မျိုးဆက်သစ် လူသားဧကရာဇ်
Vol. 18 Ch. 241
သူတို့ လာလမ်းအတိုင်း ပြန်ထွက်ခဲ့ကြ၏။ ချင်မူ ရွာပျက်လေးကို ပြန်တွေ့သောအခါ ‘ရှီ’စာလုံး ကပ်ထားသည့် အခန်းထဲသို့ ဝင်၍ ‘ချင်’စာလုံးပါသော ကလေးဝတ်လေးများကို ကောက်ယူလိုက်ကြည့်သည်။
ခံစားမှုလွန်ကဲလေလေ ပို၍ စိတ်မတည်ငြိမ်လေလေ ဖြစ်၏။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်အခါက ခံစားချက်ပြင်းထန်လွန်းပြီး အတန်ကြာအောင် စိတ်တည်ငြိမ်နိုင်ခြင်း မရှိသဖြင့် သဲလွန်စသေးသေးလေးများကို မမြင်တွေ့ခဲ့ပေ။
ဆေးဆရာ ယူလာသည့် ပစ္စည်းများပေါ်ရှိ ‘ချင်’စာလုံးနှင့် ဤကလေးဝတ်ပေါ်ရှိ ‘ချင်’စာလုံးက တစ်ထပ်တည်းနီးပါး ဖြစ်သော်လည်း သေသေချာချာ စစ်ဆေးကြည့်ရှုသောအခါ အနည်းငယ် ခြားနားနေသည်ကို တွေ့ရ၏။
ချင်မူက နားကန်းထံမှ လက်ရေးလှပညာကို သင်ယူထားသဖြင့် စိတ်တည်ငြိမ်သွားသောအခါ ဤကလေးဝတ်ပေါ်မှ ‘ချင်’စာလုံးက သူ့ကျောက်စိမ်းဆွဲသီးပေါ်မှ ‘ချင်’စာလုံးနှင့် ကွာခြားနေကြောင်း သတိပြုမိလိုက်သည်။
ပထမတစ်ကြိမ်တွင် သူ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သဖြင့် သုံးသပ်ရှုမြင်မှု လွဲမှားသွားခဲ့၏။
ယခု အသေအချာ စစ်ဆေးကြည့်သည့်အခါမှ ဤကလေးဝတ်ပေါ်ရှိ ‘ချင်’စာလုံးက အဝတ်ပေါ်တွင် အရင်ထပ်ဆွဲ၍ ချည်ထိုးထားခြင်း ဖြစ်ပြီး သူ့ကျောက်စိမ်းဆွဲသီးမှ ‘ချင်’စာလုံးနှင့် အမှန်ပင် ကွဲပြားခြားနားနေကြောင်း တွေ့ရသည်။
ရွာမှအဘိုးအဘွားများက ရွာလူကြီးနှင့် လူငယ်ဂိုဏ်းချုပ်၏ အနီးတွင် ဝန်းရံ၍ သင်္ဘောကြီးပေါ်၌ မြင်ရ၊ ကြုံရသည်များကို မေးမြန်းနေ၏။ ရွာလူကြီးက ခေါင်းခါယမ်းလိုက်သည်။ “အထဲမှာ အန္တရာယ်သိပ်များလို့ အတွင်းပိုင်းထိ မသွားခဲ့ရဘူး… အပြင်ဘက်တင် ပတ်သွားတာတောင် သေမလို ဖြစ်သွားသေးတယ်… ရွှေအ ရောက်လာလို့သာ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်တာ…”
သူတို့အားလုံး ရွှေအဘက် တစ်မုဟုတ်ချင်း လှည့်၍ အန္တရာယ်အကင်းဆုံးလမ်းကို မည်သို့မည်ပုံ သိရှိပြီး ရွာလူကြီးတို့ကို အဘယ်သို့ ကယ်ထုတ်နိုင်ခဲ့သနည်းဟု ဝိုင်းမေးလိုက်ကြ၏။
ချင်မူလည်း အိမ်ငယ်လေးထဲမှ ထွက်လာသည်။ သူ့ရင်ထဲတွင်လည်း ရွှေအကို မေးချင်သော မေးခွန်းများ ပြည့်နှက်နေ၏။
တုထျန်းမိစ္ဆာဘုရင်ပင် သူ၏ ခန္ဓာကိုယ်အစစ် ရောက်လာသည့်တိုင် အန္တရာယ်အကင်းဆုံးလမ်းကို တစ်နှစ်၊ နှစ်နှစ် တွက်ယူရဦးမည်ဟု ပြောသော်လည်း အဘယ်ကြောင့် ရွှေအက အလွယ်တကူ ဝင်ထွက်သွားလာနိုင်ပါသနည်း။
