← Chapters

မိခင်၏ချစ်ခြင်း

Vol. 17 Ch. 238

မိခင်၏ချစ်ခြင်း

Vol. 17 Ch. 238

တုထျန်းမိစ္ဆာဘုရင်မှာ ချင်မူ၏ စကားကို ကြားသောအခါ တစ်ခဏမျှ မှင်တက်မိသွားသော်လည်း တစ်မုဟုတ်ချင်း သဘောပေါက်လိုက်၏။

တောအုပ်ထဲမှ အတားအဆီးနယ်မြေမှာ ပြင်ပမှ ရန်သူများ ထိုးဖောက်ဝင်ရောက်လာခြင်းကို ကာကွယ်ရန် မဟုတ်ဘဲ ရွှင်ပျော်ပျော်ကျေးရွာမှလူများ အပြင်ထွက်မလာနိုင်စေရန် တားဆီးထားခြင်း ဖြစ်သည်။

ရန်သူများကို ကာကွယ်ရန်အတွက်ဆိုလျှင် ပြင်ပမှ ထိုးဖောက်ဝင်ရောက်လာသူများကိုသာ တိုက်ခိုက်ပေလိမ့်မည်။

ဤနေရာတွင်တော့ အပြင်မှ ဝင်သည်ဖြစ်စေ၊ အထဲမှ ပြန်ထွက်လာသည်ဖြစ်စေ ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခြင်း ခံကြရ၏။

ဘေးဘက်ရှိ အပျက်အစီးပုံများမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရွှင်ပျော်ပျော်ကျေးရွာမှလူများ တိုက်ခိုက်ဖောက်ထွက်ရန် ကြိုးစားထားသည့် လမ်းကြောင်း ဖြစ်ပေလိမ့်မည်။

“ဒီလောက် သဲလွန်စသေးသေးကနေ အခြေအနေကို သုံးသပ်နိုင်တာ… သာမန်လူတွေဆိုရင် သတိတောင် ထားမိမှာ မဟုတ်ဘူး… ဒီကောင်လေးကို ပြုစုပျိုးထောင်ခဲ့တဲ့သူတွေက အတော်ဉာဏ်များကောက်ကျစ်တဲ့ လူဆိုးတွေပဲ ဖြစ်ရမယ်…”

တုထျန်းမိစ္ဆာဘုရင်မှာ အတော်လေး တုန်လှုပ်ချောက်ချားသွားသည်။ လသင်္ဘော၌ ကောင်းကင်နတ်ဆိုးများ တွယ်ကပ်လိုက်ပါလာသည်ကို ချင်မူ သိထားပြီးဖြစ်ကြောင်း ထင်ရှား၏။ သူသိကြောင်း ထုတ်မပြသည့် အကြောင်းရင်းမှာ ကြုံတွေ့လာနိုင်သည့် အန္တရာယ်များတွင် ရှေ့ပြေး အစမ်းသပ်ခံအဖြစ် ထားရှိလို၍ ဖြစ်သည်။

ဤမျှ ဉာဏ်များရက်စက်သော ကောင်ငယ်လေး၏ ဆရာများမှာ သေချာပေါက် လူဆိုးလူသွမ်းများသာ ဖြစ်ပေလိမ့်မည်။

တုထျန်းမိစ္ဆာဘုရင်က အတားအဆီးနယ်ပယ်ကို အကဲခတ်၍ စိတ်ထဲမှ တွေးလိုက်၏။ “လသင်္ဘောအားကိုးနဲ့ ဒီနေရာကို ဝင်လို့ရမှာ မဟုတ်ဘူး… လသင်္ဘောက ကြီးလွန်းတယ်၊ ဝင်သွားလို့ကတော့ အတားအဆီးနယ်ပယ်ရဲ့ ထောင်ချောက်တွေ တန်းပွင့်ကုန်မှာပဲ… ဒီအတားအဆီးနယ်ပယ်က ဟိုမိစ္ဆာနတ်ဘုရားမကိုတောင် အစအနမကျန်အောင် သုတ်သင်ပစ်နိုင်တာ၊ လသင်္ဘောကို ဖျက်ဆီးဖို့လည်း ခက်မှာ မဟုတ်ဘူး…”

