← Chapters

ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာ

Vol. 17 Ch. 226

ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာ

Vol. 17 Ch. 226

ဧည့်ခန်းအတွင်း၌…။ ဟူလင်းအာမှာ နဂါးချီလင်၏ ကျောပေါ်တွင် ခြေကားရားလက်ကားရား မှောက်လျက်သား ဖြစ်နေသည်။ ဤအနေအထားမှ မျက်လုံးကို မှေးစင်းဖွင့်ကြည့်သောအခါ ဦးခေါင်းပြတ်များ လိမ့်ဆင်းသွားသည်ကို မြင်လိုက်ရ၏။

ဤသည်က အတော်လေး ချောက်ချားစရာကောင်းသော မြင်ကွင်း ဖြစ်သည်။ မည်သည့် ရန်သူမျှ ရှိမနေသော်လည်း ထိုကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်များ အိမ်ထဲဝင်လာသည်နှင့် သွေးရိုးသားရိုး မဟုတ်သော နည်းလမ်းဖြင့် သေဆုံးသွားရ၏။

ကျန်သူများမှာ ရန်သူကြီးတစ်ယောက်နှင့် ဆုံတွေ့ရသကဲ့သို့ ဖြစ်သွားသည်။ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက်က တစ်ကိုယ်လုံး၌ ဓားချီများ လွှမ်းခြုံ၍ အိမ်ထဲသို့ ဝင်လာပြီး စိုးရိမ်မကင်းသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို လှည့်ပတ်အကဲခတ်လိုက်၏။

သူ၏ ဓားသိုင်းက လျှို့ဝှက်နက်နဲလှပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများက ခန္ဓာကိုယ်တစ်ဝိုက်တွင် ငါးသေးသေးမှုန်မှုန်လေးများကဲ့သို့ လှုပ်ရှားကူးခတ်နေသည်။

သူ၏ နည်းဗျူဟာက ခံစစ်ဖြင့် ရင်ဆိုင်ရန် ဖြစ်၏။ ထောင်ချီသော ဓားအလင်းတန်းများတွင် သိပ်သည်းသည့် ကျင့်စဉ်စွမ်းအင် ကိန်းအောင်းပါဝင်နေပြီး ရန်ပြုမှုတစ်စုံတစ်ရာ ကြုံတွေ့သည်နှင့် ရုတ်ခြည်း တန်ပြန်တိုက်စစ်ဆင်နိုင်ရန် အသင့်ပြင်ထားသည်။

သူ့အနေဖြင့် ရွေးချယ်စရာ မရှိ။ တစ်ဘက်ရန်သူက အရိပ်အယောင်မျှ မမြင်ရသည့်အပြင် မည်သည့်နေရာမှ ထွက်ပေါ်လာသည်၊ မည်သို့ လှုပ်ရှားသွားသည်ကို မသိရချေ။ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များစွာသာ ထူးဆန်းစွာ အသက်ပေးလိုက်ရ၏။

လမ်းတစ်လျှောက် မည်သည့် အန္တရာယ်မျှ မတွေ့ရသော်လည်း သတိမလွတ်ရဲဘဲ ချင်မူတို့ အိပ်နေသည့် ဧည့်ခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ ထိုအခန်းထဲ၌ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်ကို မြင်လိုက်ရ၏။

ချင်မူက ပန်းချီကားရှေ့တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိထားသဖြင့် အလင်းရောင်က ထိုပန်းချီကားပေါ်သို့ ဖြာကျနေသည်။

ပန်းချီကားမှာ ဓားတစ်ချောင်း လွယ်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ နောက်ကျောပြင်ပုံ ဖြစ်၏။ ထိုလူ၏ မျက်နှာက အနည်းငယ် ငဲ့စောင်း၍ ပန်းချီဆရာကို မျက်ဝန်းထောင့်စွန်းမှ လှမ်းကြည့်နေသကဲ့သို့ ရှိသည်။

ထိုမျက်ဝန်းထောင့်စွန်း၌ အလွန်တရာ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေ၏။

