← Chapters

သမာသမတ်လမ်းစဉ်အတွက်

Vol. 16 Ch. 224

သမာသမတ်လမ်းစဉ်အတွက်

Vol. 16 Ch. 224

ချင်မူက ထိုရသေ့၏ စကားကြောင့် မည်သို့မျှ မခံစားရဘဲ မိစ္ဆာဆင့်ခေါ်ခြင်းအမှုကိုသာ ဆက်လက်ပြုလုပ်နေသည်။ ရုတ်တရက် သွေးနီရောင်အလင်းတန်းတစ်ခု ထိုးတက်လာပြီး နှင်းများ ဖုံးလွှမ်းနေသော တောင်ကြားလွင်ပြင်တစ်ခုလုံး သွေးစွန်းသကဲ့သို့ ဖြစ်သွား၏။။

ထိုသွေးနီရောင်အလင်းတန်းက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လျှပ်စီးတန်းများ ဖျစ်ဖျစ်မြည် ဝန်းရံလှည့်ပတ်နေသည်။ လျှပ်စီးတန်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့၍ တောင်စောင်းနံရံကို ထိမှန်ပြီး နှင်းထုများ အရည်ပျော်သွား၏။ ကျောက်တုံးကျောက်ခဲများပင် အရည်ပျော်၍ ချော်ရည်ပူများ ဖြစ်ပြီး တောင်နံရံတစ်လျှောက် စီးကျလာသည်။

သွေးနီရောင်အလင်းတန်းတစ်ဝိုက်ရှိ လျှပ်စီးတန်းများက တဖျစ်ဖျစ်လက်နေသော ပိုက်ကွန်တစ်ခုအဖြစ် ဖွဲစည်း၍ ရွေ့လျားသွား၏။ အခြားကမ္ဘာလောကမှ ကြောက်မက်ဖွယ်ရာ မိစ္ဆာစွမ်းအင်တစ်ခုက ယဇ်ပလ္လင်ပေါ်ရှိ မိစ္ဆာနတ်ဘုရားရုပ်တုကို လာရောက်ထိမှန်သည်။

ထိုသစ်သားရုပ်တုမှာ တစ်မုဟုတ်ချင်း ပွင့်ထွက် ဖောင်းကား၍ အရွယ်အစား ကြီးမားသည်ထက် ကြီးမားလာ၏။ အရှိန်အဝါအငွေ့အသက်ကလည်း တစ်စထက်တစ်စ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။

ချင်မူ့ခါးရှိ ထောင်ထျယ်အိတ်ထဲမှ တုထျန်းမိစ္ဆာဘုရင်၏ ဒေါသသံ ပေါ်ထွက်လာ၏။ “ခွေးကောင်လေး၊ ကျားဟယ်မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တုန်းက မင့်စွမ်းအားကို အကုန်ထုတ်မသုံးဘူး မဟုတ်လား… ဒီတစ်ခေါက် ရှုံးပီမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တာ အဲတုန်းကထက် အများကြီး စွမ်းအားပိုကြီးတယ်…”

ဤတစ်ကြိမ်တွင်တော့ သူ ချင်မူ့ကို အထင်လွဲသွားသည်။

နန်းတွင်းကောလိပ်၌ ကျားဟယ်မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်စဉ်က ချင်မူ မိစ္ဆာဘာသာရပ်ကို အတော်များများ သိရှိနေပြီ ဖြစ်သော်လည်း ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးပေ။ နောက်ပိုင်းတွင်မှ တုထျန်းမိစ္ဆာဘုရင်နှင့် မြေအောက်ဘုံအရှင်သခင်ပဋိညာဉ် ကျမ်းကျိန်စဉ်က သင်ယူထားသော မိစ္ဆာဘာသာစကားကို ကြေညက်အောင် လေ့လာနိုင်ခဲ့၏။ မိစ္ဆာဘာသာစကားကို ပိုမို ကျွမ်းကျင်ပိုင်နိုင်လာသည့်အခါ သူဆင့်ခေါ်သော မိစ္ဆာနတ်ဘုရားက ပို၍ စွမ်းအားကြီးမားလာမည်မှာ ဓမ္မတာသာ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် သူ့အစွမ်းအစကို လျှိုထားခဲ့ခြင်း မဟုတ်ချေ။

တာအိုရသေ့က ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့သောအခါ အစောက တည်ငြိမ်နေသည့် အသွင်သဏ္ဌာန် ပျက်ပြားသွားပြီး မြင်းမြီးယပ်ကို ပစ်လွှတ်လိုက်၏။ “သွား…”

