← Chapters

မိစ္ဆာနှင်ရန် ပန်းချီကားချိတ်

Vol. 17 Ch. 225

မိစ္ဆာနှင်ရန် ပန်းချီကားချိတ်

Vol. 17 Ch. 225

နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်၍ တောင်ကြားချိုင့်ဝှမ်းအတွင်းမှ ပြေးထွက်သွား၏။ ခြေသလုံးအိမ်တိုင်ချင်းယွီက ထထိုင်၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ တစ်မုဟုတ်ချင်း လျှပ်စီးတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး နဂါးစိမ်းတစ်ကောင်ကဲ့သို့ ဝဲလည်လှည့်၍ နဂါးချီလင်ထံ ပြေးဝင်သွား၏။

ရုတ်တရက် ခြေသလုံးအိမ်တိုင်ချင်းယွီ သွေးအန်၍ ဆတ်ခနဲ တုန်ခါသွားသဖြင့် သူ့လက်ဝါးရိုက်ချက်မှ မိုးကြိုးလျှပ်စီးက ပစ်မှတ်လွဲချော်ပြီး နဂါးချီလင်၏ ရှေ့ရှိ တောင်နံရံတွင် အပေါက်ကြီး ဖြစ်သွားသည်။

ချင်မူ တုန်လှုပ်သွား၏။ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ၏ ကောင်းကင်နတ်သိုင်းစွမ်းအားက ဒဏ်ရာရရှိထားသည့်တိုင် ကြောက်မက်ဖွယ်ကောင်းဆဲ ရှိသည်။ သူတို့အုပ်စုကိုသာ ထိမှန်လျှင် သေချာပေါက် မရှုမလှ သေဆုံးရပေလိမ့်မည်။

လုဝမ်ရှု၊ ဖူရှန်ကိုယ်တော်နှင့် ကျန်သူများမှာ အတုန်တုန်အရီရီနှင့် ထရပ်၍ သွေးအန်ထုတ်လိုက်ကြသည်။ သူတို့ရင်ထဲတွင် ထိတ်လန့်စိတ် မပြယ်သေးချေ။ ချင်မူ ဆင့်ခေါ်သည့် မိစ္ဆာနတ်ဘုရားရှုံပီကို အထင်သေးမိသည့်အတွက် သူတို့အားလုံး တစ်ချက်တည်းနှင့် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့၏။ ချင်မူ မိစ္ဆာနတ်ဆိုးဆင့်ခေါ်စဉ်က ရသေ့ကြီးခူးယဲ့သာ မနှောင့်ယှက်ခဲ့လျှင် မိစ္ဆာနတ်ဘုရားရှုံပီမှာ ယခုထက်ပို၍ စွမ်းအားကြီးမားပေလိမ့်မည်။ ဤသို့သာဆိုလျှင် သူတို့အနေဖြင့် မိစ္ဆာနတ်ဘုရားရှုံပီကို သတ်နိုင်တော့မည် မဟုတ်။

“နောက်ကလိုက်ကြတော့မလား…” လုဝမ်ရှုက ခပ်တိုးတိုး မေးလိုက်သည်။

ဤအခိုက်၌ ရသေ့ကြီးခူးယဲ့က တင်ပျဉ်ခွေထိုင်နေရာမှ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ သူ၏ အသက်ရှူသံက တိုးလျလာသည်။ “ဒီရသေ့ကြီးကတော့ တာအိုရောင်းရင်းတွေနဲ့အတူတူ မိစ္ဆာနှိမ်နင်းနိုင်တော့မှာ မဟုတ်ဘူး… ငါ့ရဲ့ အသက်ဓာတ်က ဟိုမိစ္ဆာနတ်ဆိုးကြောင့် ကုန်ဆုံးသွားပြီ… ဒီသေမျိုးခန္ဓာက အသုံးမဝင်တော့ဘူး…”

အားလုံး ပူဆွေးဝမ်းနည်းသွား၏။

ရသေ့ကြီးခူးယဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘဝက ရွက်ကြွေတစ်ခုလိုပဲ… အဆုံးသတ်မှာ အဝါရောင်စမ်းချောင်းထဲ ကြွေကျတယ်… တာအိုရောင်းရင်းတို့၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို ရအောင် သုတ်သင်ပါ… မြေအောက်ဘုံကို သွားတဲ့လမ်းမှာ သူ့ကို မြင်တွေ့ချင်ပါသေးတယ်… သွားနှင့်ပြီ…” စကားအဆုံးတွင် ဤကမ္ဘာလောကကို စွန့်ခွာသွားတော့၏။