အားလုံးက အတန်ကြာအောင် မေးမြန်းနေသော်လည်း ရွှေအက မည်သည်ကိုမျှ မပြောချေ။ မေးခွန်းများကြောင့် စိတ်ရှုပ်လာသည့်အခါမှ ခပ်ရိုးရိုးအပြုံးတစ်ခု ပြုံးပြပြီး အ အ ဟူ၍ အသံနှစ်ချက်သာ ပြု၏။
သူတို့အားလုံး နားကန်းကို လှမ်းကြည့်လိုက်ကြသည်။ နားကန်းက ရွှေအနှင့် အရင်းနှီးဆုံး ဖြစ်သကဲ့သို့ ရွှေအ၏ ဆန္ဒကို အသိဆုံးလည်း ဖြစ်၏။ ရွှေအပြောသည့် စကားကို အခြားသူများ နားမလည်လျှင် အဓိပ္ပာယ်ဖော်ပေးနိုင်သူမှာလည်း နားကန်းသာ ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ နားကန်းပင် လက်မှိုင်ချရ၏။ ရွှေအ မည်သည်ကို ပြောချင်မှန်း သူလည်း မသိချေ။
“ဒီသောက်အက ဘာတစ်ခုမှ ပြောချင်တဲ့ပုံ မရဘူး…”
အဘွားစစ်က ဒေါသတကြီး ပြောလိုက်သည်။ “ပါးစပ်ကြီး ပိတ်ပြီး သေနေဦးမယ်…”
အားလုံးက ရွာငယ်လေးထဲတွင် ခဏနားလိုက်ကြ၏။ နဂါးချီလင်က လူငယ်ဂိုဏ်းချုပ်နား ကပ်သွားပြီး သူ့ခန္ဓာကိုယ်ကြီးနှင့် တိုးဝှေ့ပွတ်သပ်လိုက်သည်။
လူငယ်ဂိုဏ်းချုပ်က တရှူးရှူး မောင်းထုတ်သော်လည်း နဂါးချီလင်က ပြန်ပြန်ရောက်လာပြီး ပွတ်သီးပွတ်သပ် လုပ်နေ၏။ လူငယ်ဂိုဏ်းချုပ်၏ ဝတ်စုံမှာ သူ့ခန္ဓာကိုယ်မှ နဂါးကြေးခွံများကြောင့် အပေါက်များ ဖြစ်ကုန်သည်။
“မင်းက အတော်ဝလာတာပဲ…”
လူငယ်ဂိုဏ်းချုပ်က ရှုံ့ရှုံ့မဲ့မဲ့ ပြောလိုက်၏။ “ငါ့သက်တမ်း ကုန်တော့မှာမလို့ မင်းကို မမွေးနိုင်တော့ဘူးလို့ ပြောပြီးသားလေ၊ ငါ့ကို လာပွတ်မနေနဲ့… လူပေါ် ခုန်တက်ဖို့ မစဉ်းစားနဲ့ဟ၊ မင်းကို မနိုင်တော့ဘူး… ရှူး ရှူး… သွား သွား…”
အခြားတစ်ဘက်တွင်တော့ မျက်ကန်းက တုထျန်းမိစ္ဆာဘုရင်ကို သင်္ချာပညာနှင့် ပတ်သက်သည့် မေးခွန်းများ မေးနေသည်။ တုထျန်းမိစ္ဆာဘုရင်က ဤရွာသူရွာသားများကို ကြောက်ရွံ့သဖြင့် မျက်ကန်း၏ မေးခွန်းများကို ဂရုတစိုက် ပြန်ဖြေပေးနေ၏။ သို့သော်လည်း သူက မေးလာသည့် မေးခွန်းများကိုသာ ဖြေကြားပြီး ပညာရပ်ဆိုင်ရာ သဘောတရားများကို သင်ကြားပေးခြင်း မရှိချေ။
ဆေးဆရာကတော့ တစ်ယောက်ပြီးတစ်ယောက် ကြည့်ရှုစစ်ဆေး၍ ဆေးကုပေးနေသည်။
ချင်မူ အိမ်ကလေးထဲသို့ ပြန်ဝင်သွား၏။ ဤအိမ်ကလေးက သူ့မိဘများ၏အိမ် ဟုတ်ချင်မှဟုတ်မည် ဖြစ်သော်လည်း ဤနေရာတွင် နေရသည့်အခါ သူ့စိတ် ငြိမ်းအေးသွားသလို ခံစားရသည်။
