မျှော်လင့်ချက်အသစ်
Vol. 18 Ch. 240
တုထျန်းမိစ္ဆာဘုရင်က ခေါင်းမော့ရင်ကော့၍ ဒုက္ခိတဘိုးဘွားကျေးရွာမှ ဒုက္ခိတဘိုးဘွားများကို ဦးဆောင်ခေါ်ယူသွား၏။
“သန်သန်စွမ်းစွမ်းတွေ အများကြီးကို ဘာလို့ ဒုက္ခိတဘိုးဘွားကျေးရွာလို့ ခေါ်တာလဲ မသိဘူး…” သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ဒုက္ခိတဘိုးဘွားကျေးရွာမှာ အမည်နှင့် မလိုက်တော့ချေ။ အဘွားစစ်နှင့် ချင်မူတို့ကဲ့သို့ ငယ်ရွယ်သူများ ရှိလာသည့်အတွက် ဘိုးဘွားဟူသော စာလုံးကို သုံးရန်မှာ စဉ်းစားစရာ ဖြစ်လာ၏။
အဘိုးကြီးမာ၊ သားသတ်သမား၊ ထော့ကျိုးတို့မှာလည်း သန်သန်စွမ်းစွမ်း ပြန်ဖြစ်သွားသည်။ အဘွားစစ်မှာလည်း စိတ်နှလုံးထဲတွင် ချို့ယွင်းချက် ရှိနေသည့်တိုင် ခန္ဓာကိုယ်က သန်သန်စွမ်းစွမ်း ဖြစ်၏။
ကိုယ်ခန္ဓာအစိတ်အပိုင်း ချို့ယွင်းနေသူများမှာ မျက်ကန်း၊ ဆေးဆရာ၊ ရွာလူကြီး၊ ရွှေအ၊ နားကန်းတို့သာ ကျန်တော့သည်။
သို့သော်လည်း တုထျန်းမိစ္ဆာဘုရင် မသိသည်က ဒုက္ခိတဘိုးဘွားကျေးရွာသူ၊ ကျေးရွာသားများမှာ ခန္ဓာကိုယ်ချို့ယွင်းချက်ကြောင့် ဒုက္ခိတဖြစ်နေခြင်း မဟုတ်ပေ။ သူတို့၏ ချို့ယွင်းချက် အစစ်အမှန်က အတွင်းစိတ်နှလုံးထဲမှ ဖြစ်၏။
ရွာလူကြီးက သူ၏ တာဝန်ဝတ္တရားကို ကျေပွန်အောင် မထမ်းရွက်နိုင်သည့်အတွက် စိတ်ပျက်အားငယ်ခဲ့ရသည်။ သူ့ခန္ဓာကိုယ် သန်သန်စွမ်းစွမ်း ဖြစ်နေလျှင်ပင် မဟာမြို့ပျက်အပြင်ဘက်သို့ လှမ်းထွက်လိမ့်မည်မဟုတ်။
ဆေးဆရာက နှလုံးသားရေးရာကြွေးမြီများ၏ ဖိအားကြောင့် သူ့မျက်နှာသူ လှီးဖြတ်ပစ်ခြင်း ဖြစ်၏။ သူ၏ အရွယ်ကောင်းရုပ်သွင် ပြန်ရလျှင်ပင် လူပုံအလယ် မျက်နှာပြရဲလိမ့်မည် မဟုတ်ချေ။
မျက်ကန်း စိတ်ချုံးချုံးကျခြင်းမှာလည်း သူ့အမြင်အာရုံ ကွယ်ပျောက်သွားခြင်းကြောင့် မဟုတ်။ အဘိုးကြီးမာအနေဖြင့် သူ့လက်နှစ်ဖက်စလုံး ပြန်ရသည့်တိုင် ဇနီးဖြစ်သူနှင့် ကလေးငယ် သေဆုံးရခြင်းအတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သေး၊ နာလန်မထူနိုင်သေးပေ။
အဘွားစစ်၏ နှလုံးသားမိစ္ဆာ၊ ထော့ကျိုး၏ အတိတ်၊ နားကန်း၏ ဇာတိမြေ၊ ရွှေအ၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံဇာတ်ကြောင်း၊ သားသတ်သမား ကောင်းကင်ဘုံသို့ ဓားမ,ပင့်မြှောက် ခုတ်ထစ်ခဲ့ရသည့် အကြောင်းရင်း၊ အရာအားလုံးက သူတို့ကို နှောင်ဖွဲ့ရစ်ပတ်နေသည့် ကြိုးများပင် ဖြစ်၏။
