← Chapters

ချင်မူ သင်္ဘောငှားခြင်း

Vol. 17 Ch. 235

ချင်မူ သင်္ဘောငှားခြင်း

Vol. 17 Ch. 235

ဘုတ်… ဘုတ်...။

ရသေ့ကြီးချီယွင်နှင့် ရသေ့ငယ်ရှောင်ယွင်တို့၏ ရုပ်အလောင်းများ မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။ ချင်မူ သူ့ဓားကို ပြန်သိမ်း၍ ခေါင်းမော့ကြည့်လိုက်၏။ လုံကျောင်းနန်က အဝေးသို့ ရောက်သွားပြီ ဖြစ်ပြီး မြွေနီကြီး၏ ပြေးနှုန်းက တကယ်ပင် မြန်ဆန်လှသည်။ နောက်မှလိုက်ရန် လွယ်ကူလိမ့်မည် မဟုတ်။

“ဒီနေ့ညတော့ ဝိညာဉ်တွေခေါ်ဖို့ မရဏတမန်တော် လာရလိမ့်ဦးမယ်… လုံကျောင်းနန်ကို သူသွားရမဲ့လမ်းဆီ မပို့လိုက်ရတာပဲ နာတယ်… ဒီမိန်းမက တကယ့်ကို ဉာဏ်ကောင်းတာပဲ… ကောင်းကင်လှိုင်းမြို့မှာလည်း သူပဲ လွတ်အောင် ပြေးနိုင်ခဲ့တာ…”

ချင်မူ သက်ပြင်းတစ်ချက် ချလိုက်၏။ ယခု လုံကျောင်းနန်မှာ တစ်ယောက်တည်း ဖြစ်သွားသဖြင့် သူ့နောက်လိုက်ရန် လွယ်တော့မည်မဟုတ်။ လိုက်လာသေးလျှင်လည်း သေချာပေါက် သေပွဲဝင်ရမည် ဖြစ်သည်။

ဤတိုက်ပွဲ လွယ်ကူချောမွေ့စွာ အဆုံးသတ်နိုင်ခဲ့သည့် အဓိကအကြောင်းရင်းမှာ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်၏။ ရသေ့ကြီးချီယွင်၏ ကျင့်စဉ်စွမ်းအင်နှင့် ခွန်အားက လုံကျောင်းနန်အောက် မနိမ့်ကျချေ။

ရသေ့ကြီးချီယွင်က ဓားအိမ်တစ်ခုကို သယ်ဆောင်လာသဖြင့် ဓားသိုင်းအရာ၌ ကျွမ်းကျင်သူဖြစ်ကြောင်း သိနိုင်သည်။ တုထျန်းမိစ္ဆာဘုရင်က သူ၏ လက်ရှစ်ဖက်ဖြင့် ရသေ့ကြီးချီယွင်၏ ဓားပျံများအားလုံးကို ပိတ်ဆို့ကာကွယ်ပေးထားဖြင့် ချင်မူ အပူအပင်မရှိ အနားတိုးကပ်သွားနိုင်၏။

မိစ္ဆာမျောက်ဝံ၏ အားသာချက်က သူ၏ ကြီးမားသော ခွန်အား ဖြစ်သည်။ ခက္ခရာတောင်ဝှေးနှင့် တထာဂတ၏ မဟာယနသုတ္တန်ကိုပါ ထည့်ပေါင်းလိုက်သောအခါ မိစ္ဆာမျောက်ဝံ၏ ခွန်အားက ရသေ့ကြီးချီယွင်ကို တဒင်္ဂ တုန့်ခနဲဖြစ်အောင် ဖိအားပေးနိုင်၏။ ထိုအခိုက်အတန့်လေး၌ ချင်မူက ဓားတစ်ချက်တည်းဖြင့် ဇီဝိန်ခြွေလိုက်ခြင်း ဖြစ်သည်။

လုံကျောင်းနန်၏ တိုက်ခိုက်အားက ရေနဂါးအသွင် ကူးပြောင်းလုနီးပါး ဖြစ်နေသော မြွေနီကြီးပေါ်တွင် မူတည်၏။ သို့သော်လည်း နဂါးချီလင်က ထိုမြွေနီကြီး၏ အသင့်လျော်ဆုံး ပြိုင်ဘက်ဖြစ်သည်။ သူ့ခွန်အားဖြင့် မြွေနီကြီးကို ဖိနှိပ်ထားလိုက်သည်နှင့် လုံကျောင်းနန်မှာ ရသေ့ကြီးချီယွင်ကို ကယ်တင်နိုင်ခြင်း မရှိတော့ချေ။

