယန်ဖုန်းက သူ၏ ဝန်မင်းများကို ကြည့်၍ ဒေါသဖြစ်လာသကဲ့သို့ ပူပန်ကြောင့်ကြလည်း ဖြစ်လာ၏။ ဆီးနှင်းထုနှင့် မိုးတိမ်တိုက်တစ်ခုက သူတို့ နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့ရသော ဤတိုင်းပြည်ကို ဖျက်ဆီးတော့မည်။
အရပ်ဘက်ဝန်မင်းတစ်ယောက်က လျှောက်တင်လိုက်သည်။ “ဒါက ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသသင့်တာလို့ ကျွန်တော်မျိုး ထင်ပါတယ်…”
ဧကရာဇ်ယန်ဖုန်းမှာ ဒေါသအိုးပေါက်ကွဲသွား၏။ “အခုချက်ချင်း ဆွဲထုတ်ပြီး သတ်ပစ်စမ်း…”
ထိုဝန်မင်းမှာ ကမန်းကတန်း ဒူးထောက်ချ၍ အော်ဟစ်လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ ကောင်းကင်ဘုံမှာ ကောင်းကင်ဘုံဥပဒေသ ရှိပါတယ်… ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက ကောင်းကင်ဘုံဥပဒေသကို ပြောင်းလဲစေတဲ့အတွက် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ပြည်သူပြည်သားတွေ ခံစားရတာပါ၊ အရှင်မင်းကြီး…”
“လာကြစမ်း…” ဧကရာဇ်ယန်ဖုန်းမှာ အကြီးအကျယ် ဒေါသထွက်နေ၏။ “တိုင်းပြည်မှာ ကပ်ဘေးကျနေပါတယ်ဆိုမှ မင်းက လူတွေကို အလိမ်အညာနဲ့ လှည့်စားချင်နေသေးတယ်… ဒီကောင့်ကို အခု မကွပ်မျက်သေးဘူးလား… ငါကိုယ်တိုင် ကွပ်မျက်ရမှာလား…”
ညီလာခံခန်းမအတွင်းရှိ အစောင့်များက ထိုဝန်မင်းကို ဆွဲထုတ်သွားသည်။ သူ၏ အော်သံက တဖြည်းဖြည်း ဝေးသွား၏။
ဧကရာဇ်ယန်ဖုန်းက ဒေါသကို ချုပ်တီးရင်း ကြောင့်ကြမကင်းစွာ ဟိုမှသည် လမ်းလျှောက်နေသည်။ “အလုပ်လုပ်နိုင်တဲ့ ဝန်မင်းတွေပဲ ငါကိုယ်တော် လိုချင်တယ်… သူများကို ဘယ်လို ချောက်ချရမလဲပဲသိတဲ့ ဦးနှောက်မဲ့ရုပ်သေးတွေ မလိုချင်ဘူး… ဒီပြုပြင်ပြောင်းလဲမှုက ငါကိုယ်တော်ရဲ့ ဆန္ဒပဲ၊ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဆန္ဒမဟုတ်ဘူး… ကောင်းကင်ဘုံက ဒေါသထွက်တယ်ဆိုလည်း ငါကိုယ်တော်ကိုပဲ ဒေါသထွက်၊ ငါကိုယ်တော်ကိုပဲ ပြစ်ဒဏ်ခတ်လိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံက စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်မင်းပဲ… နှစ်ငါးရာ မပြောနဲ့ နှစ်တစ်ထောင်၊ နှစ်ထောင်အတွင်းမှာတောင် သူ့လိုလူမျိုး တွေ့ဖို့မလွယ်ဘူး… မင်းတို့အားလုံး ဒီကပ်ဘေးကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်… ဘာနည်းလမ်းမှ မစဉ်းစားနိုင်ဘူးဆိုရင် အိမ်ပြန်ပြီး နှစ်သစ်ကူးညစာစားဖို့ စိတ်မကူးတော့နဲ့…”