ရင်ထဲမှ ချို့ယွင်းချက်ကသာ သူတို့၏ ချို့ယွင်းချက်အစစ်အမှန် ဖြစ်ပြီး ကြေကွဲဖွယ်အတိတ်တွင် နစ်မြုပ်၍ ယခုထိ ရုန်းထွက်နိုင်ကြခြင်း မရှိသေးချေ။ ဤသည်က ဒုက္ခိတဘိုးဘွားကျေးရွာ၏ နောက်ကွယ်မှ အကြောင်းရင်းပင် ဖြစ်၏။
သူတို့ပြုစုပျိုးထောင်ခဲ့သည့် ကလေးငယ် ရွာမှထွက်သွားခြင်းကြောင့်သာ မဟုတ်လျှင် ဒုက္ခိတဘိုးဘွားကျေးရွာမှ လူအားလုံး ရွာထဲတွင် ခွေ၍ သေမည့်ရက်ကို လက်ချိုးရေနေကြမည်သာ ဖြစ်သည်။
ချင်မူရောက်ရှိလာခြင်းကြောင့် သူတို့၏ နှလုံးသားများ တဖြည်းဖြည်း ပြန်လည် ရှင်သန်လာသော်လည်း အတိတ်နွံအိုင်ထဲမှ ရုန်းထွက်နိုင်အောင်တော့ ချင်မူပင် မစွမ်းဆောင်နိုင်သေးချေ။
ခန္ဓာကိုယ် သန်စွမ်းသည့်တိုင် အတွင်းစိတ်နှလုံး ချို့ယွင်းလျှင် ဒုက္ခိတဖြစ်နေမည်သာ ဖြစ်၏။
သို့အတွက်ကြောင့် ဤအဘိုးအဘွားများအနေဖြင့် သူတို့၏ အတိတ်နွံအိုင်ထဲမှ ရုန်းထွက်နိုင်ရန် သူတို့ကိုယ်သူတို့သာ အားကိုးကြရပေလိမ့်မည်။
တုထျန်းမိစ္ဆာဘုရင်က အခြားကမ္ဘာလောက၏ မိစ္ဆာဘုရင်တစ်ပါး ပီသ၏။ မျက်ကန်းမှာ သူ၏ အသိအမြင် ဗဟုသုတ၊ အသေးစိတ်ရှုမြင်နိုင်စွမ်းနှင့် သင်္ချာစွမ်းရည်ကို ချီးကျူးမဆုံး ဖြစ်နေသည်။
များမကြာမီ တောအုပ်အစပ်သို့ ရောက်လာ၏။ ဤနေရာက လမ်းဆုံးသို့ ရောက်တော့မည်။ အစောက သူတို့ ရှိနေသည့်နေရာနှင့် နှစ်မိုင်ခန့်သာ ဝေးသော်လည်း ဤနေရာသို့ ရောက်ရှိရန် တုထျန်းမိစ္ဆာဘုရင် နေ့တစ်ဝက်ကျော် အချိန်ယူခဲ့ရသည်။
“နှစ်သစ်ကူး ရောက်ပြီ…” အဘွားစစ်က ရုတ်တရက် ပြောလိုက်၏။
အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်သည်။ “ရွာကလူတွေ အကုန်မစုံသေးရင် နှစ်သစ်ကူးလို့ မသတ်မှတ်နိုင်ဘူး…”
သားသတ်သမား၏ အသံက ခေါင်းလောင်းကြီးတစ်လုံး ထိုးလိုက်သကဲ့သို့ ဟိန်းထွက်လာ၏။ “ရွာလူကြီး၊ ရွှေအ၊ ဆေးဆရာတို့ကို တွေ့အောင်ရှာကြမယ်… သေသွားပြီဆိုရင်တောင် သူတို့ရုပ်အလောင်းတွေကို ဆွဲခေါ်ပြီး နှစ်သစ်ကူးခိုင်းမယ်…”
သူတို့ရှေ့တွင် ရှေ့ဆက်စရာ လမ်းမရှိတော့။ ပြိုပျက်ကျနေသည့် ရွှင်ပျော်ပျော်ကျေးရွာသာ ရှိတော့၏။
