ပဉ္စမမြောက်ခေတ်
Vol. 17 Ch. 229
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ ဇနီးမောင်နှံ ကောင်းကင်ယံရှိ ကျောက်စိမ်းမြို့တော်ငယ်သို့ ရောက်ရှိနေသည်မှာ ဆယ်ရက်ကျော် ကြာပြီ ဖြစ်၏။ ဤမြို့တော်က လူ့ဘုံလောကတွင် မြင်တွေ့ရခဲသည့် ရှုမျှော်ခင်းများနှင့် နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ပင် ထင်ရသည်။
“ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ဒီမှာနေရတာ အသားကျပါပြီလား…” ဝတ်ရုံဖြူအဘိုးကြီးတစ်ယောက် ရောက်လာပြီး ပြုံးပြုံးရယ်ရယ်နှင့် မေးမြန်းလိုက်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်က နာမည်နဲ့ လိုက်ပါပေတယ်… ဒီနေရာရဲ့ ရှုမျှော်ခင်းတွေက ထူးကဲလွန်းလို့ အိမ်ပြန်ဖို့ မေ့နေတဲ့ထိပါပဲ… ဒါပေမဲ့ ဒီနေရာက လူ့ဘုံလောကနဲ့ အလှမ်းကွာလွန်းလှပါတယ်… ကျွန်တော်ရဲ့ ရည်ရွယ်ရာက ဒီမှာ မဟုတ်တဲ့အတွက် ပြန်ရပါလိမ့်မယ်… ရသေ့ကြီးချင်းယိုအနေနဲ့ ခွင့်လွှတ်ပေးစေလိုပါတယ်…”
ရသေ့အိုကြီးချင်းယိုက ပြုံးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ အလျင်မလိုပါနဲ့ဦး… ဒီရသေ့ကြီးက ဧကရာဇ်အတိုင်ပင်ခံကို ဖိတ်ခေါ်ထားပေမဲ့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နောက်ခံသမိုင်းကို အခုထိ မပြောပြရသေးပါဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စိတ်ဝင်စားသွားသည်။ “ကြားချင်ပါသေးတယ်…”
ရသေ့ကြီးချင်းယိုက ဧကရာဇ်အတိုင်ပင်ခံတို့ ဇနီးမောင်နှံကို သက်တံတံတားတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ ဤတံတားက သက်တံရောင်ကျောက်စိမ်းမှ ထွင်းထုထားခြင်း ဖြစ်ပြီး တံတားပေါ်သို့ ရောက်လာသည့်အခါ သက်တံပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ ခံစားမိသည်။ တံတားအလယ်သို့ ရောက်သောအခါ ရှုမျှော်ခင်းများက အောက်မှမြင်ရသည်နှင့် မတူတော့ချေ။ ကျောက်စိမ်းမြို့တော်၏ တောင်တန်းများက သဘာဝဝင်္ကပါတစ်ခုသဖွယ် ဖွဲ့တည်နေပြီး တောင်ထွတ်များပေါ်တွင်တော့ မသေမျိုးနတ်ဝိဇ္ဇာတို့ နေထိုင်ရာ စံနန်းတော်များ ရှိနေသည်ကို တွေ့ရ၏။
“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နောက်ခံသမိုင်းက ဧကရာဇ်အတိုင်ပင်ခံ ထင်ထားတာထက် ပိုရှေးကျပါလိမ့်မယ်…” ရသေ့ကြီးချင်းယိုက ပြုံးလိုက်သည်။ “ဒီနေရာက ခိုင်ဧကရာဇ်ခေတ်ကတည်းက တည်ရှိခဲ့တာ…”
“ခိုင်ဧကရာဇ် ဟုတ်လား…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ခိုင်ဧကရာဇ်ဆိုသည်ကို မကြားဖူးသဖြင့် ပြန်မေးလိုက်၏။ “ခိုင်ဧကရာဇ်ခေတ်က ဘယ်တိုင်းပြည် ထွန်းကားခဲ့တဲ့ ခေတ်လဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ခိုင်ဧကရာဇ်လို့ခေါ်တဲ့ ဧကရာဇ် မရှိခဲ့ဖူးဘူး…”
“ခိုင်ဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟုတ်ဘူး… ခိုင်ဧကရာဇ်အင်ပါယာလို့ ခေါ်တဲ့ နေရာကပဲ...” ရသေ့ကြီးချင်းယိုက ပြောလိုက်သည်။ “အဲဒီနေရာကို ဧကရာဇ်အတိုင်ပင်ခံ သိမှာပါ၊ ခိုင်ဧကရာဇ်အင်ပါယာဆိုတာ လက်ရှိမဟာမြို့ပျက်နေရာပဲ...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သက်ပြင်းတစ်ချက် ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်မိ၏။ “မဟာမြို့ပျက်လား...”
