ကန့်သတ်နယ်မြေ
Vol. 17 Ch. 237
ချင်မူက ကြီးမားခန့်ထည်လှသော လသင်္ဘောပေါ်တွင် လက်များဆန့်ထုတ်၍ တိုင်လုံးကြီးများကို ထိကိုင်ထား၏။ သူ့အသွင်က အပြစ်ဒဏ်ခတ်ခံသည့် လူ့ဘီလူးကြီးတစ်ဦးနှယ် ရှိနေပြီး မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာသော ကမ္ဘာလောကကြီးကို မော့ကြည့်လိုက်သည်။
သူ့နောက်ဘက်ကောင်းကင်ယံ၌ တစ်ခြမ်းပဲ့လကြီး မျောလွင့်နေပြီး တစ်ချက်တစ်ချက်တွင် ဥက္ကာခဲများ ကြွေကျလာ၏။ ထိုဥက္ကာခဲများ လသင်္ဘောဘေးသို့ ကျရောက်သွားသောအခါ ပိန်းပိတ်အောင် နက်မှောင်သည့် အမှောင်ထုကြီး၌ အလင်းရောင်များ ထတောက်သွားသည်။
ထိုအလင်းရောင်အောက်တွင် မိစ္ဆာနတ်ဆိုးများ အုတ်အုတ်ကျက်ကျက် စည်ကားနေသည်ကို မြင်တွေ့ရ၏။
လသင်္ဘော၏ ရှေ့တွင်တော့ အမှောင်ထု စွန်းထင်းခြင်း မရှိသည့် ကမ္ဘာတစ်ခု ရှိနေသည်။ ထိုနေရာက အခြားကမ္ဘာလောကနှင့် အဆက်ပြတ်နေသကဲ့သို့ ရှိ၏။ ဆိတ်ငြိမ်အေးချမ်း၍ လျှို့ဝှက်ဆန်းကြယ်လှသည်။
မဟာမြို့ပျက်အတွင်း၌ ဤကဲ့သို့ သာယာအေးချမ်းသော နေရာတစ်ခု ရှိနေသည်မှာ မယုံနိုင်ဖွယ်ရာပင် ဖြစ်၏။
ချင်မူ့ရှေ့တွင် တောအုပ်ကျယ်ကြီးတစ်ခုနှင့် အဆုံးအစမဲ့ တောင်တန်းရှည်ကြီး ရှိနေသည်။ အတော်ဝေးဝေး တစ်နေရာတွင်တော့ မြေပြင်က တိတိရိရိ ပြတ်ကျပြီး တိမ်ပင်လယ်ကြီးက အစားထိုးနေရာယူထား၏။ ထိုနေရာမှ လွန်သောအခါ ကောင်းကင်ယံအလယ်၌ တန်ခိုးရှင်နတ်ဝိဇ္ဇာတို့၏ နတ်ဘုံနတ်နန်းကဲ့သို့သော မြို့ကြီးတစ်မြို့ ထည်ဝါစွာ တည်ရှိနေသည်။
ကောင်းကင်ယံရှိ ရွှေရောင်တိမ်တိုက်နှင့် အလင်းရောင်များကြား၌ ထိုမြို့ကြီးမှ နန်းတော်ထိပ်ဦးချွန်များ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေပြီး ဘေးနားမှ တောင်ထွတ်များနှင့် ပနံရလှ၏။
တိမ်ပင်လယ်အတွင်းပိုင်းတွင်တော့ ခမ်းနားထည်ဝါသည့် နတ်ဘုရားရုပ်တုများက မိမိ၏ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်နေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေသည်။
