မကောင်းမှုတွေ လုပ်တာများနေပြီ
Vol. 17 Ch. 230
“ဖီ ဖီ… ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေတော်… အခုထိ မိုးခြိမ်းသံကျောင်းတော်ငယ်က ဘုန်းကြီးတွေ ရောက်မလာသေးပါဘူး…” ရှန်းချင်းအာက စပ်စုလိုက်၏။ “လူတွေ ဝိုင်းလိုက်ခံရအောင် နင်ဘာတွေ မကောင်းတာ လုပ်နေလို့လဲ…”
“ငါက သူတို့ထက် တော်လို့ နေမှာပေါ့…” ချင်မူ ခေါင်းမော့၍ စဉ်းစားကြည့်လိုက်သည်။ သူ့စကားက အမှန်ပင် ဖြစ်သည်ဟု ခံစားမိ၏။ “ငါက သိပ်ထူးချွန်လွန်းတော့ လူတွေ မနာလိုဖြစ်ပြီး နောက်က တကောက်ကောက် လိုက်သတ်နေကြတာ…”
ချင်မူ လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။ ရှန်းချင်းအာက ကမန်းကတန်း ပြောလိုက်၏။ “ငါ အားရင် နင်နဲ့ လာကစားမယ်… ငါ့ကို မသတ်ဖို့ နင့်အဘိုးအဘွားတွေကို ပြောထားဦး…”
“အေး… အေး…”
နေလုံးကြီး အနောက်ဘက်သို့ စတင်ကွန်းခိုချိန်တွင် ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်ရှိသွားသည်။ ရွာထဲသို့ ဝင်ဝင်ချင်းပင် လူ့တစ်ရပ်ကျော် မြင့်သော ကြက်နဂါး တစ်ဒါဇင်ကျော် ရန်လိုသော အကြည့်များဖြင့် ဝိုင်းအုံလာ၏။
ထိုကြက်နဂါးများ၏ နောက်တွင်တော့ ကြက်မအိုကြီးတစ်ကောင် ရှိနေသည်။ ထိုကြက်မကြီးက ချင်မူ့ကို အတွေ့တွင် ဂနာမငြိမ် ဖြစ်သွားပြီး ကတော်ကတော် မြည်ကြွေးအော်ဟစ်လိုက်၏။ အခြားကြက်နဂါးများကို ဤကောင်လေးက ဥသူခိုးတစ်ယောက်ဖြစ်ကြောင်း ပြောနေသကဲ့သို့ ရှိသည်။
“ငါ ရွာကနေ ထွက်သွားတာ နှစ်တစ်ဝက်လောက်ပဲ ရှိသေးတယ်… ကြက်နဂါးတွေ အများကြီး ဖြစ်နေပါရောလား…”
ချင်မူက သူ၏ အကြီးမားဆုံး ရန်သူနှင့် ကြုံတွေ့ရသည့်နှယ် အော်ဟစ်လိုက်၏။ “အချိန်အခါက ပြောင်းလဲသွားပြီ… အခု ငါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်အထွတ်အမြတ်ဆရာပဲ… မင်းတို့ ကြက်နဂါးတွေ အရေအတွက် များပေမဲ့ ကြောက်ရွံ့နောက်တွန့်နေမှာ မဟုတ်ဘူး…”
“ကတော်… ကတော်… ကတော်…”
ကြက်နဂါးအုပ်က သူ့ကို ဝိုင်းအုံတိုက်ခိုက်လိုက်ကြသည်။ ဤကြက်နဂါးများက ဓားကဲ့သို့ အမွေးအတောင်များ ရှိပြီး နဂါးကဲ့သို့လည်း မီးမှုတ်နိုင်၏။ လက်သည်းများ၊ အတက်များကလည်း ကျောက်တုံးကျောက်ခဲများကိုပင် ထက်ခြမ်းခွဲနိုင်သည်။