လုဝမ်ရှုက အော်ဟစ်ငိုကြွေးလိုက်သည်။ “စိတ်ချသွားပါ တာအိုရောင်းရင်း… ဒီမိစ္ဆာနတ်ဆိုးကို တာအိုရောင်းရင်းဆီ သေချာပေါက် ပို့လိုက်ပါ့မယ်…”

ဖူရှန်ကိုယ်တော်က သက်ပြင်းလေးလေး ချပြီး လက်အုပ်ချီ၍ တလေးတစား ပြောလိုက်၏။ “လူ့ဘဝဆိုတာ တစ်ချိန်မှာ ကြွေကျရမဲ့ ရုပ်ခန္ဓာသက်သက်ပါပဲ… စိတ်ဖြောင့်ဖြောင့် သွားပါ၊ တာအိုရောင်းရင်း…”

“စိတ်ဖြောင့်ဖြောင့် သွားပါ…” ခြေသလုံးအိမ်တိုင်ချင်းယွီက မျက်ရည်စများ သုတ်လိုက်သည်။

လော်စန်းပိုက လောဆော်လိုက်၏။ “ဟိုနဂါးချီလင်ရဲ့ ခြေလှမ်းက သိပ်မြန်တာ… မြန်မြန် အမီလိုက်မှ ရမယ်… မဟုတ်ရင် ဟိုခွေးကောင်က နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်လိမ့်မယ်…”

လုဝမ်ရှန်မှာ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ နိုးထလာသည်။ “သူ့မှာ အဲဒီအခွင့်အရေး မရှိဘူး… လမ်းမှာ ငါတို့ထက် ပိုအဆင့်မြင့်တဲ့သူတွေ စောင့်နေပါတယ်…”

သူ ထိုသို့ ပြောလိုက်သော်လည်း အားလုံးက ဒဏ်ရာများ ထကြွသောင်းကျန်းမလာအောင် ဖိနှိမ်၍ ဒဏ်ကြေဆေးများ ပါးစပ်ထဲ ပစ်ထည့်ရင်း ချင်မူ ထွက်သွားရာဘက်သို့ အပြေးလိုက်သွား၏။

ချင်မူက အရိုးဖြူယဇ်ပလ္လင်တစ်ခုကို ဆွဲထုတ်၍ နဂါးချီလင်၏ ကျောပေါ်တွင် နေရာချပြီး နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နဂါးချီလင်က တစ်ဟုန်ထိုး ပြေးလွှားနေပြီး လမ်းခရီးက ကြမ်းတမ်းသည့်အတွက် အဆောင်ရတနာဖြင့် မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတများ လင်းလက်လာအောင် စီရင်ရာတွင် အလွယ်တကူ မှားယွင်းသွားနိုင်၏။ မှော်သင်္ကေတတစ်ခု မှားယွင်းသည်နှင့် ကြိုးစားအားထုတ်သမျှ အလကားဖြစ်သွားနိုင်သည့်အတွက် သူ လက်လျှော့လိုက်ရသည်။

ချင်မူ အားလုံးကို စစ်ဆေးလိုက်၏။ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာမရှိ။ ဟူလင်းအာလည်း ဒဏ်ရာမရ။ နဂါးချီလင်သည်လည်း အသားအရေ ထူထဲ၍ နဂါးအကြေးခွံများ ဖုံးနေသည့်အတွက် ထိခိုက်ခြင်း မရှိချေ။ တုထျန်းမိစ္ဆာဘုရင်သာလျှင် နင်းချေထိုးနှက်ခြင်း ခံရသဖြင့် ပုံပျက်နေသည်။

ချင်မူက ပုံပျက်နေသော ခြေလက်များကို မီးငှက်ချီ အသုံးပြု၍ နီရဲအောင် အပူပေးပြီး ပြုပြင်လိုက်၏။ တုထျန်းမိစ္ဆာဘုရင်မှာ အရှက်ကွဲထားသဖြင့် အသံတိတ်နေသည်။ မိစ္ဆာနတ်ဘုရားရှုံပီ၏ ပြက်ရယ်ပြု နင်းချေခြင်းကို ခံရသည်မှာ သူ့အတွက် ကြီးစွာ အရှက်ရဖွယ် ဖြစ်၏။

ချင်မူက မြေပြင်အနေအထားကို အကဲခတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာမြေပုံကို ထုတ်ယူတိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “မဟာမြို့ပျက်နဲ့ တော်တော်နီးနေပြီပဲ… နဂါးချီလင်ရဲ့ ပြေးနှုန်းနဲ့ဆိုရင် နယ်စပ်ကို နေ့တစ်ဝက်အတွင်း ရောက်လောက်တယ်… ဒါပေမဲ့ လျှို့ဝှက်ရေတံခါးကနေ ဖြတ်ဖို့ မဖြစ်နိုင်တော့ဘူး…”

