ဝဇိရပြိုင်ဘက်ကင်း
Vol. 16 Ch. 221
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ဤသည်က လွန်စွာ လှပသော အမည်တစ်ခု ဖြစ်၏။
ကျောက်စိမ်းမြို့တော်…။ ကျောက်စိမ်းဖြင့် ထုဆစ်ထားသော မြို့တော်၊ တန်ခိုးရှင်နတ်ဝိဇ္ဇာတို့ နေထိုင်ရာမြို့တော်…။ မီးခိုးမြူမှုန်တို့ မစွန်းထင်းသကဲ့သို့ သေမျိုးကမ္ဘာ၏ အငွေ့အသက်တို့ ကင်းရှင်း၏။
“ခြေသလုံးအိမ်တိုင်ကျန်းက မောင်ကြီးကို တားဆီးဖို့အတွက် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်စိမ်းမြို့တော်ငယ်ကနေ ထွက်လာခဲ့တာ… နှမြောစရာကောင်းတာက သူ မတားဆီးနိုင်ခဲ့ဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းတွင် အဖြေမရသေးသော မေးခွန်းအချို့ ထင်ဟပ်နေသည်။ “သူမသေခင် ကျောက်စိမ်းမြို့တော်ငယ်ကို သွားဖို့နဲ့ အဲဒီမှာ မောင်ကြီးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်နိုင်မဲ့အရာ ရှိနေတယ်လို့ ပြောခဲ့တယ်… အဲဒါကြောင့် ဒီကို လာခဲ့တာပဲ…”
သူတို့၏ရှေ့ မြူခိုးများကြားတွင် ဒဏ္ဍရီပုံပြင်များ၌ ပြောဆိုလေ့ရှိကြသည့် သာယာလှပသော နတ်ဘုံနတ်နန်းတစ်ခု ခပ်ဝါးဝါး ပေါ်ထွက်လာ၏။
ချင်မူ၏ သင်္ဘောက ဖန်းပြည်နယ်တွင် ရပ်တန့်ပြီး ဟူလင်းအာကို ခေါ်၍ နှစ်သစ်ကူးလက်ဆောင်နှင့် လိုအပ်သော ပစ္စည်းများ ဆင်းဝယ်ရာ သင်္ဘောအပြည့် ဖြစ်သွားသည်။ ဖန်းပြည်နယ်က အေးချမ်းသေးသည်ဟု ဆိုနိုင်၏။ ဤနေရာ၏ ပြည်နယ်အကြီးအကဲက ကောင်းကင်နတ်သိုင်းပညာရှင်များကို စုစည်း၍ အမျိုးမျိုးသော ဝိညာဉ်ရတနာများ ဖန်တီးပြီး သင်္ဘောပျံများပေါ်တွင် တင်ဆောင်ကာ ကောင်းကင်ယံမှ တိမ်တိုက်ကို သိုလှောင်သိမ်းဆည်းနေသည်။
အချို့နေရာများတွင် နေရောင်ရနေပြီ ဖြစ်သဖြင့် နှင်းခဲများ စတင် အရည်ပျော်နေချေပြီ။ သို့သော်လည်း အရာရာတိုင်းက အေးစိမ့်နေဆဲ ရှိ၏။
ဖန်းပြည်နယ်က အရက်ပြင်းများစွာ ချက်လုပ်သဖြင့် အအေးဒဏ်ကို အရက်သောက်၍ ကာကွယ်ကြသော်လည်း အလွန်တရာ အေးစိမ့်လှသဖြင့် အနွေးဓာတ်ရရန်အတွက် တောင်ပေါ်သို့တက်၍ ထင်းခုတ်ကြသော ရွာသူရွာသားများစွာ ရှိသေးသည်။
ထို့ပြင် ငွေကြေးဖောင်းပွ၍ ကုန်ဈေးနှုန်းများလည်း မြင့်တက်သွား၏။ ချင်မူက ကြွယ်ဝချမ်းသာသဖြင့် မည်သို့မျှ မခံစားရသော်လည်း ဟူလင်းအာက တွက်ချက်ကြည့်နေသည်။ “သခင်လေး၊ ကုန်ဈေးနှုန်းတွေက ဆနဲ့ချီ တက်သွားတာပဲ…”