တောအုပ်ဆုံးတွင် ခြေချစရာ ကုန်းမြေမရှိတော့ဘဲ တိတိရိရိ ပြတ်ကျပြီး ချောက်ကမ်းပါးကြီး ဖြစ်နေသည်။ ချင်မူ ချောက်ကမ်းပါးအစွန်းတွင် ရပ်နေရာမှ အောက်ငုံ့ကြည့်မိသောအခါ နောက် ထပ်တောအုပ်တစ်အုပ် ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ မှင်တက်မိသွားသည်။
“နောက်ထပ် တောအုပ်တစ်အုပ်လား…”
တအံ့တဩ ရေရွတ်လိုက်မိ၏။ “ဒီတောအုပ်က ချောက်ကမ်းပါးနံရံမှာ ဘာလို့ ဒေါင်လိုက်ပေါက်နေရတာလဲ…”
တုထျန်းမိစ္ဆာဘုရင်က တောင်အစွန်းမှ ခုန်ချပြီး ချောက်ကမ်းပါးနံရံပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။ သူ့ခန္ဓာကိုယ်က ချင်မူနှင့် ထောင့်မှန်အနေအထားအတိုင်း ဒေါင်လိုက်ဖြစ်နေ၏။ “ဒီနေရာရဲ့ အတားအဆီးအစီအရင်က ငါထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေပါလား… မြေဆွဲအားကို ထိန်းချုပ်ပြုပြင်ပြီး မြေပြင်ကို ကုဗတုံးပုံဖြစ်အောင် လုပ်ထားတာပဲ… အဲဒီကုဗတုံးက ရွှင်ပျော်ပျော်ကျေးရွာကို အထဲမှာ ငုံပြီး ပိတ်ဆို့ထားတယ်… မင်းတို့ ဒီဘက်ကို လာကြည့်ရင် သိလိမ့်မယ်…”
ချင်မူ သူ့ခြေထောက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်၍ လှမ်းကြည့်ရာ ခြေထောက်အောက်ဘက်တွင် ဆွဲငင်အားတစ်ခု ရှိနေသည်ကို ခံစားမိ၏။ သူ့ခြေထောက်ကို အောက်ချပြီး နောက်တစ်ဖက်ပါ လှမ်းကြွလိုက်ရာ သူ့ကိုယ်သူ ချောက်ကမ်းပါးနံရံတွင် အေးအေးဆေးအေး ရပ်နေနိုင်ကြောင်း တွေ့လိုက်မိသည်။
ထိုမျှသာမက ဤနေရာမှ ကြည့်လျှင် သူက ချောက်ကမ်းပါးစွန်းတွင် ရပ်နေပြီး အဘွားစစ်၊ အဘိုးကြီးမာနှင့် ကျန်သူများက ကမ်းပါးနံရံတွင် ရပ်နေသကဲ့သို့ ထင်ရ၏။ သူနှင့် တုထျန်းမိစ္ဆာဘုရင်သာလျှင် မြေပြင်ညီပေါ်တွင် ရပ်၍ နေသည်။
ပတ်ဝန်းကျင်တစ်ခွင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သူ့ရင်ထဲတွင် တုန်လှုပ်သွား၏။ မျက်နှာချင်းဆိုင်တွင်လည်း မြေပြင်နှင့် ထောင့်မှန်အနေအထားအတိုင်း ပေါက်ရောက်နေသော တောအုပ်တစ်အုပ် ရှိသည်။
ထိုမျှသာမက အခြားဘက်ရှိ ကောင်းကင်ယံတွင်လည်း ထိုကဲ့သို့ တောအုပ်များ ရှိ၏။
ဤအနေအထားက မြေမျက်နှာပြင်ကို ဘောလုံးတစ်လုံးကဲ့သို့ ခေါက်၍ ရွှင်ပျော်ပျော်ကျေးရွာကို အထဲတွင် ငုံထားသည်နှင့် တူနေ၏။
သို့သော်လည်း မျက်စိရှေ့တွင် မြင်နေရသည့် မြေမျက်နှာသွင်ပြင် အနေအထားအရ သာမန်ရိုးရိုး ဘောလုံးတစ်လုံးနှင့် မတူချေ။ အရွယ်အစား အမျိုးမျိုးရှိသည့် ကုဗတုံးထောင်ချီကို တွဲစပ်၍ ရွှင်ပျော်ပျော်ကျေးရွာကို ဝန်းပတ်ထားခြင်း ဖြစ်၏။