ရသေ့ကြီးချင်းယိုက ရှေ့မှ ဦးဆောင်၍ နတ်ဝိဇ္ဇာတောင်ထွတ် တစ်ခုဆီသို့ ခေါ်သွားသည်။ “ခိုင်ဧကရာဇ်ခေတ်ဆိုတာ တာအိုဝါဒီတွေက ခေါ်ကြတာပေါ့... ဗုဒ္ဓဝါဒီတွေကတော့ အလုံးစုံပျက်သုဉ်းခြင်းခေတ်လို့ ခေါ်ကြတယ်... သန္ဓေတည်ခြင်း၊ ပြီးပြည့်စုံစွာ တည်ရှိခြင်း၊ စတင်ပျက်စီးခြင်း၊ အလုံးစုံပျက်သုဉ်းခြင်းဆိုတဲ့ ကမ္ဘာကပ် ကာလအပိုင်းအခြား လေးမျိုးထဲက စတုတ္ထမြောက်ကပ်ကာလကို ရည်ညွှန်းတာပဲ... အခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ စည်ပင်ဝပြောနေတာဆိုတော့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်က လက်ရှိကာလကို ထာဝရငြိမ်းချမ်းရေးခေတ်လို့ ခေါ်တယ်... ခိုင်ဧကရာဇ်ခေတ်မှာတော့ ခိုင်ဧကရာဇ်အင်ပါယာ ထွန်းကားခဲ့တာပေါ့... ခိုင်ဧကရာဇ်အင်ပါယာ မဟာမြို့ပျက်ဘဝ ရောက်စေခဲ့တဲ့ ကပ်ဘေးကိုတော့ ခိုင်ဧကရာဇ်ကပ်ဘေးလို့ ညွှန်းဆိုကြတယ်... ခိုင်ဧကရာဇ်ကပ်ဘေး မတိုင်ခင်မှာလည်း ကပ်ဘေးကြီးသုံးခု ရှိခဲ့သေးတယ်...”
ဧကရာဇ်အတိုင်ပင်ခံဇနီး၏ မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ “ရသေ့ကြီးတို့က လက်ရှိကာလကို ထာဝရငြိမ်းချမ်းရေးခေတ်လို့ သတ်မှတ်ထားတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်သုဉ်းသွားတဲ့အခါ အဲဒီအဖြစ်အပျက်ကို ထာဝရငြိမ်းချမ်းရေးကပ်ဘေးလို့ ခေါ်မယ်ထင်တယ်…”
“သခင်မက ဉာဏ်ပညာကြီးမြင့်ပါပေတယ်…” ရသေ့ကြီးချင်းယိုက ပြုံးပြုံးရယ်ရယ်နှင့် လက်ညှိုးညွှန်ပြလိုက်၏။ ထိုနေရာ၌ ကျောက်စိမ်းတောင်တစ်လုံး တည်ရှိပြီး ထိုတောင်ပေါ်တွင် တာအိုရသေ့အချို့ နန်းတော်တစ်ခု တည်ဆောက်နေသည်။ “ဟိုနေရာမှာရှိတဲ့ နန်းတော်က ထာဝရငြိမ်းချမ်းရေးခေတ်ရဲ့ သမိုင်းမှတ်တမ်းတွေ သိမ်းဆည်းဖို့ပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်သုဉ်းသွားတဲ့အခါ ထာဝရငြိမ်းချမ်းရေးကပ်ဘေး အဖြစ်အပျက်တွေကို မှတ်တမ်းတင်ပြီး နောက်လာနောက်သားတွေ ဖတ်ရှုမှတ်သားဖို့ ထားရစ်ခဲ့မှာပါ…”
ဧကရာဇ်တိုင်ပင်ခံ၏ဇနီးက မနေနိုင်ဘဲ မေးမြန်းလိုက်၏။ “ရသေ့ကြီး၊ ကျောက်စိမ်းမြို့တော်ငယ်က ဘယ်လို နေရာမျိုးလဲ… ကောင်းတဲ့နေရာလား၊ ဆိုးတဲ့နေရာလား… ကျွန်မတို့ ဇနီးမောင်နှံကို ဘာရည်ရွယ်ချက်နဲ့ ခေါ်ထားတာလဲ… ဒီနေရာမှာ ရောက်နေတာ အတော်ကြာနေပြီ၊ ရသေ့ကြီးက ကျွန်မတို့ကို စိတ်တိုင်းကျ လှည့်လည်ကြည့်ရှုခွင့်ပေးထားပေမဲ့ ဘာရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်သလဲဆိုတာကို အခုထိ မပြောရသေးဘူး… အခုအချိန်မှာ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ပြောသင့်ပြီလို့ မထင်ဘူးလား…”
