← Chapters

စက္ကူလှေများ

Vol. 17 Ch. 233

စက္ကူလှေများ

Vol. 17 Ch. 233

ချင်မူ၏ ဒဏ်ရာများ ကျက်သွားပြီ ဖြစ်သဖြင့် မိစ္ဆာမျောက်ဝံအတွက် ပြင်ထားသော လက်ဆောင်များကို ယူကာ မိစ္ဆာနှိမ်နန်းတော်ဆီသို့ သွားလိုက်၏။ သူ ရွာထဲမှ ထွက်ထွက်ချင်းပင် အလောင်းကောင်တစ်ကောင်ကို ဆွဲယူနေသော ဆန်းကြယ်သားရဲတစ်ကောင် တွေ့လိုက်သည်။ ထိုသားရဲက သူလာနေသည်ကို မြင်သောအခါ တစ်မုဟုတ်ချင်း နှာမှုတ်သံပြု၍ လည်ကုပ်မွေးများ ထောင်ထလာ၏။

မြစ်ရေပြင်ကလည်း တပွက်ပွက်ထ၍ ရေထဲမှ ဆန်းကြယ်သားရဲများ ခုန်ထွက်လာပြီး အခြားအလောင်းကောင်များထံ ပြေးသွားကြသည်။ ဤဆန်းကြယ်သားရဲများက ငါးခေါင်းနှင့် လူကိုယ်ရှိပြီး ချင်မူ့ကို မြင်သောအခါ မြေပြင်တွင် ပြားပြားဝပ်၍ မလှုပ်ရှားရဲကြတော့ချေ။

ချင်မူက သူတို့ကို အလေးမထားဘဲ ထွက်သွား၏။ ဤနှစ်ရက်တာ ကာလအတွင်း၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်သိုင်းပညာရှင်များ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသည်။ သို့သော်လည်း ရွာထဲမဝင်နိုင်မီပင် သူတို့အားလုံး အထဲမှ ရတနာပစ္စည်းမျိုးစုံဖြင့် သုတ်သင်ရှင်းလင်းခံခဲ့ရ၏။

ရွာထဲတွင် ပြန့်ကြဲနေသော ပစ္စည်းများက လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။ အိုးကွဲထဲမှ အဆိပ်ပိုးကောင်များအပြင် မြက်ရှင်းသည့် ထွန်ခြစ်၊ ပန်းပဲဖိုမှ ကန့်လန့်ကာ၊ ရေခံသည့်အိုး၊ အဘွားစစ်၏ အိပ်ရာအောက်မှ ဓားစက်လုံးများ၊ သားသတ်သမား၏ ဓားသွေးကျောက်၊ ကြက်စာကြွေးသည့် ရေတံလျှောက်၊ နဂါးချီလင် အစာခွက်အဖြစ် ယူထားသည့် ရေဇလုံတို့လည်း ရှိ၏။

ချင်မူ့နောက် လိုက်လာသူကလည်း များပြားလှသည်။ လုံကျောင်းနန်တို့အပြင် အခြားဂိုဏ်းမှ လူများလည်း ရှိ၏။ အတော်များများက ချင်မူရှိသည့် နေရာကို ရှာတွေ့ကြသည်။

ဒုက္ခိတဘိုးဘွားကျေးရွာကို ရှာတွေ့ရန်မှာ မခက်လှချေ။ ထာဝရငြိမ်းချမ်းရေးနယ်စပ်တံခါးနှင့် မ ဝေးလှသော နယ်စပ်နဂါးမြို့မှတစ်ဆင့် မြစ်ကြောင်းအတိုင်း လိုက်လာလျှင် မိုင်တစ်ထောင်ခန့်သာ သွားရ၏။ သို့ဖြစ်၍ သူရှိရာကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားကြခြင်း ဖြစ်သည်။

ဤနှစ်ရက်တွင် ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်ရှိလာသူ လေးဆယ်၊ ငါးဆယ်ခန့် ရှိမည်ဟု ချင်မူ ခန့်မှန်းမိ၏။ ထိုသူများကတော့ ယခုအချိန်တွင် အလောင်းကောင်များ ဖြစ်သွားချေပြီ။

