အထီးကျန်တောင်ကြားမှ သစ်မြစ်မိစ္ဆာ
Vol. 17 Ch. 227
“တခြားလူတွေက အငယ်သတ်ပြီးမှ အကြီးလာတယ်… ငါ့အဖြစ်ကျ အကြီးသတ်ပြီးမှ အငယ်လာတယ်… မဆိုးလှပါဘူးလေ…”
ချင်မူ သက်ပြင်းလေးတွဲ့တွဲ့ ချလိုက်မိသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် လုပ်ရသည်မှာ အမှန်တကယ်ပင် ခက်ခဲလှ၏။
လုံကျောင်းနန်နှင့် အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီး ဤနေရာသို့ ရောက်လာပြီ ဖြစ်၍ အခြားသူများလည်း ဝေးတော့မည် မဟုတ်။ သူ့ကိုသာ တွေ့သွားလျှင် ဒုက္ခများပေတော့မည်။
ဟူလင်းအာက မှော်မိစ္ဆာလေကို ထိန်းချုပ်၍ သူတို့ထံ ပျံသန်းလာသော ပိုးကောင်များကို မှုတ်ထုတ်ပစ်သည်။ “သခင်လေး၊ ဒီလူတွေက နှစ်သစ်ကူးအတွက် အိမ်မပြန်ကြတော့ဘူးလား…”
“သူတို့အတွက်တော့ ငါ့ကို လိုက်သတ်တာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲသလိုပဲ ထင်ပါရဲ့…” ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ငါ့ကို သတ်ဖို့အပြင် ဧကရာဇ်ကိုလည်း သူတို့ သတ်ချင်ကြသေးတယ်… ငါ့ကို သတ်နိုင်ကြမှာ မဟုတ်ပေမဲ့ ဧကရာဇ်ကို သတ်နိုင်မလားဆိုတာတော့ စိတ်ဝင်စားတယ်… ဧကရာဇ်က ငါ့ထက် ပိုကြီးတဲ့ ပစ်မှတ်မဟုတ်လား…”
ဟူလင်းအာက ပိုးကောင်များကို အဝေးသို့ မှုတ်ထုတ်၍ အခြေအနေကို ကောင်းစွာ ထိန်းချုပ်ထားသည်။ လုံကျောင်းနန်တို့အနေဖြင့် သူတို့ရှိရာရော အထီးကျန်တောင်ကြားကိုပါ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
အထီးကျန်တောင်ကြားလမ်းက သူတို့ ရောက်နေသည့် နေရာနှင့် သိပ်မဝေးတော့။ ချင်မူ ထိုနေရာသို့ ဦးတည်သွားလိုက်သည်။ ဤတောင်ကြားလမ်းရှိ ရေမြေအနေအထားက အခြားနေရာများကဲ့သို့ မတ်စောက်နက်ရှိုင်းခြင်း မရှိသော်လည်း အနည်းငယ် ထူးခြား၏။ ပတ်ဝန်းကျင်တစ်ခွင်က သစ်ပင်ဝါးပင်များ ပေါက်ရောက်ခြင်း မရှိဘဲ ကွင်းပြောင်ကြီး ဖြစ်နေသည်။
တောင်ကြားတစ်ခုလုံးတွင် မည်းနက်နေသည့် သစ်ခြောက်ပင်များသာ ပေါက်ရောက်၏။ သို့အတွက် လူအများက ဤတောင်ကြားကို မကောင်းသည့် နေရာအဖြစ် သတ်မှတ်ထားကြသည်။
“သူတို့ ဧကရာဇ်ကို သတ်နိုင်ရင် ဘာတွေ ဖြစ်လာမလဲ…” ဟူလင်းအာက မေးလိုက်၏။
ချင်မူက အထီးကျန်တောင်ကြားလမ်းသို့ ခြေချလိုက်သည်။ ဟူလင်းအာက ထက်ကြပ်မကွာ လိုက်လာရင်း နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