ချင်မူ မှင်တက်သွား၏။ “ငါ ထင်တာထက် ပိုစောတာပေါ့… ကုန်ဈေးနှုန်းကို ထိန်းရမှာက ဘဏ္ဍာရေးဝန်မင်းရဲ့ အလုပ်၊ ငါတို့အလုပ် မဟုတ်ဘူး… မိုးတိမ်မည်းကြီး ပြယ်လွင့်ပြီး သဘာဝဘေးကယ်ဆယ်ရေးတွေ နန်းတွင်းက အချိန်မီစေလွှတ်နိုင်ရင် မြောက်ပိုင်းအတွက် သိပ်စိတ်ပူစရာ မရှိဘူး… တမင်တကာ ပြဿနာရှာတဲ့သူတွေ ရှိလာမှာပဲ စိုးရိမ်ရတာ…”
ဖန်းပြည်နယ်တွင် လိုအပ်သောပစ္စည်း အစုံအလင် မရသဖြင့် လေ့ပြည်နယ်တွင် သင်္ဘောရပ်ရပြန်သည်။ ဤနေရာတွင်လည်း ဈေးနှုန်းများက အဆမတန် တက်နေပြီး ကုန်လှောင်၍ ဈေးအတက်ကို စောင့်နေကြသော အမြတ်ကြီးစား ကုန်သည်များစွာ ရှိ၏။
လေ့ပြည်နယ်အကြီးအကဲက ဤကဲ့သို့ ခက်ခဲသောကာလတွင် အမြတ်ကြီးစားချင်သော ကုန်သည်များကို စတင် ပညာပေး၍ ကြီးစွာသော အပြစ်ဒဏ်များ ချမှတ်နေပြီ ဖြစ်သည်။ တမင်တကာ မရောင်းချဘဲ ကုန်လှောင်ထားသော ကုန်သည်အများစုမှာ ဆွဲခေါ်ကွပ်မျက်ခြင်း ခံရ၏။
နှစ်ရက်၊ သုံးရက်ကြာသောအခါ ချင်မူ၏ သင်္ဘောပျံက ကျင့်ပြည်နယ်သို့ ရောက်ရှိလာသည်။ ဤနေရာက မဟာမြို့ပျက်နှင့် များစွာ မဝေးတော့ချေ။ မိုင်တစ်သောင်းခန့်သာ လိုတော့၏။ တိမ်တိုက်မည်းကြီးက အပေါက်များစွာ ရှိနေပြီး နေရောင်က ထိုအပေါက်များမှ ထွန်းလင်းကျရောက်နေသည်။
ဤနေရာက အစွန်အဖျားကျပြီး လူနေကြဲပါး၏။ သို့ဖြစ်၍ တည်ငြိမ်အေးချမ်းခြင်း မရှိဘဲ သူခိုးဓားပြများ ထကြွသောင်းကျန်းနေကြသည်။ လမ်းဘေးတစ်လျှောက်တွင် ငြိမ်းသေနေသော မီးပုံများအနီး၌ အေးခဲသေဆုံးနေသော ဆင်းရဲသားများစွာကို မြင်တွေ့ရ၏။
တစ်လောကလုံး နှင်းခဲများဖုံးလွှမ်းနေသည့်ကြားတွင် မိသားစုဝင်များကို ဆွဲခေါ်၍ ထွက်ပြေးလာသူများလည်း ရှိသည်။ ရေခဲနေသော မြစ်ပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ် နင်းလျှောက်၍ နွေးထွေးသောနေရာ တွေ့နိုင်မည်လားဟူသည့် မျှော်လင့်ချက်ဖြင့် တောင်အရပ်သို့ ဦးတည်သွားနေကြ၏။
ဤလူများက စကားတစ်ခွန်းမျှ မဆိုကြ။ တစ်ခါတစ်ခါတွင် နောက်ချန်၍ အနွေးဓာတ်ရရန် ထိုင်ချလိုက်ကြသူများ ရှိသည်။ ဤသူများက ထိုင်ချလိုက်သည်နှင့် ပြန်မထနိုင်ကြတော့။