“လုံကျောင်းနန်က အခုထိ ဒီနေရာကို မတွေ့သေးဘူးပဲ… ကြည့်ရတာ လမ်းပျောက်သွားလို့လား၊ လမ်းမှာ အသတ်ခံလိုက်ရလို့လား… ဒါမှမဟုတ်…”

ချင်မူ ရွာထဲတွင် ရှိနေစဉ်က ရွာပြင်ဘက်မှ တစ်စုံတစ်ရာက သူ့ကို စူးစိုက်ကြည့်ရှုနေသည်ဟု တစ်ချိန်လုံး ခံစားခဲ့ရ၏။ အဆိပ်ပြင်းသည့် မြွေကြီးတစ်ကောင်က အမှောင်ထုထဲတွင် ပုန်းကွယ်၍ အချိန်မရွေး ထပေါက်ရန် ချောင်းနေသကဲ့သို့ ဖြစ်သည်။

“ဒီနားမှာပဲလား…”

ဤတစ်ကြိမ် ရွာပြင်သို့ ထွက်လာခြင်းမှာ လုံကျောင်းနန်ကို မျှားခေါ်ထုတ်ရန် ဖြစ်၏။

ဤအမျိုးသမီးက သူ့ကို အမုန်းကြီး မုန်း၍ အငြှိုးကြီးနေသည်။ နဂါးစီးဂိုဏ်း ပျက်စီးခဲ့ရခြင်းမှာ ချင်မူ၏ လက်ချက်ကြောင့် မဟုတ်ပါလား။ သူသာ ကောင်းကင်လှိုင်းမြို့တွင် တုထျန်းမိစ္ဆာဘုရင်ကို မဆင့်ခေါ်ခဲ့လျှင် နဂါးစီးဂိုဏ်းက ဤမျှ လွယ်လွယ်ကူကူ ပြိုကွဲပျက်စီးသွားလိမ့်မည် မဟုတ်ချေ။

ချင်မူ မိစ္ဆာနှိမ်နန်းတော်သို့ ရောက်လာသောအခါ သားရဲတိစ္ဆာန်များစွာ ရှိနေသည်ကို တွေ့ရ၏။ သို့သော်လည်း မိစ္ဆာမျောက်ဝံနှင့် ဆင်နဂါးကိုတော့ မတွေ့ရချေ။

ဟိုဟိုသည်သည် ကြည့်ရှုလိုက်သော်လည်း ၎င်းတို့၏ ခြေရာလက်ရာကို မတွေ့ရ။ တောင်ကြားချိုင့်ဝှမ်းအတွင်းမှ သားရဲများမှာလည်း အသိဉာဏ်မရှိ၊ စကားမပြောတတ်သဖြင့် မိစ္ဆာမျောက်ဝံတို့ မည်သည့်နေရာ ရောက်သွားသည်ကို မေး၍မရချေ။

ချင်မူ မည်သို့မျှ မတတ်နိုင်ဘဲ ဒုက္ခိတဘိုးဘွားကျေးရွာသို့သာ ပြန်လာရသည်။ နောက်ထပ် နှစ်ရက် ကုန်လွန်သွားသောအခါ သူ ဂနာမငြိမ်တော့ချေ။ နှစ်သစ်ကူးနှင့် များစွာနီးကပ်လာပြီ ဖြစ်ပြီး နှစ်ရက်၊ သုံးရက်သာ လိုတော့၏။ အဘွားစစ်၊ ရွာလူကြီးနှင့် ကျန်သူများက ပြန်မလာကြသေးချေ။

“ရွာက လူကြီးတွေက အတော်စိတ်ပူရအောင် လုပ်တာပဲ…”

သူ မိစ္ဆာနှိမ်နန်းတော်သို့ ထပ်သွားသေးသော်လည်း မိစ္ဆာမျောက်ဝံကို မတွေ့သဖြင့် ပို၍ စိတ်မရှည် ဖြစ်လာသည်။

