← Chapters

သေလမ်း

Vol. 16 Ch. 223

သေလမ်း

Vol. 16 Ch. 223

ချင်မူက ယွမ်ရှန်ကို နောက်ဆုတ်သွားအောင် တိုက်ခိုက်ပြီးပြီးချင်း အခြေအနေကို အကဲခတ်လိုက်သည်။ ရတနာဓားပျံများကြောင့် သူ့သင်္ဘောကိုယ်ထည်၌ အပေါက် ထောင်ချီ ပွင့်ပြီး နေရာအနှံ့မှ လေများ စိမ့်ထွက်နေ၏။

မျောက်မင်းဓားဂိုဏ်းမှ ယွမ်ရှန်၏ လှုပ်ရှားတိုက်ခိုက်မှုက လွန်စွာ သွက်လက်ပေါ့ပါးလှသည်။ သူ၏ ဓားသိုင်းကလည်း အလွန်တရာ ထက်မြက်၏။ ကံကောင်းထောက်မ၍ သင်္ဘောကိုယ်ထည်က မဟူရာသံဖြင့် ပြုလုပ်ထားသောကြောင့်သာ ဤဓားသိုင်းပညာရှင်၏ တိုက်ခိုက်မှုကို ခံနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း သင်္ဘောဝမ်းမှ လေများ စိမ့်ထွက်နေသဖြင့် သင်္ဘော၏အရှိန်က နှေးကျသွား၏။

ထို့ပြင် သင်္ဘောထိပ်ဦး၌လည်း ရေခဲဓားကြီးနှင့် တိုက်ထားသဖြင့် အပေါက်ကြီးတစ်ပေါက် ပေါက်နေသည်။ ရှေ့သို့ အရှိန်တင် ပျံသန်းသည့်အခါ သင်္ဘောကိုယ်ထည်ထဲသို့ လေများတိုးဝင်လာပြီး နှေးကျသွား၏။

“ခဏရပ်ရရင် နေ့တစ်ဝက်အတွင်း ပြန်ပြင်လို့ရတယ်… ဒါပေမဲ့ ဒီဟာတွေက ငါ့ကို နေ့တစ်ဝက် အချိန်ပေးမှာ မဟုတ်ဘူး… ကံကောင်းတာတစ်ခုက မဟာမြို့ပျက်နဲ့ သိပ်မဝေးတော့တာပဲ…”

ချင်မူ ထိုသို့တွေးနေစဉ် အောက်ထဲမှ ဟူလင်းအာ၏ အသံ ထွက်ပေါ်လာသည်။ “သခင်လေး၊ သင်္ဘောဗိုက်အောက်က ကြေးဝါသားရဲခေါင်း ခုတ်ဖြတ်ခံလိုက်ရပြီ… အဲဒါ အရေးကြီးလား…”

ချင်မူ မှင်တက်မိသွား၏။ “အရေးမကြီးပါဘူး… အောက်ဆင်းတဲ့အချိန်ကျရင် နည်းနည်းလောက် ခုန်ရုံပါပဲ…”

မြေခွေးလေးက သင်္ဘောဝမ်းထဲမှ ခေါင်းပြူထွက်လာပြီး မျက်ဝန်းတောက်တောက်များဖြင့် မေးလိုက်သည်။ “ဘယ်လောက် ခုန်မှာလဲ…”

ချင်မူက ဇဝေဇဝါဖြင့် မေးလိုက်၏။ “ဘာလုပ်မလို့ မေးနေတာလဲ…”

“ကျွန်မတို့မှာ စွမ်းအင်ဆေးတုံး မရှိတော့ဘူး…” ဟူလင်းအာက အော်ပြောလိုက်သည်။ “သခင်လေး သတိမထားမိဘူးလား… ကျွန်မတို့သင်္ဘောက အောက်ကို တဖြည်းဖြည်း နိမ့်ဆင်းလာနေပြီ၊ မကြာခင် မိုးပေါ်က ပြုတ်ကျတော့မယ်…”

