← Chapters

အတောမသတ်မည့်ဒုက္ခ

Vol. 16 Ch. 220

အတောမသတ်မည့်ဒုက္ခ

Vol. 16 Ch. 220

“ဒီတိမ်တိုက်က ကြီးတယ်ဆိုပေမဲ့ မကြီးသေးဘူးလို့လည်း ဆိုရမယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာပေါ်မှာ ဖုံးလွှမ်းနေတဲ့ မိုးတိမ်မည်းနဲ့ ဆီးနှင်းတွေက သတိပေးချက်တစ်ခုပဲ…”

အနောက်အရပ်ရှိ ခမ်းနားထည်ဝါလှသော မြင်းမိုရ်တောင်ထက်တွင် ရွှေရောင်ဝင်းလက်နေသည့် မဟာမိုးခြိမ်းသံကျောင်းတော်ကို ထင်ရှားစွာ မြင်တွေ့ရ၏။ ဤနေရာက တိမ်တိုက်များ၏ အထက်တွင် တည်ရှိပြီး တထာဂတက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နယ်မြေသို့ လှမ်းမျှော်ကြည့်ရှုနေသည်။ နေလုံးကြီးက ရွှေရောင်တဖျတ်ဖျတ် လက်နေသဖြင့် ပင်လယ်အရွယ်ရှိသော တိမ်တိုက်ကြီးမှာ ထူးကဲစွာ လင်းလက်တောက်ပနေ၏။

“ဟိုးရှေးရှေး မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ သမိုင်းမှာ ဒီလို မိုးလေဝသတိုက်ခိုက်မှုမျိုး မြင်တွေ့ခဲ့ဖူးတယ်…”

တထာဂတ၏ ပလ္လင်အောက်တွင် ဗောဓိသတ်၊ မထေရ်၊ ရဟန္တာများစွာ မတ်တတ်ရပ်၍ နာခံနေကြသည်။

“အဲဒီမိုးလေဝသတိုက်ခိုက်မှုက ဒီတစ်ခါထက် ပိုကြီးတယ်… ဒီလိုမျိုး တိမ်တိုက်မည်းနဲ့ ဆီးနှင်းတွေ ကျလာတာပဲ… လူတွေ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့ဘူး၊ သဘာဝဘေးတွေ တစ်နှစ်ပြီးတစ်နှစ် ကြုံရတယ်၊ ဘယ်လောက်တောင် သေဆုံးကြရသလဲဆိုတာ မသိနိုင်ဘူး… အရှင်ကူ… ကျမ်းစာဆောင်ကနေ ခုန်းမင်းဆက်၊ အိုင်းဧကရာဇ်မှတ်တမ်း သွားယူလာပြီး စာမျက်နှာ(၁၃၆၇)ကို လှန်လိုက်…”

စိုးရိမ်ပူပန်သော သွင်ပြင်နှင့် မထေရ်တစ်ပါးက ထရပ်၍ ထွက်သွား၏။ တစ်ခဏကြာသောအခါ အရှင်ကူက ထူထဲသော ကျမ်းစာတစ်အုပ် ယူလာပြီး တထာဂတမြွက်ကြားသည့် စာမျက်နှာသို့ လှန်လိုက်သည်။ “ခုန်းမင်းဆက်၊ အိုင်းဧကရာဇ်ခုနှစ်(၆၄၂၀)၊ မိုးလေဝသ အပြောင်းအလဲများဖြစ်၊ ရက်ပေါင်းသုံးဆယ် နှင်းကျ၊ မိုင်ရှစ်သောင်း တိမ်တိုက်ဖုံးလွှမ်း၊ နေရောင်မမြင်ရ၊ ငတ်ပြတ်သူများ နေရာအနှံ့ ဖြစ်၍ သူခိုးဓားပြများ ထကြွသောင်းကျန်းသဖြင့် အိုင်းဧကရာဇ်က နတ်ဘုရားများ၊ နဂါးမင်းများကို သုတ်သင်ရှင်းလင်းခိုင်း၏… အိုင်းဧကရာဇ်ခုနှစ်(၆၄၃၀)၊ ကောင်းကင်ယံမှ ဥက္ကာပျံများ မိုးသီးမိုးပေါက်သဖွယ် ကျဆင်း၊ မီးတောင်များ ထောင်သောင်းချီပေါက်ကွဲ၊ မြေငလျင်များ ပြင်းစွာလှုပ်၍ အက်ကွဲကြောင်းများ ထွက်ပေါ်၊ မြစ်ချောင်းသမုဒ္ဒရာများ ခန်းခြောက်၊ နောက်တစ်နှစ်တွင် နေလုံးပျောက်ကွယ်၍ ကောင်းကင်ခန္ဓာ နေလနှစ်ပါးထံမှ အလင်းရောင်မရရှိ…”