ဟူလင်းအာက ဤအခြေအနေကို မြင်သောအခါ ကမန်းကတန်း ပြောလိုက်၏။ “သခင်လေး၊ ကျွန်မ အိမ်ပြန်လိုက်ဦးမယ်…” စကားအဆုံးတွင် မြေခွေးဖြူလေးမှာ မီးခိုးငွေ့တန်းတစ်ခုကဲ့သို့ လှစ်ခနဲ ပြေးထွက် ပျောက်ကွယ်သွားသည်။
တစ်ခဏကြာသောအခါ ချင်မူက ကြက်နဂါးအုပ်ကို နောက်ဆုတ်သွားအောင် တိုက်ခိုက်လိုက်၏။ သူ့မျက်နှာတစ်ပြင်လုံး သွေးခြင်းခြင်းနီ၍ ခေါင်းတွင် ကြက်တောင်များ စိုက်ဝင်ကာ ဆံပင်မွေးများ ရှုပ်ပွကျန်ရစ်သည်။ ကြက်နဂါးအုပ်ကတော့ ရင်ကော့ခေါင်းမော့၍ ထွက်ခွာသွား၏။
တုထျန်းမိစ္ဆာဘုရင်က ချင်မူ့အဖြစ်ကို ကြည့်၍ တဟားဟား ရယ်မောလိုက်သည်။ “ခွေးကောင်လေး၊ ကြက်တစ်အုပ်ကိုတောင် နိုင်အောင် မတိုက်နိုင်ပါ့လား…”
ချင်မူကဆံပင်ကြားထဲမှ ကြက်တောင်များကို ဆွဲနှုတ်ရင်း ပြန်ခံပက်လိုက်၏။ “ခင်ဗျားက အဲဒီ ကြက်တစ်အုပ်တောင် မနိုင်တဲ့ကောင်ရဲ့ လက်အောက်မှာ ရှုံးခဲ့တာလေ… ဘွားဘွား၊ ရွာလူကြီး… ကျွန်တော် ပြန်ရောက်ပြီ… ဒီမှာ ကြက်အုပ် အနိုင်ကျင့်ခံနေရတာတောင် တစ်ယောက်မှ ထွက်မလာကြဘူး… အာ… ဘယ်သူမှ မရှိကြဘူးလား…”
ချင်မူ ရွာထဲ၌ လျှောက်ပတ်ကြည့်ရင်း အံ့အားသင့်သွားသည်။
ရွာလူကြီးနှင့် ဆေးဆရာတို့၏ အခန်းက ဗလာကျင်းနေသကဲ့သို့ အခြားသူများလည်း ရှိမနေချေ။ စာရွက်ထပ်အချို့ကိုသာ တွေ့ရ၏။ ပထမစာမှာ ရွာလူကြီး၊ ဆေးဆရာ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တို့ ရွှင်ပျော်ပျော်ကျေးရွာကို သွားရှာသည့်အကြောင်း ရေးသားထားသည်။ ရွာသို့ တစ်ယောက်ယောက် ပြန်ရောက်လာလျှင် ဆေးဆရာ၏ ပိုးကောင်များကို အစာကျွေးပေးရန်လည်း ရေးထား၏။
ဒုတိယစာမှာ သားသတ်သမား၏ လက်ရေး ဖြစ်ပြီး ရွာလူကြီးတို့ ပြန်မလာသေးသဖြင့် သူနှင့် မျက်ကန်းတို့ လိုက်ရှာမည်ဖြစ်ကြောင်း ရေးသားထားသည်။
တတိယစာမှာ ရွှေအ ရေးသားထားခြင်း ဖြစ်ပြီး မျက်ကန်းနှင့် သားသတ်သမားတို့လည်း ပြန်ရောက်မလာသဖြင့် သူ လိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထား၏။
စတုတ္ထစာမှာ ထော့ကျိုးနှင့် အဘိုးကြီးမာတို့၏စာ ဖြစ်သည်။ ရွာလူကြီးနှင့် ကျန်သူများ အန္တရာယ်ကြုံနေနိုင်သဖြင့် ကူညီရန် သွားပြီဖြစ်ကြောင်း ရေးသားထား၏။
ပဉ္စမစာမှာ အဘွားစစ်၏စာ ဖြစ်ပြီး ဤအဘိုးကြီးများက အမြဲပြဿနာရှာကြောင်း ညည်းညူထားသည်။ သူက ရွာလူကြီးတို့ကို လိုက်ရှာမည် ဖြစ်ပြီး ချင်မူ့ကို လျှောက်မသွားရန် မှာခဲ့၏။