ဤမျှ ရင်သပ်ရှုမောဖွယ်ကောင်းသော အကြည့်ကို ပန်းချီဆရာက အရအမိ ဖမ်းဆုပ်၍ ပန်းချီကားတစ်ချပ်အဖြစ် အသက်သွင်းခဲ့သည်။

ဤပန်းချီကားထဲတွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သာ ပါဝင်သော်လည်း မရေးဆွဲရသေးသည့် အရာများစွာ ရှိ၍ ထိုအရာများက ပန်းချီကား၏ နေရာလွတ်၌ ပုန်းကွယ်နေသကဲ့သို့ ခံစားရ၏။

ဤသည်က တိုက်ပွဲတစ်ခု၏ အဆုံးသတ် ဖြစ်သည်။ သက်လတ်ပိုင်းအရွယ်လူ၏ ခြေရင်း၌ မရေမတွက်နိုင်သော အလောင်းကောင်များ စုပုံပြီး သွေးပင်လယ်က ကောင်းကင်ယံသို့တိုင် စီးဆင်းနေ၏။ အဖြူရောင် အရိုးတို့က သွေးနီရောင်စွန်းထင်း၍ တစ်မျိုးတစ်မည် ရောင်ပြန်ဟပ်နေသည်။ ဓားချက်အောက်၌ သေဆုံးခဲ့ရသော ဝိညာဉ်များစွာမှာ အမှောင်ထုကြီးအတွင်းသို့ မရဏတမန်တော်များ၏ ဆွဲငင်ခေါ်ယူခြင်း ခံနေရ၏။

ထိုအမှောင်ထုထဲတွင် အချိုးအကွေ့ကိုးသွယ်ရှိသည့် ဦးချိုနှစ်ချောင်းနှင့် မိစ္ဆာနတ်ဘုရားတစ်ပါးက သူ၏ အစာဖြစ်လာမည့် ဝိညာဉ်ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေသည်။

ဤသည်က ပန်းချီကား၏ နေရာလွတ်၌ ပုန်းကွယ်နေသည့် အရာများ ဖြစ်၏။

အိမ်ထဲသို့ ရောက်လာသော ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်မှာ ပန်းချီကားနှင့် ပန်းချီကားထဲရှိ လူကို မြင်ပြီး ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သူ့ဦးခေါင်းက လည်ပင်းထက်မှ လျှောခနဲ လိမ့်ဆင်းပြီး ပိန်းပိတ်အောင် နက်မှောင်သည့် အမှောင်ထုကြီးထဲသို့ နစ်ဝင်၍ အရာအားလုံး နှေးကွေးသွား၏။ ထိုအမှောင်ထုကြီးထဲတွင် အဆုံးမရှိ နစ်မြုပ်ကျဆင်းနေပြီး အောက်ခြေကို မည်သည့်အခါမျှ မရောက်နိုင်တော့သလို ခံစားမိသည်။

ဘုတ်…။

ခေါင်းပြတ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ၍ နှစ်ပတ်ခန့် လိမ့်သွား၏။ ထိုသူ၏ မျက်လုံးများက ပြူးကျယ်လျက် ရှိသည်။

ရုတ်တရက် လက်တစ်ဖက် ပေါ်ထွက်လာပြီး ခေါင်းပြတ်ကို ဆွဲယူသွား၏။

အိမ်ပြင်ဘက်တွင် လူကိုးယောက် ရှိသေးပြီး သူတို့၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုများ ကြီးစိုးနေသည်။ မျက်ခုံးဖြူအဘိုးကြီးချင်းရှန်သာလျှင် ဟန်မပျက် ရှိ၏။ သူက အထဲဝင်သွားသည့် ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်၏ ခေါင်းပြတ်ကို ဆွဲယူလိုက်သူ ဖြစ်သည်။

ဤနေရာတွင် ရှိနေသည့်သူ အားလုံးအနက် တစ်ဦးတည်းသော သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်လည်း ဖြစ်၏။

အဘိုးကြီးချင်းရှန်က ခေါင်းပြတ်၏ မျက်လုံးများအတွင်းသို့ ကြည့်၍ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ “ထိပ်တန်းဓားသိုင်းပဲ…”

