အသက်ကြီးလေ ယုံကြည်ကိုးစားမရလေ
Vol. 18 Ch. 239
တောအုပ်အဆုံး၌…။ မျက်ကန်း၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက တောင်ဝှေးထောက်၍ အနားယူနေပြီး သားသတ်သမားက သူ၏ ဝက်ခုတ်ဓားမများကို လွှဲယမ်းခုတ်ထစ်နေ၏။ သူတို့၏ ပတ်ပတ်လည်တွင်တော့ အမျိုးမျိုး ပြောင်းလဲနေသည့် ဟင်းလင်းပြင်အလွှာတစ်ခု ရှိသည်။ ဤဟင်းလင်းပြင်က အလွှာလွှာအထပ်ထပ် ဖြစ်နေပြီး ၎င်းအလွှာအထပ်များ ပြောင်းလဲသွားတိုင်း ပတ်ဝန်းကျင်မြင်ကွင်းများလည်း လိုက်ပါပြောင်းလဲသွား၏။ တစ်ခါတစ်ရံတွင် တောအုပ်ကြီး ဖြစ်သွားပြီး တစ်ခါတစ်ရံတွင် ခြစ်ခြစ်တောက် ပူလောင်သော သဲကန္တာရကြီး ဖြစ်သွားသည်။ တစ်ခါတစ်ရံတွင်တော့ လှိုင်းလုံးများ တဝုန်းဝုန်း ထနေပြီး တစ်ခါတစ်ရံတွင် ဥက္ကာပျံများ ကြွေကျလာ၏။
ဟင်းလင်းပြင်အလွှာများ ပြောင်းလဲသွားတိုင်း မတူညီသည့် သဘာဝဘေးအန္တရာယ်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ထဲ၌ သိုဝှက်ထားသည့် ကောင်းကင်အတားအဆီး စွမ်းအားများ အသက်ဝင်လာသည်နှင့် သားသတ်သမားက ဝက်ခုတ်ဓားမများ လွှဲယမ်းခုတ်ထစ်၍ ရင်ဆိုင်ခုခံရ၏။
သားသတ်သမားက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မျက်ကန်း၊ အဘွားကြီး… ငါ ခါးကျိုးတော့မယ်… မင်းတို့ နားလို့ မပြီးသေးဘူးလား…”
မျက်ကန်းက သက်ပြင်းချလိုက်၏။ “ငါက အသက်ကြီးပြီ၊ ငါ့အရိုးတွေက အရင်လို မဟုတ်တော့ဘူး… နည်းနည်းလောက် ထပ်နားပါရစေဦး…”
“ငါလည်း မင်းထက် ဘယ်လောက်မှ ပိုငယ်တာ မဟုတ်ဘူး…” သားသတ်သမားက ဒေါသထွက်သွားသည်။ “ပြီးတော့ ငါ့ခန္ဓာကိုယ်အောက်ပိုင်းက အခုမှ ပြန်ဆက်ထားတာ… ဒီတိုင်း ဆက်သွားရင် ငါ့ကိုယ် နှစ်ပိုင်း ပြတ်သွားလိမ့်မယ်…”
မျက်ကန်းက ခပ်ဖြည်းဖြည်း ပြောလိုက်၏။ “အဘွားကြီးက ငယ်သေးတယ်… သူ့ကို အလှည့်ပေးလိုက်…”
အဘွားစစ်၏ နှုတ်ဖျားမှာ အသက်ကြီးရင့်သော အသံတစ်သံ ထွက်ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်သည်။ “ငါက စွမ်းအားကြီးပေမဲ့ ငါ့မိန်းမရဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး… ရှင်မ၊ ငါ့ကို မင့်ခန္ဓာကိုယ် လွှဲပြောင်းပေးလိုက်…”
“ထွက်သွားစမ်း…” အဘွားစစ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