ထိုကုဗတုံးတစ်ခုစီက မိုင်ထောင်ချီ ရှည်လျားသော တောအုပ်များကို ကုဗတုံးပုံဖြစ်အောင် ခေါက်ထားခြင်း ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်တိုင်းမှာ မျက်နှာစာဘက်သာ ဖြစ်နေသည်။
ဤသို့သော ကောင်းကင်နတ်သိုင်းမျိုးက သူစိတ်ကူးပုံဖော်ကြည့်နိုင်သည်ထက် သာလွန်နေ၏။ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် ဤကမ္ဘာလောက၌ ထိုကဲ့သို့ ကောင်းကင်နတ်သိုင်းမျိုး ရှိသည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။
“ဒီနေရာရဲ့ မြေဆွဲအားက ပြောင်းလဲသွားတာပဲ…” မျက်ကန်းလည်း အနားသို့ ရောက်လာသည်။ “ရွှင်ပျော်ပျော်ကျေးရွာ တစ်ရွာလုံးကို ခြုံမိအောင် ဝန်းပတ်ထားနိုင်တာဆိုတော့ ဒီကောင်းကင်နတ်သိုင်းက ပေါ့သေးသေး မဟုတ်ဘူး… ထွက်ပေါက်က ငါတို့ လာတဲ့လမ်းပဲ ဖြစ်နေမှာတောင် စိုးရတယ်…”
“ရွှင်ပျော်ပျော်ကျေးရွာကလူတွေ အပြင်ထွက်မလာဖို့အတွက်နဲ့တင် အတားအဆီးအစီအရင်တွေ ဒီလောက်အများကြီး စီရင်ထားတာလား…” အဘွားစစ်လည်း ရောက်လာပြီး ကောင်းကင်ယံတွင် တည်ရှိနေသည့် မြို့ပျက်ကြီးကို မော့ကြည့်လိုက်၏။ ထိုမြို့ပျက်က သူတို့ရှိနေရာနှင့် အတော်လှမ်းသေးသည်။ “ရွာလူကြီးနဲ့ ဂိုဏ်းချုပ်ရဲ့ စွမ်းရည်က အတော်မြင့်တာဆိုတော့ အဲဒီနေရာကို သွားကြလောက်ပြီထင်တယ်…”
တုထျန်းမိစ္ဆာဘုရင်က ခေါင်းမော့ကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “ကောင်းကင်ပေါ်မှာ အတားအဆီးအစီအရင်တွေ များလွန်းတယ်… လေပေါ်ပျံတက်သွားရင် ရှောင်နိုင်ဖို့ မလွယ်ဘူး… ဘေးအကင်းဆုံးလမ်းကို တွက်ချက်ဖို့ဆို နှစ်ပေါင်းသုံးလေးငါးဆယ် အချိန်ယူရလိမ့်မယ်… ငါ့ခန္ဓာကိုယ်အစစ် ဒီမှာရှိနေရင်တော့ ပိုမြန်မြန်တွက်နိုင်မယ်၊ အဲဒါတောင် တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူရဦးမှာ… ဒီအတားအဆီးအစီအရင်ကို စီရင်ခဲ့တဲ့ နတ်ဘုရားက သိပ်ကို စွမ်းအားကြီးလွန်းတယ်၊ မင်းတို့ ရင်ဆိုင်နိုင်မဲ့သူ မဟုတ်ဘူး… ရွှင်ပျော်ပျော်ကျေးရွာဆီ လေထဲက ပျံသွားရင် သေလမ်းပဲ ရှိလိမ့်မယ်…”
