ဆေးဆရာ၏အိုး
Vol. 17 Ch. 232
“အိုး… နာလိုက်တာ…”
ချင်မူ မြေပြင်ပေါ်သို့ ပြန်ဆင်းလိုက်ပြီး ခြေလက်များမှ နာကျင်မှုကြောင့် စုတ်သပ်မိသည်။
ဤကိုယ်တော်၏ ခန္ဓာကိုယ်က ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်ကြောင့် ဝိညာဉ်လက်နက်များဖြင့်ပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခြင်း မရှိသည်အထိ အလွန်တရာ ခိုင်ခန့်မာကြောနေ၏။ ကောင်းကင်နတ်သိုင်းများမှာလည်း အသုံးမဝင် ဖြစ်ရသည်။ သို့အတွက်ကြောင့် ချင်မူ အတော်လေး အားအင်ကုန်ခန်းသွား၏။
ပန်ချီကိုယ်တော်၏ တိုက်ခိုက်မှုများကလည်း လွန်စွာ ပြင်းထန်သည့်အတွက် ချင်မူ့တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေသည်။ အထူးသဖြင့် ကွင်းကိုးကွင်းတောင်ဝှေးကြောင့် သူ့ခေါင်းတစ်ခုလုံး ပွင့်ထွက်လုနီးပါး ဖြစ်ရ၏။ ကံကောင်းထောက်မ၍ ဤကိုယ်တော်၏ တိုက်ခိုက်မှုများက လှည့်ကွက်မပါ တည့်တိုးသာ ဖြစ်သဖြင့် အဆုံးသတ်တွင် ချင်မူ အနိုင်ရရှိခဲ့သည်။
“အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေက အတော်စွမ်းအားကြီးတာပဲ… လျှော့တွက်လို့ မဖြစ်ဘူး…”
ချင်မူ ခေါင်းမှ အဖုကို စမ်းရင်း တကျွတ်ကျွတ် ညည်းညူမိ၏။ ထို့နောက် သွေးခဲ မကျန်ခဲ့စေရန် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသုံးပြု၍ ချီစွမ်းအင်နှင့် သွေးများကို လှည့်ပတ်စေလိုက်သည်။
သူ့နံရိုးနှစ်ချောင်း ကျိုးသွားပြီး ကျောတစ်ပြင်လုံးလည်း စုတ်ပြတ်သတ်နေ၏။ ဤဒဏ်ရာဒဏ်ချက်များက မြင်းမိုရ်တောင်မုဒြာကြောင့် ဖြစ်ပေလိမ့်မည်။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က အနာကျက်စေနိုင်သော်လည်း ဝိညာဉ်ဆေးလုံးများ၊ အစွမ်းထက် အနာကျက်ဆေးများနှင့်တော့ မယှဉ်နိုင်ပေ။ ကံကောင်းထောက်မသည်မှာ ရရှိထားသည့် ဒဏ်ရာများက သေစေနိုင်လောက်သည့် ဒဏ်ရာ မဟုတ်ခြင်း ဖြစ်၏၊
“ရွာပြန် ဒဏ်ရာတွေ ကုပြီးမှပဲ မိစ္ဆာမျောက်ဝံကို ရှာတော့မယ်…”
ချင်မူက ကျိုးသွားသော နံရိုးနှစ်ချောင်းကို ဆက်၍ ပန်ချီကိုယ်တော်၏ အလောင်းကို အဝေးသို့ ပစ်ချလိုက်သည်။ မဟာမြို့ပျက်တွင် အလောင်းကို မြေမြှုပ်ရိုးထုံးစံ မရှိပေ။ အလောင်းမှ သွေးညှီနံ့ကြောင့် သားရဲများ ရောက်လာပြီး စားသောက်ပစ်ကြမည်သာ ဖြစ်၏။ အလွန်ဆုံး အရိုးသာ ကျန်ပေလိမ့်မည်။