သားသတ်သမားနှင့် မျက်ကန်းတို့၏ မျက်နှာများ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ အဘွားစစ်၏ ရောဂါက တစ်နေ့တခြား ပိုဆိုးလာ၏။ အန္တရာယ်များ ထပ်ခါ ထပ်ခါ ကြုံရပြီးနောက်တွင် လီထျန်းရှင် မကြာခဏ ထွက်ပေါ်၍ အဘွားစစ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လာသည်။
“မိစ္ဆာမျိုးစေ့က ပိုအားကောင်းလာပြီ… အနှေးနဲ့အမြန် အဘွားစစ်ကို လီထျန်းရှင်က အစားထိုး နေရာယူသွားတော့မယ်…”
သူတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နေရာ၏ ပြောင်းလဲမှုက နတ်ဘုရားတစ်ပါး အန်စာကစားနေသကဲ့သို့ပင် ဖြစ်၏။ အန်စာ၏ မျက်နှာပြင်တစ်ဖက်စီတွင် ကောင်းကင်အတားအဆီးအစီအရင် တစ်ခုကျ ရှိပြီး သူတို့က ထိုအန်စာတုံးထဲတွင် ရောက်ရှိနေသည်။ အန်စာတုံး ကျရောက်သွားသည့် မျက်နှာပြင်အလိုက် အတားအဆီးအစီအရင်များ အသက်ဝင်လာ၏။ သို့သော်လည်း ဤသည်က မျက်နှာပြင် ခြောက်ဖက်သာပါသည့် အန်စာတုံး မဟုတ်ချေ။ စုစုပေါင်း မျက်နှာပြင် တစ်ရာ့ရှစ်ဖက်တိတိ ပါရှိ၏။
ယခု သူတို့က ကြယ်တာရာများရှိသည့် အခြမ်းသို့ ကျရောက်သွားသဖြင့် သူတို့ခြေထောက်အောက်ရှိ မြေပြင် ပျောက်ကွယ်၍ ပတ်ဝန်းကျင်တစ်ခွင်လုံး အဆုံးအစမဲ့ ကြယ်တာရာကောင်းကင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့အထက်တွင် မည်သည့်အရာမျှ မရှိသကဲ့သို့ ခြေထောက်အောက်တွင်လည်း ထောက်စရာ မြေပြင်မရှိတော့ချေ။
တဖျတ်ဖျတ် လင်းလက်နေသော ကြယ်တာရာများက အမှန်စင်စစ် ကြယ်များ မဟုတ်၊ ကြေးမုံမှန်များသာ ဖြစ်၏။ ရုတ်တရက် ထိုကြေးမုံမှန်များမှ အလင်းတန်းများ စုဆုံသွားပြီး သူတို့သုံးယောက်ထံ ဝှမ်ခနဲ ပြေးဝင်ကျဆင်းလာသည်။
သားသတ်သမားက မာန်သွင်းအော်ဟစ်၍ ထိုကြောက်မက်ဖွယ်ရာ ကောင်းကင်အလင်းတန်းကို ‘တိမ်တိုက်အားလုံးတွင် ငွေရောင်အနားသတ်ရှိသည်’ ဓားချက်ဖြင့် ခုတ်ပိုင်းချလိုက်၏။ ကောင်းကင်အလင်းတန်းမှာ နှစ်ခြမ်းကွဲ၍ သူတို့၏ ဘေးမှ ဖြတ်သန်းသွားသည်။ သားသတ်သမား၏ နောက်တည့်တည့် နေရာကွက်ကွက်လေးမှ လွဲ၍ အရာအားလုံး ပျက်စီးသွား၏။
အဘွားစစ်က ကမန်းကတန်း အော်ဟစ်လိုက်သည်။ “နားကန်း၊ နားကန်း… ဒီဘက်ကို မြန်မြန်လာ…”
ကြယ်တာရာကောင်းကင်၏ အခြားတစ်ဘက်တွင် နားကန်းက စုတ်တံတစ်ချောင်း ကိုင်ဆွဲ၍ ကြယ်တာရာ ဥက္ကာပျံများနှင့် တိုက်ခိုက်နေ၏။ မျက်ကန်းက ပြောလိုက်သည်။ “နားကန်းက နင့်အသံ မကြားနိုင်ဘူးလေ…”