သင်္ဘောက ဆက်လက် ပျံသန်းနေဆဲ ဖြစ်သော်လည်း တိမ်ပင်လယ်ထဲသို့ စတင် နိမ့်ဆင်းကျလာကြောင်း ချင်မူ ယခုမှ သတိပြုမိလိုက်၏။

သူ တစ်မုဟုတ်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ “လင်းအာ၊ ဟိုဝက်ကို နှိုးလိုက်… သူ အလုပ်လုပ်ရမဲ့ အချိန်ရောက်ပြီ…”

တုထျန်းမိစ္ဆာဘုရင်မှာ ဒေါသအိုးပေါက်ကွဲသွား၏။ “ခွေးကောင်လေး… ဘယ်သူ့ကို ဝက်လို့ ခေါ်တာလဲ… ငါ ဒီလောက် လုပ်ပေးထားတာကို…”

ဟူလင်းအာက သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ “ကျွန်မတို့က ရှင့်အကြောင်း ပြောနေတာမှ မဟုတ်ပဲ… ကိုယ့်ဖာသာ ဝက်လို့ ပြောနေသေးတယ်… သခင်လေးက ဖက်တီးနဂါးကို ပြောနေတာ… ဖက်တီးနဂါး၊ ထတော့၊ မအိပ်နဲ့တော့… သင်္ဘောက ပြုတ်ကျနေပြီ… သခင်လေးက နည်းနည်း ခုန်လိမ့်မယ်တဲ့…”

နဂါးချီလင်က မျက်လုံးများ ပွတ်၍ သင်္ဘောဝမ်းထဲမှ တိုးထွက်လာ၏။ သူ့ဗိုက်က ကြမ်းပြင်နှင့် တိုက်နေပြီး ညည်းညူလိုက်သည်။ “အရင်ရက်တွေကမှ ကျွန်တော့်ကို နဂါးကြီးလို့ ခေါ်နေသေးတာ မဟုတ်ဘူးလား…”

“ဒီကောင် ပျံရောပျံနိုင်ပါ့မလား…”

ချင်မူ စိတ်ပူမိသွား၏။ သင်္ဘောဝမ်းအတွင်းမှ နှစ်သစ်ကူးပစ္စည်းများကို ထောင်ထျယ်အိတ်ထဲသို့ အလျင်အမြန် ထည့်လိုက်သည်။ ထို့နောက် တုထျန်းမိစ္ဆာဘုရင်ကို ကောက်ယူ၍ ထိုးထည့်ရန် ပြင်လိုက်၏။

သို့သော်လည်း ထောင်ထျယ်အိတ်၏ အဝက များစွာ မကျယ်သည့်အတွက် တုထျန်းမိစ္ဆာဘုရင်၏ ခြေတစ်ဖက်သာ ဆံ့သည်။

ချင်မူ ဤမိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို တစ်စစီ ဖြုတ်ရန် ကြံလိုက်စဉ် တုထျန်းမိစ္ဆာဘုရင်က ဒေါသတကြီး ပြောလာ၏။ “မင်း ဘာလုပ်နေတာလဲ… ငါ့ကို တစ်စစီ ဖြုတ်မနေနဲ့… ငါ့အသိစိတ်ဝိညာဉ်က ဒီခန္ဓာကိုယ်ထဲမှာ နေနေရတာ… ဒါကို တစ်စစီဖြုတ်ရင် ငါ့အသိစိတ်ဝိညာဉ်လည်း တစ်စစီ ဖြစ်သွားလိမ့်မယ်… ဒီအိတ်ကို ဘယ်လိုသုံးရမလဲတောင် မသိဘူးလား… မင့်ချီစွမ်းအင်ကို သုံးပြီး အိတ်အဝကျယ်အောင် လုပ်လေ…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ့ချီစွမ်းအင်ကို ပို့လွှတ်လိုက်ရာ အိတ်ပေါ်မှ ထောင်ထျယ်အမှတ်အသားသင်္ကေတများ လင်းလက်လာသည်။ ထောင်ထျယ်အိတ်အဝက ရုတ်ခြည်း ပြန့်ကားပြီး ထောင်ထျယ်သားရဲ၏ ပါးစပ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုပါးစပ်ပေါက်က အချင်းကိုက်နှစ်ဆယ်ခန့် ရှိပြီး တုထျန်းမိစ္ဆာဘုရင်၏ တစ်ကိုယ်လုံး ဝင်ဆံ့နိုင်သည်။