“သူတို့ ဧကရာဇ်ကို သတ်ပြီး အိမ်ရှေ့မင်းသားကို နန်းတင်ပေးလိုက်ရင် ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြေလှန်ခံရလိမ့်မယ်…” ချင်မူက ပြန်ဖြေလိုက်သည်။ “အဲဒီအခါ ဧကရာဇ်အတိုင်ပင်ခံက အိမ်ရှေ့မင်းသားကို သုတ်သင်ရှင်းလင်းပြီး သူ့စကားနာခံမဲ့ ဧကရာဇ်တစ်ယောက် တင်မြှောက်လိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံ အဲလို မလုပ်ရင်တောင် ငါ လုပ်မှာပဲ… ပြီးတော့ သူ့ကို စတုတ္ထမြောက် ကောင်းကင်နတ်မင်းနေရာကို လက်ခံဖို့ ကမ်းလှမ်းမယ်… အဲနေရာကို သူ့အတွက် ချန်ထားတာ ကြာပြီ… ဒါပေမဲ့ ဧကရာဇ်ကို သူတို့ သတ်နိုင်မှာ မဟုတ်သလို ဧကရာဇ်အတိုင်ပင်ခံကလည်း စတုတ္ထမြောက် ကောင်းကင်နတ်မင်း ဖြစ်ချင်မှာ မဟုတ်ပါဘူး…”
သစ်ခြောက်ပင်များက မြေပြင်အနှံ့ ပေါက်ရောက်နေပြီး အရွက်၊ အကိုင်း တစ်စိုးတစ်စိမျှ မရှိချေ။ ၎င်းတို့၏ ပင်စည်က သွားစွယ်များ ဖြဲပြနေသော ကြောက်စရာမျက်နှာနှင့် ဆင်တူသဖြင့် မြေခွေးဖြူလေးမှာ ထိတ်လန့်တုန်လှုပ်နေ၏။
“ဒီနေရာမှာ နတ်ဘုရားသွေးနဲ့ မိစ္ဆာနတ်ဆိုးသွေးတွေ စွန်းထင်းနေတယ်…” တုထျန်းမိစ္ဆာဘုရင်က အနားတွင် ဝဲပျံနေသည့် ပိုးကောင်ငယ်များကို လက်ဖြင့် ယမ်းပြီး မြေကြီးတစ်ဆုပ် ကော်၍ ခြေမွကြည့်လိုက်သည်။ “ထူးဆန်းတယ်… ဒီသွေးက အတော်ထူးဆန်းတာပဲ… နတ်ဘုရားသွေးလား၊ မိစ္ဆာနတ်ဆိုးသွေးလား ခွဲမရဘူး… နတ်ဘုရားသွေးရော၊ မိစ္ဆာနတ်ဆိုးသွေးရော ပါနေတဲ့သွေး… စိတ်ဝင်စားစရာပဲ…”
ချင်မူက စိတ်ဝင်တစား မေးလိုက်၏။ “အရှင်တုထျန်းမိစ္ဆာဘုရင်ကြီး၊ ဒီနေရာမှာ နတ်ဘုရားရဲ့ သွေးရော၊ မိစ္ဆာနတ်ဆိုးရဲ့ သွေးရော တစ်ပြိုင်နက် ကျထားတာ မဖြစ်နိုင်ဘူးလား…”
သူ မိစ္ဆာနတ်ဘုရားတစ်ပါး၏ သွေးကို မြင်ဖူးသည်။ ထိုသွေးက လွန်စွာ စွမ်းအားကြီးမားလှ၏။ မဟာမြို့ပျက်၏ အမှောင်ထုအတွင်းသို့ ရွာလူကြီးနှင့် ဝင်ရောက်စဉ်အခါက အမှောင်ထုထဲမှ မိစ္ဆာနတ်ဘုရားတစ်ပါးကို သွေးမြေကျအောင် ရွာလူကြီး တိုက်ခိုက်နိုင်ခဲ့သည်။ ထိုမိစ္ဆာနတ်ဘုရား၏ သွေးတစ်စက် မြေပြင်ပေါ်သို့ ကျသွားသောအခါ ကိုက်သုံးရာပတ်လည်အတွင်းရှိ သစ်ပင်ဝါးပင်များအားလုံး ညှိုးခြောက်ပြီး အထီးကျန်တောင်ကြားမှ မြေပြင်အခြေအနေကဲ့သို့ ဖြစ်သွား၏။
မိစ္ဆာသွေးတစ်စက်မျှသာ ဖြစ်သည်။
အထီးကျန်တောင်ကြားကတော့ တောင်ကြားလွင်ပြင် တစ်ခုလုံး ညိုမည်းခြောက်သွေ့နေသဖြင့် များစွာသော နတ်ဘုရားသွေး၊ မိစ္ဆာသွေးများ ပြန့်ကြဲကျရောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“အဲလို မဟုတ်ဘူး…” တုထျန်းမိစ္ဆာဘုရင်က ခေါင်းခါယမ်းလိုက်၏။ “ဒါက သွေးအမျိုးအစား တစ်ခုတည်းပဲ… နတ်ဘုရားသွေးဂုဏ်သတ္တိရော၊ မိစ္ဆာသွေးဂုဏ်သတ္တိပါ ပါနေတာ… မင်းရဲ့ အသိအမြင် ဗဟုသုတက နည်းသေးတော့ ခွဲတတ်ဦးမှာ မဟုတ်ဘူး… နတ်ဘုရားသွေးက အသက်ဓာတ်ကို ကိုယ်စားပြုပြီး မိစ္ဆာသွေးက သေခြင်းတရားကို ကိုယ်စားပြုတယ်… ဒီအထီးကျန်တောင်ကြားမှာ ကျခဲ့တဲ့ သွေးက အဲဒီဓာတ်သတ္တိနှစ်ခုစလုံးပါတော့ နတ်ဘုရားဂုဏ်သတ္တိက မြေဆီလွှာအောက်မှာ ပုန်းခိုနေတယ်၊ မိစ္ဆာနတ်ဆိုးဂုဏ်သတ္တိကတော့ မြေပြင်အထက် ထွက်လာသမျှကို သတ်ပစ်တယ်… ဒီသစ်ပင်တွေက သေနေပေမဲ့ သူတို့ရဲ့ အမြစ်တွေက မသေဘူး… မသေတဲ့အပြင် ပုံမှန်ထက် ထူးထူးကဲကဲကို သန်စွမ်းကြီးထွားနေလိမ့်မယ်… တချို့ဆိုရင် နတ်ဘုရားသွေးရဲ့ အသက်ဓာတ်ကို အမှီပြုပြီး ဝိညာဉ်တောင် ဖွဲ့တည်နေလောက်တယ်…”
ဟူလင်းအာက ကမန်းကတန်း မေးလိုက်သည်။ “သစ်မြစ်တွေက မှော်မိစ္ဆာတွေ ဖြစ်လာမှာလား…”
“ဖြစ်လာလိမ့်မယ်…” တုထျန်းမိစ္ဆာဘုရင်က ပြန်ဖြေလိုက်၏။ “လက်တံတွေ အများကြီး ပေါက်နေတဲ့ သတ္တဝါဆန်းမျိုး ဖြစ်လာမှာပဲ…”
အထီးကျန်တောင်ကြားက တောင်ကြားဟု အမည်တွင်နေသော်လည်း အတော်လေး မြင့်သည့် မြေပြင်အနေအထားတွင် ရှိသည်။ သို့သော်လည်း ဘေးဘက်ရှိ တောင်တန်းများနှင့် ယှဉ်လျှင်တော့ များစွာ နိမ့်သည်ဟု ဆိုနိုင်သေး၏။
ဤအနက်ရောင်တောင်ကြားလမ်းမှာ အထက်သို့ တဖြည်းဖြည်း တက်သွားသဖြင့် အတော်လေး အားထုတ် လျှောက်လှမ်းရ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းအနေဖြင့် ဤနေရာမှ ကုန်သွယ်နိုင်ရန်အတွက် ဒုက္ခကြီးစွာ ခံခဲ့ရပေလိမ့်မည်။
တစ်နေရာတွင် ဆယ်ကိုက်ကျော်မြင့်သော အနက်ရောင် ကျောက်ပြားတစ်ချပ် စိုက်ထူထားသည်ကို တွေ့ရ၏။ အတန်ကြာသွားပြီး နောက်တစ်နေရာတွင်လည်း ပုံစံတူ ကျောက်ပြားတစ်ချပ် စိုက်ထူထားပြန်သည်။ ချင်မူ အနီးကပ် သွားကြည့်လိုက်သောအခါ ထိုကျောက်ပြားများပေါ်တွင် မှော်သင်္ကေတများ ရေးထွင်းထားသည်ကို တွေ့ရ၏။ “ဒါ ငါတို့နတ်ဂိုဏ်းက မိစ္ဆာနှိမ် မှော်သင်္ကေတတွေပဲ… လင်းအာ၊ သွားမထိနဲ့… မှော်အစီအရင် အသက်ဝင်လာရင် အထဲကို ဆွဲစုပ်ခံရလိမ့်မယ်…”
ဟူလင်းအာ အလန့်တကြား ထခုန်လိုက်မိသည်။
“အထီးကျန်တောင်ကြားမှာ မိစ္ဆာနှိမ်ကျောက်ပြားတွေ အတော်များတယ်… ကြည့်ရတာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဒီလမ်းဖောက်ဖို့အတွက် အတော်လေး အားထုတ်ခဲ့ရပုံပဲ… ကျောက်ပြားအရေအတွက်အရ ဒီနေရာမှာ မှော်မိစ္ဆာ အတော်များလိမ့်မယ်…”
လမ်းတစ်လျှောက် တွေ့ခဲ့သည့် မိစ္ဆာနှိမ် ကျောက်ပြားနက်များကို ချင်မူ ရေတွက်လာ၏။ စုစုပေါင်း လေးဆယ့်ခြောက်ပြား ရှိသည်။ ဤနေရာက လမ်းတစ်ဝက်ပင် မကျိုးသေးချေ။ ထိုကျောက်ပြားများက မှော်မိစ္ဆာတစ်ကောင်စီ ဖိနှိမ်နိုင်သည် ဆိုလျှင်ပင် စုစုပေါင်း မှော်မိစ္ဆာ လေးဆယ့်ခြောက်ကောင် ရှိနေပေပြီ။