“ကိုယ်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး… ဧကရာဇ်အတိုင်ပင်ခံကို စောင့်ကြည့်လေ့လာဖို့၊ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာဖို့၊ နောင်လာနောက်သားတွေအတွက် အသုံးဝင်မယ်ထင်တဲ့ အရာတွေ မှတ်တမ်းတင်ထားဖို့ပဲ ဆန္ဒရှိတာပါ…” ရသေ့ကြီးချင်းယိုက ပြုံးလိုက်သည်။ “ကိုယ်တော်တို့က လောကကြီးရဲ့ လည်ပတ်မှုကို ဝင်မရှုပ်ချင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မသေမျိုးနတ်ဝိဇ္ဇာတွေလို့ပဲ ခေါ်တယ်၊ နတ်ဘုရားတွေလို့ မခေါ်ဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မေးလိုက်၏။ “မသေမျိုးနတ်ဝိဇ္ဇာနဲ့ နတ်ဘုရားက ဘာတွေ ကွာခြားသလဲ…”
“မသေမျိုးနတ်ဝိဇ္ဇာက လူသားတွေ၊ နတ်ဘုရားက လူသားမဟုတ်တော့ဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။ “လူသားတွေအနေနဲ့ နတ်ဘုရားမဖြစ်နိုင်ဘဲ မသေမျိုးနတ်ဝိဇ္ဇာပဲ ဖြစ်နိုင်တယ်လို့ ရသေ့ကြီး ဆိုလိုချင်တာလား…”
ရသေ့ကြီးချင်းယိုက ပြုံးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်တံတားအဆင့်ထိ ကျင့်ကြံပြီးသွားပြီဆိုတော့ ကောင်းကင်တံတားပေါ်မှာ ရပ်တဲ့အခါ ဘာတွေများ တွေ့ရပါသလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြန်မဖြေဖြစ်ချေ။ ကောင်းကင်တံတားအဆင့်မှာ ကောင်းကင်တံတား ကောင်းကင်ရတနာ၏ နံရံကို ချိုးဖျက်ပြီးနောက် ရောက်ရှိသွားသည့် သတ္တမြောက် ကျင့်ကြံခြင်းအဆင့် ဖြစ်ပြီး အားလုံးထဲတွင် အမြင့်ဆုံးအဆင့်လည်း ဖြစ်သည်။
“ကောင်းကင်တံတား ကောင်းကင်ရတနာက နတ်ဘုရားအဆင့်ကို တက်လှမ်းတဲ့ တံတားတစ်စင်းပဲ… ဒါပေမဲ့ လူသားအားလုံးရဲ့ ကောင်းကင်တံတားက ပျက်စီးနေတဲ့အတွက် ဘယ်သူမှ တစ်ဘက်ကမ်းကို မတက်လှမ်းနိုင်ကြဘူး… ဧကရာဇ်အတိုင်ပင်ခံအတွက်လည်း ထူးမခြားနား ဖြစ်မယ်လို့ ထင်ပါတယ်…”
ရသေ့ကြီးချင်းယိုက ဆက်ပြောလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်က မသေမျိုးနတ်ဝိဇ္ဇာတွေလည်း ထူးမခြားနားပဲ… မရေမတွက်နိုင်တဲ့ ကောင်းကင်ရတနာတွေ တွေ့ခဲ့ဖူးတယ်… အားလုံးက ပျက်စီးနေတာချည်းပဲ… တစ်ဘက်ကမ်းကို ရောက်အောင် မသွားနိုင်ရင် နတ်ဘုရားဘဝ မရနိုင်ဘူး… ဆိုရရင် ကိုယ်တော်တို့ရဲ့ ကျင့်စဉ်စွမ်းအင်က နတ်ဘုရားတွေနဲ့ တန်းတူယှဉ်နိုင်တယ်… ပြဿနာက