← Chapters

နှင်းဖုံးည၏ လူသတ်ပွဲ

Vol. 17 Ch. 234

နှင်းဖုံးည၏ လူသတ်ပွဲ

Vol. 17 Ch. 234

အဘိုးကြီးက တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်သည်။ “တွေ့လိုက်တယ်… ငါ့ဆီက လမ်းမေးသွားတာ…”

ရွာထဲရှိ တာအိုရသေ့များ၏ ရင်ထဲတွင် ကြောက်ရွံ့စိတ်များ ကြီးစိုးလာ၏။ ဤအဘိုးကြီးက သူတို့ရှေ့တွင် ရပ်နေသော်လည်း မျက်နှာကို မမြင်ရချေ။

နီးနီးကပ်ကပ်ရှိသည့်တိုင် ဤအဘိုးကြီး၏ မျက်နှာက မှုန်ဝါးနေသည်။ အမျိုးမျိုးသော တတိယမျက်လုံးများကို အသုံးပြုသော်လည်း သဲသဲကွဲကွဲ မမြင်ရ။ ကြည့်ရသည်မှာ ဤအဘိုးကြီးက သက်ရှိလူသားတစ်ယောက် ဟုတ်ဟန်မတူချေ။

တုထျန်းမိစ္ဆာဘုရင်မှာလည်း ကြောက်ရွံ့တုန်လှုပ်ပြီး အသံတစ်စက်မျှ မထွက်ရဲအောင် နှုတ်ဆိတ်နေ၏။

ဤအဘိုးကြီးက ယိုတု၏ မရဏတမန်တော်ဖြစ်ပြီး မြေအောက်ဘုံအရှင်သခင်၏ လက်ပါးစေ နတ်ဘုရားတစ်ပါး ဖြစ်သည်။ ကမ္ဘာအားလုံးနီးပါး၌ ဤကဲ့သို့ မရဏတမန်တော်များ ရှိ၏။ ၎င်းတို့၏ အလုပ်က တစ်ယောက်နှင့်တစ်ယောက် မတူချေ။ အချို့က သက်ရှိလောက၌ လေလွင့်သွားလာနေသော ဝိညာဉ်များကို လမ်းပြပေးရသည်။ အချို့မှာ သေဆုံးသူများကို ငရဲဘုံသို့ ခေါ်ဆောင်ရ၏။ အချို့ကတော့ သေခြင်းတရားကို ရှောင်ရှားနေသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကို လိုက်လံဖမ်းဆီးရသည်။

ယိုတုနှင့် သက်ရှိလောက ဟန်ချက်ညီမျှအောင် ထိန်းသိမ်းရသည်မှာ ဤသူများ၏ တာဝန်ပင် ဖြစ်၏။

တုထျန်းပြည်မှာ ကမ္ဘာပျက်လုနီးပါး စစ်ခင်းခဲ့ရဖူးသည်။ ထိုအခါက အရိုးစုများ ဖွေးဖွေးလှုပ်ပြီး အလောင်းကောင်များ နေရာအနှံ့ ပြန့်ကြဲနေ၏။

သူတို့ကမ္ဘာမှ နေလုံးကြီးက ငြိမ်းသေသွားပြီး အားလုံးနီးပါး အမှောင်ကျခဲ့ရသည်။ အဆုံးမဲ့ အမှောင်ထုကြီးထဲ၌ မရေမတွက်နိုင်သော အလင်းပြောက်များ ပေါ်ထွက်လာပြီး ထိုအလင်းပြောက်များအောက်၌ ဤကဲ့သို့ အဘိုးကြီးတစ်ဦးစီ ရှိနေ၏။ ထိုအဘိုးကြီးများက လေလွင့်သွားလာနေသော ဝိညာဉ်များကို သက်ဆိုင်ရာသို့ ခေါ်ဆောင်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

တုထျန်းမိစ္ဆာဘုရင်မှာ ကံကောင်းထောက်မ၍ ရှင်သန်ကျန်ရစ်ပြီး တုထျန်းပြည်၏ အရှင်သခင် ဖြစ်လာ၏။ ထိုစဉ်က သူ့အသက်အရွယ်မှာ ငယ်သေးပြီး သွေးဆူလွယ်သော အချိန် ဖြစ်သည်။ သူ့မျိုးနွယ်များ၏ ဝိညာဉ်ကို ခေါ်ဆောင်ရန် ရောက်ရှိလာသည့် မရဏတမန်တော်များကို မြင်သောအခါ အပြေးသွား၍ တိုက်ခိုက်ခဲ့၏။ သို့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရ၍ သူ့ဝိညာဉ်ပင် နုတ်ယူခံရလုနီးပါး ဖြစ်ခဲ့ရသည်။