တထာဂတ၏ နောက်မှ ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများ၏ ရင်ထဲတွင် ပြင်းစွာတုန်လှုပ်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။ “တထာဂတ၊ ဒါက…”

“မဟာမြို့ပျက်ပဲ…”

တထာဂတက ခေါင်းလှည့်၍ မြင်းမိုရ်တောင်၏ အနောက်ရှိ တောရိုင်းလွင်ပြင်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ “ဒီရှေးဟောင်းကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာက မဟာမြို့ပျက် နတ်ဘုံတိုင်းပြည်ရဲ့ နောက်ဆုံးဖြစ်ရပ်တွေပဲ… တိမ်တိုက်မည်းနဲ့ ဆီးနှင်းတွေဆိုတာ ပထမဆုံး သတိပေးချက်ပဲ ရှိသေးတယ်… ဒါပေမဲ့ အခု သတိပေးချက်က ငါကိုယ်တော် ထင်တာထက် ပိုစောတယ်… ပိုစောသလို ပိုလည်း ညင်သာတယ်… ကြည့်ရတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကင်ဘုံက သတိပြုမိသွားပြီ ထင်ပါရဲ့…”

ဆင်းရဲခြင်းဆရာသခင်၊ အစစ်အမှန်သခင်မထျန်းနှင့် ကျန်သူများမှာ နောက်သို့ ယိုင်သွားပြီး တတွတ်တွတ် ရေရွတ်လိုက်မိကြ၏။ “မဟာမြို့ပျက်…”

“ဧကရာဇ်အနေနဲ့ ဒီကပ်ဘေးကို တားဆီးချင်ရင် တစ်ခုတည်းသော နည်းလမ်းက ပြုပြင်ပြောင်းလဲမှုကို ချက်ချင်းရပ်ပြီး ကောင်းကင်ဘုံကို တောင်းပန်တိုးလျှိုးဖို့ပဲ…”

တထာဂတက လေးနက်သော မျက်ဝန်းအစုံဖြင့် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ “မဟုတ်ရင် ဒီဆီးနှင်းကပ်ဘေးက အစပဲ ရှိသေးတယ်၊ နောက်ထပ် ပိုကြောက်ဖို့ကောင်းတဲ့ မိုးလေဝသကပ်ဘေးတွေ လိုက်လာလိမ့်မယ်… ဥက္ကာပျံမိုးတွေ၊ မီးတောင်ပေါက်ကွဲတာတွေ၊ မြစ်ချောင်းသမုဒ္ဒရာခန်းခြောက်သွားတာတွေ အကုန်ပါလာမှာ… ဒါက ပြည်သူပြည်သားတွေ ခံစားရမဲ့ ကောင်းကင်ဘုံရဲ့ အမျက်၊ ကောင်းကင်ဘုံရဲ့ ဒေါသပဲ… အတော်လေး ခံရလိမ့်မယ်…”

“တထာဂတ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက အရှင်နဲ့တွေ့ခွင့်တောင်းဆိုဖို့ လူတစ်ယောက် လွှတ်လိုက်ပါတယ်…”

တထာဂတက တစ်ခဏမျှ မှင်တက်သွားပြီး ပြုံးလိုက်၏။ “ဒီမင်းသားက ငါကိုယ်တော်ကို လာရှာသေးတာပဲ… ဖိတ်ခေါ်လိုက်…”

“အမိန့်တော်မြတ်အတိုင်းပါ…”

