ဘုန်းတော်ကြီးကို သတ်ဖြတ်ခြင်း
Vol. 17 Ch. 231
“ဝဇိရပြိုင်ဘက်ကင်း…”
ပန်ချီကိုယ်တော်၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး ကြွက်သားများ ဖောင်းကား၍ ဆယ့်နှစ်ကိုက်ခန့် အရပ်အမြင့်ထိ ကြီးထွားသွားသည်။ ကွင်းကိုးကွင်းတောင်ဝှေးမှာလည်း ဗုဒ္ဓဆင်းတုတော်ကြီး၏ ဦးခေါင်းနောက်မှ နေလုံးကြီးကဲ့သို့ ကြီးထွားလာ၏။
ဤသည်က ဗုဒ္ဓဂိုဏ်း၏ ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ် ဖြစ်ပြီး ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်း အသားပေးသည့် ကျင့်စဉ်တစ်မျိုး ဖြစ်သည်။
ဗုဒ္ဓဂိုဏ်းတွင် ကျင့်စဉ်အမျိုးမျိုး ရှိ၏။ အချို့က စိတ်ကျင့်စဉ်ကို အသားပေးပြီး မှော်ပညာကို လေ့ကျင့်ရသည်။ အချို့က အသိဉာဏ်ပညာကို အသားပေးပြီး ဓားသိုင်းလေ့ကျင့်ရ၏။ အချို့ကျင့်စဉ်များကတော့ သိုင်းကွက်အသားပေးလမ်းစဉ်မှ ဖြစ်ပြီး ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်းကို အသားပေးသည်။
ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်က သိုင်းကွက်အသားပေးလမ်းစဉ်မှ ဖြစ်သော်လည်း အနည်းငယ် ခြားနား၏။ ဤကျင့်စဉ်တွင် မှော်ပညာအချို့ ပေါင်းစပ်ပါဝင်နေသည်။ သို့သော်လည်း ပါမောက္ခပါ့ရှန်၏ သိုင်းကွက်အသားပေးပညာရပ်နှင့် မှော်ပညာ ပေါင်းစည်းသကဲ့သို့ မဟုတ်ဘဲ ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်၏ မှော်စွမ်းအားက လက်သုံးတော်တောင်ဝှေးနှင့် စိပ်ပုတီးတွင် သိုဝှက်သိမ်းဆည်းထားခြင်း ဖြစ်၏။ နေ့စဉ်နှင့်အမျှ တောင်ဝှေးနှင့် စိပ်ပုတီးကို ကိုင်ဆောင်၍ ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုကျင့်ကြံရပြီး မိစ္ဆာစိတ်ရိုင်းများကို စိပ်ပုတီးထဲတွင် ဖိနှိမ်ချုပ်နှောင်ကာ ကောင်းကင်နတ်သိုင်းကို တောင်ဝှေးထဲ၌ သိုဝှက်သိမ်းဆည်းထားသည်။
တိုက်ခိုက်ရန် လိုအပ်သည့်အခါမှ စိပ်ပုတီးထဲရှိ မိစ္ဆာစိတ်ရိုင်းကို ဖောက်ခွဲထုတ်ဖော်၍ မကောင်းဆိုးဝါးတိုက်ခိုက်မှုအသွင် ပြောင်းလဲပြီး တောင်ဝှေးအတွင်းမှ မှော်ကောင်းကင်နတ်သိုင်းကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ရာတွင် အသုံးပြု၏။
ချင်မူက ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်၏ အားသာချက်များကို အစောက ကြုံတွေ့ခဲ့ဖူးပြီ ဖြစ်သည်။ ဤကျင့်စဉ်က အသုံးပြုသူ၏ ခန္ဓာကိုယ်ကို ဝဇိရယက္ခ၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲ၍ လွန်စွာ ကြံ့ခိုင်သန်စွမ်းသွားစေနိုင်၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ တိုက်ခိုက်မှုကိုပင် ထိပ်တိုက်ခံယူနိုင်သည်။