မြေပြင်မှ ကိုက်သုံးထောင်အကွာတွင် ကြီးမားသည့် စက်ယန္တရားကြီးတစ်လုံး တိတ်ဆိတ်ငြိမ်သက်စွာ လည်ပတ်နေ၏။ ၎င်း၏ သံထည်၊ ရွှေထည် အစိတ်အပိုင်းများစွာပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတ အမှတ်အသားများ ခတ်နှိပ်ထားသည်။ ထိုစက်ယန္တရားကြီးမှ ထုတ်လွှတ်လိုက်သော စွမ်းအင်က အလင်းတန်းများအဖြစ် စီးဆင်း၍ ကောင်းကင်ယံနှင့် နတ်ဘုံမြို့တော်ကို ချိတ်ဆက်သွယ်တန်းနေ၏။
သို့သော်လည်း…။
အရာအားလုံးက ပျက်စီးနေချေပြီ။
ချင်မူ မှင်တက်မိနေသည်။ သူ့ရှေ့တွင် ရှိသည်က ပျက်စီးနေသော ရွှင်ပျော်ပျော်ကျေးရွာ ဖြစ်၏။ ခမ်းနားလှပသော ကောင်းကင်မြို့တော်က မြို့ပျက်ကြီးတစ်ခု ဖြစ်နေပေပြီ။ တိမ်ပင်လယ်အတွင်း မိုးထိုးနေသည့် နန်းတော်ကြီးများက အပေါက်အပြဲများ ပြည့်နှက်၍ ကောင်းကင်ယံတွင် မျောလွင့်နေသည့် တောင်ထွတ်များက ပဲ့ထွက်ကြေမွနေသည်။ ခန့်ညားထည်ဝါသည့် နတ်ဘုရားရုပ်တုများမှာလည်း ရွဲ့စောင်း၍ ခြေလက်များ ပြုတ်ထွက်နေ၏။
ကောင်းကင်ယံရှိ နေလုံး၏ အလယ်တွင် အနက်ရောင် အမည်းကွက်ကြီးက တစ်ဝက်ကျော်ခန့် နေရာယူထားသည်။ ထိုအမည်းကွက်ကြီး၏ ပတ်လည်တွင် အလင်းစက်ဝန်း ရစ်ပတ်လျက်သာ ကျန်ရစ်ပြီး ရွှေရောင်ကြိုးကွင်းတစ်ခုနှင့်ပင် တူနေ၏။
တိမ်တိုက်များထဲမှ မြို့တော်ကြီးက ပျက်စီးနေသကဲ့သို့ ကောင်းကင်ယံအလယ်မှ စက်ယန္တရားကြီးမှာလည်း ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတော့ချေ။ ပျက်စီးပဲ့ထွက်နေသော စက်အစိတ်အပိုင်းများက လေထဲတွင် မျောလွင့်နေသည်။
ထိုစက်ယန္တရားကြီး၏ အချို့သော အစိတ်အပိုင်းများ အကောင်းပကတိ ကျန်ခဲ့၍သာ ရွှင်ပျော်ပျော်ကျေးရွာ၏ အကာအကွယ်အတားဆီးလွှာကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်၏။
လသင်္ဘောမှ အလှမ်းမကွာလှသော တောအုပ်ထဲတွင် ကျောက်ပြားတစ်ချပ် ကန့်လန့်ဖြတ် စိုက်ထူထားသည်။ ထိုကျောက်ပြားပေါ်တွင်တော့ “ကောင်းကင်ရတနာ”ဟူ၍ ရေးထိုးထား၏။
ထိုကျောက်ပြားမှာလည်း ကျိုးပဲ့ပျက်စီးနေသည်။
ချင်မူ့ရင်ထဲတွင် ဝမ်းနည်းစိတ်တို့ လှိုက်တက်လာ၏။
ဤလောကကြီး၌ ရွှင်ပျော်ပျော်ကျေးရွာ မရှိတော့ချေ။
ပျော်ပျော်ရွှင်ရွှင် နေစရာ နေရာမရှိတော့။
လသင်္ဘောပေါ်တွင် တိုင်လုံးများကို ကိုင်၍ မတ်တတ်ရပ်နေသော ဤလူ့ဘီလူးကြီးမှာ ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံယူသည့်နှယ် ခေါင်းငိုက်စိုက်ကျနေသည်။