ရွှေအလည်း လိုက်ဝင်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ သစ်သားမြင်းရုပ်လေးကို သူ့လက်ကြမ်းကြမ်းများဖြင့် ပွတ်သပ်ပြီး ကလေးဝတ်အင်္ကျီများကို ကောက်ယူကြည့်လိုက်သည်။ ဤလူကြမ်းကြီး၏ မျက်ဝန်းများက အလွန်တရာ နူးညံ့သိမ်မွေ့နေ၏။
ချင်မူ သူ့ကို လှမ်းကြည့်သောအခါ မျက်ကန်းက သွားဖြဲ၍ ပြုံးပြလိုက်သည်။
“သွားကြစို့ဟေ့…”
အဘွားစစ်က လောဆော်လိုက်၏။ “ရွာပြန်ပြီး နှစ်သစ်ကူးညစာ စားကြစို့… ဂိုဏ်းချုပ်၊ ရှင်မွေးထားတဲ့ ဝက်ဝဝကြီးက သတ်စားလို့ ရနေပြီ… သားသတ်သမားက အဲအပိုင်း ကျွမ်းကျင်တယ်… ဒီကောင်ကြီးနဲ့ဆို စားပွဲနှစ်ဝိုင်းစာလောက် ဟင်းပွဲကောင်းကောင်း ရမှာ…”
“နင် လုပ်ရဲလုပ်ကြည့်စမ်း…”
လူငယ်ဂိုဏ်းချုပ်မှာ စိုးရိမ်သွားပြီး အော်ဟစ်လိုက်သည်။ “သူ့ကို ထိဖို့ မစဉ်းစားနဲ့၊ နင်ငယ်ငယ်ကတည်းက ငါ့နဂါးချီလင်ကို စားချင်လို့ ချောင်းနေတာ… ဟိုကောင် သွားစမ်း၊ ငါ့ကို လာပြီး ပွတ်သီးပွတ်သပ် လုပ်မနေနဲ့၊ မင့်ခေါင်းကို ပြန်ပွတ်ပေးမှာ မဟုတ်ဘူး… စည်းကမ်းထိန်းအကြီးအကဲ၊ ဒီကောင့်ကို ခပ်ဝေးဝေး ဆွဲသွားစမ်းပါ…”
စည်းကမ်းထိန်းအကြီးအကဲက နဂါးချီလင်ကို ချင်မူ့ထံ ခေါ်သွား၏။ လှုပ်လီလှုပ်လဲ့ လျှောက်သွားနေသော နဂါးချီလင်၏ ခန္ဓာကိုယ်နောက်ပိုင်းက လူငယ်ဂိုဏ်းချုပ်၏ မြင်ကွင်းထဲသို့ တိုးဝင်လာသည်။ နဂါးချီလင်က ဝဖီးလွန်းသဖြင့် သူ့ခန္ဓာကိုယ်နောက်ပိုင်းက ဘောလုံးတစ်လုံးကဲ့သို့ လုံးဝန်းနေ၏။ ကြံ့တစ်ကောင်ကဲ့သို့ အသားများ ရစ်ထပြီး ခြေတစ်လှမ်းလှမ်းတိုင်း ဖင်လုံးကြီးက လှုပ်ခါယမ်းနေသည်။
“ဒီကောင်ကတော့ ဂိုဏ်းသခင်ဆီကနေ အစားတွေ ညာစားနေပြီထင်တယ်… ငါနဲ့ စတွေ့တုန်းက ကြောင်တစ်ကောင်လောက်ပဲ ရှိသေးတာ၊ အဲကတည်းက ခြေထောက်ကို ပွတ်ပွတ်ပြီး အစာတောင်းတတ်တဲ့ကောင်…”
လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်၏။ ထိုစဉ်က နဂါးချီလင်မှာ အတော်လေး အရွယ်ငယ်သဖြင့် ကောက်ပွေ့၍ ခေါင်းပွတ်ပေးနိုင်သေးသည်။
“ကြီးလိုက်တဲ့ သင်္ဘောကြီးပါလား…”
လသင်္ဘောရှေ့ရောက်သောအခါ အားလုံး အံ့အားသင့်သွားကြ၏။ ထော့ကျိုးက ဤသင်္ဘောကို ခိုးယူလာရန် ကြံစည်နေသဖြင့် အဘွားစစ်က အော်ငေါက်လိုက်သည်။ “သောက်ထော့ကျိုး၊ နင် ခိုးလာနိုင်ရင်တောင် ဘယ်နား ထားမှာမလို့လဲ… ရွာထဲ လာထားလို့ကတော့ နင့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်…”
