← Chapters

ရွှင်ပျော်ပျော်ကျေးရွာ

Vol. 17 Ch. 236

ရွှင်ပျော်ပျော်ကျေးရွာ

Vol. 17 Ch. 236

လင်ကျင့်၏ အမူအရာ ပျက်ယွင်းသွားပြီး အဆက်မပြတ် နောက်ဆုတ်လိုက်ရ၏။ တုထျန်းမိစ္ဆာဘုရင်နှင့် နဂါးချီလင်မှာလည်း ချင်မူ၏ အရှိန်အဝါအငွေ့အသက်ကြောင့် နောက်ဆုတ်သွားရသည်။ ကိုက်ပေါင်းထောင်ချီအကွာသို့ ရောက်သည့်တိုင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း မရှိသေးပေ။

ဤအခိုက်၌ ချင်မူ၏ ခြေထောက်အောက်ရှိ လစောင့်ရှောက်သူ၏ မျက်နှာမှာ အပေါ်မှ ဖိအားကြောင့် လသင်္ဘောအတွင်းသို့ နစ်ဝင်သွား၏။ မူလသူ့အနေအထားက အသက်ဘေးနှင့် မနီးသေးသော်လည်း ယခုအခါတွင်တော့ လသင်္ဘောနှင့် အပြည့်အဝပေါင်းစည်းပြီး သေဆုံးသွားတော့သည်။

လစောင့်ရှောက်သူ သေဆုံးသွားချေပြီ။

လင်ကျင့်မှာ တုန်လှုပ်ချောက်ချားသွား၏။ လစောင့်ရှောက်သူ၏ သေဆုံးမှုကို သူ ဂရုမစိုက်ချေ။ ဤသူက အရူးတစ်ယောက်သာ ဖြစ်သည်မဟုတ်လား။ သို့သော်လည်း ချင်မူ၏ ခန္ဓာကိုယ်ပြောင်းလဲမှုကိုတော့ သူ စိတ်ဝင်စားသွား၏။ ဤလူငယ်လေးက သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာ၏ အနှောင်အဖွဲ့များကို ရုန်းထွက်သွားနိုင်သည်။

သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ဝင်သောအခါ လင်ကျင့်ကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်မျိုးပင် အသွေးအသားများ ပျောက်ကွယ်၍ အရိုးစုချည်းသာ ကျန်ရစ်၏။

ချင်မူလည်း အစောက အရိုးစုသာ ဖြစ်သည်။ နဂါးချီလင်လည်း ထိုနည်းတူ ဖြစ်၍ တုထျန်းမိစ္ဆာဘုရင်သာ အသွေးအသား မရှိသဖြင့် နဂိုအတိုင်း မပြောင်းလဲချေ။

ယခုတော့ ချင်မူ၏ အသွေးအသားများ ပြန်လည်ရောက်ရှိလာသည့်အပြင် သူ့ခန္ဓာကိုယ်က ကြီးထွားသည်ထက် ကြီးထွား၍ ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ အလင်းတန်းများ ဖြာထွက်နေသည်။ သူက လထိန်းကျောင်းသူတို့၏ နောက်ဆုံးလစောင့်ရှောက်သူ နေရာတွင် အစားထိုး၍ လစောင့်ရှောက်သူအသစ် ဖြစ်လာ၏။

သူ ထိန်းချုပ်ထားသည့် စွမ်းအားက ကြီးမားလွန်းသည့်အတွက် သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာ၏ အကန့်အသတ်ကို ချိုးဖျက်ကျော်လွန်နိုင်သွားသည်။

ဤသည်က မည်သို့မျှ မဖြစ်နိုင်သောအရာ ဖြစ်၏။

လင်ကျင့်က ဤလသင်္ဘောပေါ်သို့ အခေါက်ပေါင်းများစွာ ရောက်ဖူးပြီး အရာအားလုံးကို အကြိမ်ပေါင်းမနည်း စစ်ဆေးဖူးသည်။ ဤတိုင်လုံးကြီးများကိုပင် မရေမတွက်နိုင်အောင် ထိကိုင်ခဲ့သော်လည်း ချင်မူကဲ့သို့ အသွင်ပြောင်းလဲမှုမျိုး ဖြစ်မလာဖူးချေ။