ဤအဖြစ်ကြောင့် တုထျန်းမိစ္ဆာဘုရင်မှာ မရဏတမန်တော်ကို မြင်သည့်အခါ ကြောက်ရွံ့စိတ် မပြယ်ဘဲ စကားတစ်ခွန်းမျှ မဟရဲခြင်း ဖြစ်၏။

ချင်မူက ရိုသေလေးစားစွာ မေးမြန်းလိုက်သည်။ “သူတို့ ဘယ်ဘက် ထွက်သွားတာလဲဆိုတာ သိခွင့်ရှိနိုင်မလား…”

အဘိုးကြီးက လက်မြှောက်၍ အမှောင်ထုထဲသို့ ညွှန်ပြလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာ… ဒါပေမဲ့ အဲနေရာကို ရှာတွေ့ကြမှာ မဟုတ်ဘူး၊ ပိတ်မိနေလိမ့်မယ်… သူတို့ရဲ့ ဝိညာဉ်ကို နုတ်ယူဖို့ မရဏတမန်တော်တစ်ပါးတောင် ရောက်နေလောက်ပြီ…”

မြစ်ပြင်ဘက်မှ ရေသံတပွက်ပွက် ကြားရပြီး ရေစိုရွှဲနေသည့် အမျိုးသား၊ အမျိုးသမီးများ၏ ဦးခေါင်းများ မြစ်ထဲမှ ပေါ်ထွက်လာ၏။ သူတို့က စကားတစ်ခွန်းမျှ မဆိုဘဲ ဖြူစုတ်စုတ် မျက်နှာများနှင့် ရွာငယ်လေးဘက်သို့ လျှောက်လာကြသည်။

စက္ကူလှေများက ရွာထဲမှ ပျံသန်းထွက်ခွာ၍ ထိုအမျိုးသား၊ အမျိုးသမီးများကို တင်ဆောင်ပြီး အမှောင်ထုထဲသို့ တဖြည်းဖြည်းချင်း တိုးဝင်သွား၏။

ရွာထဲရှိ တာအိုရသေ့များမှာ ကြီးစွာ တုန်လှုပ်ချောက်ချား၍ ထူးဆန်းသော အဘိုးကြီးအနီးမှ ခပ်ဝေးဝေးသို့ နေရာရွှေ့လိုက်ကြသည်။ ဤအခိုက်၌ သူတို့လူနှစ်ယောက်မှာ နေရာမှ မရွှေ့ဘဲ မလှုပ်မယှက်သာ ရှိနေသေးကြောင်း သတိပြုမိလိုက်၏။

အမှောင်ထုထဲသို့ ရွက်လွှင့်သွားသော စက္ကူလှေနှစ်စီးပေါ်တွင်တော့ မလှုပ်မယှက် ဖြစ်နေသူနှစ်ယောက်နှင့် ဆင်တူသည့် လူရိပ်များ ရှိနေသည်။

ကျန်သည့် တာအိုရသေ့များမှာ ခေါင်းမွေးများ ထောင်ထသွားကြ၏။ ရသေ့ဝတ်စုံ ဝတ်ဆင်ထားသည့် လုံကျောင်းနန်မှာလည်း တဆတ်ဆတ် တုန်ရီနေသည်။ ချက်ချင်းထ၍ ပြေးသွားချင်သော်လည်း ရွာအပြင်ဘက်၌ အမှောင်ထုကြီးသာ ရှိသဖြင့် ထမပြေးရဲချေ။

“ခေါင်းငုံ့ထား၊ အဲအဘိုးကြီးကို မကြည့်နဲ့…” ရသေ့အိုကြီးတစ်ပါးက အသိဝင်လာပြီး ကမန်းကတန်း ပြောလိုက်၏။ “ဒါ မရဏတမန်တော်ပဲ… သူနဲ့ အကြည့်ချင်းဆုံမိရင် ဝိညာဉ်နုတ်ခံရလိမ့်မယ်..”