သို့သော်လည်း မိစ္ဆာနှိမ်ကျောက်ပြားနက်များက ဆယ်ကိုက်ကျော် မြင့်မားသဖြင့် ကျောက်ပြားတစ်ပြားလျှင် မှော်မိစ္ဆာတစ်ကောင်ကျ ဖိနှိမ်ထားခြင်း မဖြစ်နိုင်ချေ။ ၎င်းတို့ ဖိနှိမ်ထားသော မှော်မိစ္ဆာအရေအတွက်က အတော်လေး များပြားပေလိမ့်မည်။
တောင်ကြားလွင်ပြင်၏ အလယ်သို့ ရောက်သောအခါ ရေကန်တစ်ကန် ရှိနေသည်ကို မြင်တွေ့ရ၏။ တောင်ကြားထဲ၌ နှင်းများ နေရာအနှံ့ကျ၍ အေးစိမ့်သည့် ရာသီဥတု ရှိသည့်တိုင် ဤနေရာတွင် ရေကန်တစ်ကန် ရှိနေသေးသဖြင့် တအံ့တဩ ဖြစ်သွားကြသည်။
ရေကန်ဘေးတွင် သစ်ခြောက်ပင်အိုကြီး တစ်ပင်လည်း ရှိ၏။ ထိုရေကန်နှင့် သစ်ပင်၏ ပတ်ပတ်လည်တွင် ရာပေါင်းများစွာသော ကျောက်ပြားနက်များ ပြည့်သိပ်ကျပ်ညှပ်အောင် ဝန်းရံစိုက်ထူထားသည်။
ချင်မူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဤမျှ များပြားသော မိစ္ဆာနှိမ်ကျောက်ပြားနက်များက ရာပေါင်းများစွာသော မှော်မိစ္ဆာများကို ဖိနှိမ်ထားခြင်း ဖြစ်နေမည်လား။
ချင်မူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင် ဖြစ်သော်လည်း အထီးကျန်တောင်ကြားလမ်းအကြောင်း များစွာ မသိသကဲ့သို့ ဤလမ်း ဖောက်လုပ်စဉ်က ကောင်းကင်နတ်ဆိုးဂိုဏ်းအနေဖြင့် မည်သည့်အရာ ကြုံတွေ့ခဲ့ရမှန်းလည်း မသိချေ။
“မှော်မိစ္ဆာတိုင်းပြည် တစ်ပြည်များ ဖြစ်နေမလား…” ချင်မူ တီးတိုးရေရွတ်လိုက်သည်။ “ဒါပေမဲ့ ဒီသစ်ပင်အိုကြီးနားမှာ ဘာလို့ ကျောက်ပြားတွေ ဒီလောက် များနေရတာလဲ… ကြည့်ရတာ မှော်မိစ္ဆာတွေ အများကြီးကို ဖိနှိမ်ထားတာနဲ့ မတူဘဲ ဒီသစ်ပင်နဲ့ ရေကန်ကို ဖိနှိမ်ထားသလိုပဲ…”
ထိုအခိုက် ရေကန်ထဲမှ အော်ဟစ် အကူအညီတောင်းသံတစ်သံကို ရုတ်တရက် ကြားလိုက်မိ၏။ နဂါးချီလင်၏ အရပ်က မြင့်မားသည့်အတွက် ကျောက်ပြားနက်များကို ကျော်၍ ကြည့်လိုက်သည်။ တစ်ချက်ကြည့်ပြီးသည်နှင့် သူက လေးလေးဖင့်ဖင့် ပြောလိုက်၏။ “မိန်းမတစ်ယောက် ရေချိုးနေတာပါ…”
“ကယ်ကြပါဦး၊ ကယ်ကြပါဦး…” အော်သံက ထပ်၍ ထွက်ပေါ်လာသည်။
ဟူလင်းအာက နဂါးချီလင်၏ ခေါင်းပေါ်သို့ ကမန်းကတန်း ပြေးတက်၍ ရေကန်ထဲသို့ ကြည့်ပြီး ဒေါသတကြီး ပြောလိုက်၏။ “ဖက်တီးနဂါး၊ အဲဒါ ရေချိုးတာလား… ရေနစ်နေတာ အသိသာကြီးကို…”
“ရေချိုးနေတာပါ…” နဂါးချီလင်က ခပ်အေးအေး ပြောလိုက်သည်။ “ဘာအဝတ်မှ ဝတ်မထားဘူးလေ၊ အဲဒါ ရေချိုးနေတာ မဟုတ်လို့ ဘာဖြစ်ရမှာလဲ… ကိုယ်လုံးတီးနဲ့ ရေနစ်တဲ့သူ ဘယ်သူများ မြင်ဖူးလို့လဲ…”