လထိန်းကျောင်းသူများသာ ဤကဲ့သို့ စွမ်းရည်မျိုး ရှိသည်ဟု သူယူဆခဲ့၏။ လထိန်းကျောင်းသူများထဲတွင်ပင် ထူးကဲသည့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိသူသာ ထိုသို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။

လူသားခန္ဓာကိုယ်က သံရည်ကျိုသည့် မီးဖိုကြီးတစ်လုံးကဲ့သို့ ဖြစ်၏။ သာမန် လထိန်းကျောင်းသူ တစ်ယောက်အနေဖြင့် လသင်္ဘော၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို လက်ခံရယူနိုင်ခြင်း မရှိချေ။ ထူးကဲသည့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ရှိသူများသာ ဤမျှ များပြားသော စွမ်းအင်ပမာဏကို လက်ခံရယူနိုင်ပေလိမ့်မည်။

လထိန်းကျောင်းသူများက မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်ပြီး သင်္ဘောပေါ်မှ လစောင့်ရှောက်သူမှာ နောက်ဆုံးမျိုးနွယ်ဝင် ဖြစ်သည်။ ယခုတော့ ထိုသူလည်း လသင်္ဘောထဲ နစ်ဝင်၍ အသက်ဆုံးရှုံးသွားရချေပြီ။

ချင်မူက လသင်္ဘောနှင့် ၎င်း၏ စွမ်းအင်ကို ထိန်းချုပ်နိုင်သည် ဖြစ်၍ လထိန်းကျောင်းသူမျိုးနွယ်မှ ထူးကဲသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားသူ တစ်ယောက်များ ဖြစ်နေမည်လားဟု လင်ကျင့် တွေးမိ၏။

သို့သော်လည်း ချင်မူက လထိန်းကျောင်းသူတစ်ယောက် မဟုတ်ချေ။

တိုင်လုံးကြီးများကို ဆုပ်ကိုင်ခြင်းမှာ လထိန်းကျောင်းသူများအတွက်ပင် အန္တရာယ်ကြီးလှသော အပြုအမူ ဖြစ်သော်လည်း ချင်မူ့အတွက်တော့ အန္တရာယ် မရှိပေ။ သူ့ခန္ဓာကိုယ်က ဤစွမ်းအင်ကို ခံနိုင်ရည်ရှိပြီး ထိုသို့ ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်၏။

“သိပ်အားကောင်းတဲ့ စွမ်းအင်ပဲ…”

ချင်မူ အံ့ဩဝမ်းသာသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်က မမှန်းဆနိုင်လောက်သော အဆင့်တစ်ခုထိ ရောက်ရှိနေပြီး ယခင်က သူ၏ စွမ်းအားမှာ သမုဒ္ဒရာရှေ့မှ ရေစက်လေးတစ်စက်သာ ဖြစ်သည်ဟု ခံစားလိုက်မိ၏။ အမှန်တကယ်ပင် သေးသိမ်နုံဖျင်းလှသည်။

ယခုတော့ သူ့လက်တစ်ဖက် မြှောက်လိုက်သည်နှင့် ရေပြင်မြေပြင်ကို ပြောင်းလဲနိုင်ပြီး လောကကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သကဲ့သို့ ခံစားရ၏။

ချင်မူ၏ ဘေးပတ်လည်တွင် လရောင်အကွင်းများ ဖုံးလွှမ်းနေသည်။ ထိုလရောင်ကွင်းများက သူ့ခေါင်းထိပ်ဖျားမှာ ခြေထောက်အထိ ရေကဲ့သို့ စီးဆင်း၍ လသင်္ဘောထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

သူ့ခြေထောက်များက ကြမ်းပြင်သို့ စတင်နစ်မြုပ်၍ သင်္ဘောနှင့် ပေါင်းစည်းသွားသည်။

ဤသည်က လသင်္ဘော၏ ဆန့်ကျင်တုံ့ပြန်မှု ဖြစ်၏။

ဤသို့သော ဆန့်ကျင်တုံ့ပြန်မှုမျိုးကို နေသင်္ဘော၏ နေစောင့်ရှောက်သူထံတွင် ချင်မူ မြင်ဖူးသည်။

