ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ချောင်ပိတ်သတ်ဖြတ်ခြင်း
Vol. 16 Ch. 222
“ဒီကိုယ်တော်က အဆင့်မြင့်ပညာရှင်ပဲ…”
ချင်မူ အံတင်းတင်းကြိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါပြီး နဂါးနှစ်ကောင်အပေါ် နင်းတက်ထားသည့် နွားခေါင်းနှင့် အင်္ဂါဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲသွား၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က အင်္ဂါဂြိုဟ်မီးလျှံအပိုင်စား အစစ်အမှန်ကျင့်စဉ် လမ်းကြောင်းအတိုင်း လှည့်ပတ်သွားပြီး ချီစွမ်းအင်များ သိသိသာသာ မြင့်တက်လာကာ အထက်မှ ပိကျလာသော ဖိအားကို ခုခံလိုက်သည်။
မျက်ခုံးနှစ်ခုအလယ်မှ တတိယမျက်လုံးကလည်း ပွင့်ဟလာပြီး မီးလျှံတန်းတစ်ခု ပစ်လွှတ်လိုက်၏။ အထက်ကောင်းကင်ဆီမှ အင့်ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဦးခေါင်းနောက်မှ နေလုံးကြီးမှာ မီးလျှံတန်းထိမှန်၍ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။ ဗုဒ္ဓရုပ်ပွားတော်ကြီးလည်း ပျောက်ကွယ်၍ ရဟန်းပျိုတစ်ပါး ဖြစ်သွားသည်။
ချင်မူ့အပေါ် သက်ရောက်နေသည့် ဖိအားက များစွာလျော့ပါးသွား၏။ သူ့ခန္ဓာကိုယ်ပတ်လည်မှ တရှိန်ရှိန် တောက်လောင်နေသော မီးလျှံများက သင်္ဘောတစ်ခုလုံးသို့ လျင်မြန်စွာ စီးမျော၍ တွဲလောင်းခိုနေသည့် ရေခဲချွန်များကို အရည်ဖျော်ပစ်လိုက်သည်။
သင်္ဘော၏ အမြန်နှုန်းက တစ်ရှိန်ထိုး ထိုးတက်သွားပြီး တိမ်တိုက်ကြားထဲသို့ ဝင်ရောက်သွား၏။ ကောင်းကင်ယံတွင်တော့ ထောင်ထောင်မောင်မောင်း ရဟန်းပျိုတစ်ပါးက ကွင်းကိုးကွင်းတောင်ဝှေးကို ကိုင်ဆောင်၍ ခြေတစ်ဖက်ထောက် ရပ်နေသည်။ အခြားခြေထောက်တစ်ဖက်တွင်တော့ သွေးတစ်စက်စက် စီးကျနေ၏။
သူက ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်ကို အသုံးပြု၍ ချင်မူ၏ လွန်သွားဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ခြေထောက်တစ်ဖက်တွင် ဒဏ်ရာရသွားသည်။ ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်က လွန်သွားဓားချက်ကို အပြည့်အဝ ပိတ်ဆို့ကာကွယ်နိုင်ခြင်း မရှိလိုက်ချေ။
ချင်မူက ဆက်လက်၍ အင်္ဂါဂြိုဟ်အရှင်သခင်အသွင် ပြောင်းလဲပြီး ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်ဖြင့် ပြောင်းလဲထားသော ဗုဒ္ဓအသွင်ကို ဖျက်ဆီးခဲ့သဖြင့် နောက်ဆုတ်လိုက်ရ၏။