လုံကျောင်းနန်နှင့် အခြားရသေ့ပျိုက ကမန်းကတန်း ခေါင်းငုံ့လိုက်ကြသည်။ ထိုအဘိုးကြီးကိုလည်း ထပ်မကြည့်ရဲကြတော့ပေ။

ချင်မူ၏ လေသံက ပို၍ ရိုးသားဖြူစင်လာ၏။ “တာအိုရောင်းရင်းအနေနဲ့ ရွှင်ပျော်ပျော်ကျေးရွာ ဘယ်နားရှိလဲဆိုတာ ညွှန်ပြပေးနိုင်မလား မသိဘူး…”

အဘိုးကြီးက မည်သည့် စကားမျှ မဆိုတော့ဘဲ အမှောင်ထုထဲသို့ လက်ညှိုးထိုးပြသည်။

ချင်မူ မျက်မှောင်ကြုတ်လိုက်မိ၏။ ဤအဘိုးကြီး ညွှန်ပြသော နေရာက သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာ ဖြစ်သည်။ အခြား မြေအောက်ဘုံတစ်ခု ဖြစ်သော ဖုန်းတုရှိသည့်နေရာလည်း ဖြစ်၏။

ရွာလူကြီးနှင့်သူ သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ဝင်ရောက်စဉ်အခါက အသက်နှင့်ကိုယ် အိုးစားကွဲတော့မလို ဖြစ်ခဲ့ရသည်။

“အဲနေရာက ရွှင်ပျော်ပျော်ကျေးရွာမှ မဟုတ်ပဲ… တာအိုရောင်းရင်းအနေနဲ့ တကယ့်ရွှင်ပျော်ပျော်ကျေးရွာအစစ် ဘယ်မှာရှိလဲဆိုတာ ဖြေပေးနိုင်မလား…”

အဘိုးကြီးက ခေါင်းခါယမ်း၍ အမှောင်ထုထဲသို့သာ ဆက်၍ ညွှန်ပြ၏။

ချင်မူ ထပ်မေးလိုက်သော်လည်း အဘိုးကြီးက စကားမပြန်တော့ချေ။

သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့တွင် အမှောင်ထုအတွင်း၌ သွားလာနိုင်သော စွမ်းရည် မရှိ။ ရွာလူကြီးမှလွဲပြီး အခြားရွာသူရွာသားများမှာလည်း အမှောင်ထုထဲတွင် သွားလာနိုင်စွမ်း မရှိပေ။ ကျောက်ရုပ်တုများ သယ်ဆောင်၍သာ သွားလာနိုင်ကြ၏။

ချင်မူ ငြိမ်ကျသွားသည်။ အိပ်ပျော်နေသော နဂါးချီလင်၏ ဟောက်သံမှလွဲလျှင် ရွာထဲ၌ မည်သည့်အသံမျှ မကြားရတော့။

အတန်ကြာပြီးသောအခါ ရေထဲမှ တက်လာသည့် ဝိညာဉ်များ မရှိတော့သဖြင့် အဘိုးကြီး စီးနင်းလာသော လှေငယ်လေးမှာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ရွာထဲရှိ အရာအားလုံးက ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။ အစောကကဲ့သို့ အေးစိမ့်ခြင်း မရှိတော့။ အားလုံး သက်ပြင်းချလိုက်မိကြ၏။ ယခုအခါတွင် ရွာထဲ၌ တာအိုရသေ့သုံးပါးသာ ရှိတော့သည်။ ချင်မူ့ဘက်တွင်တော့ တုထျန်းမိစ္ဆာဘုရင်နှင့် နဂါးချီလင် ရှိသေး၏။

ပြိုပျက်နေသော ကျောက်ရုပ်တုများက အလင်းရောင် ခပ်ဖျော့ဖျော့ ထုတ်လွှတ်၍ ပတ်ဝန်းကျင်မှ အမှောင်ထုကို တွန်းလှန်နေသည်။ ချင်မူ့ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားမိပြီး ရသေ့ပျိုမလေးကို ပြုံးပြ၍ အခြားရသေ့နှစ်ပါးကို မေးမြန်းလိုက်၏။ “ရသေ့ကြီးတို့ကို အရင်က မတွေ့ဖူးသလိုပဲ… ဘယ်ကလာတာများလဲ…”