သူ ထိုသို့တွေးနေစဉ် လသင်္ဘောက ရုတ်တရက် တုန်ခါ၍ နိမ့်ဆင်းသွားသည်။ လွန်စွာ ကြီးမားသော ခြေသုံးချောင်း သင်္ဘောကြီးက မြေပြင်ပေါ် အထိုင်ကျ၍ ရပ်တန့်သွား၏။

ချင်မူ၏ ကောင်းကင်နတ်ဘုရား အရှိန်အဝါအငွေ့အသက်လည်း ကွယ်ပျောက်သွားသဖြင့် တုထျန်းမိစ္ဆာဘုရင် သက်ပြင်းချလိုက်မိသည်။ ချင်မူသာ အတားအဆီးနယ်ပယ်အတွင်းသို့ လသင်္ဘောကို မောင်းနှင်သွားလျှင် သူလည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်မူက ရွှင်ပျော်ပျော်ကျေးရွာ ပျက်စီးသွားသည်ကို မြင်ရသည့်တိုင် ကောင်းစွာ ကျိုးကြောင်းဆင်ခြင်နိုင်သေးကို တွေ့ရသည့်အတွက် တုထျန်းမိစ္ဆာဘုရင် အံ့အားသင့်သွား၏။

သူ နဂါးချီလင်ကို ကန်၍ နှိုးလိုက်သည်။

နဂါးချီလင်က ခေါင်းတစ်ချက်ခါ၍ တုထျန်းမိစ္ဆာဘုရင်နောက်မှ လိုက်လာပြီး ဗလုံးဗထွေး မေးလိုက်၏။ “သံတုံးကြီး၊ ဘယ်ရောက်နေတာလဲ…”

တုထျန်းမိစ္ဆာဘုရင်မှာ ဒေါသအိုးပေါက်ကွဲသွားသည်။ “တစ်လမ်းလုံးအိပ်နေပြီး ငါ့ကို လာမေးရဲသေးတယ်…”

နဂါးချီလင်က ပြုံးလိုက်၏။ “ဘယ်ရောက်နေတာတုံး မသိဘူးလား၊ ကြည့်ရတာ မင်းလည်း တစ်လမ်းလုံး အိပ်လာတာ ထင်တယ်…”

တိုင်လုံးကြီးများ၏ အလယ်တွင် ချင်မူ၏ ခန္ဓာကိုယ်က ပုံမှန်အရွယ်သို့ ပြန်ရောက်သွားပြီး သင်္ဘောကြမ်းပြင်၌ နစ်ဝင်နေသော ခြေထောက်များကို ဆွဲနုတ်လိုက်သည်။

သင်္ဘောကိုယ်ထည်နှင့် သူ့ခြေထောက်များ ပေါင်းစည်းသွားသော်လည်း ယခု သူ့ခန္ဓာကိုယ်က ပြန်ကျုံ့ဝင်သွားသည့်အတွက် ကြီးမားသော ခြေရာခွက်ထဲမှ အသာအယာ ပြန်ဆွဲနုတ်၍ ရ၏။

ချင်မူ ထရပ်လိုက်သည်တွင် ခေါင်းထဲ၌ မိုက်ခနဲ ဖြစ်သွား၏။ သူ့တစ်ကိုယ်လုံးက အားအင်နည်းပါးနေပြီး လသင်္ဘော၏ များပြားသော စွမ်းအင်ကြောင့် ပွင့်လာသည့် ကောင်းကင်ရတနာများမှာလည်း တစ်ခုပြီးတစ်ခု ပြန်ပိတ်သွားသည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့် ဓာတ်ကြီးငါးပါး ကောင်းရတနာသာ ပြန်မပိတ်ဘဲ ကျန်ရစ်ခဲ့၏။