အခြားလူ ရှစ်ယောက်မှာ ကမန်းကတန်း လှမ်းကြည့်၍ အတုန်တုန်အယင်ယင် မေးလိုက်၏။ “ဆရာကြီးချင်းရှန် ဘာများ တွေ့လိုက်လို့လဲ…”

“သူ့မျက်လုံးထဲကို ကြည့်…”

သူတို့ရှစ်ယောက် ခေါင်းချင်းဆိုင်၍ ကြည့်လိုက်သောအခါ ခေါင်းပြတ်၏ မျက်လုံး နှစ်ဖက်စလုံးတွင် ဓားရောင်တစ်ခု ရှိနေသည်ကို မြင်တွေ့ရ၏။ ထိုဓားက မျက်နှာတည့်တည့်သို့ တိုးဝင်လာပြီး နောက်တစ်ခဏ၌ ဤသူ၏ အသက်ကို နုတ်ယူသွားဟန် ရှိသည်။

မျက်ခုံးဖြူအဘိုးကြီးချင်းရှန်က ခေါင်းပြတ်ကို မ၍ ချင်မူတို့ အိပ်နေသည့် ဧည့်ခန်းရှိရာသို့ လှမ်းမျှော်ကြည့်လိုက်၏။ “ဒီဓားက ဟိုအခန်းထဲက လာတာပဲ… အဲထဲမှာ ဘာများ ရှိနေတာလဲ…”

သူ တရွေ့ရွေ့ တိုးသွားပြီး အခန်းထဲသို့ လှမ်းမြင်ရမည့်နေရာကို ရှာဖွေလိုက်သည်။ တစ်နေရာတွင် ယိမ်းနွဲ့တုန်ခါနေသည့် ဖယောင်းတိုင်မီးရောင်နှင့် ပန်းချီကားတစ်စွန်းတစ်စကို လှမ်းမြင်ရ၏။ “ပန်းချီကားတစ်ချပ်ပဲ… ပန်းချီကားထဲကလူရဲ့ အင်္ကျီအနားစကိုတော့ မြင်ရပြီ…”

“ဆရာကြီးချင်းရှန်၊ ဘာလို့ ဒုက္ခခံနေမှာလဲ… အထဲကလူတွေရော၊ ဒီတစ်အိမ်လုံးရော ဖျက်ဆီးပစ်လိုက်ရင် ပြီးပြီ မဟုတ်လား…”

ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တစ်ယောက်က ရုတ်တရက် လှုပ်ရှား၍ ဓားစက်လုံးတစ်လုံး ပစ်သွင်းလိုက်သည်။ တိုင်လုံးတစ်လုံးကဲ့သို့ ဓားအလင်းတန်းကြီး ထွက်ပေါ်လာပြီး ချင်မူတို့ရှိရာ အိမ်ခန်းဆီသို့ ပြေးဝင်သွား၏။

ထိုဓားအလင်းတန်းက အလွန်တရာ ကြီးမားလှပြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ အရာအားလုံး မွမွကြေသွားသည်။

ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရှာဖွေတွေ့ရှိခဲ့သည့် ဝဲကတော့ဓားချက် ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူရှာဖွေတွေ့ရှိသည့် ဓားချက်များကို ကိုယ်ကျိုးမဖက်ဘဲ လက်ဆင့်ကမ်းပေးသဖြင့် သိုင်းလောကရှိ ဓားဂိုဏ်းများအားလုံးနီးပါး လေ့လာခွင့်ရခဲ့ကြသည်။ ယခု ဤဓားချက်ကို ထုတ်သုံးလိုက်သူက ဓားသိုင်းအရာ၌ အတော်လေး ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်၏။