“ကိုယ်လုံးတီး ဟုတ်လား…”
တုထျန်းမိစ္ဆာဘုရင်က အံ့ဩဝမ်းသာသွားပြီး နဂါးချီလင်၏ ခေါင်းပေါ်သို့ အပြေးအလွှားတက်၍ ရေကန်ထဲသို့ လှမ်းကြည့်လိုက်၏။ ရေကန်ထဲတွင် အမှန်တကယ်ပင် အမျိုးသမီးတစ်ဦး ရေနစ်နေပြီး စွဲမက်ဖွယ် ခန္ဓာကိုယ်လေးက ရေထဲ၌ လူးလွန့်လှုပ်ရှားနေသည်။ တုထျန်းမိစ္ဆာဘုရင်မှာ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို မျက်လုံးကျွတ်ကျလုမတတ် ရှုစားပြီး အားရပါးရ ရေရွတ်လိုက်၏။ “ဒီမိစ္ဆာမက အတော်လှတာပဲ… ခွေးကောင်လေး၊ လာကြည့်စမ်း…”
ချင်မူက ပြုံးလိုက်သည်။ “နောက်မှာ လိုက်လာတဲ့သူတွေ ရှိတယ်… သွားကြစို့…” စကားအဆုံးတွင် ကျောက်ပြားနက်များ ဟနေသည့်နေရာမှ ခိုးကြောင်ခိုးဝှက် တစ်ချက် လှမ်းကြည့်လိုက်၏။
“သခင်လေးက ဖြောင့်မှန်တဲ့ လူကြီးလူကောင်းပဲ…” ဟူလင်းအာက ချင်မူ့အပေါ် ယုံကြည်မှုအပြည့်နှင့် ချီးကျူးလိုက်သည်။
“အပြင်ဘက်က အရာရှိမင်းတို့၊ ကျွန်မကို ကူညီပါဦး…” ရေကန်ထဲမှ အမျိုးသမီးက သနားစဖွယ် အော်ဟစ်နေ၏။ “ဒီကျောက်ပြားတွေကို မြန်မြန် တွန်းချပြီး ကျွန်မကို ကယ်ပါ… တစ်သက်လုံး အလုပ်အကျွေး ပြုစုပါ့မယ်…”
ချင်မူတို့က ရေကန်ကို ပတ်၍ လျှောက်သွားကြသည်။ ဟူလင်းအာက ကျယ်လောင်စွာ အော်ပြောလိုက်၏။ “မိစ္ဆာမ၊ ငါ့သခင်လေးက နင်လှည့်စားတာ ခံရမှာ မဟုတ်ဘူး… သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဆိုတာ နင်သိသင့်တယ်…”
ရုတ်တရက် ထိုအမျိုးသမီး၏ အသံ တိတ်ကျသွားပြီး ကြောက်မက်ဖွယ်ရာ အသံတစ်သံ ထွက်ပေါ်လာသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင် ဟုတ်လား…”
ဝုန်း…။
ကျောက်ပြားနက်များ ဝန်းရံနေသည့် ရေကန်ထဲမှ ရေများ ကောင်းကင်ယံသို့ တဖွားဖွား လွင့်စင်တက်သွား၏။ မရေမတွက်နိုင်သော အနက်ရောင်သစ်မြစ်များက ရေဘဝဲလက်တံများကဲ့သို့ တစ်ရှိန်ထိုး ပြေးဝင်လာသည်။ ထိုသစ်မြစ်လက်တံများ၏ ထိပ်ဖျားတွင် အရွယ်ကောင်း ကိုယ်လုံးတီး မိန်းမပျိုတစ်ယောက်စီ ရှိနေ၏။ သူတို့အားလုံးက ချင်မူ့ကို လှည့်ကြည့်၍ နားကွဲလောက်သော အသံဖြင့် စူးစူးရှရှ အော်ဟစ်လိုက်သည်။
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်း… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ငါ့ကို ဒီနေရာမှာ ဖိနှိပ်ထားတာပဲ… အဲဒီ ကျောက်ပြားနက်တွေနဲ့ ငါ့ခန္ဓာ၊ ငါ့ခြေ၊ ငါ့လက်တွေကို ချုပ်နှောင်ထားတာ…”
ဘုန်း… ဘုန်း…။