ကံမကောင်းလျှင် အရိုးပင် ကျန်လိမ့်မည်မဟုတ်။
ချင်မူ ရွာသို့ ပြန်ရောက်သောအခါ ရွာအပြင်ဘက်ရှိ ဆေးပင်ခြံမှ ဆေးပင်အချို့ ခူးယူပြီး ဆေးနှစ်အိုး ဖော်စပ်လိုက်သည်။ တစ်အိုးက အပြင်ဒဏ်ရာများအတွက် ဖြစ်ပြီး ကျန်တစ်အိုးက အတွင်းဒဏ်ရာများအတွက် ဖြစ်၏။ ထို့နောက် နဂါးချီလင်ထံမှာ နဂါးသွားရည်အချို့ တောင်းယူ၍ ဆေးထဲသို့ ရောစပ်လိုက်သည်။
နဂါးချီလင်က ချင်မူ၏ ဖူးရောင်နေသော သွင်ပြင်ကို ကြည့်၍ ဇဝေဇဝါ ဖြစ်သွားသော်လည်း မည်သည်ကိုမျှ မမေးချေ။
နန်းတွင်းကောလိပ်တွင် စောင့်ကြပ်စဉ်ကကဲ့သို့ ရွာအဝင်ဝတွင် အသင့်အနေအထားဖြင့်သာ မလှုပ်မယှက် ဆောင့်ကြောင့်ထိုင်နေသည်။ သို့သော်လည်း ဤနဂါးချီလင်က စောင့်ကြပ်သည်ဟု အမည်ခံ၍ လှုပ်ရှားဖို့ရန် ပျင်းရိနေခြင်းသာ ဖြစ်ကြောင်း ချင်မူ ခံစားမိ၏။
တုထျန်းမိစ္ဆာဘုရင်ကလည်း မလှုပ်မယှက် ရှိနေသည်။ နဂါးချီလင်က လှုပ်ရှားဖို့ရန် ပျင်းရိငြီးငွေ့နေခြင်း ဖြစ်ပြီး သူက နားကန်း၏ လက်ချက်ကြောင့် လှုပ်ရှားမရခြင်း ဖြစ်၏။
ချင်မူက စိတ်အေးလက်အေး အနားယူနေသည်။ ညရောက်သည့်တိုင် နားကန်းက ပြန်ရောက်မလာသေးချေ။ တခြားလူများလည်း ပြန်လာသေးခြင်း မရှိ။
နောက်တစ်နေ့ ရောက်သည့်အခါတွင်လည်း မည်သူမျှ ပြန်မလာပေ။ ချင်မူ၏ အဆုတ်က အောင့်နေဆဲ ရှိသဖြင့် အသက်ပြင်းပြင်း ရှူ၍ မရသေးချေ။ နံရိုးနှင့် နောက်ကျောမှ ဒဏ်ရာများကတော့ ကျက်သွားပေပြီ။
“အဆုတ်ဒဏ်ရာ မြန်မြန်ပြန်ကောင်းဖို့ဆိုရင် အဆုတ်ထဲ ဆေးငွေ့ဝင်အောင် ပေါင်းခံရမှာ… ဒါပေမဲ့ ငါ့ကို မီးထိုးပေးမဲ့လူ ဘယ်သူမှ မရှိဘူး…”
ဤလူငယ်လေးက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း ဖြည်းညင်းစွာ လမ်းလျှောက်သွား၏။ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းရှူထုတ်လုပ်ရင်း အဆုတ်ဒဏ်ရာများ အနည်းငယ် သက်သာလာသည်။ ရုတ်တရက် သူ့ခေါင်းထဲတွင် မေးခွန်းတစ်ခု ပေါ်လာ၏။ “ဒီနှစ်ကူးပြီးရင် ငါက ဆယ့်ငါးနှစ် ရောက်မှာလား၊ ဆယ့်ခြောက်နှစ် ရောက်မှာလား…”
သူ့အသက်က ရွာသူရွာသားများကြားတွင် အမြဲလိုလို ငြင်းခုန်စရာ ဖြစ်သည်။ ရွာလူကြီးနှင့် အဘွားစစ်က ဤကိစ္စနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ ငြင်းခုန်ကြသော်လည်း ယခုထက်ထိ အဖြေမထွက်ပေ။