“ဟိုမှာပဲ…”
ထိုထောင်ထောင်မောင်းမောင်းရဟန်းပျို၏ မျက်လုံးများ အရောင်တောက်သွားပြီး တိမ်တိုက်များပေါ် နင်းလျှောက်၍ တစ်ဟုန်ထိုး ပြေးလိုက်သွားသည်။ သူ့ခြေလှမ်းတစ်လှမ်း လှမ်းတိုင်းတွင် ခြေထောက်အောက်၌ ကြာပန်းဖြူများ ပွင့်လာ၏။ ထိုကြာပန်းဖြူများပေါ် နင်း၍ အားယူပြေးလွှားသဖြင့် မြေပြင်ပေါ်မှ ပြေးလိုက်သည်နှင့် မခြားလှချေ။
တိမ်ပင်လယ်ကြား၌ သင်္ဘောကို ခပ်ရေးရေးသာ မြင်ရသည်။ ချင်မူ နောက်ပြန်လှည့်ကြည့်သောအခါ နောက်မှ လိုက်လာသော ရဟန်းပျိုကို တွေ့၏။ ထိုရဟန်းပျို၏ ပြေးနှုန်းက နှေးကွေးခြင်း မရှိပေ။
သူ့ကို အလစ်ဖမ်းတိုက်ခိုက်သူများ အားလုံးက အဆင့်မြင့်ပညာရှင်များ ဖြစ်သည်။ လုံကျောင်းနန်နှင့် ချိုးမျိုးရိုး အမျိုးသမီးမှာ ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်၏။ အစောက ကျောင်းတော်သားနှင့် ဤရဟန်းပျိုမှာလည်း သာမန်မဟုတ်ချေ။
ကျောင်းတော်သား၏ ဓားစက်လုံးမှာ ချင်မူ၏ ဖျက်ဆီးခြင်း ခံရပြီး လက်နက်မရှိတော့သော်လည်း အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ တိုက်ခိုက်မှုကို လက်ဗလာဖြင့် ခုခံနိုင်ခဲ့သည်။ အဝတ်အစားများ အပိုင်းပိုင်းအစစ ဖြစ်သွားသော်လည်း ထိခိုက်ဒဏ်ရာရသွားခြင်း မရှိပေ။
အိမ်ရှေ့စံကိုယ်ရံတော်ဓားက ပထမအဆင့် နန်းတွင်းအရာရှိ ကိုင်ဆောင်သောဓား ဖြစ်၏။ ချင်မူ့အနေဖြင့် စွမ်းအားကုန် ထုတ်သုံးနိုင်ခြင်း မရှိသေးသော်လည်း ဤဓားက လွန်စွာ ထက်ရှသည်။ ထိုကျောင်းတော်သားက သူ့ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်သည်မှာ သိုင်းစွမ်းအား လွန်စွာ မြင့်မား၍ ဖြစ်၏။
ဤထောင်ထောင်မောင်းမောင်း ရဟန်းပျိုမှာလည်း အလွန်တရာ စွမ်းအားကြီးမားလှသည်။ ချင်မူ၏ လွန်သွားဓားချက်ကို ထိပ်တိုက်ရင်ဆိုင်၍ ခြေထောက်တွင် ဒဏ်ရာတစ်ချက်သာ ရသွားသည်ကို ကြည့်လျှင် သူ့ခန္ဓာကိုယ်ကို မည်မျှ ကျစ်လျစ်သန်မာအောင် လေ့ကျင့်ထားမှန်း သိနိုင်၏။
သူ့ခေါင်းနောက်မှ နေလုံးမှာ ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်၏ အဓိကဆုံချက်ဖြစ်ကြောင်း ချင်မူ မတွက်ဆနိုင်ခဲ့လျှင် သင်္ဘောတစ်စီးလုံး မြေပေါ်သို့ ပြားပြားဝပ်သည်အထိ ဖိချခံလိုက်ရပေလိမ့်မည်။