ထိုနေစောင့်ရှောက်သူက ယန်ကျင်းကျင်း ဖြစ်၏။ နေသင်္ဘော၏ နေလုံးကြီးက ငြိမ်းသေနေသဖြင့် ယန်ကျင်းကျင်းမှာ ၎င်း၏ ဆန့်ကျင်တုံ့ပြန်မှုကို သူ့အသက်ဓာတ် လောင်ကျွမ်းခံ၍ ခုခံတွန်းလှန်ရသည်။ နေသင်္ဘောကို ထိန်းချုပ်မောင်းနှင်ချိန် ကြာလေလေ သူ၏ အသက်ဓာတ် ပို၍ လျင်လျင်မြန်မြန် ကုန်ခန်းလေလေ ဖြစ်၏။

လသင်္ဘော၏ အထက်ရှိ လတစ်ခြမ်းပဲ့ကြီးမှာလည်း အလင်းရောင် မရှိတော့ပေ။ ချင်မူ လသင်္ဘောကို ထိန်းချုပ်မောင်းနှင်၍ ၎င်း၏ စွမ်းအားကို ငှားယူရန်အတွက် ပြန်လည်ပေးဆပ်ရသည်မှာ သူ၏ အသက်ဓာတ် ဖြစ်၏။

သူ့အနေဖြင့် လသင်္ဘော၏ စွမ်းအားကို ငှားရမ်း၍ မဟာမြို့ပျက်အတွင်းပိုင်းသို့ ဝင်ကာ ရွှင်ပျော်ပျော်ကျေးရွာနှင့် ရွာလူကြီးတို့ကို ရှာဖွေလိုခြင်း ဖြစ်သည်။ သူ ခပ်သွက်သွက် လှုပ်ရှားရပေလိမ့်မည်။ မဟုတ်လျှင် ပေးဆပ်ရမည့် တန်ကြေးက များပြားလွန်းလှ၏။ လသင်္ဘောပေါ်တွင် ကြာသွားလျှင် ၎င်းနှင့် တစ်သားတည်း ဖြစ်ပြီး ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။

“နောင်တော်လင်ကျင့်၊ အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…” ချင်မူက အောက်ငုံ့ကြည့်၍ ကျယ်လောင်သော အသံကြီးဖြင့် ပြောလိုက်သည်။ “အခုတော့ အမှောင်ထုရှိတုန်း ရွာလူကြီးတို့ကို သွားရှာလိုက်ဦးမယ်… နှုတ်ဆက်ပါတယ်…”

လင်ကျင့်မှာ ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို ချိုးနှိမ်လိုက်ရ၏။ လသင်္ဘောက လေထဲသို့ မျောလွင့်ထွက်ခွာသွားသည်။

ဤတာအိုကျင့်ကြံသူ အဘိုးကြီးက အရိုးစုတစ်ခုသာ ဖြစ်ပြီး သူ့ကိုယ်ပေါ်ရှိ တာအိုဝတ်စုံကလည်း ဟောင်းနွမ်းစုတ်ပြတ်နေ၏။ သူ ခေါင်းမော့ကြည့်၍ နှုတ်ဆက်လိုက်သည်။ “ဂိုဏ်းသခင်၊ စိတ်ဖြောင့်ဖြောင့် သွားပါ…”

ဘုန်း…။

ကြီးမားသော လသင်္ဘောကြီးက ခြေလှမ်းကြဲကြီး လှမ်း၍ ထွက်ခွာသွား၏။ သင်္ဘောကိုယ်ထည်၏ အောက်ပိုင်းက ခြေသုံးချောင်းဖားပြုပ်တစ်ကောင်နှင့် တူပြီး ခြေတစ်လှမ်းလျှင် ဆယ်မိုင်ကျော် ရောက်နိုင်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ လသင်္ဘောက ဖုန်းတုမုခ်ဝမှ ထွက်ခွာသွား၏။ သံကြိုးဖြင့် ချိတ်ဆွဲထားသော တခြမ်းပဲ့ လမည်းမည်းကြီးမှာလည်း နောက်မှ တရွတ်တိုက် မျောပါလာသည်။

ဖုန်းတုရှိ အဆင့်မြင့်ပညာရှင်များ အားလုံးက လသင်္ဘောကြီး ရွေ့လျားသွားသည်ကို မြင်သဖြင့် အပြေးထွက်လာကြည့်ကြ၏။

