← Chapters

အိမ်ပြန်ချင်တယ်

Vol. 17 Ch. 228

အိမ်ပြန်ချင်တယ်

Vol. 17 Ch. 228

ပန်ချီကိုယ်တော် ခေါင်းကျိန်းသွားသည်။ မြေပြင်တစ်ခုလုံးက ပြင်းထန်စွာ လှုပ်ယမ်း၍ သူတို့ ပြေးရာ လမ်းတစ်လျှာက်တွင် ကျောက်တုံးကျောက်ခဲများ လွင့်ပျံနေ၏။ ထိုကျောက်တုံးကျောက်ခဲများကြားမှ နက်မှောင်သော လက်တံကြီးများ ထိုးထွက်လာသည်။ ထိုလက်တံကြီးများက အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာ၏ အမြစ်များ ဖြစ်၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာနှိမ်ကျောက်ပြားနက်အချို့ကို အသုံးပြု၍ ၎င်း၏ အမြစ်များကို ဖိနှိမ်ထားပြီး ရေကန်နှင့် သစ်ခြောက်ပင်တစ်ဝိုက်တွင်တော့ ကျောက်ပြားနက်များစွာ အသုံးပြု၍ ဦးခေါင်းကို ချုပ်နှောင်ထားသည်။

ယခု ဦးခေါင်းပိုင်း၌ ဖိနှိမ်ချုပ်နှောင်ထားသော ကျောက်ပြားနက်များကို ပန်ချီကိုယ်တော်တို့ ဖယ်ရှားပေးလိုက်ပြီဖြစ်သဖြင့် ဤသစ်မြစ်မိစ္ဆာမှာ စွမ်းအားပြန်ရသွားပြီး တဝုန်းဝုန်းလှုပ်ခါအောင် ရုန်းထွက်တော့၏။

အမြစ်များကို ဖိနှိမ်ထားသော ကျောက်ပြားနက်များမှာ တစ်ခုပြီးတစ်ခု လွင့်ထွက်၍ မှုန့်မှုန့်ညက် ကြေသွားသည်။

“သစ်မြစ်မိစ္ဆာတစ်ကောင်က ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ…” ပန်ချီကိုယ်တော် အော်ဟစ်ရေရွတ်လိုက်မိ၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေကို ဒုက္ခပေးဖို့ ဒီသစ်မြစ်မိစ္ဆာကို တမင် မွေးထားတာလား…”

ရုတ်တရက် တုတ်ခိုင်သော သစ်မြစ်များက သူတို့ရှေ့သို့ ရောက်ရှိလာသည်။ သစ်မြစ်တိုင်း၏ ထိပ်ဖျား၌ မိန်းမလှ တစ်ယောက်စီ ရှိနေ၏။ “သွားကြတော့မလို့လား… ငါ့ကို ကယ်တင်ခဲ့တာအတွက်တောင် ပြန်မပေးဆပ်ရသေးဘူးလေ… မင်းတို့အားလုံး ဒီမှာ နေခဲ့ပြီး ငါနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းလိုက်ကြစို့…”

ချိုးယွဲ့က အင်္ကျီလက်အိုးကို ယမ်းခါလိုက်ရာ မရေမတွက်နိုင်သော အဆိပ်ပိုးကောင်များ ပျံသန်းထွက်ပေါ်လာပြီး သစ်မြစ်များထံ တိုးဝင်သွားသည်။ ပိုးကောင်များက လေထဲတွင် ကြီးထွား၍ သုံးကိုက်ခန့်အရွယ်ထိ ရောက်လာပြီး သစ်မြစ်များကို ဝိုင်းအုံကိုက်ခဲလိုက်ကြ၏။ သို့သော်လည်း ဤပိုးကောင်များ၏ လွှသွားကဲ့သို့ ချွန်ထက်သော သွားများသာ မွမွကြေသွားသည်။ သစ်မြစ်များက အရာပင် မထင်ချေ။

ချိုးယွဲ့မှာ အလန့်တကြား ထခုန်လိုက်မိ၏။ ထိုအခိုက်၌ သစ်မြစ်များထိပ်၌ တွဲလောင်းခိုနေသော အမျိုးသမီးများ၏ ချက်မှ သစ်မြစ်သေးသေးလေးများ ထွက်ပေါ်လာပြီး အဆိပ်ပိုးကောင်များကို ထိုးစိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ အဆိပ်ပိုးကောင်များအားလုံး အခွံချည်း ကျန်၍ အသွေးအသားများ ခန်းခြောက်သွား၏။