ထော့ကျိုးမှာ မည်သို့မျှ မတတ်နိုင်ဘဲ သူ့စိတ်ကူးကို စွန့်လွှတ်လိုက်ရ၏။ ချင်မူ့ကို ဤသင်္ဘော မည်သို့ မောင်းနှင်လာကြောင်း မေးမြန်းပြီးသောအခါ သူ့စိတ်ကူးများ ပြန်လည် ထကြွလာပြန်သည်။ “လစောင့်ရှောက်သူ ဖြစ်လာပြီးတော့ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားမျိုး ရလာတယ် ဟုတ်လား…”
သူ အလျင်အမြန် ပြေးသွားပြီး သင်္ဘောပေါ်မှ တိုင်လုံးကြီးများကို ထိကိုင်ကြည့်လိုက်သော်လည်း မည်သည်မျှ ထူးခြားမလာသဖြင့် ပြန်၍ ဆင်းလာခဲ့ရ၏။
မဟာမြို့ပျက်အတွင်းတွင် အဖြေရှာမရသေးသည့် လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေပြီး လသင်္ဘောကလည်း ထိုထဲမှ တစ်ခုသာ ဖြစ်သည်။
သူတို့ သဏ္ဌာန်မဲ့ အတားအဆီးလွှာထဲမှ ပြန်ထွက်လာသောအခါ နေလုံးကြီးက ကောင်းကင်ယံတွင် တွဲခိုနေပြီ ဖြစ်၏။ အချိန်က မွန်းတည့်ပြီ ဖြစ်သော်လည်း နှင်းများကျနေသည့်အတွက် အေးစိမ့်နေဆဲ ရှိသည်။ မြေပြင်မှာလည်း ဖွေးဖွေးဖြူသော နှင်းထုကြီး ဖုံးလွှမ်းနေ၏။ နှင်းထုထဲမှ ဖြတ်သန်းသွားသည့်အခါ သူတို့၏ ခြေသံများ တဂျွတ်ဂျွတ် ထွက်ပေါ်လာသည်။
မြို့ပျက်အတွင်းရှိ သစ်ခေါင်းတစ်ခုထဲတွင် ဝက်ဝံသားအမိများ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေ၏။ ချင်မူတို့ ရုတ်တရက် ပေါ်လာသောအခါ ဝက်ဝံအမေကြီး၏ မျက်လုံးများ ပွင့်လာပြီး တအံ့တဩ ကြည့်လိုက်သည်။ သို့သော်လည်း လှုပ်ရှားရန် ပျင်းရိသည့်ဟန်ဖြင့် ကိုယ်တစ်ပတ်လှည့်၍ ပြန်အိပ်သွားတော့၏။
ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အတားအဆီးလွှာက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့ရသည်။ အထဲ၌ ပိတ်လှောင်ခံထားရသော သင်္ဘောကြီး၊ လသင်္ဘောနှင့်တကွ အလွန်တရာ ရှုပ်ထွေးလှသော ကုဗတုံးအတားအဆီးအစီအရင်များ အားလုံး ပျောက်ကွယ်သွားချေပြီ။
ထိုနေရာတွင် ကျန်ရှိသည်က အပြောကျယ်သည့် တောအုပ်ကြီးတစ်ခုသာ ဖြစ်၏။
ညအချိန်ရောက်သောအခါ ဤလျှို့ဝှက်ဆန်းကြယ်သော တားမြစ်နယ်မြေကြီး ပြန်ပေါ်လာပေလိမ့်ဦးမည်။
“သွားကြစို့၊ ရွာပြန်ပြီး နှစ်သစ်ကူးပွဲ ကျင်းပကြမယ်…” ရွာလူကြီးက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
ဤနေရာက ဒုက္ခိတဘိုးဘွားကျေးရွာနှင့် အတော်လေး ဝေးလှ၏။ နောက်ထပ် တစ်ရက်၊ နှစ်ရက်ခန့် ခရီးနှင်ရပေလိမ့်ဦးမည်။ သို့သော်လည်း အားလုံး ဘေးကင်းသည်ကပင် ဝမ်းသာစရာ မဟုတ်ပါလား။
