နောက်ထပ်
Vol. 18 Ch. 242
‘နောက်မျိုးဆက်ရဲ့ လူသားဧကရာဇ်…’
ချင်မူ စိတ်ရှုပ်ထွေးသွား၏။ ဤဘွဲ့နာမည်က အနည်းငယ် ထူးဆန်းနေသည် မဟုတ်လား။ ဤကမ္ဘာလောက၌ ဧကရာဇ်တစ်ပါး ရှိပြီးသား ဖြစ်သကဲ့သို့ အမျိုးမျိုးသော အဖွဲ့အစည်းခေါင်းဆောင်၊ ဂိုဏ်းခေါင်းဆောင်များလည်း ရှိသည်။ အရာအားလုံးက အသီးသီး အသကအသက စီမံခန့်ခွဲလျက် ရှိကြသည်ဖြစ်ရာ လူသားဧကရာဇ်အတွက် ဘာများ လုပ်စရာ ရှိပါသေးသနည်း။
ဤကမ္ဘာလောက၌ လူသားဧကရာဇ် အုပ်ချုပ်စိုးစံစရာ နေရာလွတ် ရှိသည့်ပုံ မပေါ်ချေ။
“လူသားဧကရာဇ်ဆိုတာ ဘယ်သူ့ထက်မှ အမြင့်မရောက်သလို ဘာဩဇာအာဏာမှလည်း မရှိဘူး၊ တာဝန်ဝတ္တရားပဲ ရှိတယ်…” ရွာလူကြီးက ရှင်းပြလိုက်၏။ “ဘယ်သူ့ကိုမှ အုပ်ချုပ်မင်းလုပ်ဖို့ အခွင့်အရေး မရှိသလို မနာခံတဲ့သူတွေကို အဆင်ခြင်မဲ့ စစ်ခင်းသတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းနိုင်ခွင့်လည်း မရှိဘူး… လူသားဧကရာဇ်ဆိုတာ စိတ်အခြေအနေတစ်ခု သက်သက်ပဲ၊ မှန်ကန်ဖြောင့်မတ်ရမယ်၊ တရားမျှတမှုကို ဦးထိပ်ပန်ဆင်ရမယ်… လူသားဧကရာဇ်တိုင်းမှာ ပထမမျိုးဆက် လူသားဧကရာဇ်လက်ထက်ကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ ရတနာတံဆိပ်တော် ရှိတယ်… ငါ့အိပ်ရာအောက်မှာ ပစ်ထားတာ၊ သွားယူလိုက်…”
ချင်မူ ရွာလူကြီး၏ အခန်းထဲသို့ ဝင်သွားကြည့်လိုက်သောအခါ အိပ်ရာအောက်၌ အမှန်တကယ်ပင် အနက်ရောင် အတုံးတစ်တုံး ရှိနေသည်။ အပြင်ဘက် ဆွဲထုတ်လာသောအခါ ထိုအရာက လက်ဖဝါးအရွယ်ခန့် အနက်ရောင် သံတံဆိပ်တုံးတစ်တုံး ဖြစ်ပြီး ငှက်လိုလို၊ ပိုးကောင်လိုလို စာတွန့်တွန့်များ ရေးထွင်းထားသည်ကို တွေ့ရ၏။
ချင်မူက ထိုအနက်ရောင် သံတံဆိပ်တုံးကို ရွာလူကြီးအား ကမ်းပေးလိုက်သည်။ ရွာလူကြီးက ပြောပြလိုက်၏။ “ဒါက လူသားဧကရာဇ်တံဆိပ်တော်ပဲ… ငါတို့မျိုးဆက်ရဲ့ အထွတ်အမြတ်ရတနာဆိုပါတော့…”
ချင်မူက ထိုတံဆိပ်တုံးကို ကြည့်၍ ညည်းညည်းညူညူ ပြောဆိုလိုက်သည်။ “ရွာလူကြီး၊ ကျွန်တော်တို့မျိုးဆက်မှာ တခြားအထွတ်အမြတ်ရတနာ မရှိတော့ဘူးလား…”