သို့အတွက်ကြောင့် ဤရသေ့ကြီး ကံဆိုးမိုးမှောင်ကျသွားခြင်း ဖြစ်၏။

ယခု လုံကျောင်းနန် ထွက်ပြေးသွားသောအခါတွင်တော့ ချင်မူ နောက်မှ လိုက်မသွားနိုင်ချေ။ လိုက်သွားသည်နှင့် သူ သေလူဖြစ်ပေလိမ့်မည်။ သူ့အပေါင်းအဖော်များ ဖြစ်သည့် တုထျန်းမိစ္ဆာဘုရင်၊ နဂါးချီလင်၊ မိစ္ဆာမျောက်ဝံတို့က လုံကျောင်းနန်ကို မီအောင် လိုက်နိုင်လိမ့်မည် မဟုတ်။ သို့အတွက် မည်သို့မျှ မတတ်နိုင်ဘဲ အလွတ်ပေးလိုက်ရသည်။

“ဟေ့ကောင်ကြီး၊ မိုးခြိမ်းသံကျောင်းတော်ငယ်ရဲ့ တထာဂတငယ်က မင်းကို ဒုက္ခပေးသေးလား…” ချင်မူက မေးလိုက်၏။

မိစ္ဆာမျောက်ဝံက ခေါင်းခါယမ်း၍ သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။ “ငါ့၊ နာမည်၊ ခုံး…”

ချင်မူ စောင့်၍ နားထောင်နေ၏။ မိစ္ဆာမျောက်ဝံက သူ၏ ဘွဲ့အမည်ကို ပြောခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း မည်သို့သော ဘွဲ့အမည်ကများ နာမည်တစ်လုံးတည်း ရှိလေသနည်း။ အမှန်တကယ်ပင် ခုံးတစ်လုံးတည်း ဖြစ်လေသလား။ သို့မဟုတ်လျှင် ခုံးဆိုသည်က အဘယ်ကို ရည်ညွှန်းသနည်း။

မိစ္ဆာမျောက်ဝံက ချင်မူ နားလည်သည်ဟု ယူဆ၍ မည်သည်ကိုမျှ ထပ်မပြောတော့။ ဤမိစ္ဆာမျောက်ဝံက သူ့စကားကို ရွှေကဲ့သို့ တန်ဖိုးထား၍ အပိုတစ်ခွန်းပြောတတ်သူ မဟုတ်ချေ။

“တထာဂတငယ်နောက် လိုက်တာ မင်းအတွက် ကောင်းပါတယ်… သူက တထာဂတရဲ့ မဟာယနသုတ္တန်ကိုလည်း သိတယ်၊ တာအိုလမ်းကြောင်းပေါ် ရောက်နေတဲ့ ဆန်းကြယ်သားရဲ တစ်ကောင်လည်း ဖြစ်တယ်ဆိုတော့ မင့်ရဲ့ကျင့်စဉ်ကို ထောက်ပြညွှန်ကြားပေးဖို့ အသင့်တော်ဆုံးပဲ…”

ချင်မူက လက်ဝှေ့ယမ်းပြလိုက်၏။ “ငါ့အဘိုးအဘွားတွေ ပျောက်နေလို့ လိုက်ရှာရဦးမယ်၊ ဒီမှာ ဆက်မနေနိုင်တော့ဘူး… မင်းအားတဲ့အခါ အိမ်ဘက်လာခဲ့ဦး၊ လင်းအာကလည်း မင်းကို သတိရနေတာ…”

သူတို့နှစ်ဦး နှုတ်ဆက်လမ်းခွဲခဲ့ကြသည်။

ချင်မူက မရဏတမန်တော် ညွှန်ပြရာဘက်သို့ ထွက်သွား၏။ ဤတစ်ကြိမ်တွင်တော့ လုံကျောင်းနန်၏ အကြည့်ကို ခံစားမိခြင်း မရှိတော့ချေ။ ဤမိန်းကလေးက သူ့ကို မသတ်နိုင်မှန်း သိသဖြင့် နောက်ဆုတ်သွားခြင်း ဖြစ်မည်။

“တထာဂတငယ်နဲ့ ဆရာကြီးလင်ကျင့်ရဲ့ တိုက်ပွဲက ဘယ်လို ဖြစ်သွားလဲ မသိဘူး…”

ချင်မူ ထိုတိုက်ပွဲအကြောင်း တွေးမိသော်လည်း ရွာလူကြီးနှင့် အခြားသူများကို လိုက်ရှာရန်မှာ ပိုအရေးကြီးသည်။ သူက နဂါးချီလင်၏ ဦးခေါင်းထက်၌ ထိုင်လျက် လိုက်ပါလာပြီး တုထျန်းမိစ္ဆာဘုရင်က နောက်မြီးပိုင်း၌ အရပ်လေးမျက်နှာကို အကဲခတ်ကြည့်ရှုနေ၏။

မဟာမြို့ပျက်၏ အတွင်းပိုင်းသို့ ရောက်လာလေလေ ဆန်းကြယ်သားရဲများက ပို၍ စွမ်းအားကြီးလာလေလေ ဖြစ်ပြီး အချို့မှာ နဂါးချီလင်နှင့် မြွေနီကြီးထက်ပင် ပိုစွမ်းအားကြီးသေးသည်။ ကံကောင်းထောက်မသည်မှာ ဤဆန်းကြယ်သားရဲများက ကိုယ့်နယ်ပယ်နှင့်ကိုယ် နေထိုင်ကြခြင်း ဖြစ်၏။