သူ၏ ဝဲကတော့ဓားချက်က အခြားသူများစွာထက် သာလွန်သည်။

ဤဓားသိုင်းက ရင်သပ်ရှုမောဖွယ် ကောင်းလှပြီး ဧည့်ခန်းအတွင်းသို့ ရောက်သည်နှင့် အရာအားလုံးကို အမှုန့်ဖြစ်အောင် ကြိတ်ချေသွားပေလိမ့်မည်။ ချင်မူ၊ တုထျန်းမိစ္ဆာဘုရင်၊ နဂါးချီလင် မည်သူတစ်ဦးတစ်ယောက်မျှ လွတ်လိမ့်မည်မဟုတ်။

“မင့်ဓားကို ပန်းချီကားဆီ ဦးမတည်နဲ့…”

မျက်ခုံးဖြူအဘိုးကြီးချင်းရှန်၏ အမူအရာ ရုတ်တရက် ပျက်ယွင်းပြီး တားဆီးရန် ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။

ဓားတန်းကြီးက သဏ္ဌာန်မဲ့ အတားအဆီးအလွှာတစ်ခုနှင့် တိုးတိုက်မိသကဲ့သို့ လေထဲတွင် ရပ်တန့်၍ တစ်လက်မပြီးတစ်လက်မ ပျက်စီးပြယ်လွင့်သွား၏။ ထို့နောက် ဘုန်းခနဲ ပေါက်ကွဲသွားသည်။

ထိုကောင်းကင်နတ်အသွင်အဆင့် ပညာရှင်၏ မျက်ခုံးနှစ်ခုအလယ်တွင်တော့ အနီရောင် အမှတ်တစ်ခု ပေါ်ထွက်၍ သွေးများစီးကျလာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

“သတိထား၊ အသင့်ပြင်…” အဘိုးကြီးချင်းရှန်က အော်ဟစ်သတိပေးလိုက်သည်။

သူ့အရှိန်အဝါအငွေ့အသက်က တစ်ရှိန်ထိုး ထိုးတက်၍ ခန္ဓာကိုယ်မှ တအုန်းအုန်း ပေါက်ကွဲသံ ခြောက်ချက် ပေါ်ထွက်လာ၏။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၊ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၊ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ…။ သူ၏ ကောင်းကင်ရတနာ ခြောက်ခုစလုံး တစ်ပြိုင်နက် ပွင့်လာသည်။

သူ့ဘေးနားမှ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များမှာ ပြင်းထန်လှသော အရှိန်အဝါအငွေ့အသက်ကြောင့် မြဲမြံစွာ ရပ်နေနိုင်ခြင်း မရှိတော့ဘဲ နောက်သို့ အဆက်မပြတ် ဆုတ်လိုက်ကြရ၏။

ဝှစ်…။

မျက်ခုံးဖြူအဘိုးကြီးချင်းရှန်၏ နောက်ဘက်တွင် နဂါးခေါင်းနှင့် လူကိုယ်ရှိသော နတ်ဘုရားတစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုနတ်ဘုရားက နတ္ထိနယ်ပယ်ထဲမှ အစစ်အမှန်တရားဆီသို့ ကိုယ်တစ်ဝက် သက်ဆင်းနေ၏။

အဘိုးကြီးချင်းရှန်က ကြေးမုံမှန်တစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ချင်မူတို့ အိပ်နေသည့် ဧည့်ခန်းဆီသို့ စိုးရိမ်မကင်း လှမ်းကြည့်ရင်း အက်ကွဲကွဲ အော်ဟစ်လိုက်သည်။ “မင်းတို့ကောင်တွေ အသင့်ပြင်မထားသေးဘူးလား… သေချင်လို့လား ဟမ်…”

ဤအခိုက်၌ ဧည့်ခန်းအတွင်းတွင် အိပ်ချင်ယောင်ဆောင်နေသော ချင်မူမှာ သူ့နောက်ဘက်ရှိ နံရံမှ လူရိပ်တစ်ရိပ် လွင့်မျောဆင်းသက်လာသည်ကို မျက်လုံးများ မှေးစင်းထားရင်း မြင်လိုက်မိ၏။ ထိုသူ၏ ပုံရိပ်က ဖယောင်းတိုင်မီးရောင်၏ အောက်တွင် ရှည်လျားဆန့်ထွက်နေသည်။