“ဘွားဘွားတို့က စိတ်ပူရအောင် တယ်လုပ်ကြတာပဲ…”
ချင်မူ ခေါင်းခါယမ်း၍ အထုပ်အပိုးများ ချလိုက်သည်။ ထို့နောက် ရွာပြင်ရှိ ဆေးပင်ခြံထဲမှ အရွက်တချို့ ခူးပြီး ဆေးဆရာ၏ အိမ်တံခါးရှေ့မှ အိုးများထဲသို့ အဖုံးဖွင့်၍ ပစ်ထည့်လိုက်၏။ အိုးထဲရှိ ငတ်ပြတ်နေသော ပိုးကောင်များမှာ အလုအယက် စားသောက်ကြတော့သည်။
ဆေးဆရာ၏ အခန်းထဲတွင် စွမ်းအင်ဆေးလုံးအချို့လည်း တွေ့သဖြင့် အမှုန့်ချေ၍ အခြားအိုးများထဲသို့ ကြဲချလိုက်၏။ ထို့နောက် လက်ဆေး၍ ထမင်းဟင်း ချက်ပြုတ်တော့သည်။
“ဒီအိုးကွဲတွေက…”
တုထျန်းမိစ္ဆာဘုရင်မှာ အဆိပ်ပိုးကောင်များ မွေးထားသည့် အိုးကွဲများကို မြင်သောအခါ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွား၏။ ထို့နောက် ပန်းပဲဖိုရှေ့ရှိ ရေအိုးထံ အကြည့်ရောက်ပြီး တုန်လှုပ်သွားပြန်သည်။ “ဒီရေအိုး… ဟိုထွန်ခြစ်၊ ဟိုအိုး… မြေပေါ်မှာ ပြန့်ကြဲနေတာတွေ အကုန်လုံးက ရတနာတွေချည်းပါပဲလား…”
“မိစ္ဆာဘုရင်ကြီး၊ လျှောက်ကြည့်မနေတော့နဲ့… ခင်ဗျားက လက်တွေ အများကြီးပါတာ… ကျုပ်ကို ထမင်းဟင်းချက်ကူဦး…” ချင်မူက တုထျန်းမိစ္ဆာဘုရင်ကို လှမ်းခေါ်လိုက်၏။
နေရောင်ခြည် ပျောက်ကွယ်သွားသည့်အချိန်တွင် အမှောင်ထုက အနောက်ဘက်မှ လိပ်တက်လာပြီး ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖုံးလွှမ်းဝါးမျိုပစ်သည်။
ချင်မူမှာ ဤမြင်ကွင်းကို မြင်နေကျ ဖြစ်သဖြင့် အာရုံစိုက်ခြင်း မရှိဘဲ ထမင်းဟင်းများ ခူးခပ်နေ၏။ သို့သော်လည်း တုထျန်းမိစ္ဆာဘုရင်မှာ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ယခုမှ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည့်အတွက် ပါးစပ်အဟောင်းသားဖြင့် မှင်တက်ငေးမောနေသည်။
အမှောင်ထုက ဒုက္ခိတဘိုးဘွားကျေးရွာအပေါ် ဖုံးလွှမ်းလုဆဲဆဲတွင် စာအုပ်ခြင်းကို ကျောတွင် သယ်ပိုးထားသည့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး ရွာထဲသို့ ဝင်လာ၏။ ထိုအဘိုးအို ရွာထဲသို့ ရောက်လျှင်ရောက်ချင်းပင် အမှောင်ထုက ဒုက္ခိတဘိုးဘွားကျေးရွာကို ကွေ့ပတ်၍ အရှေ့ဘက်တစ်ကြောလုံး ဖုံးအုပ်တိုက်စားသွားသည်။
“ဘိုဘိုးနားကန်း…”