“အရှင်မင်းကြီး၊ အဲဒီတိမ်တိုက်ကို သိမ်းဆည်းပစ်လိုက်လို့ မရဘူးလား…” ညီလာခံခန်းမအတွင်းမှ အသံတစ်သံ ပေါ်ထွက်လာ၏။ “လွင့်ထွက်သွားအောင် မှုတ်ထုတ်မပစ်နိုင်မှတော့ သိမ်းဆည်းထားလိုက်ရင် အဆင်မပြေနိုင်ဘူးလား…”
အားလုံးသော ဝန်မင်းများ၏ အကြည့်က အသံလာရာသို့ ကျရောက်သွားသည်။ ဧကရာဇ်ယန်ဖုန်း၏ အကြည့်ကလည်း သူ့အပေါ် ရောက်လာ၏။ “ကျန်းစန်းအရာရှိပါလား… ကျုံးစန်းအရာရှိမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိနေတာလဲ၊ ပြောပါဦး…”
ချင်မူက ပြောလိုက်သည်။ “အင်ပါယာရဲ့တပ်ဖွဲ့မှာ စစ်သည်တွေရဲ့ အစစ်အမှန်မီးလျှံတွေ သိမ်းဆည်းသိုလှောင်ထားတဲ့ မီးလျှံဘူးသီးခြောက်လို ရတနာမျိုးတွေ မြင်တွေ့ဖူးပါတယ်… တိုက်ပွဲကို ရောက်တဲ့အခါမှ သိမ်းဆည်းထားတဲ့ မီးလျှံတွေကို ထုတ်လွှတ်တိုက်ခိုက်ကြတယ်… ကုသရေးခန်းမမှာ ဆေးဖော်စပ်မှု အလွဲအချော်ဖြစ်ပြီး နန်းတွင်းကောလိပ်တစ်ခုလုံး မေ့မျောသွားတုန်းကလည်း ပြီးခဲ့တဲ့ပါမောက္ခချုပ်ဟောင်းက ဘူးသီးခြောက်တစ်လုံးနဲ့ မေ့ဆေးငွေ့တွေ စုပ်သွင်းယူပြီး နန်းတွင်းကောလိပ်ကို ကယ်တင်ခဲ့တယ်… ကျွန်တော်မျိုးတို့လည်း အဲဒီဘူးသီးခြောက်လို ရတနာမျိုး အသုံးပြုပြီး ဒီတိမ်တိုက်မည်းကို သိမ်းဆည်းဖယ်ရှားပစ်နိုင်မလားလို့ စဉ်းစားမိပါတယ်…”
ဧကရာဇ်ယန်ဖုန်းက သေနင်္ဂဗျူဟာစစ်သူကြီးကို ကြည့်၍ မေးလိုက်၏။ “တပ်မှူးချင်၊ အလုပ်ဖြစ်နိုင်လောက်မလား…”
သေနင်္ဂဗျူဟာစစ်သူကြီးမှာ ချင်မျိုးရိုးဖြစ်ပြီး အမည်က ကျန့်ဖြစ်သည်။ တပ်မှူးအားလုံး၏ အထွတ်အခေါင် တပ်မှူးချုပ်ဖြစ်ပြီး ရွှေမြို့တော်ရှိ ချင်မိသားစု၏ အကြီးအမှူးလည်း ဖြစ်၏။ တပ်မှူးချင်က ရှေ့ထွက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ ကျုံးစန်းအရာရှိ အကြံပြုတာ အလုပ်ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ တပ်တွင်းမှာ မီးလျှံဘူးသီးခြောက် အဲလောက်အများကြီး မရှိဘူး… ကျွန်တော်မျိုးတို့ အသုံးပြုတာက ကျစ်ထန်းဘူးသီးခြောက်ပါ၊ တိုင်းပြည်အနှံ့က မီးငှက်တပ်ဖွဲ့တွေဆီကို ဖြန့်ဝေပေးထားပါတယ်… အင်ပါယာတစ်ခုလုံးဆိုရင် ဒီလိုဘူးသီးခြောက်မျိုး တစ်သန်းလောက် ရှိပေမဲ့ ပြည်နယ်တစ်ခုစာလောက်ပဲ သိုလှောင်သိမ်းဆည်းနိုင်ပါလိမ့်မယ်…”