ဤလူရိပ်မှာ ပန်းချီကားအတွင်းမှ သက်လတ်ပိုင်းအရွယ်လူ ဖြစ်ပြီး ပိန်ပိန်ရှည်ရှည်နှင့် နောက်ကျောဘက်တွင် ရတနာဓားတစ်လက် သိုင်းလွယ်ထား၏။ သူက လွန်စွာ တိတ်ဆိတ်ငြိမ်သက်၍ ရုပ်ခန္ဓာမရှိသော ဝိညာဉ်တစ်ကောင်ပမာ အိမ်ခန်းအပြင်သို့ လွင့်မျောထွက်ခွာသွားသည်။

လူရိပ်က ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်၍ နောက်ကျောမှ ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် လက်ထဲမှ ဓားကို လှည့်ပတ်ဝှေ့ယမ်းရင်း လေသံတိုးတိုးဖြင့် သီချင်းတစ်ပုဒ် သီဆိုလိုက်သည်။ ဓားရောင်က ငါးများ၊ နဂါးများ ကခုန်နေသကဲ့သို့ လေထဲတွင် လူးလွန့်လှုပ်ရှားသွား၏။

“ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်… တောင်တန်းနဲ့ မြစ်ပြင်တွေက တည်ရှိနေဆဲ၊ နှလုံးသားရင်ခွင်က အပြန့်ကျယ်တယ်… ဘေးဘီကို အကြည့်အရောက်မှာ ဇာတိမြေဟာ ရိုးရာဝတ်စုံကို မဆင်မြန်းတော့…”

ချင်မူ တစ်စက်ကလေးမျှ မလှုပ်ရှားရဲချေ။ ထက်ရှလှသော ဓားချီ၊ ဓားရိပ်များက သူ့ဘေးပတ်ပတ်လည် နေရာအနှံ့ ဟင်းလင်းပြင် အချိန်ကာလထဲ၌ လူးလာကူးခတ်နေသကဲ့သို့ ခံစားရသည်။

မျက်လုံးများကို မှိတ်လိုက်သော်လည်း သူ့မျက်စိရှေ့တွင် အမှောင်ထုကို ဆွဲဆုတ်ဖြဲဖွင့်နေသည့် ဓားရောင်များ တဖျတ်ဖျတ် လက်နေသေး၏။

လေထုကို ထိုးခွင်းသွားသည့် ဓားချီများ၏ အသံကိုလည်း ကြားရသည်။

မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့နေရာအနှံ့တွင် ဓားရောင်များ ပြိုပြိုးပြက်ပြက် လက်နေသည်ကို တွေ့ရ၏။ အိမ်ဝင်းရှေ့မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်ခု သူ့ကို ဝင်ဆောင့်သည်။ အမှောင်ထု ကြီးစိုးနေသည့် ညဉ့်ယံအလယ်တွင် ရွာထဲရှိ အခြားအိမ်ခြေများ ကောင်းကင်ယံသို့ လွင့်ဝဲ၍ အပိုင်းပိုင်းအစစ ဖြစ်သွား၏။

ချင်မူ၏ ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်သွားသည်။ “ဘိုးဘိုးမျက်ကန်းက ဝိညာဉ်ထည့်ခဲ့တာပဲ… ပန်းချီကားထဲက ရွာလူကြီးကို ဝိညာဉ်ထည့်ပေးခဲ့တာ…”

ရုတ်တရက် အားလုံးသော ဆူညံသံများ၊ အလင်းရောင်များ ပျောက်ကွယ်သွား၏။ ခပ်တိုးတိုး သီဆိုနေသော သီချင်းသံကိုလည်း မကြားရတော့။

ချင်မူက မျက်လုံးကို ခပ်မှေးမှေး ဖွင့်ထားသဖြင့် သူ့ထံ လျှောက်လှမ်းလာနေသော လူရိပ်ကို ဝိုးတဝါး မြင်ရသည်။ ထိုလူရိပ်က သူ့နောက်ဘက်ရှိ ပန်းချီကားဆီသို့ ပြန်လာခြင်း ဖြစ်ဟန်ရှိ၏။ ရုတ်တရက် လူရိပ်မှာ တစ်စစီ ပဲ့ကြွေကျပြီး မြေပြင်ပေါ်တွင် မင်များ အိုင်ထွန်းသွားသည်။