သူ့စကား မဆုံးမီပင် နားကန်းက သူတို့ရှိရာသို့ ပျံသန်းလာရန် ကြိုးစားလိုက်၏။ သို့သော်လည်း ကြယ်တာရာအလင်းတန်းတစ်ခုက သူ့ကို ရုတ်တရက် ဝင်တိုက်သဖြင့် အဝေးသို့ လွင့်စင်ပြီး ပျောက်ကွယ်သွားသည်။
“သားသတ်သမား၊ ခဏနားလိုက်ဦး… ငါ အလှည့်ယူမယ်…” အဘွားစစ်၏ နှုတ်ဖျားမှ လီထျန်းရှင်၏အသံ ထွက်ပေါ်လာ၏။
သားသတ်သမားက ကမန်းကတန်း နောက်ဆုတ်ပြီး အဘွားစစ်က ရှေ့တက်သွားသည်။ ထို့နောက် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လှည့်ပတ်၍ ပတ်ဝန်းကျင် ဟင်းလင်းပြင်၏ ပြောင်းလဲမှုများကို ဂရုတစိုက် အကဲခတ်လိုက်၏။
ဤဟင်းလင်းပြင်ဝင်္ကပါတွင် ပိတ်မိနေသူမှာ သူတို့သုံးယောက်တည်းတင် မဟုတ်။ နားကန်း၊ အဘိုးကြီးမာ၊ ထော့ကျိုးတို့လည်း ပါသည်။ သို့သော်လည်း ထိုသူများက အန်စာတုံး၏ အခြားဘက်တွင် ဖြစ်၍ သူတို့အချင်းချင်း ပြန်စုမိရန် အခက်တွေ့နေ၏။
အဘွားစစ်က မျက်ကန်းနှင့် ကျန်သူများ အထဲတွင် ပိတ်မိနေသည်ကို တွေ့သဖြင့် ဤအတားအဆီးဝင်္ကပါကို ဖျက်ဆီးရန် ကြိုးစားရင်း သူပါ ပိတ်မိသွားခြင်း ဖြစ်သည်။ ထို့နောက်တွင် နားကန်း ရောက်ရှိလာပြီး ဤအတားအဆီးဝင်္ကပါကို ဖြိုခွင်းရန် ကြိုးစားသော်လည်း အားလုံးနှင့်အတူတူ ပိတ်မိသွား၏။
“ဒီဟင်းလင်းပြင်အတားအဆီးဝင်္ကပါမှာ အတားအဆီးတစ်ရာ့ရှစ်မျိုး ရှိတယ်… ဒါပေမဲ့ အားလုံးကို ထိန်းချုပ်တဲ့ ဗဟိုချက်နေရာက ဒီအတားအဆီးတစ်ရာ့ရှစ်မျိုးထဲမှာ မပါဘူး…”
မျက်ကန်းက မတ်တတ်ရပ်၍ သူ၏ နတ်ဘုရားစိတ်မျက်လုံးဖြင့် အရာအားလုံးကို ထွင်းဖောက်မြင်နေရသကဲ့သို့ အရပ်မျက်နှာအနှံ့ ကြည့်ရှုနေသည်။ “ငါတို့က နတ်ဘုရားတစ်ပါးရဲ့ အန်စာတုံးထဲမှာ ရောက်နေတာ… အဘိုးကြီးမာနဲ့ ထော့ကျိုးက တခြားဘက်မှာ ရောက်နေပေမဲ့ တစ်ခါတလေ ငါတို့နဲ့ တစ်ဘက်တည်း ရောက်လာတယ်… နားကန်းကလည်း တစ်ချက်တစ်ချက် ငါတို့ဆီ ဝင်လာတယ်… ဒါကိုကြည့်ရင် ဒီဟင်းလင်းပြင်ဝင်္ကပါ လည်ပတ်နေတာ အချိန်အတော်ကြာသွားပြီမလို့ တွက်ချက်ထားတဲ့ လမ်းကြောင်းကနေ အတိမ်းအစောင်းနည်းနည်း ရှိလာတာ ဖြစ်ရမယ်…”
မျက်ကန်းက စိတ်ထဲမှ အနည်းငယ် တွက်ချက်ပြီး ရုတ်တရက် မျက်ခုံးများ မြင့်တက်သွား၏။ “ဒီဟင်းလင်းပြင်ဝင်္ကပါကို စီရင်ခဲ့တဲ့ နတ်ဘုရားက ရွှင်းရှီးဒသမကိန်း(10^-16)အထိပဲ တွက်ချက်ခဲ့တာ… အသေးဆုံး ဒသမကိန်းအထိ မတွက်ချက်ခဲ့ဘူး… အဲဒါကြောင့်မို့လို့ ဒီဝင်္ကပါက ကာလတစ်ခုထိ လည်ပတ်ပြီးရင် သူ့အလိုလို ပျက်စီးပြိုကျသွားမှာပဲ…”