လသင်္ဘော၏ စွမ်းအင်က လက်ရှိသူ့အတွက် များပြားလွန်းလှသည်။ ဤစွမ်းအင်ကို ထိန်းချုပ်အသုံးပြုလိုလျှင် သူ့အသက်ဓာတ် ကုန်ခန်းရပေလိမ့်မည်။

“ယန်ကျင်းကျင်းက နေသင်္ဘောပေါ်မှာ တစ်ချိန်လုံးနေရတာဆိုတော့ သူ့အသက်ဓာတ်က ငါ့ထက် အများကြီး ပိုကုန်မှာပဲ… အတော်အခြေအနေ ဆိုးလောက်တယ်…”

ချင်မူ အသက်ပြင်းပြင်း ရှိုက်ရှူ၍ ခန္ဓာကိုယ်ကို အားအင်ပြန်လည် ဖြည့်တင်းပေးနိုင်သော စွမ်းအင်ဆေးလုံးများ သောက်သုံးပြီး ထရပ်လိုက်၏။ “မိစ္ဆာဘုရင်၊ ဖက်တီးနဂါး… အတားအဆီးနယ်ပယ်ထဲ ဝင်ကြစို့…”

တုထျန်းမိစ္ဆာဘုရင်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “မင်းက ငါ့အသိပညာဗဟုသုတနဲ့ အတွေ့အကြုံကို အသုံးချပြီး မင့်ရွာကလူတွေ လိုက်ရှာဖို့ ကြံစည်နေတာ မဟုတ်လား…”

ချင်မူက ခေါင်းညိတ်လိုက်၏။ “ခင်ဗျားက မိစ္ဆာနတ်ဘုရားတွေရဲ့ ဘုရင်၊ တုထျန်းပြည်ရဲ့ အရှင်သခင်ပဲ… ခင်ဗျားရဲ့ အသိပညာဗဟုသုတနဲ့ အတွေ့အကြုံက ကျုပ်ထက် အများကြီး ပိုသာတယ်… အဲတော့ ခင်ဗျားခေါ်သွားမှပဲ ကျုပ်အထဲ ဝင်လို့ရတော့မှာပေါ့…”

တုထျန်းမိစ္ဆာဘုရင်က တဟားဟား အော်ဟစ်ရယ်မော၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “ဒါပေါ့… ငါကပဲ မင်းကို အန္တရာယ်ကင်းကင်း ခေါ်သွားနိုင်မှာ… အခုချက်ချင်း ငါ့ခြေထောက်ကို ကုန်းလျက်လိုက်တော့…”

ချင်မူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရသဖြင့် တုထျန်းမိစ္ဆာဘုရင် ရယ်ရယ်မောမောဖြင့် စကားလမ်းကြောင်း လွှဲလိုက်ရ၏။ “ဟား… ဟား… ငါက မင်းကို စတာပါဟ… မင်းကို အဝင်အထွက် လမ်းပြပေးမယ်… ပြီးရင်တော့ ကတိပေးထားတဲ့အတိုင်း ငါ့ကို လွှတ်ပေးရမယ်…”

ချင်မူက ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့… ကျွန်တော်က ကတိမဖျက်တတ်ပါဘူး… မြေအောက်ဘုံအရှင်သခင် သဘောတူညီချက်နဲ့ ကျမ်းကျိန်ပြမယ်…”

တုထျန်းမိစ္ဆာဘုရင်က ခေါင်းခါယမ်းလိုက်၏။ “မလိုဘူး… မြေအောက်ဘုံအရှင်သခင် သဘောတူညီချက်နဲ့ ကျမ်းကျိန်ရင် မင်းကို ငါ ယုံလို့ရမှာ မဟုတ်တော့ဘူး… သေချာပေါက် ထောင်ချောက်တွေ ဆင်ထားမှာ…”