ချင်မူ တစ်ခဏမျှ မှင်တက်နေပြီး ကမန်းကတန်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့နောက်ဘက်ရှိ နံရံတွင် စက္ကူဖြူတစ်ရွက် ချိတ်ဆွဲထားသည်ကိုသာ တွေ့ရတော့၏။

မီးအိမ်မှ အလင်းရောင်က လူးလွန့်လှုပ်ရှားနေပြီး ပတ်ဝန်းကျင်တစ်ခွင်က အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ချင်မူ သက်ပြင်းလေးလေးတစ်ချက် ချမိ၏။ ဟူလင်းအာက မျက်လုံးများ ပွင့်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “သခင်လေး…”

“ဘာအန္တရာယ်မှ မရှိတော့ဘူး၊ အိပ်ကြစို့…” ချင်မူက ထပ်ဖြည့်ပြောလိုက်၏။ “မနက်ဖြန်ကျရင် တောင်တွေဖြတ်ပြီး လမ်းတွေအကြာကြီး လျှောက်ရဦးမယ်…”

ဟူလင်းအာက ခေါင်းချ၍ အိပ်လိုက်ပြီး ချင်မူလည်း လဲလျောင်းလိုက်သည်။ ဖယောင်းတိုင်မီးရောင်အောက်ရှိ စက္ကူဖြူအလွတ်ကို ကြည့်ရင်း သူ့ရင်ထဲတွင် တည်ငြိမ်အေးချမ်းလာ၏။

နောက်တစ်နေ့ရောက်သောအခါ ချင်မူ အိပ်ရာမှ ထ၍ အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည်။ ယမန်နေ့က ရွာငယ်လေးမှာ ကွင်းခေါင်ခေါင် ဖြစ်နေပြီး အခြားအိမ်များကို အရိပ်အယောင်မျှ မမြင်ရတော့ချေ။ သူတို့၏ အိမ်မှာလည်း တစ်ခြမ်းသာ ကျန်ပြီး နံရံများ ပြိုကျနေ၏။ အရှေ့ဘက်ခန်း တစ်ခန်းလုံး ပျက်စီး၍ အနောက်ဘက်ခန်းတွင် မျက်နှာကြက်များ မရှိတော့။

ချင်မူ မျက်နှာသစ်၍ မနက်စာအတွက် ချက်ပြုတ်လိုက်၏။ ဟူလင်းအာက တုထျန်းမိစ္ဆာဘုရင်၏ စက်ခလုတ်များကို ထိန်းညှိ၍ အပြင်ဘက်သို့ ခေါ်သွားသည်။ အပြင်ရောက်သောအခါ တအံ့တဩ အော်ဟစ်လိုက်မိ၏။

နဂါးချီလင်က အိပ်ချင်မူးတူးနှင့် ထလာပြီး လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ချက် သမ်းဝေပြီး လက်သည်းများကို လျှာဖြင့်လျက်၍ မျက်နှာသုတ်ရင်း စပ်စုလိုက်၏။ “အခု ဘယ်ရောက်နေတာလဲ၊ မနေ့ညက ရွာလေးရော သခင်လေး… ဒါနဲ့ မနက်စာစားလို့ ရပြီလား… ကျွန်တော့် သွေးနီမီးလျှံဆေးလုံးတွေကို ငရုတ်ကောင်းနည်းနည်း ဖြူးပေးပါဦး… အရသာ အပြောင်းအလဲလေး စားချင်လို့…”

ချင်မူက သွေးနီမီးလျှံဆေးလုံး အိုးတစ်ဝက်ထည့်၍ ငရုတ်ကောင်း အနည်းငယ် ဖြူးပေးလိုက်သည်။