သူ ဒူးထောက်ချလိုက်ပြီး မျက်ရည်များ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာ၏။
တမ်းတမှန်းဆခဲ့ရသည့် အသိုက်အမြုံက ပျက်စီးသွားချေပြီ။ မည်သည်မျှ မကျန်ရစ်တော့။
သူ့စိတ်ကူးထဲ၌ ပုံဖော်ထားသည့် မွေးရပ်မြေ၊ မိသားစု၊ အရာအားလုံး… ဤကမ္ဘာလောကြီး ပေါ်ထွက်လာခြင်းနှင့်အတူ တစ်စစီ ပြယ်လွင့်ပျက်စီးသွားသည်။ သဲသောင်ပြင်ပေါ်တွင် ရေးဆွဲထားသည့် ပန်းချီကားကဲ့သို့ လှေတစ်ချက်အဝှေ့တွင် လွင့်ပါးပျောက်ကွယ်သွား၏။
ဇာတိမြေ အသိုက်အမြုံနှင့်တကွ သားဖြစ်သူပြန်အလာကို စောင့်မျှော်နေသည့်မိခင်၊ မျက်နှာတည်တည်နှင့်ဖခင်… သူစိတ်ကူးယဉ်မျှော်လင့်ထားသည့် အရာအားလုံး တစ်ခုမျှ မရှိတော့…။
သူမက်နေသော အိပ်မက်က ပြီးဆုံးသွားချေပြီ။ သူက ဒုက္ခိတဘိုးဘွားများ ကောက်ယူမွေးစားထားသည့် မိဘမဲ့ကောင်လေး တစ်ယောက်သာ ဖြစ်၏။
သူ၏ မွေးရပ်မြေဆိုသည်မှာ မရှိတော့။
တုထျန်းမိစ္ဆာဘုရင်က တိုင်လုံးများကြားတွင် ဒူးထောက်ထိုင်ချနေသော လူ့ဘီလူးကြီးကို လှမ်းကြည့်လိုက်သည်။ ဤလူ့ဘီလူးကြီးက မှုန်ပျပျ လရောင်လွှမ်းခြုံ၍ ခေါင်းငိုက်စိုက်ကျနေသဖြင့် တဆတ်ဆတ် တုန်ရီနေသော ပခုံးစွန်းကိုသာ မြင်ရ၏။
ဤလူငယ်ကလေး မည်မျှ နာကျင်ခံစားနေရမည်ကို တုထျန်းမိစ္ဆာဘုရင် ကောင်းစွာသိရှိသည်။
တုထျန်းပြည် ပြိုကွဲပျက်စီးစဉ်ကလည်း ဤကဲ့သို့ ဝမ်းနည်းကြေကွဲမှုမျိုး သူ ခံစားခဲ့ဖူး၏။ သူ့ကိုယ်သူ ဖြေဆည်၍ မရခဲ့။ အသံနက်ကြီးဖြင့် အော်ဟစ်၍ လောကကြီးကို အပြစ်တင်ကျိန်ဆဲကာ ယိုတုမှ မရဏတမန်တော်များကို တိုက်ခိုက်ပြီး သူ့အမျိုးအဆွေများ၏ အသက်ကို ကယ်တင်ရန် ကြိုးစားခဲ့သည်။
အကြိမ်ပေါင်း မရေတွက်နိုင်အောင် လဲကျပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါမကျန် ဒဏ်ရာများ ပြည့်နှက်သွားသည့်အခါမှ လက်လျှော့လိုက်ရ၏။ ကံတရား၏ အလိုကို သူ လက်လျှော့အရှုံးပေးလိုက်ရသည်။
ချင်မူ့ကို ကြည့်၍ သူ့ကိုယ်သူ ပြန်မြင်လာ၏။ ငယ်ရွယ်သေးသည့်’သူ’၊ အကြိမ်ကြိမ် လဲကျ၍ ကံတရားကို လက်မြှောက်အရှုံးပေးတော့မည့်’သူ’ကို ပြန်မြင်လာသည်။
ဦးတည်ရာ ပျောက်ရှသော် စိတ်လွတ်သည်မှာ ဓမ္မတာ ဖြစ်၏။ ရွှံ့နွံတော၌ လူးရသည့်အခါ ကောင်းကင်နတ်ပုလဲ၏ အလင်းကို မြင်နိုင်ခဲသကဲ့သို့ မိုးသက်မုန်တိုင်းများ ဖြတ်သန်း၍ အကြိမ်ကြိမ် လဲကျချိန်တိုင်း အားငယ်ချောက်ချားစွာ တစ်ခဏတာ ခိုနားရလို၏။ နားခိုရာအိမ်က အဘယ်ဆီမှာနည်း။