ချင်မူက မဟာမြို့ပျက်တွင် မွေးကတည်းက နေလာပြီး ဆန်းကြယ်သားရဲများ၏ နယ်ပယ်ကို ခွဲခြားသိမြင်ရာ၌ ဆရာတစ်ဆူ ဖြစ်သဖြင့် ၎င်းတို့ကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

“ဒီအတိုင်း ဆက်သွားရင် အရှေ့ဘက်ကောင်းကင်မုခ်ဝကို ရောက်တော့မယ်…”

ချင်မူ မဟာမြို့ပျက်၏ မြေပုံကို ခေါင်းထဲတွင် ပုံဖော်ကြည့်ရင်း အရှေ့ဘက်ကောင်းကင်မုခ်ဝဟုခေါ်သော နေရာတစ်နေရာ ရှိသည်ကို အမှတ်ရမိ၏။ အရှေ့ဘက်ကောင်းကင်မုခ်ဝအပြင် ကောင်းကင်မုခ်ဝအမည်နှင့် သုံးနေရာ ရှိသေးပြီး သိသာထင်ရှားစွာပင် အနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက် ကောင်းကင်မုခ်ဝတို့ ဖြစ်သည်။

ထိုအခိုက်၌ နဂါးချီလင်က ရုတ်တရက် ရပ်တန့်၍ လေထဲသို့ တရှုံ့ရှုံ့ အနံ့ခံလိုက်၏။ “သွေးညှီနံ့ရတယ်…”

“ဒီကောင်ကြီးက တကယ့်ခွေးကြီးပဲ၊ နဂါးချီလင် မဟုတ်ဘူး…” တုထျန်းမိစ္ဆာဘုရင်က စိတ်ထဲမှ တွေးလိုက်မိသည်။

ချင်မူ့ရင်ထဲတွင် လှုပ်ရှားသွား၏။ “သွေးညှီနံ့ ဟုတ်လား… သွားကြည့်လိုက်…”

နဂါးချီလင်က သွေးညှီနံ့ရရာနောက် လိုက်သွားရင်း တစ်ခဏကြာသောအခါ ခပ်လှမ်းလှမ်း၌ သစ်ပင်တစ်ပင်ကို မှီ၍ အသက်ကို အားယူရှူရှိုက်နေရသော တာအိုဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“ဆရာကြီးလင်ကျင့်…”

ချင်မူ အံ့အားသင့်သွားပြီး နဂါးချီလင်ကို ကမန်းကတန်း ရပ်တန့်ခိုင်းလိုက်၏။ “သူ့ဘေးမှာ အတားအဆီး စီရင်ထားတယ်… အဲထဲ ဝင်မသွားနဲ့…”

လင်ကျင့်က အားယူ၍ ခေါင်းထောင်ကြည့်လိုက်သည်။ အသက်တစ်ချက် ရှိုက်ရှူပြီးနောက် ချောင်းတဟွတ်ဟွတ် ဆိုး၍ သွေးတစ်လုတ် အန်ထုတ်လိုက်၏။ “ဓားနတ်ဘုရားတပည့်က မျက်စိ အမြင်သန်လှပါလား… ငါ ဒဏ်ရာရထားလို့ သားရဲတွေ မကပ်နိုင်အောင် အတားအဆီး အစီအရင် ချထားတာ…”

ချင်မူက ပြောလိုက်သည်။ “ဆရာကြီး၊ ကျွန်တော်က ဆေးပညာ တတ်ကျွမ်းပါတယ်… အကူအညီ လိုသေးလား မသိဘူး…”

လင်ကျင့်က လက်ဆန့်၍ အတားအဆီးအစီအရင်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက ထရပ်ချင်သော်လည်း မလှုပ်နိုင်သဖြင့် အသက်ကို လုရှူရင်း ပြောလိုက်သည်။ “ဒီဘက် လာခဲ့…”

ချင်မူက နဂါးချီလင်ကို သစ်ပင်အနီးသို့ တိုးကပ်သွားခိုင်းလိုက်၏။ ထို့နောက် မြေပေါ်သို့ ခုန်ချ၍ လင်ကျင့်၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုလိုက်သည်။ ဤအဘိုးကြီးက ဒဏ်ရာပြင်းထန်စွာ ရထား၏။ တထာဂတငယ်၏ လက်ချက် ဖြစ်ပေလိမ့်မည်။

အဓိကအချက်မှာ လင်ကျင့်က အတော်လေး အိုမင်းနေပြီ ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်က အရင်လို မဟုတ်တော့ခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် ဒဏ်ရာများ ပိုပြင်းထန်ပြီး သူ့အလိုလို အနာကျက်ရန် ခဲယဉ်းနေခြင်း ဖြစ်၏။