“ဒီအတိုင်းဆို အဆင်ပြေသားပဲ…”

ချင်မူ အံ့ဩဝမ်းသာသွား၏။ ထို့နောက် ခါးတွင် အိတ်ကို ချည်၍ ဟူလင်းအာကို ခေါ်ကာ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ “သင်္ဘောကို ထားခဲ့တော့၊ သွားစို့…”

နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ပေါ်ထွက်လာပြီး လေထဲသို့ ပျံတက်သွား၏။ သင်္ဘောမှာ တိမ်တိုက်ကြားထဲသို့ နစ်ဝင်၍ အောက်သို့ ပြုတ်ကျနေသည်။

နဂါးချီလင်က နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းသခင်၊ အစ်မလင်းအာ… ဒီရက်ပိုင်း ဝလာကြတာလား… ပျံရတာ အရင်ထက် ပိုအားစိုက်နေရတယ်…”

“ဝလာတာ နင်…” မြေခွေးလေးက ဒေါသထွက်သွားသည်။ “နင့်ကိုယ်နင် ဘယ်လောက်ဝလာလဲ ပြန်ကြည့်ဦး… သခင်လေးရဲ့ အဘိုးအဘွားတွေက သိပ်ကြောက်ဖို့ကောင်းတာ၊ ဒီအတိုင်း ဝနေလို့ကတော့ နင့်ကို နှစ်သစ်ကူးညစာ လုပ်ပစ်လိုက်လိမ့်မယ်…”

ဟူလင်းအာ စကားမဆုံးမီပင် သူတို့စီးလာသည့် သင်္ဘောက တောင်တစ်လုံးနှင့် ဝင်တိုက်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွား၏။ ဆေးမီးဖို သုံးလုံးစလုံး ပေါက်ကွဲပြီး အုန်းခနဲအသံ သုံးချက်ဆင့် ထွက်လာသည်။ မဟူရာသံနှင့် မဟူရာကြေးနက် အပိုင်းအစများက အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်ပြီး အောက်ဘက်ရှိ တောအုပ်တစ်ခြမ်း ပျက်စီးသွား၏။ တောအုပ်အထက် ကောင်းကင်ယံ၌ မှိုပွင့်ကြီးကဲ့သို့ အနက်ရောင်မီးခိုးလုံးကြီးတစ်လုံး ထိုးတက်လာသည်။

ဟူလင်းအာ အလန့်တကြား ထခုန်မိပြီး ချင်မူ့ကို ကြည့်လိုက်၏။ “သခင်လေး၊ ရှင်ပြောတော့ အောက်ဆင်းတဲ့အချိန် နည်းနည်းပဲ ခုန်မှာဆို…”

“အင်း…” ချင်မူက ခေါင်းညိတ်၍ အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး၊ မင်း မြန်မြန်မပြေးရင် နှစ်သစ်ကူးညစာ ဖြစ်သွားမယ်နော်…”

နဂါးချီလင်မှာ ဆတ်ခနဲ တုန်သွားပြီး တစ်မုဟုတ်ချင်း အားကုန်ထုတ် ပြေးတော့၏။ သူ့ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များကလည်း အရွယ်အစားကြီးမား၍ မီးရှိန်ပိုပြင်းလာပြီး သိသိသာသာ မြန်ဆန်လာသည်။ သို့သော်လည်း ဆယ်မိုင်ခန့် ပြေးအပြီးတွင် ဟောဟဲဆိုက်နေတော့၏။