“ငါမွေးထားတဲ့ အဆိပ်ပိုးကောင်တွေက ဝိညာဉ်လက်နက်ကိုတောင် ကိုက်ဖြတ်နိုင်တာ… ဒီအမြစ်တွေက အဲထက် ပိုမာတာလား…” ချိုးယွဲ့ လွှတ်ခနဲ အော်ပြောလိုက်မိသည်။

သူတို့၏ နောက်ဘက်တွင် သစ်မြစ်တစ်ခု ပေါ်ထွက်လာသဖြင့် ယွမ်ရှန်က လေထဲသို့ ခုန်တက်ရင်း ဓားစက်လုံးတစ်လုံး ထုတ်ယူလိုက်၏။ ထို့နောက် သစ်မြစ်မိစ္ဆာအမျိုးသမီးကို ဓားဖြင့် ထိုးစိုက်မွှေ့ယမ်းပြီး ခေါင်းဖြတ်ပစ်လိုက်သည်။

အမျိုးသမီး၏ ဦးခေါင်းက မြေပြင်ပေါ်သို့ လိမ့်ဆင်းပြီး တမုဟုတ်ချင်း ခြောက်သွေ့ကာ မီးသွေးတုံးကဲ့သို့ ဖြစ်သွား၏။ ထိုအခိုက်၌ သစ်မြစ်ထိပ်ဖျားမှ ခေါင်းပြတ်အမျိုးသမီးမှာ နောက်ထပ် ဦးခေါင်းတစ်လုံး ပြန်ပေါက်လာသည်။

ယွမ်ရှန်မှာ အံ့အားသင့်သွားပြီး ထိုသစ်မြစ်ကို နှစ်ပိုင်းဖြတ်ရန် ပြင်လိုက်စဉ် အခြားသစ်မြစ်တစ်ခု နောက်ဘက်မှ ပေါ်လာပြီး သူ့ကို လျှပ်ပြက်သကဲ့သို့ ထိုးစိုက်လိုက်၏။

ဓားစက်လုံးကို ကမန်းကတန်း ပစ်လွှတ်၍ ထိုသစ်မြစ်ကို ခုတ်ပိုင်းရန် ပြင်လိုက်သော်လည်း ယွမ်ရှန်၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ခါသွားသည်။ သူ၏ အသွေးအသားများ တစ်မုဟုတ်ချင်း ခန်းခြောက်၍ အရေခွံသာ ကျန်ရစ်ခဲ့၏။

အခြားသူများက သူ့ကို ကယ်ရန် ပြင်လိုက်ကြသော်လည်း အခြေအနေကို မြင်တွေ့သည့်အခါ တောင်ကြားအပြင်ဘက်သို့သာ ခြေကုန်သုတ်ပြေးတော့သည်။ သူတို့၏ နောက်ဘက်တွင် မရေမတွက်နိုင်သော အနက်ရောင်လက်တံကြီးများ ဝှေ့ယမ်းလှုပ်ခါ၍ ဘေးနှစ်ဖက်ရှိ တောင်နံရံသို့ ထိုးစိုက်ပြီး သစ်မြစ်မိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်သို့ ရောက်အောင် ဆွဲထုတ်နေ၏။

ဤသစ်မြစ်မိစ္ဆာ၏ ခန္ဓာကိုယ်က ချည်လုံးကဲ့သို့ သတ္တဝါကြီးဖြစ်ပြီး မြောက်မြားစွာသော သစ်မြစ်များ တွဲလျားကျနေသည်။ ၎င်းလှုပ်ရှားမှုက ပြင်းထန်လှသဖြင့် တောင်နံရံနှစ်ဖက်ရှိ ဆန်းကြယ်ပုလဲဒူးလေးများ အသက်ဝင်လာ၏။ ဆန်းကြယ်ပုလဲဒူးလေးများက ဤမိစ္ဆာ၏ အသက်ဓာတ်ကို အာရုံခံမိသွားပြီး အလိုအလျောက် ပစ်ခတ်တော့သည်။ ကြီးမားလှသော မြားတံကြီးနှစ်ချောင်းက ကောင်းကင်ယံမှ ထိုးစိုက်ကျဆင်းလာပြီး အနက်ရောင်အလုံးကြီးကဲ့သို့ ဖြစ်နေသည့် အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာကို ထိမှန်သွား၏။