နဂါးချီလင်က သူ့အစာခွက်ကို ငုံ့ကြည့်ပြီး ဇဝေဇဝါဖြင့် ခေါင်းမော့လာ၏။ “အိုးတစ်ဝက်ပဲ ရှိသေးတယ်လေ…”

ချင်မူက ဒေါသဖြစ်ဖြစ်ဖြင့် ပြောလိုက်သည်။ “မင်းကိုယ်မင်း ပြန်ကြည့်ဦး… ဝဖီးပြီး မပြေးနိုင်တော့ဘူး… အိုးတစ်ဝက်ဆိုတာ များတောင်များနေသေးတယ်…”

နဂါးချီလင်က အတွန့်တက်လိုက်၏။ “ကျွန်တော့် ခန္ဓာကိုယ်က ဖွံ့ဖြိုးတုန်း ရှိသေးတယ်… အစာလျှော့လိုက်ရင် ဆက်ပြီး ဖွံ့ဖြိုးနိုင်မှာ မဟုတ်တော့ဘူး…”

“မင့်ခန္ဓာကိုယ်က ဖွံ့ဖြိုးတုန်း ဟုတ်လား…” ချင်မူ ဒေါသအိုး ပေါက်ကွဲသွားပြီး နဂါးချီလင်၏ ဗိုက်သားကို ဆွဲညှစ်ပြလိုက်သည်။ နဂါးချီလင်၏ ဗိုက်သားက ဖျစ်ညှစ်၍ မရ။ “မင့်ခန္ဓာကိုယ်က ဖွံ့ဖြိုးနေတာ မဟုတ်ဘူး၊ မင့်အဆီတွေက ဖွံ့ဖြိုးနေတာ… ကိုယ့်ဖာသာ ဆွဲညှစ်ကြည့်ဦး၊ ညှစ်လို့တောင် မရတော့ဘူး…”

နဂါးချီလင်က လက်သည်းများ ဆန့်ထုတ်၍ ညှစ်ကြည့်ရာ မရကြောင်း တွေ့လိုက်၏။ “ကျွန်တော့်ခန္ဓာကိုယ် ဖွဲ့စည်းပုံက ရေသောက်ရင်တောင် အဆီတွေတက်လာတာကို…”

ဟူလင်းအာက အပြေးရောက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။ “ဖက်တီးနဂါး၊ အဲဒါဆို နင် ဒီနေ့ကစပြီး ရေပဲ သောက်တော့…”

နဂါးချီလင်မှာ သူ့ရှေ့မှ သွေးနီမီးလျှံဆေးလုံးများကို ကမန်းကတန်း ဗိုက်အောက်ဆွဲသွင်း၍ တောင်းပန်ပြုံး ပြုံးလိုက်၏။ “ကျွန်တော်က အငတ်နေရမှာစိုးလို့ နည်းနည်းလေး တိုးစားချင်မိတာကို… ဟုတ်ပါပြီ၊ ဟုတ်ပါပြီ… ဒီထက်တော့ လျှော့လို့မဖြစ်ဘူး… မဟုတ်ရင် အရိုးနဲ့ အရေပဲ ကျန်လိမ့်မယ်…”

တုထျန်းမိစ္ဆာဘုရင်က အပြင်မှ ပြန်ဝင်လာပြီး ချင်မူ စားသောက်ပြီးစီးကြောင်း တွေ့သောအခါ နံရံထက်မှ စက္ကူဖြူဖြစ်သွားသည့် ပန်းချီကားကို ဖြုတ်ယူလိုက်သည်။ “ဒီပန်းချီကားက မင့်အဘိုး ဆွဲတာလား…”

ချင်မူ ခေါင်းညိတ်လိုက်သည်။

တုထျန်းမိစ္ဆာဘုရင်က တစ်ခဏမျှ တိတ်ကျသွားပြီး ထပ်မေးလိုက်၏။ “ပန်းချီကားထဲက လူကလည်း မင့်အဘိုးပဲလား…”