ဤအခိုက်၌ နဂါးချီလင်၏ ဘေးပတ်ပတ်လည်တွင် ဒါဇင်ချီသော ကြေးမုံမှန်များ ပေါ်ထွက်လာသည်။

ဤကြေးမုံမှန်များက အောက်ဘက်တောင်ထွတ်ဆီမှ မြင့်တက်လာခြင်း ဖြစ်ပြီး အဋ္ဌဂံပုံ ရှိကာ သူတို့၏ ပတ်ပတ်လည်တွင် တရွှီရွှီ မြည်၍ ပျံသန်းနေ၏။ ထို့နောက် တဖြည်းဖြည်း ကြီးလာပြီး အချင်းသုံးကိုက်ခန့် အရွယ်ထိ ရောက်သွားသည်။ လက်ရှိတွင် ထိုကြေးမုံမှန်များက သူတို့နှင့် ကိုက်သုံးရာခန့် ကွာဝေးသေး၏။

နဂါးချီလင်က အခြေအနေမကောင်းတော့ကြောင်း တွေ့သည့်အခါ ကမန်းကတန်း အောက်သို့ စိုက်ဆင်းလိုက်သည်။ သို့သော်လည်း အောက်ဘက်မှ ကြေးမုံမှန်တစ်ချပ် ပေါ်ထွက်လာပြီး သူ့ပြေးလမ်းကို ပိတ်ဆို့သွား၏။

နဂါးချီလင် အထက်သို့ ပျံတက်မည် ပြင်သောအခါတွင်လည်း အထက်မှ ကြေးမုံမှန်တစ်ချပ် နိမ့်ဆင်းလာသည်။

ထိုအခိုက်၌ တောင်ကုန်းပေါ်မှ ဓားရောင်တစ်ချက် လက်သွားပြီး ကြေးမုံမှန်တစ်ချပ်ကို ချွင်ခနဲ ထိမှန်သွား၏။ ထို့နောက် ထိုကြေးမုံမှန်မှ ရောင်ပြန်ဟပ်၍ အခြားကြေးမုံမှန်ပေါ်သို့ ဓားရောင် ကျရောက်သွားသည်။

ကြေးမုံမှန်များ တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေစဉ်တွင် တောင်ထွတ်ဆီမှ နောက်ထပ် ဓားအလင်းတန်းများ ပြေးဝင်လာပြန်၏။ ဓားအလင်းတန်းများက ရောင်ပြန်ဟပ်၍ တဖြည်းဖြည်း များလာပြီး မျက်စိတစ်မှိတ်အတွင်း အလွန်တရာ သိပ်သည်းထူထပ်သည့် ပိုက်ကွန်တစ်ခုသဖွယ် ဖြစ်သွားသည်။

သို့တိုင်အောင် တောင်ထွတ်ဆီမှ ဓားအလင်းတန်းများက ထပ်မံ၍ ပျံသန်းလာနေသေး၏။

“ထူးဆန်းလိုက်တဲ့ ဝင်္ကပါသိုင်းပါလား…”

ချင်မူ ခေါင်းမွေးများ ထောင်ထသွားသည်။ ဤသည်က ကြေးမုံမှန်များကို အသုံးပြုထားသည့် ဓားဝင်္ကပါအမျိုးအစား ဖြစ်၏။ ဓားအလင်းတန်းများက ကြေးမုံမှန်ဖြင့် ရောင်ပြန်ဟပ်နေသည့်အတွက် အလေအလွင့်မရှိတော့ဘဲ သိပ်သည်းထူထပ်သော ဓားဝင်္ကပါ ဖြစ်လာသည်။

“ဒါပေမဲ့ ဒီဓားဝင်္ကပါကို ဖျက်ဆီးဖို့လည်း လွယ်ပါတယ်… ကြေးမုံမှန်တွေကို ခွဲပစ်လိုက်ရုံပဲ မဟုတ်ဘူးလား…”

ချင်မူ သူ့လက်ကို မြှောက်၍ ဆန့်ညွှန်လိုက်၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ပြေးထွက်သွားပြီး ကြေးမုံမှန်တစ်ချပ်ကို ခုတ်ပိုင်းချလိုက်သည်။ သို့သော်လည်း မရေမတွက်နိုင်သော ဓားအလင်းတန်းများက အိမ်ရှေ့စံကိုယ်ရံတော်ဓားအပေါ် ကျရောက်လာ၏။

အိမ်ရှေ့စံကိုယ်ရံတော်ဓားမှာ နောက်ပြန်လွင့်ထွက်၍ အောက်ဘက်ရှိ တောအုပ်ထဲသို့ ပြုတ်ကျသွားသည်။