“ဖက်တီးနဂါး… ထ ထ…” ချင်မူက အထုပ်အပိုးများ ပြင်ဆင်၍ အဆိပ်ပိုးကောင်များနှင့် ကြက်နဂါးများကို နောက်တစ်ခေါက် အစာထပ်ကျွေးလိုက်၏။ ထို့နောက် တုထျန်းမိစ္ဆာဘုရင်၏ ကိုယ်ပေါ်မှ “ရပ်”စာလုံးကို ဖျက်ပေးပြီး နဂါးချီလင်ကို ခေါ်ယူလိုက်သည်။ “မဟာမြို့ပျက်အတွင်းပိုင်းထဲ သွားပြီး လိုက်ရှာကြစို့…”

တုထျန်းမိစ္ဆာဘုရင်က အညောင်းဆန့်၍ သရော်စကားဆိုလိုက်၏။ “နားကန်းလို နတ်ဘုရားတစ်ပိုင်းလူမျိုးတောင် မဟာမြို့ပျက်ထဲ ဝင်ပြီး ပြန်မလာနိုင်တာ မင်းသွားတော့ရော ဘာထူးမှာ မလို့လဲ…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ကျုပ်စွမ်းအားက သိပ်မကြီးပေမဲ့ ကူညီမဲ့သူ ရှိတယ်လေ… မိစ္ဆာဘုရင်၊ ခင်ဗျားက ကောင်းကင်နတ်ဆိုးမျိုးနွယ်က မဟုတ်လား…”

တုထျန်းမိစ္ဆာဘုရင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “အဲဒီတော့ မင်းက ငါ့ဆီက အကူအညီတောင်းချင်တယ်ပေါ့… ငါ့ကိုသာ ကောင်းကောင်းဆက်ဆံရင် အကူအညီပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး… ဒါပေမဲ့ မင်းက ငါ့ကို အကြောင်းပြချက်မရှိ ထုနှက်ရိုက်ပုတ်ခဲ့တာ မေ့သွားပြီလား… ငါကျေနပ်အောင် လုပ်၊ အဲဒါဆို မင်းကို ငါ ကူညီမယ်…”

ချင်မူက စိတ်ဝင်တစား မေးမြန်းလိုက်သည်။ “အရှင်မိစ္ဆာဘုရင်ကြီး ကျေနပ်အောင် ကျွန်တော်မျိုး ဘာများ လုပ်ပေးရမလဲ…”

တုထျန်းမိစ္ဆာဘုရင်က ဝမ်းသာအားရ ဖြစ်ကာ ပြောနေကျအတိုင်း ပြောတော့မည် ပြင်ပြီးမှ တစ်ခုခု မှားနေသလို ခံစားလိုက်မိ၏။ သူသာ ထိုသို့ ပြောလိုက်လျှင် ဒူးထောက်၍ ခြေချောင်းများ လျက်ရသူမှာ သူဖြစ်သွားပေလိမ့်မည်။

ချင်မူက ပြတ်သားစွာ ပြောလိုက်သည်။ “ခင်ဗျားသာ အားကုန်ထုတ် ကူညီမယ်ဆိုရင် ကျုပ် ခင်ဗျားကို လွှတ်ပေးမယ်… ဘယ်လိုလဲ…”

တုထျန်းမိစ္ဆာဘုရင်၏ မျက်လုံးများ အရောင်တောက်သွား၏။ “မင်း ကတိတည်မှာလား…”

“ကျုပ် ကတိပေးတယ်…”

ချင်မူက အထုပ်အပိုးများ သယ်၍ ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်လာပြီး နဂါးချီလင်ကို မြစ်ကြောင်းအတိုင်း ဆန်တက်ခိုင်းလိုက်သည်။ ဒုက္ခတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများက ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖွေရန် ထွက်သွားကြခြင်း ဖြစ်၏။ ပြီးခဲ့သည့်တစ်ခေါက် သူနှင့် ရွာလူကြီး မဟာမြို့ပျက်၏ အတွင်းပိုင်းသို့ ဝင်ရောက်ရာတွင် ထူးဆန်းသည့် အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်မှာ မာန်ဟုန်မြစ် မြစ်ဖျားခံရာနေရာတွင် ဖြစ်သည်။