မြင်းမြီးယပ်က လေထဲတွင်ပင် ရှည်လျားဆန့်ထွက်ပြီး မျက်စိတစ်မှိတ်အတွင်း၌ မြင်းမြီးမျှင်တစ်ခုချင်းစီက ကိုက်ပေါင်းဒါဇင်ချီ ရှည်လျားသည့် ဓားမျှင်မျှင်လေးများအဖြစ် ပြောင်းလဲသွားသည်။ မြင်းမြီးမျှင်များက လေထဲတွင် ဖြန့်ကျက်ကားထွက်သွားပြီး အဝေးမှ ကြည့်လျှင် ထီးဖြူတစ်လက် လေထဲတွင် ဝဲလည်လှည့်နေသကဲ့သို့ပင် ထင်ရ၏။

ဤမြင်းမြီးယပ်၏ စွမ်းအားက မသေးလှချေ။ မြင်းမြီးမျှင်တစ်ခုချင်းစီက ဓားမျှင်မျှင်လေးများအဖြစ် ပြောင်းလဲသွားသည့်အတွက် ပို၍ ကြောက်မက်ဖွယ် ကောင်း၏။ ပိုသေးမျှင်လေလေ ခုခံကာကွယ်ရန် ပိုခက်လေလေ မဟုတ်ပါလား။

မြင်းမြီးယပ်၏ လှုပ်ရှားမှုက အလွန်တရာ မြန်ဆန်လှပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ပိုင်းဖြတ်ပစ်သည်။ ရသေ့အိုက တောင်ကြားချိုင့်ဝှမ်း၏ အထက်ကောင်းကင်တွင် တစ်မုဟုတ်ချင်း ပေါ်ထွက်လာပြီး အခြားကမ္ဘာလောကမှ စီးဝင်နေသည့် မိစ္ဆာစွမ်းအင်အလင်းတန်းကို ရိုက်ချလိုက်၏။

မိစ္ဆာဆင့်ခေါ်ခြင်းကို နှောင့်ယှက်ခံရသဖြင့် ချင်မူ အော်ဟစ်အမိန့်ပေးလိုက်ရာ နဂါးချီလင်က လေထဲသို့ ပျံတက်ပြီး ကျယ်လောင်စွာ မြည်ကြွေးလိုက်သည်။ သူ့ထံမှ အသံလှိုင်းက မြင်းမြီးယပ်ဆီသို့ ပြေးဝင်ရိုက်ခတ်သဖြင့် မြင်းမြီးမျှင်များ ရှုပ်ထွေးရောယှက်သွားသည်။ နှောင့်ယှက်ဖျက်ဆီးခံလိုက်ရသော မိစ္ဆာစွမ်းအင်မှာ နောက်တစ်ဖန် ပြန်၍ စီးဆင်းလာ၏။

တာအိုရသေ့အိုက နဂါးချီလင်ကို မြင်သောအခါ မျက်နှာတစ်ပြင်လုံး ဝင်းလက်သွားပြီး ဟက်ခနဲ ရယ်မောလိုက်သည်။ “အမွေးထူတိရစ္ဆာန်ကောင်၊ လူဆိုးတစ်ယောက် မကောင်းမှု ကျူးလွန်တဲ့နေရာမှာ ကူညီရင် မင့်အပေါ် ကပ်ဘေးဆိုး ကျရောက်လာမှာ အသေအချာပဲ… မင်းရဲ့ အသွင်အပြင်က မဆိုးလှတော့ ငါ့ရဲ့ စီးတော်ယာဉ်အဖြစ် နှစ်တစ်ရာ အသုံးတော်ခံမယ်ဆိုရင် အပြစ်ဆေးကြောခွင့်ပြုမယ်… မဟုတ်ရင်တော့ ပြာပုံဘဝ ရောက်ဖို့သာ ပြင်ထား…”

နဂါးချီလင်မှာ ဒေါသခြောင်းခြောင်းထသွား၏။ “တိရစ္ဆာန်ကောင် ဟုတ်လား…” သူ့ပါးစပ်ထဲ၌ မီးလျှံများ စုဝေးလာပြီး တာအိုရသေ့ထံ မီးတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။

ထိုတာအိုရသေ့က ခန္ဓာကိုယ်ကို ဆတ်ခနဲ တုန်ခါ၍ ချီစွမ်းအင်များ ဖောက်ခွဲထုတ်ဖော်လိုက်၏။ သူ့နောက်ကျောဘက်၌ ကိုက်သုံးဆယ်ခန့် မြင့်မားသော လိပ်ခွံနတ်ဘုရားတစ်ပါး ပေါ်ထွက်လာသည်။

နဂါးချီလင်၏ မီးတန်းမှာ ကြီးမားသော လက်ကြီးဖြင့် ရိုက်ဖယ်ခံရပြီး တောင်နံရံသို့ ကျရောက်၍ ကျောက်တုံးကျောက်ခဲများ ရဲရဲနီသွား၏။