သို့သော်လည်း နောက်မှ လိုက်လာကြခြင်းတော့ မရှိချေ။ လသင်္ဘော ဖုန်းတုသို့ ဝင်ရောက်လာစဉ်အခါက လစောင့်ရှောက်သူကို ယမမင်းက လက်ခံခေါ်ယူခြင်း မရှိကဲ့သို့ လသင်္ဘောပေါ်ကိုလည်း အပြင်ဘက် တောထဲတွင်သာ နေခွင့်ပြုသည်။

ယခု လသင်္ဘော ထွက်ခွာသွားသည့်အခါတွင်လည်း ဖုန်းတု၏ ယမမင်းက ဂရုစိုက်ခြင်း မရှိ။

ငှက်ခေါင်းလူကိုယ်နှင့် ဗီဇပြောင်းသတ္တဝါက တောင်ပံတဖျပ်ဖျပ် ခတ်၍ ပျံသန်းရောက်ရှိလာပြီး လင်ကျင့်ကို အော်ဟစ်ပြောဆိုလိုက်သည်။ “လင်ကျင့်၊ ယမမင်းက လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားလိုက်ပါတယ်…”

လင်ကျင့်က သူ့နောက်မှ လိုက်၍ ယမမင်း၏ နန်းဆောင်ခန်းမထဲသို့ ဝင်သွား၏။

ဤအခိုက်၌ ချင်မူက လစန္ဒာမှ ထုဆစ်ထားသည့် ကောင်းကင်နတ်ဘုရား တစ်ပါးကဲ့သို့ အလင်းတန်းများ ဖြာထွက်၍ လွန်စွာ ကြီးမားသော သင်္ဘောကြီးကို ထိန်းချုပ်ကာ သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာမှ လှမ်းထွက်လာသည်။ ထို့နောက် မြူခိုးပင်လယ်ကို ဖြတ်၍ အမှောင်ထုဖုံးလွှမ်းနေသော မဟာမြို့ပျက်သို့ ဝင်ရောက်သွား၏။

သူ့ခန္ဓာကိုယ်မှ အတိုင်းအဆမဲ့ စွမ်းအင်ကို ခံစားရသည်။ ကောင်းကင်ရတနာများ အားလုံးကလည်း ပွင့်နေသည်။ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်း၊ ကောင်းကင်တံတား အစရှိသည့် ကောင်းကင်ရတနာများ အားလုံး၌ စွမ်းအင်များ ကြောက်မက်ဖွယ်ကောင်းအောင် ပြည့်နှက်နေပြီး နောက်ထပ်လည်း စီးဝင်လာသေး၏။

လသင်္ဘောအတွင်းပိုင်းတွင်တော့ အလွန်တရာ ရှုပ်ထွေးသည့် မှော်သင်္ကေတအစီအရင်များ ရှိနေသည်။ သူ့လက်ဖဝါးနှင့် သင်္ဘောပေါ်မှ တိုင်လုံးကြီး ထိတွေ့လိုက်သည်တွင် ထိုမှော်သင်္ကေတအစီအရင်များ အသက်ဝင်လာ၏။ အဆုံးအစမဲ့သည့် စွမ်းအင်များ သူ့ထံ စီးဝင်လာပြီး သူ့ခန္ဓာကိုယ်၊ ဝိညာဉ်၊ ဝိညာဉ်သန္ဓေသားတို့ကို ပြုပြင်တည်ဆောက်ကာ ကောင်းကင်တံတားထက် သာလွန်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ထိုအဆင့်က ကောင်းကင်နတ်ဘုရားတို့၏ အဆင့်ဖြစ်၏။

လသင်္ဘောသာ အကောင်းအတိုင်း ရှိနေလျှင် ဤစွမ်းအင်က မည်သည့်အဆင့်ထိ ရောက်ရှိသွားနိုင်မည် မသိချေ။

“ရွင်ပျော်ပျော်ကျေးရွာ၊ ရွာလူကြီး… ကျွန်တော် လာပြီ…”