အဘွားစစ် ချင်မူ့ကို ကောက်ယူမွေးစားခဲ့သည်မှာ နွေဦးရာသီအစ ဖြစ်ပြီး ထိုအချိန်၌ သူက နှစ်လသား၊ သုံးလသားအရွယ် ရှိနေပြီ ဖြစ်၏။ အဘွားစစ်က ချင်မူ့ကို နှစ်သစ်ကူးမတိုင်မီ မွေးခဲ့ခြင်း ဖြစ်မည်ဟု ယူဆပြီး ရွာလူကြီးက နှစ်သစ်ကူးပြီးမှ မွေးခြင်း ဖြစ်မည်ဟု ယူဆသည်။
နှစ်သစ်ကူးမတိုင်မီ မွေးခြင်းဖြစ်လျှင် သူ့အသက်က ဆယ်ခြောက်နှစ်ထဲ ရောက်တော့မည် ဖြစ်ပြီး နှစ်သစ်ကူးပြီးမှဆိုလျှင် သူ့အသက်က ဆယ့်ငါးနှစ်ထဲသာ ရှိဦးမည် ဖြစ်၏။
နှစ်သစ်ကူးရောက်သည့်အခါတိုင်း အဘွားစစ်နှင့် ရွာလူကြီးတို့နှစ်ယောက် ဤကိစ္စနှင့် ပတ်သက်၍ စကားများကြသည်။ ဤတစ်ကြိမ်တွင်လည်း သူတို့နှစ်ယောက် စကားများကြပေလိမ့်ဦးမည်။
ထိုအခိုက်၌ တဝီဝီ အသံကြားသဖြင့် ချင်မူ ခေါင်းမော့ကြည့်လိုက်သည်။ ရွှေရောင်ပိုးကောင်အချို့ ရွာအပြင်ဘက် တောအုပ်ထဲမှ ပျံသန်းထွက်ပေါ်လာသည်ကို တွေ့ရ၏။
သူ မျက်တောင်တစ်ချက် အခတ်တွင် ထိုရွှေရောင်ပိုးကောင်များက တဝီဝီ ပျံသန်း၍ ပျောက်ကွယ်သွားသည်။
အတန်ကြာသောအခါ နောက်ထပ်ပိုးကောင်များ ရောက်လာပြီး ရွာပတ်ပတ်လည်တွင် ဝိုင်းဖွဲ့ပျံသန်း၍ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြန်၏။
“အံ့ဖွယ်သုံးသွယ်ရဲတိုက်က အမျိုးသမီး ရောက်လာပြီ…”
ချင်မူ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီးက ပန်ချီကိုယ်တော်ထက် ပို၍ စွမ်းအားမြင့်မားပြီး ပိုးကောင်များကို ထိန်းချုပ်နိုင်၏။ သူ၏ ပိုးကောင်များက အဆိပ်ရှိပြီး သံမဏိကဲ့သို့ မာကျော၍ ဝိညာဉ်လက်နက်များကိုပင် အမှုန့်ဖြစ်အောင် ကိုက်ဝါးပစ်နိုင်သည်။
ဤအမျိုးသမီးက ထိုကဲ့သို့သော ပိုးကောင်ပေါင်း ထောင်ချီကို ထိန်းချုပ်နိုင်၏။ ချင်မူအနေဖြင့် ဤမျှ များပြားလှသော ပိုးကောင်များ တစ်ပြိုက်နက် ဝိုင်းတိုက်သည်ကို ခံနိုင်စွမ်း မရှိချေ။ မျက်စိတစ်မှိတ်အတွင်း အရိုးပါမကျန်အောင် ဝါးမျိုစားသုံးခြင်း ခံရပေလိမ့်မည်။
“ရွာထဲကို သူဝင်လာတာ စောင့်မှာထက် ရွာပြင်ထွက်ပြီး တိုက်ခိုက်တာက ပိုကောင်းလိမ့်မယ်…”
ချင်မူ ဟိုဟိုသည်သည် ကြည့်ရှုပြီး ဆေးဆရာ၏ အိမ်ရှေ့၌ ရပ်တန့်၍ မြေအိုးကွဲတစ်လုံးကို သတိထား ကောက်ယူလိုက်၏။ ထိုအိုးကွဲထဲတွင် အမြီးတယမ်းယမ်းနှင့် အချင်းချင်း တိုက်ခိုက်နေကြသော ကင်းမြီးကောက်များ ရှိသည်။ ၎င်းတို့က ချင်မူ ကျွေးထားသည့် စွမ်းအင်ဆေးလုံးများကို လုယက်နေကြခြင်း ဖြစ်၏။