ထိုနှစ်ယောက်ထဲတွင် တစ်ယောက်က အသက်များစွာ ကြီးသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က အမေးရှိလာတော့ ဖုံးကွယ်မထားဝံ့ပါဘူး… ကျုပ်တို့ ဆရာတပည့်နှစ်ယောက်က ကောင်းကင်ကြယ်တာရာဖမ်းဂိုဏ်းကပါ… ဒီရသေ့ကြီးက ချီယွင်ပါ၊ ဒါကတော့ ကျုပ်တပည့် ရှောင်ယွင်ပါ… တခြားနှစ်ယောက်ကလည်း ဒီရသေ့ကြီးရဲ့ တပည့်တွေပါပဲ၊ ကံမကောင်း အကြောင်းမလှလို့ သူတို့ရဲ့ ဝိညာဉ်တွေကို မရဏတမန်တော်က ခေါ်ဆောင်သွားပါတယ်…”

ချင်မူက ရိုသေလေးစားစွာ ပြောလိုက်၏။ “ရသေ့ကြီးတို့နှစ်ယောက်က ကောင်းကင်ကြယ်တာရာဖမ်းဂိုဏ်းကကိုး… ဂိုဏ်းချုပ်က လောရှင်းဟယ် မဟုတ်လား…”

“ဂိုဏ်းချုပ်လောက ကျုပ်ရဲ့ ဆရာသခင်ပါ၊ ဆုံးပါးသွားပါပြီ…” တာအိုရသေ့ချီယွင်က ကြေကွဲဝမ်းနည်းစွာ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက တရှန်းမြို့ရဲ့ တောင်ထွတ်ကို အဝေးတစ်နေရာဆီ ပို့ဆောင်လိုက်တဲ့နေ့မှာပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ လက်ချက်နဲ့ ကျုပ်ဆရာ ဆုံးပါးခဲ့ရတယ်…”

“သိပါပြီ…” ချင်မူ ခေါင်းညိတ်လိုက်၏။

ရွာအပြင်ဘက် အမှောင်ထုထဲရှိ အေးစက်စက် လေပြင်းများက တဝှီးဝှီး အော်မြည်တိုက်ခတ်လျက် ရှိသည်။ ရွာထဲရှိ လူများမှာ တစ်ဖန်ပြန်၍ ငြိမ်ကျသွားပြီး စကားတစ်ခွန်းမျှ မဆိုတော့ချေ။ တာအိုရသေ့နှစ်ပါးက နောက်ကျောမှ ဓားအိမ်များကို ဖြုတ်ယူ၍ အသေအချာ တိုက်ချွတ်သန့်ရှင်းနေ၏။ လုံကျောင်းနန်းကလည်း ပြုံး၍ နားရွက်မှ နားဆွဲလေးကို ခပ်ဖွဖွ ပွတ်သပ်နေသည်။

ချင်မူက ထောင်ထျယ်အိတ်ထဲသို့ လက်နှိုက်လိုက်၏။ သို့သော်လည်း မည်သည်ကိုမျှ ဆွဲထုတ်ခြင်း မရှိဘဲ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားသည်။

ကြည်လင်တောက်ပသော နှင်းပွင့်နှင်းမှုန်များက ကောင်းကင်ယံမှ တဖွဲဖွဲ ကျဆင်းနေ၏။

ညဉ့်ယံက များစွာ အေးချမ်းလှခြင်း မရှိသော်လည်း ဆီးနှင်းများ စတင်ကျဆင်းလာချေပြီ။

တုထျန်းမိစ္ဆာဘုရင်က တစ်မူထူးခြားနေသည့် အခြေအနေကြောင့် နဂါးချီလင်ကို တိတ်တဆိတ် ကျိတ်၍ ကန်နှိုးလိုက်သည်။ ဖက်တီးနဂါးက အိပ်ရာမှ နိုးလာပြီး လှည့်ပတ်ကြည့်ရှု၍ ထူးထူးခြားခြား မမြင်သဖြင့် ပြန်အိပ်သွား၏။

တုထျန်းမိစ္ဆာဘုရင်မှာ ဒေါပွသွားသည်။ “ဒီလို ငပျင်းကောင်မျိုးကို မွေးထားပြီး ဘာသုံးစားရမှာလဲ…”