ချင်မူက ခပ်အက်အက် ရယ်မောရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ “တုထျန်းမိစ္ဆာဘုရင်က ငါ့အကြောင်း ကောင်းကောင်းသိတာပဲ… ဒီအတိုင်း ပါးစပ်ကတိပေးထားတာကို လှည့်စားဖို့ကျ ရှက်ဖို့ကောင်းတယ်… ဘိုးဘိုးထော့ကျိုး ပြောတာမှန်တယ်… ငါ့စိတ်က အတော်နုသေးတာပဲ…”

သူ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်ပြီး တုန်ထျန်းမိစ္ဆာဘုရင်ကိုလည်း ဆွဲတင်လိုက်၏။ နဂါးချီလင်၏ ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလိုက်သည်။ မကြာမီ အတားအဆီးနယ်ပယ်၏ အစပ်သို့ ရောက်ရှိသွား၏။

တုထျန်းမိစ္ဆာဘုရင်က အလွန်တရာ စိတ်လှုပ်ရှားပြီး ပါးစပ်ထဲမှ စက်သွားအချို့ ထွက်ကျလာသည်။ “ဒီနေရာမှာ ဘေးကင်းတဲ့ လမ်းကြောင်း ရှိပေမဲ့ အဲလမ်းက အထဲကဖောက်ထားတာ… ဒီလမ်းကြောင်းအတိုင်း အပြင်ကို ထွက်ဖို့ဆိုရင် ပြဿနာ မရှိပေမဲ့ အထဲဝင်ဖို့အတွက်ကျ အန္တရာယ်နည်းနည်း ရှိနိုင်တယ်… မင်း ငါ့နောက်က ကပ်လိုက်၊ လမ်းမှား မလျှောက်မိစေနဲ့… အတားအဆီးနယ်မြေက ထောင်ချောက်တစ်ခုခုကို သွားနင်းမိရင် ငါတို့အကုန်လုံး သေမှာ…”

ချင်မူက ကမန်းကတန်း ရှေ့တိုးသွားပြီး နတ်ဘုရားရုပ်တု၏ ရင်ဘတ်ကိုဖွင့်၍ ယန္တရားများကို ပြင်ဆင်လိုက်သည်။ အပိုစက်သွားအချို့ကို ထပ်ထည့်ရင်း သတိပေးလိုက်၏။ “မိစ္ဆာဘုရင်၊ ဘာလှည့်ကွက်မှ သုံးဖို့ မကြိုးစားနဲ့နော်၊ မဟုတ်ရင် ခင်ဗျားလည်း ဒီနေရာမှာ ပိတ်မိနေမှာပဲ…”

တုထျန်းမိစ္ဆာဘုရင်က စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။ “မပူပါနဲ့၊ ငါနားလည်ပါတယ်… ငါ့နောက်ကသာ ကပ်လိုက်ခဲ့…”

ချင်မူက သူ့နောက်မှ ကပ်လိုက်သွား၏။ တုထျန်းမိစ္ဆာဘုရင်၏ မျက်နှာလေးဖက်နှင့် မျက်လုံးဆယ့်နှစ်လုံးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ပါးစပ်လေးပေါက်မှ ပွစိပွစိ ရေရွတ်၍ တွက်ချက်နေသည်။

တုထျန်းမိစ္ဆာဘုရင်က မိစ္ဆာချီစွမ်းအင် အသုံးပြု၍ ဟင်းလင်းပြင်တွက်ချက်မှုများ ပြုလုပ်နေသည်ကိုပင် ချင်မူ တွေ့ရ၏။ မရေမတွက်နိုင်သော ကိန်းဂဏန်းများနှင့် မှော်သင်္ကေတများ လေထဲတွင် ရွေ့လျား၍ အလွန်တရာ ရှုပ်ထွေးသည့် တွက်ချက်မှုများကို လုပ်ဆောင်နေသည်။

“မိစ္ဆာဘုရင်ကြီး၊ ခင်ဗျားရဲ့ အတွက်အချက်စွမ်းရည်က အတော်မြင့်တာပဲ…” ချင်မူက တအံ့တဩ ပြောလိုက်၏။