ချင်မူက အိုးကွဲကို ပိုက်၍ ရွာပြင်သို့ ထွက်သွားသည်။ နဂါးချီလင်က သူ့ကို တစ်ချက်ကြည့်၍ ခပ်တိုးတိုး မေးလိုက်၏။ “သခင်လေး ဘာသွားလုပ်မလို့လဲ…”
“ချမလို့…” ချင်မူက လေသံတင်းတင်းဖြင့် ပြောလိုက်သည်။
“ချဦးမှာလား…” နဂါးချီလင်က များစွာ စိတ်ဝင်စားခြင်း မရှိချေ။ “ဒီတစ်ခေါက်တော့ တစ်ကိုယ်လုံး ဒဏ်ရာတွေ အပြည့်နဲ့ ပြန်မလာနဲ့နော်…”
ချင်မူက မြစ်ဘေးသို့ ဦးတည်လျှောက်သွားပြီး ပိုးကောင်များက ချုံပုတ်များ၊ သစ်ရွက်များကြား၌ ပုန်းလျှိုးကွယ်လျှိုး လိုက်ပါလာသည်။
ချင်မူ ခြေလှမ်းများ ရပ်၍ ခဏစောင့်လိုက်၏။ သူ့အနီးတွင် ပိုးကောင်များ များသည်ထက်များလာပြီး မြစ်ရေမျက်နှာပြင်ထက်တွင် ဝဲပျံနေကြသည်။ ဤပိုးကောင်အုပ်က မြစ်ပြင်ပေါ်တွင် ရွှေရောင်ဇာပဝါတစ်ထပ် ဖြန့်ခင်းထားသည်နှင့်ပင် တူနေသေးတော့၏။
မာန်ဟုန်မြစ်အတွင်းရှိ ငါးကြီးများက ပြောင်ပြောင်လက်လက် ပိုးကောင်များကို မြင်သောအခါ ဖမ်းယူစားသောက်ရန် ရေထဲမှ ခုန်ထွက်လာသည်။ သို့သော်လည်း ၎င်းတို့ လေထဲရောက်သည်နှင့် ပိုးကောင်များက ထူးဆန်းစွာ အော်မြည်၍ သုံးကိုက်ခန့်အရွယ်ထိ ကြီးထွားသွား၏။ ထို့နောက် ထိုငါးကြီးများကို ဝိုင်းအုံကိုက်ခဲ စားသောက်ပစ်ကြသည်။ များစွာမကြာလိုက်ဘဲ မာန်ဟုန်မြစ်အတွင်းမှ ငါးကြီးများမှာ အရိုးသာ ကျန်တော့ပြီး ရေထဲသို့ ပြန်ပြုတ်ကျသွား၏။
ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ မာန်ဟုန်မြစ်ထဲမှ ငါးကြီးများက လွန်စွာ ခွန်အားကြီးလှပြီး ဝိညာဉ်သန္ဓေသားအဆင့်၊ ဓာတ်ကြီးငါးပါးအဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီး မွေးမြူထားသည့် ဤအဆိပ်ပိုးကောင်များနှင့် ကြုံတွေ့ရာတွင်တော့ အနည်းငယ်မျှပင် ခံနိုင်ရည် မရှိချေ။
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်…”
မြစ်အောက်ဘက်မှ အသံတစ်သံ လွင့်ပျံလာသဖြင့် ချင်မူ လှမ်းကြည့်လိုက်သည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီးက ရွှေရောင်ပိုးကောင်အုပ်ပေါ် နင်းတက်၍ မာန်ဟုန်မြစ်အောက်ဘက်မှ ဆန်တက်ပျံသန်းလာ၏။