လသင်္ဘောကြီးက အမှောင်ထုကို ဖြတ်သန်း၍ ရွေ့လျားသွားသည်။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းက တဖျတ်ဖျတ် ပြောင်းလဲနေ၏။ ချင်မူ၏ လည်ပင်းထက်မှ ကျောက်စိမ်းဆွဲသီးမှာလည်း အရွယ်အစားကြီးမားလာပြီး ညအမှောင်ထု ကောင်းကင်ယံတွင် လွင့်မျော၍ ရှေ့မှ ဦးဆောင်ခေါ်ယူသွားသည်။

ရုတ်တရက် ကျောက်စိမ်းဆွဲသီးက သူ၏ လည်ပင်းမှ ကျွတ်ထွက်ပြီး အဝေးသို့ ပျံသန်းသွား၏။

ချင်မူမှာ ကျောက်စိမ်းဆွဲသီး ပျောက်သွားမည် စိုးသဖြင့် လသင်္ဘောကို အရှိန်တင်လိုက်သည်။ သင်္ဘောက ပို၍ မြန်ဆန်စွာ ရွေ့လျားသွားသဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်အပေါ် ဖိအားသက်ရောက်ပြီး မိုးကြိုးလျှပ်စီးများ တဖျစ်ဖျစ်မြည်၍ လင်းလက်ကာ အမှောင်ထုကို အဆက်မပြတ် ထိုးခွဲသွား၏။

လသင်္ဘောအထက်တွင် တစ်ခြမ်းပဲ့လကြီးထံမှ ကျောက်တုံးကျောက်ခဲများ တဖွဲဖွဲ ပဲ့ကျနေသည်။ ထိုကျောက်တုံးကျောက်ခဲများက မီးတန်းများလိုက်၍ မဟာမြို့ပျက် အမှောင်ထုထဲသို့ တိုးဝင်သက်ဆင်းသွား၏။

လသင်္ဘော ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဥက္ကာခဲများ တဖွဲဖွဲ ကျကျန်ခဲ့သဖြင့် ၎င်း၏ ဘေးပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ၊ မီးခိုးလုံးများ ဖုံးလွှမ်းနေသည်။

လသင်္ဘောကုန်းပတ်ပေါ်တွင်တော့ နန်းတော်များစွာ ရှိ၏။ ဤသည်က လထိန်းကျောင်းသူများ နေထိုင်ရာနေရာ ဖြစ်ပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဟန် ရှိသည်။ နောက်ဆုံးကျန်ရစ်သည့် လထိန်းကျောင်းသူမျိုးနွယ်မှာ ရူးသွပ်နေသည့် လစောင့် ရှောက်သူ ဖြစ်ပြီး ယခုတော့ ထိုသူပင် လသင်္ဘော၏ ဝါးမျိုခြင်း ခံလိုက်ရပြီ ဖြစ်၏။

တုထျန်းမိစ္ဆာဘုရင်နှင့် နဂါးချီလင်မှာ ပြိုပျက်ခြင်း မရှိသေးသည့် နန်းတော်တစ်ခုအတွင်း ပုန်းအောင်း၍ ချင်မူ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါအငွေ့အသက်ကို ရှောင်ရှားနေရသည်။ နဂါးချီလင်က လှုပ်ယမ်းနေသည့် လသင်္ဘောကြောင့် ချော့သိပ်သလို ဖြစ်ပြီး များမကြာမီ အိပ်မောကျသွား၏။ တုထျန်းမိစ္ဆာဘုရင်ကတော့ မအိပ်ချင်သေးသဖြင့် နန်းတော်ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

တိုင်လုံးကြီးများ၏ အလယ်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ထည်ဝါခမ်းနားစွာ ရပ်နေသော ချင်မူကို မြင်ရ၏။ သူ၏ စွမ်းအားက လရောင်ကွင်းများအဖြစ် ဖွဲ့တည်၍ ခန္ဓာကိုယ်တစ်ဝိုက် စီးမျောကျဆင်းနေသည်။

“ဒီကမ္ဘာက ငါ ထင်သလောက် မနိမ့်ကျဘူး… ဒီလို နတ်ဘုရားအသုံးအဆောင်တွေ ဖန်တီးဖို့ဆိုရင် သိပ်ကို လျှို့ဝှက်နက်နဲတဲ့ တာအိုသဘောတရား၊ ပညာရပ်၊ ကောင်းကင်နတ်သိုင်းတွေ လိုတယ်… သာမန် လူနေမှုအဆင့်အတန်းနဲ့ မဖန်တီးနိုင်ဘူး…”