ချင်မူမှာ အံ့ဩဝမ်းသာသွား၏။ စားလက်စ ပန်းကန်နှင့်တူကို ချ၍ ပြေးကြိုလိုက်သည်။ နားကန်း၏ အဝတ်အစားများက စုတ်ပြဲဟောင်းနွမ်းနေ၏။ အပြင်လောကတွင် ကောင်းစွာ နေထိုင်ရသည့်ပုံ မပေါ်ချေ။ နားကန်းက စာအုပ်တောင်းကို ချ၍ မေးလိုက်သည်။ “စားစရာရှိလား… ဘာမှ မစားရတာ နှစ်ရက်၊ သုံးရက်ရှိပြီ…”
“ရှိတယ်၊ အခုလေးတင် ကျက်တာ…”
ချင်မူက ပန်းကန်လုံးနှင့် တူတစ်စုံကို အပြေးသွားဆေးလိုက်သည်။ နားကန်းက ထမင်းစားပွဲ၌ ဝင်ထိုင်ပြီး ထမင်းလေးပန်းကန်၊ ငါးပန်းကန်ကုန်သည်အထိ အသက်မရှူစတမ်း စားတော့၏။ ချင်မူက ဟင်းရည် နောက်တစ်ပန်းကန် ထပ်ဖြည့်ပေးရင်း မေးလိုက်သည်။ “ဘိုးဘိုးနားကန်း၊ ဘယ်တွေ သွားနေတာလဲ…”
နားကန်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး ညည်းညူပြောဆိုလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သွားတာ… သွားတုန်းကတော့ ရွှေအကို သွားရှာတာပဲ၊ သူ့ကို မတွေ့ဘဲ ခရီးစားရိတ်ကုန်သွားတာနဲ့ ပန်းချီကားတွေပဲ ထိုင်ရောင်းခဲ့ရတယ်…” ဤအဘိုးကြီး၏ အသံက နာလိုခံခက်နေသည့်နှယ် ရှိသည်။ “ဒီနေ့ခေတ်လူတွေက ဝမ်းနည်းစရာ ကောင်းလောက်အောင် နိမ့်ပါးကုန်ပြီ… နိမ့်ပါးကုန်ကြပြီ… ငါ့ပန်းချီကား တစ်ချပ်မှတောင် မရောင်းခဲ့ရဘူး… ငါငတ်ပြတ်နေတဲ့အချိန် အဘွားကြီးစစ်နဲ့ တွေ့ပြီး အဟားခံလိုက်ရပေမဲ့ သူ့ဆီက ငွေနည်းနည်း ရလိုက်လို့ တော်သေးတာ… ဒါနဲ့ ဆေးဆရာကို ဒီအကြောင်း ပြန်မပြောနဲ့နော်… အဲကောင်က ငါ့ပန်းချီကားတွေ သူ့ဆေးလောက် ရောင်းမထွက်လို့ တစ်ချိန်လုံး ဟားနေတာ…”
တုထျန်းမိစ္ဆာဘုရင်မှာ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိ၏။ ဤအဘိုးကြီးက ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သဖြင့် ဓားနတ်ဘုရားပန်းချီကားကို ရေးဆွဲခဲ့သော ပန်းချီဆရာ ဖြစ်နိုင်သည်။ ဤသို့သော ပညာရှင်မျိုးက ငတ်၍ သေလုနီးပါး ဖြစ်ရသည်ဟု ဆိုနေ၏။ သူ့တွင် ပိုက်ဆံမရှိလျှင် လုယူ၍ ရနိုင်သည် မဟုတ်လော။
ချင်မူမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ “ဘိုးဘိုးနားကန်း၊ အခုချိန် လောကကြီးက မအေးချမ်းတော့ ဘယ်သူကများ ပန်းချီကားတွေ ဝယ်ပြီး ခံစားနေနိုင်မှာလဲ… နောက်တစ်ခါ ပိုက်ဆံပြတ်ရင် ဧကရာဇ်အတိုင်ပင်ခံစံအိမ်ကို သွားရောင်း… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သေချာပေါက် ဈေးကောင်းပေးဝယ်မှာပဲ…”
နားကန်းက ခေါင်းခါယမ်းလိုက်၏။ “ငါက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်သည်အများကြီးကို သုတ်သင်ရှင်းလင်းခဲ့တာ… သူ့အိမ်သွားပြီး ပန်းချီကားရောင်းရင် သေချာပေါက် အဖမ်းခံရမှာပေါ့… သူ့ကို ငါနိုင်တာ မဟုတ်ဘူး…”
ချင်မူက သွားဖြဲ၍ ပြုံးလိုက်သည်။ “အဲဒါဆို နန်းတွင်းကောလိပ်မှာ ကျွန်တော့်ကို လာရှာလေ… ကျွန်တော့်မှာ အပေါဆုံးက ပိုက်ဆံပဲ… ဘိုးဘိုးဆွဲထားသမျှ ပန်းချီကားတွေ အကုန်လုံး ကျွန်တော်ဝယ်မယ်… အခုရော ဘိုးဘိုးစာအုပ်ခြင်းထဲမှာ ရောင်းစရာ ပန်းချီကားရှိသေးလား… ကျွန်တော့်ကို ရောင်းလိုက်၊ ချက်ချင်း ငွေချေမယ်…”
“အကုန် မီးရှို့ပစ်ပြီ…” နားကန်းက ခပ်အေးအေး ပြောလိုက်၏။ “တခြားလူတွေရော၊ ပြန်မရောက်ကြသေးဘူးလား…”
“မီးရှို့ပစ်တယ် ဟုတ်လား…”
ချင်မူ့ရင်ထဲတွင် နာကျင်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ ဤနေရာတွင် ရှိနေလျှင် သွေးအတောင့်လိုက် အန်မည်မှာ ကျိန်းသေ၏။
သူက ဆေးဆရာနှင့် အခြားသူတို့ ထားခဲ့သည့် စာများကို ထုတ်ပေးလိုက်သည်။ နားကန်းက စာဖတ်ရင်း တတွတ်တွတ် ပြောလိုက်၏။ “ဒီအဘိုးကြီး၊ အဘွားကြီးတွေရဲ့ လက်ရေးက အတော်ဆိုးတာပဲ… ငါ ဒီတစ်ည အိပ်ပြီးရင် မနက်ဖြန် သူတို့ကို လိုက်ရှာမယ်… ဒါနဲ့ သူက ဘယ်သူလဲ…”
နားကန်းက တုထျန်းမိစ္ဆာဘုရင်ကို ယခုမှ သတိပြုမိသွားပြီး မေးလိုက်သည်။ တုထျန်းမိစ္ဆာဘုရင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “ငါက တုထျန်းပြည်ရဲ့ အရှင်သခင်ပဲ… မင့်အနေနဲ့ ငါ့ကို အရိုအသေပေးဖို့ မလိုပါဘူး…”
“တကယ့်ကို ရုပ်ဆိုးတာပဲ…” နားကန်းက ထရပ်၍ သူ့အခန်းသို့ ပြန်ကာ အိပ်စက်ရန် ပြင်လိုက်သည်။
“ငါက တုထန်းပြည်ရဲ့ မိစ္ဆာဘုရင် အရှင်သခင်ကွ…” တုထျန်းမိစ္ဆာဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ချင်မူက စေတနာဖြင့် သတိပေးလိုက်သည်။ “မိစ္ဆာဘုရင်၊ ဘိုးဘိုးနားကန်းက ခင်ဗျားပြောတာ ကြားရမှာမဟုတ်ဘူး…”
“ပေါက်ကရတွေ… အခုလေးတင် မင့်ပြောစကား နားထောင်နေသေးတာကို…”
ချင်မူက ရှင်းပြလိုက်၏။ “သူက တစ်ခါတလေ ကြားတယ်၊ တစ်ခါတလေ မကြားဘူး…”
တုထျန်းမိစ္ဆာဘုရင်မှာ ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင် ဖြစ်သွားသည်။ ချင်မူက ပန်းကန်ခွက်ယောက်များ ဆေးကြောပြီးနောက် အိပ်ရာဝင်ရန် ပြင်လိုက်၏။ “မိစ္ဆာဘုရင်၊ လျှောက်မသွားနဲ့နော်… အမှောင်ထုက သိပ်ကို အန္တရာယ်များတယ်…”