သစ်မြစ်မိစ္ဆာက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး မရေမတွက်နိုင်သော အသံစူးစူးများ ပဲ့တင်ထပ်၍ ဘေးဘက်ရှိ တောင်နံရံများ ပြိုကျလာသည်။

လုံကျောင်းနန်တို့မှာ လက်တံကြီးများ၏ ဖမ်းဆီးခြင်းခံရတော့မည့်ဆဲဆဲတွင် ကံကောင်းထောက်မ၍ ဆန်းကြယ်ပုလဲဒူးလေးများ စတင် ပစ်ခတ်လာသဖြင့် သစ်မြစ်မိစ္ဆာက နာကျင်စွာ အော်ညည်းဆုတ်ခွာသွား၏။

“ဒီဆန်းကြယ်ပုလဲဒူးလေးတွေက ကောင်းကင်နတ်အသွင် အဆင့်တွေကိုတောင် အသေသတ်နိုင်တယ်… ဒီမိစ္ဆာကိုလည်း သေအောင် သတ်နိုင်မှာပါ…”

အားလုံးသက်ပြင်းချလိုက်စဉ် အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာက လက်တံရှည်ကြီးများ ဝှေ့ယမ်း၍ တောင်ပေါ်ရှိ ဆန်းကြယ်ပုလဲဒူးလေးများကို ရိုက်ချက်လိုက်သည်။ ဘုန်းခနဲ အသံကြီးနှင့်အတူ ဒူးလေးတစ်လက် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ကြေးဝါလက်ကြီးတစ်ဖက် တောင်ပေါ်မှ လိမ့်ဆင်းကျလာ၏။

ထို့နောက်တွင် အခြားဘက်ခြမ်းရှိ တောင်ပေါ်မှ ဆန်းကြယ်ပုလဲဒူးလေးမှာလည်း ပျက်စီးသွားသည်။

လုံကျောင်းနန်တို့၏ မျက်နှာများ ဖြူဖျော့သွား၏။ သူတို့အားလုံး လုံကျောင်းနန်၏ မြွေနီကြီးပေါ်သို့ ကမန်းကတန်း ခုန်တက်၍ အသည်းအသန် ပြေးလွှားရပြန်သည်။ အထီးကျန်တောင်ကြား အပြင်ဘက်သို့ ရောက်သောအခါမှ နောက်ပြန်လှည့်ကြည့်မိ၏။ မရေမတွက်နိုင်သော သစ်မြစ်ကြီးများက အနက်ရောင် စပါးအုံးမြွေကြီးများကဲ့သို့ သူတို့ထံ တလိမ့်လိမ့် လှမ်းလာနေပြီး တောင်ကြားထဲမှ အုန်းခနဲ အသံကြီးတစ်သံ ကြားရသည်။

ဤသစ်မြစ်မိစ္ဆာက လွန်စွာ ကြီးမားလေးလံလှသည့်အတွက် လေပေါ်သို့ ပျံသန်းနိုင်ခြင်း မရှိချေ။ လက်တံများဖြင့် တောင်နံရံကို ထောက်၍ ရှေ့သို့ တစ်ချက်ချင်း တွန်းရွှေ့လာနေရ၏။

ထိုသို့ တစ်ချက်ရှေ့ရောက်လာတိုင်း ဘေးနှစ်ဖက်ရှိ တောင်နံရံများကို တဝုန်းဝုန်း တုန်ခါအောင် တိုက်ချသွားသည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းက တကယ့်ကို မကောင်းမှုဒုစရိုက်တွေ ကျူးလွန်တာပဲ၊ ဒီလို မှော်မိစ္ဆာကြီး မွေးထားပြီး လူတွေကို ဒုက္ခပေးနေတယ်…” ပန်ချီကိုယ်တော်မှာ ဒေါသဖြစ်၍လော၊ ကြောက်ရွံ့၍လောမသိ တဆတ်ဆတ် တုန်ရီနေပြီး အံကြိတ်ကာ ပြောလိုက်၏။ “မှော်မိစ္ဆာတစ်ကောင်ကို ဒီလိုအဆင့်ထိ ရောက်အောင် လူတွေ ဘယ်လောက်များ သတ်ခဲ့ကြလဲ မသိဘူး… ငါ့စွမ်းအားက ဒီမိစ္ဆာကို နှိမ်နင်းနိုင်လောက်အောင် မမြင့်မားတာပဲ မုန်းမိတယ်…”