မြစ်ကြောင်းပိတ်ဆို့သည့် နေရာများတွင်တော့ ရေခဲတောင်ကြီးများ ဖြစ်၍ တကျွီကျွီအသံများ ထွက်ပေါ်နေ၏။ ထိုတောင်များမှ ရေခဲတုံးချွန်ကြီးများ ပဲ့ထွက်လာသည့်မြင်ကွင်းက လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုသို့ ထွက်ပြေးလာသူများကြားထဲတွင် လိုက်ပါစောင့်ရှောက်နေသော သိုင်းသမားလူငယ်အချို့ကို ချင်မူ မြင်မိ၏။ သူ၏ သင်္ဘောကို ရေခဲဖုံးလွှမ်းနေသော ကွင်းပြင်တစ်ခုတွင် ရပ်၍ စုံစမ်းမေးမြန်းလိုက်သည်။ ဤလူငယ်များက ကောင်းကင်နတ်ဆိုးဂိုဏ်းသားများ ဖြစ်၏။
“သူတို့ကို နွေးတဲ့နေရာ လိုက်ရှာနေတာ ရပ်ဖို့ ပြောလိုက်၊ အကုန်လုံး ရေခဲဖုံးနေပြီ…” ချင်မူက ပြောလိုက်သည်။
“နားမထောင်ကြဘူး…”
ကောင်းကင်နတ်ဆိုးဂိုဏ်းသားတစ်ယောက်က အအေးဒဏ်ကာကွယ်ရန် ဖုံးအုပ်ထားသော မျက်နှာဖုံးကို ဖယ်ရှားပြီး တရွှီရွှီ တိုက်ခိုက်နေသော လေအေးများကြားမှ အော်ဟစ်ပြောဆိုလိုက်၏။ သူ့မျက်နှာက နီညိုရောင်သန်းနေသည်။ “ဒီလူတွေ ရပ်လိုက်တာနဲ့ မျှော်လင့်ချက် ရှိမှာ မဟုတ်တော့ဘူး ဂိုဏ်းသခင်… ဆက်လျှောက်နေရင် နွေးတဲ့နေရာ တွေ့နိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်နိုင်ဦးမယ်…”
ချင်မူ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ နှစ်သစ်ကူးအတွက် ဝယ်လာသော ပစ္စည်းများထဲမှ အနွေးဓာတ်ပေးနိုင်သော ပစ္စည်းအချို့ကို ထုတ်ယူ၍ ဒုက္ခသည်များကို ခွဲဝေပေးရန် ကောင်းကင်နတ်ဆိုးဂိုဏ်းသားများ လက်ထဲသို့ အပ်လိုက်သည်။ “တစ်တိုင်းပြည်လုံး ရေခဲတွေ၊ နှင်းတွေ ဖုံးလွှမ်းနေတာဆိုတော့ မှော်မိစ္ဆာတွေ၊ သားကောင်ကြီးတွေလည်း အစာရှာထွက်လာကြလိမ့်မယ်၊ မင်းတို့ သတိပိုထားမှရမယ်…”
သူ ကျင့်ပြည်နယ်တွင် ရှည်ကြာစွာ မနေတော့ချေ။ သင်္ဘောက ကောင်းကင်ယံသို့ ပျံတက်၍ မဟာမြို့ပျက်ဆီသို့ ဦးတည်သွား၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဆောင်းရာသီက အလွန်တရာ အေးစိမ့်လှပြီး အချိန်နှင့်အမျှ ပိုဆိုးလာသည်။ မကြာမီ သင်္ဘောကိုယ်ထည်၌ ရေခဲချွန်များ တွဲခိုလာ၏။ သင်္ဘောအရှိန်က သိသိသာသာ လျော့ကျသွားပြီး စွမ်းအင်ဆေးတုံး ကုန်ဆုံးနှုန်းကလည်း ပိုများလာသည်။ မိုင်တစ်ထောင်ခန့် ခရီးနှင်ပြီးတိုင်း ချင်မူ သင်္ဘောကို ရပ်၍ ရေခဲချွန်များ ခွာချရ၏။ ထိုအခါမှသာ သင်္ဘော၏ အရှိန် ပြန်မြန်လာသည်။