သို့သော်လည်း ထိုစဉ်က တွေ့ရသည်မှာ ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်ဘဲ ဖုန်းတု၏ လသင်္ဘောသာ ဖြစ်၏။

လသင်္ဘောက ချင်မူ၏ လည်ပင်းမှ ကျောက်စိမ်းဆွဲသီးကို လမ်းညွှန်ခေါ်ဆောင်သဖြင့် သူတို့ ထိုနေရာသို့ ရောက်ရှိခဲ့သည်။

ရွာလူကြီးနှင့် အခြားသူများ ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖွေလိုလျှင် ထိုနေရာမှသာ စတင်ရမည်ဖြစ်ကြောင်း ချင်မူ တွက်ချက်မိ၏။ ထိုနေရာ၌ ခြေရာလက်ရာများလည်း ကျန်ခဲ့နိုင်သည်။

နဂါးချီလင်၏ ပြေးနှုန်းက မနှေးလှသော်လည်း ရွာလူကြီးနှင့် ယှဉ်သောအခါ များစွာနှေးကွေး၏။ ရွာလူကြီး ချင်မူ့ကို ခေါ်ဆောင်သွားစဉ်က အမှောင်ထုထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ အလင်းတန်းများ ဖြာထွက်၍ အလွန်တရာ မြန်ဆန်စွာ ပြေးလွှားခဲ့သည်။

ချင်မူ့အနေဖြင့် မဟာမြို့ပျက်အတွင်းသို့ နေ့အချိန်တွင်သာ ဝင်ရောက်သွားလာနိုင်၏။ ညရောက်သည်နှင့် အမှောင်ထုမှ ခိုနားစရာ ရှာဖွေရတော့သည်။

နေ့ခင်းဘက်မဟာမြို့ပျက်နှင့် ညဘက်မဟာမြို့ပျက်က လုံးဝခြားနားသည့် ကမ္ဘာနှစ်ခု ဖြစ်၏။ ရွာလူကြီးကတော့ နေ့ခင်းဘက်မဟာမြို့ပျက်မှာ လက်ရှိလောက ဖြစ်ပြီး ညဘက်ရောက်သည့်အခါ အခြားအမှောင်ကမ္ဘာတစ်ခုနှင့် ထပ်၍ ရောယှက်သွားခြင်း ဖြစ်မည်ဟု ဆိုသည်။

ရွာလူကြီးနှင့် ကျန်သူများသာ ထိုအမှောင်ကမ္ဘာထဲ ဝင်ရောက်သွားခြင်းဆိုလျှင် ချင်မူ သူတို့ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ရွာလူကြီးတို့ ရွှင်ပျော်ပျော်ကျေးရွာကို ရှာတွေ့နိုင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့၏။

သူ ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်သွားပြီး များမကြာမီတွင် အစိမ်းပုပ်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက် ရွာစပ်သို့ ရောက်လာသည်။ ထိုမိန်းမပျို၏ နားရွက်၌ အနီရောင် နားဆွဲတစ်ခု တွဲလောင်းခိုနေ၏။ ထိုနားဆွဲက အမှန်စင်စစ် မြွေနီလေးတစ်ကောင် ဖြစ်သည်။

“ဒီရွာထဲမှာ ရတနာတွေချည်းပဲ… နည်းနည်းလောက် ခိုးလို့ရမလား မသိဘူး…” လုံကျောင်းနန်က ခပ်တိုးတိုး ပြောလိုက်သည်။ “ရှောင်ဟုန်၊ အကူအညီ ခေါ်လိုက်ဦး…”