ချင်မူ ပါးစပ်မှ တတွတ်တွတ် ရွတ်ရင်း နဂါးသွားရည်ကို ထုတ်ယူ၍ အပြင်ဒဏ်ရာများအပေါ် လိမ်းပေးလိုက်သည်။ ထို့နောက် စွမ်းအင်ဗုဒ္ဓဆေးလုံးများ ထုတ်ယူ၍ လင်ကျင့်၏ ယင်ဝိညာဉ်မှ ဒဏ်ရာများကို ကုသပေး၏။ ပြီးသည့်အခါ ထောင်ထျယ်အိတ်ထဲ မွှေနှောက်ရှာဖွေ၍ အရေးပေါ်အတွက် နန်းတွင်းကောလိပ်မှ ယူဆောင်လာသော စွမ်းအင်ဆေးပင်အချို့ ထုတ်ယူလိုက်သည်။ ဆေးပင်အများအပြား ပါမလာသော်လည်း လင်ကျင့်၏ ဒဏ်ရာအတွက် စွမ်းအင်ဆေးလုံးများ ဖော်စပ်ရန်တော့ လုံလောက်၏။

ချင်မူက တစ်ထိုင်တည်း ဆေးဖော်စပ်လိုက်သည်။ သူ၏ လက်ဟန်နည်းစနစ်များက ပြီးပြည့်စုံ၍ လျင်မြန်သွက်လက်လှ၏။ များမကြာမီ ဆေးတစ်အိုး ဖော်စပ်ပြီးစီးသွားပြီး လင်ကျင့်ကို တိုက်ကျွေးလိုက်သည်။

လင်ကျင့်၏ မျက်နှာက သွေးရောင်ပြန်လွှမ်းလာပြီး တအံ့တဩ ပြောလိုက်၏။ “ဓားနတ်ဘုရားရဲ့ တပည့်က ဆေးပညာမှာလည်း အတော်ထူးချွန်တာပဲ… တာအိုမိတ်ဆွေလေး၊ ငါ့တပည့်လုပ်မလား… ငါ့မှာ ရန်သူတွေများတယ်၊ မင်းရှိနေရင် ဒဏ်ရာရမှာ ပူစရာမလိုတော့ဘူး… မပူပါနဲ့… ဓားနတ်ဘုရားက စွမ်းအားကြီးပေမဲ့ ငါလည်း သူ့အောက်မကျအောင် သင်ပေးနိုင်ပါတယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် အထွတ်အမြတ်ဆရာပါ… အဲဒါကြောင့် ဆရာကြီးရဲ့ တပည့် လုပ်လို့မရပါဘူး…”

“နတ်ဆိုးဂိုဏ်းသခင်ကိုး…” လင်ကျင့်က ဖျစ်ညှစ်ထရပ်ပြီး တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်သည်။ “ငါက မင်းထက် ဝါစဉ်ကြီးတယ်လို့ ထင်နေတာ… ဝါစဉ်တူ နောင်တော်တွေ ဖြစ်နေမယ်လို့ မထင်မိဘူး… လင်ကျင့် နတ်ဆိုးဂိုဏ်းသခင်ကို အရိုအသေပြုပါတယ်…”

ချင်မူက ကမန်းကတန်း ပြန်နှုတ်ဆက်လိုက်၏။ “နောင်ကြီးလင်ကျင့်က နှိမ့်ချလွန်းနေပါပြီ… နောင်ကြီးရဲ့ ဒဏ်ရာတွေက စိုးရိမ်စရာ မရှိတော့ပါဘူး… ဒါပေမဲ့ အမြစ်ပြတ် ပျောက်ကင်းဖို့ဆိုရင်  သေသေချာချာ အနားယူရဦးမယ်…”

လင်ကျင့်က ပြုံးလိုက်သည်။ “မင်းကို ဖုန်းတုကြေးပြားနှစ်ပြား ပေးလိုက်မိတာ သိပ်မှန်တာပဲ… ဟိုဓားနတ်ဘုရားလည်း ငါ့ဆီမှာ ဖုန်းတုကြေးပြားနှစ်ပြား အကြွေးတင်နေသေးတယ်၊ သူကတော့ ပြန်ဆပ်မှာ မဟုတ်ပါဘူး… သိပ်ကပ်စေးနှဲတဲ့လူ၊ အရင်က ငါ့လက်ချောင်းတစ်ချောင်းတောင် ခုတ်ဖြတ်သွားသေးတာ…” သူက ညာဘက်ကို ဖြန့်၍ ပြလိုက်၏။ “ဒီမှာကြည့်…”

သူ၏ ညာဘက်လက်သူကြွယ်က မရှိတော့။ ဓားဒဏ်ရာတစ်ခုနှင့် တုံးတိတိ ပြတ်နေသည်။

“ဒီလက်ချောင်း ပြတ်နေတာ မဟုတ်ရင် မိုးခြိမ်းသံကျောင်းတော်ငယ်က တထာဂတငယ်ရဲ့ လက်ချက်နဲ့ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာ မဟုတ်ဘူး… ဒါပေမဲ့ အဲကောင်ရဲ့ ဒဏ်ရာလည်း အတော်ပြင်းမှာပါ… ဟီး ဟီး… ဘေးမှာ နတ်ဆေးသမားတော် မရှိရင်တော့ မိုးခြိမ်းသံကျောင်းတော်ငယ်ရောက်အောင် လူးလှိမ့်ပြန်သွားရမှာပဲ… ပြန်ကောင်းဖို့ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်…”