အထီးကျန်တောင်ကြားတွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ရုန်းထ၍ အချုပ်အနှောင်များကို ချိုးဖျက်ရန် ကြိုးစားလာသဖြင့် ကျောက်ပြားနက်များ တဝုန်းဝုန်း လှုပ်ခါသွား၏။
ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ အထီးကျန်တောင်ကြားတွင် ကျောက်ပြားနက်များစွာ မြင်ရသည့်အခါ မရေမတွက်နိုင်သော မှော်မိစ္ဆာများကို ဖိနှိမ်ထားခြင်း ဖြစ်မည်ဟု တွေးခဲ့မိ၏။ ဤကျောက်ပြားနက်များ အားလုံးက မှော်မိစ္ဆာကြီး တစ်ကောင်တည်းကို ဖိနှိမ်ထားခြင်း ဖြစ်မည်ဟု မထင်ခဲ့မိပေ။
ကျောက်ပြားနက်များက အဆက်မပြတ် ယိမ်းထိုးလှုပ်ခါနေပြီး မြေပြင်မှ ကျွတ်ထွက်တော့မလို ဖြစ်လာသည်။ ဤအခိုက်၌ ကျောက်ပြားများပေါ်မှ မှော်သင်္ကေတများ ရုတ်တရက် လင်းလက်လာပြီး အလွန်တရာ လေးလံသည့် ကျောက်တောင်ကြီးများကဲ့သို့ ဖြစ်သွား၏။ ထို့နောက် အထီးကျန်တောင်ကြားမှ မှော်မိစ္ဆာကို မလှုပ်နိုင်အောင် ဖိချလိုက်ကြသည်။
“ငါ လက်စားပြန်ချေမယ်…” ရေကန်မျက်နှာပြင်ထက်တွင် မရေမတွက်နိုင်သော အမျိုးသမီးများ၏ မျက်နှာများ ရှုံ့မဲ့သွားပြီး မကျေမချမ်း အော်ဟစ်လိုက်၏။ “နင်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက လူတွေအကုန်လုံး တစ်ယောက်မကျန် သတ်ပစ်မယ်…”
ရေကန်ပတ်လည်မှ ကျောက်ပြားနက်များ လင်းလက်လာပြီး မှော်သင်္ကေတများ၏ အလင်းရောင်က သစ်ခြောက်ပင်ကြီးပေါ်သို့ ကျရောက်သွားသည်။ ရေကန်ထက်မှ လက်တံများမှာ ထူးဆန်းသော အားအင်တစ်ခု၏ ဆွဲယူခြင်းခံရသကဲ့သို့ နောက်သို့ ဆုတ်သွားပြီး လက်တံထိပ်ဖျားမှ အမျိုးသမီးများက စူးစူးရှရှ အော်ဟစ်လိုက်၏။ လက်လှမ်းမီရာ ဆွဲကိုင်လိုက်ကြသော်လည်း မည်သည်ကိုမျှ ဆွဲကိုင်ထားနိုင်ခြင်း မရှိဘဲ ရေထဲသို့ တရွတ်တိုက်ပါသွားကြသည်။
“ဒီရေကန်က နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးသွေး ကျခဲ့တဲ့နေရာ ဖြစ်လိမ့်မယ်… အဲသွေးတွေကို ဒီသစ်ခြောက်ပင်ကြီးက စုပ်ယူခဲ့တာပဲ…” တုထျန်းမိစ္ဆာဘုရင်က ဇဝေဇဝါ မေးလိုက်၏။ “မင်းတို့ကမ္ဘာက ထူးဆန်းတဲ့အရာတွေ ဘာလို့ ဒီလောက်များရတာလဲ…”
ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်နေတဲ့နေရာမှာ ဒီထက် ပိုထူးဆန်းတာတွေ ရှိတယ်… မြန်မြန်သွားကြစို့၊ အဲဒါမှ ညမရောက်ခင် အထီးကျန်တောင်ကြားက ထွက်ပြီး ဘေးကင်းတဲ့နေရာ ရှာနိုင်မှာ…”
“နှမြောစရာပဲ…” တုထျန်းမိစ္ဆာဘုရင်က နှုတ်ခမ်းများကို သပ်ရင်း ပြောလိုက်၏။ “ဒီမိစ္ဆာမက အတော်လှတာ… ငါတို့ တုထျန်းက မိန်းမတွေထက်ကို အများကြီး ပိုလှတယ်…”