နှင်းများက ပို၍ ပို၍ ထူထပ်သိပ်သည်းလာပြီး များမကြာမီ၌ ပတ်ဝန်းကျင်တစ်ခွင်လုံး အဖြူရောင် အလွှာတစ်ထပ် ဖုံးလွှမ်းသွား၏။

ဤအခိုက်၌ ဗုဒ္ဓတရားသံတစ်သံ ကြားလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ ဤဗုဒ္ဓတရားသံက အမှောင်ထုထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ချင်မူ ထောင်ထျယ်အိတ်ထဲမှ သူ့လက်ကို ထုတ်လိုက်သည်။ လုံကျောင်းနန်က နားဆွဲကိုင်ထားသည့် လက်ကို အောက်ချလိုက်ပြီး တာအိုရသေ့နှစ်ပါးကလည်း ဓားအိမ်များကို ချထားလိုက်၏။

အမှောင်ထုထဲမှ အလင်းရောင် ပေါ်ထွက်၍ မျက်နှာဖောင်းဖောင်း၊ နားရွက်ကြီးကြီး ကိုယ်တော်တစ်ပါး လှမ်းဝင်လာသည်။ ထိုကိုယ်တော်က လှည့်ပတ်ကြည့်ရှု၍ လက်အုပ်ချီလိုက်၏။ “ဒကာလေးတို့၊ အနှောင့်အယှက်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်…”

ချင်မူက လျစ်လျူမရှုရဲဘဲ ချက်ချင်း ထရပ်လိုက်သည်။ “တပည့်တော်တို့ကလည်း ဧည့်သည်ပါပဲ… အနှောင့်အယှက်ပြုတယ်လို့ မဆိုနိုင်ပါဘူး…”

ဤကိုယ်တော်ကြီး၏ နောက်တွင် အနက်ရောင် အမွေးအမှင်များ ဖုံးလွှမ်းနေသည့် ထောင်ထောင်မောင်းမောင်း လူတစ်ဦး လိုက်ပါလာ၏။ သူ့တစ်ကိုယ်လုံး၌ ကြွက်သားများ ကျစ်လျစ်ဖောင်းကြွနေပြီး အရပ်ငါးကိုက်ခန့် ရှိသည်။ သိပ်သည်းသည့် မိစ္ဆာချီစွမ်းအင်များလည်း ဝန်းရံနေပြီး လူသားအသွင်ရှိသည့် မျောက်ဝံတစ်ကောင်နှင့်ပင် တူနေ၏။ ထိုသူက လက်ထဲမှ ဘုန်းကြီးတောင်ဝှေးကို ဆုပ်ကိုင်ရင်း တအံ့တဩ အော်ဟစ်လိုက်သည်။ “ကောင်လေး…”

ချင်မူလည်း ဖော်မပြနိုင်လောက်အောင် အံ့အားသင့်သွား၏။ ထိုသူ၏ လက်ထဲမှ ဘုန်းကြီးတောင်ဝှေးကို ကြည့်ပြီး မိစ္ဆာမျောက်ဝံကို ပေးခဲ့သော ခက္ခရာတောင်ဝှေးမှန်း မှတ်မိလိုက်သည်။ သူ အော်ခေါ်လိုက်၏။ “ဟေ့ကောင်ကြီး၊ ဒီမှာ ဘာလုပ်နေတာလဲ… အသွင်ပြောင်းလိုက်ပြီလား…”

မှော်မိစ္ဆာကဲ့သို့ မျောက်ဝံကြီးက အံ့ဩဝမ်းသာသွားသည်။ သူက ရှေ့တက်လာပြီး ချင်မူ့ကို ကြည့်၍ ဝဖိုင့်ဖိုင့်ကိုယ်တော့်ထံ လက်ညှိုးထိုးပြလိုက်၏။ “ခေါင်းတုံး၊ အသေး…”

ထို့နောက် မိစ္ဆာမျောက်ဝံက သူ့ကိုယ်သူ လက်ညှိုးထိုး၍ ဗလုံးဗထွေး ပြောလိုက်သည်။ “အကြီး၊ ခေါင်းတုံး၊ သင်… ခေါင်းတုံး၊ အသေး၊ အသေး…”