ရှေ့ဆက်တက်စရာ အဆင့်မရှိတော့တာပဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်သည်။ “ဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကျွန်တော် တွေ့ရှိပြီးပါပြီ… ရှေးမှတ်တမ်းတွေ အများကြီး လေ့လာခဲ့ပေမဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှာမတွေ့သေးဘူး… ကျောက်စိမ်းမြို့တော်ငယ်မှာရော ပျက်စီးနေတဲ့ ကောင်းကင်တံတားကို ပြန်ဆက်နိုင်တဲ့အကြောင်း မှတ်တမ်းတွေများ ရှိပါသလား…”
“ရှိတယ်…” ရသေ့ကြီးချင်းယိုက ကျောက်စိမ်းတောင်ထွတ်ပေါ်ရှိ နန်းတော်သို့ ခေါ်ဆောင်သွား၏။ “ဒါပေမဲ့ ကျောက်စိမ်းမြို့တော်ငယ်က နတ်ဝိဇ္ဇာတွေတောင် အဲဒီလို ပြန်မဆက်နိုင်ဘူး… နတ်ဘုရား ဖြစ်မလာနိုင်တဲ့အတွက် မသေမျိုးနတ်ဝိဇ္ဇာအဖြစ်နဲ့ ကျောက်စိမ်းမြို့တော်ငယ်မှာပဲ နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်… ကိုယ်တော်တို့က ကိုယ့်ကိုယ်ကိုယ် မသေမျိုးနတ်ဝိဇ္ဇာလို့ ခေါ်ပေမဲ့ သက်တမ်းပြည့်တဲ့အခါ အဝါရောင်စမ်းချောင်းဆီ ဝိညာဉ် ပြန်သွားရတာပဲ၊ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး… ကိုယ်တော်တို့အနေနဲ့ ငြိမ်းအေးမှုကို ရှာဖွေရုံ သက်သက်ပဲ ရှိတယ်… ဧကရာဇ်အတိုင်ပင်ခံနဲ့ သခင်မ၊ ဒီဘက် ကြွပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ ဇနီးမောင်နှံ ရသေ့ကြီးချင်းယိုနောက်မှ လိုက်သွားကြသည်။ ဤနန်းတော်က နတ်ဝိဇ္ဇာတို့နေထိုင်ရာ အငွေ့အသက်များ ထုံမွှမ်းနေသော်လည်း အေးစက်ခြောက်ကပ်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရ။
ကျောက်စိမ်းမြို့တော်ငယ်က ဤကဲ့သို့ အေးစက်ခြောက်ကပ်သော နေရာတစ်ခုသာ ဖြစ်သည်။
ရသေ့ကြီးချင်းယိုက လျှောက်လမ်းရှည်ကြီးတစ်လျှောက် ခေါ်ဆောင်သွားပြီး စက်ဝိုင်းပုံတံခါးတစ်ချပ်ကို တွန်းဖွင့်၍ နန်းတော်အတွင်းပိုင်းသို့ ဝင်လိုက်၏။ “ခိုင်ဧကရာဇ်ခေတ်မှာ ကောင်းကင်တံတား ပြန်ဆက်နိုင်သူတွေ ပေါ်ထွန်းပြီး ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်နတ်ဘုံတစ်ခု တည်ဆောက်ခဲ့ကြတယ်… အခုတော့ ဖုန်မှုန့်ဖြစ်သွားပါပြီ… အဲဒီနတ်ဘုံ တည်ဆောက်ခဲ့တဲ့ နေရာက လက်ရှိ မဟာမြို့ပျက်ရဲ့ နေရာပဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ စိတ်အားတက်ကြွလာသည်။ “ကောင်းကင်တံတား ပြန်ဆက်နိုင်ခဲ့တဲ့သူတွေ ရှိတာလား… အဲဒါဆို သူတို့က နတ်ဘုရားတွေ ဖြစ်သွားကြမှာပေါ့…”