ဟူလင်းအာက ဆေးမီးဖိုဘေးတွင် ရပ်၍ စွမ်းအင်ဆေးတုံးများ ပစ်ပစ်ထည့်နေရပြီး ချင်မူက သင်္ဘောပဲ့ကိုင် နေ၏။ သင်္ဘောက ခပ်နိမ့်နိမ့်သာ ပျံသန်းနေသည်။ ချင်မူမှာ သူ၏ ချီစွမ်းအင်ကို မီးငှက်ချီအဖြစ် ပြောင်း၍ တစ်ကိုယ်လုံးကို လွှမ်းခြုံကာ အေးခဲမသွားအောင် ကာကွယ်ထားရ၏။
ရှေ့သို့ရောက်လေလေ ပို၍ ခေါင်သီလာလေလေ ဖြစ်သည်။ ခေါင်သီခြောက်ကပ်လာသည်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်သူများ ပိုတွေ့ရပြီး လမ်းတစ်လျှောက်တွင် အေးခဲသေဆုံးသူ ပိုများလာ၏။
ထို့ပြင် ဝေးလံခေါင်သီသော နေရာတွင် ကောင်းကင်နတ်သိုင်းပညာရှင် နည်းပါးသဖြင့် နေရောင်မမြင်ရသောနေရာ ပိုများသည်။ ကောင်းကင်တစ်ခွင်လုံး တိမ်တိုက်မည်းကြီး ဖုံးလွှမ်းနေသဖြင့် ရာသီဥတုက ပို၍ အေးစိမ့်နေ၏။
ဤဆီးနှင်းကပ်ဘေး၏ သက်ရောက်မှုက ချင်မူ မျှော်မှန်းထားသည်ထက် ပိုသည်။ သေဆုံးသောလူများမှာလည်း ခန့်မှန်းထားသည်ထက် ကျော်လွန်နေ၏။ အအေးဓာတ်က ပို၍ ပြင်းထန်လာသည်။
ရုတ်တရက် ကောင်းကင်ယံမှ မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာ၏။ မြွေကြီးတစ်ကောင်က တိမ်တိုက်များကြားမှ လျှောထွက်လာပြီး မီးတောက်များ မှုတ်ထုတ်လိုက်သည်။ လေအေးများက ဘေးသို့ ရှောင်ခွာသွား၏။
ထိုမြွေကြီးက မိစ္ဆာအရှိန်အဝါအငွေ့အသက်များ စိမ့်ဖြာနေပြီး တိမ်တိုက်ကြားမှ လျှောထိုးလိုက်ပါလာသည်။
ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ သင်္ဘောကို ကမန်းကတန်း ဦးမော့၍ တိမ်တိုက်ကြားထဲသို့ တိုးဝင်ပျံသန်းလိုက်သည်။
မြွေကြီး၏ ခေါင်းပေါ်တွင် ညှို့မြူသောမျက်နှာနှင့် ယောက်ျားပျိုတစ်ဦး ပါလာ၏။ ထိုယောက်ျားပျိုက ဇဝေဇဝါ ရေရွတ်လိုက်သည်။ “အခုလေးတင် ဟိုခွေးကောင်ရဲ့ သင်္ဘောကို မြင်လိုက်ပါတယ်… ဘယ်ရောက်သွားပါလိမ့်… အစ်မချိုး၊ ပိုးကောင်တွေ လွှတ်လိုက်ဦး…”
မရေမတွက်နိုင်သော အင်းဆက်ပိုးကောင်များ ပျံသန်းထွက်ပေါ်လာ၏။ ထိုပိုးကောင်များကြားတွင် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်။ ထိုအမျိုးသမီးက လက်ညှိုးညွှန်လိုက်ရာ ပိုးကောင်များက အရပ်မျက်နှာအနှံ့ ခွဲထွက်၍ တိမ်တိုက်များကြား တိုးဝင်သွား၏။