ရွာလူကြီးက ဒေါသထွက်သွားပြီး လူသားဧကရာဇ်တံဆိပ်တုံးဖြင့် ချင်မူ့နဖူးကို ထုထည့်လိုက်ရာ အဖုကြီး ထသွား၏။ ထို့နောက် ထိုသံတံဆိပ်တုံးကို ချင်မူ့လက်ထဲသို့ ပစ်ထည့်လိုက်သည်။
“လူသားဧကရာဇ်တံဆိပ်တော်ကို မင့်လက်ထဲ လွှဲပြောင်းပေးအပ်လိုက်ပြီ… အခုကစပြီး မင်းက မျိုးဆက်သစ် လူသားဧကရာဇ်ပဲ…”
‘အဲလောက်ရိုးရှင်းတာလား…’ ချင်မူ မှင်တက်မိသွား၏။
ဆေးဆရာလည်း အံ့အားသင့်သွားသည်။ ရွာလူကြီးက သူထမ်းရွက်ထားရသည့် တာဝန်မှာ ကြီးမားလွန်းပြီး လူသားဧကရာဇ်ဘွဲ့မှာလည်း ဩဇာကြီးလှသည်ဟု အမြဲတစေ ပြောကြားခဲ့သည် မဟုတ်လား။ သို့အတွက်ကြောင့် ချင်မူ လူသားဧကရာဇ်ဘွဲ့ ခံယူရန်အတွက် အခမ်းအနားတစ်ခု ကြီးကြီးကျယ်ကျယ် ပြုလုပ်ရဦးမည်ဟု ထင်နေခဲ့၏။
ဤကဲ့သို့ ချင်မူ့လက်ထဲ အနက်ရောင် အတုံးတစ်တုံး ပစ်ထည့်ပြီး ပြီးသွားလိမ့်မည်ဟု မထင်မိခဲ့ချေ။
“လူသားဧကရာဇ်အကြောင်း သိတဲ့သူ သိပ်မရှိတော့ဘူး… ငါတို့က သိုင်းဂိုဏ်းလည်း မဟုတ်သလို တိုင်းပြည်တစ်ပြည်ရဲ့ ဧကရာဇ်လည်း မဟုတ်ဘူး၊ အမွေဆက်ခံမှု တစ်ခုပဲ… မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို လက်လွှဲပေးအပ်တဲ့အတွက် မျိုးဆက်တစ်ဆက်မှာ လူသားဧကရာဇ် တစ်ယောက်ပဲ ရှိတယ်၊ များသောအားဖြင့် ထိုးထွင်းသိမြင်နိုင်စွမ်း အကောင်းဆုံးနဲ့ ဉာဏ်ရည်အမြင့်ဆုံးသူကို အမွေဆက်ခံဖို့ ရှာဖွေလေ့ ရှိကြတယ်… ဒီမျိုးဆက်ရဲ့ ဉာဏ်ရည်အမြင့်ဆုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပဲ၊ ဒါပေမဲ့ သူက ဒီဘွဲ့ကို စိတ်ဝင်စားမယ်မထင်ဘူး… သူ့လမ်းနဲ့သူ လျှောက်နေပြီဆိုတော့ ငါ့အမွေနဲ့ တာဝန်ဝတ္တရားကို လက်ခံဖို့ ခဲယဉ်းလိမ့်မယ်…”
ရွာလူကြီးက သက်ပြင်းချလိုက်သည်။ “ငါလည်း အပြင်ထွက်ဖို့ ပျင်းနေတော့ သေချာ စဉ်းစားကြည့်ပြီး မင်းလောက်ဆိုလည်း မဆိုးပါဘူးလို့ ဆုံးဖြတ်လိုက်တာ…”
ချင်မူက နှစ်သိမ့်လိုက်၏။ “ရွာလူကြီး၊ ဇွတ်အတင်း ဖျစ်ညှစ်မလုပ်ပါနဲ့… ကျွန်တော့်ထက် ပိုသင့်တော်တဲ့လူ ရှာတွေ့နိုင်ပါသေးတယ်…”
ဆေးဆရာ၏ မျက်နှာက တစ်မျိုးတစ်မည် ဖြစ်သွားသည်။