ထိုအမျိုးသမီးက မပျံသန်းနိုင်သော်လည်း ပိုးကောင်များက ပျံသန်းနိုင်သည်။ မရေမတွက်နိုင်သော ပိုးကောင်များက အမျိုးသမီး၏ ပတ်ပတ်လည်တွင် ဝန်းရံပျံသန်းလာပြီး ထိုထဲတွင် အခြားအဆိပ်ပိုးကောင်များထက် အရွယ်အစား ကြီးမားသော ရွှေရောင်ပိုးကောင်ဘုရင်မ တစ်ကောင် ပါလာ၏။ အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီးက ဤပိုးကောင်ဘုရင်မ၏ ကျောပေါ်တွင် ရပ်၍ လိုက်ပါလာခြင်း ဖြစ်သည်။
ချင်မူက ချိုမြစွာ ပြုံး၍ မေးလိုက်၏။ “မမကြီးကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ မသိဘူး…”
ချိုးယွဲ့က ချင်မူနှင့် ကိုက်ပေါင်းရာချီအကွာတွင် ပိုးကောင်အုပ်ကို ရပ်တန့်စေ၍ စိတ်ဝင်တစား မေးမြန်းလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က မြင့်မားတဲ့ အဆင့်အတန်း ရှိရဲ့နဲ့ ဘာအတွက်ကြောင့် ရန်သူကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး မမကြီးလို့ ခေါ်နေရတာလဲ…”
အံဖွယ်သုံးသွယ်ရဲတိုက်၌ အင်းဆက်ပိုးကောင်၊ အဆိပ်ပညာနှင့် မိန်းမလှများဟူသည့် အံ့ဖွယ်သုံးသွယ် ရှိသည်။
ဤအမျိုးသမီးက စိတ်နှလုံးကို စွဲညှစ်လှုပ်ကိုင်နိုင်သော အလှတစ်ပါး ဖြစ်၏။ သူ့မျက်နှာ တစ်ချက်မြင်မိသည်နှင့် ခေါင်းမွေးထောင်ထဖွယ်ရာ အဆိပ်ပိုးကောင်များကို သတိရတော့မည် မဟုတ်ဘဲ စွဲမက်ဖွယ် အလှတရား၌ တဝဲလည်လည် တိမ်းမူးမျောပါသွားပေလိမ့်မည်။
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “မဟာမြို့ပျက်ကို ရောက်တာနဲ့ ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် မဟုတ်တော့ဘူး… ဒုက္ခိတဘိုးဘွားကျေးရွာက အဘိုးအဘွားတွေရဲ့ ကလေးတစ်ယောက် သက်သက်ပါပဲ… ဒီကမမကြီးအနေနဲ့ ရန်ငြှိုးတွေကို လွှတ်ချနိုင်မယ်ဆိုရင် နှစ်သစ်ကူးညစာစားဖို့ ရွာထဲကို ဖိတ်ခေါ်နိုင်ပါတယ်… မဟာမြို့ပျက်ရဲ့ ပွဲလမ်းသဘင်တွေက တကယ့်ကို ပျော်စရာ ကောင်းတာပါ…”
ချိုးယွဲ့က ပြောလိုက်၏။ “မင်းကို သတ်ပြီးရင် နှစ်သစ်ကူးအတွက် ငါ အိမ်ကို ပြန်လို့ရပြီပေါ့…”
သူ့မျက်နှာက ရုတ်တရက် ညို့မှိုင်းသွားပြီး မျက်ဝန်းထဲ၌ ဝမ်းနည်းရိပ်များ သန်းလာသည်။ “ငါ မေ့သွားတယ်… ငါ့အိမ်ဆိုတာ မရှိတော့ဘူး၊ မင်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖျက်ဆီးပစ်လိုက်ပြီ… ငါ့အိမ်က အံ့ဖွယ်သုံးသွယ်ရဲတိုက်၊ ငါ့ဆရာဘွားဘွားက အစစ်အမှန်သခင်မထျန်း၊ ငါ့ဆရာက ထျန်းယိုဖေး… တရှန်းမြို့တိုက်ပွဲမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တပ်ဖွဲ့ကို မြို့ထဲ နေရာကူးပြောင်းပို့ဆောင်ပြီး ငါ့ရဲ့ အစ်ကိုတော်၊ အစ်မတော်တွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တယ်… ငါ့ဆရာက ငါလွတ်မြောက်အောင် ခုခံပေးရင်း ကွမ့်ကျင်းတပ်မှူးချုပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်…”