“ငါ့အိမ်က ဘယ်မှာလဲ…”
ချင်မူ တဖြည်းဖြည်း ခေါင်းပြန်မော့လာသည်။ သူ့အကြည့်က အေးစက်နေပြီး မျက်လုံးများက လပြည့်ဝန်းကဲ့သို့ လင်းဖြာနေ၏။ သူ့မျက်လုံးများ မှိတ်လိုက်သောအခါ ထိုအလင်းရောင်လည်း ပျောက်ကွယ်သွားသည်။ ပြန်ဖွင့်လိုက်သောအခါ လပြည့်ဝန်းနှစ်ခုပမာ ပြန်ထွက်ပေါ်လာ၏။
သူက လသင်္ဘောပေါ်တွင် ရပ်နေဆဲ ရှိပြီး စိတ်ခံစားချက်များ တက်လိုက်ကျလိုက် ဖြစ်နေသည်။ အတွေးများလည်း ယောက်ယက်ခတ်နေ၏။ အတန်ကြာအောင် ထိန်းချုပ်နိုင်ခြင်း မရှိချေ။
“ငါ ဒီကိုလာတာ ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ မဟုတ်ဘူး… ရွာလူကြီး၊ အဘွားစစ်နဲ့ ကျန်တဲ့သူတွေကို ရှာဖို့ပဲ… သူတို့က ငါ့ရဲ့ မိသားစုဝင်တွေ… ဒုက္ခိတဘိုးဘွားကျေးရွာက ငါ့ရဲ့ ခိုနားရာအိမ်၊ ငါ့ရင်ထဲက ရွှင်ပျော်ပျော်ကျေးရွာပဲ…”
ချင်မူ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ရုတ်တရက် အတားအဆီးလွှာအစပ်၌ ကျောက်ရုပ်တုများ စုပုံနေသည်ကို တွေ့မိ၏။
နတ်ဘုရားအဆင့်ကဲ့သို့ ပညာရှင်များပင် နတ်ဘုရားရုပ်တုများကို သယ်ဆောင်မလာလျှင် မဟာမြို့ပျက်၏ အမှောင်ထုထဲ၌ သွားလာရန် ခက်ခဲသည်။ သို့သော်လည်း နတ်ဘုရားရုပ်တုများက အလွန်တရာ လေးလံသဖြင့် ဂိုဏ်းချုပ်ကြီးအဆင့်ပညာရှင်များပင် ၎င်းတို့ကို သယ်ဆောင်၍ ခရီးသွားလာရန် လွယ်ကူမည် မဟုတ်ချေ။
အတားအဆီးလွှာအစပ်ရှိ နတ်ဘုရားရုပ်တုများက ထိပ်သီးပညာရှင်အချို့ အမှောင်ထုကို တွန်းလှန်ရန်အတွက် သယ်ဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။
ရွှင်ပျော်ပျော်ကျေးရွာသို့ ရောက်ရှိသောအခါ ရှေ့ဆက်အသုံးမဝင်တော့သဖြင့် ချန်ထားရစ်ခြင်း ဖြစ်၏။
ချင်မူ့ရင်ထဲတွင် လှုပ်ရှားသွားသည်။ ရွာလူကြီးက အမှောင်ထုထဲမှ လျှို့ဝှက်ဆန်းကြယ်သော အရာများကို ရင်ဆိုင်၍ ဆေးဆရာကို ခေါ်ဆောင်သွားနိုင်၏။ ဘိုးဘိုးရွှေအကလည်း သူ့နည်းလမ်းနှင့်သူ ရှိနိုင်သည်။