မြွေနီလေးက သူ၏ နားရွက်မှ လျှောဆင်းသွားပြီး တွန်ကျူးလိုက်ရာ တောအုပ်ထဲမှ ပါးပြင်းနီမြွေကြီးများ လျှောထိုး ထွက်ပေါ်လာ၏။ ထိုထဲမှ မြွေကြီးတစ်ကောင် ရွာထဲသို့ ဝင်သွားသည်တွင် ဆေးပင်ခြံထဲမှ ပင့်ကူနက်တစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး ထိုမြွေကြီး၏ ဦးခေါင်းကို ကိုက်ခဲလိုက်၏။

မြွေကြီးမှာ အသွေးအသားများ ခန်းခြောက်အောင် စုပ်ယူစားသုံးခြင်း ခံလိုက်ရသည်။ တစ်ခဏအတွင်း အရေခွံသက်သက်သာ ကျန်ရစ်တော့၏။

ပင့်ကူနက်က အရွယ်အစား တဖြည်းဖြည်း ကြီးထွားလာသည်။ မြွေကြီးကို ဖမ်းယူစားသုံးပြီးသောအခါ မီးလုံးများ မှုတ်ထုတ်၍ မူလအရွယ်အစားထိ ကျုံ့ဝင်ကာ ဆေးပင်ခြံထဲသို့ ပြန်ခုန်ဝင်သွား၏။

လုံကျောင်းနန်၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်ပြီး ကမန်းကတန်း လှည့်ထွက်သွားသည်။ သူ့နောက်ဘက်မှ မြွေအုပ်မှာလည်း အရပ်မျက်နှာအနှံ့ ပြန့်ကြဲခွဲထွက်သွား၏။ “ဒီရွာက ကောင်းကင်နတ်အသွင်အဆင့်တွေတောင် ဝင်လို့ရမှာ မဟုတ်ဘူး…”

နဂါးချီလင်က မြစ်ကြောင်းအတိုင်း ခရီးနှင်၍ မိုင်ပေါင်းခြောက်ထောင်ခန့်အထိ ရောက်လာပြီ ဖြစ်သည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်၏။ ကောင်းကင်ယံက မှောင်စပျိုးလာပြီ ဖြစ်သဖြင့် ခိုလှုံစရာနေရာ ရှာဖွေလိုက်သည်။

“မဟာမြို့ပျက်ရဲ့ မြေပုံအရတော့ ဒီနားမှာ မှော်သားရဲနန်းဆောင်လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်… အဲမှာ ညအိပ်လို့ရမယ် ထင်တာပဲ…”

ချင်မူ မဟာမြို့ပျက်မြေပုံကို ပြန်မြင်ယောင်ကြည့်လိုက်၏။ ရုတ်တရက် သူ့မျက်လုံးများ အရောင်တောက်သွားပြီး နဂါးချီလင်ကို မြစ်ကမ်းပေါ် တက်ခိုင်းလိုက်သည်။ များစွာမကြာဘဲ နန်းတော်ပျက်တစ်ခုကို တွေ့ရ၏။ ထိုနေရာ၌ ဆန်းကြယ်သားရဲတချို့ပင် ခိုအောင်းနေကြပြီ ဖြစ်သည်။

ချင်မူ မှော်သားရဲနန်းတော်ထဲသို့ ဝင်သွားသောအခါ ကြီးမားသော သားရဲအရိုးစုကြီးများ နေရာအနှံ့ ပြန့်ကြဲနေသည်ကို တွေ့ရ၏။ ဤနေရာတွင် ရောက်နေသော ဆန်းကြယ်သားရဲများက လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့ ဝင်လာသည်ကို မြင်သည့်တိုင် လှုပ်ရှားခြင်း မရှိကြချေ။

ချင်မူ ခေါင်းမော့၍ အကဲခတ်ကြည့်လိုက်၏။ မှော်သားရဲနန်းတော်ရှိ သားရဲအရိုးစုကြီးများက အလွန်တရာ ကြီးမားလှသည်။ နဂါးချီလင် အသွင်ပြောင်းထားသည်ထက်ပင် အဆဒါဇင်ချီ ကြီးမားသေး၏။ အသက်သာရှိနေလျှင် ကိုက်ပေါင်း သုံးထောင်ခန့်ရှိသည့် တောင်လုံးကြီးများ ရွေ့လျားနေသည်နှင့်ပင် တူပေလိမ့်မည်။