လင်ကျင့်က သက်ပြင်းချလိုက်၏။ “ဒီကောင်က ငါ့ထက် ငယ်တဲ့အပြင် အခြေခံလည်း ခိုင်တယ်… ပြီးခဲ့တဲ့ တထာဂတရဲ့ တပည့်၊ လက်ရှိတထာဂတရဲ့ ညီတော်… ပြီးခဲ့တဲ့ တထာဂတက မဟာမိုးခြိမ်းသံကျောင်းတော်ကို သူ့အစ်ကိုလက်ထဲ ထည့်လိုက်တော့ သူ့ကို မှော်မိစ္ဆာမျိုးနွယ်ကလာတဲ့သူမို့လို့ ခွဲခြားဆက်ဆံတယ်ထင်ပြီး မကျေမနပ် ဖြစ်သွားတာ၊ အဲဒါနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကနေ တိုက်ခိုက်ဖောက်ထွက်ပြီး မိုးခြိမ်းသံကျောင်းတော်ငယ်ကို ထူထောင်လိုက်တာပဲ… ဒါနဲ့ မင်းက မဟာမြို့ပျက်မှာ ဘာလို့ တစ်ယောက်တည်း လျှောက်သွားနေတာလဲ…”

ချင်မူက ဆေးပင်များကို ရောနှော၍ ဆေးတစ်ခွက် ဖော်စပ်လိုက်သည်။ “ကျွန်တော့်ရွာက အဘိုးအဘွားတွေ လမ်းပျောက်နေလို့ လိုက်ရှာတာပါ…”

“မင့်ရွာက အဘိုးအဘွားတွေ ဟုတ်လား…” လင်ကျင့်မှာ ဇဝေဇဝါ ဖြစ်သွား၏။

“ဓားနတ်ဘုရားနဲ့ တခြားအဘိုးအဘွားတွေပါ… ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်၊ စောရနတ်ဘုရား၊ မာဝမ်ရှန်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်လည်း ပါပါတယ်… နောင်တော် သူတို့နဲ့ ဆုံမိသေးလား…”

လင်ကျင့်မှာ မှင်တက်မိသွားသည်။ ရုတ်တရက် ပါးပေါ်သို့ မျက်ရည်များ စီးကျသည်အထိ ခွက်ထိုးခွက်လန် ရယ်မောလိုက်၏။ အနာကျက်စ ဒဏ်ရာများပင် ပြန်ကွဲထွက်သွားသဖြင့် တကျွတ်ကျွတ် စုတ်သပ်ညည်းညူလိုက်ရသည်။ “ဓားနတ်ဘုရားနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် လမ်းပျောက်သွားလို့ ဟုတ်လား… ဒီငပိန်းနှစ်ကောင် လမ်းပျောက်သွားတာ ဟုတ်လား…”

သူက ဟောဟဲလိုက်အောင် ရယ်မောနေသဖြင့် ချင်မူ ကမန်းကတန်း သတိပေးလိုက်၏။ “မရယ်တော့နဲ့… ဒဏ်ရာတွေ ပွင့်ထွက်ကုန်ပြီ… နောင်တော် သူတို့ကို တွေ့လိုက်မိသေးလား…”

“မတွေ့လိုက်ဘူး…” လင်ကျင့်က ခေါင်းခါယမ်းလိုက်သည်။

ချင်မူက အဘိုးကြီးမာ၊ အဘွားစစ်နှင့် ကျန်သူများ၏ ရုပ်ပုံကို ထုတ်ယူ၍ မေးမြန်းလိုက်၏။ “အဲဒါဆို ဒီလူတွေကိုရော…”

လင်ကျင့် ပန်းချီကားများကို တစ်ချက်ကြည့်၍ တွေဝေသွားသည်။ “ဒီပန်းပဲဆရာ သေတ္တာကြီးတစ်လုံး ထမ်းလာတာကိုတော့ တွေ့လိုက်တယ်… သူ့ခြေလှမ်းက အတော်မြန်တဲ့အပြင် အစွမ်းအစကလည်း ငါ့အောက်မကျဘူး… ငါတောင် သူနဲ့ အပြေးပြိုင်လိုက်သေးတယ်… အဲတစ်ယောက်က စကားလည်း မပြောဘူး၊ အတော် ထူးဆန်းတဲ့လူ… ဒီလို ထိပ်သီးပညာရှင်မျိုး တွေ့ရခဲပေမဲ့ သူ့အကြောင်းကို အရင်က တစ်ခါမှ မကြားဖူးဘူး…”