ချင်မူ ခေါင်းရှုပ်သွားပြီး ပြန်မေးလိုက်၏။ “မင်းပြောချင်တာ ဒီကိုယ်တော်ကြီးက မိုးခြိမ်းသံကျောင်းတော်ငယ်က ဟုတ်လား… မဟာမိုးခြိမ်းသံကျောင်းတော်က ကိုယ်တော်နဲ့ တွေ့ပြီး သူဆီက သင်ခဲ့ရတယ်၊ ပြီးတော့ မိုးခြိမ်းသံကျောင်းတော်ငယ်က ဒီကိုယ်တော်နဲ့တွေ့ပြီး ခေါ်လို့ လိုက်သွားတယ် ဟုတ်လား…”

မိစ္ဆာမျောက်ဝံက ခေါင်းကို ထပ်ခါထပ်ခါ ညိတ်လိုက်သည်။

ရွာထဲရှိ လူအားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။ တုထျန်းမိစ္ဆာဘုရင်က တီးတိုးရေရွတ်လိုက်သည်။ “သူပြောတဲ့ အဓိပ္ပာယ်ကို ဘယ်လိုလုပ်ပြီး နားလည်လိုက်တာလဲ…”

ချင်မူမှာ အံ့အားသင့်သွား၏။ မိစ္ဆာမျောက်ဝံကို ခေါ်၍ အမှောင်ထုအတွင်း ခရီးသွားလာနိုင်သည်ကို ထောက်ရှုလျှင် ဤမျက်နှာဖောင်းဖောင်း၊ နားရွက်ကြီးကြီးကိုယ်တော်က တထာဂတ၊ ရွာလူကြီးတို့နှင့် တန်းတူအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေလိမ့်မည်။

နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်၏။

လုံကျောင်းနန်၊ ရသေ့ကြီးချီယွင်၊ ရသေ့ငယ်ရှောင်ယွင်တို့၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်စိတ်များ ထိုးတက်လာပြီး နောက်သို့ တရွေ့ရွေ့ ဆုတ်သွားသည်။ သူတို့နောက်၌ အမှောင်ထုသာ ရှိတော့၏။

သူတို့သုံးယောက်စလုံး စိတ်ထဲမှ ကျိတ်၍ ညည်းတွားလိုက်မိကြသည်။ အစောက မရဏတမန်တော်၊ ယခု မိုးခြိမ်းသံကျောင်းတော်ငယ်၏ တထာဂတငယ်…။ ဤသူအားလုံးက ချင်မူ သိကျွမ်းသော လူများ ဖြစ်နေ၏။ သူ့ထံမှ စကားတစ်ခွန်းနှင့်ပင် သူတို့ ဇီဝိန်ကြွေသွားနိုင်သည်။

သူတို့ မသိလိုက်သည်မှာ ချင်မူလည်း အတော်လေး တုန်လှုပ်ချောက်ချားနေခြင်း ဖြစ်၏။ မိုးခြိမ်းသံကျောင်းတော်ငယ်မှ တထာဂတငယ်မှာ မှော်မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး မဟာမိုးခြိမ်းသံကျောင်းတော်မှ ခွဲထွက်လာသည့် မိစ္ဆာကြီး ဖြစ်သည်။ အတော်ကြီးမားလှသည့် မိစ္ဆာဘုရင်ကြီး ဖြစ်၏။

တထာဂတငယ်၏ ဗုဒ္ဓကျမ်းစာများအပေါ် သိနားလည်မှုက လွန်စွာ မြင့်မားလှသည်။ သူက ကြေးနီဗုဒ္ဓဆင်းတုတော်ကြီးကို အသုံးပြု၍ ကင်းခြေများ ရှန်းချင်းအာကို ဖိနှိမ်ထားခဲ့ဖူးသည်။ ချင်မူက ရှန်းချင်းအာကို ကယ်တင်ရန်အတွက် ရေခဲစီးကြောင်းကို အသုံးပြု၍ ထိုဗုဒ္ဓဆင်းတုတော်ကြီးကို ရေထဲတွန်းချခဲ့၏။

မျက်နှာဖောင်းဖောင်း၊ နားရွက်ကြီးကြီး တထာဂတငယ်က အမှန်တကယ်ပင် ဗုဒ္ဓမြတ်စွာတစ်ပါးနှင့် တူလှသည်။ သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ကြည်ညိုဖွယ်ရာ အဆင်းသဏ္ဌာန် ရှိ၏။ သူက ချင်မူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ဒကာလေးပါလား… ကိုယ်တော့်ရဲ့ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးခဲ့တာ ဒကာလေး မှတ်မိသေးရဲ့လား…”