တုထျန်းမိစ္ဆာဘုရင်က စိတ်မကြည်လင်စွာ ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့… အတွက်အချက်ကောင်းကောင်း မတတ်ရင် ကောင်းကင်နတ်သိုင်းအများစု သင်တဲ့အခါ အပြင်ပန်းပဲ တတ်မှာပေါ့၊ တကယ့်အနှစ်သာရကို ဘယ်ရလိမ့်မလဲ…”

“ကျုပ်ကို သင်ပေးလို့ရမလား…” ချင်မူက ဝမ်းသာအားရ မေးလိုက်၏။ “ကျုပ်မှာ ထိုက်ရွှမ်သင်္ချာကျမ်းလို့ခေါ်တဲ့ စာအုပ်တစ်အုပ် ရှိပေမဲ့ သေချာမလေ့လာရသေးဘူး… အဲသင်္ချာကျမ်းက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ် ကိန်းဂဏန်းတွေကို ပါ့ကွရှစ်မြှောင့်အင်းပြားက တြိသင်္ကေတတွေနဲ့ ဖော်ပြထားတာ… အဋ္ဌကိန်းစနစ်ဆိုတော့ အတော်ဒုက္ခရောက်တယ်…”

တုထျန်းမိစ္ဆာဘုရင်က တအံ့တဩ ပြောလိုက်သည်။ “အဋ္ဌကိန်းစနစ်လား… အဲဒါဆို ကောင်းကင်၊ မြေကြီး၊ မိုးကြိုး၊ ရေ၊ တောင်၊ လေ၊ မီး၊ စိမ့်မြေဆိုတဲ့ ပါ့ကွတြိသင်္ကေတရှစ်မျိုးကို အသုံးပြုပြီး တွက်မှ ရလိမ့်မယ်… ကိန်းဂဏန်းတွေအတိုင်း တွက်ရင် မလွယ်ဘူး၊ ပါ့ကွရှစ်မြှောင့်အင်းပြားကို ပေသီးခုံလို သဘောထားပြီး တွက်ရင် ပိုလွယ်တယ်… နောက်မှ ပြောတော့မယ်၊ အခု ငါ့ကို စကားလာမပြောနဲ့… မှားတွက်မိရင် အကုန်သေကုန်လိမ့်မယ်…”

တုထျန်းမိစ္ဆာဘုရင်မှာ သင်္ချာစွမ်းရည် မြင့်မားရုံသာမက နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နိုင်စွမ်းလည်း ရှိ၏။ သူ မစဉ်းစားဘဲ ပြောလိုက်သော စကားတစ်ခွန်းက ချင်မူ့ကို ဉာဏ်အလင်းပွင့်သွားစေသည်။

ချင်မူ ဤရက်များအတွင်း ထိုက်ရွှမ်သင်္ချာကျမ်းကို လေ့လာနေသော်လည်း များစွာ ရှေ့မရောက်ချေ။ ထိုက်ရွှမ်သင်္ချာကျမ်းက လွန်စွာ နက်နဲရှုပ်ထွေးပြီး လိုက်လံတွက်ချက်ရသည်မှာလည်း အတော်လေး ခက်ခဲ၏။

သို့သော်လည်း ပါ့ကွရှစ်မြောင့်အင်းပြားကို ပေသီးခုံအဖြစ် အသုံးပြုလျှင် အတော်လေး အသုံးဝင်သည့် တွက်ချက်ရေးကိရိယာတစ်ခု ဖြစ်လာပြီး သူရင်ဆိုင်နေရသော အခက်အခဲများ အလွယ်တကူ ပြေလည်သွားပေလိမ့်မည်။

“ပါ့ကွအစီအရင်မှာ အဋ္ဌကိန်းစနစ်တင် မဟုတ်ဘူး… ယင်ယန် ဒွိကိန်းစနစ်၊ အဆင့်လေးဆင့် စတုကိန်းစနစ်တွေလည်း ရှိတာပဲ…”