ချင်မူ စိတ်အားတက်ကြွသွား၏။ “အဲဒါ ဘိုးဘိုးရွှေအပဲ… သူ ဘယ်ထွက်သွားလဲဆိုတာ နောင်တော် မြင်လိုက်သေးလား…”

လင်ကျင့်က ပြန်ဖြေလိုက်သည်။ “သူက တားမြစ်နယ်မြေတစ်ခုထဲ ဝင်သွားတယ်… အဲနေရာက အတော်အန္တရာယ်များတာ၊ မဟာမြို့ပျက်ရဲ့ အန္တရာယ်အများဆုံး နေရာထဲက တစ်ခုပဲ… ငါ အဲနေရာထိ လိုက်ခဲ့ပေမဲ့ အထဲတော့ လိုက်မဝင်ရဲဘူး… သူက ရွှေအလား… အဲဒါကြောင့် ငါပြောတာကို ပြန်မပြောတာကိုး…”

“ဘိုးဘိုးရွှေအက မဟာမြို့ပျက်ရဲ့ တားမြစ်နယ်မြေထဲ ဝင်သွားတာ ဟုတ်လား…” ချင်မူ ဂနာမငြိမ် ဖြစ်သွားပြီး တစ်ခဏမျှ စဉ်းစား၍ ထပ်မေးလိုက်၏။ “ရွှင်ပျော်ပျော်ကျေးရွာဆိုတာကိုရော နောင်တော် ကြားဖူးလား…”

“ရွှင်ပျော်ပျော်ကျေးရွာ ဟုတ်လား…” လင်ကျင့်က ခေါင်းခါယမ်းလိုက်သည်။ “တစ်ခါမှ မကြားဖူးဘူး…”

ချင်မူ သူ့ဖာသာ တီးတိုးရေရွတ်လိုက်မိ၏။ တာအိုရသေ့လင်ကျင့်က မဟာမြို့ပျက်အတွင်း လှည့်လည်သွားလာနေသဖြင့် အခြားသူများ မသိသည့် လျှို့ဝှက်ချက်များစွာကို သိသူ ဖြစ်သည်။ သူပင် ရွှင်ပျော်ပျော်ကျေးရွာကို မသိလျှင် ချင်မူ့အနေဖြင့် ကိုယ့်ဖာသာ လိုက်ရှာရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်၏။

သူ တစ်ခဏမျှ အတွေးနက်နေပြီးနောက် ရုတ်တရက် မေးမြန်းလိုက်သည်။ “နောင်တော်၊ ကျွန်တော့်ကို တစ်ခုလောက် ကူညီနိုင်မလား… သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာကို ထပ်သွားချင်လို့ပါ…”

လင်ကျင့်က ပြုံးလိုက်၏။ “လွယ်ပါတယ်… ညရောက်ရင် မင်းကို ငါ ခေါ်သွားမယ်…”

ချင်မူ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းချုပ်၍ လင်ကျင့်၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။ ညရောက်သောအခါ ဒဏ်ရာများ အတော်သက်သာသွား၏။ လင်ကျင့်က သူတို့ကို မဟာမြို့ပျက်၏ အမှောင်ထုထဲ ခေါ်ဆောင်သွားရင်း ပြောပြသည်။ “သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာဆိုတာ ယမမင်းရဲ့ ပိုင်နယ်ပဲ… အဲဒီကမ္ဘာလောကက သိပ်ဆန်းကြယ်တယ်၊ ညအခါမှ ကမ္ဘာနှစ်ခုထပ်ပြီး ပေါင်းသွားတာ… သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာကို ဝင်ဖို့ဆိုရင် ဖုန်းတုကြေးပြားလိုတယ်… ငါကတော့ ယမမင်းနဲ့ သဘောတူညီချက် ယူထားတာ၊ ငါသေရင် ယိတုကို မသွားဘဲ ဖုန်းတုကို လာဖို့ပေါ့…”

သူက ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုရင်း တံဆိပ်ပြားတစ်ခုကို ထုတ်၍ မြှောက်ပြလိုက်သည်။ တံဆိပ်ပြားမှ အလင်းရောင်က အမှောင်ထုထဲ ကျရောက်သွား၏။ “ဖုန်းတုရဲ့ နောက်ခံက အတော်လေး ထူးဆန်းတယ်… နေရာအတိအကျ မရှိဘဲ မဟာမြို့ပျက်ထဲမှာ ဟိုဟိုသည်သည် မျောလွင့်နေတာ… ငါ့မှာ ဖုန်းတုအမှတ်တံဆိပ် ရှိတာဆိုတော့ အဲဒါအသုံးပြုလိုက်ရင် ဖုန်းတုက တမန်တော် လာခေါ်လိမ့်မယ်…”