ရသေ့ကြီးချင်းယိုက ခေါင်းညိတ်လိုက်၏။ “ဒါပေမဲ့… အခုအချိန်မှာ အဲလူတွေ အများကြီး မရှိတော့ဘူး… ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ နတ်ဘုရားတွေရဲ့ စွန့်ပစ်ခံခြင်း ခံရတဲ့လူတွေဆိုရင် သိမှာပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ “မဟာမြို့ပျက်က စွန့်ပစ်ခံလူတွေလား…”
“မဟုတ်ဘူး… မဟာမြို့ပျက်က စွန့်ပစ်ခံလူတွေမှာ ကောင်းကင်တံတား အကောင်းအတိုင်း ကျန်တဲ့သူ မရှိသလောက်ပဲ… ကိုယ်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်က နတ်ဝိဇ္ဇာတွေ စစ်ဆေးကြည့်ပြီးပြီ…”
ရသေ့ကြီးချင်းယိုက တံခါးတစ်ချပ်ကို တွန်းဖွင့်၍ အထဲသို့ ခေါ်သွား၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ မဟာမြို့ပျက်က စွန့်ပစ်ခံလူတွေကို အပြင်မထွက်အောင် စောင့်ကြည့်ဖို့ ကောင်းကင်ဗျာဒိတ် အမိန့်မှာတမ်းတစ်ခု ရဖူးတယ် မဟုတ်လား… တကယ်တမ်း အဲဒီမှာတမ်းရဲ့ ရည်ရွယ်ချက်က လက်ရှိ မဟာမြို့ပျက်မှာ နေထိုင်တဲ့ စွန့်ပစ်ခံလူတွေ မဟုတ်ဘူး… မဟာမြို့ပျက်ထဲမှာ ပုန်းခိုနေတဲ့ ရွှင်ပျော်ပျော်ကျေးရွာက လူတွေကို ရည်ညွှန်းတာပဲ… သူတို့ရဲ့ ကောင်းကင်တံတားတွေက အကောင်းအတိုင်း ရှိကြတယ်… နတ်ဘုရားတွေ စောင့်ကြည့်နေတာ သူတို့ကိုပဲ…”
သူတို့၏ ရှေ့တွင် စာအုပ်စင်များ အတန်းလိုက် ရှိနေပြီး ၎င်းတို့ပေါ်၌ ကျောက်စိမ်းမြို့တော်ငယ်မှ မှတ်တမ်းတင်ထားသည့် ခိုင်ဧကရာဇ်ခေတ် သမိုင်းမှတ်တမ်းစာအုပ်များ ရှိနေသည်။
“ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ဒီမှတ်တမ်းတွေ ဖတ်ရှုပြီးသွားရင် ခိုင်ဧကရာဇ်ခေတ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ခိုင်ဧကရာဇ်ကပ်ဘေးအကြောင်း သိရှိသွားပါလိမ့်မယ်…” ရသေ့ကြီးချင်းယိုက ဦးညွှတ်နှုတ်ဆက်၍ စာကြည့်ဆောင်ထဲမှ ပြန်ထွက်သွားရန် ပြင်လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံသာ ရည်မှန်းထားတဲ့ လမ်းကို ဆက်လျှောက်မယ်ဆိုရင် ခိုင်ကရာဇ်ခေတ်သမိုင်းကြောင်း တစ်ပတ်ပြန်လည်လာမှာ စိုးမိပါတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ခိုင်ဧကရာဇ်ခေတ် ကြုံတွေ့ခဲ့ရသမျှကို ရင်ဆိုင် ကြုံတွေ့ရလိမ့်မယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြန်လှန်၍ ဦးညွှတ်နှုတ်ဆက်ရင်း မေးမြန်းလိုက်သည်။ “ကျွန်တော့်လက်ချက်နဲ့ ရသေ့ကြီးတို့ ကျောက်စိမ်းမြို့တော်ငယ်က ခြေသလုံးအိမ်တိုင်ကျန်း သေဆုံးခဲ့ရတာတောင် ဘာကြောင့် ဒီနေရာကို ဖိတ်ခေါ်သေးတာပါလဲ…”