တထာဂတက ဘေးနားမှ ရဟန်းများကို ပြုံး၍ ပြောလိုက်သည်။ “ဒီမင်းသားက အတော်ထူးခြားတယ်၊ လောကကြီးရဲ့ ကယ်တင်ရှင် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်… ဧကရာဇ်က သူ့ရဲ့ လမ်းစဉ်ကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားပေမဲ့ အိမ်ရှေ့မင်းသားကတော့ အဲလို မဟုတ်ဘူးဆိုတော့ သူ လွှတ်လိုက်တဲ့ သံတမန်ကို တွေ့ဆုံရမှာပေါ့…”

တာအိုဂိုဏ်း၊ ခွန်းလွန်းယွီရှုတောင်…။

ဤနေရာကို ယွီရှုနတ်ဘုံဟု ခေါ်ဆိုကြပြီး သီးသန့်ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်တည်နေသည်။ တောင်ပေါ်တွင် တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီ ဖြစ်ပြီး တန်ခိုးရှင်နတ်ဝိဇ္ဇာတို့၏ အထွတ်အမြတ်နယ်မြေနှင့်ပင် တူ၏။ မြင်းမိုရ်တောင်အောက် မကျသော နေရာတစ်ခု ဖြစ်သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာပေါ် ဖုံးလွှမ်းနေတဲ့ ဒီတိမ်တိုက်က အလေးအနက် သတိပေးချက်တစ်ခုဆိုပေမဲ့ သိပ်အလွန်အကျွံတော့ မဟုတ်သေးဘူး… မဟာမြို့ပျက် ပျက်စီးခဲ့ရတာနဲ့စာရင် အများကြီး လျော့ပေါ့တယ်လို့ ဆိုနိုင်မယ်…”

တာအိုသခင်က တာအိုဂိုဏ်းမှ ရသေ့များကို လေသံအေးအေးဖြင့် ပြောလိုက်၏။ “ငါတို့တာအိုဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး၊ တာအိုအတွက်ပဲ… အဲဒီပြုပြင်ပြောင်းလဲမှုက စည်းမျဉ်းစည်းကမ်းတွေ အများကြီး ချိုးဖောက်တဲ့အတွက် ကျရှုံးဖို့ပဲ ရှိတယ်… နှမြောစရာကောင်းတာပဲ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ အသိဉာဏ်ဗဟုသုတက နည်းပါးလွန်းသေးတော့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ဆိုးကြီး ကျရောက်တော့မယ်ဆိုတာကို နားမလည်ဘူး…”

တအိုသခင်၏ အကြည့်များက စူးရှနေသော်လည်း တည်ငြိမ်အေးဆေးသည့် အရှိန်အဝါအငွေ့အသက်တစ်ခု ရှိကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငယ်ရွယ်တဲ့ အချိန်တုန်းက တာအိုဂိုဏ်းကို လာပြီး ငါနဲ့ တွေ့ဆုံသေးတယ်… သူက ထူးခြားတဲ့လူတစ်ယောက်မှန်း သိမြင်တဲ့အတွက် အနာဂတ်မှာ စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ချက်ထားပြီး တာအိုဂိုဏ်းရဲ့ အမွေအနှစ်သိုင်းကျမ်းကို ဖတ်ရှုခွင့်ပေးခဲ့တယ်… ဂိုဏ်းဂဏအစွဲတွေ မထားခဲ့ဘူး… ဒီလိုပါရမီရှင်မျိုးအတွက်ဆို ဂိုဏ်းဂဏအစွဲတွေ ဖယ်ခွာပြီး အစွမ်းကုန်ပြုစုပျိုးထောင်ပေးကြမှာ ဓမ္မတာပဲ… သူ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာတော့ ငါ့မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရတယ်… ဘာလို့လဲ သိလား… တာအိုဆိုတာ သဘာဝတရားပဲ…”

တာအိုဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များက ငြိမ်ငြိမ်သက်သက်ထိုင်၍ နားထောင်နေကြ၏။ “တာအိုက သဘာဝတရားပဲ… အဲဒါကြောင့် ငါတို့တာအိုပညာရှင်တွေအနေနဲ့ လေနဲ့မိုးကို ဆင့်ခေါ်နိုင်ပေမဲ့ မိုးလေဝသကို ပြောင်းလဲလို့ မရဘူး၊ သဘာဝတရားနဲ့ တာအိုကိုလည်း ပြောင်းလဲလို့ မရဘူး… ငါ့အနေနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းအပေါ် တဖက်သတ် မကောင်းမြင်နေတာမျိုး မရှိဘူး၊ မရှိတဲ့အပြင် တချို့လုပ်ရပ်တွေကိုတောင် ချီးကျူးမိသေးတယ်… ဒါပေမဲ့ ငါတို့လမ်းစဉ်တွေက ခြားနားနေတယ်… ဘာကြောင့်လဲ သိလား…”