ချင်မူက ဝင်ပြောလိုက်၏။ “တပ်တွင်းမှာ ဘူးသီးခြောက်တွေ အများကြီး မရှိပေမဲ့ အင်ပါယာထဲမှာ မှော်ပညာလေ့ကျင့်တဲ့ အရာရှိမင်းတွေ အများကြီး ရှိပါတယ်… အထက်တန်းလွှာမိသားစုတွေနဲ့ နန်းတွင်းမှာ ပိုစွမ်းအားကြီးတဲ့သူတွေတောင် ရှိပါသေးတယ်… အရှင်မင်းမြတ်အနေနဲ့ ကောင်းကင်ယံက တိမ်တိုက်မည်းကို သိုလှောင်သိမ်းဆည်းနိုင်တဲ့ ရတနာတွေ ဖန်တီးဖို့ သူတို့အားလုံးကို အမိန့်ပေးစေခိုင်းနိုင်ပါတယ်… ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း ပေါများလှတဲ့အတွက် စီရင်စုအကြီးအကဲ၊ ပြည်နယ်အကြီးအကဲတွေကို သူတို့ရဲ့ နယ်မြေအလိုက် စီမံခန့်ခွဲဖို့ တာဝန်ပေးအပ်နိုင်ပါတယ်… နန်းတွင်းတပ်ဖွဲ့ရဲ့ အဆင့်မြင့်ပညာရှင်တွေက နေရာတိုင်းကို သွားရောက်ပြီး ခွဲဝေကူညီမယ်ဆိုရင် ကောင်းကင်ယံက တိမ်တိုက်မည်းကြီးကို ရှင်းလင်းနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်…”
ဧကရာဇ်ယန်ဖုန်းမှာ တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။ “အင်ပါယာတစ်ခုလုံးက ကောင်းကင်နတ်သိုင်းပညာရှင်တွေကို စုစည်းပြီး တိမ်တိုက်ကို ဖယ်ရှားဖို့က အတော်လေး ခက်ခဲလိမ့်မယ်… သိုင်းလောကထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနေတဲ့ သိုင်းသမားတွေက နန်းတွင်းရဲ့ အမိန့်ကို မနာခံချင်ကြဘူး…”
“အဲဒီအတွက် အရှင်မင်းကြီးကိုယ်တိုင် စံပြအဖြစ် တစ်လောကလုံးကို ထွက်ပြဖို့ လိုပါလိမ့်မယ်…” ချင်မူက လျှောက်တင်လိုက်၏။ “အရှင်မင်းကြီးသာ မြို့တော်ကနေခွာပြီး တိမ်တိုက်မည်းတွေကို သိုလှောင်သိမ်းဆည်းဖို့ ပြည်နယ်တစ်ခုချင်းစီ သွားရောက်မယ်ဆိုရင် ပြည်သူပြည်သားတွေက အလိုလို နောက်ကပါလာကြမှာပါ…”
ဝန်မင်းများ၊ အရာရှိမင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ တိမ်တိုက်မည်းကို သိုလှောင်သိမ်းဆည်းရန်အတွက် ဧကရာဇ်သာ ရွှေမြို့တော်မှခွာလျှင် ပုန်ကန်သူ အကြွင်းအကျန်သိုင်းဂိုဏ်းများက အခွင့်အရေးကို အရအမိယူပြီး လုပ်ကြံသတ်ဖြတ်ကြပေလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ မဟာမြို့ပျက်သို့ စစ်ခင်းရန်အသွားတွင် ချောင်းမြောင်းလုပ်ကြံခံရသဖြင့် မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရ၏။ ဧကရာဇ်သာ မြို့တော်မှ ခွာလျှင် အမျိုးမျိုးသော ချောင်းမြောင်းလုပ်ကြံမှုများ သေချာပေါက် ခံရပေလိမ့်မည်။
အားလုံးက လျှောက်တင်တော့မည်ပြင်စဉ် ဧကရာဇ်ယန်ဖုန်း၏ မျက်ဝန်းများ အရောက်တောက်သွားပြီး ပြုံးလိုက်သည်။ “မှန်တယ်... ဝန်မင်းချင်၊ ဒီဆီးနှင်းကပ်ဘေးကို ဖြေရှင်းဖို့အတွက်ရော တခြားအကြံဉာဏ်များ ရှိသေးလား...”