သူ့စကားမဆုံးမီပင် တောင်နှစ်လုံးကြားမှ အလင်းရောင်တစ်ခု တောက်ပလာသည်ကို မြင်ရ၏။ လင်ကျင့်က ချင်မူ့ကို ခေါ်၍ ထိုနေရာသို့ သွားလိုက်သည်။ ထိုအလင်းရောင်က လင်းတစ်လှည့်၊ မှိန်တစ်လှည့်ဖြင့် သူတို့ကို လမ်းပြခေါ်ဆောင်သွား၏။

မသိလိုက်မသိဖာသာနှင့် တောင်တန်းများစွာ ကျော်ဖြတ်ပြီးနောက် ထိုအလင်းရောင်အနီးသို့ ရောက်ရှိသွားသည်။ ၎င်းက တစ္ဆေမီးလုံးတစ်လုံးသာ ဖြစ်ကြောင်း တွေ့ရ၏။ ရုတ်တရက် ထိုမီးလုံးက ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ချင်မူ၏ လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီးက မှိန်ဖျော့ဖျော့ လင်းလက်လာပြီး လေပေါ်သို့ ပျံတက်၍ ရှေ့ဆုံးမှထွက်သွား၏။

လင်ကျင့်က ချင်မူတို့ကို ခေါ်၍ ရှေ့တူရူသို့ ဆက်လျှောက်နေပြီး နောက်ဆုံးတွင် သဏ္ဌာန်မဲ့ အတားအဆီးအလွှာတစ်ခုကို ဖြတ်သန်းမိသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့ရှေ့ရှိ မြင်ကွင်းက ရုတ်ခြည်း ပြောင်းလဲသွားပြီး လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည့် သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာ ပေါ်ထွက်လာ၏။ မရေမတွက်နိုင်သော အရိုးဖြူတောင်များကြားရှိ မြူခိုးပင်လယ်အတွင်းမှ လှေငယ်လေးတစ်စင်း မနှေးမမြန် လှော်ခတ်လာသည်။

လင်ကျင့်က ချင်မူ့တို့ကို ခေါ်၍ လှေပေါ်သို့ တက်လိုက်ပြီး လှေထိုးသား အရိုးစုက မြူခိုးများကြား လှော်ခတ်ခေါ်ဆောင်သွား၏။ အတန်ကြာသောအခါ လှေဆိပ်သို့ ဆိုက်ရောက်သွားသည်။

သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာ နယ်နိမိတ်ကျောက်ပြားက သူတို့ရှေ့တွင် မားမားမတ်မတ် ရှိနေ၏။

လင်ကျင့်က စိတ်ဝင်တစား မေးလိုက်သည်။ “နတ်ဆိုးဂိုဏ်းသခင်၊ ဒီကို ဘာလာလုပ်တာလဲ… မင်းရဲ့ကျင့်စဉ်စွမ်းအင်က အတော်နိမ့်သေးတာဆိုတော့ မင့်ဝိညာဉ်ကို ရောင်းရင်တောင် ဖုန်းတုက လိုချင်မှာ မဟုတ်ဘူး…”

ချင်မူက ရှေ့ဆက်လျှောက်သွားပြီး ဟာလာဟင်းလင်း ဖြစ်နေသည့် ရွာတစ်ရွာကို ဖြတ်ကျော်လာ၏။ သူတို့ရှေ့ရှိ တောင်ကြီးတစ်လုံးကို ကျော်လိုက်သောအခါ ဖုန်းတုအဝင်ဝရှိ အလွန်တရာ ကြီးမားလှသော လသင်္ဘောကြီးကို မြင်တွေ့ရသည်။ ၎င်းက သင်္ဘောကြီးကို ကျောတွင် ပိုးထားသည့် ခြေသုံးချောင်း ဖားပြုတ်ကြီးတစ်ကောင်နှင့်ပင် တူနေ၏။

ချင်မူက ပြောလိုက်သည်။ “ဒီကို သင်္ဘောငှားဖို့ လာတာ…”

“သင်္ဘောငှားမလို့ ဟုတ်လား…”

လင်ကျင့် တစ်ခဏမျှ မှင်တက်မိနေစဉ် ချင်မူက တစ်ဟုန်ထိုး ပြေးထွက်၍ ခြေလှမ်းအနည်းငယ်အတွင်း လသင်္ဘောပေါ်သို့ ရောက်ရှိသွား၏။

သူ့ရင်ဘတ်ရှေ့တွင် ကျောက်စိမ်းဆွဲသီးက လေထဲသို့ ပိုမို မြင့်တက်လာပြီး အလင်းရောင်လည်း ပိုတောက်ပလာသည်။

တုထျန်းမိစ္ဆာဘုရင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ပြင်းစွာ တုန်လှုပ်ချောက်ချား၍ တီးတိုးရေရွတ်လိုက်မိ၏။ “ဒါ နတ်ဘုရား အသုံးအဆောင် ပစ္စည်းလား…”

“ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်…”