ဤနှစ်ယောက်က ခုနစ်စဉ်ကြယ်အဆင့် ပညာရှင်များ မဟုတ်ကြသေးသော်လည်း အရပ်ခြောက်မျက်နှာအဆင့် အထွတ်အထိပ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ရဟန်းပျို၏ ခြေထောက်က ဒဏ်ရာရသွားသော်လည်း လျင်မြန်စွာ ပြေးလွှားနိုင်သေး၏။ တဖြည်းဖြည်းနှင့် သင်္ဘောကို အမီလိုက်လာသည်။
“လင်းအာ၊ အရှိန်တင်လိုက်…”
ဟူလင်းအာက ချင်မူ၏ အမိန့်အတိုင်း အရှိန်တင်လိုက်သဖြင့် သင်္ဘောက တဖြည်းဖြည်း မြန်လာပြီး နောက်မှ လိုက်လာသော ရဟန်းပျိုနှင့် အလှမ်းကွာဝေးသွား၏။ ထိုရဟန်းပျိုက တဖြည်းဖြည်း ဝေးကွာသွားသော သင်္ဘောကို ကြည့်၍ ခြေလှမ်းများ ရပ်ပြီး တအံ့တဩ ရေရွတ်လိုက်သည်။ “မြန်လိုက်တဲ့ သင်္ဘောပါလား…”
ချင်မူမှာ အခြေအနေကို ကြည့်၍ စိတ်လေးသွား၏။ ထိုရဟန်းပျိုနှင့် ကျောင်းတော်သားက ဆက်လိုက်မလာဘဲ ရပ်တန့်သွားခြင်းမှာ သူတို့၏ ခြုံခိုတိုက်ခိုက်မှုမှ သူ မလွတ်နိုင်ကြောင်း သေချာနေသည့်သဘောပင် ဖြစ်သည်။
ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိ၏။ ရှေ့တွင် နောက်ထပ် အဆင့်မြင့်ပညာရှင်များစွာ ဆီးကြိုနေလိမ့်ဦးမည်။
သင်္ဘောက အတန်ကြာ ရွက်လွှင့်ပြီးနောက် ပြန်၍ နှေးကျသွားသည်။ စွမ်းအင်ဆေးတုံး များစွာ မကျန်တော့သည့်အတွက် ဆေးမီးဖိုကို အဆင့်ကုန် ဆက်တင်နေလျှင် မဟာမြို့ပျက်အထိ ရောက်လိမ့်မည် မဟုတ်ပေ။
“တိမ်ဖုံးနေတဲ့ နေရာအပြင်ဘက်ကို ရောက်ရင် မဟာမြို့ပျက်နယ်နိမိတ်ထဲ ရောက်ပြီ… အဲကျရင် ရွာနဲ့ မဝေးတော့ဘူး၊ မိုင်တစ်ထောင်ကျော်လောက်ပဲ လိုတော့မှာ…”
ချင်မူက အင်္ဂါဂြိုဟ်အရှင်သခင်အသွင်ကို ပြန်ရုပ်သိမ်း၍ သင်္ဘောဦးထိပ်သို့ သွားရောက်ကြည့်ရှုလိုက်၏။ ဤတိမ်ပင်လယ်၏ အဆုံးကို မမြင်ရသေးချေ။
သင်္ဘော၏ အလျင်က လွန်စွာ မြန်ဆန်သေးသော်လည်း သူ့မျက်နှာသို့ တိုးဝင်နေသည့် လေအေးဒဏ်က အစောကထက်စာလျှင် ခံသာ၏။ ဤအခိုက်၌ တောက်ပလင်းလက်နေသည့် တိမ်ပင်လယ်၏ အထက်ရှိ ထူးဆန်းသော မြင်ကွင်းတစ်ခုကို လှမ်းမြင်လိုက်သည်။ သူတို့နှင့် ဆယ့်နှစ်မိုင်ခန့်အကွာတွင် သက်တံရောင်အလင်းတန်းများ အဆက်မပြတ် ဝဲလည်လှည့်၍ ဝန်းကျင်တစ်ခုလုံး လင်းထိန်နေ၏။
ထိုနေရာသို့ တဖြည်းဖြည်း နီးကပ်လာသောအခါ ဤအလင်းတန်းများက ရေခဲတိုင်ကြီးများမှ ဖြာထွက်နေခြင်းဖြစ်ကြောင်း ချင်မူ တွေ့လိုက်သည်။ ထိုရေခဲတိုင်ကြီးများက ရေခဲဓားကြီးများနှင့် တူပြီး နေရောင်ထိုးသည့်အခါ သက်တံရောင်အလင်းတန်းများ ဖြာထွက်၍ တိမ်ပင်လယ်တစ်ခုလုံး လင်းလက်တောက်ပနေ၏။