များမကြာမီ တာအိုရသေ့အချို့ နန်းတော်ပျက်ထဲသို့ ဝင်လာကြသည်။ ဤရသေ့များက မဟာမြို့ပျက်သို့ အတွေ့အကြုံရှာရန် လာကြသူများ ဖြစ်ဟန်ရှိ၏။ ချင်မူ့ကို မြင်သောအခါ အံ့ဩသွားသည့် အမူအရာ ပေါ်လာသော်လည်း မည်သည်ကိုမျှ မဆိုဘဲ မီးမွှေး၍ အစားအသောက်များ ချက်ပြုတ်ကြသည်။

ချင်မူကလည်း ထမင်းဟင်းချက်ပြုတ်၍ စားသောက်ပြီး နဂါးချီလင်၏ ဘေး၌ လဲလျောင်းအိပ်စက်ရန် ပြင်လိုက်၏။

တာအိုရသေ့များက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်သော်လည်း ခပ်မဆိတ်သာ နေနေကြသည်။ သူတို့က မြေပြင်ပေါ်တွင် စာများ ရေးနေကြ၏။ ထိုအခိုက်၌ မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး အပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ၊ မိစ္ဆာနတ်ဘုရားအချင်းချင်း တီးတိုးပြောဆိုနေသည့်နှယ် နားလည်ရခက်သည့် စကားသံများ ထွက်ပေါ်လာသည်။

ချင်မူ ထထိုင်လိုက်သောအခါ သားရဲအရိုးစုကြီးများက ကောင်းကင်အလင်းတန်းများ တောက်ပလင်းလက်လာသည်ကို တွေ့ရ၏။ မြေပြင်မှ တုန်ခါမှုများကလည်း ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ ထိုအခိုက်၌ သားရဲအရိုးစုများက အသက်ဝင်လာသကဲ့သို့ မြေပြင်မှ ထရပ်၍ နန်းတော်ပျက်အပြင်သို့ ထွက်သွား၏။

အပြင်ဘက်၌ ကမ္ဘာမြေတစ်ခွင်လုံး တသိမ့်သိမ့်တုန်သွားနိုင်သည့် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်အလင်းတန်းများကလည်း အမှောင်ထုအတွင်း၌ ဖျတ်ခနဲ ဖျတ်ခနဲ လက်နေပြီး ထိုအလင်းတန်းများကြား၌ သားရဲအရိုးစုကြီးများက အသွေးအသား ပြန်ဖွဲ့တည်၍ သားရဲနတ်ဘုရားများအဖြစ် အသွင်ပြောင်းကာ အမှောင်မိစ္ဆာနတ်ဆိုးများနှင့် တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။

တာအိုရသေ့များမှာ မှင်တက်မိနေကြပြီး တုထျန်းမိစ္ဆာဘုရင်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ချင်မူက ဤမြင်ကွင်းများကို ထူးဆန်းခြင်း မရှိတော့ဘဲ ပြန်လှဲအိပ်ရန် ပြင်လိုက်၏။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်သည်။ “မိစ္ဆာဘုရင်ကြီး၊ လျှောက်ကြည့်မနေနဲ့တော့… ဒီထက် ထူးဆန်းတာတွေတောင် ကျုပ် မြင်ဖူးတယ်…”

တုထျန်းမိစ္ဆာဘုရင်က လေသံဖြင့် ပြောလိုက်၏။ “ဟိုရသေ့တွေက နည်းနည်း ထူးခြားနေတယ်…”

ချင်မူက ဂရုထားခြင်း မရှိဘဲ ပြောလိုက်သည်။ “သိတယ်… အဲထဲက တစ်ယောက်က လုံကျောင်းနန်ပဲ…”

တစ်ခဏကြာသောအခါ ချင်မူ၏ ဟောက်သံတခေါခေါ ထွက်ပေါ်လာ၏။ တုထျန်းမိစ္ဆာဘုရင်မှာ မည်သည်ကိုမျှ မလုပ်မိစေရန် သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။