သူ့အသွင်က ရယ်တော့မလို၊ ငိုတော့မလို ဖြစ်နေ၏။ အေးစက်စက်အကြည့်နှင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ အဲဒီအချိန်မှာ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင် ဖြစ်နေပြီ၊ ဟုတ်တယ်မဟုတ်လား… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ပညာရှင်တွေ အဲလောက်အများကြီးကို စုစည်းစေခိုင်းနိုင်တဲ့သူက တခြားမရှိဘူး၊ မင်းပဲ… မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ပညာရှင်တွေကို စေခိုင်းပြီး ငါတို့ တပ်ဖွဲ့ကို ဖျက်ဆီးခဲ့တာ၊ ငါရဲ့ အံ့ဖွယ်သုံးသွယ်ရဲတိုက်ကို ဖျက်ဆီးခဲ့တာ…”
ချိုးယွဲ့၏ မျက်ဝန်းများ စူးရဲသွား၏။ “အံ့ဖွယ်သုံးသွယ်ရဲတိုက်ကို ငါ တိတ်တိတ်လေး ပြန်ခဲ့သေးတယ်… ဒါပေမဲ့ ငါရောက်တဲ့အချိန်မှာ အကုန် ပျက်စီးနေပြီ… ငါ့မိသားစုဝင်တွေ အကုန်လုံး ပုန်ကန်သူအဖြစ်နဲ့ လူပုံအလယ်မှာ ခေါင်းဖြတ်သတ်ခံခဲ့ရတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ မင်းကို ငါ သတ်သင့်တယ်လို့ မထင်ဘူးလား…”
ချင်မူ သက်ပြင်းချလိုက်သည်။ “သတ်သင့်တယ်… ဒါပေမဲ့ မင်းတို့အနေနဲ့ အစကတည်းက မပုန်ကန်ခဲ့သင့်တာ… ပုန်ကန်ပြီဆိုကတည်းက မအောင်မြင်ရင် ဒီလို အဖြစ်မျိုး ကြုံရမယ်ဆိုတာ သိထားသင့်တယ်…”
ချိုးယွဲ့က ရှေ့တစ်လှမ်း တိုးလာပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “လူဆိုတာ သေမယ်မှန်းသိရင်တောင် အမှန်တရားကို ဦးထိပ်ပန်ဆင်ရမယ်… တရားမျှတမှုဆိုတာ လူ့အသက်နဲ့ ရင်းပြီး တိုက်ယူရတယ်… အဲလိုသာ မဟုတ်ရင် ဘယ်မှာ အမှန်တရား ရှိနိုင်မလဲ၊ ဘယ်မှာ တရားမျှတမှု ရှိလာနိုင်မလဲ… ငါက မိစ္ဆာလမ်းစဉ်ကဆိုပေမဲ့ ဒီလိုလူစားမျိုး ဖြစ်ဖို့ပဲ ဆန္ဒရှိတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ ထပ်ပြောစရာ မလိုတော့ဘူး… တိုက်ခိုက်ဖို့ အသင့်ပြင်ပါ… မင်းသွားရမဲ့ လမ်းကို ငါ ပို့ပေးမယ်…”
ချင်မူ့ရင်ထဲတွင် လေးစားစိတ်များ ဖြစ်ပေါ်လာပြီး ပြတ်သားစွာ ပြောလိုက်သည်။ “လမ်းချင်းမတူရင် လူချင်းတွေ့စရာ အကြောင်းမရှိတော့ဘူး… မိန်းကလေး၊ စပါ…”