လသင်္ဘောပေါ်တွင် အပျက်အစီးများဖြင့် ဖရိုဖရဲ ဖြစ်နေသည်။ ကျိုးပဲ့ပျက်စီးနေသော ကြယ်တာရာများက မီးလုံးကြီးများအဖြစ် အဆက်မပြတ် ကျဆင်းနေ၏။ ထူးဆန်းသော အသံတစ်သံက အတုန်တုန်အရီရီ ထွက်ပေါ်လာသည်။ “မင်းက ရွှင်ပျော်ပျော်ကျေးရွာကပဲ… ဒီကို ဘာလာလုပ်တာလဲ… ငါက သစ္စာဖောက်မဟုတ်ဘူး၊ ထွက်ပြေးရုံပဲ ပြေးတာ… သူတို့သေတာ ငါ့ကြောင့် မဟုတ်ဘူး… အီး ဟီး ဟီး… ငါ့ကြောင့် မဟုတ်ဘူး၊ ငါ ကြောက်လို့ ပြေးခဲ့တာပါ…”

ချင်မူ အသံလာရာသို့ ကြည့်၍ လသင်္ဘော၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်၏။ ကြီးမားသော တိုင်လုံးကြီးများ၏ အလယ်တွင် ဧကပေါင်းများစွာ ကျယ်ဝန်းသည့် မျက်နှာပြင်ကြီးတစ်ခု ရှိသည်။ ထိုမျက်နှာပြင်ကြီးက လသင်္ဘော၏ ကြမ်းပြင်ထဲ၌ နစ်မြုပ်နေပြီး ကျောက်စိမ်းဆွဲသီးကို တုန်လှုပ်ချောက်ချားစွာ ကြည့်ရှုနေ၏။

“ငါ့အပြစ် မဟုတ်ဘူး… ငါ့မျိုးနွယ်ကို ငါ သစ္စာမဖောက်ဘူး…” ထိုမျက်နှာကြီးက စူးစူးရှရှ အော်ဟစ်လိုက်သည်။

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ လက်ဆန့်၍ တိုင်လုံးတစ်လုံးကို ထိကိုင်လိုက်၏။ လင်ကျင့်က မျက်မှောင်ကြုတ်လိုက်သည်။ “ငါ ဒီနေရာကို အရင်က ရောက်ဖူးတယ်၊ အဲဒီအရူးကလွဲလို့ ဘာမှ မရှိဘူး… တိုင်လုံးတွေလည်း ကြည့်ပြီးပြီ၊ ဘာမှ ထူးထူးခြားခြား မရှိဘူး…”

“မထိနဲ့…” သင်္ဘောကြမ်းပြင်မှ မျက်နှာပြင်ကြီးက သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်သည်။

ချင်မူ့လက်နှင့် တိုင်လုံးကြီး ထိသွားသည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ရပ် သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်ခြည်းစီးဝင်လာ၏။ တဖျစ်ဖျစ် အသံများ မြည်ဟည်း၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားရှည်လျားလာသည်။ တစ်ရှိန်ထိုး စီးဝင်နေသည့် ကောင်းကင်စွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။

သူ့မြီးညှောင်ရိုးက လျင်မြန်စွာ ရှည်ထွက်၍ တတိယခြောက်ထောက်အဖြစ် ပြောင်းလဲပြီး ကြမ်းပြင်သို့ ကျရောက်သွားသည်။ ထို့ပြင် ချိုင်းကြားမှ အရိုးများ၊ အသားများ ပေါ်ထွက်လာပြီး လက်ချောင်းများအဖြစ် ပြောင်းလဲသွား၏။

ဘုန်း…၊ ဘုန်း…၊ ဘုန်း…။

ချင်မူ သူ့လက်များကို ဆန့်ထုတ်၍ အခြားတိုင်လုံးများကို ဆုပ်ကိုင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးက လျင်မြန်စွာ ကျုံ့ဝင်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း ဤသည်က အာရုံလွဲမှားခြင်းသာ ဖြစ်သည်။ ပတ်ဝန်းကျင်က ကျုံ့ဝင်သွားခြင်း မဟုတ်ဘဲ သူက ကြီးထွားလာခြင်း ဖြစ်၏။

လသင်္ဘော၏ ကောင်းကင်စွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ်မှ နားကွဲလောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုအသံများက သူ့ကိုယ်တွင်းရှိ ကောင်းကင်ရတနာများ ပွင့်လာခြင်းကြောင့် ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း၌ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာအားလုံး ပွင့်သွားသည်။ ကောင်းကင်တံတား ကောင်းကင်ရတနာလည်း ပွင့်ပြီး တစ်ဘက်ကမ်းသို့ တစ်ခါတည်း ရောက်ရှိသွား၏။

ချင်မူ မအောင့်နိုင်ဘဲ မြည်တမ်းဟစ်ကြွေးလိုက်မိသည်။ အလွန်တရာ ကြီးမားလွန်းလှသော လသင်္ဘောကြီးက တဖြည်းဖြည်း ထရပ်လာ၏။ ထို့နောက် တစ်ခြမ်းပဲ့လမင်းကြီးက အဝေးသို့ မျောလွင့်သွားသည်။

All Chapters