ပန်ချီကိုယ်တော်မှာ ဤသစ်မြစ်မိစ္ဆာကို လွှတ်လိုက်မိသည့်အတွက် သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားရပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းအပေါ် လွှဲချနေကြောင်း အားလုံး သိကြသည်။ သို့သော်လည်း ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ တစ်ယောက်ပြီး တစ်ယောက် နှစ်သိမ့်ပြောဆိုလိုက်၏။ “ကံကောင်းတာက ဒီမိစ္ဆာကို မဟာမြို့ပျက်ဘက် မျှားခေါ်လာနိုင်လိုက်တာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က လူတွေ ဘေးကင်းသွားတာပေါ့…”

“မဟာမြို့ပျက်ကလူတွေ အကုန်လုံးက စွန့်ပစ်ခံလူတွေနဲ့ သွားစရာမရှိတဲ့ လူဆိုးတွေ… ဒီမိစ္ဆာကြီး မဟာမြို့ပျက်မှာ သောင်းကျန်းဖျက်ဆီးအောင် လုပ်လိုက်တာလည်း မိစ္ဆာနှိမ်နင်းပြီး တာအိုကာကွယ်စောင့်ရှောက်တာနဲ့ အတူတူပါပဲ…”

ပန်ချီကိုယ်တော်၏ အမူအရာ ပျော့ပျောင်းသွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဒီမိစ္ဆာရဲ့ စွမ်းအားကို အသုံးချပြီး ငါတို့ကို အန္တရာယ်ပေးဖို့ ဒီတောင်ကြားလမ်းထဲ မျှားခေါ်တာ ဖြစ်မယ်… ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကြောင့်သာ ငါတို့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တာ…”

ထိုသို့ ပြောနေစဉ်တွင်ပင် သစ်မြစ်မိစ္ဆာကြီးက အထီးကျန်တောင်ကြားမှ တိုးထွက်၍ တောင်စောင်းအတိုင်း လိမ့်ဆင်းလာ၏။ သူ၏ လက်တံများကတော့ ယိမ်းထိုးလှုပ်ယမ်းနေသည်။

သူတို့အားလုံး လေပေါ် ပျံတက်လိုက်ကြ၏။ ကျောင်းတော်သားလန်ယွီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဒီမိစ္ဆာက လေပေါ်မပျံနိုင်ပါဘူး… အားလုံး စိတ်အေးအေး ထားကြပါ…”

အခိုက်၌ ငှက်အော်သံတစ်သံ ထွက်ပေါ်၍ ကျောင်းတော်သား၏ မျက်နှာသို့ လေပြင်းများ ရိုက်ခတ်လာ၏။ ရွှေရောင်အတောင်ပံနှင့် ငှက်ကြီးတစ်ကောင်က သူ့ထံသို့ လျှပ်ပြက်သလို ပျံသန်းရောက်ရှိလာပြီး လက်သည်းများဖြင့် ကုပ်ဆွဲချီမသွားသည်။

ကျောင်းတော်သားလန်ယွီမှာ ပခုံးတစ်ပြင်လုံး စူးအောင့်နာကျင်သွား၏။ ငှက်ကြီး၏ လက်သည်းများက သူ့လက်ပြင်ရိုး နှစ်ဖက်စလုံးတွင် ဖောက်ဝင်နေသည်။ ကောင်းကင်နတ်သိုင်း ထုတ်သုံး၍ လွတ်မြောက်အောင် ရုန်းကန်တော့မည် ပြင်လိုက်စဉ် ရွှေတောင်ပံငှက်ကြီးက ခေါင်းငုံ့၍ နှုတ်သီးဖြင့် ဆိတ်လိုက်၏။ သူ့ဦးခေါင်းခွံတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ငှက်ကြီးက ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကို ချီယူ၍ တောနက်ပိုင်းအတွင်းသို့ ပျံသန်းသွားတော့၏။