အဘိုးကြီးမာ၊ ထော့ကျိုး၊ သားသတ်သမား၊ မျက်ကန်းတို့ကတော့ အမှောင်ထုထဲတွင် သွားလာရန် ကျောက်ရုပ်တုများကို သယ်ဆောင်လာရပေလိမ့်မည်။ အဘိုးကြီးမာ၊ ထော့ကျိုးနှင့် သားသတ်သမားတို့၏ ခန္ဓာကိုယ်က အကောင်းအတိုင်း ပြန်ဖြစ်သွားသဖြင့် နတ်ဘုရားရုပ်တုကို သယ်ဆောင်၍ အတော်ဝေးဝေးထိ ခရီးသွားလာနိုင်ချေပြီ။
နားကန်း၏ စွမ်းရည်ကို မသိကြသော်လည်း နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးများပင် သူ၏ ပန်းချီစွမ်းရည်ကို သံသယဝင်ရဲကြမည် မဟုတ်ချေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပင် သူ့ကို ကြည်ညိုလေးစား၍ သူ့လက်ရာများကို အမြတ်တနိုး စုဆောင်းထား၏။
အဘွားစစ်ကတော့ သူ၏ ကိုယ်ထဲတွင် ပြီးခဲ့သည့်ဂိုဏ်းသခင် လီထျန်းရှင် ပုန်းခိုနေသဖြင့် နတ်ဘုရားရုပ်တုကို သယ်ဆောင်နိုင်ပေလိမ့်မည်။
ဤရုပ်တုများက ဒုက္ခိတဘိုးဘွားရွာသူရွာသားများ ထားရစ်ခဲ့ခြင်း ဖြစ်နိုင်၏။
“ဒါဆို သူတို့ ဒီနေရာထိ ရောက်လာကြတာပဲ… ကြည့်ရတာ ဒီထဲကို ဝင်သွားပြီး ပိတ်မိနေလို့ နှစ်သစ်ကူးအတွက် ရွာကို ပြန်မလာနိုင်ကြတာများလား…”
ချင်မူ မျက်လုံးများ ဖွင့်၍ ဟိုဟိုသည်သည် ကြည့်ရှုလိုက်သည်။ အားကောင်းသော စွမ်းအင်တစ်ခုက သူ့မျက်လုံးများထဲသို့ စီးဝင်လာပြီး မျက်ကန်းသင်ပေးထားသည့် ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကို အဆင့်ကုန် ဖွင့်လိုက်၏။ “ကျွန်တော် ရောက်လာပြီ… ရွာလူကြီး၊ ဘွားဘွား… အကုန်လုံးကို နှစ်သစ်ကူးညစာစားဖို့ လာခေါ်မယ်…”
သူ ရွှင်ပျော်ပျော်ကျေးရွာအတွင်း တန်း၍ ခြေမချဘဲ အရင်ဆုံး အပြင်ဘက်မှ စစ်ဆေးကြည့်ရှုလိုက်သည်။
ရွာလူကြီးနှင့် ကျန်သူများက အလွန်တရာ စွမ်းအားကြီးမားလှသည့်အတွက် အမှန်တကယ်သာ ရွှင်ပျော်ပျော်ကျေးရွာအတွင်း ဝင်ရောက်သွားသည်ဆိုလျှင် ဤကဲ့သို့ တည်ငြိမ်အေးချမ်းနေလိမ့်မည် မဟုတ်။ အထဲမှ အန္တရာယ်က ပေါ့သေးသေး မဖြစ်နိုင်ချေ။ သို့အတွက်ကြောင့်သာ သူတို့ ပိတ်မိနေခြင်း ဖြစ်သည် မဟုတ်လား။
လသင်္ဘောပင် သူ၏ လုံခြုံစိတ်ချရမှုကို အာမမခံနိုင်ချေ။
ချင်မူ၏ အကြည့်က ရွှင်ပျော်ပျော်ကျေးရွာရှေ့ရှိ တောအုပ်ထံ ကျရောက်သွား၏။ ထိုနေရာ၌ ရွာလူကြီးတို့၏ ခြေရာလက်ရာများကို တွေ့လိုက်ရသည်။ ရွာလူကြီးနှင့် ရွှေအတို့ကဲ့သို့ ထိပ်သီးပညာရှင်များ၏ ကောင်းကင်နတ်သိုင်းက ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်၏။