“ဒီတစ်ယောက်ရဲ့ ကျင့်စဉ်စွမ်းအင်က ငါ့ထက် အများကြီး ပိုမြင့်တာပဲ… အရပ်ခြောက်မျက်နှာ အထွတ်အထိပ်အဆင့် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်…”

ချင်မူ့ရင်ထဲတွင် လေးလံသွား၏။ ဓားအိမ်ကို ဆွဲထုတ်ရင်း အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ပြန်ခေါ်ယူရန် အသင့်ပြင်လိုက်သည်။ နဂါးချီလင် လှုပ်ရှားနိုင်သော နယ်ပယ်က ကျဉ်းသည်ထက် ကျဉ်းလာ၏။ ရုတ်တရက် နဂါးချီလင်က ခေါင်းခါယမ်း၍ ပါးစပ်ကို ဟကာ အော်ဟစ်မြည်ကြွေးလိုက်သည်။ သူ၏ အော်သံက ထောင်သောင်းချီသော ကောင်းကင်မိုးကြိုးများ တစ်ပြိုင်နက် ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ ကြေးမုံမှန်ချပ်များအားလုံး တစ်စစီ ကြေမွသွား၏။

ကြေးမုံမှန်ချပ်များ မရှိတော့သဖြင့် အလွန်တရာ သိပ်သည်းထူထပ်လှပါသည်ဟူသော ဓားဝင်္ကပါလည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားသည်။

တောင်အောက်မှ အံ့အားသင့်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။ “သိပ်အားကောင်းတဲ့ တိရစ္ဆာန်ကြီးပါလား…”

နဂါးချီလင်မှာ တိရစ္ဆာန်ဟူသော စကားကို ကြားသောအခါ ဒေါသအိုးပေါက်ကွဲသွားပြီး အောက်ဘက်ရှိ တောင်ထွတ်ဆီသို့ မီးလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။ ထိုနေရာမှ ဓားရောင်တစ်ချက် လက်သွားပြီး ဘေးဘက်သို့ ပျံသန်းသွား၏။ ထိုဓားရောင်က ဓားနှင့်လူ တစ်သားတည်း ပူးပေါင်း၍ နဂါးချီလင်၏ တိုက်ခိုက်မှုကို ရှောင်ရှားသွားခြင်း ဖြစ်သည်။

တောင်ထွတ်က အုန်းခနဲ ပေါက်ကွဲ၍ မီးလျှံများ အရပ်မျက်နှာအနှံ့သို့ ပျံနှံ့ပြီး ဓားနှင့်လူ တစ်ကွဲတစ်ပြားစီ လွင့်ထွက်ကာ တောအုပ်ထဲ ပြုတ်ကျသွား၏။

သို့သော်လည်း ထိုသူက မသေသေးပေ။ ကောင်းကင်ယံသို့ ထပ်မံ၍ ပျံတက်လာသည်။ သူ့ရှေ့တွင် ကြေးမုံမှန်တစ်ချပ် အလျားလိုက် တွဲခိုနေပြီး တိုင်လုံးကြီးတစ်လုံးကဲ့သို့သော ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။

နဂါးချီလင်က ထိုဓားအလင်းတန်းမှ လွတ်အောင် ထွက်ပြေးလိုက်သည်။

သို့သော်လည်း ဓားအလင်းတန်းက သူ့ထက် မြန်၍ တစ်ခဏအတွင်း မီလာ၏။ နဂါးချီလင်က ခန္ဓာကိုယ်ကို ခါယမ်း၍ သူ၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်က တစ်မုဟုတ်ချင်း ကြီးထွားလာပြီး ကိုက်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော် ရှည်လျားသည့် သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ကြီးမားလှသော အမြီးကြီးဖြင့် ရိုက်ချလိုက်ရာ ဓားအလင်းတန်းမှာ အပိုင်းပိုင်းအစစ ဖြစ်၍ ပျက်စီးသွားသည်။