ဤနေရာက မဟာမြို့ပျက် နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေချေပြီ။ မဟာမြို့ပျက်ဆိုသည်မှာ အထိန်းအကွပ် မရှိသည့် တောရိုင်းနယ်ပယ်တစ်ခု မဟုတ်ပါလား။

ဤနေရာရှိ ဆန်းကြယ်သားရဲများက နာမည်ကျော်သိုင်းဂိုဏ်းမှ တပည့်သားမြေး ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ၎င်းတို့၏ မျက်လုံးထဲ၌ အစာနှင့် အစာမဟုတ်သောအရာဟူ၍ နှစ်မျိုးသာ ရှိ၏။

ချိုးယွဲ့က စိုးရိမ်တကြီး သတိပေးလိုက်သည်။ “ကောင်းကင်မှာ မပျံနဲ့… မြေကြီးပေါ်ဆင်း…”

သူတို့အားလုံး မြေပေါ်သို့ ကမန်းကတန်း ဆင်းလိုက်ကြသည်။ သူတို့၏ နောက်တွင်တော့ အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာက လိုက်လာနေဆဲ ရှိ၏။ အသက်လုပြေးနေရင်း ရေကန်တစ်ကန်အနီးမှ အဖြတ်တွင် ငါးကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ထဲမှ တစ်ယောက်ကို ကိုက်၍ ရေထဲသို့ ဆွဲခေါ်သွားသည်။

အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာက နောက်မှ လိုက်ပါလာပြီး မရေမတွက်နိုင်သော သစ်မြစ်များဖြင့် ရေကန်အတွင်းသို့ ထိုးစိုက်လိုက်၏။ ရေကန်ထဲမှ ငါးကြီးမှာ တစ်မုဟုတ်ချင်း ခုတ်ထွက်လာပြီး ချိုးယွဲ့တို့နောက်မှ ပြေးလိုက်လာသည်။ ထိုငါးကြီးက လေပေါ်ပျံနေသကဲ့သို့ တစ်လှစ်လှစ် ပြေးလွှားနိုင်ပြီး အားလုံးကို ကျော်၍ ရှေ့ဆုံးသို့ ရောက်သွား၏။

အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာ၏ လက်မှ လွတ်အောင် ပြေးလွှားရင်း ဆယ်မိုင်ကျော်ခန့် ရောက်လာသောအခါ ရှေ့တွင် သစ်ပင်များ အမြစ်ကျွတ်ထွက်နေသည်ကို မြင်လိုက်ရ၏။

“မိစ္ဆာဘုရင်ကြီး၊ မဟာမြို့ပျက်က သိပ်အန္တရာယ်များတယ်… အကြောင်းထူးမရှိဘဲ လေပေါ်မှာ မပျံနဲ့…”

ခပ်လှမ်းလှမ်းတစ်နေရာတွင်…။ ချင်မူက နဂါးချီလင်၏ ကျောပေါ်၌ သက်သောင့်သက်သာ ထိုင်နေသည်။ “မဟာမြို့ပျက်မှာလည်း သူ့စည်းမျဉ်းနဲ့သူ ရှိတယ်… လေထဲမှာ ပျံချင်ရင် ပျံနိုင်ပေမဲ့ ခပ်နိမ့်နိမ့်ပဲ ပျံရမယ်၊ တခြားသတ္တဝါတွေ အာရုံကျစရာ ဖြစ်အောင် မနေရဘူး… ကိုယ့်ကိုယ်ကိုယ် အစွမ်းအစရှိတယ်လို့ ထင်ရင် နည်းနည်း ပိုမြင့်မြင့် ပျံနိုင်တယ်… ဒါပေမဲ့ နယ်မြေအပိုင်စား ဆန်းကြယ်သားရဲကြီးတွေ မျက်စိနောက်သွားရင်တော့ ရန်ရှာသတ်ဖြတ်တာ ခံရမှာပဲ…”