“ကိုယ်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်က လောကီရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူး… မှတ်တမ်းတင်တဲ့ အလုပ်ပဲ လုပ်ပါတယ်… ခြေသလုံးအိမ်တိုင်ကျန်းဟာ တောင်ပေါ်က ဆင်းသွားတဲ့အချိန်ကစပြီး ကျောက်စိမ်းမြို့တော်ငယ်ရဲ့ မသေမျိုးနတ်ဝိဇ္ဇာတစ်ယောက် မဟုတ်တော့ဘူး… သူ့ရဲ့ သေခြင်းရှင်ခြင်းဟာလည်း ကိုယ်တော်တို့နဲ့ သက်ဆိုင်ခြင်း မရှိတော့ဘူး…”
ရသေ့ကြီးချင်းယိုက အပြင်သို့ ထွက်သွား၏။ “မင်းတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး ဒီနေရာ ရောက်နေတဲ့အချိန်မှာ ကိုယ်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာတွေအဖြစ် သတ်မှတ်ထားတယ်… ဒီနေရာက ထွက်ခွာသွားရင်တော့ ကိုယ်တော်တို့နဲ့ မသက်ဆိုင်တော့ဘူး… နှစ်ငါးရာမှာတစ်ကြိမ် ထူးကဲတဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွန်းတယ်… ကိုယ်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်အနေနဲ့ လက်ရှိခေတ်ရဲ့ ပါရမီရှင်က ပြီးခဲ့တဲ့ ပါရမီရှင်တွေ မစွမ်းဆောင်နိုင်ခဲ့တာကို စွမ်းဆောင်နိုင်မလား ဆိုတာပဲ စောင့်ကြည့်ချင်ပါတယ်…”
“ထူးဆန်းတဲ့ စည်းမျဉ်းတွေပဲ…” ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ရှေးဟောင်းစာလိပ်များပေါ်သို့ အကြည့်ရောက်သွားသည်။ “သခင်ကြီး၊ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နောက်ခံက တစ်ခုခု ထူးခြားနေသလိုပဲ၊ ကျွန်မထင်တာတော့ သူတို့က ခိုင်ဧကရာဇ်အင်ပါယာရဲ့ မျိုးဆက်တွေ ဖြစ်မယ်ထင်တယ်…”
“ဖြစ်နိုင်ပါတယ်…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထိုင်ချ၍ စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်၏။ “သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတော့ သူတို့အကြောင်း မစဉ်းစားနေတော့ဘူး… လက်ရှိကာလက အတိတ်အတိုင်း ဖြစ်လာတာဆိုတော့ ခိုင်ဧကရာဇ်သမိုင်းကြောင်းကို လေ့လာကြည့်ကြစို့…”
မဟာမြို့ပျက်တွင်…။ မိစ္ဆာနတ်ဆိုးတစ်ကောင်၏ ညည်းတွားသံ ထွက်ပေါ်နေသည်။
“ငါ့လူတွေ အခြေချဖို့ အဆင့်နိမ့်ကမ္ဘာတစ်ခု ရှာချင်ရုံ၊ သူတို့ ရှင်သန်မျိုးပွားဖို့ နေရာတစ်ခု ရှာပေးချင်ရုံ သက်သက်ပါကွာ… မင်းတို့ကမ္ဘာနဲ့ စစ်မခင်းချင်ပါဘူး…” တုထျန်းမိစ္ဆာဘုရင်က ကြောင်ငေးငေးနှင့် တတွတ်တွတ် ရေရွတ်နေ၏။ “ငါတို့တုထျန်းက သေမင်းတံခါးဝကို ရောက်နေပြီ… မင်းတို့နဲ့သာ တိုက်ခိုက်ရရင် တကယ့်ကို မျိုးတုံးသွားတော့မှာ… ငါ့မျိုးနွယ်အတွက် ငါ့မှာ တာဝန်ရှိတယ်… ငါ့ကို ပြန်ခွင့်ပေးပါ… တခြားအဆင့်နိမ့်ကမ္ဘာတစ်ခု ရှာပေးရဦးမယ်… ငါ့ကို ပြန်ခွင့်ပေးပါတော့…”