တုထျန်းမိစ္ဆာဘုရင်က အထပ်ထပ် ခေါင်းညိတ်၍ စိတ်ထဲမှ တွေးလိုက်သည်။ “ဒီခွေးကောင်လေးက အမှောင်ထုထဲ မဝင်ရဲဘူးဆိုတော့ ငါ ထွက်ပြေးဖို့ အကောင်းဆုံး အချိန်ပဲ… အမှောင်ထုထဲသာ ဝင်လိုက်ရင် ဒီကောင့်ကို မျက်ခြည်ဖြတ်နိုင်ပြီ… ပြီးမှ ယဇ်ပလ္လင်တည်ဆောက်ပြီး ငါ့ခန္ဓာကိုယ်အစစ်ကို ဆင့်ခေါ်မယ်…”
များစွာမကြာလိုက်ဘဲ ချင်မူ အိပ်မောကျသွားပြီး ဟောက်သံများပင် ထွက်ပေါ်လာ၏။
တုထျန်းမိစ္ဆာဘုရင်က အပြင်ဘက်သို့ ခြေဖျားထောက်၍ ထွက်လာသည်။ ရွာ၏ ထောင့်လေးထောင့်ရှိ ကျောက်ရုပ်တုများက ခပ်မှိန်မှိန် လင်းလက်နေသည့်အတွက် ပတ်ဝန်းကျင်တစ်ခွင်က မှောင်မိုက်ခြင်း မရှိပေ။ သို့သော်လည်း ကျောက်ရုပ်တုများ၏ အလင်းရောင် မကျရောက်နိုင်သည့် နေရာများကတော့ ပိန်းပိတ်အောင် မှောင်မည်းနေ၏။
တုထျန်းမိစ္ဆာဘုရင်မှာ ရွာအဝင်ဝသို့ ရောက်ရှိလာပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ ထို့နောက် အမှောင်ထုထဲသို့ လက်ချောင်းတစ်ချောင်း ထိုးထည့်ကြည့်ရာ တဂျွတ်ဂျွတ် အသံများ ကြားလိုက်ရ၏။ လက်ကို ပြန်ရုပ်ရင်း သူ မှင်တက်မိသွားသည်။ သူ့လက်ချောင်းတစ်ချောင်းလုံး မရှိတော့။ အမှောင်ထုထဲမှ တစ်စုံတစ်ရာက ဝါးမျိုစားသုံးပစ်၏။
တုထျန်းမိစ္ဆာဘုရင်မှာ လက်မှ ဒဏ်ရာကို အစုန်အဆန်ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူ သွေးတိုးစမ်းကြည့်လိုက်၏။ “ကန်း နို့ တိ တ ဟေး (အမှောင်ထဲက ဘယ်သူလဲ)…”
အမှောင်ထုက တိတ်ဆိတ်နေသည်။ အတန်ကြာမှ ချောက်ချားဖွယ်ရာ အသံတစ်သံက တုံ့ပြန်လာ၏။ “အာ့ ဖူ ကောင်း နီ ဟမ် (မင်းက ဘယ်သူလဲ)…”
တုထျန်းမိစ္ဆာဘုရင်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ထပ်ပြောတော့မည် ပြင်လိုက်စဉ် သူ့နောက်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာသည်။ “မင်း ဘာလုပ်နေတာလဲ… ဘာကိစ္စ မိစ္ဆာဘာသာစကားနဲ့ ပြောနေရတာလဲ…”
တုထျန်းမိစ္ဆာဘုရင်မှာ သူ့နောက်ဘက်တွင် နားကန်းရောက်နေသည်ကို တွေ့လိုက်သဖြင့် တုန်လှုပ်သွား၏။ “ဒီနားကန်းရဲ့ နားက အတော်ပါးတာပဲ… နေပါဦး၊ သူက နားကန်းရော ဟုတ်ရဲ့လား…”