နောက်မှ အဆက်မပြတ် အလိုက်ခံနေရသဖြင့် လျှို့ဝှက်ရေတံခါးသို့ သွားရာလမ်းမှ သွေဖည်လာခဲ့၏။ ထာဝရနယ်စပ်တံခါးနှင့်လည်း အတော်လေး ဝေးသွားပြီ ဖြစ်သည်။

“ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဖောက်ထားတဲ့ မှောင်ခိုလမ်းကနေပဲ သွားလို့ရတော့မယ်…”

ချင်မူ တစ်ခဏမျှ စဉ်းစားလိုက်၏။ မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားတွင် နတ်သက်ကြွေတောင်ကြော ရှိသည်။ ထိုတောင်ကြောတစ်လျှောက်တွင် ဆန်းကြယ်ပုလဲဒူးလေးများ တပ်ဆင်ထားသည့်အတွက် နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားသူတိုင်း ဒူးလေးဖြင့် အပစ်ခံရပေလိမ့်မည်။

ဆန်းကြယ်ပုလဲဒူးလေးများက အလိုအလျောက် ပစ်ခတ်ပြီး နတ်ဘုရားတစ်ပါး၏ အမိန့်အရ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုကြ၏။ နတ်သက်ကြွေတောင်ကြောကို ဖြတ်သန်းသွားလျှင် တောင်ကြားမှ ဖြတ်သည်ဖြစ်စေ၊ လေပေါ်မှ ပျံသန်းသည်ဖြစ်စေ မသေမချင်း ပစ်သတ်ခံရပေလိမ့်မည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း မှောင်ခိုကုန်သွယ်မှုများ ပြုလုပ်စဉ်က နတ်သက်ကြွေတောင်ကြောကို ဖြတ်သန်းရန် အထီးကျန်တောင်ကြားတစ်လျှောက် လမ်းဖောက်ထားသည်။ ထိုလမ်းမှတစ်ဆင့် မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူးသန်းသွားလာနိုင်၏။ လမ်းတစ်လျှောက်ရှိ ဆန်းကြယ်ပုလဲဒူးလေးနှစ်လက်ကိုလည်း ဖျက်ဆီးထားပြီး ဖြစ်သည်။ သို့သော်လည်း နယ်စပ်နဂါးမြို့ရှိ တည်းခိုခန်းပိုင်ရှင်၏ စကားအရ ထိုလမ်းကြောင်းကို အသုံးမပြုတော့သည်မှာ နှစ်ပေါင်းများစွာ ကြာချေပြီ။

ချင်မူ့အတွက် မဟာမြို့ပျက်သို့ ဝင်ရောက်ရန်မှာ အထီးကျန်တောင်ကြားလမ်းတစ်ခုသာ ရှိတော့သည်။

“နောက်ကလိုက်လာတဲ့သူတွေ ဒီလမ်းကြောင်းကို မသိလောက်ဘူး ထင်ပါတယ်…”

ချင်မူ စိတ်အားတက်ကြွသွားပြီး တဟားဟား ရယ်မောလိုက်၏။ “နှစ်သစ်ကူး အိမ်ပြန်ဖို့လေးကို ဒီလောက်ခက်နေတာ၊ နောက်ကနေ တပ်ဖွဲ့တစ်ခုလုံး လိုက်လာသလိုပဲ…”

သူက ဒုက္ခိတဘိုးဘွားရွာသူရွာသားများထံမှ သိုင်းပညာကိုသာ သင်ယူခဲ့သည်မဟုတ်၊ ပျော်ပျော်နေတတ်သော စိတ်ထားကိုပါ အမွေရလာခဲ့သည်။ လမ်းတစ်လျှောက် မရေမတွက်နိုင်လောက်အောင် ချောင်းမြောင်း တိုက်ခိုက်ခံလာရသော်လည်း ပျော်ပျော်နေနိုင်သေး၏။ သူ့အပျော်ဓာတ်က နဂါးချီလင်နှင့် ဟူလင်းအာကိုပါ ကူးစက်လာပြီး ပူပန်သောကများ လျော့ပါးသွားသည်။

ကောင်းကင်က မှောင်စပျိုးလာပြီး ပတ်ဝန်းကျင်တစ်ခွင်ကလည်း ပို၍ ခေါင်သီလာ၏။ အတန်ကြာ ခရီးဆက်ပြီးသည့်အခါ ရွာတစ်ရွာမျှပင် မတွေ့ရတော့။