ဓားသမားမှာ တစ်ခဏမျှ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ရေရွတ်လိုက်၏။ “ကြီးလိုက်တဲ့ တိရစ္ဆာန်ကြီးပါလား…”

နဂါးချီလင်က ခေါင်းပြန်လှည့်လာပြီး တရှိန်ရှိန် တောက်လောင်နေသော မီးတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။ ထိုဓားသမားက အခြေအနေမကောင်းတော့ကြောင်း သိသဖြင့် တိမ်တိုက်ထက်သို့ ကမန်းကတန်း ခုန်တက်ပြီး ရှောင်ရှားလိုက်၏။ သို့သော်လည်း လင်းတောက်နေသည့် မီးတန်းကြီးက တိမ်တိုက်ကိုပါ နှစ်ခြမ်းခွဲပစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။

ကောင်းကင်ယံထက်မှ မချိမဆန့် အော်သံကြီး ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုဓားသမား သေသည်၊ ရှင်သည်ကိုတော့ မသိရချေ။ နေရောင်က အပေါက်ကြီး ဖြစ်သွားသည့် တိမ်တိုက်ကြားမှ လင်းဖြာကျဆင်းလာသည်။

“ဖက်တီးနဂါးက သိပ်မိုက်တာပဲ…” ဟူလင်းအာက ချီးကျူးလိုက်၏။

ချင်မူက နှစ်ခြမ်းကွဲသွားသည့် တိမ်တိုက်ကို ကြည့်ရင်း သူ့မျက်နှာထက်တွင် စိုးရိမ်မကင်းသည့် အမူအရာ ပေါ်ထွက်လာသည်။

ယခု သူတို့နောက် လိုက်လာသည့် လူများထဲတွင် ကျင့်စဉ်အဆင့် အမြင့်ဆုံးမှာ လုံကျောင်းနန်နှင့် မေတ္တာမဲ့နန်းတော်မှာ ရေခဲမျက်နှာအမျိုးသမီး ဖြစ်၏။ သူတို့နှစ်ယောက်စလုံးက ခုနစ်စဉ်ကြယ်အဆင့်များ ဖြစ်ကြသည်။ ထို့နောက်တွင် ထောင်ထောင်မောင်းမောင်းကိုယ်တော်၊ ကျောင်းတော်သားနှင့် ကျန်သူများ လိုက်၏။ ထိုသူတို့က အရပ်ခြောက်မျက်နှာအဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်ကြားတွင် ရှိသည်။

ဤလူများအားလုံးက ရှေ့ပြေးသာ ဖြစ်ပြီး သူတို့၏ တာဝန်မှာ ချင်မူ့ဘေးတွင် အဆင့်မြင့်ပညာရှင်များ ရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်၏။

သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်သည့်အလျောက် ဘေးနားတွင် ကာကွယ်စောင့်ရှောက်သူ အဆင့်မြင့်ပညာရှင်များ ပါရှိမည်မှာ ကျိန်းသေသည် မဟုတ်လား။

ယခု နဂါးချီလင်ကို သူတို့ တွေ့ရှိသွားကြပေပြီ။

ဤနဂါးချီလင်၏ တိုက်ခိုက်မှု ပြင်းအားက လုံကျောင်းနန်တို့ ရင်ဆိုင်နိုင်သောအရာ မဟုတ်ချေ။ ဆိုလိုသည်မှာ ယခုမှစ၍ သူတို့ထက် ပိုအဆင့်မြင့်သော ပညာရှင်များ လှုပ်ရှားရပေတော့မည်။

ချင်မူအနေဖြင့် လုံကျောင်းနန်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုဘဲ အဆက်မပြတ် ပြေးလွှားနေသည်မှာ သူနှင့်အတူ အဆင့်မြင့်ပညာရှင်များ ပါလာခြင်း ရှိ၊ မရှိ နောက်ကွယ်မှ စောင့်ကြည့်နေသူများ မခန့်မှန်းနိုင်စေရန်အတွက် ဖြစ်၏။ ထိုသို့ မခန့်မှန်းနိုင်လျှင် လုံကျောင်းနန်နှင့် ကျန်သူများကိုသာ ဆက်လက် စမ်းသပ်စေပေလိမ့်မည်။ သို့ဆိုလျှင် သူ့အနေဖြင့် မဟာမြို့ပျက်သို့ ရောက်အောင်သွားရန် အခွင့်အရေးရနိုင်ပေမည်။