ရွာလူကြီးမှာလည်း ဒေါသထွက်လွန်း၍ သေတော့မလို ဖြစ်သွား၏။ ဤကောင်လေးက ဒုက္ခချည်းသာ ခံရပြီး အကျိုးအမြတ် မရနိုင်ကြောင်း သိသွားသဖြင့် လူသားဧကရာဇ်ဘွဲ့ကို လက်မခံချင်မှန်း သိသာလှသည်။
“အပြင်လောကကို သွားပြီးကတည်းက မင့်သတ္တိတွေ အတော်ကောင်းလာတာ ဟုတ်လား… ငါ့ကိုတောင် သရော်တော်တော် လာပြောရဲတယ်…” ရွာလူကြီးက နှာခေါင်းရှုံ့လိုက်၏။ “မင်း လူသားဧကရာဇ် လုပ်မှာလား၊ မလုပ်ဘူးလား…”
ချင်မူက စိတ်မပါလက်မပါနှင့် မကျေမနပ် ပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ… အရှုပ်ထုပ်တွေ အကုန်လုံး ကျွန်တော့်သာ ပေးလိုက်ပါတော့… အခုလည်း အများကြီး ယူထားပြီးပြီပဲ၊ လူသားဧကရာဇ် ထပ်ဖြစ်လို့လည်း ပိုမထူးတော့ပါဘူး…”
ရွာလူကြီးမှာ ဒေါသအလိပ်လိပ် ထွက်ပြီး စကားပင် မပြောနိုင် ဖြစ်သွား၏။ သူ့လက်တစ်ဖက် ပြန်ပေါက်လာပြီး ဤကောင်လေးကို ခေါင်းခေါက်ပစ်ချင်စိတ်သာ ရှိတော့သည်။ “ငါ့ဓားသိုင်း သင်ချင်လို့ လာတောင်းပန်နေကြတဲ့လူတွေ ရေလို့တောင် မရဘူး… ငါ့အမွေအနှစ် ဆက်ခံချင်လို့ လာကပ်ကြတဲ့သူတွေလည်း အများကြီးပဲ… ဘယ်သူ့ကိုမှ လက်ခံခဲ့တာ မဟုတ်ဘူး… မင်းလိုကောင်က ဘယ်လိုလုပ်ပြီး ငြင်းရဲရတာလဲ…”
ချင်မူက ခေါင်းကြီးငုံ့ထားပြီး ကျောက်စရစ်ခဲတစ်လုံးကို ခြေဖြင့် ကန်၍ မကျေမချမ်း ပြောလိုက်၏။ “ငြင်းတာ မဟုတ်ပါဘူး… ဒီဘွဲ့က ဘာမှမှ အသုံးမဝင်တာ… ရွာလူကြီး၊ ဒီလိုလုပ်ပါ့လား… ကျွန်တော့်ကို ဓားသိုင်းပဲ သင်ပေးပြီး လူသားဧကရာဇ်ဘွဲ့ကို တခြားလူဆီ ပေးလိုက်လေ…”
ရွာလူကြီးက အံကြိတ်၍ ပြုံးပြီး ဆေးဆရာကို ကြည့်လိုက်သည်။ “ဆေးဆရာ၊ မင်းပြောစမ်း… ဒီကောင် ငြင်းနေတာလား၊ မငြင်းဘူးလား ဆိုတာကို… လူသားဧကရာဇ်ဖြစ်ရတာ အဲလောက် ရှက်ဖို့ကောင်းလား ဟမ်… မင်းကတော့ တစ်နေ့တခြား ပိုအတင့်ရဲလာတာပဲ…”
ဆေးဆရာက ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် ဖြည်းဖြည်းချင်း ပြောထားကြဦး… ကျုပ်ပိုးကောင်တွေ နှင်းကိုက်ပြီး သေကုန်ပြီလား သွားကြည့်လိုက်ဦးမယ်…”