“ကောင်းကင်နတ်အသွင်အဆင့်ပါလား…” ချင်မူ့ရင်ထဲတွင် လေးလံသွားသည်။

နဂါးချီလင်၏ ခြေလေးဖက်အောက်၌ မီးလျှံတိမ်တိုက်များ ပေါ်ထွက်လာပြီး တာအိုရသေ့ထံ တစ်ရှိန်ထိုး ပြေးဝင်သွား၏။ ရုတ်တရက် လေထဲရှိ မြင်းမြီးယပ်က အောက်ဘက်သို့ သိမ်းရိုက်လာပြီး မြင်းမြီးမျှင်များက နဂါးချီလင်၏ ခြေလေးဖက်ကို ရစ်ပတ်ချည်နှောင်သွားသည်။

တာအိုရသေ့က လွန်စွာ ဝမ်းမြောက်၍ ပြုံးရယ်လိုက်၏။ “တိရစ္ဆာန်ကောင်လေး၊ အညံ့မခံသေးဘူးလား… အသတ်ခံချင်လို့လား…”

ဤအခိုက်၌ ချင်မူက သူ၏ ထောင်ထျယ်အိတ်ကို ဖတ်ခနဲ ပုတ်လိုက်သည်။ ထောင်ထျယ်အိတ်ဝက ကြီးမားပြန့်ကားလာ၏။ လက်ရှစ်ဖက်၊ မျက်နှာလေးခုရှိသော မိစ္ဆာနတ်ဘုရား ယန္တရားရုပ်က ရတနာရှစ်သွယ်ကို လက်တစ်ဖက်စီတွင် ကိုင်ဆောင်၍ ခုန်ထွက်လာသည်။ ထိုရတနာရှစ်သွယ်က ချင်မူ လိုလန်ရွှေနန်းတော်မှ ခိုးယူလာသော ကုချင်းတူရိယာ၊ ပုတီးစေ့၊ လေး၊ မြား၊ သရီရဓာတ်တော်၊ ဓားကျိုး၊ မိစ္ဆာနှိမ်ကျည်ပွေ့၊ တံခွန်ကုက္ကားတစ်ထောင်စေတီတို့ ဖြစ်၏။

တုထျန်းမိစ္ဆာဘုရင်မှာ ချင်မူ သူ့ကို ထောင်ထျယ်အိတ်ထဲသို့ ထည့်စဉ်ကတည်းက ထိုရတနာပစ္စည်းများကို လက်နက်အဖြစ် အလျင်အမြန် ကောက်ယူထားခြင်း ဖြစ်သည်။ ယခု သူ့ကို အပြင်သို့ စေလွှတ်သည်မှာ ချင်မူ အကူအညီလို၍ ဖြစ်ကြောင်း ပြောစရာမလိုဘဲ နားလည်သဘောပေါက်လိုက်၏။

သူ့အနေဖြင့် မည်သည့်လမ်း ရွေးရမည်ကို ကောင်းစွာ သဘောပေါက်ပြီး ဖြစ်သည်။ ချင်မူ့ဘေးတွင် နေပါက သူ့အတွက် အသက်ရှင်ခွင့် ရနိုင်သေး၏။ ဤကောင်လေး သေသွားပါက သူအသက်ရှင်ရန် လမ်းမရှိချေ။

တုထျန်းပြည်သူပြည်သားများကို နေရာပြောင်းရွှေ့နိုင်ရန်အတွက် ဤတာအိုရသေ့ကို အစွမ်းကုန် တိုက်ခိုက်ရပေလိမ့်မည်။

လိုလန်ရွှေနန်းတော်မှ ချင်မူ ခိုးယူလာသည့် ရတနာများက ဂိုဏ်းအမွေအနှစ်ရတနာတန်းဝင် ဖြစ်ပြီး စွမ်းအားကြီးမား၏။ မဟာတံတိုင်းအလွန်မှ အကြီးဆုံး အထွတ်အမြတ်နယ်မြေ ဖြစ်သည့်အားလျော်စွာ လိုလန်ရွှေနန်းတော် သိမ်းဆည်းထားသည့် ရတနာပစ္စည်းများက သာမန်မဟုတ်ချေ။ သို့သော်လည်း ချင်မူမှာ ဤရတနာပစ္စည်းများကို လေ့လာရန် အချိန်မရခဲ့။

တုထျန်းမိစ္ဆာဘုရင်က ရတနာများ လက်ထဲရောက်လာသည်နှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါ်ထွက်လာ၏။ “ဒီကောင်လေးကို အငိုက်ဖမ်းပြီး သတ်နိုင်ရင် ငါလွတ်ပြီ… ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ဒီယန္တရားရုပ်က အဲခွေးကောင် ဖန်တီးထားတဲ့ ထောင်ချောက်တွေ ပြည့်နေတာ… သူ့ကို သတ်ပြီးမှ ထောင်ချောက်တွေ အသက်ဝင်လာရင် ဒီယန္တရားရုပ်ထဲမှာပဲ ပိတ်မိနေလိမ့်မယ်… အရင်ဆုံး ဒီတာအိုရသေ့စုတ်လေးကိုပဲ ရှင်းတာပေါ့…”