“မဟာမြို့ပျက်ကို ညဘက်ဝင်တာ သေချာပေါက် သေလမ်းပဲ… မနက်ရောက်တဲ့ထိ စောင့်မှ ဖြစ်မယ်…”

တဖြည်းဖြည်း မဟာမြို့ပျက်နှင့် ပိုနီးလာပြီး နတ်သက်ကြွေတောင်ကြောမှ အရိပ်မည်းများကိုပင် မြင်နေရချေပြီ။ ထိုအရိပ်မည်းများက မြေပြင်မှ ကောင်းကင်ဘုံအထိ ကာဆီးနေသည့် နံရံမြင့်ကြီးကဲ့သို့ တည်ရှိနေ၏။

နတ်သက်ကြွေတောင်ကြောက မိုင်ပေါင်းများစွာ ရှည်လျားသဖြင့် ဆန်းကြယ်ပုလဲဒူးလေးများ မရှိလျှင်ပင် ဖြတ်ကျော်ရန် ခက်ခဲလှသည်။

ချင်မူ စခန်းချရန် နေရာရှာစဉ် မီးအိမ်တစ်ခု၏ အလင်းရောင်ကို မြင်လိုက်ရ၏။ ထိုမီးအိမ်အလင်းရောင်က ရွာတစ်ရွာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“သခင်လေး၊ ထောင်ချောက်ဖြစ်နေဦးမယ်…”

တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်၏။ “ဒီမိုင်တစ်ထောင် ပတ်လည်အတွင်းမှာ ရွာတစ်ရွာမှ မရှိတာ၊ အခုဗြုန်းစားကြီး  ပေါ်လာတယ်ဆိုတော့ ထောင်ချောက်ကလွဲလို့ ဘာဖြစ်ဦးမှာလဲ…”

ချင်မူက ပြောလိုက်သည်။ “ဖက်တီးနဂါး၊ ဆက်လျှောက်…”

နဂါးချီလင်က မီးလျှံတိမ်တိုက်များပေါ် နင်း၍ နတ်သက်ကြွေတောင်ကြောဆီသို့ ဆက်သွားလိုက်၏။ မိုင်ပေါင်းတစ်ဒါဇင်ခန့် ရောက်သောအခါ နောက်ထပ်မီးရောင်များ တွေ့ရပြန်သည်။ ထိုမီးရောင်များက မှိန်ဖျော့ဖျော့ ဖြစ်ပြီး အိမ်ခြေတစ်ဒါဇင်ခန့်ရှိသော ရွာမှ လင်းဖြာနေခြင်း ဖြစ်၏။

အိမ်များ၏ တည်ဆောက်ပုံနှင့် မီးရောင်ဖြာကျနေပုံမှာ အစောက ရွာငယ်လေးနှင့် တစ်ပုံစံတည်း ဖြစ်သည်။

ချင်မူ၏ သူငယ်အိမ် ကျဉ်းမြောင်းသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ဆက်လျှောက်…”

နဂါးချီလင်က ဆက်လျှောက်သွားပြီး နောက်ထပ် မိုင်တစ်ဒါဇင်ခန့် အရောက်တွင် ထိုရွာလေးကို ထပ်မြင်ရပြန်သည်။ အိမ်ခြေ၊ မီးရောင်နှင့် ရွာဖွဲ့စည်းပုံက အပြောင်းအလဲမရှိ တစ်ပုံစံတည်း ဖြစ်၏။

နဂါးချီလင်မှာ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားမိသဖြင့် အားကုန်ထုတ်၍ ပြေးတော့သည်။ မိုင်ပေါင်းရာချီခန့် ခရီးနှင်အပြီးတွင် ထိုကဲ့သို့ ရွာငယ်တစ်ဒါဇင်ကျော် တွေ့ရ၏။ ထိုရွာများ၏ ဖွဲ့စည်းတည်ဆောက်ပုံက တစ်ပုံစံတည်းသာ ဖြစ်သည်။

နတ်သက်ကြွေတောင်ကြောမှာလည်း ဝေးမြဲဝေးဆဲ ဖြစ်၏။ မိုင်ပေါင်းရာချီ အပြင်းနှင်လာခဲ့သဖြင့် တောင်ခြေသို့ ရောက်သင့်ပြီ ဖြစ်သော်လည်း ခရီးအကွာအဝေးက အပြောင်းအလဲ မရှိသေးချေ။