ချင်မူ၏ သင်္ဘောက တိမ်တိုက်ကြားတွင် ပျံသန်းရင်း ရွှေရောင်ပိုးကောင်တစ်ကောင်နှင့် ထိပ်တိုက်တွေ့သွားသည်။ ထိုပိုးကောင်က သင်္ဘောကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ကမန်းကတန်း အရှိန်သပ်လိုက်၏။
ချင်မူက လက်ညွှန်းဖြင့် ဆန့်ထုတ်ထိုးစိုက်လိုက်သည်။ သူ၏ ချီစွမ်းအင်က ဓားချီအဖြစ် ပြောင်းလဲ၍ ရွှေရောင်ပိုးကောင်၏ ကိုယ်သို့ ချွင်ခနဲ စိုက်ဝင်သွား၏။
သို့သော်လည်း ဤပိုးကောင်က သေဆုံးခြင်းမရှိဘဲ သုံးကိုက်ခန့်အထိ အရွယ်အစားကြီးထွားကာ ကျယ်လောင်စွာ ဟစ်အော်၍ ချင်မူ့ထံ တိုးဝင်လာသည်။
ချီမူ၏ ချီစွမ်းအင်က ထောင်ထျယ်အိတ်ထဲသို့ တိုးဝင်သွား၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ရွှီခနဲ ထွက်ပေါ်လာပြီး ရွှေရောင်ပိုးကောင်ကို နှစ်ခြမ်းပိုင်းဖြတ်ပစ်သည်။ ထိုအခိုက်၌ ခစ်ခနဲ ရယ်သံကြားလိုက်ရ၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဒီကို ရောက်နေတာကိုး…”
ချင်မူ အသံလာရာသို့ ကြည့်လိုက်သောအခါ သူ့နောက်ရှိ တိမ်တိုက်များ နီရဲလာသည်ကို တွေ့လိုက်ရ၏။ အခြေအနေမကောင်းတော့မှန်း ရိပ်စားမိသဖြင့် ကမန်းကတန်း အော်ဟစ်လိုက်သည်။ “လင်းအာ… ဆေးမီးဖိုသုံးလုံးစလုံးကို အဆင့်ကုန်တင်လိုက်…”
ဘုန်း…။
မီးတောက်မီးလျှံများ ပေါက်ကွဲထွက်ပေါ်၍ သင်္ဘောထိပ်ဦးကို လာရောက်ထိမှန်၏။ ချင်မူ လွင့်စင်ကျမသွားအောင် ပဲထိန်းဘီးကို အသည်းအသန် ဆုပ်ကိုင်ထားလိုက်ရသည်။
သင်္ဘောက ယိမ်းထိုး၍ ကောင်းကင်ယံမှ ပြုတ်ကျလုမတတ် ဖြစ်သွား၏။ ထိုအခိုက်၌ သင်္ဘောဝမ်းအောက်မှ ကြေးဝါသားရဲပိုက်များက မီးတောက်မီးလျှံများ တရှိန်ရှိန် မှုတ်ထုတ်လိုက်သဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ တိမ်တိုက်ကြားမှ တိုးထွက်၍ လေအေးများကို ထိုးခွင်းသွား၏။
“အေးလိုက်တာ…”
အေးခဲနေသော လေထုက ချင်မူ၏ မျက်နှာကို အရှိန်ပြင်းပြင်း ရိုက်ခတ်လာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မီးငှက်ချီစွမ်းအင်မှာလည်း အေးခဲသွားပြီး မျက်နှာနှင့် လက်၌ ရေခဲချွန်များ တွဲလောင်းခိုလာ၏။