ဤရေခဲဓားများက အလွန်တရာ ကြီးမားတုတ်ခိုင်လှပြီး လူတစ်ဒါဇင်ဖက်စာခန့် ရှိသည်။
အမှန်တကယ် ဓားအဖြစ် အသုံးပြုမည်ဆိုပါက ၎င်းတို့ကို လူ့ဘီလူးကြီးများသာ သယ်မနိုင်ပေလိမ့်မည်။
ဤရေခဲဓားများက တိမ်ပင်လယ်မှ ဖွဲ့တည်လာသကဲ့သို့ ထင်ရသော်လည်း တည့်မတ်စွာ လည်ပတ်၍ သက်တံရောင် အလင်းတန်းများ ရောင်ပြန်ဟပ်နေ၏။ ဤအခြင်းအရာကို ကြည့်လျှင် သဘာဝအတိုင်း ဖြစ်တည်လာခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။
ချင်မူ၏ အမူအရာ ပျက်ယွင်းသွားပြီး ပဲ့ထိန်းဘီးကို ညာဘက်သို့ ဆွဲလှည့်လိုက်၏။ သတ္ထုဖြင့် ပြုလုပ်ထားသော သင်္ဘောပျံက ဒေါင်လိုက်ဖြစ်လုမတတ် တိမ်းစောင်းသွားပြီး ရေခဲတိုင်ကြီးများဘေးမှ ပွတ်ကာသီကာ ကွေ့ဝိုက်ရှောင်တိမ်းသွားသည်။
“လင်းအာ၊ ဆေးမီးဖိုတွေကို အဆင့်ကုန်တင်လိုက်…” ချင်မူက လှမ်းအော်လိုက်၏။ သင်္ဘောဝမ်းအတွင်းမှ ဟူလင်းအာ၏ ညည်းညူသံ ထွက်ပေါ်လာသည်။ “သခင်လေးက တစ်ချိန်လုံး အဆင့်ကုန် တင်ခိုင်းနေတာပဲ… ဒီအတိုင်း ဆက်သွားရင် မဟာမြို့ပျက်ကို ရောက်မှာ မဟုတ်ဘူး… စွမ်းဆေးတုံးက ဘယ်လောက်မှ မကျန်တော့တာ…”
ချင်မူက ဟူလင်းအာ၏ ညည်းညူသံများကို လျစ်လျူရှု၍ သင်္ဘောဟန်ချက် ပြန်ထိန်းရန် ပဲထိန်းဘီးကို လှည့်လိုက်၏။ ဘယ်ဘက်ခြမ်းရှိ ရေခဲဓားကြီးများက ရုတ်တရက် လှုပ်ရှားလာသည်။ လက်ပေါင်းများစွာ ရှိသော ဘီလူးကြီးတစ်ကောင်က ထိုရေခဲဓားများ အားလုံးကို တစ်ပြိုင်နက် ဆွဲနှုတ်လိုက်သကဲ့သို့ပင် ထင်ရ၏။ ကြီးမားသော ရေခဲဓားကြီးတစ်ချောင်းက လေထုကို တရွှီရွှီမြည်အောင် ထိုးခွင်း၍ သင်္ဘောကို ခုတ်ပိုင်းချလာသည်။
သင်္ဘော၏ အမြန်နှုန်းက ရုတ်ခြည်း တိုးမြင့်သွား၏။ ချင်မူက ပဲ့ထိန်းဘီးကို လှည့်၍ တိုးဝင်လာသော ရေခဲဓားများကို ရှောင်ရှားလိုက်သည်။ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ရေခဲဓားကြီးများကြားတွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦး ရပ်နေသည်ကို တွေ့ရ၏။ ထိုမိန်းမပျိုက လွန်စွာ လှပသော်လည်း အေးစက်စက်သွင်ပြင် ရှိသည်။
သူ၏ ချီစွမ်းအင်က ရေကဲ့သို့ ပြာလဲ့နေ၏။ မိန်းမပျိုက ချီစွမ်းအင်ကို ဒါဇင်ချီသော လက်များအဖြစ် အသွင်ပြောင်း၍ အဆက်မပြတ် ထိုးစိုက်နေသည်။ ရေခဲဓားကြီးများက သူ၏ လှုပ်ရှားမှုအတိုင်း လိုက်ပါ လှုပ်ရှားနေ၏။