တုထျန်းမိစ္ဆာဘုရင်က သရော်တော်တော် ပြုံးလိုက်၏။ “တောရိုင်းဥပဒေပဲ မဟုတ်လား၊ အားကြီးတဲ့သူက အနိုင်ပေါ့… ဒီစည်းမျဉ်းကို ငါ နားလည်ပါတယ်… ငါတို့ တုထျန်းပြည်မှာလဲ ဒီစည်းမျဉ်းအတိုင်းပဲ…”

“ပြီးတော့ မှောင်လာရင် အပြင်မထွက်နဲ့…” ချင်မူက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ “နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေရဲ့ စွမ်းရည်မျိုး မရှိရင် အမှောင်ထုထဲကို လုံးဝမဝင်နဲ့… ဝင်မိရင် သေလမ်းပဲ ရှိတယ်…”

တုထျန်းမိစ္ဆာဘုရင်က ဟက်ခနဲ ရယ်မောလိုက်၏။ “မှောင်တာများ ဘာကြောက်စရာ ရှိလို့လဲ… ငါတို့ တုထျန်းပြည်မှာဆို အကုန်လုံး အမှောင်အတိနီးပါး ဖြစ်တဲ့အထိ ပျက်စီးယိုယွင်းနေတာ… အလင်းရောင်ရတဲ့ နေရာက နည်းနည်းပဲ ရှိတော့တယ်… အမှောင်ထုထဲမှာဆိုရင် ငါတို့က ရေထဲရောက်သွားတဲ့ ငါးလိုပဲ… ညရောက်ရင် ဘယ်လို သွားလာလှုပ်ရှားရတယ်ဆိုတာ ငါ ပြပါ့မယ်…”

ဟူလင်းအာမှာ စိတ်ပျက်လက်ပျက် မျက်လုံးလှန်လိုက်မိသည်။ ဤမြေခွေးလေး၏ မျက်လုံးထဲတွင်တော့ တုထျန်းမိစ္ဆာဘုရင်မှာ သေလူ ဖြစ်နေချေပြီ။

ချင်မူက ဆက်ပြောလိုက်၏။ “ကျုပ်တို့ မဟာမြို့ပျက်မှာ ဥပဒေမရှိဘူး၊ အဲဒါကြောင့် ဘယ်သူနဲ့ပဲ ဆုံတွေ့တွေ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်… ယဉ်ယဉ်ကျေးကျေး မဆက်ဆံဘဲ သူများကို ထိပါးမိရင် အသက်ဘယ်လို ပျောက်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး… ဥပဒေမဲ့လေလေ ချိုသာယဉ်ကျေးရလေလေပဲ… ပြီးတော့ မဟာမြို့ပျက်မှာ ကြောက်စရာကောင်းတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေ ရှိတယ်… တချို့က ချုပ်နှောင်ခံထားရတယ်… တချို့က ဖိနှိမ်ခံထားရတယ်… တချို့က ခမ်းခမ်းနားနား နေရတယ်… အဲဒါကြောင့် အကြောင်းထူးမရှိရင် လျှောက်မပြေးရဘူး…”

တုထျန်းမိစ္ဆာဘုရင်မှာ ထိတ်လန့်သွားသည်။ “ဒီကမ္ဘာမှာ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ ရှိသေးတာလား…”

“အတော်တော့ များမယ်… တချို့ကိုတော့ တွေ့ဖူးတယ်…” ချင်မူက ပြောလိုက်၏။ “မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေကိုသာ လိုက်နာနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အများကြီး ပိုအန္တရာယ်ကင်းပါတယ်… မယုံရင် လင်းအာကို မေးကြည့်…”

တုထျန်းမိစ္ဆာဘုရင်က ဟူလင်းအာကို လှမ်းကြည့်လိုက်သည်။ ဟူလင်းအာက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်ထက် အများကြီး အန္တရာယ် ပိုများတယ်… သခင်လေး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထွက်လာတဲ့ အကြောင်းရင်းက အတွေ့အကြုံ ရှာဖို့ပဲ… ကျွန်မတို့အတွက် မဟာမြို့ပျက်မှာ ဘာမှ အတွေ့အကြုံ ထပ်ရစရာ မရှိတော့ဘူး… ဒါကို ကြည့်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘယ်လောက် အန္တရာယ်များလဲ သိနိုင်မှာပေါ့…”