ထို့ပြင် ခွန်အားအရာ၌လည်း လွန်စွာ မြင့်တက်သွားပြီး ချင်မူ၏ သင်္ဘောပျံကိုပင် အောက်သို့ နိမ့်ဆင်းအောင် ဖိချနိုင်၏။
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လိုက်သည်။ သူ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါ၍ ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု စီးဝင်ကျရောက်လာပြီး ကျားခေါင်း၊ ကျားလက်သည်းနှင့် ရွှေရောင်နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားသည်။ ခြေထောက်များက နဂါးနှစ်ကောင်ပေါ်တွင် နင်းတက်၍ လက်ထဲတွင်တော့ ရွှေရောင်ချီစွမ်းအင်မှ ဖွဲ့တည်လာသည့် ကြေးဝါပုဆိန်တစ်လက်ကို စွဲကိုင်ထား၏။
ဘယ်ဘက်နားရွက်တွင် ရွှေရောင်မြွေလေးတစ်ကောင် တွဲလောင်းခိုပြီး ရွှေဓာတ်ချီစွမ်းအင်များကို တရွှီရွှီ မှုတ်ထုတ်နေသည်။
သူ အသုံးပြုလိုက်သည်က သောကြာဂြိုဟ်အရှင်သခင် ရွှေအပိုင်စားကျင့်စဉ် ဖြစ်၏။
ဓာတ်ကြီးငါးပါးအဆင့်တွင် လျှို့ဝှက်ချက်များစွာ ရှိသည်။ ချင်မူမှာ နဂိုကတည်းက ဓာတ်ကြီးငါးပါးအဆင့်တွင် အတော်လေး ပေါက်မြောက်အောင်မြင်ပြီး ဖြစ်သည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လမ်းညွှန်မှုဖြင့် ကြယ်တာရာအရှင်သခင် အသွင်ပြောင်းလဲခြင်း ငါးမျိုးကို လေ့ကျင့်နိုင်ခဲ့သဖြင့် အခြားဓာတ်ကြီးငါးပါးအဆင့် သိုင်းပညာရှင်များထက် အဆများစွာ သာလွန်နေ၏။
“တကယ့်ကို မိစ္ဆာမှော်ပညာပဲ…”
ပန်ချီကိုယ်တော်မှာ ချင်မူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ကွင်းကိုးကွင်းတောင်ဝှေးကို လေထဲတွင် ဝှေ့ယမ်း၍ တူကြီးတစ်လက်ကဲ့သို့ အသုံးပြုပြီး ရိုက်ချလိုက်၏။
ချင်မူ၏ပုဆိန်နှင့် ကွင်းကိုးကွင်းတောင်ဝှေးတို့ ထိပ်တိုက်အတွေ့တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာသည်။ ချင်မူ နောက်သို့ အဆက်မပြတ် ဆုတ်ပေးလိုက်ရ၏။ သူ့ခြေထောက်အောက်မှ နဂါးနှစ်ကောင်က ပြေးထွက်သွားပြီး ပန်ချီကိုယ်တော်၏ ခြေထောက်များကို ရစ်ပတ်လိုက်သည်။ ထိုအခိုက်၌ ပန်ချီကိုယ်တော်၏ ကွင်းကိုးကွင်းတောင်ဝှေးမှ ရွှေရောင်ကွင်းများ ဝဲပျံလာပြီး ချင်မူ၏ ခေါင်းကို ထိမှန်ကာ မီးပွင့်များ တဖွားဖွား ထသွား၏။ ချင်မူမှာ အတော်ဝေးဝေးသို့ လွင့်ထွက်သွားသည်။