“ဆီးနှင်းကပ်ဘေးက ကျရောက်နေပြီဆိုတော့ တားဆီးဖို့ မဖြစ်နိုင်တော့ပါဘူး...”
ချင်မူက လျှောက်တင်လိုက်၏။ “စကားတစ်ခွန်း ကြားဖူးတာ ရှိပါတယ်... တန်ခိုးရှင်လမ်းစဉ်ဆိုတာ သာမန်လူတစ်ယောက်ရဲ့ လမ်းစဉ်နဲ့ ထူးမခြားနားပါပဲတဲ့... အင်ပါယာတစ်ခွင်မှာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အများကြီး ရှိတာဆိုတော့ နေလုံးထွက်လာပြီး နှင်းတွေ အရည်ပျော်သွားတဲ့အချိန်မှာ အဲဒီကောင်းကင်နတ်သိုင်းပညာရှင်တွေအနေနဲ့ နှင်းခဲရိုက်သွားတဲ့ ရွာတွေကို သွားရောက်ကူညီနိုင်ပါတယ်... သူတို့သာ ကောက်ပဲသီးနှံတွေ ပြန်စိုက်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် နောက်နှစ် ရိတ်သိမ်းချိန် မီနိုင်ပါသေးတယ်... လေမတိုက်တဲ့အခါ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖိတ်ခေါ်ပြီး လေတိုက်အောင် လုပ်လို့ရတယ်၊ ပေါင်းပင်တွေ ကြီးထွားလာတဲ့အခါ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖိတ်ခေါ်ပြီး ပေါင်းပင်တွေ ရှင်းလင်းလို့ရတယ်... အင်းဆက်ပိုးမွှားတွေ ကျတဲ့အခါ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖိတ်ခေါ်ပြီး အင်းဆက်ပိုးမွှားတွေ ရှင်းနိုင်တယ်... နှင်းခဲရိုက်တဲ့အခါ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖိတ်ခေါ်ပြီး နှင်းခဲတွေ ရှင်းနိုင်ပါတယ်...”
“အရှင်မင်းကြီး၊ ဒါ မိစ္ဆာလမ်းစဉ်ပါ...” အရပ်ဘက်ဝန်မင်းတစ်ယောက်က ရှေ့ထွက်လာပြီး ဒေါသအထွက်ထွက်၊ အတုန်တုန်အရီရီနှင့် ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျုံးစန်းအရာရှိပြောတာ မိစ္ဆာလမ်းစဉ်ပါ... ဒီအတိုင်းလုပ်ရင် တိုင်းပြည်ထိခိုက်ပြီး ပြည်သူတွေ နစ်နာနိုင်တယ်... ချက်ချင်းအပြစ်ပေး ကွပ်မျက်သင့်ပါတယ်...”
ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်၏။ “သူ့စကားတွေက သိပ်မှန်တာတွေ၊ ဘယ်လိုလုပ် မိစ္ဆာလမ်းစဉ် ဖြစ်နိုင်မှာလဲ... တိုင်းပြည်ထိခိုက်ပြီး ပြည်သူတွေ နစ်နာနိင်တဲ့ စကားမဟုတ်ဘူး... တိုင်းပြည်ကို ထူမတ်ပြီး ပြည်သူတွေကို ကယ်တင်နိုင်မယ် စကားတွေ... မင်းရဲ့ ရာထူးကို ပြန်ရုပ်သိမ်းလိုက်ပြီ၊ အိမ်ပြန်ပြီး ကိုယ့်အမှားကိုယ် ဆင်ခြင်ချေ... ဝန်မင်းချင်၊ တခြားနည်းဗျူဟာကောင်းတွေ ရှိသေးလား...”
ချင်မူက တစ်ခဏမျှ စဉ်းစားလိုက်သည်။ “အရှင်မင်းကြီးအနေနဲ့ မိုးလေဝသဝန်မင်းကို အင်ပါယာအနှံ့ စောင့်ကြည့်ဖို့လည်း စေခိုင်းနိုင်ပါတယ်... ရေကြီးတဲ့နှစ်မှာ မိုးရေကို ဘူးသီးခြောက်လို ဝိညာဉ်ရတနာမျိုးထဲ သိမ်းဆည်းသိုလှောင်ထားနိုင်တယ်... လေမုန်တိုင်းကျတဲ့နှစ်မှာ လေကို သိုလှောင်ထားနိုင်တယ်... မုန်တိုင်း၊ မိုးသီး၊ လျှပ်စီး၊ အားလုံးမှာ အသုံးဝင်မှုကိုယ်စီ ရှိတယ်... မိုးခေါင်တဲ့နှစ်မျိုး ကြုံတဲ့အခါ သိုလှောင်ထားတဲ့ မိုးရေကို ထုတ်သုံးနိုင်သလို တခြားတိုင်းပြည်နဲ့ စစ်ခင်းတဲ့အခါ မိုးသီး၊ ဆီးနှင်း၊ လျှပ်စီး၊ မုန်တိုင်းတွေ ထုတ်သုံးနိုင်တယ်... အဲဒီလိုဆိုရင် ကျွန်တော်မျိုးတို့အနေနဲ့ ကြုံတွေ့ရတဲ့ ရာသီဥတုကို ရင်ဆိုင်နိုင်သလို ရန်သူ့တိုင်းပြည်တွေကိုလည်း တိုက်ခိုက်နိုင်လိမ့်မယ်... အခုဆီးနှင်းကပ်ဘေးဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာလို တိုင်းပြည်ကြီးတစ်ခုကိုတောင် ဖျက်ဆီးနိုင်လုနီးပါးရှိတာ၊ ဒီလိုမိုးလေဝသကောင်းကင်နတ်သိုင်းမျိုးကို ရန်သူ့တိုင်းပြည်တစ်ခုအပေါ်သာ အသုံးပြုလိုက်ရင် ဘယ်တိုင်းပြည်ကများ ခံနိုင်မှာပါလဲ...”
“အရှင်မင်းကြီး၊ မိုးလေဝသဖြစ်ရပ်တွေကို ထိန်းချုပ်တာက ကောင်းကင်ဘုံဥပဒေသကို ဆန့်ကျင်တာနဲ့ အတူတူပါပဲ... ဒါ မိစ္ဆာလမ်းစဉ်ပါ...” အရပ်သားဝန်မင်း နောက်တစ်ယောက် ရှေ့ထွက်လာပြီး နဖူး၌ သွေးများယိုစီးသည်အထိ အကြိမ်ကြိမ်အထပ်ထပ် ဦးတိုက်လိုက်၏။ “ဒါက တကယ့်မိစ္ဆာနတ်ဆိုးရဲ့ လမ်းစဉ်ပါ၊ ကျွန်တော်မျိုးတို့ရဲ့ အင်ပါယာ ပျက်စီးရပါလိမ့်မယ်... အရှင်မင်းကြီး၊ မိစ္ဆာလမ်းစဉ်ရဲ့ ဒီမိစ္ဆာနတ်ဆိုးကို အလျင်အမြန် ကွပ်မျက်တော်မူပါ...”