သို့သော်လည်း ဤတောအုပ်ကတော့ ထိုသို့ ပျက်စီးနေခြင်း မရှိချေ။ တိုက်ပွဲဖြစ်ပွားသည့် လက္ခဏာများ ရှိသော်လည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးနေခြင်း မရှိ။
ချင်မူ၏ အကြည့်က ထိုခြေရာလက်ရာများနောက် လိုက်ရင်း တောအုပ်ထဲရှိ အပျက်အစီးနေရာ အချို့ထံ ရောက်ရှိသွားသည်။ ရွာလူကြီးတို့ ဝင်ရောက်သွားသည့် လမ်းကြောင်းက ထိုအပျက်အစီးနေရာများမှ ဖြစ်၏။
ဤသည်က ရွှင်ပျော်ပျော်ကျေးရွာသို့ ဝင်ရန် အန္တရာယ်အကင်းဆုံးလမ်း ဖြစ်ပေလိမ့်မည်။
ဤလမ်းမှလွဲလျှင် အခြားနေရာများ၌ အတားအဆီး အစီအရင်များဖြင့် ကန့်သတ်ထားသည်။
ချင်မူ ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးဖြင့် ကြည့်လိုက်သောအခါ တောအုပ်ထဲ၌ အလွန်တရာ အန္တရာယ်ကြီးမားသည့် အလင်းတန်းများကို ခပ်ဖျော့ဖျော့ တွေ့ရ၏။ သို့သော်လည်း ထိုအတားအဆီး အစီအရင်များက မည်သည့်အရာဖြစ်ကြောင်း သဲသဲကွဲကွဲ မမြင်ရချေ။
အတားအဆီး အစီအရင်များက အလွန်တရာ အန္တရာယ်ကြီးလှသဖြင့် ၎င်းတို့နှင့်စာလျှင် အပျက်အစီးပုံများအတိုင်း လိုက်သွားသော လမ်းက အတော်ဘေးကင်းသည်ကို ဆိုနိုင်၏။
ချင်မူ ဆက်လက် စိုက်ကြည့်လိုက်သည်။ ဤအခိုက်၌ တောအုပ်အဆုံးနှင့် များစွာ မဝေးတော့သည့် မိုင်သုံးရာခန့်အကွာရှိ အပျက်အစီးနေရာတစ်ခုတွင် အလင်းတန်းတချို့ လင်းလက်သွားသည်ကို မြင်လိုက်ရ၏။
ချင်မူ ချီစွမ်းအင်ကို အသုံးပြု၍ အတားအဆီးလွှာမှ ကျောက်စိမ်းဆွဲသီးကို ဖြုတ်ယူလိုက်သည်။ ထို့နောက် လသင်္ဘောကို ထိန်းချုပ်ပြီး အတားအဆီးလွှာအတွင်းသို့ လှမ်းဝင်လိုက်၏။
ဝှမ်…။
ခပ်သာသာ တုန်ခါမှုကို ထိတွေ့မိပြီး အခြားကမ္ဘာလောကတစ်ခုသို့ ဖြတ်သန်းရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်ဘက်မှ မဟာမြို့ပျက်အပေါ် ဖုံးလွှမ်းနေသည့် အမှောင်ထုကြီးမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွား၏။ နောက်ပြန်လှည့်ကြည့်သောအခါ မည်သည်ကိုမျှ မမြင်ရတော့ချေ။
ဤအခိုက်၌ ချောက်ချားဖွယ်ရာ ရယ်သံများကို ကြားလိုက်ရသည်။ လသင်္ဘော၏ ကိုယ်ထည်ကို ဖက်တွယ်လိုက်ပါလာသည့် မိစ္ဆာနတ်ဆိုးများစွာက မြေပြင်ပေါ်သို့ ခုန်ချ၍ တောအုပ်အတွင်းသို့ ဒီရေအလား ပြေးဝင်သွားကြ၏။