ပန်ချီကိုယ်တော်က အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ဝှက်ဖဲများစွာ ရှိ၏။ သူ့ခြေထောက်ကို တစ်ချက် ဆောင့်နင်းချလိုက်သောအခါ ရွှေနဂါးနှစ်ကောင်စလုံး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ ထို့နောက် တောင်ဝှေးကို ဆုပ်ကိုင်၍ လေထဲသို့ ခုန်အတက်တွင် ရွှေကွင်းကိုးကွင်းစလုံး တောင်ဝှေးပေါ်သို့ တဝှစ်ဝှစ် ပြန်လည် ရောက်ရှိလာ၏။
ဘုန်း…။
ပန်ချီကိုယ်တော်က ချင်မူ့ကို တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်။ ချင်မူမှာ ခြေထောက် ထောက်လျက်သား နောက်သို့ တရွတ်တိုက် လွင့်ထွက်သွားသဖြင့် မြေပြင်ပေါ်တွင် အကြောင်းလိုက် တွင်းကြီးနှစ်တွင်း ဖြစ်ပေါ်လာ၏။ သူ့လက်ထဲရှိ ကြေးဝါပုဆိန်မှာလည်း တစ်စစီ ပဲ့ကြွေသွားသည်။
ပန်ချီကိုယ်တော်က အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ပြေးလာပြီး ခြေလှမ်းအနည်းငယ်အတွင်း ချင်မူ၏ ရှေ့သို့ ရောက်ရှိလာ၏။ သူ့တောင်ဝှေးကို လွှဲယမ်း၍ ဘုန်းခနဲ ရိုက်ချလိုက်ပြန်သည်။ ချင်မူမှာ ခြေကုပ်မြဲစွာ ရပ်နိုင်ခြင်းမရှိဘဲ နောက်သို့ တစ်ဆုတ်တည်း ဆုတ်ပေးနေရ၏။
ပန်ချီကိုယ်တော်၏ တောင်ဝှေးက ဝှမ်ခနဲ ရိုက်ချလာပြီး ရွှေကွင်းကိုးကွင်းစလုံး တချွင်ချွင် မြည်ဟည်း၍ ချင်မူ၏ ရင်ဝသို့ ကျရောက်သွားသည်။ ချင်မူ နောက်သို့ ကိုက်ပေါင်းရာချီ လွင့်ထွက်၍ လမ်းတစ်လျှောက်ရှိ တောအုပ်တစ်ဝက်ပင် ပျက်စီးသွား၏။
“မြင်းမိုရ်တောင်မုဒြာ…”
ပန်ချီကိုယ်တော်က ကောင်းကင်ယံသို့ ခုန်တက်၍ ဗုဒ္ဓတရားစာများ ရွတ်ဆိုကာ ချင်မူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ပတ်ဝန်းကျင် တစ်ခွင်လုံး တုန်ခါ၍ သစ်ပင်များ ပြိုလဲသွား၏။ မြေပြင်တွင် ကိုက်သုံးရာပတ်လည်ရှိသော လက်ဝါးရာကြီးတစ်ခု ပေါ်ထွက်လာပြီး အောက်ထဲထိချိုင့်ဝင်သွားသည်။ တစ်ခဏအတွင်း၌ ထိုလက်ဝါးရာကြီး၏ အပေါ်တွင် မရေမတွက်နိုင်သော ဗုဒ္ဓကျမ်းစာသင်္ကေတများ ဝဲလည်လှည့်နေသည့် မြင်းမိုရ်တောင်ပုံရိပ်ကြီး ပေါ်ထွက်လာ၏။
“အော်မီတော်ဖော်… နောက်ဆုံးတော့ မိစ္ဆာလမ်းစဉ်ရဲ့ နတ်ဆိုးကို ရှင်းလင်းနိုင်ခဲ့ပြီ…”
ပန်ချီကိုယ်တော်က လက်တစ်ဖက်တွင် တောင်ဝှေးကို ကိုင်ဆောင်၍ အခြားလက်တစ်ဖက်ဖြင့် ရင်ဝတွင် လက်အုပ်ချီကာ မြေပြင်သို့ ပြန်ဆင်းသက်လာသည်။ လက်ဝါးရာတွင်းချိုင့်ကြီး၏ ဘေးတွင် မတ်တတ်ရပ်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။ “ကိုယ်တော်က သတ်ဖြတ်ခြင်းကို မနှစ်ခြိုက်ပေမဲ့ လောကကြီးကနေ မိစ္ဆာနတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့အတွက် အငြင်သာဆုံး နည်းလမ်းကို အသုံးပြုခဲ့ရတယ်… ရွေးချယ်စရာ မရှိဘူး… ဂိုဏ်းသခင်ရဲ့ အပြစ်သားဝိညာဉ် ကောင်းရာမွန်ရာရောက်ပြီး မကောင်းမှု ထပ်မကျူးလွန်နိုင်စေဖို့အတွက် ဗုဒ္ဓတရားတော်တွေ ရွတ်ဖတ်ဆုတောင်းပေးပါ့မယ်…”