တုထျန်းမိစ္ဆာဘုရင်၏ မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ “ဒီလို ကမ္ဘာမျိုးကို ဝင်သိမ်းဖို့ ကြံနေမိတာလား… ငါစိုးရိမ်တာက ဒီကမ္ဘာရဲ့ မြင့်မားတဲ့ လူနေမှုအဆင့်အတန်း မဟုတ်ဘူး၊ ဒီလိုအဆင့်အတန်းမျိုးကို ဖျက်ဆီးနိုင်ခဲ့တဲ့သူပဲ…”

မဟာမြို့ပျက်၏ အမှောင်ထုထဲရှိ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများမှာ လသင်္ဘောကို သတိပြုမိပြီး အုံခဲရောက်ရှိလာကြသည်။ ဤမကောင်းဆိုးဝါးများက အရွယ်အစား လွန်စွာ ကြီးမားသော်လည်း လသင်္ဘောနှင့် ယှဉ်လျှင်တော့ ခပ်နှေးနှေး ရွေ့လျားနေသည့် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်၏။

လသင်္ဘောက သူတို့အားလုံးကို ဝင်တိုက်၍ ဖိနင်းကြိတ်ချေသွားသည်။ တအုန်းအုန်း တဝုန်းဝုန်း အသံများ၊ ကြိတ်ချေခံလိုက်ရသည့် အသံများ ထွက်ပေါ်လာ၏။ မည်မျှသော မကောင်းဆိုးဝါးသတ္တဝါများ ပြားချပ်သွားသည် မသိချေ။

လသင်္ဘောပေါ်သို့ ခုန်ဝင်လာသော မိစ္ဆာနတ်ဆိုးများလည်း မရေမတွက်နိုင်အောင် ရှိ၏။ ဤမိစ္ဆာနတ်ဆိုးများက သင်္ဘောဝမ်းပေါ်သို့ရောက်အောင် ကြိုးစားကြသော်လည်း လသင်္ဘော လေထုကို ထိုးခွင်းရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးလျှပ်စီးများ၏ လက်ချက်ဖြင့် တဖွဲဖွဲ ပြုတ်ကျသေဆုံးကုန်သည်။

“ကန်ဒရာ နာဗာ (လသင်္ဘော)…”

အမှောင်ထုအတွင်းမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါအငွေ့အသက်နှင့်အတူ အနက်ရောင် အရိပ်မည်းကြီးတစ်ခု ပေါ်ထွက်လာ၏။ ၎င်းက တိမ်တိုက်ကဲ့သို့ အမွေးအတောင်များ ရှိပြီး အမှောင်ထုကောင်းကင်ယံတွင် ပျံသန်း၍ လသင်္ဘော၏ မိုးကြိုးလျှပ်စီးအလွှာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။

မိစ္ဆာတိမ်တိုက်များကြားမှ အလွန်တရာ ကြီးမားသည့် မိစ္ဆာနတ်ဆိုးတစ်ကောင် ထွက်ပေါ်လာ၏။ ထိုမိစ္ဆာနတ်ဆိုးက ခေါင်းကိုးလုံး ရှိပြီး တိုင်လုံးများ အလယ်တွင် မတ်တတ်ရပ်နေသော ချင်မူ့ထံ မိစ္ဆာမီးလျှံများ မှုတ်ထုတ်လိုက်သည်။

ညအမှောင်ကောင်းကင်ယံတွင် မီးလျှံများ လင်းတောက်သွားပြီး တိမ်တိုက်များအတွင်းမှ ထိုမိစ္ဆာနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ကိုပင် ထင်ထင်ရှားရှား မြင်ရ၏။ ၎င်းက ငှက်တစ်ကောင်နှင့် ဆင်တူသကဲ့သို့ နဂါးတစ်ကောင်နှင့်လည်း တူသည်။ မျိုးနွယ်နှစ်ခု ပေါင်းစည်းမွေးဖွားလာသော မကောင်းဆိုးဝါး သတ္တဝါတစ်ကောင် ဖြစ်ပုံရ၏။