“ဒီတစ်ယောက်က သာမန်မဟုတ်ဘူး… ဟင်းလင်းပြင်နယ်ပယ်ကို ထိန်းချုပ်နိုင်တယ်…” တုထျန်းမိစ္ဆာဘုရင်မှာ စိတ်ဓာတ်ကျသွားသည်။ “ခွေးကောင်လေး၊ မင်း မလွတ်နိုင်တော့ဘူး…”

“ရွာထဲဝင်ကြမယ်…” ချင်မူက ခပ်ပြတ်ပြတ် ပြောလိုက်၏။

နဂါးချီလင်နှင့် ဟူလင်းအာမှာ အလန့်တကြား ထခုန်လိုက်မိကြသည်။ ချင်မူက ဒေါသထွက်ထွက်နှင့် ကြုံးဝါးလိုက်၏။ “ငါ နှစ်သစ်ကူး အိမ်ပြန်မှာကို တားတဲ့သူမှန်သမျှ အကုန် သတ်ပစ်မယ်… ရွာထဲကိုဝင်…”

နဂါးချီလင်က မြေပြင်သို့ သက်ဆင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ရှုံ့ဝင်၍ ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွား၏။ ချင်မူက နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ ဟူလင်းအာက ချင်မူ့လည်ပင်းတွင် တွဲခို၍ လိုက်ပါလာပြီး မြေခွေးမွေးဖြင့် ပြုလုပ်ထားသည့် လည်စီးပဝါတစ်ခုနှင့် တူနေ၏။ တုထျန်းမိစ္ဆာဘုရင်က မျက်နှာလေးဖက်စလုံးဖြင့် အရာရာကို အကဲခတ်ရင်း ချင်မူ၏ နောက်မှ လိုက်ပါလာသည်။

ချင်မူ ရွာအဝင်ဝသို့ ရောက်လာသောအခါ ဤရွာလေးက ထူးထူးခြားခြား မရှိလှကြောင်း တွေ့ရ၏။ ရွာရှေ့တွင် အလံတိုင်များ စိုက်ထားပြီး ၎င်းတို့အောက်တွင် မြင်းများ ချည်နှောင်ရန် ကျောက်ငုတ်များ စိုက်ထားသည်။ ရွာလေးက လွန်စွာ တိတ်ဆိတ်အေးငြိမ်းပြီး ခွေးတစ်ကောင်သာ သူတို့ကို သွားစွယ်ဖြဲ၍ တဝုတ်ဝုတ် ဟောင်နေ၏။

ချင်မူ၏ လည်ကုပ်ပေါ်မှ မြေခွေးလေးက မျက်လုံးများ ဖျတ်ခနဲ ဖွင့်၍ ထိုခွေးကို ခြောက်လှန့်လိုက်သည်။ ထိုအခိုက်၌ သစ်သားတံခါးတစ်ချပ် ပွင့်လာပြီး အဘိုးအိုတစ်ဦးက ဆီမီးအိမ်ကို ကိုင်မြှောက်၍ ထွက်လာ၏။ အစောက ကြောက်လန့်သွားသည့် ခွေးမှာ အဘိုးအို၏ နောက်သို့ ပြေးပုန်းလိုက်သည်။ အဘိုးအိုနောက်သို့ ရောက်သောအခါမှ ပြန်ရဲဝံ့လာပြီး ထပ်ဟောင်တော့၏။

ချင်မူက ချိုသာသော အမူအရာဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။ “ကျွန်တော်က ခရီးသွားတစ်ယောက်ပါ အဘိုး… မှောင်ရီပျိုးလာလို့ နားခိုစရာ ရှာရင်း ဒီရွာလေးကို တွေ့လိုက်ရတာ ကောင်းကင်ဘုံရဲ့ သနားညှာတာမှုကြောင့်လို့ပဲ ဆိုရမယ်… အဘိုးအနေနဲ့ ကျွန်တော်တို့အတွက် နားခိုစရာလေးများ ပေးသနားနိုင်မလား မသိဘူး…”

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က သိပ်ကို ယဉ်ကျေးနှိမ့်ချလွန်းနေပါပြီ…”

ထိုအဘိုးအိုက ပိန်ပိန်ရှည်ရှည် မျက်နှာရှိပြီး မျက်ခုံးမွေးဖြူဖြူများက တွဲလျားကျနေ၏။ “ဒီရွာလေးက အတော်သေးပေမဲ့ နားခိုစရာ အခန်းလွတ်တွေတော့ ရှိပါတယ်… ဂိုဏ်းသခင်အနေနဲ့ စိတ်မရှိဘူးဆိုရင် ဝင်နားလို့ ရပါတယ်…”