သူ တရားစာ ရွတ်ဖတ်ရန် ပြင်လိုက်စဉ် ခေါင်းမွေးများ ထောင်ထသွားပြီး ကမန်းကတန်း နောက်ခုန်ဆုတ်လိုက်သည်။ မြေပြင်က အက်ကွဲ၍ ရွှေရောင် ချီစွမ်းအင်ဆူးချွန်များ ပြေးထွက်လာ၏။
ပန်ချီကိုယ်တော်က တောင်ဝှေးကို မြေပေါ်သို့ ဆောင့်ချလိုက်သည်။ ရွှေကွင်းကိုးကွင်းက အရပ်မျက်နှာအနှံ့ ပြေးထွက်သွားပြီး ရွှေရောင် ချီစွမ်းအင်ဆူးချွန်များကို ဖျက်ဆီးပစ်၏။ ထိုအခိုက်၌ မြင်းမိုရ်တောင်ပုံရိပ်ကြီး တစ်စစီ ပြိုကွဲပြီး ရွှေရောင်ချီစွမ်းအင်များက မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုဓားအလင်းတန်းများက ကိုက်ပေါင်းဒါဇင်ချီ ရှည်လျားသော ဓားရှည်တစ်လက်အဖြစ် ပေါင်းစည်း၍ ပန်ချီကိုယ်တော်၏ ရင်ဝကို ထိုးစိုက်လိုက်ရာ ဒင်ခနဲ မြည်ဟည်းသွား၏။
ပန်ချီကိုယ်တော်မှာ ရင်ဝတစ်ခုလုံး အောင့်မျက်နာကျင်သွားပြီး ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့လည်ပင်းရှိ စိပ်ပုတီးမှ ဗုဒ္ဓတရားသံများ လွင့်ပျံ့လာ၏။ ထိုတရားသံ၏ တုန်ခါမှုမှ ဗုဒ္ဓကျမ်းစာသင်္ကေတများ စီးမျောထွက်ပေါ်လာပြီး ဓားအလင်းတန်းများကို တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်တားဆီးလိုက်သည်။ နောက်ဆုံးတွင်တော့ ချင်မူ၏ ဓားအလင်းတန်းများ ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ဘဲ ရပ်တန့်သွား၏။
ဤအခိုက်၌ ပန်ချီကိုယ်တော်၏ ရှေ့တွင် အလင်းရောင်များ တဖျတ်ဖျတ် လက်၍ ကြီးမားသော လှိုင်းလုံးကြီးတစ်လုံး ကောင်းကင်ယံသို့ ထိုးတက်လာသည်။ ချင်မူက သွေးနီရောင် မြွေခန္ဓာကိုယ်နှင့် ရေအပိုင်စား ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲသွားပြီး လက်ထဲတွင် အသွားသုံးချောင်းပါ ခက်ရင်းခွတစ်လက်ကို ကိုင်ဆောင်ထား၏။
ထိုခက်ရင်းခွက ပန်ချီကိုယ်တော်ထံ ထိုးစိုက်လာပြီး ရေလှိုင်းလုံးကြီးကလည်း လက်ဟန်မုဒြာတစ်ခုအသွင် ပြောင်းလဲ၍ ရိုက်ချလိုက်သည်။
ပန်ချီကိုယ်တော်၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်မာန်သွင်း၍ ခုခံကာကွယ်လိုက်သော်လည်း သူ့အပေါ် ပိကျလာသည့် အားလှိုင်းက အဆမတန် ကြီးမားလှ၏။