နားကန်းက တစ်ချက်သန်းဝေလိုက်ပြီး စုတ်တံကို မြှောက်၍ တုထျန်းမိစ္ဆာဘုရင်၏ ကိုယ်ပေါ်တွင် ‘ရပ်’ဟူသော စာလုံးကို ရေးကာ သူ့အခန်းသို့ အိပ်ရန် ပြန်သွားသည်။
တုထျန်းမိစ္ဆာဘုရင်မှာ လှုပ်ရှားနိုင်ခြင်း မရှိတော့သကဲ့သို့ စကားပြောရန် ကြိုးစားကြည့်သောအခါတွင်လည်း အသံတစ်စက်မျှ ထွက်မရတော့ချေ။
နောက်တစ်နေ့မနက် ရောက်သောအခါ ချင်မူ အိပ်ရာမှ စောစီးစွာ ထ၍ မနက်စာ ပြင်ဆင်လိုက်သည်။ နဂါးချီလင်က ဇလုံတစ်လုံးယူလာပြီး ချင်မူ့ရှေ့တွင် ချကာ ဆောင့်ကြောင့်ထိုင်၍ သူ့အစာကို မျှော်နေ၏။
နားကန်းက ဗိုက်ပြည့်အောင် စားပြီးနောက် ပြောလိုက်သည်။ “မူအာ၊ ငါ ရွာလူကြီးတို့ကို ရှာလိုက်ဦးမယ်… မင်းနဲ့ မင့်ခွေးကြီးက ဒီမှာနေပြီး ရွာကို စောင့်ရှောက်ထား…”
ချင်မူက ခေါင်းညိတ်လိုက်၏။ နဂါးချီလင်က သွေးနီမီးလျှံဆေးလုံးများ ပလုတ်ပလောင်းစားရင်း ဗလုံးဗထွေး ပြောလိုက်သည်။ “ကျွန်တော်က ခွေးမဟုတ်ဘူး… နဂါးသွေးတစ်ဝက်၊ ချီလင်သွေးတစ်ဝက်ပါတဲ့ မင်္ဂလာသားရဲ…”
နားကန်းက သူ့စကားကို မကြားဘဲ ရွာပြင်ဘက်သို့ လမ်းလျှောက်ထွက်သွား၏။ ထို့နောက် စုတ်တံကို ထုတ်ယူ၍ နဂါးတစ်ကောင်ပုံဆွဲပြီး ထိုနဂါးပေါ်စီးနင်း၍ ပျံသန်းထွက်ခွာသွားတော့သည်။
တုထျန်းမိစ္ဆာဘုရင်မှာ ရွာအဝင်ဝတွင် ရပ်နေဆဲ ရှိပြီး မလှုပ်ရှားနိုင်သေးချေ။
ချင်မူက ပန်းကန်နှင့် တူကို အောက်ချရင်း စိတ်ထဲမှ တွေးလိုက်၏။ “ဟိုကောင်ကြီး မိစ္ဆာမျောက်ဝံရော ဘယ်လိုနေလဲ မသိဘူး… သူ့အတွက် လက်ဆောင်တွေ ယူသွားရမယ်…”
သူ တုထျန်းမိစ္ဆာဘုရင်ကို မြင်သောအခါ ပြုံး၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကန်း နို့ တိ တ ဟေး…”
တုထျန်းမိစ္ဆာဘုရင်၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ “ဒီကောင်လေးလည်း သိတာလား…”
ချင်မူက နဂါးချီလင်ကို ရွာစောင့်ထားခဲ့ပြီး မိစ္ဆာနှိမ်နန်းတော်ဆီသို့ သွားလိုက်သည်။ ခပ်ဝေးဝေး မရောက်မီပင် ဗုဒ္ဓတရားတော် ရွတ်ဖတ်သံတစ်သံကို ကြားလိုက်ရ၏။ “အော်မီတော်ဖော်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ ရှာနေတာ ကြာပြီ… ကံကောင်းချင်တော့ ဒီမှာ လာတွေ့တာပါလား…”
စုတ်ပြဲနေသော သင်္ကန်းနှင့် ရဟန်းတစ်ပါး သူ့ရှေ့တွင် ပေါ်လာသည်။ သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။