ကုချင်းသံက ဒင်ဒင်ဒေါင်ဒေါင် မြည်၍ မိစ္ဆာသံစဉ်လှိုင်းများ ထွက်ပေါ်လာသည်။ တာအိုရသေ့၏ စိတ်ဝိညာဉ်မှာ ပြင်းစွာ လှုပ်ခါသွားပြီး တာအိုနှလုံးသားထဲရှိ နှလုံးသားမိစ္ဆာ ထကြွသောင်းကျန်းလာသဖြင့် တစ်မုဟုတ်ချင်း မာန်သွင်းအော်ဟစ်၍ မိစ္ဆာဖယ်ရှားမုဒြာဖြင့် ဖိနှိမ်လိုက်ရ၏။

လိပ်ခွံနတ်ဘုရားပုံရိပ်၏ လက်ထဲမှ မြွေဖြူမြင်းမြီးယပ်က လေထဲသို့ မြောက်တက်သွားသည်။ ကြီးမားသော အားလှိုင်းများက တုထျန်းမိစ္ဆာဘုရင်ပေါ်သို့ ပိကျလာ၏။

တုထျန်းမိစ္ဆာဘုရင်၏ မျက်နှာလေးဖက်စလုံး မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့လက်ထဲမှ ရတနာရှစ်သွယ်၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်ပြီး ပိကျလာသော အားလှိုင်းကို ရိုက်ချလိုက်၏။ ဘုန်းခနဲ တုန်ခါသံကြီးနှင့်အတူ တုထျန်းမိစ္ဆာဘုရင် နောက်သို့ လွင့်ထွက်ပြီး တောင်နံရံနှင့် ဝင်ဆောင့်သွားသည်။

မြွေဖြူမြင်းမြီးယပ်က ပါးစပ်ကို ဖြဲဟ၍ တုထျန်းမိစ္ဆာဘုရင်ကို တောင်နံရံထဲ နစ်ဝင်သွားအောင် ရိုက်ချလိုက်၏။

“တာအိုရသေ့စုတ်လေး… တုထျန်းရဲ့ အရှင်သခင်က ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းမသိသေးဘူးပဲ… ငါ့ကို ဒေါသဖြစ်အောင် လာလုပ်နေတယ်…”

တောင်နံရံက အုန်းခနဲ ပေါက်ကွဲထွက်သွားပြီး ကျောက်ခဲမှုန်များကြားမှ တုထျန်းမိစ္ဆာဘုရင် ခုန်ထွက်လာသည်။ ထို့နောက် တံခွန်ကုက္ကားတစ်ထောင်စေတီကို လှုပ်ခါ၍ ကိုက်သုံးထောင်ခန့် အရွယ်ရှိ စေတီကြီးအဖြစ် ပြောင်းလဲပြီး တာအိုရသေ့ကို ဖိချလိုက်၏။

တာအိုရသေ့က သရော်ပြုံးပြုံးလိုက်သည်။ သူ့နောက်ကျောဘက်ရှိ နတ်ဘုရားပုံရိပ်က လက်ဟန်မုဒြာတစ်ခုဖြင့် ရိုက်ချလိုက်၏။ တုထျန်းမိစ္ဆာဘုရင်ရော တံခွန်ကုက္ကားတစ်ထောင်စေတီပါ လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပြန်မထနိုင် ဖြစ်သွားသည်။

ဤအခိုက်၌ ကောင်းကင်ယံရှိ စူးရဲသည့် သွေးနီရောင်အလင်းတန်းနှင့် မိစ္ဆာစွမ်းအင်မှာ ရုတ်တရက် ပျောက်ကွယ်သွား၏။ အရိုးဖြူယဇ်ပလ္လင်ပေါ်ရှိ ဝက်ဝံခေါင်း မိစ္ဆာနတ်ဘုရားရုပ်တုမှာ ကိုက်သုံးရာခန့် အမြင့်ရှိသော မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားချေပြီ။ “နိမ့်ကျတဲ့ ကမ္ဘာငယ်က ပမွှားကောင်လေးတွေ၊ မဟာမိစ္ဆာနတ်ဘုရားရှုံပီရဲ့ အမျက်ဒေါသကို ခံယူဖို့ ပြင်ထားလော့… အာ၊ တုထျန်းမိတ်ဆွေဟောင်းကြီးပါလား…”