ဟူလင်းအာက ချင်မူ့ကို ကြည့်၍ လေသံတိုးတိုးနှင့် မေးလိုက်သည်။ “သခင်လေး၊ ကျွန်မတို့ သူ့ကို လွှတ်ပေးလိုက်ရင် မကောင်းဘူးလား… သူ့ကြည့်ရတာ အတော်သနားဖို့ ကောင်းနေပြီ…”
“သူ တကယ် ပြန်၊ မပြန် ဘယ်လိုလုပ် သိမှာလဲ…” ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒါက အသိစိတ်ဝိညာဉ်တစ်ခု သက်သက်ပဲ… သူ့ခန္ဓာကိုယ်အစစ်က တုထျန်းမှာ ရှိနေသေးတယ်… အဲခန္ဓာကိုယ်နဲ့ တခြားကမ္ဘာတွေ ရှာလို့ရတာပဲ… ဒီအသိစိတ်ဝိညာဉ် ပြန်ဖို့ မလိုပါဘူး… သူ မပြန်ဘဲ တစ်နေရာရာမှာ သူ့ခန္ဓာကိုယ်အစစ်ကို ဆင့်ခေါ်ရင် ငါ့ခေါင်းပေါ် အပြစ်ပုံကျလာလိမ့်မယ်… ဒီမိစ္ဆာနတ်ဆိုး ပြောသမျှ ဘာတစ်ခုမှ ယုံလို့မရဘူး၊ ယုံမိရင် အရှုံးပဲ… ဟိုးရှေ့မှာ နယ်စပ်နဂါးမြို့ ရောက်ပြီ… ဒုက္ခိတဘိုးဘွားကျေးရွာရောက်ဖို့ မိုင်တစ်ထောင်လောက်ပဲ လိုတော့မယ်…”
နယ်စပ်နဂါးမြို့ကို လှမ်းမြင်နေရပြီ ဖြစ်သဖြင့် ချင်မူ စိတ်အေးသွားသည်။ နောက်ဆုံးတော့ သူ့ပိုင်နက်သို့ ရောက်လာပြီ မဟုတ်လား။
“သခင်လေး…”
“သခင်လေး ပြန်လာပြီလား…”
“သခင်လေး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ…”
…။
ချင်မူ နဂါးချီလင်ကို ခေါ်ဆောင်၍ နယ်စပ်နဂါးမြို့ထဲ ဝင်အလာတွင် လမ်းဘေးဝဲယာမှ ဆိုင်ပိုင်ရှင်များစွာက သူ့ကို လှမ်းနှုတ်ဆက်ကြ၏။ သူ ပြုံးပြ၍ ပြန်နှုတ်ဆက်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျွန်တော်တို့ မဟာမြို့ပျက်လောက် မအေးချမ်းဘူး… ပုန်ကန်မှုတွေကလည်း နေ့တိုင်းပဲ၊ စစ်ပွဲတွေလည်း မပြတ်ဘူး… နေလို့ထိုင်လို့ ကောင်းတဲ့နေရာ မဟုတ်ဘူး…”
“ဟုတ်မယ်… မဟာမြို့ပျက်ဆီ ပြေးလာကြတဲ့ ဒုက္ခသည်တွေ အများကြီးပဲ… စစ်ပွဲတွေ၊ သဘာဘေးတွေကြောင့် ပြေးလာရတာတဲ့… သခင်လေးပြန်လာတာ ကောင်းတယ်၊ ကိုယ့်အိမ်ကိုယ့်ရာဆိုတာ ဘေးအကင်းဆုံးပဲ…”
ချင်မူက မြို့စားစံအိမ်သို့ သွား၍ မေးလိုက်၏။ “မြို့စားမင်း ပြန်ရောက်နေပြီလား…”
“ပြီးခဲတဲ့ ရက်ပိုင်းက မြို့စားမင်း ပြန်ရောက်လာပြီး ထပ်ထွက်သွားပါတယ်… သခင်လေးရော စံအိမ်မှာ နေဦးမှာလား… ကြိုဆိုပွဲ ပြင်ခိုင်းလိုက်မယ်လေ…”
“မလုပ်နဲ့…” ချင်မူက ပြောလိုက်သည်။ “နှစ်သစ်ကူးနား နီးနေပြီ… ရွာကိုပဲ အရင်ပြန်မယ်…”