ချင်မူ၏ လည်ကုပ်ပေါ်မှ မြေခွေးအမွေးများ ထောင်ထ၍ တဆတ်ဆတ် တုန်ရီသွားသည်။

တုထျန်းမိစ္ဆာဘုရင်နှင့် နဂါးချီလင်မှာလည်း အံ့အားသင့်သွား၏။ ဤမျက်ခုံးမွေးဖြူအဘိုးကြီးက ကွယ်ဝှက်ခြင်း မရှိဘဲ ချင်မူ့ကို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဟု ရည်ညွှန်းခေါ်ဆိုလိုက်သည်။ မည်သည်ကိုမျှ ဖုံးကွယ်ထားရန်လည်း စိတ်ကူးရှိပုံမရ။

သူတို့ တစ်နေရာထဲတွင် ဝဲလည်လှည့်နေရခြင်းမှာ ဤအဘိုးကြီး၏ လက်ချက် ဖြစ်ပေလိမ့်မည်။

ချင်မူက ကျေးဇူးတင်စကား ဆိုလိုက်၏။ “အဘိုး၊ ဒီရွာမှာ လူဘယ်နှယောက် ရှိတာပါလဲ…”

မျက်ခုံးမွေးဖြူအဘိုးကြီးက ပြောလိုက်သည်။ “လောလောဆယ်တော့ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ပါပဲ… ဒါပေမဲ့ အခန်းတိုင်းမှာ မီးအိမ်တွေ ချိတ်ထားတယ်.. သိပ်မကြာခင် ရွာသားတွေ ရောက်လာလိမ့်မယ်… အဲဒီအချိန်ကျရင် ပျော်ပွဲရွှင်ပွဲကြီး ကျင်းပမှာမလို့ နည်းနည်းတော့ ဆူညံနိုင်တယ်… အဘိုးတို့ ရွာသူရွာသားတွေက လက်လုပ်လုပ်စားတွေဆိုတော့ မသိတတ်ကြဘူး… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အနေနဲ့ ခွင့်လွှတ်ပေးစေလိုပါတယ်…”

“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး…” ချင်မူက မျက်ခုံးမွေးဖြူအဘိုးကြီးကို နှုတ်ဆက်၍ ရွာလယ်သို့ သွားပြီး အကြီးဆုံးအိမ်ကို ရွေးလိုက်၏။ “အဘိုး၊ ပြန်လို့ရပါပြီ… ကျွန်တော်တို့ ဒီနေရာမှာပဲ နေလိုက်မယ်…”

မျက်ခုံးမွေးဖြူအဘိုးကြီးက ပြုံးပြလိုက်သည်။ “သာယာချမ်းမြေ့တဲ့ ညလေး ဖြစ်ပါစေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်…”

“ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်…”

ချင်မူက တံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး အထဲရောက်သည်နှင့် သူ့မျက်နှာပေါ်မှ အပြုံးအရယ်များ ရုတ်ခြည်း ပျောက်ကွယ်သွား၏။ ထို့နောက် ခပ်သုတ်သုတ် ပြောလိုက်သည်။ “စကားမပြောနဲ့၊ ဧည့်ခန်းထဲ ဝင်အိပ်ကြတော့… ဘယ်သူမှ မျက်လုံးမဖွင့်နဲ့…”

နဂါးချီလင်နှင့် ဟူလင်းအာမှာ နားမလည်နိုင် ဖြစ်သွား၏။ တုထျန်းမိစ္ဆာဘုရင်က ထပြောလိုက်သည်။ “ဒီအဘိုးကြီးက မကောင်းတဲ့ အကြံအစည်တွေနဲ့…”

ချင်မူ ခလုတ်တစ်ခုကို အသာအယာ နှိပ်လိုက်ရာ တုထျန်းမိစ္ဆာဘုရင်မှာ မလှုပ်မယှက် ဖြစ်သွား၏။ ထို့နောက် ဧည့်ခန်းတံခါးကို ဖွင့်၍ ဤယန္တရားရုပ်ကို ကြမ်းပြင်ပေါ် ပစ်ချပြီး မျက်လုံး ဆယ့်နှစ်လုံးစလုံး ပိတ်ပေးလိုက်သည်။

နဂါးချီလင်က ဧည့်ခန်းအတွင်းသို့ မဆန့်မပြဲ တိုးဝင်လာရာ တံခါးနှစ်ချပ်စလုံး ကျိုးပဲ့ပြိုလဲသွား၏။

သူ တစ်စုံတစ်ရာ ပြောမည်ပြုစဉ် ချင်မူက တိတ်တိတ်နေရန် အချက်ပြ၍ မျက်လုံးမှိတ်ခိုင်းလိုက်သည်။ ဟူလင်းအာကလည်း ချင်မူ၏ လည်ကုပ်ပေါ်မှ ဆင်း၍ နဂါးချီလင်၏ ကျောပေါ်သို့ တွယ်တက်ပြီး မျက်လုံးများ မှိတ်ထား၏။