သူ တတွတ်တွတ် ရေရွတ်လိုက်မိသည်။ “မဟာမြို့ပျက်ကြီးတစ်ခုလုံးက ကျိန်စာသင့်နေတဲ့ နယ်မြေပဲ… ဒီလိုလောကကြီးမှာ ရှင်သန်နေထိုင်ဖို့ မလွယ်ဘူး… ဂိုဏ်းသခင်ချင်၊ ဒီကမ္ဘာမှာနေဖို့ မင်းငါ့ကို ဖိတ်ခေါ်ရင်တောင် ဘယ်တော့မှ ပြန်မလာတော့ဘူး… ဒီကမ္ဘာက အတော်လေး ဖောက်ပြန်ပျက်စီးနေတာ…”
မျက်ကန်းက တီးတိုးပြောဆိုလိုက်၏။ “ရွာလူကြီးက သေချာပေါက် အသက်ရှင်မှာပါ… အဲဒီအဘိုးကြီးက ဘာမှ အလေးအနက် မထားပေမဲ့ အလေးအနက် ထားပြီဆိုရင်လည်း သေချာပေါက် ဖြစ်အောင်လုပ်နိုင်တယ်… နေပါဦး၊ ရွှင်ပျော်ပျော်ကျေးရွာရဲ့ ပုံစံက သင်္ဘောကြီးတစ်စင်းနဲ့ တူတယ်လို့ မင်းတို့ မထင်ကြဘူးလား…”
အားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။ ရွှင်ပျော်ပျော်ကျေးရွာက အလွန်တရာ ကြီးမား၏။ အပျက်အစီးပုံဘဝ ရောက်နေသည့်တိုင် တစ်ခေတ်တစ်ခါက မည်မျှ ခမ်းနားကြီးကျယ်ခဲ့မည်ကို မြင်ယောင်ကြည့်နိုင်ဆဲ ရှိသည်။ ခပ်လှမ်းလှမ်း၌ အမှောင်ထုထဲသို့ နစ်ဝင်လုဆဲဆဲ နေလုံးကြီးတစ်လုံးလည်း ရှိ၏။
ပြိုပျက်နေသော တောင်ထွတ်များ၊ ယိုယွင်းနေသည့် စက်ယန္တရားအစိတ်အပိုင်းများနှင့် မြို့ပျက်ကြီးကို တစ်ပေါင်းတစ်စည်းတည်း ကြည့်လိုက်လျှင် မယုံနိုင်ဖွယ်ကောင်းအောင် ကြီးကျယ်ခမ်းနားသည့် သင်္ဘောကြီးတစ်စီးနှင့် တူနေသည်။
ဤသင်္ဘောကြီးနှင့်ယှဉ်လျှင် နေသင်္ဘော၊ လသင်္ဘောမှာ ပြောပလောက်ဖွယ် မဟုတ်တော့ချေ။
“ရွှင်ပျော်ပျော်ကျေးရွာက သင်္ဘောတစ်စီးလား…”
ချင်မူမှာ ခေါင်းပေါက်ထွက်သွားတော့မလို ခံစားမိ၏။ ကောင်းကင်ယံရှိ နေလုံးကြီးက သဘာဝအတိုင်း မဟုတ်ဘဲ လူများက ဖန်တီးထားခြင်းသာ ဖြစ်သော်လည်း အလွန်တရာ ကြီးမားလှသည်။ တောင်တန်းများနှင့် မြို့တော်ကြီးကိုပါ ထပ်ပေါင်းထည့်လျှင် နေသင်္ဘော၊ လသင်္ဘောထက် အဆပေါင်းထောင်ချီအောင် သာလွန်ကြီးမားမည် ဖြစ်၏။
ဤကမ္ဘာလောက၌ ထိုမျှကြီးမားသော သင်္ဘော ရှိနိုင်ပါ၏လား။
“သိပ်ကောင်းတဲ့ အမြင်အာရုံပဲ မျက်ကန်း…” ထော့ကျိုး၏ မျက်လုံးများ အရောင်တောက်သွားပြီး အသက်ရှူများ မြန်လာကာ အမှောင်ထုထဲ တစ်ဝက်ခန့် ရောက်နေသည့် နေလုံးကြီးကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီနေလုံးကြီးက အဲသင်္ဘောအတွက် စွမ်းအင်ထုတ်ပေးတဲ့ နေရာပဲ ဖြစ်မယ်… ဆေးမီးဖိုကြီး၊ သိပ်ကြီးတဲ့ ဆေးမီးဖိုကြီးပေါ့…”
အဘွားစစ်က သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်၏။ “ဒါကြီးကို နင် အိမ်သယ်လာလို့ မရဘူးနော်…”