တာအိုသခင်က ခေါင်းခါယမ်းလိုက်သည်။ “တာအိုက သဘာဝတရားကနေ မြစ်ဖျားခံလာတယ်… ဒါပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက တာအိုကို အသုံးပြုပြီး သဘာဝတရားကို ပြုပြင်ပြောင်းလဲချင်နေတာ… ဒါက ငါတို့တာအိုဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးမားဆုံး ခြားနားချက်ပဲ… အဲဒါကြောင့်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို မိစ္ဆာနတ်ဆိုးတွေလို့ သမုတ်ကြတာ…”

တာအိုဂိုဏ်း၏ တာအိုရသေ့များမှာ တုန်လှုပ်သွားကြ၏။ တန်းယန်ကျစ်က ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွေက မှော်ပညာအသုံးပြုပြီး တိမ်ကိုဖယ်လို့ မိုးကိုတိတ်စေတာ တွေ့ခဲ့ဖူးပါတယ်… မိုးခေါင်တဲ့အချိန်မှာ မိုးရွာအောင် လုပ်ပြီး လယ်သမားတွေဆီက အခကြေးငွေယူတယ်၊ သောက်ရေရှားတဲ့ အရပ်မှာ တူးဖောက်တဲ့မှော်ပညာနဲ့ ရေတွင်းတွေတူးတယ်… အစစ်အမှန်မီးလျှံသုံးပြီး သတ္ထုရိုင်းတုံးတွေကို အရည်ဖျော်၊ လယ်ယာသုံးပစ္စည်းတွေ သွန်းလုပ်ရောင်းချတဲ့ လူတွေလည်း ရှိတယ်… တချို့ ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွေဆို လယ်သမားတွေဆီက ငွေယူပြီး မှော်သားရဲတွေကိုတောင် အမဲလိုက်ပေးကြသေးတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းက တာအိုမြစ်ဖျားခံရာ သဘာဝတရားကို ဆန့်ကျင်ပြောင်းလဲချင်နေကြတာ အမှန်ပါပဲ…”

တာအိုသခင်က ပြောလိုက်၏။ “သာမန်အရပ်သားတွေအတွက် တာအို၊ သိုင်းကွက်၊ ကောင်းကင်နတ်သိုင်းတွေကို အသုံးပြုတာဟာ သဘာဝတရားကို ပြုပြင်ပြောင်းလဲတာ၊ ဖျက်ဆီးပစ်တာပဲ… သဘာဝတရားကို ပြုပြင်ပြောင်းလဲတာ၊ ဖျက်ဆီးတာက မဟာတာအိုကို ပြုပြင်ပြောင်းလဲတာ၊ ဖျက်ဆီးတာပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လမ်းညွှန်သင်ကြားမှုတွေက မှားယွင်းတယ်… အဲဒါကြောင့် မိစ္ဆာလမ်းစဉ်ကို ရောက်သွားတာပဲ… သူတို့ရဲ့ နောက်ထပ် သင်ကြားမှုတစ်ခုက သဘာဝတရားရဲ့ လမ်းပြရာအတိုင်း ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ လုပ်ဆောင်ရမယ်တဲ့… အဲဒါက အလိုဆန္ဒတွေကို လွှတ်ပေးပြီး စိတ်ထင်တိုင်း လုပ်ဖို့ တိုက်တွန်းထားတာပဲ… ဒါမှ မိစ္ဆာနတ်ဆိုးရဲ့ အမူအကျင့် မဟုတ်ရင် ဘယ်ဟာကိုများ မိစ္ဆာနတ်ဆိုးလို့ ခေါ်ရတော့မလဲ…”