ခေါင်းနှစ်လုံးနှင့် အမြီးငါးချောင်းပါသော မိစ္ဆာနတ်ဘုရားတစ်ပါးက လေထဲသို့ ခုန်တက်လာသည်။ ထိုမိစ္ဆာနတ်ဘုရားက ခြေထောက်ရှည်ကြီး ရှစ်ချောင်းလည်း ပါရှိပြီး ခြေဖဝါးများနေရာတွင် လက်ဖဝါးများ ဖြစ်၍ ၎င်းတို့ဖြင့် ထောက်ကာ ခုန်ပေါက်ရင်း အော်ဟစ်လိုက်၏။ “ဗဒ္ဒ(သတ်)…”
တုထျန်းမိစ္ဆာဘုရင်မှာ အံ့ဩတုန်လှုပ်သွားသည်။ ဤမျှ များပြားသော မိစ္ဆာနတ်ဆိုးများ အမှောင်ထုကို အကာအကွယ်ပြု၍ သင်္ဘောထဲ၌ တိတ်တဆိတ် ပုန်းကွယ်လိုက်ပါလာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားမိချေ။
မိစ္ဆာနတ်ဘုရားမက သင်္ဘောပေါ်ရှိ ချင်မူ့ကို လှည့်ကြည့်၍ ဟက်ခနဲ ရယ်မောလိုက်၏။ “ကံကောင်းချင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရင်ခွင်ထဲ ရောက်လာတာပဲ… ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်ချင်နေတာ အတော်ကြာပြီ၊ ငါတို့ကို ဒီနေရာခေါ်လာတဲ့အတွက် မင်းကို ကျေးဇူးတင်ရတော့မှာပေါ့…”
ဤမိစ္ဆာနတ်ဘုရားက သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာတွင် ချင်မူနှင့် ရွာလူကြီး ကြုံတွေ့ခဲ့သည့် မိစ္ဆာနတ်ဘုရားမ ဖြစ်သည်။ နယ်စပ်နဂါးမြို့တွင် နေသင်္ဘောနှင့် တွေ့ဆုံပြီးချိန်၌ အမှောင်ထုထဲသို့ ထွက်လာရန် မျှားခေါ်ခဲ့သူလည်း ဖြစ်၏။
၎င်းမိစ္ဆာနတ်ဘုရားမှာ အစောကတည်းက လသင်္ဘောပေါ်တွင် ပုန်းအောင်းပြီး အခွင့်ကောင်းကို စောင့်စားနေခဲ့ဟန် ရှိသည်။
တစ်နေ့တွင် သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ချင်မူ သေချာပေါက် ပြန်လာပြီး လသင်္ဘောကို အသုံးပြု၍ ရွှင်ပျော်ပျော်ကျေးရွာသို့ သွားမည်ဟု တွက်ဆထားခြင်း ဖြစ်ပေလိမ့်မည်။
ယခုတော့ သူ၏ အကြံအစည် အောင်မြင်သွားချေပြီ။
“ငါ့ကလေးတွေ၊ နောက်ဆုံးကျန်တဲ့ သန့်စင်နယ်မြေကို သိမ်းပိုက်လိုက်ကြစမ်း… ဒီနေ့ကစပြီး ဒီကမ္ဘာလောကကြီးက ငါတို့ပိုင်တဲ့ ကမ္ဘာပဲ…” ထိုမိစ္ဆာနတ်ဘုရားမက မရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများကို ခေါ်ဆောင်၍ တောအုပ်အတွင်းသို့ ပြေးဝင်သွား၏။
ချင်မူက အမူအရာ အပြောင်းအလဲမရှိဘဲ ထိုကောင်းကင်နတ်ဆိုးများကို ငေးစိုက်ကြည့်နေသည်။