နောက်တစ်နေ့ ညနေခင်းပိုင်းသို့ ရောက်သောအခါမှ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်ကြ၏။ ချင်မူ၊ အဘွားစစ်နှင့် အဘိုးကြီးမာတို့မှာ နှစ်သစ်ကူးညစာ ပြင်ဆင်ခြင်း၊ ရွာထဲတွင် အလှဆင်ခြင်း စသည့် အလုပ်များဖြင့် မအားလပ်နိုင်အောင် ဖြစ်သွားသည်။
ချင်မူက အနီရောင်စာရွက်များကို ယူ၍ နားကန်းထံသွားပြီး မင်္ဂလာစာသားများ၊ နွေဦးပွဲတော်နှစ်ကြောင်းကဗျာများ ရေးခိုင်းလိုက်၏။ ပြီးသည့်အခါ အားလုံး၏ အိမ်တံခါးတွင် လိုက်ကပ်လိုက်သည်။
“ကြက်ခြံမှာလည်း သွားကပ်… ရွာရှေ့က သစ်ပင်ကြီးရော… ဒါမှ စီးပွားလာဘ်လာဘတွေ တိုးပွားမှာ…” အဘွားစစ်က အော်ဟစ်ညွှန်ကြားနေ၏။
အားလုံး အတော်ကြာအောင် အလုပ်ရှုပ်ပြီးသောအခါမှ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ တစ်မုချင်းပင် ခွက်ချင်းတိုက်သံ၊ ရယ်မောသံများဖြင့် ဆူညံသွား၏။ လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်းအကြီးအကဲမှာလည်း ဤကြည်နူးဖွယ် နောက်ကျနှစ်သစ်ကူးညစာစားပွဲ၌ ပါဝင်ဆင်နွှဲလိုက်ကြသည်။
နောက်တစ်နေ့မနက် ရောက်သောအခါ လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်းအကြီးအကဲက နှုတ်ဆက်လိုက်ကြ၏။ “မဟာမြို့ပျက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေ အများကြီး ရှိသေးတယ်… မသေခင် လှည့်ပတ်ကြည့်ရှုသွားရရင် သေပျော်ပါပြီ… တာအိုရောင်းရင်းတို့၊ နှုတ်ဆက်ခဲ့ပါတယ်…” စကားဆုံးသည်နှင့် အဘိုးကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦး နှင်းထုထူထူပေါ် နင်းလျှောက်၍ အဝေးသို့ ထွက်ခွာသွားတော့သည်။
တုထျန်းမိစ္ဆာဘုရင်က ချင်မူ့ကို လှမ်းကြည့်လိုက်၏။
“မိစ္ဆာဂိုဏ်းသခင်၊ မင်းရဲ့ ကတိကို တည်ဖို့ အချိန်ရောက်ပြီ…”
ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “မိစ္ဆာဘုရင်ကြီး၊ စိတ်မပူပါနဲ့… ကျုပ်ကတိအတိုင်း ခင်ဗျားကို လွှတ်ပေးမှာပါ…”
မျက်ကန်းနှင့် ထော့ကျိုးက အနားတိုးကပ်လာသဖြင့် တုထျန်းမိစ္ဆာဘုရင်မှာ အကြီးအကျယ် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်၏။ “မိစ္ဆာဂိုဏ်းသခင်၊ မင်း ငါ့ကို လွှတ်ပြီး သူတို့ကို ပြန်ဖမ်းခိုင်းမလို့လား… ရာရာစစ…”