ဤအခိုက်၌ ဟင်းလင်းပြင်ဝင်္ကပါက မီးတောင်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မီးလျှံများက နတ်နဂါးများကဲ့သို့ ထိုးတက်လာသည်။ လျှပ်စီးမိုးကြိုးများလည်း တဝုန်းဝုန်း ကျဆင်းလာသဖြင့် အဘွားစစ်က အသည်းအသန် ခုခံနေရပြီး သူ၏ ပါးစပ်မှ လီထျန်းရှင်၏ အသံ ထွက်ပေါ်လာ၏။ “ဒီဝင်္ကပါ သူ့ဖာသာ ပြိုကျပျက်စီးဖို့ ဘယ်လောက်လိုဦးမလဲ…”
မျက်ကန်းက တစ်ခဏမျှ တွက်ချက်ပြီး ပြောလိုက်သည်။ “နှစ်ပေါင်း နှစ်သောင်းလေးထောင်…”
“သောက်ပါးစပ် ပိတ်ထားစမ်း၊ မျက်ကန်း…” သားသတ်သမား၏ ခေါင်းထဲတွင် မျက်ကန်းကို ဝက်ခုတ်ဓားမဖြင့် နှစ်ခြမ်းခွဲပစ်ချင်သော စိတ်မှတစ်ပါး အခြားမရှိတော့ချေ။
ဤအခိုက်၌ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ “ကောင်လေး၊ မင့်အဘိုးအဘွားတွေက အထဲမှာ ပိတ်မိနေတာ၊ ခြောက်ယောက် ရှိတယ်…”
ဟင်းလင်းပြင်ဝင်္ကပါအတွင်း၌ ရှိနေသော လူအားလုံး အံ့အားသင့်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မမြင်ရချေ။
မျက်ကန်းမှာ အလွန်တရာ စိုးရိမ်ပူပန်သွားပြီး လေသံမာမာဖြင့် အော်ဟစ်လိုက်သည်။ “မူအာ၊ အထဲဝင်မလာနဲ့… ဒီအတားအဆီးအစီအရင်တွေကို မင်း မခုခံနိုင်ဘူး…”
အပြင်ဘက်မှ ချင်မူ၏အသံ ထွက်ပေါ်လာ၏။ “မိစ္ဆာဘုရင်ကြီး၊ ခင်ဗျားမှာ ဖြေရှင်းဖို့ နည်းလမ်း ရှိလား…”
“ဒီဟင်းလင်းပြင်ဝင်္ကပါက ဟင်းလင်းပြင်စုဖွဲ့လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ဟင်းလင်းပြင်အလွှာ တစ်ရာ့ကိုးလွှာ၊ အကန့်တစ်ရာ့ရှစ်ကန့် ဖြစ်အောင် ပိုင်းခြားကန့်သတ်ထားတာ… အပြင်ပန်းကြည့်ရင်တော့ တစ်ရာ့ရှစ်ကန့်ပဲ ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ တစ်ရာ့ကိုးကန့်ရှိတယ်…”
ထိုအသံက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီဝင်္ကပါကို စီရင်ခဲ့တဲ့ နတ်ဘုရားက အလွယ်လမ်းလိုက်ပြီး အသေးဆုံး ဒသမကိန်းအထိ မတွက်ချက်ခဲ့ဘူး၊ အဲဒါကြောင့် ဟာကွက်တွေ ကျန်ခဲ့တယ်… နောက်ထပ် နှစ်ပေါင်း နှစ်သောင်းလေးထောင် ကြာပြီးရင် သူ့အလိုလို ပြိုပျက်သွားလိမ့်မယ်… ဒါပေမဲ့ တစ်ရာ့ကိုးကန့်မြောက် ဟင်းလင်းပြင်အလွှာကိုသာ တွေ့အောင်ရှာနိုင်ရင် ဖြေရှင်းဖို့ မခက်တော့ပါဘူး… ငါ ခဏတွက်ကြည့်လိုက်ဦးမယ်…”