လုံကျောင်းနန်နှင့် တာအိုရသေ့ချီယွင်၏ မျက်ဝန်းများ လက်ခနဲ အရောင်တောက်သွားပြီး ရင်ထဲတွင် မျှော်လင့်ချက်များ ရှင်သန်လာ၏။

ချင်မူက ပြောလိုက်သည်။ “မှတ်မိပါတယ်…”

မိစ္ဆာမျောက်ဝံက ချင်မူ့ရှေ့တွင် ရပ်၍ အော်ဟစ်ကြေညာလိုက်၏။ “ခေါင်းတုံး၊ ညီကို…”

တထာဂတငယ်က သူ့ကိုကြည့်၍ ခေါင်းခါယမ်းလိုက်သည်။ “စိတ်မပူပါနဲ့… ငါ့ရန်သူက လာနေပြီ၊ အခု ဘာမှ မလုပ်နိုင်သေးဘူး… မင်း ဒီမှာနေခဲ့ဦး… ငါ့ရန်သူနဲ့ သွားတွေ့လိုက်ဦးမယ်…”

သူ့စကားမဆုံးမီပင် အပြင်ဘက် အမှောင်ထုထဲမှ ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ “တထာဂတငယ်၊ ညကြီးသန်းခေါင် တိုက်ခိုက်ဖို့ ချိန်းဆိုတာက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ…”

နှင်းများတဖွဲဖွဲ ကျဆင်းနေသော ညဉ့်ယံအလယ်တွင် ဝါးခမောက်ဆောင်းထားသော အဘိုးကြီးတစ်ဦးက ရွာပျက်လေးဆီသို့ လျှောက်လှမ်းလာသည်။ ချင်မူ မှင်တက်မိသွားပြီး အော်ခေါ်လိုက်၏။ “ဆရာကြီးလင်ကျင့်…”

ထိုအဘိုးကြီးက ဝါးခမောက်လှန်ကြည့်ပြီး ပြုံးလိုက်သည်။ “ငါ့ဆီက ဖုန်းတုကြေးပြား ချေးသွားတဲ့ ဓားနတ်ဘုရားရဲ့တပည့်လေးပါလား… အကြွေးပြန်ဆပ်တော့မလို့လား…”

ချင်မူမှာ အရှက်ရသွားပြီး အမှန်အတိုင်း ပြောလိုက်၏။ “အဲဒီဖုန်းတုကြေးပြားတွေက သုံးလိုက်လို့ ကုန်သွားပါပြီ…”

လုံကျောင်းနန်၊ ရသေ့ကြီးချီယွင်၊ ရသေ့ငယ်ရှောင်ယွင်တို့မှာ အတောင့်သား ဖြစ်သွားသည်။ အမှောင်ထုထဲတွင် သွားလာနိုင်သော ထိပ်သီးပညာရှင်တစ်ယောက် ထပ်ရောက်ပြီး ထိုသူကလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် သိကျွမ်းသူတစ်ဦး ဖြစ်နေပြန်၏။

ဤကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်များနှင့် မည်မျှထိအောင် သိကျွမ်းထားသနည်း။

“နောင်တစ်ချိန်မှ ပေးလည်း နောက်မကျသေးပါဘူး…”

လင်ကျင့်က ဝါးခမောက်ကို ချွတ်၍ နံရံတစ်ခုဘေး၌ ချထားလိုက်သည်။ ထို့နောက် တထာဂတငယ်ကို ကြည့်၍ ခပ်အေးအေး ပြောလိုက်၏။ “နှင်းထူထူနဲ့ ညမှောင်မှောင်၊ လူသတ်ဖို့ အချိန်ကောင်းပဲ… တထာဂတငယ်၊ ခပ်ဝေးဝေး သွားတိုက်ကြစို့…”

“ကောင်းပြီ…”