ဤကိုယ်တော်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သူ့သင်္ဘောကို တိုက်ခိုက်ခဲ့သည့် ရဟန်းပျိုမှန်း ချင်မူ မှတ်မိလိုက်သည်။ ဤရဟန်းက အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် ခြေထောက်ကို ဒဏ်ရာရအောင် တိုက်ခိုက်ခံခဲ့ရသော်လည်း လေပေါ်ပျံနေသကဲ့သို့ ပြေးနိုင်သေး၏။
“ကိုယ်တော့်ကို ဘယ်လိုများ ခေါ်ဆိုရမလဲ…” ချင်မူက ပြုံး၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လုံကျောင်းနန်နှင့် ကျန်သူများကို မတွေ့မှ သက်ပြင်းကျိတ်ချလိုက်၏။
ဤကိုယ်တော်မှာ အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာ၏ လိုက်လံသတ်ဖြတ်ခြင်း ခံရပြီး မဟာမြို့ပျက်၏ ဖြစ်ရပ်ဆိုးများ ကြုံတွေ့၍ လုံကျောင်းနန်တို့နှင့် လူစုကွဲလာဟန် ရှိသည်။ ယခုမှ သူနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခြင်း ဖြစ်၏။
“ကိုယ်တော့်ရဲ့ ဘွဲ့နာမည်က ပန်ချီလို့ ခေါ်ပါတယ်…”
ပန်ချီကိုယ်တော်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာပြီး သက်ပြင်းလေးတွဲ့တွဲ့ ချလိုက်၏။ “ဗုဒ္ဓရဲ့ စာနာသနားမှုကြောင့် ကိုယ်တော့်အနေနဲ့ ဒီခရီးလမ်းကို အဆုံးသတ်နိုင်တော့မယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ မင်းက မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်… ကိုယ်တော့်ကို မင်းသွားရမဲ့လမ်းဆီ ပို့ဆောင်ခွင့်ပြုပါတော့…”
ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကိုယ်တော်က ကျုပ်ကို မကောင်းမှုတွေ အများကြီး ကျူးလွန်တယ်လို့ စွပ်စွဲလာတာဆိုတော့ ကျုပ်ကျူးလွန်ခဲ့တဲ့ မကောင်းမှုတစ်ခုလောက် ပြောပြစမ်းပါဦး၊ အဲဒါမှ စိတ်ဖြောင့်ဖြောင့် သေနိုင်မှာပေါ့…”
ပန်ချီကိုယ်တော်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဟုန်းခနဲ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင် လင်းလက်တောက်ပနေသော ဗုဒ္ဓအလင်းတန်းများ လွှမ်းခြုံ၍ တစ်ရှိန်ထိုး ပြေးဝင်လာ၏။ “မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ပဲ၊ အဲဒါကတင် မင်းကျူးလွန်ခဲ့တဲ့ အကြီးဆုံး မကောင်းမှုပဲပေါ့… နောက်ဘဝဆိုတာ ရှိသေးရင် လူကောင်းသူကောင်းတစ်ယောက်အဖြစ် ပြန်ဝင်စားနိုင်ဖို့ ကိုယ်တော် ဆုတောင်းပေးလိုက်ပါတယ်…”