“ကံကောင်းလို့ ငါတို့နောက်ကို မီအောင် လိုက်မလာနိုင်တာ…”
ချင်မူ ထိုသို့ တွေးလိုက်မိစဉ် အပြာရောင်ဝတ်စုံဝတ် မိန်းမပျို၏ လှုပ်ရှားမှုက ရုတ်တရက် မြန်ဆန်လာပြီး တိမ်တိုက်များကြားမှ တစ်ဟုန်ထိုး ပြေးလွှားလာသည်။
ထိုသို့ ပြေးလာနေရင်းနှင့် လက်များကလည်း အဆက်မပြတ် ဝှေ့ယမ်းနေ၏။ ချင်မူ တစ်ခဏမျှ မှင်တက်မိသွားသည်။ ရုတ်တရက် သင်္ဘောအောက်ဘက်မှ ဘုန်းခနဲ အသံကြီး ကြားလိုက်ရပြီး ပြင်းထန်စွာ လှုပ်ရမ်း၍ ပြုတ်ကျတော့မလို ဖြစ်သွား၏။
ချင်မူ သင်္ဘောပဲ့ထိန်းဘီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရသည်။ သင်္ဘောငြိမ်သွားသည့်အခါမှ အောက်ငုံ့ကြည့်သောအခါ တိမ်တိုက်ကြားတွင် ရေခဲဓားများ ထိုးထွက်နေကြောင်း မြင်လိုက်ရ၏။ သင်္ဘာက ရေခဲဓားတစ်ချောင်းနှင့် တိုက်မိသွားခြင်း ဖြစ်သည်။ ထိုရေခဲဓားတစ်ချောင်းလုံး မွမွကြေသွားသော်လည်း သင်္ဘောမှာ အတော်ကြီး ထိခိုက်ပျက်စီးသွား၏။
“ဒီအမျိုးသမီးရဲ့ သိုင်းစွမ်းရည်က သိပ်မြင့်တယ်၊ အစောက ကိုယ်တော်ထက်တောင် သာဦးမယ်… ပြေးလိုက်လာတာလည်း သိပ်မြန်တာပဲ…”
ချင်မူက သင်္ဘောကို ထိန်းချုပ်၍ ရေခဲဓားများကို ရှောင်ရှားလိုက်သည်။ သို့သော်လည်း ထိုရေခဲဓားများက တိမ်ပင်လယ်ကြားမှ ထိုးထွက်နေခြင်း ဖြစ်သဖြင့် ရှောင်ရှားရန် မလွယ်ကူလှချေ။
ချင်မူ ဒေါသတကြီး အော်ဟစ်လိုက်၏။ “တုထျန်းမိစ္ဆာဘုရင် ဘယ်ရောက်နေတာလဲ ဟမ်…”
“ဘာကိစ္စ ငါ့ကို ခေါ်နေတာလဲ…” တုထျန်းမိစ္ဆာဘုရင်က သင်္ဘောဝမ်းအတွင်းမှ ပျင်းတိပျင်းရွဲ ထွက်လာသည်။ သူ့အသွင်က အသေသတ်မည်ဆိုလျှင်ပင် မကူညီဟူသော မျက်နှာထားနှင့် ဖြစ်၏။
ချင်မူက တုထျန်းမိစ္ဆာဘုရင်၏ အသွင်ကို မြင်သောအခါ ဒေါသထွက်သွားသည်။ “ဒူးထောက်ပြီး ခြေထောက်ကို လျှာနဲ့ လျက်ချင်ပြန်ပြီလား… မြန်မြန်လာကူ…”
“မင်းကိုငါ ကြောက်နေမယ်ထင်လို့လား…” တုထန်းမိစ္ဆာဘုရင်က သရော်ပြုံးပြုံးလိုက်၏။ သို့သော်လည်း အပြင်ဘက်သို့တော့ လျှောက်လာသည်။ “ငါက တုထျန်းပြည်ရဲ့ အရှင်သခင်လေ… မင်း အကူအညီလိုတယ်ဆိုရင် ကူပါဦးခင်ဗျာလောက်တော့ ပြောသင့်တယ် မဟုတ်ဘူးလား…”
ချင်မူ၏ နဖူးထက်တွင် သွေးကြောများ ထောင်ထလာ၏။ “ကူပါဦးခင်ဗျာ…”
တုထျန်းမိစ္ဆာဘုရင်မှာ ကျေနပ်သွားပြီး ပြုံးလိုက်သည်။ “မင်းလည်း ငါ့ဆီမှာ အောက်ကျနောက်ကျ လာတောင်းဆိုရတဲ့နေ့မျိုး ရှိလာသေးတာပဲ…