ဤအခိုက်၌ လုံကျောင်းနန်နှင့် ချိုးယွဲ့တို့က ကျောင်းတော်သားလန်ယွီ၊ ပန်ချီကိုယ်တော်၊ ယွမ်ရှန်တို့နှင့် ဆုံမိပြီး ချင်မူ၏ ခြေရာလက်ရာကို လိုက်လံရှာဖွေနေကြသည်။ ရုတ်တရက် အထီးကျန်တောင်ကြားဆီမှ တသိမ့်သိမ့် တုန်သွားသည်ကို သတိပြုမိပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။
ကျောင်းတော်သားလန်ယွီက လွှတ်ခနဲ အော်လိုက်မိသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က နတ်သက်ကြွေတောင်ကြောထဲ ဝင်သွားတာလား… ဆန်းကြယ်ပုလဲဒူးလေးတွေ အပစ်ခံရမှာ မကြောက်ဘူးထင်တယ်…”
ချိုးယွီက လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ မရေမတွက်နိုင်သော ပိုးကောင်များ အထီးကျန်တောင်ကြား ရှိရာဘက်သို့ ပျံသန်းသွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဉာဏ်များတယ်… နတ်သက်ကြွေတောင်ကြောထဲ ဝင်သွားရင်တောင် အသက်ရှင်အောင် နေနိုင်မဲ့ နည်းလမ်းရှိလို့ပဲ ဖြစ်ရမယ်… ကျွန်မရဲ့ ပိုးကောင်တွေက လမ်းပြလိမ့်မယ်… နောက်က လိုက်သွားကြစို့…”
သူတို့အားလုံး အထီးကျန်တောင်ကြားလမ်းသို့ ပျံသန်းသွားသော ပိုးကောင်အုပ်နောက်မှ အပြေးအလွှား လိုက်သွားကြ၏။ ရေကန်ဘေးသို့ ရောက်လာသောအခါ မှော်မိစ္ဆာအငွေ့အသက်များ အုံ့ဆိုင်းနေသည်ကို တွေ့ရပြီး အဆက်မပြတ် အော်ဟစ်သံများ ကြားလိုက်ကြရသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ နင့်ကို ငါ သတ်မယ်… နင်တို့အားလုံးကို သတ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို မြေလှန်ပစ်မယ်…”
သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြ၏။ ပန်ချီကိုယ်တော်က ချောင်းတစ်ချက် ဟန့်၍ အော်ဟစ်မေးမြန်းလိုက်သည်။ “မိစ္ဆာမ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ ဘာရန်ငြှိုးတွေများ ရှိတာလဲ…”
ငယ်ရွယ်နုပျိုသည့် မိန်းမငယ်တစ်ဦးက ကန်ရေပြင်ထက်တွင် ကိုယ်လုံးတီး ထွက်ပေါ်လာပြီး သနားစဖွယ် ငိုကြွေးလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက ကျွန်မကို ဒီနေရာမှာ ချုပ်နှောင်ထားတာ နှစ်ပေါင်း ရာချီပြီ… သူတို့နဲ့ ကျွန်မရဲ့ ရန်ငြှိုးက သမုဒ္ဒရာလောက် နက်ရှိုင်းတယ်… တစ်မိုးအောက်မှာ အတူတူ နေနိုင်စရာ မရှိဘူး… ကိုယ်တော်သာ ကျွန်မကို ကယ်ဆယ်ခဲ့ရင် တစ်သက်လုံး အလုပ်အကျွေး ပြုစုပါ့မယ်…”
ပန်ချီကိုယ်တော်က ပြုံးလိုက်သည်။ “ကိုယ်တော်က ရဟန်းတစ်ပါးပါ၊ ဒကာမလေးအနေနဲ့ ကိုယ်တော့်ကို အလုပ်အကျွေးပြုစရာ မလိုဘူး… ဗုဒ္ဓဘာသာအဖြစ် ခံယူပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သုတ်သင်ရှင်းလင်းတဲ့နေရာမှာ ကူညီမယ်ဆိုရင် ဒကာမလေးကို ကိုယ်တော် ကယ်ဆယ်ပါ့မယ်…”