ထိပ်သီးသိုင်းပညာရှင်နှစ်ယောက်က အမှောင်ထုထဲ တိုးဝင်သွားပြီး ရွာငယ်လေးမှာ ပြန်လည်၍ တိတ်ဆိတ်သွားသည်။ ချင်မူက လုံကျန်နန်နှင့် သူ့လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့ကလည်း သူ့ကို ပြန်ကြည့်နေသည်။ မည်သူမျှတော့ လှုပ်ရှားခြင်း မရှိကြ။

မိစ္ဆာမျောက်ဝံက ဤအခြေအနေကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွား၏။ ကြောက်မက်ဖွယ်ရာ အားလှိုင်းများ အဝေးမှ လွင့်ပျံ့လာပြီး ကောင်းကင်ယံမှ နှင်းမှုန်များက မိုးသီးမိုးပေါက်များအဖြစ် ပြောင်းလဲသွားသည်။ လင်ကျင့်နှင့် တထာဂတငယ်တို့၏ ကောင်းကင်နတ်သိုင်းများကြောင့် ညအမှောင်၏ နှင်းထုတစ်ခုလုံး အရည်ပျော်၍ မိုးအဖြစ် ရွာသွန်းလာ၏။

တစ်ချက်တစ်ချက်တွင် နှင်းပွင့်များ ကျဆင်းလာပြီး တစ်ချက်တစ်ချက်တွင် မိုးမှုန်များအဖြစ် ပြောင်းလဲသွားသည်။ အချိန်မည်မျှ ကြာသွားသည်မသိ၊ ရုတ်တရက် လင်းကြက်တွန်သံများ ထွက်ပေါ်လာ၏။ အမှောင်ထုက အနောက်အရပ်ဆီသို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ ဤအခိုက်၌ ချင်မူ၊ လုံကျောင်းနန်၊ တုထျန်းမိစ္ဆာဘုရင်နှင့် ကျန်သူများအားလုံး တစ်ပြိုက်နက် လှုပ်ရှားလိုက်ကြ၏။ တစ်ချိန်တည်းလိုလို အသေသတ်တိုက်ကွက်များ ထုတ်ဖော်တိုက်ခိုက်လိုက်ကြသည်။

နဂါးချီလင်က မာန်သွင်းဟိန်းဟောက်၍ ကိုယ်လုံးကို ယမ်းခါပြီး ပုံသဏ္ဌာန်အစစ်အမှန်ကို ဖော်ထုတ်လိုက်၏။ သူ့တစ်ကိုယ်လုံး၌ မီးလျှံများ တရှိန်ရှိန် တောက်လောင်နေပြီး လျှောထိုးခုန်ဝင်လာသော မြွေနီကြီး၏ ဦးခေါင်းကို ရှေ့လက်သည်းများဖြင့် ဆွဲကုပ်ဖိချလိုက်သည်။ ချင်မူက ရသေ့ကြီးချီယွင်၏ ဘေးသို့ တစ်မုဟုတ်ချင်း ခုန်ဝင်သွား၏။ တုထျန်းမိစ္ဆာဘုရင်က ချင်မူ၏ နောက်မှ လိုက်ပါလာပြီး ရသေ့ကြီးချီယွင်၏ မရေမတွက်နိုင်သော ဓားပျံများကို ပိတ်ဆို့ကာကွယ်လိုက်သည်။

မိစ္ဆာမျောက်ဝံက တုထျန်းမိစ္ဆာဘုရင်ပေါ်မှ ခုန်တက်၍ ရသေ့ကြီးချီယွင်၏ ခေါင်းကို ခက္ခရာတောင်ဝှေးဖြင့် ရိုက်ချလိုက်၏။

ရွှစ်…။

ဓားအလင်းတန်းတစ်ခုက ရသေ့ကြီးချီယွင်၏ ရင်ဝသို့ ဖောက်ဝင်သွားသည်။ ချင်မူ၏ လက်ချောင်းတစ်ချက် ပင့်အကော်တွင် ထိုဓားအလင်းတန်းက မှင်တက်နေဆဲရှိသော ရသေ့ငယ်ရှောင်ယွင်၏ လည်ပင်းကိုပါ အလျားလိုက် လှီးဖြတ်သွား၏။

လုံကျောင်းနန်က မြွေနီကြီး၏ အမြီးကို ဖမ်းဆုပ်၍ အရွယ်အစား ပြန်လည် ကျုံ့ဝင်စေပြီး ကောင်းကင်ယံသို့ ခုန်တက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

All Chapters