ခက်ရင်းခွက သူ့ရင်ဝသို့ ရောက်ရှိလာပြီး ခေါင်းသုံးခေါင်းရှိသည့် နဂါးတစ်ကောင်အသွင် ပြောင်းလဲ၍ တစ်ဟုန်ထိုး ပေါက်ချလိုက်သည်။ ရေလှိုင်းလုံးကြီးကလည်း ဘုန်းခနဲ ဝင်ဆောင့်သဖြင့် ပစ်ကျသွား၏။ မြေပြင်ပေါ်တွင်တော့ တွင်းကြီးတစ်ခု ဖြစ်သွားသည်။
ရေလှိုင်းလုံး ပျောက်ကွယ်သည်နှင့် ပန်ချီကိုယ်တော် ကမန်းကတန်း ထအရပ်တွင် သူ့မျက်နှာတည့်တည့်သို့ နွားခေါင်းလူကိုယ်နှင့် မကောင်းဆိုးဝါးတစ်ကောင် မီးလျှံနဂါးများ စီးနင်း၍ ပြေးဝင်လာနေကြောင်း တွေ့လိုက်ရ၏။ ဤမကောင်းဆိုးဝါး၏ မျက်ခုံးနှစ်ခုအလယ်မှ နွားမျက်လုံးတစ်လုံး ပေါ်ထွက်လာပြီး မီးတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ပန်ချီကိုယ်တော် လက်မြှောက်၍ အကာတွင် လက်ဖဝါးတစ်ခုလုံး ပူခနဲ ဖြစ်သွား၏။ သူ့လက်ချောင်းနှစ်ချောင်း ပြတ်တောက်သွားချေပြီ။
သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင်ဖြစ်ပေါ်လာသည်။ တောင်ဝှေးကို တင်းတင်းဆုပ်ကိုင်၍ တူတစ်ချောင်းကဲ့သို့ ရိုက်ချလိုက်၏။ တောင်ဝှေးထိပ်ပိုင်းက ကြီးသည်ထက် ကြီးလာပြီး တောင်ကြီးတစ်လုံးကဲ့သို့ ပိကျသွားသည်။ အခြားလက်တစ်ဖက်ကလည်း လက်ဟန်မုဒြာတစ်ခု ထုတ်ဖော်၍ ရိုက်ချလိုက်၏။
ချင်မူက အင်္ဂါဂြိုဟ်အရှင်သခင်အသွင်ဖြင့် မာန်သွင်းအော်ဟစ်လိုက်သည်။ သူ၏ခွန်အားက အဆုံးအစမဲ့ မြင့်တက်လာပြီး နောက်ကျောဘက်၌ မီးလျှံဘူးသီးခြောက်တစ်လုံး ပေါ်ထွက်လာ၏။ ထိုမီးလျှံဗူးသီးခြောက်ကို ရင်ခွင်ထဲတွင် ပိုက်၍ ချီစွမ်းအင်များ ပို့လွှတ်လိုက်သောအခါ တရှိန်ရှိန် တောက်လောင်နေသည့် အစစ်အမှန်မီးလျှံများ ထွက်ပေါ်လာပြီး ကွင်းကိုးကွင်းတောင်ဝှေးကို ရဲရဲနီအောင် လောင်တိုက်သွင်းပစ်သည်။ တောင်ဝှေးဆီမှ ရွှေများ အရည်ပျော်စီးကျလာ၏။
ပန်ချီကိုယ်တော်မှာ အံ့အားသင့်သွားသည်။ သူ၏ ကွင်းကိုးကွင်းတောင်ဝှေးက ခက်ခက်ခဲခဲ စီရင်သွန်းလုပ်ခဲ့ရသည့် ဝိညာဉ်လက်နက် ဖြစ်၏။ ယခုတော့ ချင်မူ၏ ဘူးသီးခြောက်မှ အစစ်အမှန်မီးလျှံဒဏ်ကို မခံနိုင်ဘဲ အရည်ပျော်စ ပြုနေချေပြီ။
သို့သော်လည်း ယခုက ဤအကြောင်းကို တွေဝေစဉ်းစားနေရန် အချိန်အခါ မဟုတ်။ သူ့ဝိညာဉ်လက်နက်ကို စတေး၍ ချင်မူ့ကို အသေရိုက်သတ်ရန် ဆုံးဖြတ်လိုက်သည်။
ဘုန်း…။
မီးလျှံဘူးသီးခြောက်က ပန်ချီကိုယ်တော်၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲပျက်စီးသွား၏။ ချင်မူ့ခြေထောက်အောက်မှ မီးနဂါးနှစ်ကောင်မှာလည်း တစ်စစီ ဖြစ်သွားသည်။ ပန်ချီကိုယ်တော်က မဆိုင်းမတွပင် မြင်းမိုရ်တောင်မုဒြာကို ထုတ်သုံးလိုက်သည်။ ချင်မူ၏ ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီး ကောင်းကင်ယံမှ အစိမ်းရောင်အလင်းတန်းတစ်ခု ကျဆင်းလာကာ လူခေါင်း၊ ငှက်ကိုယ်ရှိသည့် သစ်သားအပိုင်စား ကြာသပတေးဂြိုဟ်အရှင်သခင် အသွင်သို့ ပြောင်းလဲသွား၏။ နောက်ကျောတွင် အတောင်ပံတစ်စုံ၊ ခြေထောက်အောက်တွင် နဂါးစိမ်းနှစ်ကောင် ပါရှိပြီး အတောင်ပံတဖျပ်ဖျပ် ခတ်၍ ကောင်းကင်ယံသို့ ထိုးတက်ကာ မြင်းမိုရ်တောင်ပုံရိပ်ကို ရှောင်ရှားလိုက်သည်။ ပန်ချီကိုယ်တော်၏ အထက်ကောင်းကင်ယံသို့ ရောက်လျှင်ရောက်ချင်း လက်ထဲရှိ မိုးမခကြာပွတ်ဖြင့် ရိုက်ချလိုက်၏။
ပန်ချီကိုယ်တော်မှာ လက်မြှောက်၍ ကြာပွတ်ရိုက်ချက်ကို ခံယူပြီးမှ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ ဤကြာပွတ်က အလွန်တရာ ပျော့ပျောင်းပြီး သူ့လက်မောင်းကို မြွေစိမ်းတစ်ကောင်ကဲ့သို့ ရစ်ပတ်လာ၏။ ထို့နောက် ရုတ်တရက် ကြီးထွား၍ တစ်ကိုယ်လုံး ရစ်ပတ်မိသွားသည်။
မျက်စိတစ်မှိတ်အတွင်း၌ ဤမိုးမခကြာပွတ်က ရေစည်ပိုင်းခန့် တုတ်ခိုင်သည့် မိုးမခပင်အဖြစ်သို့ ပြောင်းလဲသွားပြီး ပန်ချီကိုယ်တော်ကို ရစ်ပတ်ချုပ်နှောင်ထားလိုက်၏။
တစ်ချိန်တည်းမှာပင် ချင်မူ၏ ခြေထောက်အောက်မှ နဂါးစိမ်းနှစ်ကောင်က သေးငယ်ကျုံ့ဝင်၍ အစိမ်းရောင် ချီစွမ်းအင်တန်းနှစ်ခုအဖြစ် ပြောင်းလဲပြီး ပန်ချီကိုယ်တော်၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားသည်။
“ဒီလောကထဲကို လက်ဗလာနဲ့လာပြီး လက်ဗလာနဲ့ ပြန်သွားရတယ်… အာရုံခြောက်ပါး၊ ပိတ်ဆို့စေ…”
ပန်ချီကိုယ်တော်က အစိမ်းရောင် ချီစွမ်းအင်တန်းနှစ်ခု သူ့ကိုယ်ထဲသို့ မဝင်နိုင်အောင် အာရုံခြောက်ပါးကို ပိတ်ဆို့ပြီး ဗုဒ္ဓအလင်းတန်းများဖြင့် ဖျက်ဆီးပစ်၏။ လည်ပင်းရှိ ပုတီးစေ့များက တစ်လုံးပြီးတစ်လုံး ပေါက်ကွဲ၍ မိစ္ဆာစိတ်ရိုင်းများ ထွက်ပေါ်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ပန်ချီကိုယ်တော်၏ မိစ္ဆာစိတ်ရိုင်းများ ထကြွသောင်းကျန်းလာပြီး ရင်ခေါင်းသံဖြင့် အော်ဟစ်မြည်ကြွေးလိုက်၏။ သူ့ခန္ဓာကိုယ်က ထပ်မံ၍ ဖောင်းကြွလာပြီး ရစ်ပတ်ချုပ်နှောင်ထားသည့် မိုးမပင်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ “မင်းတို့ဘိုးဘိုးဗုဒ္ဓ ဒေါသထွက်လာရင် ကောင်းကင်ဘုံတောင် လမ်းဖယ်ပေးရတယ်… မိစ္ဆာကောင်၊ သေစမ်း…”
ထိုအခိုက်၌ ချင်မူက ထပ်မံ၍ အသွင်ပြောင်းလဲပြီး လူခေါင်းမြွေကိုယ်နတ်ဘုရားတစ်ပါး ဖြစ်သွား၏။ သူ့နောက်ကျောဘက်တွင် ကောင်းကင်အလိုတော်မုခ်ဝ ပေါ်ထွက်လာသည်။ လက်ထဲတွင် ဝက်ခုတ်ဓားမနှစ်လက် ကိုင်စွဲ၍ တစ်ဘက်ရန်သူထံ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