နန်းတော်အပြင်ဘက်ရှိ တိုက်ပွဲက တစ်ညလုံး ကြာမြင့်၏။ မနက်မိုးသောက်ချိန် ရောက်သည့်အခါမှ နတ်သားရဲကြီးများ နန်းတော်ပျက်ထဲသို့ ပြန်ဝင်လာကြသည်။ နန်းတော်ပျက်မြေပြင်ကို နင်းမိသည်နှင့် အသွေးအသားများ ပျောက်ကွယ်၍ မြေပြင်တွင် နစ်မြုပ်နေသော အရိုးစုကြီးများ တစ်ဖန် ပြန်ဖြစ်သွား၏။ ၎င်းတို့၏ သွင်ပြင်က ချင်မူ ဝင်လာစဉ်ကအတိုင်း တစ်ပုံစံတည်းပင် ဖြစ်သည်။

အမှောင်ထုက ဒီရေလှိုင်းကဲ့သို့ ပြန်ဆုတ်ခွာသွားပြီး ကောင်းကင်ယံ၌ နေရောင်ဖြာကျလာ၏။ အခြားဆန်းကြယ်သားရဲများက နန်းတော်ပျက်အတွင်းမှ ထွက်ခွာသွားကြသည်။

ချင်မူ မီးထပ်မွှေး၍ မနက်စာ ပြင်ဆင်လိုက်သည်။ တာအိုရသေ့များကလည်း သူ့လိုပင် မနက်စာ ချက်ပြုတ်နေ၏။ သူတို့အားလုံး စကားတစ်ခွန်းမျှ မဆိုဘဲ မနက်စာစားလိုက်ကြသည်။

နဂါးချီလင်က ဒုက္ခိတဘိုးဘွားကျေးရွာမှ ဝှက်ယူလာသော ရေဇလုံကို ထုတ်၍ ချင်မူရှေ့တွင် ချပြီး အစာတောင်းလိုက်၏။

ချင်မူက သွေးနီမီးလျှံဆေးလုံး ဇလုံတစ်ဝက် ထည့်ပေးပြီး နောက်ထပ် ရေဇလုံတစ်လုံး ထုတ်ယူ၍ ကျောက်စိမ်းနဂါးရေကန်မှ ရေများ ထည့်ပေးလိုက်သည်။

နဂါးချီလင် စားပြီးသောအခါ သူတို့ ခရီးဆက်လိုက်ကြ၏။

တာအိုရသေ့များက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မီးငြှိမ်း၍ ချင်မူ့နောက်မှ လိုက်သွားကြသည်။

အတန်ကြာ သွားပြီးသောအခါ ချင်မူ ခြေလှမ်းများ ရပ်၍ နောက်လှည့်ပြီး ပြုံးပြုံးရယ်ရယ် မေးလိုက်၏။ “နောင်တော်တို့ကို ကျွန်တော် အကူအညီ ပေးနိုင်တာများ ရှိလို့လား…”

တာအိုရသေ့တစ်ပါးက နှာခေါင်းရှုံ့လိုက်သည်။ “မဟာမြို့ပျက်က ဒီလောက် အကျယ်ကြီး၊ ဒါ မင့်အိမ်မလို့လား… မင်းလည်း မင့်လမ်း မင်းသွားသလို ငါတို့လည်း ငါတို့လမ်း ငါတို့သွားတာ… ဘယ်သူမှ မင့်နောက် လိုက်နေတာ မဟုတ်ဘူး…”

ချင်မူက ပြုံး၍ ခရီးဆက်လိုက်၏။

မနက်စောစော ထွက်လာခဲ့သဖြင့် မာန်ဟုန်မြစ် မြစ်ဖျားခံရာသို့ နေမဝင်မီ ရောက်ရှိသွားသည်။ အနီးအနားရှိ ရွာပျက်လေးကို မြင်သောအခါ ချင်မူ၏ မျက်လုံးများ အရောင်တောက်သွား၏။ နဂါးချီလင်ကို ထိုနေရာသို့ သွားခိုင်းလိုက်သည်။