ရုတ်တရက် တောအုပ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သည့် အားလှိုင်းတစ်ခု လွင့်ပျံ့လာပြီး ထောင်သောင်းချီသော ကောင်းကင်နတ်ဆိုးတို့၏ ခန္ဓာကိုယ်များ အရည်ပျော်သွား၏။ အရေခွံသက်သက်သာ ကျန်ရစ်ပြီး လေတစ်ချက်အဝှေ့တွင် ပြာမှုန်များအဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။
တောအုပ်အထက် ကောင်းကင်ယံသို့ ပြေးဝင်သွားသော မိစ္ဆာနတ်ဘုရားမမှာလည်း တစ်မုဟုတ်ချင်း ပြန်ပြေးထွက်လာ၏။ “ပညာပါရမီတ…”
လေပွေကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို စုတ်ယူသွားသည်။
ဤနည်းလမ်းကို ချင်မူ မြင်ဖူး၏။ ရွာလူကြီးနှင့် တိုက်ခိုက်စဉ်တွင်လည်း ဤမိစ္ဆာနတ်ဘုရားက အခြားတစ်ဘက်ကမ်းသို့ သွားသည့် ဟင်းလင်းပြင်နယ်ပယ်ကို ဖန်တီး၍ ရွာလူကြီးကို ပိတ်လှောင်ထားရန် ကြိုးစားခဲ့သည်။
ယခု ဤနည်းလမ်းကို အသုံးပြုသည်ကတော့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပိတ်ဆို့ဖမ်းဆီးရန် မဟုတ်ဘဲ ဟင်းလင်းပြင်တစ်ဘက်ကမ်းသို့ ပုန်းရှောင်၍ တောအုပ်ထဲမှ အန္တရာယ်ကို ရှောင်ရှားလိုခြင်း ဖြစ်၏။
ထိုအခိုက်၌ တောအုပ်ထဲမှ မီးတလုံးတစ်လုံး မြင့်တက်လာပြီး ဟင်းလင်းပြင် အတွင်းပိုင်းသို့ မီးတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ကောင်းကင်ယံတွင် သွေးများယိုစီး၍ မိစ္ဆာနတ်ဘုရား အလောင်းကောင်ကြီး ပြုတ်ကျလာပြီး မြေပြင်နှင့် ထိသည်နှင့် ပြာမှုန်များ ဖြစ်သွား၏။
လသင်္ဘောပေါ်တွင်တော့ တုထျန်းမိစ္ဆာဘုရင်မှာ ကြောက်ရွံ့ထိတ်လန့်စွာ ငြိမ်သက်၍ သွေးများအေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ “ဒီသောက်ကမ္ဘာကြီးက ဒီလောက် အန္တရာယ် မများလို့ မရဘူးလား…”
ချင်မူ၏ မျက်ဝန်းအတွင်းမှ ဆွတ်ဆွတ်ဖြူသော လရောင်က မြူမှုန်များသဖွယ် ဖြစ်သွားပြီး ကျယ်လောင်သော အသံကြီးနှင့် တီးတိုးရေရွတ်လိုက်၏။ “ငါမှန်းတာ မှန်သွားပြီ… ဒီအတားအဆီးနေရာက အပြင်ကလာတဲ့ ရန်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး… ရွှင်ပျော်ပျော်ကျေးရွာက လူတွေကို အပြင်မထွက်နိုင်အောင် တားဆီးထားတာပဲ… ဒါ မဟာမြို့ပျက်ကို ဖျက်ဆီးခဲ့တဲ့ စွမ်းအားရှင်တွေ ချန်ထားခဲ့တာ ဖြစ်မယ်…”