ဟင်းလင်းပြင်ဝင်္ကပါအတွင်းတွင် အဘွားစစ်၊ သားသတ်သမားနှင့် ကျန်သူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။ “မူအာ့ဘေးမှာ ရှိနေတဲ့လူက တကယ်ထူးချွန်တာပဲ… ဒီဝင်္ကပါရဲ့ ထူးခြားချက်ကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်တာဆိုတော့… မျက်ကန်းထက် အများကြီး ယုံရတယ်…”
အတန်ကြာသောအခါ ထိုအသံက ထပ်၍ ပြောဆိုလာသည်။ “မင်းမှာ အသုံးမလိုတဲ့ ရတနာပစ္စည်းတစ်ခုခု ရှိလား၊ အတော် တောင့်တောင့်တင်းတင်း ရှိမဲ့ဟာ၊ တစ်ရာ့ကိုးကန့်မြောက် ဟင်းလင်းပြင်အလွှာထဲကို ပစ်ထည့်မလို့… အဲနေရာကို အတိအကျ ရောက်အောင် ပစ်ထည့်နိုင်ရင် လည်ပတ်နေတဲ့ ယန္တရားတွေထဲမှာ အပိုပစ္စည်းတစ်ခု ပေါ်လာသလို ဖြစ်ပြီး သူ့အလိုလို ရပ်သွားလိမ့်မယ်… အဲဒါဆို ဒီဝင်္ကပါကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပဲ…”
ချင်မူ၏အသံ ထွက်ပေါ်လာ၏။ “လိုလန်ရွှေနန်းတော်က ကောက်လာတာ၊ ဒါနဲ့ အဆင်ပြေလောက်လား…”
“အား… ဒီရတနာဆို မဆိုးဘူး… ဒီလို ရတနာမျိုး ကောက်တွေ့လာတာဆိုတော့ မင့်ကံက အတော်ကောင်းတာပဲ… ငါ မင်းကို မလှည့်စားနိုင်တာ မဆန်းဘူး၊ မင့်ကံက ကောင်းကင်ဘုံတောင် လက်မြှောက်ရမှာ၊ ငါ ညံ့လို့ မဟုတ်ဘူး…”
…။
အပြင်မှ အသံများ အတိတ်တွင် အထဲမှ အဘွားစစ်နှင့်ကျန်သူများ ညလင်းပုလဲတစ်လုံး သူတို့ရှေ့သို့ ပျံသန်းရောက်ရှိလာသည်ကို မြင်လိုက်ရ၏။ ထိုပုလဲက ကြီးသည်ထက်ကြီး၍ အထဲတွင် တောင်တန်းနှင့် မြစ်ပြင်များပင် ရှိနေသကဲ့သို့ပင် ထင်လာရသည်။ ပုလဲလုံးအတွင်း၌ ကမ္ဘာကြီးတစ်ခု တည်ရှိနေသကဲ့သို့ ခမ်းနားထည်ဝါသော တောင်ကြောများ၊ အဆုံးမရှိသည့် ရေတံခွန်များ မြင်ယောင်လာ၏။
ညလင်းပုလဲက မိုးကုပ်စက်ဝိုင်းတစ်လျှောက် ဖြတ်သန်း၍ အလွန်တရာကြီးမားသော ပစ္စည်းကြီး ဖြစ်လာသည်။ စက်ဝိုင်းပတ်ကောင်းကင်၌ တောင်တန်းနှင့် မြစ်ပြင်များ ပေါ်ထွက်လာပြီး နောက်တစ်ခဏ၌ ရုတ်ခြည်း ပျောက်ကွယ်သွား၏။
“သတိထား… ဝင်္ကပါ ပြိုကွဲတဲ့အခါ နည်းနည်း ကြမ်းမယ်…” အပြင်ဘက်မှ အသံက သတိပေးလိုက်သည်။
သူ့စကားအဆုံးတွင် ဟင်းလင်းပြင်အတွင်းပိုင်းမှ ပြင်းထန်သော တုန်ခါမှုများ ရုတ်တရက် ထွက်ပေါ်လာ၏။ ဟင်းလင်းပြင်အလွှာများ တစ်လွှာပြီးတစ်လွှာ ပြိုပျက်ကျ၍ ရေ၊ လေ၊ မြေ၊ မီး အရာအားလုံး ပေါက်ကွဲထွက်ပေါ်လာသည်။ ဟင်းလင်းပြင်အလွှာတိုင်းမှ ကောင်းကင်အတားအဆီးအစီအရင်များ တစ်စစီအက်ကွဲ၍ အရပ်မျက်နှာအနှံ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပြန့်ထွက်ဖုံးလွှမ်းသွား၏။