ချင်မူ ထောင်ထျယ်အိတ်ထဲမှ စာလိပ်တစ်လိပ် ထုတ်ယူ၍ မျက်လုံးမှိတ်လျက် ဖြန့်ဖြေကာ အဝင်ဝဘက် မျက်နှာမူပြီး ချိတ်ဆွဲထားလိုက်သည်။

“ဘိုးဘိုးထော့ကျိုး ပြောတာတော့ ဒီပန်းချီကားက ရွာလူကြီးငယ်ငယ်ကပုံ၊ မိစ္ဆာတွေကို မောင်းထုတ်နိုင်တယ်တဲ့… ဘိုးဘိုးထော့ကျိုး လိမ်၊ မလိမ် ကြည့်ရတော့မှာပဲ…”

သူ အဝင်ဝဘက် မျက်နှာမူ၍ လဲလျောင်းပြီး မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။

အတန်ကြာသောအခါ ရွာပြင်ဘက်မှ ခြေသံများနှင့်အတူ ရင်းနှီးနေသည့် အသံတစ်သံ ကြားရ၏။ ထိုအသံပိုင်ရှင်က လုဝမ်ရှု ဖြစ်ပုံရသည်။ “ဆရာကြီးချင်းရှန်က မီးအိမ်ထွန်းပြီး ဆင့်ခေါ်လိုက်တာဆိုတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို တွေ့ထားပြီနဲ့တူတယ်…”

အမျိုးသမီးသံတစ်သံလည်း ထွက်ပေါ်လာ၏။ “ပြောရမှာ ရှက်မိပါတယ်… ကျွန်မတို့ တစ်လမ်းလုံး လိုက်တာတောင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို မသတ်နိုင်တဲ့အပြင် သူဆင့်ခေါ်လိုက်တဲ့ မိစ္ဆာနတ်ဘုရားလက်ချက်ကြောင့် ရသေ့ကြီးခူးယဲ့ ဆုံးပါးခဲ့ရပါတယ်…” ဤသည်က ခြေသလုံးအိမ်တိုင်ချင်းယွီ၏ အသံ ဖြစ်သည်။

မျက်ခုံးမွေးဖြူအဘိုးကြီးက ဝင်ပြောလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ရွာထဲမှာ အိပ်ပျော်နေတယ်…”

“ဆရာကြီးချင်းရှန်က အတော်ဆုံးပါပဲ… ကျွန်တော် အခုပဲ သွားသတ်လိုက်မယ်…”

“အလျင်မလိုပါနဲ့လေ… တခြားမိတ်ဆွေတွေကို စောင့်ပါဦး… ပြီးမှ သူ့အသက်ကို နုတ်ယူပြီး အောင်ပွဲခံကြတာပေါ့…”

…။

တစ်ခဏကြာပြီးသောအခါ နောက်ထပ် ခြေသံတစ်ဒါဇင်ခန့် ကြားလိုက်ရသည်။ အားလုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ရွာထဲတွင် ရောက်နေကြောင်း သိသည့်အခါ ရင်ထဲမှ အလုံးကြီး ကျသွားပြီး ဝမ်းသာအားရ တဟားဟား ရယ်မောလိုက်ကြ၏။

အပြင်ဘက်တွင် မီးရောင်ထိန်ထိန်လင်းနေပြီး အရက်သေစာ သောက်စားနေကြသံများ ကြားရသည်။ ဤအဆင့်မြင့်ပညာရှင်များက အောင်ပွဲအကြို ကျင်းပနေကြဟန် ရှိ၏။

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ သိုင်းစွမ်းအားက သိပ်မကြီးပေမဲ့ ဝှက်ဖဲတွေ၊ လှည့်ကွက်တွေ အများကြီး ရှိတယ်၊ တကယ့်ကို ရင်ဆိုင်ရခက်တာပဲ… ပြောရမှာတောင် ရှက်မိပါတယ်… သူဆင့်ခေါ်လိုက်တဲ့ မိစ္ဆာနတ်ဘုရားကြောင့် ကျွန်တော်တို့ အကုန်လုံး သေတော့မလို့…”

“ဒီနေ့ဒီအချိန် ဒီမိစ္ဆာနတ်ဆိုးကို သုတ်သင်ရှင်းလင်းတာဟာ လောကကြီးအတွက် တရားမျှတမှုကို ဆောင်ကြဉ်းတာပဲ… ကဲ ကဲ… လာကြ၊ သောက်လိုက်ကြစို့…”