မိစ္ဆာနတ်ဘုရားရှုံပီက သူ့ခြေထောက်အောက်ရှိ တုထျန်းမိစ္ဆာဘုရင်ကို ကြည့်၍ တဟားဟား ရယ်မောလိုက်သည်။ “အို တုထျန်းမိစ္ဆာဘုရင်ကြီးရဲ့… ဘယ်လို ဖြစ်ရတာလဲ… ငါတို့တုထျန်းပြည်က ဒီလို အသုံးမကျတဲ့ အရှင်သခင်ကြောင့် အခြေအနေ ဆိုးသွားတာပဲ… ဘာမှမစွမ်းရင်လဲ မိစ္ဆာဘုရင်နေရာကနေသာ ဖယ်လိုက်ပါတော့…”

တုထျန်းမိစ္ဆာဘုရင်မှာ အရှက်ရသွားသကဲ့သို့ ဒေါသလည်း ထွက်သွား၏။ ထရပ်တော့မည် ပြင်လိုက်စဉ် မိစ္ဆာနတ်ဘုရားရှုံပီက သူ့ကိုငုံ့ကြည့်၍ ခြေထောက်ဖြင့် ဖိနင်းရင်း ဟက်ခနဲ ရယ်မောလိုက်သည်။ “တုထျန်းအရှင်သခင်မှာ ဒီလိုနေ့ရက်မျိုးလဲ ရှိလာသေးတာပဲ… မိစ္ဆာဆင့်ခေါ်တဲ့ကောင်လေး၊ ဘာနဲ့ ယဇ်ပူဇော်ဖို့ ပြင်ဆင်ထားလဲ…”

“သူ…”

ချင်မူက တာအိုရသေ့အိုကြီးကို လက်ညှိုးထိုးပြလိုက်၏။ မိစ္ဆာနတ်ဘုရားရှုံပီက ထိုတာအိုရသေ့ကို လက်သီးဖြင့် ထိုးချလိုက်သည်။ တာအိုရသေ့၏ နောက်ကျောဘက်မှ လိပ်ခွံနတ်ဘုရားပုံရိပ်က လက်မြှောက်၍ ခုခံကာကွယ်လိုက်ရာ ဘုန်းခနဲ အသံကြီး မြည်ဟည်းသွား၏။ ချင်မူမှာ အားလှိုင်းရိုက်ခတ်မှုကြောင့် မူးဝေသွားသည်။ တာအိုရသေ့ကတော့ နောက်သို့ လွင့်ထွက်၍ တောင်စောင်းနံရံနှင့် ဝင်ဆောင့်သွား၏။

မိစ္ဆာနတ်ဘုရားရှုံပီက တာအိုရသေ့ထံ ခုန်ဝင်၍ လက်သီးဖြင့် ထိုးချရင်း ပြုံးလိုက်သည်။ “အရသာရှိမဲ့ ယဇ်ကောင်လေးပါလား… အာ…”

သူ့နောက်ကျောဘက်မှ ဓားရောင်တစ်ခု ပေါ်လာပြီး နှလုံးသားနေရာတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ဓားဦးချွန်က အရှေ့ဘက်ရင်ဘတ်အထိ ပေါက်ထွက်လာ၏။ တာအိုရသေ့က လျှို့ဝှက်ရတနာဓားကို အသုံးပြု၍ အငိုက်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မဆိုးဘူး၊ မဆိုးဘူး… ဒါပေမဲ့ ဒီခန္ဓာကိုယ်က မင်းထင်သလို မဟုတ်ဘူး…”

မိစ္ဆာနတ်ဘုရားရှုံပီက သွားဖြဲ၍ ပြုံးပြပြီး တောင်နံရံသို့ လက်သီးဖြင့် ထုချလိုက်၏။ “ဒီခန္ဓာကိုယ်က မိစ္ဆာနတ်ဘုရားရုပ်တုတစ်ခု သက်သက်ပဲ… ငါ့ကို ခေါင်းဖြတ်လိုက်ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး…”

“ဟုတ်ရဲ့လား…”

နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် မိစ္ဆာနတ်ဘုရားရှုံပီ ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ ဓားရိပ်တစ်ခုက သူ့လည်ပင်းကို သုံးကြိမ်တိုင်တိုင် လှည့်ပတ်သွား၏။ ကြီးမားလှသော ခေါင်းပြတ်ကြီးက မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။

“ရသေ့ကြီးခူးယဲ့၊ ညံ့ဖျင်းတဲ့ တူတော် အရောက်နောက်ကျသွားပါတယ်…”

ဓားအလင်းတန်းက လေထဲမှ ပျံသန်း၍ တောင်စွန်းတစ်ခုပေါ်ရှိ ဝတ်စုံစိမ်းဝတ် စာပေသမားထံသို့ ရောက်ရှိသွား၏။