ရွာလူကြီးက ဒေါသခြောင်းခြောင်းထနေရာမှ သဘောပေါက်သွားပြီး တဟားဟား ရယ်မောလိုက်သည်။ “တခြားလူတွေက သူတို့ကို သင်ပေးဖို့ ငါ့ဆီ လာတောင်းပန်ကြရတယ်… ဒါတောင် ငါမသင်ပေးဘူး… အခုတော့ မင်းက ငါ့ပုံစံပြောင်းပြီး သင်ပေးပါရစေ ခယရအောင် လုပ်နေတာ မဟုတ်လား… အတော်ဆိုးတဲ့ကောင်လေး… အမှန်အတိုင်းပြောရရင် မင်းက လူသားဧကရာဇ်လုပ်ဖို့ တကယ် မသင့်တော်ဘူး… ငါ အပြင်ထွက်ဖို့ ပျင်းနေလို့သာ၊ မဟုတ်ရင် မင်းထက်သာတဲ့ လူတစ်ယောက် ရှာမှာ…”
ချင်မူက နှုတ်ခမ်းစူ၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကျွန်တော်က လောကသခင်ခန္ဓာ ရှိတာ၊ ကျွန်တော့်ထက် ဘယ်သူ သာနိုင်မှာလဲ…”
ရွာလူကြီးမှာ သီး၍ သေတော့မလို ဖြစ်သွားသည်။ ချင်မူ ကမန်းကတန်း ပြေး၍ ဤအဘိုးကြီး၏ နောက်ကျောကို ထုပေးလိုက်ရ၏။ ထိုအခါမှ ရွာလူကြီး အသက်ရှူ ပြန်မှန်လာသည်။ ချင်မူ တစ်စုံတစ်ခု ပြောတော့မည်ပြင်စဉ် ဤအဘိုးကြီးက လက်ကာပြလိုက်၏။ “စကားမပြောတော့နဲ့၊ ငါ့ကို နားခွင့်ပေးဦး… မင်းကြောင့် ငါ အတော်ခေါင်းကိုက်သွားပြီ…”
ဤအဘိုးကြီး၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ သူစခဲ့သည့် အလိမ်အညာမုသားက သူ့ထံပြန်ရောက်လာပြီ မဟုတ်ပါလား။
အတန်ကြာသောအခါမှ သူ့စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်၏။ ဤအလိမ်အညာစကားက အားလုံး စိတ်ချမ်းသာအောင် သူလုပ်ကြံပြောဆိုခဲ့ခြင်း ဖြစ်သည်။ အားလုံးက ယုံကြသည့်အတွက်လည်း သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရ၏။
ယခုတော့ သူ၏ အမွေဆက်ခံသူအဖြစ် ချင်မူ့ကို ရွေးချယ်လိုက်သည့်အတွက် သူကိုယ်တိုင်လည်း ဤလူငယ်လေး၏ လောကသခင်ခန္ဓာကို ယုံကြည်မိသလို ဖြစ်သွားချေပြီ။
‘အလိမ်အညာတွေ များလွန်းလာတဲ့အခါ အမှန်မဟုတ်မှန်း သိပေမဲ့ ကျိတ်မှိတ်ယုံလိုက်ရတော့တာပဲ… အိမ်း… ရှိစေတော့ ရှိစေတော့…’
ရွာလူကြီးမှာ စိတ်ဒုံးဒုံးချပြီး ပြုံးလိုက်၏။ “ငါတို့ လူသားဧကရာဇ်တွေမှာ တာဝန်တစ်ရပ်ပဲ ရှိတယ်…”