ချင်မူ ဒေါသအိုးပေါက်ကွဲတော့မည်ကို မြင်လိုက်သဖြင့် တုထျန်းမိစ္ဆာဘုရင် သူ့အပြုံးကို ကမန်းကတန်း သိုဝှက်လိုက်ရ၏။ သူ၏ ပါးစပ်မှ မိစ္ဆာဘာသာစကားသံ မြည်ဟည်းလာသည်။ ဤလက်ရှစ်ဖက် မျက်နှာလေးခု မိစ္ဆာဘုရင်က လက်များကို လေထဲသို့ မြှောက်လိုက်၏။ သင်္ဘောထက် ကောင်းကင်ယံတွင် အနက်ရောင်ကြေးမုံမှန်တစ်ချပ် ပေါ်ထွက်လာသည်။
ထိုအနက်ရောင်ကြေးမုံမှန်မှ အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်တောက်ပလာပြီး တိမ်တိုက်ပင်လယ်ထဲသို့ တိုးဝင်သွား၏။ ရေဇလုံထဲသို့ မင်များ လောင်းချလိုက်သည့်နှယ် အနက်ရောင်အခိုးအငွေ့များ အရပ်မျက်နှာအနှံ့ ပျံ့နှံ့၍ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းဒါဇင်ချီသို့ ရောက်ရှိပြီး အပြာရောင်ဝတ်စုံဝတ်မိန်းမပျိုပေါ်သို့ပင် ဖုံးလွှမ်းသွားသည်။
အနက်ရောင်အခိုးအငွေ့များထဲတွင် ထိုမိန်းမပျိုမှာ တစ်ချက်ညည်းညူမိပြီး နှလုံးခုန်သံများ ဝုန်းဒိုင်းကြဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ခေါင်းထဲတွင် မသန့်စင်သည့် အတွေးမျိုးစုံ ပေါက်ဖွားလာသည်။ ဖန်သလင်းကဲ့သို့ ကြည်လင်သည့် တာအိုနှလုံးသားပင် ခံနိုင်ရည်မရှိဘဲ နောက်ကျိသွား၏။
သူ၏ အမုန်းမဲ့ကောင်းကင်ဓားသိုင်းက ချစ်ခြင်း၊ မုန်းခြင်းမရှိအောင် ခံစားချက်များ ပိုင်းခြား၍ မသန့်စင်သော အတွေးမျိုးစုံကို ဖိနှိမ်သော ပညာရပ်ဖြစ်သည်။ သို့မှသာ တာအိုနှလုံးသားက ဓားနှလုံးသားနှင့် တစ်သားတည်းကျ၍ ကြည်လင်သန့်စင်ပေလိမ့်မည်။ ယခု သူ၏ ဓားနှလုံးသားက အနက်ရောင်မင်များစွန်းထင်း၍ နှလုံးသားမိစ္ဆာ ထကြွကာ ရင်ထဲတွင် အမျိုးစုံသော စိတ်ဆန္ဒများ ပြည့်နှက်လာ၏။
“နှမြောစရာပဲ… ငါ့မှာသာ အချိန်ရှိရင် ဒီရေခဲတောင်လိုမိန်းမကို နေ့တစ်ဝက်အတွင်း ငါ့ခြေထောက် ကုန်းလျက်အောင် လေ့ကျင့်ပစ်လို့ ရတယ်…” တုထျန်းမိစ္ဆာဘုရင်က သက်ပြင်းချလိုက်သည်။
မိစ္ဆာမြူခိုးများကြားမှ ဗုဒ္ဓတရားသံ ထွက်ပေါ်လာပြီး ထောင်ထောင်မောင်းမောင်း ရဟန်းပျို ရောက်ရှိလာ၏။ သူက အတုံ့အဆိုင်းမရှိ ကွင်းကိုးကွင်းတောင်ဝှေးကို ဆောင့်ချလိုက်သည်။ တောင်ဝှေးထံမှ အလင်းတန်းများ ဖြာထွက်၍ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး မိစ္ဆာမြူခိုးများကို မောင်းထုတ်ပစ်၏။