“မင်းရဲ့ ရာထူးကို ရုပ်သိမ်းလိုက်ပြီ...” ဧကရာဇ်ယန်ဖုန်းက လက်ဝှေ့ယမ်းပြပြီး ပြုံးလိုက်သည်။ “အကြံဉာဏ်မထုတ်နိုင်ဘူးဆိုရင် ပေါက်ကရတွေပြောပြီး ကျုံးစန်းအရာရှိကို မစွပ်စွဲနဲ့... မင့်ကို လတိုင်း လစာငွေ အများကြီးပေးထားတာ ဘာလုပ်ဖို့လဲ... ဒီနှင်းမုန်တိုင်းကမှ ငါတို့အင်ပါယာကို ဖျက်ဆီးနေတာကွ... လာကြစမ်း၊ သူ့ကို ဆွဲထုတ်သွားလိုက်... ကျုံးစန်းအရာရှိ၊ အပြောလွယ်သလောက် အလုပ်ခက်တယ်... မင်းအနေနဲ့ ဒီကပ်ဘေးကယ်ဆယ်ရေးမှာ ငါကိုယ်တော်နဲ့ လိုက်ခဲ့ရမယ်...”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ခပ်အမ်းအမ်း ပြောလိုက်၏။ “ကျွန်တော်မျိုးအနေနဲ့ နှစ်သစ်ကူးညစာစားဖို့ အိမ်ပြန်ရဦးမှာပါ... အဲဒါ... အရှင်မင်းကြီးကို ကူညီဖို့ လူအချို့ ညွှန်းပေးနိုင်ပါတယ်...”
ဧကရာဇ်ယန်ဖုန်းက တဟားဟား ရယ်မောလိုက်သည်။ သူ့ရင်ထဲတွင် ဖုံးအုပ်နေသော တိမ်ညိုမည်းမှာလည်း လွင့်ပါးပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ “ကောင်းပြီ ကောင်းပြီ... ငါကိုယ်တော် လိုအပ်နေတာလည်း ကူညီမဲ့လူပဲ... မင်းညွှန်းတဲ့ လူတွေက အသုံးဝင်ရင် မင်းကို ချမ်းသာပေးလိုက်မယ်...”
နယ်စားဝေ့ ရင်ထဲတွင် တုန်လှုပ်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက နန်းတွင်းကို ဝင်လာတော့မှာပါလား... ပြောရရင် ငါလည်း အခု ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းဖြစ်နေပြီပဲ... ဒီဂိုဏ်းသခင်လေးက ဘယ်လို မျက်နှာရအောင် လုပ်ရမလဲ သိတယ်... ဧကရာဇ်အတိုင်ပင်ခံ နန်းတွင်းမှာ မရှိတဲ့အချိန်ခဏကို အခွင့်ကောင်းယူပြီး သူ့လူတွေ နန်းတွင်းထဲ ထည့်တာ... ဧကရာဇ်အတိုင်ပင်ခံသာ တစ်နှစ်၊ နှစ်နှစ်လောက် နန်းတွင်းနဲ့ ဝေးသွားရင် ဧကရာဇ်တောင် ကောင်းကင်နတ်ဆိုးဂိုဏ်းကလူ ဖြစ်သွားမှာ စိုးရတယ်... ဒါနဲ့ ဧကရာဇ်အတိုင်ပင်ခံက ဘယ်တွေများ သွားနေတာလဲ... သူ့မိန်းမနဲ့ ခရီးရှည်ကြီး ထွက်သွားလိုက်တာ ဒီလို ကိစ္စကြီး ဖြစ်နေတာတောင် ပြန်လာဖော်မရဘူး...”