ရုတ်တရက် သူတို့၏ နောက်ဘက်မှ ဘုန်းခနဲ အသံကြီးထွက်ပေါ်လာသဖြင့် ချင်မူ ခေါင်းလှည့်ကြည့်လိုက်သည်။ ကောင်းကင်ယံ၌ မရေမတွက်နိုင်သော လက်တံကြီးများ ပြည့်နှက်နေသည်ကို လှမ်းမြင်ရ၏။ တောင်လုံးကြီးကဲ့သို့ ကြီးမားသော အနက်ရောင် သတ္တဝါကြီးက သူတို့ရှိရာသို့ ပြေးလာနေသည်။

“ဒီမိစ္ဆာက တကယ့်ကို သေချင်နေတာပဲ… မဟာမြို့ပျက်မှာ အဲလို ကမူးရှူးထိုး လျှောက်ပြေးနေရင် သေဖို့ပဲ ရှိတယ်…” ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ရွာလူကြီးတောင် ဒီလို အဆင်ခြင်မဲ့ မလုပ်ရဲဘူး…”

သူ့စကားမဆုံးမီပင် မြေပြင်က ပြင်းစွာ လှုပ်ခါသွားပြီး ရွှေရောင် အမွေးအမှင်များ ဖုံးလွှမ်းနေသည့် လက်ကြီးတစ်ဖက် မြေအောက်ထဲမှ ထွက်ပေါ်လာသည်။ ထိုလက်ကြီး၏ ပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ တောက်လောင်နေပြီး အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာကို ပြင်းစွာ ရိုက်ချလိုက်၏။

သစ်မြစ်မိစ္ဆာမှာ ရိုက်ထုတ်ခံလိုက်ရသော ဘောလုံးနက်တစ်လုံးကဲ့သို့ လွင့်စင်၍ ပျောက်ကွယ်သွားသည်။

အသက်လုပြေးနေသော ဆန်းကြယ်သားရဲများမှာ ခြေလှမ်းရပ်တန့်၍ နောက်ပြန်လှည့်ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့၏ နယ်မြေကိုယ်စီသို့ ပြန်သွားကြသည်။

တုထျန်းမိစ္ဆာဘုရင်မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။

ချင်မူက သူ့ကို နှစ်သိမ့်လိုက်၏။ “ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး… မဟာမြို့ပျက်က ဒီလိုပဲ… ထူးဆန်းတဲ့ဟာတွေ အများကြီး ပုန်းခိုနေတာ… ကျောင်းဆောင်တွေထဲ ဝင်ပြီးသာ နတ်ဘုရားတွေကို ပူဇော်ပသလိုက်၊ အကုန်အဆင်ပြေသွားလိမ့်မယ်… ဟိုသစ်မြစ်မိစ္ဆာက အပျက်အစီးနယ်မြေ တစ်ခုခုထဲ ဝင်မိပြီး အဲဒီက နတ်ဘုရားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်မိတာ ထင်တယ်…”

တုထျန်းမိစ္ဆာဘုရင်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အတန်ကြာမှ လေပူတစ်ချက် ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်၏။ “ဒီနေရာက သိပ်ကို အန္တရာယ်များတယ်… ငါ့တုထျန်းကို ပြန်ချင်ပြီ…”

ထို့နောက် အတုန်တုန် အလှုပ်လှုပ် အော်ဟစ်လိုက်သည်။ “မင်းတို့ရဲ့ ဒီသောက်ကမ္ဘာက ဘယ်လိုလုပ် သေမျိုးကမ္ဘာ ဖြစ်ရမှာလဲ… နေရာတိုင်းမှာ သရဲတွေ၊ မိစ္ဆာတွေချည်းပဲ… မင်းတို့ကမ္ဘာကို ငါ နောက်ထပ် မလာတော့ဘူး၊ ဟုတ်ပြီလား… ငါ့ကို လွှတ်ပေးပါတော့၊ ငါ အိမ်ပြန်ချင်ပြီ…”

ဟူလင်းအာက ဖျောင်းဖျလိုက်၏။ “မဟာမြို့ပျက်က အန္တရာယ် အဲလောက် မရှိပါဘူး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အများကြီး အန္တရာယ်ပိုကင်းတယ်… သခင်လေးနောက်ကသာလိုက်၊ ဘာမှ မဖြစ်စေရဘူး…”

All Chapters