“ဂဠုန်…” တုထျန်းမိစ္ဆာဘုရင်က တအံ့တဩ အော်ဟစ်လိုက်သည်။

လရောင်က ချင်မူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းလွှမ်းခြုံနေပြီး မိစ္ဆာမီးလျှံများကို ပိတ်ဆို့တားဆီးလိုက်၏။ ရုတ်တရက် ချင်မူ၏ မျက်ခုံးနှစ်ခုအလယ်တွင် လခြမ်းကွေးတစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်း လပြည့်ဝန်းကြီးကဲ့သို့ ပွင့်ဟသွားသည်။

ဤသည်က အမှန်စင်စစ် လပြည့်ဝန်း မဟုတ်ချေ။ လရောင်နှင့်တူသော အလင်းရောင် ထုတ်လွှတ်နေသည့် မျက်လုံးတစ်လုံးသာ ဖြစ်၏။

ရွှီး…။

နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် အလင်းတန်းတစ်ခု မိုးကုတ်စက်ဝိုင်းတွင် ဖျတ်ခနဲ လက်ပြီး အမှောင်ထုကို ထိုးခွဲသွားသည်။ ထိုအလင်းတန်းက ကောင်းကင်တစ်ခွင်လုံး ပြည့်နေသည့် မိစ္ဆာမီးလျှံများကို ပိုင်းဖြတ်လိုက်ရာ မိစ္ဆာဦးခေါင်းပြတ်များ တဘုတ်ဘုတ် ပြုတ်ကျလာ၏။ ခေါင်းပြတ်ကိုးလုံး အတိအကျပင် ဖြစ်သည်။ လိုလည်းမလို၊ ပိုလည်း မပိုချေ။ ၎င်းတို့၏ နောက်ဘက်တွင်တော့ ဦးခေါင်းမရှိတော့သည့် လည်တိုင်ကြီးများက နဂါးများကဲ့သို့ တွန့်လိမ်၍ သွေးများ ပန်းထွက်နေ၏။

ချင်မူ၏ နဖူးပြင်ထက်မှ လပြည့်ဝန်းမှာလည်း တဖြည်းဖြည်း ပိတ်၍ လခြမ်းကွေးတစ်ခု ဖြစ်ပြီး ပြန်လည် ပျောက်ကွယ်သွားသည်။

တုထျန်းမိစ္ဆာဘုရင်မှာ ပါးစပ်ကို တင်းတင်းစေ့၍ မည်သည့် စကားတစ်ခွန်းမျှ မဆိုတော့ချေ။ “ဒီကောင်လေး ငါ့ကို လွှတ်ပေးရင် ဒီသောက်ကမ္ဘာကို ဘယ်တော့မှာ ပြန်မလာတော့ဘူး…”

လသင်္ဘောက ရှေ့ဆက် မောင်းနှင်သွားပြီး မိစ္ဆာနတ်ဆိုးများကလည်း ဝိုင်းအုံလိုက်လာဆဲ ရှိ၏။ ရုတ်တရက် အမှောင်ထုထဲမှ စူးစူးရှရှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဝိုင်းအုံနေသည့် မိစ္ဆာနတ်ဆိုးများအားလုံး နောက်ဆုတ်၍ ပျောက်ကွယ်သွားကြသည်။

သင်္ဘောရှေ့မှ မျောလွင့်နေသည့် ကျောက်စိမ်းဆွဲသီးက ရုတ်တရက် သဏ္ဌာန်မဲ့ အတားအဆီးလွှာတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ချွင်ခနဲ အသံမြည်၍ ရပ်တန့်သွား၏။

ထိုအတားအဆီးလွှာက ကောင်းကင်နှင့် မြေကြီးကြားတွင် ဒေါင်လိုက် တည်ရှိနေသည့် ကန်ရေမျက်နှာပြင်တစ်ခုကဲ့သို့ ကျောက်စိမ်းဆွဲသီးကို ဗဟိုပြု၍ လှိုင်းတွန့်များ သိမ့်ခနဲ ဖြာထွက်သွားသည်။ တစ်ခဏကြာသည့်အခါ လှိုင်းတွန့်များ၏ အလည်ဗဟိုတွင် ခမ်းနားထည်ဝါလှသော ကမ္ဘာကြီးတစ်ခု တဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

ဤသည်က ရွှင်ပျော်ပျော်ကျေးရွာပင် ဖြစ်သည်။

All Chapters