သူ့မျက်ဝန်းထဲ၌ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာသကဲ့သို့ တလက်လက် လင်းဖြာသွားသည်။ “နတ်ဘုရားတွေကို ခုတ်ဖြတ်၊ မိစ္ဆာနတ်ဆိုးတွေကို ခုတ်ဖြတ်၊ ကောင်းကင်ဘုံကို ခုတ်ဖြတ်ပစ်ဖို့ပဲ…”
“နတ်ဘုရားတွေနဲ့ဆိုင်တာ နတ်ဘုရားတွေ စီမံခန့်ခွဲ၊ မိစ္ဆာနတ်ဆိုးတွေနဲ့ဆိုင်တာ မိစ္ဆာနတ်ဆိုးတွေ စီမံခန့်ခွဲ… လူသားတွေနဲ့ဆိုင်တာကို လူသားတွေပဲ စီမံခန့်ခွဲမယ်…”
“နတ်ဘုရားတွေဖြစ်ဖြစ်၊ မိစ္ဆာနတ်ဆိုးတွေဖြစ်ဖြစ်… လက်ရောက်ရင် လက်ဖြတ်၊ ခေါင်းပြူရင် ခေါင်းဖြတ်…”
“ဒါက လူသားဧကရာဇ်တစ်ယောက်ရဲ့ အခြေခံအကျဆုံး တာဝန်ပဲ…”
“မင့်စွမ်းအား တိုးမြင့်လာတဲ့အခါ တာဝန်တွေ ပိုများလာလိမ့်မယ်… နတ်ဘုရားတွေကို ခုတ်ဖြတ်၊ မိစ္ဆာနတ်ဆိုးတွေကို ခုတ်ဖြတ်၊ ကောင်းကင်ဘုံကို ခုတ်ဖြတ်ပြီး အထက်ကောင်းကင်ထိ တက်… အာ… ပြန်လာခဲ့စမ်း…”
ချင်မူက လူသားဧကရာဇ်တံဆိပ်တုံးကို ရွာလူကြီးလက်ထဲ ပြန်ပစ်ထည့်၍ လှည့်ထွက်သွား၏။
ရွာလူကြီးမှာ ဒေါသအိုးပေါက်ကွဲသွားပြီး ချီစွမ်းအင်ဖြင့် လက်ကြီးတစ်ဖက် ဖန်ဆင်းကာ ချင်မူ၏ အင်္ကျီလည်ကုပ်မှ ဆွဲမလိုက်သည်။ ထို့နောက် ချိုသာသော လေသံဖြင့် ပြောလိုက်၏။ “မင်းက ဒီမျိုးဆက်ရဲ့ လူသားဧကရာဇ်ပဲ… ဘယ်လိုလုပ် ငါတို့မျိုးဆက်ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကို မသိလို့ ဖြစ်မှာလဲ… ငါ ပြောလို့ မပြီးသေး− ထွက်ပြေးဖို့ ကြိုးစားတုန်းလား… ဆေးဆရာ၊ ဆေးဆရာ… ဒီကောင့်ကို ကူဖမ်းပေးစမ်း…”
ဆေးဆရာက ရောက်မလာချေ။ ချင်မူမှာလည်း လွတ်အောင်မရုန်းနိုင်ဘဲ လက်မြှောက်အရှုံးပေးလိုက်ရသည်။
ရွာလူကြီးက ဆက်ပြော၏။ “ငါတို့မျိုးဆက်အတွက် စည်းမျဉ်းတွေ အများကြီး မရှိဘူး၊ ရည်ရွယ်ချက်ကတော့ ဒါပဲ… မင်းကို ငါ့ဓားသိုင်း သင်ပေးမယ်… ဘယ်လောက်ထိ နားလည် တတ်ကျွမ်းနိုင်မလဲဆိုတာတော့ မင့်အပေါ်ပဲ မူတည်လိမ့်မယ်… ဒါနဲ့ ငါတို့မှာလည်း လူသားဧကရာဇ်နန်းဆောင် ရှိတယ်… မင်းအချိန်ရတဲ့အခါ ပြီးခဲ့တဲ့ လူသားဧကရာဇ်တွေ ဘာစွမ်းဆောင်နိုင်ခဲ့သလဲ သွားကြည့်ပေါ့… ပြီးတော့ ငါ့ဓားသိုင်းက သိပ်မဆိုးလှပေမဲ့ အဲဓားသိုင်းသုံးတာကို နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ မြင်သွားရင် သေချာပေါက် မင်းကို လိုက်သတ်မှာပဲ− မပြေးနဲ့၊ မင်း ငါ့လက်က လွတ်အောင် မရုန်းနိုင်ဘူး… ငါဒီအမွေလက်ခံတုန်းက နှစ်ခါပြန် မစဉ်းစားဘဲ လက်ခံခဲ့တာ၊ ဒီလို ပြေးမနေဘူး…”