ရဟန်းပျိုမှာ မိစ္ဆာမြူခိုးများ ပြယ်လွင့်သွားချိန်တွင် သူ့ရင်ခွင်ထဲသို့ နွေးထွေးသည့် ခန္ဓာကိုယ်တစ်ခု ပျော့ခွေကျလာသဖြင့် တုန်လှုပ်သွားသည်။ သူ့ထံသို့ မှီကျလာသူမှာ မေတ္တာမဲ့နန်းတော်မှ ရေခဲမိန်းမပျို ဖြစ်၏။ ထိုမိန်းမပျို၏ အဝတ်အစားများက ပြေလျော့၍ မပေါ့်တပေါ် ဖြစ်နေသည်။
ရဟန်းပျိုက ကမန်းကတန်း တွန်းထုတ်၍ အော်ဟစ်လိုက်၏။ “အစ်မတော်ယွီ၊ မိစ္ဆာမှော်အစီအရင် မိသွားတာ… သတိကပ်ဦး…”
အပြာရောင်ဝတ်စုံဝတ်မိန်းမပျို၊ ယွီအာမှာ ရဟန်းပျို၏ အသံကြောင့် အိပ်မက်ကမ္ဘာမှ နိုးထလာသည်။ တစ်မုဟုတ်ချင်း အသိပြန်ဝင်လာပြီး မျက်နှာတစ်ပြင်လုံး ရဲရဲနီ၍ အဝတ်အစားများ ကမန်းကတန်း ဆွဲဖုံးလိုက်၏။ “အရှက်ရမိပါတယ်… မိစ္ဆာမှော်အစီအရင်ဒဏ် ခံလိုက်ရလို့ သူတို့ကို မတားလိုက်နိုင်ဘူး…”
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူက လူတွေရဲ့ စိတ်နှလုံးကို လှည့်ဖျားပြီး ကျင့်စဉ်စွမ်းအင်ကို ဖျက်ဆီးနိုင်တဲ့ မိစ္ဆာလမ်းစဉ်မှော်အစီအရင်တွေ ကျွမ်းကျင်တာ မထူးဆန်းပါဘူး…” ရဟန်းပျိုက သူ၏ တောင်ဝှေးကို ဆောင့်ချ၍ ရွှေကွင်းများ လှုပ်ခါစေပြီး အစ်မတော်ယွီအာ၏ ရင်ထဲမှ မိစ္ဆာစိတ်ရိုင်းများ ငြိမ်သက်အောင် ကူညီပေးလိုက်သည်။ “ဒါပေမဲ့ ဒီကိုယ်တော် ရှိနေမှတော့ သူ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး…”
ယွီအာက ခေါင်းခါယမ်းလိုက်၏။ “သူ့သင်္ဘောက သိပ်မြန်လွန်းတယ်၊ အမီလိုက်ဖို့ မလွယ်ဘူး…”
“စိတ်မပူပါနဲ့ အစ်မတော်ယွီ… သူ လွတ်အောင် မပြေးနိုင်ပါဘူး…” သူတို့၏ နောက်မှ ကျောင်းတော်သားက မီလာသည်။ “ဆင်းရဲခြင်းယုတ္တိဂိုဏ်းက ဆင်းရဲခြင်းဆရာသခင်ရဲ့ တပည့်၊ ကျောင်းတော်သား လန်ယွီက ကိုယ်တော်ပန်ချီနဲ့ အစ်မတော်ယွီကို နှုတ်ခွန်းဆက်သပါတယ်… ဒီကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နောက် လိုက်နေတာ ကျွန်တော်တို့တင် မဟုတ်ဘူး… ကျွန်တော်တို့နဲ့ ရပ်တည်ချက်တူတဲ့သူတွေအားလုံး လှုပ်ရှားလာကြပြီ… သူ ဘယ်လိုမှ ပြေးမလွတ်အောင် ပိတ်ဆို့ထားပါတယ်…”
ပန်ချီကိုယ်တော်က တစ်စုံတစ်ခု ပြောမည်ပြုစဉ် ပိုးကောင်အုပ်တစ်အုပ် ပျံသန်းလာသည်ကို တွေ့လိုက်၏။ ထိုပိုးကောင်များကြား၌ မိစ္ဆာအခိုးအငွေ့များကို ထိန်းချုပ်၍ လျှောထိုးပျံသန်းလာသော မြွေနီကြီးတစ်ကောင်လည်း ပါလာသည်။ ၎င်းတို့ ရွေ့လျားလာသည်က လွန်စွာ မြန်ဆန်သဖြင့် သူတို့ကိုမီရန် များစွာ မလိုတော့ချေ။