သင်္ဘောက အသံ၏ အလျင်ထက် ကျော်လွန်၍ လေထုပေါက်ကွဲသံများ တအုန်းအုန်း မြည်ဟည်းကျန်ရစ်ခဲ့သည်။
ဟူလင်းအာက သင်္ဘောဝမ်းအောက်မှ ဆေးမီးဖိုများကို ပိတ်လိုက်သဖြင့် ကြေးဝါသားရဲများ၏ ပါးစပ်မှ ထိုးထွက်နေသည့် မီးတောက်မီးလျှံများ အရှိန်လျော့ကျသွား၏။ “သခင်လေး၊ ကျွန်မတို့မှာ စွမ်းအင်ဆေးတုံးတွေ အများကြီး မကျန်တော့ဘူး…”
ချင်မူ နောက်ပြန်လှည့်ကြည့်သောအခါ တိမ်တိုက်များကြားမှ မီးတောက်မီးလျှံများ ပေါ်ထွက်လာသည်ကို မြင်ရ၏။ ကြီးမားသော မြွေကြီးတစ်ကောင်က ရှေ့ဆုံးမှ တိုးထွက်လာပြီး နောက်ဘက်တွင် ရွှေရောင်ပိုးကောင်များ အုံဖွဲ့ လိုက်ပါလာသည်။ သို့သော်လည်း သူတို့၏ အမြန်နှုန်းက ချင်မူ့သင်္ဘောထက် နှေး၏။
သင်္ဘောအရှိန်က နှေးကျသွားသော်လည်း သူတို့ လိုက်မီနိုင်လိမ့်မည် မဟုတ်ချေ။
ချင်မူ စိတ်အေးသွားပြီး သင်္ဘောကိုယ်ထည်ကို ချီစွမ်းအင်ဖြင့် လွှမ်းခြုံ၍ အထဲသို့ ဝင်လိုက်သည်။ “စွမ်းအင်ဆေးတုံး ဘယ်လောက်ကျန်သေးလဲ…”
ဟူလင်းအာက ဆေးမီးဖိုထဲသို့ စွမ်းအင်ဆေးတုံးများ လက်မလည်နိုင်အောင် လောင်းထည့်နေဖြင့် မေးထိုးပြလိုက်၏။
ချင်မူ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ စွမ်းအင်ဆေးတုံး ထည့်သည့် ခြင်းတောင်းများက ပြောင်သလင်းခါနေပြီး တစ်ခြင်းခွဲသာ ကျန်တော့၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောပျံများအတွက် အသုံးပြုသည့် စွမ်းအင်ဆေးတုံးများမှာ အညိုရောင်စက္ကူထူများဖြင့် သေချာထုပ်ပိုးထားသည်။ ဆေးမီးဖိုအတွင်းသို့ တစ်ထုပ်ပြီးတစ်ထုပ် ပစ်ထည့်ရန်သာ လို၏။
သူတို့၏ သင်္ဘော၌ စွမ်းအင်ဆေးတုံး ဆယ့်နှစ်ခြင်းခန့် သယ်ဆောင်လာသည်။ ဤပမာဏက မဟာမြို့ပျက်သို့ ရောက်ရန် ကောင်းစွာ လုံလောက်၏။ သို့သော်လည်း လမ်းခရီးတွင် မကြာခဏ ရပ်တန့်၍ ရေခဲချွန်များ ခွာချရသည့်အတွက် အတော်များများ ကုန်ဆုံးသွားသည်။
ဟူလင်းအာက ပြောလာ၏။ “ရာသီဥတုက သိပ်အေးလွန်းတယ်… ဆေးမီးဖိုကို အဆင့်ကုန်တင်ရင် မဟာမြို့ပျက်ထိ ရောက်မှာ မဟုတ်တော့ဘူး…”