တာအိုရသေ့များက သူ့နောက်မှ လိုက်လာကြ၏။ ထိုရွာလေးက မြို့ပျက်တစ်ခုအတွင်းတွင် တည်ရှိပြီး ပင့်ကူအိမ်များ နေရာအနှံ့ ဖုံးလွှမ်း၍ ကျောက်ရုပ်တုများပင် ယိုယွင်းပျက်စီးနေချေပြီ။

ထူးဆန်းသည်မှာ အခြားမြို့ပျက်နေရာများကဲ့သို့ အမှောင်ထုမှ ပုန်းခိုသည့် ဆန်းကြယ်သားရဲများ ရှိမနေခြင်း ဖြစ်၏။

တာအိုရသေ့တစ်ယောက်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ချောမောလှပသည့် ရသေ့ပျိုမအသွင် ဖြစ်နေသော လုံကျောင်းနန်က ခပ်တိုးတိုး ပြောလိုက်၏။ “ဒီနေရာက တစ်ခုခု ထူးဆန်းနေသလိုပဲ…”

ထိုအခိုက်၌ အမှောင်ထုကြီး ကျရောက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး ထူးထူးကဲကဲ အေးစိမ့်သွားသည်။ မီးအိမ်ငယ်လေး ချိတ်ဆွဲထားသည့် လှေငယ်လေးတစ်စင်းက အခြားကမ္ဘာလောကမှ အေးအေးလူလူ လှော်ခတ်လာ၏။ မီးအိမ်၏ အလင်းရောင်အောက်တွင် အဘိုးကြီးတစ်ဦး စက္ကူလူရုပ်များ၊ စက္ကူမြင်းရုပ်များ၊ စက္ကူလှေများ ခေါက်နေသည်။

ထိုအဘိုးကြီးက ရွာငယ်လေးသို့ ရောက်ရှိလာပြီး လှေကို ကမ်းကပ်လိုက်၏။ အားလုံး တုန်လှုပ်ချောက်ချားပြီး သူတို့၏ ဝိညာဉ်များ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

အဘိုးကြီးက စက္ကူလှေတစ်စီးကို အမှောင်ထုထဲ ချလိုက်၏။ ထိုလှေလေးက အဝေးသို့ မျောလွင့်သွားသည်။ တာအိုရသေ့များထဲမှ တစ်ယောက်မှာ မည်သို့မည်ပုံ ဖြစ်သွားမှန်း မသိဘဲ သူ့ကိုယ်သူ အမှောင်ထုထဲ မျောပါသွားသည့် လှေငယ်လေးပေါ် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

သူ အံ့အားသင့်သွားပြီး ရွာဘက်သို့ လှမ်းအကြည့်တွင် ရွာထဲ၌ ထိုင်နေဆဲရှိသော အခြား”သူ”တစ်ယောက်ကို တွေ့လိုက်ရသည်။

ထို”သူ”က အခွံသက်သက် ခန္ဓာကိုယ်သာ ဖြစ်၏။

“တာအိုရောင်းရင်း…”

ချင်မူက စနေဂြိုဟ်အရှင်သခင် မြေအပိုင်စားကျင့်စဉ်ကို အသုံးပြု၍ လူခေါင်းမြွေကိုယ်အသွင်သို့ ပြောင်းလိုက်သည်။ သူ့နောက်ကျောဘက်၌ ကောင်းကင်အလိုတော်မုခ်ဝ ပေါ်ထွက်လာပြီး အဘိုးကြီးကို နှုတ်ဆက်လိုက်၏။ ယိုတုဘာသာစကားတစ်ခွန်းကို ရွတ်ဆိုပြီးနောက် ရွာလူကြီး၊ ဆေးဆရာနှင့် ကျန်သူများ၏ ရုပ်ပုံကို ထုတ်ယူကာ မေးမြန်းလိုက်သည်။ “တာအိုရောင်းရင်းအနေနဲ့ ဒီလူတွေကို မြင်လိုက်ပါသေးသလား…”

All Chapters