တာအိုသခင် သက်ပြင်းချလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လွှမ်းမိုးမှု အတော်လေး ခံလိုက်ရတယ်၊ အဲဒါကြောင့်ပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အတွေးအခေါ်သဘောတရားကို သုံးပြီး နိုင်ငံကို တည်ဆောက်ခဲ့တာ… မဟာမြို့ပျက်ကြုံရတဲ့ သဘာဝဘေးအန္တရာယ်တွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီလည်း ရောက်လာလိမ့်မယ်… ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်၊ ကောင်းကင်ဘုံက ပို့လွှတ်လိုက်တဲ့ ကပ်ဘေးပဲ… ဒါပေမဲ့လည်း ပြည်သူပြည်သားတွေကတော့ အပြစ်မဲ့ပါတယ်…”

တာအိုသခင်၏ လေသံက ပျော့ပျောင်းသွား၏။ “မင်းတို့အားလုံး တောင်အောက်ဆင်းသွားကြ… ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံကြောင့် ဖြစ်လာတဲ့ ကောင်းကင်ဘုံအပြစ်ဒဏ်က ပြည်သူပြည်သားတွေ မခံစားသင့်ဘူး… ဒုက္ခရောက်နေတဲ့ အရပ်သားတွေကို တတ်စွမ်းသမျှ ကယ်တင်ရမယ်… အဲလိုကယ်တင်ရင်းနဲ့ အခြေခံကောင်းမွန်တဲ့ လူငယ်တွေတွေ့ရင် ဂိုဏ်းသားသစ်အဖြစ် ခေါ်ဆောင်ခဲ့ကြ…”

“အမိန့်အတိုင်းပါ…”

တာအိုဂိုဏ်းသားများအားလုံး တောင်အောက်သို့ ဆင်းသွားကြသည်။

တာအိုသခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာပေါ်တွင် အုပ်မိုးနေသည့် တိမ်တိုက်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချလိုက်၏။ “ပြည်သူပြည်သားတွေ မခံရသင့်ဘူး… ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံ ဆက်ခေါင်းမာပြီး လမ်းမှားအတိုင်း လျှောက်နေဦးမယ်ဆိုရင် ငါတို့တာအိုဂိုဏ်းအနေနဲ့ လောကီရေးရာတွေထဲ ဝင်ပတ်သက်ရတော့မယ်…”

ချင်မူက လက်ဝဲရံနှင့် လက်ယာရံကို ဆက်သွယ်၍ အမိန့်ပေးညွှန်ကြားလိုက်သည်။ “သဘာဝဘေးကယ်ဆယ်ရေးနဲ့ ကောင်းကင်ပေါ်က တိမ်တိုက်ကို သိမ်းဆည်းသိုလှောင်တဲ့ ကိစ္စမှာ ဧကရာဇ်ကို ကူညီရမယ်… ဂိုဏ်းသားတွေကို တောင်ပိုင်းလွှတ်ပြီး နှင်းခဲရိုက်နေတဲ့ ကောက်ပဲသီးနှံတွေကို ဖယ်ရှားဖို့နဲ့ အသစ်ပြန်စိုက်ဖို့ ကူညီခိုင်းလိုက်… ဒီဆီးနှင်းကပ်ဘေးမှာ လူတွေအများကြီး သေလိမ့်မယ်… အစွမ်းကုန်ကြိုးစားပြီး တတ်နိုင်သမျှ ကယ်တင်ကြပါ… ဂရုလည်း စိုက်ခိုင်းလိုက်ဦး… ဒီလို ကပ်ဘေးဆိုက်တဲ့ အချိန်မှာ ထကြွသောင်းကျန်းမှုတွေ သေချာပေါက်ရှိမှာပဲ… လောကကြီးက အေးချမ်းတော့မှာ မဟုတ်ဘူး…”

“အမိန့်အတိုင်းပါ…”

လက်ဝဲယံ နင်တောက်ချီက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “နတ်ဂိုဏ်းသခင်၊ ကျွန်တော်တို့အနေနဲ့ ဧကရာဇ်ကို ကူညီတဲ့အခါ ဘယ်လို နာမည်မျိုးကို အသုံးပြုရမလဲ… ဧကရာဇ်က ရာထူးချီးမြှင့်လာရင်လည်း လက်ခံရမှာလား…”