ဤအခိုက်၌ သင်္ဘောက ပြင်းထန်စွာ လှုပ်ခါသွားသဖြင့် ချင်မူ သင်္ဘောဝမ်းအတွင်းမှ အပြင်သို့ ပြေးထွက်လိုက်သည်။ အပြင်သို့ ခေါင်းပြူပြူချင်းပင် နောက်ပြန်ဆုတ်၍ သင်္ဘောဝမ်းတံခါးကို အလျင်အမြန် ပိတ်လိုက်ရ၏။ ချွင်… ချွင်… ချွင်…။ အဆက်မပြတ် ထိခတ်သံများ ထွက်ပေါ်လာပြီး ဒါဇင်ချီသော ဓားပျံများ သင်္ဘောဝမ်းသို့ ထိုးစိုက်လာသည်။
ချင်မူ သင်္ဘောဝမ်းကို တွန်းဖွင့်လိုက်သောအခါ ကောင်းကင်ယံတွင် တဝီဝီ လည်ပတ်နေသော ဓားစက်လုံးတစ်လုံးကို တွေ့လိုက်ရ၏။ သင်္ဘောဝမ်းနှင့် ကုန်းပတ်တွင် ဓားပျံများအပြည့် ထိုးဖောက်စိုက်ဝင်နေပြီး တဆတ်ဆတ်တုန်ခါ၍ ဓားစက်လုံးထံ ပြန်သွားရန် ရုန်းကန်နေကြသည်။
ခုတ်ပိုင်းဓားချက်…။
ချင်မူ လက်ကို မြှောက်၍ ခုတ်ပိုင်းချလိုက်၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဓားစက်လုံးကို နှစ်ခြမ်းကွဲအောင် ခုတ်ပိုင်းပစ်သည်။ အုန်းခနဲ ပေါက်ကွဲသွားပြီး ရာချီသော ဓားပျံအကျိုးအပဲ့များ ကောင်းကင်ယံမှ ပြုတ်ကျသွား၏။
“ကောင်းလိုက်တဲ့ဓား…” ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ သူတို့၏ အထက်အမြင့် ပေတစ်သောင်းခန့် အကွာတွင် ကျောင်းတော်သားတစ်ယောက် ပြေးလွှားလိုက်ပါလာသည်ကို မြင်ရ၏။ သူ၏ ပြေးနှုန်းက ရင်သပ်ရှုမောစရာပင် ဖြစ်သည်။
“ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ချင်၊ မင်း ဘယ်သူဆိုတာ အားလုံးသိကုန်ပြီ… ရှေ့ဆက် ခရီးလမ်း ဖြောင့်ဖြူးမယ် မထင်နဲ့တော့…”
ထိုကျောင်းတော်သားက လေပေါ်ပျံသည့် ကောင်းကင်နတ်သိုင်းကို ဖောက်ခွဲထုတ်ဖော်နေသည့်နှယ် တစ်ချီတစ်ချီတွင် ရှေ့သို့ ခုန်ပျံရောက်ရှိလာ၏။ သူ၏ အသံက တည်ငြိမ်အေးဆေးစွာ ထွက်ပေါ်လာပြီး ပြုံးလိုက်သည်။ “အရှေ့မှာ မင်းကို ဆီးကြိုနေမဲ့ တာအိုရောင်းရင်းတွေ အများကြီး ရှိသေးတယ်…”
ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက အေးစက်စက် အလင်းရောင် လက်၍ ကျောင်းတော်သားထံ တိုးဝင်သွားသည်။ ထိုသူက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို အင်္ကျီလက်အိုးဖြင့် ဆီးကြိုဟန့်တားလိုက်၏။ သို့သော်လည်း ဓားရောင်က သူ့အင်္ကျီလက်အိုးကို ထွင်းဖောက်လာသဖြင့် အံ့အားသင့်သွားပြီး လက်ချောင်းများဖြင့် ကမန်းကတန်း တောက်ထုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်မှ ကောင်းကင်နတ်သိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး မီးလျှံငှက်ငယ်များစွာအဖြစ် အသွင်ပြောင်း၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ထိပ်တိုက်တွေ့သွား၏။