ဤသည်က သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်း ဖြစ်၏။

ယခု နဂါးချီလင်က သူ့အစွမ်းကို ထုတ်ပြလိုက်ပြီဖြစ်သဖြင့် ဤအခွင့်အရေး ဆုံးရှုံးသွားပေပြီ။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များကို သဘာဝဘေးကယ်ဆယ်ရေးအတွက် သူကိုယ်တိုင် စေလွှတ်ထားသဖြင့် ကာကွယ်စောင့်ရှောက်ပေးမည့်သူ ပါမလာချေ။

“ဒီနေရာကနေ မဟာမြို့ပျက်ကို ရောက်ဖို့ မိုင်တစ်ထောင်တောင် မလိုတော့ဘူး… ပြေးကြစို့…” ချင်မူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ခပ်တိုးတိုး ပြောလိုက်သည်။ “မဟာမြို့ပျက်နဲ့ နီးလေလေ ငါတို့အတွက် ပိုအန္တရာယ်ကင်းလေလေပဲ…”

နဂါးချီလင်က လွန်စွာ ကြီးမားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိသည့်အတွက် ယခင်ကထက် ပို၍ များစွာ မြန်ဆန်လာ၏။ သူ့ဗိုက်က ဖောင်းကားဆဲ ဖြစ်ပြီး ဟောဟဲဆိုက်နေသော်လည်း လျှပ်ပြက်သကဲ့သို့ တရိပ်ရိပ် ပြေးလွှားနေသည်။

များစွာမကြာလိုက်ချေ။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထပ်မံဆုံတွေ့ခြင်း မရှိဘဲ မိုင်တစ်ရာကျော် ခရီးရောက်လာ၏။ ရုတ်တရက် ချင်မူက ပြောလိုက်သည်။ “ရပ်၊ အောက်က တောင်ပေါ်ဆင်းလိုက်…”

နဂါးချီလင်က သူ့ခန္ဓာကိုယ်ကို ပြန်ကျုံ့သွင်း၍ တောင်တန်းများကြားသို့ ဆင်းသက်လိုက်၏။ သူတို့အောက်မှ တောင်ကြားချိုင့်ဝှမ်းမှာ ဆီးနှင်းများ ဖုံးလွှမ်းနေပြီး နှင်းထုက သုံးကိုက်ခန့် ထူသည်။ တောင်ကြောတစ်လျှောက်လုံး မြင်မြင်သမျှ ဖွေးဖွေးဖြူ၍ တိတ်ဆိတ်ခြောက်ကပ်နေ၏။ မည်သည့် အဆောက်အဦကိုမျှ မတွေ့ရချေ။

ချင်မူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးတောက်မီးလျှံများ တရှိန်ရှိန် တောက်လောင်၍ တောင်ကြားချိုင့်ဝှမ်းရှိ နှင်းများကို အရည်ဖျော်ပစ်လိုက်သည်။ နှင်းများ၏ အောက်မှ အရိုးစုများ ပေါ်ထွက်လာ၏။

ဤနေရာမှာ တစ်ခေတ်တစ်ခါက သွေးလွှမ်းခဲ့သော တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်ဟန် ရှိသည်။ ချင်မူက အစိမ်းရောင် ကောင်းကင်မျက်လုံးကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဤနေရာ၌ အဃာတအငွေ့အသက်များ ပြည့်နှက်နေသည်ကို မြင်မိသဖြင့် ရပ်တန့်လိုက်ခြင်း ဖြစ်၏။

“ငါလို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နောက်ကို လိုက်နေတဲ့သူတွေနဲ့ ဒီနေရာမှာပဲ ဆုံတွေ့ကြတာပေါ့… သူတို့ ဘယ်လောက် စွမ်းအားကြီးလဲ ကြည့်ဦးမယ်…”