ဝင်္ကပါထဲမှ လူများမှာ ချီစွမ်းအင်များ အသည်းအသန် လှည့်ပတ်၍ အစွမ်းအထက်ဆုံး အကာအကွယ်ပညာရပ်များ ထုတ်သုံးလိုက်ကြရသည်။ ကံကောင်းထောက်မ၍ ဤစွမ်းအင်ပေါက်ကွဲမှုက သူတို့ဘက် ဦးတည်လာခြင်း မဟုတ်ဘဲ အရပ်မျက်နှာအနှံ့ ပြန့်ကြဲထွက်သွားခြင်း ဖြစ်သဖြင့် ခံသာသေး၏။
သူတို့ထံ ဦးတည်လာခြင်းသာဆိုလျှင် သေချာပေါက် အရိုးအသား ရှာရလိမ့်မည် မဟုတ်ပေ။
ချင်မူက ပြာပုံဘဝ ရောက်ရှိသွားသော တောအုပ်ရှေ့တွင် မတ်တတ်ရပ်နေသည်။ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်ပေါ်လာသော အားလှိုင်းများကြောင့် တောအုပ်ထဲရှိ သစ်ပင်များအားလုံး အမှုန့်ဖြစ်သွား၏။
ဘုတ်…၊ ဘုတ်…၊ ဘုတ်…၊ ဘုတ်…။
လူရိပ်လေးရိပ် ရုတ်တရက် ပေါ်ထွက်၍ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျလာသည်။
ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ဒီလောက် အသက်တွေကြီးနေပြီ၊ စိတ်ပူရအောင် လုပ်ကြတုံးပဲ…”
“ထော့ကျိုး၊ ဘေးဖယ်…” နားကန်း၏ အသံက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ဤအဘိုးကြီးက ဇောက်ထိုး ပြုတ်ကျလာ၏။ ထော့ကျိုးမှာ အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိဘဲ နားကန်းအောက်တွင် ပိ၍ အင့်ခနဲ အသံထွက်သွားသည်။
ကောင်းကင်ယံတွင်တော့ ရောင်ခြည်တော်များ ဖြာထွက်၍ ဗုဒ္ဓရှင်တော်တစ်ပါး သက်ဆင်းလာ၏။ မြေပြင်တွင်လည်း ရွှေရောင်စမ်းချောင်းတစ်ခု စီးဆင်းထွက်ပေါ်၍ ကြာပန်းတစ်ပွင့် ပွင့်အာလာသည်။ ဗုဒ္ဓရှင်တော်မြတ်ကြီးက ထိုကြာပန်းပေါ် ခြေချလိုက်၏။
ကြာပန်းနှင့် ရွှေရောင်စမ်းချောင်း ပျောက်ကွယ်သွားသောအခါ ဗုဒ္ဓရှင်တော်မြတ်ကြီးလည်း ကွယ်ပျောက်၍ ဝတ်စုံစိမ်းဝတ် အဘိုးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုအဘိုးကြီးက အဘိုးကြီးမာမှ လွဲ၍ မည်သူများ ဖြစ်နိုင်မည်နည်း။ သူ့အဝတ်အစားများ အနည်းငယ် စုတ်ပြဲနေသော်လည်း အခြားသူများထက် အတော်လေး အခြေအနေကောင်း၏။