“တပည့်တော် ဗုဒ္ဓအရိပ်အောက်မှာ ခိုလှုံပါ့မယ်…” မိန်းမငယ်က ဝမ်းပန်းတသာ ပြောဆိုလိုက်၏။
ကျောင်းတော်သားလန်ယွီ၊ ယွမ်ရှန်၊ ယွီအာနှင့် ကျန်သူများက မျက်မှောင်ကြုတ်၍ တားဆီးရန် ပြင်လိုက်သော်လည်း ပန်ချီကိုယ်တော်က ကျောက်ပြားနက်တစ်ပြားကို ဆွဲထုတ်၍ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ “မိတ်ဆွေတို့၊ ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်း ချုပ်နှောင်ထားတဲ့ မှော်မိစ္ဆာပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဂိုဏ်းဆိုတော့ သူတို့ ချုပ်နှောင်ထားတဲ့ မိစ္ဆာက ကောင်းတဲ့ မှော်မိစ္ဆာပဲ ဖြစ်လိမ့်မယ်… ကိုယ်တော့်ကို ဝိုင်းကူပြီး ဒီမိစ္ဆာနှိမ်ကျောက်ပြားတွေ ဆွဲထုတ်ပေးကြဦး…”
ကျန်သူအားလုံးမှာ မတတ်သာဘဲ ကျောက်ပြားများ ဝိုင်းဆွဲထုတ်ပေးကြရတော့၏။
ဘုန်း…။
တောင်ကြောတစ်ခုလုံး လှုပ်ခါသွားပြီး သစ်မြစ်များ ထပ်မံ၍ ထကြွလာသည်။ သစ်ခြောက်ပင်ကြီး၏ အောက်တွင် ကြီးမားသော အနက်ရောင် အလုံးကြီးတစ်လုံး အဆက်မပြတ် ဖောင်းကားကြီးထွားလာ၏။ အနက်ရောင်သစ်မြစ်များက မြွေကြီးများ၊ နဂါးကြီးများကဲ့သို့ တွန့်လိမ်ယမ်းခါနေပြီး ထိုသစ်မြစ်များကြား၌ မရေမတွက်နိုင်သော အရိုးဖြူဖြူများ ပေါ်ထွက်လာသည်။
ပန်ချီကိုယ်တော်မှာ သစ်မြစ်များအောက်မှ အရိုးဖြူဖြူများကို မြင်သောအခါ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း ချုပ်နှောင်ထားသည့် ဤမိစ္ဆာက သူတို့နှင့် တစ်လမ်းတည်း မဟုတ်။ တစ်လမ်းတည်း မဟုတ်သည့်အပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းထက်ပင် ပို၍ ဆိုးသွမ်းရက်စက်သော မှော်မိစ္ဆာကြီး ဖြစ်နေသည်။
“မြန်မြန်ပြေး…” လုံကျောင်းနန်က အသံကုန် အော်ဟစ်လိုက်၏။
အားလုံးက မဟာမြို့ဘက်ရှိရာဘက်သို့ တစ်ဟုန်ထိုး ပြေးလွှားသွားကြသည်။
“လွတ်ပြီ… နောက်ဆုံးတော့ ငါ လွတ်ပြီ…”
သူတို့၏ နောက်ဘက်တွင်တော့ အတောမသတ်သည့် မြည်ကြွေးသံများ ကြားနေရပြီး အနက်ရောင် ကျောက်ပြားများလည်း တဝုန်းဝုန်း လှုပ်ခါ၍ မြေပေါ်သို့ ပြိုလဲသွားကြ၏။ ကြီးမားတုတ်ခိုင်သော လက်တံကြီးများက မြေကြီးထဲမှ ထိုးထွက်လာပြီး အဆက်မပြတ် လှုပ်ယမ်းနေသည်။ “ကောင်ကင်နတ်ဆိုးဂိုဏ်းက ငါ့ကို လူသားစားတာ များလွန်းနေပြီ ဆိုပြီး ဒီနေရာမှာ ချုပ်နှောင်ထားတာ… ကျေးဇူးတင်တယ်၊ ကျေးဇူးတင်တယ် ကိုယ်တော်လေး… နောက်ဆုံးတော့ ငါ လူသားပြန်စားလို့ ရပြီ…”