“အစ်ကိုကြီးဖုန်းချီဝူလည်း ရောက်လာပြီလား… လာ လာ… မိစ္ဆာနတ်ဆိုးကို သုတ်သင်ရှင်းလင်းတဲ့ အထိန်းအမှတ်အနေနဲ့ တစ်ခွက်တစ်ဖလား မော့လိုက်ကြစို့…”

…။

အပြင်ဘက်မှ မီးရောင်များက လင်းလက်တောက်ပလွန်းသည့်အတွက် တံခါးဘောင်မှ အရိပ်များက ချင်မူတို့ အခန်းထဲတွင် အဆက်မပြတ် ယိမ်းနွဲ့လှုပ်ရှားနေသည်။ ရာသီဥတုက လွန်စွာ အေးစိမ့်လှပြီး ဟူလင်းအာ တဆတ်ဆတ် တုန်ရီနေသည်ကို တွေ့သဖြင့် သူ၏ ဗိုက်လေးပေါ်သို့ ချင်မူ လက်တင်ထားပေးလိုက်၏။

ဟူလင်းအာက ခေါင်းလှည့်လာ၍ ချင်မူ အလျင်အမြန် လက်ဆန့်ပြီး သူ့မျက်လုံးများကို အုပ်ထားလိုက်သည်။

အပြင်ဘက်တွင်တော့ ချင်မူ့ကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြသည့်သူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး ခွက်ချင်းတိုက်သံ၊ ရယ်မောသံများ တစ်စထက်တစ်စ ဆူညံလာ၏။ အတန်ကြာသောအခါ မျက်ခုံးမွေးဖြူအဘိုးကြီး၏ ရယ်ရယ်မောမော ပြောဆိုသံကို ကြားလိုက်ရသည်။ “အားလုံးပဲ၊ ညဉ့်လည်းနက်နေပြီ… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သူသွားရမဲ့ လမ်းဆီ ပို့လိုက်ကြစို့…”

ဟူလင်းအာမှာ တံခါးဖွင့်သံ ကျွီခနဲ အကြားတွင် ဆတ်ခနဲ တုန်သွား၏။ သို့သော်လည်း မျက်လုံးကိုတော့ မဖွင့်ရဲချေ။

လုဝမ်ရှုက အရင်ဆုံး ဝင်လာပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က တကယ်အိပ်နေတာပဲ… နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာ…”

ရုတ်တရက် သူ့ခေါင်းက လည်ပင်းပေါ်မှ လျှောကျသွား၏။ ထို့နောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြိုလဲသွားသည်။ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တစ်ယောက်မှာ မည်သို့ ဖြစ်သွားမှန်း မသိဘဲ ဤနည်းနှင်နှင် သေဆုံးသွားရ၏။

“အိမ်ထဲမှာ အဆင့်မြင့်ပညာရှင်တစ်ယောက် ရှိတယ်ဟေ့… နောင်တော်လု အသတ်ခံလိုက်ရပြီ…”

အိမ်အပြင်ဘက်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ ထို့နောက် ဘုန်းခနဲ အသံကြီး ကြားရပြီး အဆင့်မြင့်ပညာရှင်များ အိမ်နံရံကို ချိုးဖျက်၍ ဝင်ရောက်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးတောက်မီးလျှံများ တညီးညီးတောက်လောင်နေပြီး နောက်ကျောဘက်ရှိ နတ်ဘုရားပုံရိပ်တို့၏ အရှိန်အဝါအငွေ့အသက်များက ကောင်းကင်ယံအထိ စိမ့်ဖြာထွက်နေသည်။

အိမ်ကြမ်းပြင်ပေါ်သို့ ခြေအချတွင်တော့ သူတို့၏ ဦးခေါင်းများ လည်ပင်းပေါ်မှ လျှောခနဲ လိမ့်ဆင်းသွား၏။ သူတို့အားလုံးက ထက်မြက်သည့် စွမ်းရည်ရှိသူများ ဖြစ်သည့်တိုင် မည်သို့ ဖြစ်သွားမှန်း မသိလိုက်ဘဲ သေဆုံးသွားသည်။

ဤခြံဝင်းအတွင်း၌ အသွင်မဲ့နတ်ဘုရားတစ်ပါးက သဏ္ဌာန်မဲ့နတ်ဓားကို ဝှေ့ယမ်း၍ ချင်းနင်းဝင်ရောက်ဝံ့သူ မှန်သမျှကို ခေါင်းဖြတ်ပစ်နေသကဲ့သို့ ရှိ၏။

All Chapters