စာပေသမား၏ အကြည့်က မိစ္ဆာနတ်ဘုရားရှုံပီ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ပေါ်မှ ချင်မူ့ထံသို့ ရောက်ရှိလာပြီး တလေးတစား နှုတ်ဆက်လိုက်သည်။ “ဆင်းရဲခြင်းယုတ္တိဂိုဏ်းက ဆင်းရဲခြင်းဆရာသခင်ရဲ့တပည့်၊ လုဝမ်ရှု ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ဂါရဝပြုပါတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဝါစဉ်အရ ကြီးမြင့်တာဆိုတော့ ဝါစဉ်ငယ်တူတော်တစ်ယောက်အနေနဲ့ ဝါစဉ်ကြီးဆရာတစ်ပါးကို တိုက်ခိုက်တာ လွန်ကျူးရာ မကျဘူး ထင်ပါတယ်…”

မိစ္ဆာနတ်ဘုရားရှုံပီ၏ ဦးခေါင်းက လေထဲမှ ပျံတက်၍ သူ့လည်ပင်းပေါ်သို့ ပြန်ရောက်လာပြီး ပြုံးလိုက်၏။ “ပမွှားလေးတစ်ကောင် ထပ်ရောက်လာတာပဲ…”

ချင်မူက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။ “ဆင်းရဲခြင်းဆရာသခင်ကမှ ငါနဲ့ ဝါစဉ်တူကို သူကိုယ်တိုင်မလာဘဲ မင်းကိုလွှတ်လိုက်တာက ငါ့ကို အထင်သေးတာပဲ…”

လုဝမ်ရှုက ခပ်အေးအေး ပြောလိုက်၏။ “ဆရာသခင်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ ကိုယ်တိုင် လာမတွေ့ချင်လို့ မဟုတ်ပါဘူး… တစ်လောကလုံးမှာရှိတဲ့ လူသားတွေကို ကယ်တင်ဖို့ အတွက် အရေးပါတဲ့ကိစ္စတစ်ခု ဆောင်ရွက်နေရလို့ပါ…”

“ဧကရာဇ်ကို လုပ်ကြံဖို့လား…” ချင်မူက မေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက တထာဂတရဲ့ မျက်နှာကို ထောက်ပြီး ဆင်းရဲခြင်းဆရာသခင်နဲ့ ကျန်တဲ့သူတွေကို ကယ်တင်ခွင့်ပြုခဲ့တယ်… တထာဂတက ဆင်းရဲခြင်းဆရာသခင်ကို သာသာနာ့ဘောင် ဝင်ပြီး လောကီရေးရာတွေ ဝင်မပါစေရဘူးလို့ ကတိပေးခဲ့တာ… ဘာလို့ ကတိစကား မတည်ရတာလဲ…”

လုဝမ်ရှုမှာ အတောင့်သား ဖြစ်သွား၏။ ရုတ်တရက် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ “လူသားတွေရဲ့ အသက်အတွက် ကတိစကားကို ရုပ်သိမ်းရတာပဲ၊ ဘာလို့ မရုပ်သိမ်းနိုင်ရမှာလဲ…”

ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ အခြားတောင်တစ်လုံးပေါ်မှ ရသေ့မတစ်ဦး လာနေသည်ကို တွေ့ရ၏။ ထိုရသေ့မက ရင်ဝတွင် ဆီးပန်းပွင့်ပုံ ချည်ထိုးထားသော တာအိုရသေ့ဝတ်စုံကို ဝတ်ဆင်ထားသည်။

“လင်ရှုနန်းတော်က ခြေသလုံးအိမ်တိုင်ချင်းယွီ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ဂါရဝပြုပါတယ်…”

ချင်မူ ပြုံးလိုက်၏။ “ခြေသလုံးအိမ်တိုင်တစ်ယောက်က ဘာအတွက် ဂါရဝပြုနေရတာလဲ…”

တာအိုရသေ့မက တည်ကြည်စွာ ပြောလိုက်သည်။ “ရန်သူ ဖြစ်ပေမဲ့ အစဉ်အလာကျင့်ဝတ်ကို ဖောက်ဖျက်လို့ မရပါဘူး… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေး၊ မင်းအနေနဲ့ ငါတို့ကို အနိုင်ကျင့်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်… ဒါပေမဲ့ မင်းက မိစ္ဆာလမ်းစဉ်နံပါတ်တစ် အထွတ်အမြတ်နယ်မြေရဲ့ ဂိုဏ်းသခင်မဟုတ်လား… မင်းရဲ့ ဝါစဉ်က ငါတို့ထက် မြင့်တယ်၊ အဲဒါကြောင့် ဝိုင်းပြီး အနိုင်ကျင့်တယ်လို့ မသတ်မှတ်နိုင်ဘူး…”

ချင်မူက အသာအယာ ပြုံးပြလိုက်၏။ “ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး… တခြားဘယ်သူရော ကျုပ်ကို သတ်ချင်သေးလဲ…”

“ငါ ရှိသေးတယ်…”