အားလုံးထရပ်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့အားလုံး ဤဟင်းလင်းပြင်ဝင်္ကပါမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ကြ၏။ ဒဏ်ရာပြင်းထန်စွာ ရထားကြသော်လည်း သေလောက်သည့် ဒဏ်ရာများ မဟုတ်ပေ။
သူတို့ ခေါင်းမော့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ချင်မူ့ကို တွေ့လိုက်ကြသည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ လူငယ်လေးက သူတို့ကို သရော်တော်တော် ကြည့်၍ ခေါင်းတယမ်းယမ်း ရှိနေ၏။
ချင်မူ၏ ရှေ့တွင်တော့ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည့် သတ္ထုရုပ်ကြီး ရှိသည်။ ထိုသတ္ထုရုပ်ကြီး၏ လက်ရှစ်ဖက်က ခါးတွင်ထောက်ထားသဖြင့် မီးအိမ်ကြီးတစ်လုံးနှင့် တူနေပြီး သူတို့၏ ဦးညွှတ်ဝပ်တွားမှုကို ခံယူတော့မည်ကဲ့သို့ ရှိနေ၏။
ချင်မူ့နောက်တွင်တော့ ဝက်တစ်ကောင်ကဲ့သို့ ဝဖီးနေသည့် နဂါးချီလင်တစ်ကောင် ရှိသည်။ ထိုနဂါးချီလင်က အိပ်ချင်မူးတူးနှင့် ကောင်းစွာ နိုးထသေးသည့်ဟန်မရသကဲ့သို့ မည်သည်ကိုမျှ စိတ်ဝင်စားသည့်ဟန်လည်း မပြချေ။
“မူအာ၊ ဘာလို့ ဒီနေရာ ရောက်လာတာလဲ…” အဘွားစစ်က ချင်မူ့အနီး တိုးကပ်သွားပြီး ခြေဆုံးခေါင်းဆုံး ကြည့်၍ မြည်တွန်တောက်တီးလိုက်၏။ “ဒီလောက် အန္တရာယ်များတဲ့ နေရာကို ဘာကိစ္စ ဝင်လာတာလဲ… မင်း အတော် သတ္တိကောင်းနေတာ ဟုတ်လား… ဘယ်နား နာသွားသေးလဲ…”
“အဘွားကြီး၊ သူနဲ့ ဝေးဝေးနေ…” မျက်ကန်းက အပြေးလှမ်းလာပြီး ချင်မူ့ကို ပြောလိုက်သည်။ “အဘွားကြီးစစ်က သူ့နှလုံးသားထဲက မိစ္ဆာမျိုးစေ့ကို မနိုင်တော့ဘူး… တစ်ခါတလေ ယောက်ျားဖြစ်သွားလိုက်၊ တစ်ခါတလေ မိန်းမဖြစ်သွားလိုက်နဲ့… ဘယ်အချိန် လီထျန်းရှင် ဖြစ်သွားမလဲ မသိဘူး… သတိထား၊ မင်းကို တစ်ခုခု လုပ်လိမ့်မယ်…”
အဘွားစစ်၏ နှုတ်ဖျားမှ မိစ္ဆာဆန်ဆန် အသံတစ်သံ ထွက်ပေါ်လာ၏။ “စိတ်မပူပါနဲ့၊ သူက ငါတို့နတ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းသခင်ပဲ… ငါက သူ့အရင်ဂိုဏ်းသခင်လေ၊ ဘာကိစ္စ သူ့ကို ရန်လုပ်ရမှာလဲ…”
ရုတ်တရက် အဘွားစစ်၏ အသံက မိန်းမသံ ပြန်ဖြစ်သွားသည်။ “လီထျန်းရှင်၊ ပြန်သွားစမ်း…”
ထော့ကျိုးက ရှေ့သို့ လျှောက်လှမ်းလာပြီး လက်ရှစ်ဖက်ကို ခါးတွင် ထောက်ထားသည့် တုထျန်းမိစ္ဆာဘုရင်ကို အစုံအဆန် ကြည့်လိုက်၏။ “မူအာ၊ ဒီသံတုံးကြီးက အတော် အသုံးဝင်တာပဲ… သူ့နာမည်က ဘာတဲ့…”
အဘိုးကြီးမာက ဝင်ပြောလိုက်သည်။ “တုထျန်းမိစ္ဆာဘုရင်လေ…”