တုထျန်းမိစ္ဆာဘုရင်မှာလည်း တုန်လှုပ်၍ အသက်ရှူမမှန် ဖြစ်သွားသည်။ “ဒီလောက်ကြီးတဲ့ ဆေးမီးဖိုနဲ့ ဒီသင်္ဘောက ဘာအတွက်လဲ… ဘာလို့ ဒီနေရာမှာ ပိတ်လှောင်ခံထားရတာလဲ… ကြည့်ရတာ… ဟ… ဟား ဟား… ငါအတွေးလွန်နေပြီ ထင်တယ်…”
သူက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး မည်သည်ကိုမျှ ထပ်မပြောတော့ချေ။
အဘိုးကြီးမာက ပြောလိုက်၏။ “သင်္ဘောဆိုတာ ခရီးသည်တွေ တင်ပြီး သူတို့ သွားလိုရာကို ပို့ပေးဖို့ပဲ… ဒီသင်္ဘောမှာလည်း သူသွားရမဲ့ ဦးတည်ရာ ရှိလိမ့်မယ်…”
အသံတိတ်နေသော နားကန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ “ဒါက ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်ဘူးလား… ရွှင်ပျော်ပျော်ကျေးရွာဆိုတာ ပူပင်စရာကင်းပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေရမှာ၊ ဘာအတွက် သွားစရာလာစရာ ဦးတည်ရာ ရှိရဦးမှာလဲ… ရည်မှန်းချက်၊ ဦးတည်ချက် ရှိနေရင် ရွှင်ပျော်ပျော်ကျေးရွာလို့ မခေါ်နိုင်တော့ဘူး… ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်တော့ရင် သူ့ဦးတည်ရာက ဘာဖြစ်မလဲ…”
ကျန်သူအားလုံးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ တစ်ပြိုက်နက် ရေရွတ်လိုက်မိကြ၏။ “ရွှင်ပျော်ပျော်ကျေးရွာအစစ်…”
ချင်မူ အကြောင်သား ငေးကြည့်နေမိသည်။ သူ့ရွာမှ ဤအဘိုးအဘွားများ၏ မှန်းဆပြောဆိုချက်များကြောင့် သူ့ရင်ထဲတွင် ပိုရှုပ်ထွေးသွား၏။ ရွှင်ပျော်ပျော်ကျေးရွာအစစ်…။ ဒီနေရာက ရွှင်ပျော်ပျော်ကျေးရွာပဲ မဟုတ်ဘူးလား…။
သို့သော်လည်း အဘိုးကြီးမာတို့ ပြောသည်က အဓိပ္ပာယ်ရှိ၏။ ဤမျှကြီးမားသော သင်္ဘောကြီးကို တည်ဆောက်ထားသည်မှာ ရည်ရွယ်ချက်၊ ဦးတည်ချက် တစ်ခုခု ရှိရပေမည်။ ဤသင်္ဘော၏ ဦးတည်ရာက အမှန်ပင် ရွှင်ပျော်ပျော်ကျေးရွာအစစ် ဖြစ်နေနိုင်၏။
ရန်သူက ဤသင်္ဘောကို ရှာဖွေတွေ့ရှိသွားသဖြင့်သာ ဖျက်ဆီးပိတ်လှောင်ခံလိုက်ရခြင်း ဖြစ်ချေလိမ့်မည်။ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများမှာလည်း အတားအဆီးအစီအရင်ကို ချိုးဖျက်ရန် ကြိုးစားရင်း အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရဟန် ရှိ၏။ နှစ်ပေါင်းများစွာ ကြာပြီးမှ အပြင်ထွက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖောက်လုပ်နိုင်ခဲ့ကြသည်။