တိမ်တိုက်တစ်ခု မျောလွင့်လာပြီး ရဟန်းတစ်ပါးက အနီးရှိ တောင်ထွတ်ပေါ်သို့ သက်ဆင်းလိုက်သည်။ သူ၏ လက်နှစ်ဖက်တွင် ပုတီးတစ်ကုံး ကိုင်ဆောင်ထားပြီး ပုတီးစေ့များက လူ့ခေါင်းအရွယ်ခန့်ထိ ကြီးမား၏။ ထိုရဟန်းက လက်အုပ်ချီ၍ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က သိပ်ကို မြင့်မားတဲ့ နေရာမှာ ရှိနေတဲ့အတွက် ဒီကိုယ်တော်လေးက အလင်းပြ ချေချွတ်ဖို့ ရောက်ရှိလာတာပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အနေနဲ့ ကိုယ်တော့်ကို သင်ကြားပြသစေလိုပါတယ်…”

“မိစ္ဆာလမ်းစဉ်နံပတ်တစ် အထွတ်အမြတ်နယ်မြေရဲ့ ဂိုဏ်းသခင်အနေနဲ့ ကျုပ်လိုလူမျိုး နောက်တစ်ယောက် ထပ်တိုးလာမှာကို အရေးမစိုက်ဘူး ထင်ပါတယ်…”

အခြားတောင်ထွတ်တစ်ခုပေါ်တွင် အပေါက်အပြဲများ ပြည့်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်ထွက်လာ၏။ သို့သော်လည်း သူ့သွင်ပြင်က အားမာန်အပြည့် ဖြစ်ပြီး တိမ်တိုက်များ လှုပ်ခါသွားသည်အထိ တဟားဟား ရယ်မောလိုက်သည်။ “ကျုပ်က သူတောင်းစားဂိုဏ်းချုပ် ချီတယိုရဲ့ တပည့်ပဲ… ကြာပန်းဂိုဏ်းခွဲမှူးလော်စန်းပို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို နှုတ်ခွန်းဆက်သပါတယ်… ကျုပ်က ဂိုဏ်းသခင်ရဲ့ အသက်ကို နုတ်ယူဖို့ ရောက်လာတာပဲ… ဒါနဲ့ ဂိုဏ်းသခင်မှာ မြေခွေးမိစ္ဆာလေးတစ်ကောင် ရှိတယ်နဲ့ တူတယ်… သူက ဂိုဏ်းချုပ်ချီကို စော်ကားထားတဲ့အတွက် သူ့ကို သတ်ဖို့ ဂိုဏ်းချုပ်က မှာလိုက်တယ်…”

ဟူလင်းအာက ချင်မူ၏ နောက်သို့ အလျင်အမြန် ပုန်းကွယ်၍ ခေါင်းလေးသာ ပုန်းလျှိုးကွယ်လျှိုး ထွက်လာ၏။ “နင်တို့ ဂိုဏ်းချုပ်ချီက တကယ့်ကို သနားစရာကောင်းတာပဲ၊ မြုံနေတာ…”

လော်စန်းပိုက ဟူလင်းအာကို လက်ညှိုးထိုး၍ ပြုံးလိုက်သည်။ “ဒီမြေခွေးလေးပဲ… တာအိုရောင်းရင်းတို့၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သုတ်သင်ရှင်းလင်းဖို့အတွက် သိုင်းလောကရဲ့ သမာသမတ်လမ်းစဉ်က သူရဲကောင်းတွေနဲ့ အတူတကွ ဆုံစည်းရတာ တကယ့်ကို ဝမ်းမြောက်စရာပါ… ဒီဆုံစည်းမှုကို မိစ္ဆာနတ်ဆိုးသတ်သူတွေရဲ့ တာအိုကာကွယ်ပွဲလို့ ခေါ်ကြရင် မကောင်းဘူးလား…”

“မိစ္ဆာနတ်ဆိုးသတ်သူတွေရဲ့ တာအိုကာကွယ်ပွဲ ဟုတ်လား… သိပ်ကောင်းတဲ့ နာမည်ပဲ…”

တောင်စောင်းထက်တွင် တာအိုရသေ့ခူးယဲ့က ကုန်းရုန်းတက်လာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ထို့နောက် အနီးရှိ ကျောက်တုံးပေါ်တွင် ထိုင်ချ၍ အသက်ရှူမှန်အောင် ကြိုးစားလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သုတ်သင်ရှင်းလင်းပြီး လောကကြီးအတွက် ငြိမ်းအေးမှုကို ဆောင်ကြဉ်းပေးနိုင်ရင် ငါတို့ရင်းရတာ တန်ပါတယ်… အားလုံးပဲ၊ သမာသမတ်လမ်းစဉ်အတွက်…”