ချိုးယွဲ့က မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏ အင်္ကျီလက်အိုးက တစ်ဖျတ်ဖျတ် လှုပ်ခါသွားသည်။ အရွယ်စုံ အဆိပ်ပိုးကောင်များက ချင်မူ့ထံ အရပ်မျက်နှာအနှံ့မှ တိုးဝင်သွား၏။ တချို့ အဆိပ်ပိုးကောင်များက လေထဲတွင်ပင် ပြန့်ကားကြီးထွားလာသည်။ အကြီးဆုံးမှာ သုံးဆယ့်ခြောက်ကိုက်ခန့်ထိ ရှိပြီး အသေးဆုံးက ရေဇလုံတစ်လုံးခန့်အရွယ်ထိ ရှိ၏။ အချို့ကတော့ ကြီးထွားမလာဘဲ ကျုံ့ဝင်သွားသည်။
ဤသို့သော အဆိပ်ပိုးကောင်မျိုးက အန္တရာယ်အများဆုံး ဖြစ်၏။ အရွယ်အစား သေးငယ်လေလေ ခုခံကာကွယ်ရန် ခက်လေလေ ဖြစ်ပြီး အလစ်အငိုက်တွင် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်၍ ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးပစ်နိုင်သည်။ ထို့ပြင် ဝိညာဉ်စုပ်နိုင်သော ပိုးကောင်များ၊ တစ်ဘက်ရန်သူ၏ ချီစွမ်းအင်ကို စုပ်ယူနိုင်သော ပိုးကောင်များလည်း ပါလာသေး၏။
ချင်မူက ရင်ခွင်ထဲတွင် ပိုက်လာသည့် အိုးဖုံးကို ဖွင့်၍ ချီစွမ်းအင် ပို့လွှတ်လိုက်သည်။ အိုးထဲမှ ကင်းမြီးကောက်များ ခုန်ထွက်လာပြီး တစ်မုဟုတ်ချင်း အရွယ်အစားကြီးမား၍ ကိုက်ခြောက်ဆယ်ခန့် အရွယ်ထိ ရောက်သွား၏။ ၎င်းတို့၏ အနက်ရောင် အခွံမာများပေါ်တွင် အလွန်တရာ လှပ၍ ထူးဆန်းသော မှော်သင်္ကတအမှတ်အသားများ ဖုံးလွှမ်းနေပြီး အဆက်မပြတ် လင်းလက်လာသည်။ ကြောက်မက်ဖွယ်ရာ အရှိန်အဝါအငွေ့အသက်က ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး တစ်ရှိန်ထိုး ပျံသန်းလာသော အဆိပ်ပိုးကောင်များ ကောင်းကင်ယံမှ တဖြုတ်ဖြုတ် ပြုတ်ကျကုန်၏။
ချိုးယွဲ့မှာ အံ့အားသင့်သွားပြီး ကမန်းကတန်း လှည့်ပြေးတော့သည်။ ရုတ်တရက် ကင်းမြီးကောက်မြီးကြီးတစ်ခု ဝှေ့ယမ်းဆန့်ထွက်လာပြီး ထိုမိန်းမပျို၏ နောက်ကျောသို့ ထိုးဖောက်စိုက်ဝင်၍ သူ့အသက်ကို နုတ်ယူသွား၏။
ချင်မူ သက်ပြင်းလိုက်သည်။ ကင်းမြီးကောက်ကြီးများက ချိုးယွဲ့၏ အလောင်းကို လုယက်၍ အချင်းချင်း တိုက်ခိုက်နေကြသဖြင့် မြစ်ပြင်တစ်ကြောလုံး လှိုင်းလုံးများ တဝုန်းဝုန်း ထနေ၏။ ချင်မူ ရင်ခွင်ထဲမှ အိုးကွဲထံ ချီစွမ်းအင် ပို့လွှတ်လိုက်သောအခါ ထိုကင်းမြီးကောက်များအားလုံး ပြန်ရှုံ့ဝင်၍ အိုးထဲသို့ ပြန်လာပြီး ဆက်လက် တိုက်ခိုက်နေကြသည်။