အမှောင်ထုထဲမှ မိစ္ဆာနတ်ဆိုးများမှာလည်း ဤနေရာကို ရွှင်ပျော်ပျော်ကျေးရွာဟု ထင်မှတ်၍ ရှာဖွေနေကြခြင်း ဖြစ်၏။ ဤနေရာက ရွှင်ပျော်ပျော်ကျေးရွာသို့ ဦးတည်သွားမည့် သင်္ဘောတစ်စီးသာ ဖြစ်နေသည်။
‘ရွှင်ပျော်ပျော်ကျေးရွာက ဒီမှာ မဟုတ်ရင် ဘယ်နေရာမှာလဲ…’ ချင်မူ စိတ်ရှုပ်ထွေးသွား၏။ ‘ငါ့ဇာတိမြေက ဘယ်မှာလဲ… ငါ့အမျိုးအနွယ်တွေရော ရှိကြသေးလား…’
ဤအခိုက်၌ ကောင်းကင်ယံတွင် ငွေရောင်အလင်းတန်းတစ်ခု လက်သွားသည်။ မြို့ပျက်ကြီးဆီမှ ငွေရောင်လှေတစ်စီး ပျံသန်းထွက်ခွာလာပြီး ထိုလှေပေါ်တွင် ရွှေအက သစ်သားသေတ္တာတစ်လုံးကို ပိုက်၍ လိုက်ပါလာ၏။ ရွှေအအပြင် ဆံပင်များ ဖွေးဖွေးဖြူနေသည့် အဘိုးကြီးနှစ်ဦး၊ မျက်နှာအရေပြား မရှိတော့သည့် လူတစ်ယောက်နှင့် လူငယ်တစ်ယောက်လည်း ပါလာသည်။
ရွှေအက ငွေရောင်လှေကို ထိန်းချုပ်၍ ကောင်းကင်ယံမှ အတားအဆီးဝင်္ကပါများကို ရှောင်ရှားပြီး ပေါ့ပါးသွက်လက်စွာ ပျံသန်းလာ၏။
တုထျန်းမိစ္ဆာဘုရင်မှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ ထိုငွေရောင်လှေကလေး ပျံသန်းလာသည့် လမ်းကြောင်းက သူနှစ်ပေါင်းဒါဇင်ချီ တွက်ချက်ယူရမည့် အန္တရာယ်အကင်းဆုံး လမ်းကြောင်း ဖြစ်နေ၏။
ငွေရောင်လှေငယ်လေးက ကောင်းကင်အတားအဆီး အစီအရင်များကြားတွင် လူးလာလွန်းထိုး၍ ပျံသန်းနေသည်။ အန္တရာယ်တောအလယ်၌ ကျွမ်းကျင်လိမ္မာစွာ ကူးခတ်ဖြတ်ကျော်နေသည့် ငါးပေါက်လေးတစ်ကောင်နှင့်ပင် တူနေ၏။
အတန်ကြာသောအခါ ငွေရောင်လှေကလေးက ကောင်းကင်ယံမှ နိမ့်ဆင်း၍ သူတို့အုပ်စုရှေ့သို့ ဆိုက်ရောက်လာသည်။ ဆေးဆရာက ရွာလူကြီးကို ထမ်းပိုး၍ လှေပေါ်မှ ဆင်းလာ၏။ လူငယ်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်သည်။ “သူ့ကို ဘာလို့ သယ်ပိုးနေရတာလဲ… သူ့ဖာသာ လေထဲပျံနိုင်နေတာကို…”
ဆေးဆရာက မှင်တက်မိသွားပြီး ရွာလူကြီးကို မြေပြင်ပေါ်တွင် ချပေး၍ ပြန်ပြောလိုက်၏။ “ဒီလို သယ်ရတာ အကျင့်ဖြစ်နေပါပြီ…”
ချင်မူနှင့် ကျန်သူများက သူတို့အနီးသို့ ဝိုင်းအုံတိုးကပ်သွားကြသည်။ ရွှေအက သူ၏ သစ်သားသေတ္တာကို ဖွင့်လိုက်၏။ ငွေရောင်လှေက အရည်ပျော်၍ ငွေဘောလုံးလေးများ ပြန်ဖြစ်ကာ သစ်သားသေတ္တာထဲသို့ တချွင်ချွင် ပြန်ဝင်သွားသည်။