ဘေးနားပတ်လည်ရှိ တောင်ထွတ်များပေါ်မှ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ၏ ရင်ထဲတွင် တရှိန်ရှိန် စိတ်အားတက်ကြွလာပြီး သံပြိုင်ဟစ်ကြွေးလိုက်ကြ၏။ “သမာသမတ်လမ်းစဉ်အတွက်…”

“သတ်…”

အဆင့်မြင့်ပညာရှင်ငါးယောက်က အားမာန်အပြည့်ဖြင့် ချီစွမ်းအင်များ ထုတ်ဖော်လိုက်သည်။ သူတို့၏ နောက်ကျောတွင် နတ်ဘုရားပုံရိပ်များ ထွက်ပေါ်လာပြီး အစွမ်းအထက်ဆုံး တိုက်ကွက်များဖြင့် တိုက်ခိုက်လိုက်ကြ၏။

ဤအခိုက်အတန့်၌ မိစ္ဆာနတ်ဘုရားရှုံပီက ဒေါသတကြီး မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များအားလုံး ပေါက်ကွဲထွက်ပေါ်လာ၏။

“အဆုံးအစမဲ့ ကောင်းကင်နတ်ဆိုးစွမ်းအား…”

ချင်မူက ဟူလင်းအာကို ဆွဲပွေ့၍ နဂါးချီလင်၏ နောက်သို့ တစ်မုဟုတ်ချင်း ခုန်ဝင်လိုက်သည်။ ကြောက်မက်ဖွယ်ရာ အားလှိုင်းများကြောင့် တောင်ကြားချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားပြီး ကျောက်တုံးကျောက်ခဲများ တဖွားဖွား လွင့်စင်ကုန်၏။ ချင်မူနှင့် ဟူလင်းအာမှာ နဂါးချီလင်၏ နောက်၌ ပုန်းကွယ်လိုက်သည့်တိုင် အရိုးများ ကျိုးကြေလုမတတ် ဖိအားဒဏ် ခံရသေး၏။

ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များအားလုံးမှာ သွေးအန်၍ နောက်လန်လဲကျသွားကြသည်။ သေသည် ရှင်သည်ကိုတော့ မသိရ။

ချင်မူ နဂါးချီလင်၏ နောက်မှ ခေါင်းပြူပြီး ချောင်းကြည့်လိုက်ရာ မိစ္ဆာနတ်ဘုရားရှုံပီတစ်ယောက်သာ မားမားမတ်မတ် ရပ်၍ ကျန်ခဲ့ကြောင်း တွေ့ရ၏။ ဟူလင်းအာက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ “ရှုံပီက တကယ့်ကို စွမ်းအားကြီးတာပဲ…”

ထိုအခိုက်၌ မိစ္ဆာနတ်ဘုရားရှုံပီ၏ ခန္ဓာကိုယ်က တစ်စစီ ပဲ့ကြွေကျလာ၏။ ထိုမိစ္ဆာနတ်ဘုရားကြီး၏ ရေရွတ်သံကို သူတို့ ပီပီသသ ကြားလိုက်ရသည်။ “စွမ်းအင်က ကုန်ဆုံးသွားပြီ… ယဇ်ကောင်တွေကို မသုံးဆောင်လိုက်ရတာ နှမြောစရာပဲ… ကံကောင်းတာတစ်ခုက တုထျန်းမိစ္ဆာဘုရင်ရဲ့ အခြေအနေဆိုးကို မြင်တွေ့ခွင့် ရလိုက်တယ်… မိစ္ဆာဆင့်ခေါ်တဲ့ကောင်လေး၊ ငါသွားပြီ…” စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်က အုန်းခနဲ ပေါက်ကွဲပြီး အခြားကမ္ဘာလောကသို့ စိတ်ဝိညာဉ် ပြန်လည်ရောက်ရှိသွား၏။

ဟူလင်းအာမှာ မှင်တက်မိနေသည်။ ထိုအခိုက်၌ လော်စန်းပိုတို့၏ ချောင်းဆိုးသံတဟွတ်ဟွတ်ကို ကြားလိုက်ရ၏။ ဤသူများက မိစ္ဆာနတ်ဘုရားရှုံပီ၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း မရှိ။

“သခင်လေး…” ဟူလင်းအာက ချင်မူ့ကို လှည့်ကြည့်လိုက်၏။

“ကိစ္စမရှိဘူး…”

ချင်မူက ထရပ်၍ ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ ထို့နောက် မြေကြီးထဲတွင် နစ်ဝင်နေသော တုထျန်းမိစ္ဆာဘုရင်ကို ဆွဲထုတ်၍ နဂါးချီလင်၏ ကျောပေါ်သို့ ပစ်တင်လိုက်၏။ ဤလူငယ်လေးက အခြားယဇ်ပလ္လင်သုံးခုကို ထောင်ထျယ်အိတ်ထဲ ပစ်ထည့်ရင်း စိတ်အားတက်ကြွစွာ အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး၊ ပြေး…”

All Chapters