ချင်မူ တစ်ခဏမျှ တွေးတောလိုက်၏။ “သရုပ်အမှန်နဲ့ နတ်ဂိုဏ်းရဲ့ စွမ်းအားနဲ့ပဲ ဧကရာဇ်ကို ကူညီပါ… ဧကရာဇ်က ရာထူး၊ ဘွဲ့ထူးပေးအပ်ရင်လည်း ယူထားလိုက်… ဧကရာဇ်အတိုင်ပင်ခံကိုတောင် လက်ခံနိုင်တယ်ဆိုရင် ကျွန်တော်တို့ကိုလည်း လက်ခံနိုင်မှာပါ… ကျွန်တော်တို့ကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား… သံသယထားနေစရာ မလိုပါဘူး…”

သူက တစ်ခဏမျှ ရပ်၍ ထပ်ဖြည့်ပြောလိုက်သည်။ “တစ်လောကလုံး မငြိမ်မသက် ဖြစ်နေရင်တောင် အမြင့်မှာ နေနေကျ ကောင်းကင်နတ်သိုင်းပညာရှင်တွေက သာမန်အရပ်သားတွေကို ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းလို ကူညီချင်မှာ မဟုတ်ဘူး… ဧကရာဇ်အတိုင်ပင်ခံက ပြောဖူးတယ်၊ ဆန့်ကျင်ပြစ်တင် ပြောဆိုတဲ့သူတစ်သုတ်ကို သတ်နိုင်ပေမဲ့ အပြစ်ပြောတဲ့သူ အားလုံးကို လိုက်မသတ်နိုင်ဘူး၊ တစ်သုတ်သတ်လိုက်ရင် နောက်တစ်သုတ် ထပ်ပေါ်လာမှာပဲတဲ့… ဧကရာဇ်အတိုင်ပင်ခံက ရယ်စရာပြောတယ်လို့ ထင်ခဲ့မိတာ… ကြည့်ရတာ အမှန်တွေ ဖြစ်နေတဲ့ပုံပဲ…”

ချင်မူက ကောင်းကင်ထက်မှ မိုးတိမ်မည်းကြီးကို မော့ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “ဒီမိုးတိမ်မည်းနဲ့ ဆီးနှင်းတွေက တိုင်းပြည်တစ်ပြည်ကို ဖျက်ဆီးနိုင်တဲ့ ကပ်ဘေးကြီး ဖန်းတီးခဲ့ပြီးပြီ… သူတို့တွေက ဘယ်ဟာ မိစ္ဆာဆန်တယ်၊ ဘယ်ဟာ မိစ္ဆာမဆန်ဘူး တွေးနေကြတုန်း… လူတွေကို ကူညီဖို့ မစဉ်းစားကြဘူး… လူ့အလွှာအထက်မှာ နေသားကျနေတော့ သာမန်အရပ်သားတွေကို ကူညီဖို့ဆိုတာ သူတို့အတွက် အရှက်ရစရာလို့ မြင်နေကြတယ်၊ အဲလို ကူညီတာဟာ မိစ္ဆာလမ်းစဉ်လို့ ထင်နေကြတယ်…”

သူ ခေါင်းခါယမ်းလိုက်သည်။ “အဲလိုလူတွေ မနည်းဘူး… လွန်ကျူးတဲ့လူတွေက ဒီအခွင့်အရေးကို အရယူပြီး ပုန်ကန်ဖို့ ကြိုးစားလိမ့်မယ်၊ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကိုပါ ပစ်မှတ်ထားလာနိုင်တယ်… နှစ်ယောက်စလုံး ဂရုစိုက်ကြပါ…”

“ဂိုဏ်းသခင်၊ စိတ်မပူပါနဲ့… ကျွန်တော်တို့ဂိုဏ်းက သမာသမတ်လမ်းစဉ်လို့ သူတို့ကိုယ်သူတို့ ပြောကြတဲ့ သိုင်းဂိုဏ်းတွေရဲ့ အန္တရာယ်ကြားမှာ အခုအချိန်ထိ ထိပ်ဆုံးက ရပ်တည်နိုင်တာ အလကား မဟုတ်ပါဘူး…”

လက်ဝဲရံနှင့် လက်ယာရံတို့က ဦးညွှတ်အရိုအသေပြု၍ ထွက်သွားကြ၏။

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်ထက်မှ တိမ်တိုက်မည်းကြီးကို မော့ကြည့်ပြီး ခေါင်းခါယမ်းကာ နန်းတွင်းကောလိပ်သို့ ပြန်လာခဲ့လိုက်သည်။ ဟူလင်းအာ၊ နဂါးချီလင်နှင့် တုထျန်းမိစ္ဆာဘုရင်တို့က သင်္ဘောပေါ်တွင် စောင့်ဆိုင်းနေကြ၏။