တုထျန်းမိစ္ဆာဘုရင်၏ စကားတစ်ခွန်းမှ ချင်မူ အရာများစွာ ဆင့်ပွားတွက်ထုတ်နိုင်ခဲ့သည်။ ထိုက်ရွှမ်သင်္ချာကျမ်းတွင် တွက်ချက်နည်းများစွာ ပါဝင်သော်လည်း မည်သည့်အရာကို အခြေခံ၍ တွက်ချက်ရမည်ဟူ၍ မပါဝင်ချေ။ ယခုတော့ တုထျန်းမိစ္ဆာဘုရင်၏ အကြံဉာဏ်ကြောင့် ထိုက်ရွှမ်သင်္ချာကျမ်းကို အပြည့်အဝနားလည်နိုင်ရန် အခွင့်အရေး ရပေတော့မည်။

“ဒီစနစ်တွေကို တွက်ချက်ဖို့ဆိုရင် ထိုက်ကျိပါ့ကွအစီအရင်ကို အခြေခံတဲ့ တွက်ချက်ရေးကိရိယာတစ်ခု လိုမယ်…”

ချင်မူ ထိုက်ရွှမ်သင်္ချာကျမ်းကို ထုတ်ယူဖတ်ရှုလိုက်၏။ သူ၏ ချီစွမ်းအင်က ရှေ့တည့်တည့်တွင် မျောလွင့်ထွက်ပေါ်လာပြီး ယင်ယန်အဆင့်လေးဆင့်အဖြစ် ပြောင်းလဲသွားသည်။ ထိုမှတစ်ဆင့် တြိသင်္ကေတများ ဖွဲ့တည်၍ ထိုက်ကျိပါ့ကွရှစ်မြှောင့်ကွက်တစ်ခု ဖြစ်သွား၏။

သူ့လက်ကို တစ်ချက်လှုပ်ခါလိုက်သောအခါ ထိုကဲ့သို့သော ထိုက်ကျိပါ့ကွရှစ်မြှောင့်ကွက်မျိုး နောက်ထပ် လေးဆယ့်ကိုးခု ထွက်ပေါ်လာသည်။ ယင်နှင့်ယန်က လည်ပတ်၍ အဆင့်လေးဆင့် ကူးပြောင်းပြီး တြိသင်္ကေတရှစ်မျိုး၏ နေရာအထားအသို ပြောင်းလဲသွား၏။

“ထိုက်ရွှမ်သင်္ချာကျမ်းမှာပါတဲ့ တယန်(ငါးဆယ်)တွက်နည်းက ဒီလိုကိုး…” ချင်မူက အသွင်ပြောင်းလဲသွားသည့် ပါ့ကွရှစ်မြှောင့်ကွက်များကို ကြည့်၍ ခေါင်းထဲတွင် ပေါ်လာသော ကိန်းဂဏန်းများကို တတွတ်တွတ် ရေရွတ်လိုက်သည်။

“အာရုံမများနဲ့…” တုထျန်းမိစ္ဆာဘုရင်က မျက်နှာကြီး မည်းမှောင်ပြီး သူ့ကို ဆူငေါက်လိုက်၏။

ချင်မူ ပါ့ကွရှစ်မြှောင့်ကွက်များကို ကမန်းကတန်း ပြန်ရုပ်သိမ်းလိုက်သည်။ တုထျန်းမိစ္ဆာဘုရင်က ရှေ့မှ ဦးဆောင်သည် ဖြစ်၍ စိတ်အေးလက်အေး လိုက်လာမိ၏။ တုထျန်းမိစ္ဆာဘုရင်က တုထျန်းပြည်၏ အရှင်သခင်ဖြစ်သည့်အတွက် သူ၏ အသိအမြင်ဗဟုသုတနှင့် အတွေ့အကြုံက ချင်မူ့ထက် များစွာ သာလွန်သည်။ ဤတားမြစ်နယ်မြေမှ အတားအဆီးအစီအရင်များကို ဖျက်ဆီးနိုင်စွမ်း မရှိသော်လည်း ရှောင်ရှားသွားရန်တော့ သူ့အတွက် ခက်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် လမ်းတစ်လျှောက်ရှိ အတားအဆီးအစီအရင်များကို အထဲမှ လူများက ဖျက်ဆီးထားပြီးပြီ ဖြစ်သည်။ ရွာလူကြီးနှင့် ကျန်သူများကလည်း ရှေ့မှ ဝင်၍ ရှင်းလင်းသွားသဖြင့် သူတို့အတွက် အတော်အတန် ဘေးကင်းသည်ဟု ဆိုနိုင်၏။