ချင်မူမှာ အရှက်ရသွားပြီး ထော့ကျိုးနှင့် မျက်ကန်းတို့ကို ခေါင်းယမ်းပြလိုက်သည်။
ထော့ကျိုးက တီးတိုးရေရွတ်လိုက်၏။ “ဒီကောင်က အကူအညီကောင်းကောင်း ရတယ်၊ သူ့သာ အနားခေါ်ထားနိုင်ရင် ဒီထက် အများကြီး ပိုခိုးနိုင်မှာ…”
ချင်မူက နွေးထွေးစွာ ပြောလိုက်သည်။ “မိစ္ဆာဘုရင်၊ မစိုးရိမ်ပါနဲ့… ခင်ဗျာ့ခန္ဓာကိုယ်ပေါ်က အနှောင်အဖွဲ့တွေ ကျုပ်ဖယ်ပေးပါ့မယ်… ပြန်လွတ်လပ်ပါပြီ…”
သူက တုထျန်းမိစ္ဆာဘုရင်၏ ကိုယ်ပေါ်မှ အနှောင်အဖွဲ့ မှော်သင်္ကေတများကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်၏။ ထိုအခါမှ တုထျန်းမိစ္ဆာဘုရင် စိတ်အေးသွားသည်။ “မိတ်ဆွေလေးချင်၊ တုထျန်းနဲ့ ဒီနေရာက မတူညီတဲ့ ကမ္ဘာနှစ်ခုပဲ… ဒီနေ့ခွဲခွာပြီးရင် နောက်ထပ် တွေ့ဖြစ်တော့မှာ မဟုတ်ဘူး… မင်းတို့သေမျိုးလူတွေရဲ့ သက်တမ်းက တိုတယ်မဟုတ်လား၊ ငါတို့ကမ္ဘာမှာ လက်တစ်ဖျစ်တီးစာပဲ ရှိလိမ့်မယ်… မင်းကို သတိပြန်ရတဲ့အခါ မင်းသေပြီးတာတောင် နှစ်ပေါင်းထောင်ချီ ကြာသွားလောက်ပြီ… ဒီစကားပြောရတာ ဝမ်းနည်းမိတယ်…”
ချင်မူက ပြုံးလိုက်၏။ “မိစ္ဆာဘုရင်၊ ခင်ဗျားကို ကျုပ် ဆက်သွယ်လို့ ရပါတယ်… မဟာတောင်တော်ဂိုဏ်းရဲ့ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင် ရှိနေတာပဲ…”
တုထျန်းမိစ္ဆာဘုရင်က တဟားဟား ရယ်မောလိုက်သည်။ “မင်းတို့ကမ္ဘာက သိပ်ကို အန္တရာယ်များလွန်းတယ်… မင်းငါ့ကို ဆင့်ခေါ်ရင်တောင် ငါ မလာတော့ဘူး… တုထျန်းကို ငါပြန်ရောက်ရင် ငါ့လူတွေ ရှင်သန်နေထိုင်ဖို့ ကမ္ဘာသစ်တစ်ခု ရှာရဦးမယ်…”
ချင်မူက နောက်ဆုံးအချုပ်အနှောင် မှော်သင်္ကေတကို ဖယ်ရှားရင်း ပြောလိုက်၏။ “မိစ္ဆာဘုရင်ကြီး၊ ပြန်လို့ ရပါပြီ…”
တုထျန်းမိစ္ဆာဘုရင်က စမ်းသပ်ကြည့်ပြီး မည်သည့် အချုပ်အနှောင်အစီအရင်မျှ မရှိတော့ကြောင်း တွေ့ရသည့်အခါမှ စိတ်ဒုံးဒုံးချသွားသည်။ “နောက်ထပ် ထပ်မတွေ့ဘဲ နေကြစို့…” စကားဆုံးသည်နှင့် သူ့အသိစိတ်အလျဉ်က နတ္ထိနယ်ပယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
ချင်မူ ခေါင်းမော့ကြည့်၍ ပြုံးလိုက်သည်။ “အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူများ ကြိုသိနိုင်မှာ မလို့လဲ…”