ချင်မူက ပြောလိုက်သည်။ “ရွာအပြန်လမ်းမှာ နှစ်သစ်ကူးလက်ဆောင်ပစ္စည်းတွေ၊ လိုတာတွေ ဝင်ဝယ်သွားကြတာပေါ့… နယ်စပ်နဂါးမြို့မှာ ဝယ်လို့ မရလောက်တော့ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီလောက် အခြေအနေဆိုးနေတာဆိုတော့ ကုန်သည်တွေ သွားကြမှာ မဟုတ်ဘူး…”

တုထျန်းမိစ္ဆာဘုရင်က ကောင်းကင်ယံကို မော့ကြည့်၍ ဟက်ခနဲ ရယ်မောလိုက်၏။ “မင်းတို့ကမ္ဘာတော့ ဒုက္ခရောက်ပြီ… ဒီမိုးတိမ်မည်းနဲ့ ဆီးနှင်းတွေက မင်းတို့ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နယ်မြေတစ်ခုလုံးကို ဖုံးအုပ်ထားတာ မဟုတ်လား…”

ချင်မူ့ရင်ထဲတွင် လှုပ်ရှားသွားပြီး ချိုသာစွာ မေးမြန်းလိုက်၏။ “အရှင်မိစ္ဆာဘုရင်ကြီး၊ ဘယ်လို အကြံဉာဏ်ကောင်းလေးများ ရှိလို့လဲ…”

“ဒူးထောက်ပြီး ငါ့ခြေထောက်ကို လျှာနဲ့လျက်စမ်း… အဲဒါဆို မင်းကို ငါ ပြောပြမယ်…” တုထျန်းမိစ္ဆာဘုရင်က မြင့်မြတ်သူတစ်ယောက်အလား ပြောကြားလိုက်သည်။

ချင်မူက ဟူလင်းအာကို တစ်ချက်ကြည့်လိုက်၏။ ဟူလင်းအာက လက်ရှစ်ဖက် နတ်ဘုရားရုပ်၏ ရင်ဘတ်ရှိ အခန်းငယ်လေးကို ဖွင့်လိုက်သည်။ ထို့နောက် အထဲသို့ ဝင်ထိုင်ကာ တုထျန်းမိစ္ဆာဘုရင်ကို ထိန်းချုပ်၍ ဒူးထောက်ထိုင်ချစေပြီး ချင်မူ၏ ခြေထောက်ကို လျက်ရန် လျှာထုတ်ခိုင်းလိုက်၏။

တုထျန်းမိစ္ဆာဘုရင်က ကမန်းကတန်း အော်ဟစ်လိုက်သည်။ “နတ်ဆိုးဆိုတာ အသေပဲခံမယ်၊ အရှက်ခွဲတော့ မခံဘူး… ရပ်၊ ရပ်… ငါ ပြောမယ်… ငါ ပြောမယ်…”

ချင်မူ လက်မြှောက်ပြလိုက်၏။

ဟူလင်းအာက ထိန်းချုပ်မှုကို ရပ်တန့်လိုက်သည်။ တုထျန်းမိစ္ဆာဘုရင်က တစ်မုဟုတ်ချင်း ခုန်ထပြီး ဖီဖီခနဲ တံတွေးထွေးလိုက်၏။ ဆက်၍ မလေးမခန့် မပြုရဲတော့ချေ။

ဤရက်များအတွင်း၌ ဟူလင်းအာက တုထျန်းမိစ္ဆာဘုရင်ကို ခိုင်းသမျှ နာခံလာအောင် လေ့ကျင့်ထားသည်။ ဉာဏ်ရှိသော မိစ္ဆာနတ်ဆိုးဆိုသည်မှာ အခြေအနေမပေးသည့်အခါ ထိပ်တိုက်ရင်မဆိုင်ဟု တုထျန်းမိစ္ဆာဘုရင် ခံယူသဖြင့် ဤမိစ္ဆာမြေခွေးလေးနှင့် ပူးပေါင်းဆောင်ရွက်ရုံသာ ရှိတော့၏။