ချင်မူ၏ ရင်ထဲတွင် အေးစက်မာကြောသွားပြီး သူ၏ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော အရိုးခြောက်များက စုပုံဆင့်ထပ်၍ အရိုးဖြူယဇ်ပလ္လင်လေးခု ဖြစ်သွား၏။

ချင်မူက ထောင်ထျယ်အိတ်ထဲမှ မိစ္ဆာနတ်ဘုရားရုပ်တု လေးခုကို ထုတ်ယူပြီး ယဇ်ပလ္လင်များပေါ်တွင် တင်လိုက်သည်။ ထို့နောက် မဟာတောင်တော်ဂိုဏ်း၏ အဆောင်ရတနာကို ထုတ်ယူ၍ မှော်အစီအရင်ကို စတင်လိုက်၏။

မဟာတောင်တော်ဂိုဏ်း၏ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်…။

ဤရုပ်တုလေးခုက တုထျန်းမိစ္ဆာနတ်ဘုရားလေးပါး၏ ရုပ်တု ဖြစ်သည်။ တုထျန်းမိစ္ဆာဘုရင်က သူ့အမိန့် မနာခံသော မိစ္ဆာနတ်ဘုရားများကို ဒုက္ခပေးရန်အတွက် မိစ္ဆာနတ်ဘုရားရုပ်တု ငါးခု ထုလုပ်ခိုင်းခဲ့၏။ သို့သော်လည်း ချင်မူက မိစ္ဆာနတ်ဘုရားတစ်ပါးသာ ဆင့်ခေါ်ပေးခဲ့သည့်အတွက် သူ့တွင် မိစ္ဆာနတ်ဘုရားရုပ်တု လေးခု ရှိနေသေးသည်။

“ခွေးကောင်လေး၊ ငါ့ခန္ဓာကိုယ်အစစ်ကို ဆင့်ခေါ်ရင် သူတို့အကုန်လုံးကို ငါ သတ်ပေးမယ်…” ထောင်ထျယ်အိတ်ထဲမှ တုထျန်းမိစ္ဆာဘုရင်၏ ရက်စက်ကြမ်းကြုတ်သည့်အသံ ထွက်ပေါ်လာ၏။

ချင်မူက တုထျန်းမိစ္ဆာဘုရင်ကို လျစ်လျူရှု၍ နားလည်ရခက်သော မိစ္ဆာဘာသာစကားဖြင့် ရွတ်ဆိုလိုက်သည်။ အဆောင်ရတနာက တဝီဝီ လည်ပတ်နေပြီး ပထမမိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု လင်းလက်လာ၏။ ချင်မူမှာ အခြားကမ္ဘာလောကမှ မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တဖြည်းဖြည်း အဆက်အသွယ် ရလာပြီး သူ့ခန္ဓာကိုယ်ကို တံတားသဖွယ် အသုံးပြု၍ တုထျန်းပြည်မှ မိစ္ဆာနတ်ဆိုးကို ဆင့်ခေါ်လိုက်သည်။

“တကယ့်ကို မိစ္ဆာလမ်းစဉ်ပဲ၊ ဒီနေရာမှာ ပုန်းပြီး မိစ္ဆာနတ်ဆိုးဆင့်ခေါ်နေတယ်ပေါ့…” အသက်ကြီးကြီး အသံတစ်သံ ထွက်ပေါ်လာ၏။ “မင်းတို့ကောင်တွေက ကိုယ့်ကိုယ်ကိုယ် မိစ္ဆာဂိုဏ်း မဟုတ်ဘူးလို့ ခဏခဏပြောနေတာ… ကဲ ပြောပါဦး… အခု မင်းလုပ်နေတာက မိစ္ဆာနတ်ဆိုးတစ်ကောင်နဲ့ ဘာများ ကွာခြားလဲဆိုတာ…”

အသက်ကြီးကြီး တာအိုရသေ့တစ်ပါးက နောက်ကျောတွင် ဓားတစ်လက် ချိတ်ဆွဲ၍ လက်ထဲတွင် မြင်းမြီးယပ်တစ်ချောင်း ကိုင်ကာ လျှောက်လှမ်းလာသည်။

All Chapters