များစွာ မကြာလိုက်ဘဲ ပထမဆုံး အပျက်အစီးပုံနေရာသို့ ရောက်ရှိသွားသည်။ ဤနေရာက အိမ်ခြေလေးအိမ်သာ ရှိသော ရွာတစ်ရွာ ဖြစ်၏။ မီးဖိုနှင့် အိုးခွက်များ ရှိနေသေးပြီး နေထိုင်သူတစ်ဦးတစ်ယောက်မျှတော့ မတွေ့ရ။

ရွာစပ်တွင် အုတ်ဂူဆယ့်တစ်လုံး ရှိသည်။ ကမ္ပည်းတိုင်များ စိုက်ထူထားခြင်း မရှိသဖြင့် မည်သူမည်ဝါများကို မြှုပ်နှံထားခြင်း ဖြစ်ကြောင်း မသိရချေ။

“ဒီနေရာက အန္တရာယ်ကင်းတယ်…” တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်၏။

ချင်မူ ရွာထဲသို့ ဝင်၍ လှည့်ပတ်ကြည့်ရှုရင်း အိမ်တစ်အိမ်မှ ပုခက်တစ်လုံးကို မြင်ပြီး ရင်ထဲတွင် တုန်ခါသွား၏။ ထိုပုခက်ပေါ်တွင် ကလေးဝတ်အချို့နှင့် သစ်သားမြင်းရုပ်တစ်ရုပ် ရှိသည်။

ထိုထဲမှ အင်္ကျီတစ်ထည်ပေါ်တွင် “ချင်”ဟူသော စာလုံးကို ချည်ထိုးထား၏။

ချင်မူက “ချင်”စာလုံးပါသည့် သူ၏ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်သည်။

ဤလူငယ်လေးက အတန်ကြာသည်အထိ မျက်လုံးများ မှိတ်ထားမိ၏။ သူ့မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် မျက်ရည်များ မရှိတော့ချေ။ ခန်းခြောက်သွားသည်မှာ အတော်ကြာပြီ ဖြစ်၏။

“ဒါ ငါ့အိမ်လား…”

သူ မီးဖိုချောင်ဘေးမှ ဖြတ်လျှောက်ရင်း ချိတ်ဆွဲထားသော အိုးများ၊ စားပွဲပေါ်မှ ပန်းကန်များကို ကြည့်လိုက်သည်။ သဲလွန်စ ထပ်ရနိုင်သော ပစ္စည်းတစ်ခုခု တွေ့မည်လားဟု ရှာဖွေကြည့်သော်လည်း

ထပ်မတွေ့ရတော့ချေ။

အိမ်တံခါးမသို့ အရောက်တွင် သူ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ အတန်ကြာအောင် တိတ်ဆိတ်နေမိသည်။

တံခါးပေါင်၌ “ရှီ”ဟူသော စာလုံးတစ်လုံး ရေးသားထား၏။ ဤနေရာ၌ လေမိုးတို့ ကျရောက်ခြင်း မရှိသော်လည်း နှစ်ကာလ၏ တိုက်စားမှုကြောင့် ထိုစာလုံးက မှိန်ဖျော့နေချေပြီ။