သားသတ်သမားလည်း ရောက်လာပြီး တစ်ချက်ကြည့်၍ မေးလိုက်၏။ “မင်း ဘယ်ကရလာတာလဲ… အရင်တစ်ခေါက် တွေ့တုန်းက မင်းမှာ ဒီသံရုပ်ကြီး မရှိသေးပါဘူး… အတော်တော့ အသုံးဝင်သားပဲ…”
“ရုပ်ဆိုးလိုက်တာ…” နားကန်းက ပြောလိုက်သည်။
တုထျန်းမိစ္ဆာဘုရင်မှာ ဒေါသအကြီးအကျယ် ထွက်သွားပြီး ပေါက်ကွဲတော့မည် ပြင်လိုက်စဉ် ချင်မူက အလျင်အမြန် ကြားဖြတ်ပြောလိုက်၏။ “ဒါက တုထျန်းမိစ္ဆာဘုရင်၊ တုထျန်းကမ္ဘာရဲ့ အထွတ်အထိပ်အရှင်သခင်ပါ… ဘိုးဘိုးတို့ကို ကယ်ဖို့ ကျွန်တော် ဖိတ်ခေါ်လာတာ… သူက ကောင်းကင်ဝင်္ကပါပညာမှာ သိပ်ကို ကျွမ်းကျင်တာမလို့ ကျွန်တော်တို့ကို ဘေးကင်းရာ ခေါ်သွားနိုင်ပါတယ်…”
တုထျန်းမိစ္ဆာဘုရင်မှာ တစ်မုဟုတ်ချင်း စိတ်ကြည်သွားသည်။ “ဒီကောင်လေးက စိတ်ထားလည်းမကောင်း၊ ရက်လည်းရက်စက်၊ သတိလည်း ကြီးလွန်းပေမဲ့ အပြောအဆိုတော့ တတ်သားပဲ…”
“ရွာလူကြီးက ဘယ်ရောက်နေတာလဲ…” ချင်မူက မေးလိုက်၏။ “ဘိုးဘိုးဆေးဆရာနဲ့ ဘိုးဘိုးရွှေအရော… သူတို့လည်း ဒီနေရာ ရောက်လာသေးလား…”
မျက်ကန်းက ခေါင်းခါယမ်းလိုက်သည်။ “ငါ့မျက်စိက အမြင်သန်ပါတယ်… ဆေးဆရာနဲ့ ရွာလူကြီးရဲ့ ခြေရာလက်ရာတွေ တွေ့ပေမဲ့ ရွှေအကို မတွေ့ဘူး…”
အခြားသူများလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။
အဘွားစစ်က ပြောလိုက်သည်။ “ဆေးဆရာနဲ့ ရွာလူကြီးက အတူရှိနေတာဆိုတော့ ပြဿနာ မရှိလောက်ပါဘူး၊ ဂိုဏ်းချုပ်ရော စည်းကမ်းထိန်းအကြီးအကဲပါ သူတို့နဲ့ ရှိနေတာ… ဒါပေမဲ့ ရွှေအကို မမြင်မိဘူး… ဒီသောက်အဘိုးကြီးက စကားတစ်ခွန်းမှ မဟတဲ့အပြင် သူလုပ်မှာကိုလည်း ငါတို့နဲ့ ဘာမှ မတိုင်ပင်ဘူး… သူတစ်ယောက်တည်းဆိုရင် မလွယ်ဘူးထင်တယ်… မူအာ၊ မင်းလည်း အန္တရာယ်တောထဲကနေ ဒီထိရောက်အောင် လာခဲ့ရတာဆိုတော့ အတော်ပင်ပန်းသွားမှာပဲ…”
ချင်မူမှာ တစ်မုဟုတ်ချင်း ဒေါသအိုးပေါက်ကွဲသွား၏။ “ဘွားဘွားတို့အကုန်လုံးက နှစ်သစ်ကူးအတွက် အိမ်ပြန်မလာဘဲ လျှောက်သွားပြီး လမ်းပျောက်နေကြတာကို… ကျွန်တော် လိုက်ရှာရတော့တာပေါ့… ကဲ မိစ္ဆာဘုရင်၊ ခင်ဗျား ရှေ့က ဦးဆောင်သွား… ပြီးတော့ ဘွားဘွားတို့အားလုံး၊ နောက်ကနေ တန်းတန်းမတ်မတ်လိုက်ခဲ့၊ ဘယ်မှ လျှောက်မသွားနဲ့…”
“အေးပါ… အေးပါ…” အဘိုးအဘွားတစ်စုမှာ ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြရသည်။