တဝုန်းဝုန်း ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ပန်ချီကိုယ်တော်၏ ပတ်ပတ်လည်၌ ဗုဒ္ဓအလင်းတန်းများနှင့် မီးပွင့်များ တဖွားဖွား လွင့်ပျံနေသော်လည်း ဝက်ခုတ်ဓားမနှစ်လက်က သူ့ခန္ဓာကိုယ်ကို ခြစ်ရာမျှ ထင်အောင်ပင် မလုပ်နိုင်ခဲ့။
“မင့်ဘိုးဘိုးဗုဒ္ဓက ဝဇိရစိန်ခန္ဓာကို ပိုင်ဆိုင်ထားတာ၊ ဘာနဲ့မှ ဖျက်ဆီးလို့ မရဘူးကွ…”
ပန်ချီကိုယ်တော်က ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် လက်ထဲရှိ တောင်ဝှေးကို အားကုန်လွှဲယမ်းကာ အဆက်မပြတ် ရိုက်ချလိုက်သည်။ ချင်မူက လက်ထဲရှိ ဓားမများဖြင့် ဆီးကြိုလိုက်ရာ တအုန်းအုန်းအသံများ ပေါက်ကွဲထွက်ပေါ်လာပြီး အနီးအနားတောအုပ်ရှိ ငှက်များ၊ သားရဲများပင် လန့်ဖြန့်ထွက်ပြေးသွားကြ၏။
ချင်မူ၏ လက်ထဲမှ ဓားမများက သူတို့နှစ်ဦး တိုက်ခိုက်သည့် အားလှိုင်းဒဏ်ကို ခံနိုင်ရည် မရှိဘဲ အက်ကွဲကြောင်းလိုက်၍ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် ပန်ချီကိုယ်တော်၏ လက်ထဲမှ တောင်ဝှေးလည်း ပေါက်ကွဲပျက်စီးသွား၏။
“သေစမ်း…”
ပန်ချီကိုယ်တော်က အဆက်မပြတ် အော်ဟစ်၍ တောင်လုံးကြီးကဲ့သို့ လက်သီးဆုပ်ဖြင့် ထုချလိုက်၏။ ချင်မူကလည်း ဒေါသတကြီး မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ ဖောင်းကြွလာပြီး ခန္ဓာကိုယ်တစ်ဝိုက်၌ လျှပ်စီးတန်းများ ရစ်သိုင်းလွှမ်းခြုံလာ၏။ ထို့နောက် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ထုတ်ဖော်၍ ပန်ချီကိုယ်တော်၏ လက်သီးချက်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
လူ့ဘီလူးကြီးနှစ်ယောက် တောအုပ်ထဲတွင် လက်သီးချင်း ပြိုင်ထိုးနေသခိုက်၌ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ရုတ်တရက် ပျံဝဲထွက်ပေါ်လာပြီး ပန်ချီကိုယ်တော်၏ ခေါင်းနောက်ဘက်မှ နေလုံးကြီးကို လျှပ်တပြက် ထိုးစိုက်လိုက်၏။
ပန်ချီကိုယ်တော်မှာ အံ့အားသင့်သွားပြီး ကမန်းကတန်း လက်ဆန့်၍ ခုခံကာကွယ်လိုက်သည်။ ဤအခိုက်၌ ချင်မူက ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်ကို အသုံးပြု၍ ထိုးနှက်လိုက်သဖြင့် ပန်ချီကိုယ်တော်၏ စိတ်ဝိညာဉ် တစ်ခဏမျှ ယိမ်းယိုင်သွားပြီး ဓားအလင်းတန်းကို တားဆီးနိုင်ခြင်း မရှိတော့ချေ။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက သူ့ခေါင်းနောက်ရှိ နေလုံးကြီးကို ထိုးဖောက်စိုက်ဝင်သွား၏။
ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်မှာလည်း တစ်မုဟုတ်ချင်း ပျက်ပြယ်သွားပြီး ပန်ချီကိုယ်တော်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြန်ကျုံ့ဝင်လာသည်။ ချင်မူက လက်သီးတစ်ချက် ထပ်အထိုးလိုက်တွင် သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံး ပြင်းစွာ တုန်ခါပြီး အင့်ခနဲ ညည်းညူ၍ နောက်ဆုတ်သွားရ၏။
ချင်မူ၏ လက်သီးချက်များက လေမုန်တိုင်းတိုက်သကဲ့သို့ တရစပ် ကျဆင်းလာသဖြင့် တစ်ကိုယ်လုံး ဖူးရောင်သွားသည်။ ပန်ချီကိုယ်တော်မှာ တဖြည်းဖြည်း ကြောက်ရွံ့ထိတ်လန့်လာသဖြင့် နောက်လှည့်၍ ထွက်ပြေးတော့၏။ ခြေလှမ်းအနည်းငယ်အတွင်း၌ ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။
ချင်မူက တစ်ခဏမျှ ရပ်တန့်၍ မိုးပေါ်သို့ မော့ကြည့်လိုက်၏။ ပန်ချီကိုယ်တော်၏ ပြေးနှုန်းက အလွန်တရာ လျင်မြန်လှသည့်အတွက် အသက်တစ်ရှိုက်၊ နှစ်ရှိုက်အတွင်း ခြောက်မိုင်၊ ခုနစ်မိုင်ခန့် ရောက်ရှိသွားသည်။ ထိုအခါမှ ပြေးနေခြင်းကို ရပ်တန့်လိုက်၏။ သူ့ခြေထောက်အောက်တွင် ကြာပွင့်တိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီး လေပေါ်သို့ ပျံတက်လိုက်သည်။ “ဒီမိစ္ဆာနတ်ဆိုးက စွမ်းအားကြီးတဲ့အပြင် ဝှက်ဖဲတွေလည်း အများကြီးရှိတယ်… ဒါပေမဲ့ သူ့ပြေးနှုန်းက မမြန်တော့ အမီလိုက်နိုင်မှာ မဟုတ်ဘူး၊ ငါ့ကိုယ်ငါ ပြန်ပြင်ဆင်ချိန် ရသေးလို့ တော်သေးတာပေါ့…”
သူ ထိုသို့ အတွေးပေါ်ခိုက်တွင် ဘုန်းခနဲအသံကြီး ကြားရသဖြင့် ကမန်းကတန်း နောက်လှည့်ကြည့်လိုက်၏။ မြင်ရသည့် မြင်ကွင်းကြောင့် ပန်ချီကိုယ်တော် ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ ချင်မူက လေထုကို ထိုးခွင်းပြေးလွှားလာ၏။ သူ့ပြေးနှုန်းက မြန်လွန်းသည့်အတွက် လူရိပ်ကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။
ဘုန်း…။
ချင်မူ၏ လက်သီးချက်က ပန်ချီကိုယ်တော်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ မျက်နှာတစ်ပြင်လုံး ချိုင့်ခွက်ဝင်၍ ခေါင်းနောက်ဘက်မှ နဂါးကိုးကောင်မုန်တိုင်း လက်သီးချက်၏ စွမ်းအား ပေါက်ကွဲထွက်ပေါ်လာ၏။
ကောင်းကင်ယံတွင် သွေးနီရောင် အလင်းတန်းများနှင့်အတူ အစွယ်ဖြဲ၍ လက်သည်းများ ဝှေ့ယမ်းနေသော နဂါးစိမ်း လေးဆယ့်ငါးကောင် မိုးပေါ်သို့ ထိုးတက်သွားသည်။ ၎င်းတို့ကြားမှ ခေါင်းမရှိတော့သည့် ရုပ်အလောင်းတစ်ခု မြေပေါ်သို့ ပြုတ်ကျသွား၏။
“သောက်တုံးကိုယ်တော်၊ မင်းကို ငါ ဆယ်မိုင် အကျောပေးတယ်…”