“ရှီ”ဟူသော စာလုံး၏ အဓိပ္ပာယ်မှာ ဤအိမ်၏ ပိုင်ရှင်များက ထိန်းမြားလက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်ကြပြီဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့က ဤအတားအဆီးနယ်မြေအတွင်းပင် ထိန်းမြားလက်ထပ်လိုက်ကြခြင်း ဖြစ်၏။

ဤအိမ်ထဲမှ သစ်သားမြင်းရုပ်လေးမှာ မမွေးဖွားလာသေးသည့် ကလေးငယ်အတွက် ကြိုတင် ထွင်းထုထားခြင်း ဖြစ်ပေလိမ့်မည်။ ကလေးဝတ်လေးများမှာလည်း ထိုကလေးငယ်အတွက် ချုပ်လုပ်ထားခြင်း ဖြစ်မည်။

“သွားကြစို့…” တုထျန်းမိစ္ဆာဘုရင်က လောဆော်လိုက်သည်။ “ဒါပြီးတာနဲ့ ငါ ပြန်ရမှာ… မင်းတို့ သောက်ကမ္ဘာမှာ တစ်ရက်မှ ပိုမနေချင်တော့ဘူး…”

ချင်မူ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်၍ အတားအဆီးနယ်မြေ၏ အတွင်းပိုင်းသို့ တုထျန်းမိစ္ဆာဘုရင်နောက်မှ လိုက်သွား၏။ လေးနာရီခန့် ကြာပြီးသောအခါ နောက်ထပ် အပျက်အစီးပုံတစ်ခုသို့ ရောက်ရှိသွားသည်။

ဤနေရာက အိမ်ခြေတစ်ရာခန့်ရှိသော မြို့ငယ်လေးတစ်မြို့ ဖြစ်၏။ မြို့ပျက်၏ အပြင်ဘက်တွင်တော့ အုတ်ဂူများ တန်းစီနေသည်။

ချင်မူ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မြို့ထဲတွင် ကျောင်းတစ်ကျောင်း ရှိသည်ကို တွေ့ရ၏။ ဤနေရာက လူငယ်များ ပညာဆည်းပူးသော နေရာ ဖြစ်ပေလိမ့်မည်။

တစ်ခေတ်တစ်ခါက ဤနေရာတွင် ဝင်ထွက်သွားလာသူများဖြင့် စည်ကားနေချေလိမ့်မည်။ အပြင်ဘက်၌ အလွန်တရာ အန္တရာယ်များလှသော အတားအဆီးနယ်မြေကြီး ရှိသည့်တိုင် ဤနေရာ၌ ရှင်သန်ခြင်း၏ အငွေ့အသက်တို့ ရစ်သိုင်းလွှမ်းခြုံနေပေလိမ့်မည်။

သို့တိုင်အောင် တစ်ဘက်ရွာတွင်တော့ အိမ်ခြေလေးအိမ်သာ ကျန်ရစ်၏။

သူတို့ ခရီးဆက်လိုက်ကြသည်။ တတိယမြောက် အပျက်အစီးပုံမှာ မြို့ကြီးတစ်ခု ဖြစ်၏။ ကျိုးပဲ့နေသော ဝိညာဉ်လက်နက်များစွာ မြေပြင်ပေါ်တွင် ပြန့်ကြဲနေသည်။ ဤပစ္စည်းများကို ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရောင်းချပါက တစ်ပြည်လုံးတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်သော်လည်း ယခုတော့ ဤအတိုင်းသာ မြေပေါ်တွင် ခိုနားနေရရှာ၏။

“ရှေ့ဆက်သွားကြစို့…” ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ငါတို့တော့ သေပြီဟေ့…” ခပ်လှမ်းလှမ်းမှ အဘွားစစ်၏ ဒေါသသံ ထွက်ပေါ်လာ၏။ “တော်တို့သောက်အဘိုးကြီးတွေ၊ ကျုပ်ကိုပါ ဒုက္ခတွင်းထဲ ဆွဲခေါ်ပြီး အတူတူသေအောင် လုပ်တာ…”

All Chapters