ရွှေအက သေတ္တာအဖုံးကို ပြန်ပိတ်၍ ရင်ခွင်ထဲပိုက်ကာ အနားသို့ ရောက်လာသူများကို သွားဖြဲပြုံးပြပြီး နှုတ်ဆက်လိုက်၏။ “အ… အ…”
ချင်မူတို့အားလုံး၏ ရင်ထဲတွင် ယခုမှ ရောက်လာသူများကို မေးစရာ မေးခွန်းများ ပြည့်နှက်နေသည်။ အထူးသဖြင့် ရွှေအ ဖြစ်၏။
အလွန်တရာ အသိပညာဗဟုသုတ ပြည့်စုံသည့် တုထျန်းမိစ္ဆာဘုရင်ပင် နှစ်ပေါင်းဒါဇင်ချီ တွက်ချက်ရမည့် အန္တရာယ်အကင်းဆုံးလမ်းကို ရွှေအက မည်သို့ပြု၍ သိရှိလေသနည်း။
ကောင်းကင်ယံရှိ မြို့တော်ထဲ၌ မည်သည်များ တွေ့ရှိခဲ့ကြသနည်း။
ထိုနေရာက ရွှင်ပျော်ပျော်ကျေးရွာ ဟုတ်ပါသလော။ အသက်ရှင်သန်ကျန်ရစ်သူတို့ ရှိနေသေးသည်လား။
အားလုံးက မေးခွန်းများ မေးတော့မည်ပြင်စဉ် ရွာလူကြီးက လေထဲမှ ပျံဝဲရောက်ရှိလာပြီး ချင်မူ့ကို ပြုံးပြလိုက်သည်။ “မူအာ၊ မင့်အတွက် သတင်းကောင်းပါတယ်… နောက်ဆုံးတော့ မင်းရဲ့ မျိုးရိုးနာမည်ကို အတည်ပြုနိုင်ခဲ့ပြီ… ဆေးဆရာ သူ့အတွက် ပစ္စည်းတွေ ယူခဲ့…”
ဆေးဆရာက သူ့အိတ်ထဲမှ ပစ္စည်းများကို သွန်ချလိုက်၏။ ထိုပစ္စည်းများက လက်ပတ်တံဆိပ်၊ ကြေးမုံမှန်၊ စာထွင်းထားသည့် သစ်သားပြား၊ တံဆိပ်တုံး၊ ကျောက်စိမ်းဆွဲသီးနှင့် အဝတ်အစားအချို့ ဖြစ်သည်။ ၎င်းတို့ပေါ်တွင်တော့ “ချင်”ဟူသော စာလုံးတစ်လုံး ရှိနေ၏။
“မင်းရဲ့မျိုးရိုးနာမည်က ချင်ပဲ…” ဆေးဆရာက ပြုံးပြလိုက်သည်။ “အဲမြို့ထဲမှာ ဒီလို ပစ္စည်းမျိုးတွေ အများကြီးပဲ… ရွာလူကြီးက နည်းနည်းကောက်ခိုင်းခဲ့တာ… ဒီပစ္စည်းတွေပေါ်က စာလုံးရဲ့ လက်ရေးကို ကြည့်လိုက်၊ မင့်ကျောက်စိမ်းဆွဲသီးပေါ်က လက်ရေးနဲ့ မတူဘူးလား…”
ချင်မူ့ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်သွား၏။ သူ ဖြတ်သန်းလာခဲ့သည့် ရွာငယ်လေးရှိရာဘက်သို့ လည်ပြန်ကြည့်လိုက်မိသည်။
သူ့ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှင်သန်လူးလွန့်လာ၏။
ရွာလူကြီးက သူ့စိတ်ထဲတွင် တွေးနေသည်ကို သိရှိဟန်ဖြင့် ပြောလိုက်၏။ “အဲနေရာက မင်းမွေးဖွားတဲ့နေရာ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှလည်း ဖြစ်မယ်… အဲဒီမိသားစုကလည်း မင်းမိဘတွေ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှလည်း ဖြစ်မယ်… မင့်မိဘတွေ သက်ရှိထင်ရှား ရှိနေတာလည်း ဖြစ်နိုင်ပါသေးတယ်…”