ချိုးယွဲ့၏ ရုပ်အလောင်းက ကင်းမြီးကောက်ကြီးများ၏ လက်ချက်ကြောင့် တစ်စစီဖြစ်ပြီး မြစ်ရေစီးကြောင်းအတိုင်း မျောပါသွား၏။
ချင်မူက အိုးကွဲကို ပိုက်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်လာသည်။ ရွာအဝင်ဝ၌ နဂါးချီလင်က သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီး ဤလူငယ်လေး၏ မရွှင်မပျဟန်ကို မြင်သဖြင့် မည်သည်မျှ ပြောဆိုခြင်း မပြုလိုက်ချေ။
ချင်မူက အိုးကွဲကို သူ့နေရာသို့ ပြန်ပို့ပြီး တုထျန်းမိစ္ဆာဘုရင်ကို ဆွဲခေါ်လာ၏။ ထို့နောက် ဤနတ်ဘုရားရုပ်တုကို လက်သီးဖြင့် ထိုး၏။ ခြေဖြင့် ကန်၏။ လျှပ်စီးမုန်တိုင်းများကိုပင် ဆင့်ခေါ်၍ အကြိမ်ကြိမ်အဖန်ဖန် ထိုးနှက်ရိုက်ပုတ်ပြီးမှ အောက်ပစ်ချလိုက်သည်။
တုထျန်းမိစ္ဆာဘုရင်မှာ မြေပြင်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။ ခြေလက်မှ အစိတ်အပိုင်းများစွာလည်း ပြုတ်ထွက်ကုန်သည်။ သူ့ရင်ထဲတွင် များစွာ မကျေမနပ် ဖြစ်သွားပြီး ညည်းညူလိုက်၏။ “မင်းကို ငါ ဘာလုပ်မိလို့လဲ…”
တုထျန်းမိစ္ဆာဘုရင်ကို ထိုးနှက်ရိုက်ပုတ်ပြီးနောက် ချင်မူ များစွာ နေ၍ထိုင်၍ ကောင်းသွားသည်။ ရုတ်တရက် ရွာပြင်ဘက်မှ အော်သံတစ်သံ ကြားလိုက်ရ၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဒီမှာဟေ့… မြန်မြန်လာကြ…”
ချင်မူ၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြီး အဘွားစစ်၏ အခန်းထဲသို့ ဝင်၍ အဘွားစစ် ဖီးလိမ်းပြင်ဆင်သည့် ကြေးမုံမှန်တစ်ချပ် ထုတ်ယူလာခဲ့သည်။ ရွာပြင်သို့ ထွက်ကြည့်သောအခါ ကောင်းကင်နတ်သိုင်းပညာရှင်များ တစ်ရှိန်ထိုး ပြေးဝင်လာသည်ကို တွေ့ရ၏။
သူ့လက်ထဲမှ ကြေးမုံမှန်ကို မြှောက်၍ ချီစွမ်းအင်များ ပို့လွှတ်လိုက်သည်။ ကြေးမုံမှန်မှ အလင်းတန်းက ကောင်းကင်နတ်သိုင်းပညာရှင်များပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့၏ ဝိညာဉ်များ ကိုယ်ထဲမှ ပျံထွက်၍ တစ်စစီ ကြေမွပျက်စီးကုန်၏။ ဝိညာဉ်မဲ့ အလောင်းကောင်များက ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
ဤလူငယ်လေးက ရွာထဲသို့ ပြန်ဝင်၍ အဘွားစစ်၏ မှန်တင်ခုံပေါ်သို့ ကြေးမုံမှန်ကို ပြန်ထားပြီး တီးတိုးရေရွတ်လိုက်၏။ “ဒီလူတွေက မပြီးကြတော့ဘူးလား… ငါ့ကို ကောင်းကောင်း နှစ်သစ်ကူးခွင့် မပေးတော့ဘူးလား…”