တုထျန်းမိစ္ဆာဘုရင်က ပါးစပ်ကို လက်ဖြင့် သုတ်၍ သရော်တော်တော် ပြုံးလိုက်သည်။ “ဒါက နတ်ဘုရားတစ်ပါးရဲ့ လက်ချက်ပဲ၊ သာမန်နတ်ဘုရားတစ်ပါး မဟုတ်ဘူး… ငါ့ခန္ဓာကိုယ်အစစ်သာ သက်ဆင်းလာရင် ဒီလို မိုးလေဝသတိုက်ခိုက်မှုမျိုး သုံးပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အပြတ်ရှင်းပစ်လို့ရတယ်… မင်းတို့တစ်မျိုးလုံးကို သုတ်သင်ပြီး ဒီကမ္ဘာကို တုထျန်းပြည်သစ် ထူထောင်ပစ်နိုင်တယ်… ဒါပေမဲ့ ဒီနတ်ဘုရားသုံးတဲ့ မိုးလေဝသတိုက်ခိုက်မှုက ပျော့ပျောင်းတယ်၊ မရက်စက်သေးဘူး… ဒီတိမ်တိုက်နဲ့ ဆီးနှင်းက အသာအယာ သတိပေးချက်တစ်ခုပဲ ဖြစ်လိမ့်မယ်…”

“သတိပေးချက် ဟုတ်လား…”

ချင်မူ မှင်တက်မိသွား၏။ အသာအယာ သတိပေးချက်သာ ဖြစ်သည်တဲ့လား။

ဤအသာအယာ သတိပေးချက်ကြောင့် အရပ်သားသန်းချီ သေဆုံးရပေလိမ့်မည်။ ဆောင်း၏ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြမည် မဟုတ်။

သူ့စိတ်က အတွေးထဲ နစ်မျော၍ မဟာမြို့ပျက်ကို သတိရသွား၏။ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ အမိန့်ကြောင့် မဟာမြို့ပျက်မှလူများ အခြားသူတို့၏ စွန့်ပစ်ခံ၊ ပြက်ရယ်ပြုခံရသည်။

“ဒီနတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေ မသေရင် ဒုက္ခတွေက အတောသတ်မှာ မဟုတ်တော့ဘူး…” ချင်မူ အေးစက်စက် ရေရွတ်လိုက်၏။

“ရှင်မရေ… ဒီနတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေ မသေရင် ဒုက္ခတွေက အတောသတ်မှာ မဟုတ်ဘူး…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အထက်ကောင်းကင် တိမ်တိုက်များပေါ်တွင် ရပ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ဖုံးအုပ်နေသော တိမ်တိုက်ကြီးကို ကြည့်ရင်း လေးတွဲ့တွဲ့ သက်ပြင်းချလိုက်သည်။

သူ့ဘေးမှ အမျိုးသမီးမှာ သာမန်ရုပ်ရည် ရှိသည်ဟုသာ ဆိုနိုင်၏။ အသက်ရှူမှားလောက်အောင်လည်း မလှ၊ ရုပ်ဆိုးသည်ဟုလည်း မဆိုနိုင်ချေ။ ကြည့်ပျော်ရှုပျော်ရုပ်ရည် ရှိပြီး ဧကရာဇ်ချီးမြှင့်သည့် နန်းတွင်းသူများထဲမှ တစ်ယောက်ဖြစ်၏။ နန်းတွင်းသူများစွာထဲမှ သူတစ်ယောက်သာ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးဖြစ်လာသည်။

ဤအမျိုးသမီး၏ အတွေးက လွန်စွာ ထက်မြက်လှပြီး မေးမြန်းလိုက်၏။ “သခင်ကြီး မပြန်တာ ဧကရာဇ်က ဒီသဘာဝဘေးကို ဖြေရှင်းနိုင်မယ်လို့ ယူဆလို့လား…”

“ဧကရာဇ် မဖြေရှင်းနိုင်ရင်တောင် ဖြေရှင်းပေးမဲ့သူတွေ ရှိပါလိမ့်မယ်… ငါ ပြန်စရာ မလိုပါဘူး…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးလိုက်သည်။ “ကောင်းကင်က ကျောက်စိမ်းမြို့တော်ငယ်ကို သွားကြစို့…”

All Chapters