ချင်မူ ပန်းချီကားကို လိပ်၍ ထောင်ထျယ်အိတ်ထဲ ထိုးထည့်ရင် ခေါင်းညိတ်လိုက်သည်။

တုထျန်းမိစ္ဆာဘုရင်က စကားဆက်လိုက်၏။ “ငါ သူတို့ကို မကြောက်ပါဘူး… ဒါပေမဲ့ ငါ့ကို ဒီမိစ္ဆာနတ်ဘုရားရုပ်ထဲမှာ ထည့်ပိတ်ထားတာ ဘယ်သူ့အတွက်မှ မကောင်းဘူးမလား… ဒီလိုလုပ်လေ၊ မင်းက ငါ့ကို လွှတ်ပေးလိုက်၊ ငါ့အသိစိတ်ဝိညာဉ်က တုထျန်းကို ပြန်ပြီး ဒီကမ္ဘာကို ဘယ်တော့မှ ခြေမချတော့ဘူး… အဲလိုဆို အဆင်ပြေလား…”

ချင်မူ မည်သည်ကိုမျှ မပြောဘဲ ဟူလင်းအာကိုသာ လောဆော်လိုက်သည်။ “လင်းအာ၊ မြန်မြန်စား… ခရီးဆက်ရဦးမယ်…”

တုထျန်းမိစ္ဆာဘုရင် ခေါင်းခဲသွား၏။

ဟူလင်းအာ စားပြီးသောအခါ ချင်မူ ပန်းကန်ခွက်ယောက်များ ကူဆေးပေးလိုက်သည်။ ထို့နောက် ဆေးပြီးသား ပန်းကန်ခွက်ယောက်များကို ထောင်ထျယ်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ အထဲရှိ ရိက္ခာများကို ကြည့်ရင်း သူ တီးတိုးရေရွတ်လိုက်သည်။ “ဒီလောက်ဆို မဟာမြို့ပျက်ရောက်တဲ့ထိ လုံလောက်မှာပါ… ကဲ မိစ္ဆာဘုရင်ကြီး၊ သွားကြစို့…”

တုထျန်းမိစ္ဆာဘုရင်က နောက်မှ လိုက်လာရင်း တတွတ်တွတ် ပြောဆိုနေ၏။ “ငါ သူတို့ကို ကြောက်လို့ မဟုတ်ဘူး… ငါ့ခန္ဓာကိုယ်အစစ်သာ သက်ဆင်းလာရင် ဘယ်သူ့ကိုမှ ကြောက်စရာ မရှိဘူး…”

နတ်သက်ကြွေတောင်ကြောက မိုင်ပေါင်းသောင်းချီ ရှည်လျားသည်။ ချင်မူတို့ တောင်ခြေသို့ ရောက်လာသောအခါ တောင်ကြောကြီးကို မော့၍ ကြည့်ရ၏။ ဤတောင်ကြောက အလွန်တရာ မြင့်မားမတ်စောက်သည့်အတွက် ပေါ့ပါးသွက်လက်သော မျောက်ဝံများ၊ လေပေါ်ပျံသော ငှက်ငယ်များပင် ကျော်ဖြတ်နိုင်ရန် ခက်ခဲလှသည်။

ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြေပုံကို ထုတ်ယူကြည့်ရှုပြီး ပြုံးလိုက်၏။ “အထီးကျန်တောင်ကြားက သိပ်မဝေးတော့ဘူး၊ သွားကြစို့…”

သူ့စကားမဆုံးမီပင် ကောင်းကင်ယံရှိ တိမ်တိုက်မည်းများကြားမှ မြွေနီကြီး၏ ဦးခေါင်း ပေါ်ထွက်လာပြီး မီးတောက်မီးလျှံများ မှုတ်ထုတ်လိုက်သည်။ အပူရှိန်ကြောင့် တိမ်တိုက်များ အရပ်မျက်နှာအနှံ့ လွင့်ပါးပျောက်ကွယ်သွားပြီး ရွှေရောင်ပိုးကောင်တစ်အုပ် ပျံသန်းလာ၏။ ထိုပိုးကောင်အုပ်ထဲမှ အချို့က ချင်မူတို့ဘက်သို့ ရောက်ရှိလာသည်။

All Chapters