တုထျန်းမိစ္ဆာဘုရင်၏ အသိစိတ်အလျဉ်က တုထျန်းကမ္ဘာသို့ ပြန်ရောက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။ တုထျန်းမိစ္ဆာဘုရင်မှာ ဤအသိစိတ်အလျဉ် ကြုံတွေ့ခဲ့ရသည်များကို တစ်မုဟုတ်ချင်း သိရှိပြီး ကြီးစွာ တုန်လှုပ်သွားသည်။ လေပူတစ်ချက် မှုတ်ထုတ်ရင်း သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ “နတ်ဘုရားတွေ စောင့်ကြည့်ခံနေရတဲ့ အန္တရာယ်ကမ္ဘာတစ်ခုပါလား… ငါ့တုထျန်းပြည်သူပြည်သားတွေ နေနိုင်မဲ့နေရာ မဟုတ်ဘူး… ကြည့်ရတာ နောက်ကမ္ဘာအသစ်တစ်ခု ရှာရတော့မယ် ထင်တယ်…”
“မူအာ၊ လာဦး…” ရွာလူကြီးက လှမ်းခေါ်လိုက်သည်။
ချင်မူက အပြေးလှမ်းလာ၏။ ရွာလူကြီးက ချက်ချင်း မပြောသေးဘဲ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေသည်။ “ငါ တော်တော်ကြာအောင် စဉ်းစားပြီးပြီ… မင်းကို ပြောစရာတွေ ရှိသေးတယ်… ဟိုသင်္ဘောပေါ်မှာ ‘ချင်’စာလုံး ထွင်းထားတဲ့ ပစ္စည်းတွေအပြင် တခြားတစ်ခုလည်း တွေ့ခဲ့တယ်… ဆေးဆရာ၊ အဲပစ္စည်း ယူခဲ့ဦး…”
ဆေးဆရာက တွန့်ဆုတ်နေ၏။ “အခု သူ့ကို ပေးလိုက်လို့ ဖြစ်ပါ့မလား…”
ရွာလူကြီးက ခေါင်းခါယမ်းလိုက်သည်။ “ငါလည်း သိပ်ကြာကြာ နေရတော့မှာ မဟုတ်ဘူး… အခုမှ မပေးရင် ဘယ်ချိန် ပေးရတော့မှာလဲ…”
ဆေးဆရာက ကြေးမုံမှန်တစ်ချပ် ထုတ်ယူ၍ ချင်မူ့ကို ပေးလိုက်၏။
ချင်မူ ထိုမှန်ကို လှမ်းယူ၍ ကြည့်လိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရချေ။ ရွာလူကြီးက ပြောလိုက်သည်။ “ဒီမှန်ထဲမှာ ရွှင်ပျော်ပျော်ကျေးရွာကို သွားတဲ့ လမ်းပြမြေပုံ ရှိတယ်… ဟိုသင်္ဘောပေါ်က တွေ့ခဲ့တာ… မှန်ကို ကြည့်မနေတော့နဲ့၊ ငါကိုယ်တိုင် အစီအရင်နဲ့ ချိပ်ပိတ်ထားတာ… ငါချိပ်ပိတ်ထားတာကို ဖျက်ဆီးနိုင်မှ မှန်ထဲက မြေပုံကို မင်း မြင်ရလိမ့်မယ်… အဲဒီနေရာက သိပ်အန္တရာယ်များလို့ အခုလောလောဆယ်တော့ မင်းသွားလို့ မဖြစ်နိုင်သေးဘူး…”
ချင်မူ ငြိမ်ကျသွား၏။ ရုတ်တရက် ဒူးထောက်ချ၍ ရွာလူကြီးကို ဦးတိုက် အရိုအသေပြုလိုက်သည်။
ရွာလူကြီးက ကမန်းကတန်း ပြောလိုက်၏။ “ထဦး၊ ပြောစရာ ကျန်သေးတယ်… အခုဆို မင်းပခုံးပေါ်မှာ ထမ်းထားရတာတွေ အတော်များလာပြီလို့ ငါ ခံစားမိတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်၊ ရွှင်ပျော်ပျော်ကျေးရွာရဲ့ မိဘမဲ့ကလေး… ငါ့ရဲ့ တာဝန်ကို ထပ်ထည့်ပေးလို့လည်း အများကြီး ပိုထူးမသွားလောက်တော့ဘူး… ဒီနေ့ မင်းကို တပည့်အဖြစ် လက်ခံပြီး ငါ့တာဝန်ဝတ္တရားတွေ လွှဲပြောင်းပေးအပ်မယ်… ဒီနေ့ကစပြီး မင်းဟာ နောက်မျိုးဆက်ရဲ့…”
“လူသားဧကရာဇ်ပဲ…”