နယ်စပ်နဂါးမြို့က သူနှင့်အဘွားစစ် ပိုင်ဆိုင်သောမြို့ ဖြစ်ပြီး ဤနေရာရှိ လူအတော်များများက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဖြစ်၏။ အပြင်ဘက်နှင့် ကွာခြားသည်မှာ အပြင်ဘက်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများက သူ့ကို ဂိုဏ်းသခင်၊ အထွတ်အမြတ်ဆရာသခင်ဟု ခေါ်ဆိုကြပြီး ဤနေရာရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများက သခင်လေးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤမြို့၏ ပိုင်ရှင်က အဘွားစစ်ဖြစ်ပြီး ချင်မူက သူ၏ ကလေးဖြစ်သဖြင့် သခင်လေးဟု ခေါ်ဆိုကြသည်မှာ ထူးဆန်းသောကိစ္စ မဟုတ်ပေ။
ချင်မူ အိမ်အပြန်ခရီး ဆက်လိုက်၏။ မိုင်တစ်ထောင်ဟူသော အကွာအဝေးက များစွာ ရှည်လျားခြင်း မရှိသဖြင့် နဂါးချီလင်၏ ပြေးနှုန်းနှင့်ဆိုလျှင် ဒုက္ခိတဘိုးဘွားကျေးရွာသို့ နေ့တစ်ဝက်အတွင်း ရောက်နိုင်ပေလိမ့်မည်။
နဂါးချီလင်က မြစ်ရေမျက်နှာပြင်ပေါ် နင်း၍ မြစ်ကြောင်းအတိုင်း ဆန်တက်ပြေးလွှားသွားသည်။ ဆောင်းနေ၏ အလင်းရောင်က နွေးထွေးစွာ ဖြာကျနေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ အေးစိမ့်ခြင်း မရှိချေ။ ပြီးခဲ့သည့်နှစ်တွင် ရှန်းချင်းအာနှင့်အတူ ရေခဲစီးကြောင်း ဖြိုခွင်းခဲ့သည်ကို ချင်မူ အမှတ်ရမိသွား၏။ ဤအခိုက်၌ မြစ်ကမ်းဘေးတွင် ရွာသူရွာသားများနှင့်အတူ ငါးကျပ်တိုက်နေသော ရှန်းချင်းအာကို မြင်လိုက်မိသည်။ ငါးကြီးများကို သစ်ပင်တွင် ချိတ်ဆွဲပြီး ဆားနှံ့အောင် ပွတ်ကာ ရေစိုထင်းများ မီးမွှေး၍ ကျပ်ခိုးနံ့သင်းသင်း စိမ့်ဝင်အောင် ကျပ်တိုက်နေခြင်း ဖြစ်၏။
ဤရွာရှိ ရွာသူရွာသားများက လူ့တစ်ရပ်ကျော် ရှည်လျားသော ငါးကြီးများကို ဖမ်းထားကြသည်။ ငါးအသားများက ပြောင်လက်တောက်ပနေ၏။ ရွာသူရွာသားများမှာ နှစ်သစ်ကူးကာလတွင် အမဲလိုက် မထွက်ဘဲ မြစ်ထဲမှ ငါးများ ဖမ်း၍သာ အသက်ဆက်လေ့ ရှိကြသည်။
ချင်မူက နဂါးချီလင်ကို ရပ်တန့်စေလိုက်၏။ ကျစ်ဆံမြီးသုံးချောင်းနှင့် မိန်းမငယ်လေးက ကြည်လင်တောက်ပသော မျက်လုံးဝိုင်းဝိုင်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ ကြည့်လာသည်။ “နွားကျောင်းသား၊ အိမ်ပြန်လာပြီပေါ့… အပြင်မှာ ပျော်ခဲ့ရဲ့လား…”
ချင်မူက ပြုံးလိုက်၏။ “အဆင်ပြေပါတယ်… သွားသမျှ နေရာတိုင်း လိုက်သတ်ခံရတာ တစ်ခုပဲ… ဒါနဲ့ မိုးခြိမ်းသံကျောင်းတော်ငယ်က ဘုန်းကြီးတွေရော နင့်ကို လာမရှာဘူးလား…”