ချင်မူ၏ လက်ချောင်းများက ဝဲလည်လှည့်သွားပြီး ဝဲကတော့ဓားချက်အသွင် ပြောင်းလဲကာ မီးလျှံငှက်ငယ်များအားလုံးကို ဖျက်ဆီးပစ်သည်။ အိမ်ရှေ့စံကိုယ်ရံတော်ဓားမှာလည်း အပူရှိန်ကြောင့် နီရဲသွား၏။ သို့သော်လည်း တဝီဝီလည်ပတ်၍ ဆက်လက် တိုက်ခိုက်နေသဖြင့် ကျောင်းတော်သား၏ အဝတ်အစားများ အားလုံး တစ်စစီဖြစ်သွား၏။
“ကောင်းလိုက်တဲ့ဓားသိုင်း…”
ထိုကျောင်းတော်သားမှာ တစ်မုဟုတ်ချင်းရပ်တန့်၍ သင်္ဘောနှင့် ခွာလိုက်သည်။ ဓားပျံကို ထိန်းချုပ်နိုင်သည့် အကွာအဝေးက အကန့်အသတ်သို့ ရောက်ရှိသွားကြောင်း ချင်မူ ခံစားမိသဖြင့် ဓားအိမ်ကို ယူ၍ လှုပ်ခါလိုက်၏။ ဓားအိမ်က ငါးနဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားသည်။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက တစ်မုဟုတ်ချင်း ပျံသန်းရောက်ရှိလာပြီး ငါးနဂါး၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွား၏။
“အော်မီတော်ဖော်…”
ကောင်းကင်ယံထက်မှ ဗုဒ္ဓတရားသံတစ်သံ ထွက်ပေါ်လာ၍ ချင်မူ အလျင်အမြန် မော့ကြည့်လိုက်ရာ စူးရှလင်းလက်သော နေရောင်ကြောင့် မျက်စိကျိန်းသွားသည်။ တောက်ပနေသော နေရာင်ကြားတွင် ရွှေရောင်ဝင်းလက်နေသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ သင်္ဘောဆီသို့ သက်ဆင်းလာကြောင်း မြင်တွေ့လိုက်ရ၏။
ချင်မူ၏ ချီစွမ်းအင် ဖောက်ခွဲထုတ်လိုက်သည်နှင့်အတူ အိမ်ရှေ့စံကိုယ်ရံတော်ဓား ထပ်မံထွက်ပေါ်လာပြီး လွန်သွားဓားချက်အသွင်ပြောင်း၍ ထိုဗုဒ္ဓရုပ်ပွားတော်ကြီးထံ တိုးဝင်သွား၏။
“ဝဇိရပြိုင်ဘက်ကင်း…”
မာန်သွင်းအော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး လွန်သွားဓားချက်၏ လှုပ်ရှားမှုက တစ်မုဟုတ်ချင်း နှေးကွေးသွားကြောင်း ချင်မူ ခံစားလိုက်မိသည်။ ကြီးမားသော ဖိအားတစ်ခုက သူနှင့် သင်္ဘောပေါ်သို့ ပိကျလာ၏။ ချင်မူ၏ ခန္ဓာကိုယ်ရှိ အရိုးများက တဖျစ်ဖျစ်မြည်အောင် ဖိအားဒဏ်ခံရပြီး သင်္ဘောမှာလည်း တကျွီကျွီမြည်၍ အောက်သို့ နိမ့်ဆင်းလာသည်။