“အံဖွယ်သုံးသွယ်ရဲတိုက်က အစ်မတော်ချိုးယွဲ့နဲ့ နဂါးစီးဂိုဏ်းသခင်လေး လုံကျောင်းနန်ပဲ…” ကျောင်းတော်သားလန်ယွီက တစ်ချက်ကြည့်၍ ပြောလိုက်၏။ “လုံကျောင်းနန်ရဲ့ စိတ်က ထူးဆန်းတယ်၊ ယောက်ျားတွေကို ကြိုက်တာ… ကျွန်တော့်နဲ့တွေ့တုန်းက နေ့တစ်ဝက်လောက် နောက်ကလိုက်နေလို့ လွတ်အောင် ပြေးရသေးတယ်… မြန်မြန်သွားကြစို့…”
ဤအခိုက်၌ ခပ်လှမ်းလှမ်းရှိ တိမ်တိုက်ကြားထဲတွင် မရေမတွက်နိုင်သော ဓားရောင်များ လင်းလက်သွားသည်။ ပန်ချီကိုယ်တော်၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဘယ်ဓားဂိုဏ်းရဲ့ ပညာရှင်ကများ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ကြားဖြတ်တိုက်နေပြီလဲ မသိဘူး… မြန်မြန်လိုက်သွားစို့…”
အားလုံး ခေါင်းညိတ်၍ လှုပ်ရှားရန်ပြင်လိုက်စဉ် တိမ်တိုက်ပေါ်မှ လူတစ်ယောက် ခုန်ထွက်၍ ချင်မူ၏ သင်္ဘောနောက် လိုက်သွားကြောင်း မြင်တွေ့ရသည်။
“မျောက်မင်းဓားဂိုဏ်းက ဓားသမားယွမ်ရှန်ပဲ…” လန်ယွီက ထိုသူကို မှတ်မိပြီး လှမ်းအော်ပြောလိုက်၏။ “နောင်တော်ယွမ်ရှန်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် မလွတ်ပါဘူး… ကျွန်တော်တို့ အတူတူ ပူးပေါင်းပြီး ဝိုင်းတိုက်ကြရင် ပိုမကောင်းဘူးလား…”
ယွမ်ရှန်က ခြေလှမ်းများ ရပ်၍ သူတို့ကို စောင့်လိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ လက်ထဲမှာ ရတနာဓားတစ်လက်ရှိတယ်… အဲဓားကြောင့် ငါ့ဓားစက်လုံး ပျက်စီးသွားပြီ… သူ့သင်္ဘောကလည်း ထူးဆန်းတယ်… သစ်သားနဲ့ လုပ်ထားတာ မဟုတ်ဘူး၊ သတ္ထုနဲ့ လုပ်ထားတာ… ဓားထောင်ချီနဲ့ ထိုးစိုက်ပေမဲ့ ပျက်စီးအောင် မလုပ်နိုင်လိုက်ဘူး…”
“မဟူရာသံနဲ့ လုပ်ထားတာ…” ယွီအာက ပြောလိုက်၏။ “အမုန်းမဲ့ရေခဲဓားနဲ့ ထိပ်တိုက်တွေ့တုန်းကလည်း သူ့သင်္ဘောမပျက်ဘဲ အမုန်းမဲ့ရေခဲဓားပဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတယ်…”
“သံကိုယ်ထည်သင်္ဘောက လေပေါ်မှာ ပျံနိုင်တာလား…”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် မယုံနိုင်သလို ကြည့်လိုက်မိကြသည်။ ဤမျှ လေးလံသောသင်္ဘောက ကောင်းကင်ယံတွင် အဘယ်သို့ ပျံသန်းနိုင်ရသနည်း။
လန်ယွီက နောက်သို့လှည့်ကြည့်ရင်း မျက်နှာပျက်သွား၏။ “လုံကျောင်းနန် မီလာပြီ… မြန်မြန်သွားကြစို့…”