“ဘွားဘွား၊ ကျွန်တော့်ကို ကယ်ပါဦး…” ချင်မူက အော်ဟစ်၍ အကူအညီတောင်းလိုက်သည်။
အဘွားစစ်က မျက်နှာတစ်ပြင်လုံး အပြုံးပန်းဝေဆာ၍ ဘေးနားရှိ မျက်ကန်းကို လှည့်ပြောလိုက်၏။ “နောက်ဆုံးတော့ ဟိုအဘိုးကြီး မူအာ့ကို သူ့ပညာအမွေ ပေးတော့မယ်… ကြည့်ဦး ဟိုမှာ… မူအာဆို ပျော်လွန်းလို့ မျက်ရည်တောင် ကျနေပြီ…”
မျက်ကန်းက လှည့်ကြည့်ပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။ “ငါကြားတာတော့ အော်ပြီး အကူအညီတောင်းနေတာလားလို့…”
“သူ ဝမ်းသာလုံးဆို့နေတာပါ…” အဘွားစစ်က သွားဖြဲ၍ ပြုံးပြလိုက်၏။ “ရွာလူကြီးရဲ့ ပညာအမွေကို လိုချင်လွန်းလို့ အရူးအမူးဖြစ်နေတဲ့လူတွေမှ အများကြီး… ရွာလူကြီးဆိုတာ အရင်တုန်းက တစ်လောကလုံးရဲ့ နံပါတ်တစ်၊ နာမည်ကျော်ဓားနတ်ဘုရားပဲ… မူအာ အပျော်လွန်ပြီး ကပေါက်တိကပေါက်ချာ လျှောက်အော်နေတာ မထူးဆန်းပါဘူး…”
ချင်မူမှာ ရုန်း၍ မရသဖြင့် သူ့ကံကြမ္မာကို လက်ခံလိုက်ရပြီး လူသားဧကရာဇ်တံဆိပ်တုံးကို ထောင်ထျယ်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
ရွာလူကြီးက လွန်စွာ ကျေနပ်သွား၏။ “မင်းက ဓားပန်းချီရဲ့ ပထမဓားကွက်၊ ‘တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓား’ကို သင်ပြီးပြီဆိုတော့ ဒီအတောအတွင်း ဘယ်လောက် တိုးတက်လာသလဲ ငါ့ကို ပြစမ်းပါဦး…”
ချင်မူက ခေါင်းညိတ်၍ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ထုတ်ဖော်ကစားပြလိုက်သည်။
သူ့ဓားကွက်က ရွာလူကြီး သင်ပေးထားသည်နှင့် ခြားနားနေ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဝဲကတော့ဓားချက်၊ လွန်သွားဓားချက်၊ ကူးခတ်ဓားချက်တို့ကိုပါ ဤဓားကွက်ထဲတွင် ထပ်ပေါင်းထည့်ပြီး ပြောင်းလဲမှုများစွာ ပြုလုပ်ထားသည်။
ဓားကွက်ကို ကစားပြီးသောအခါ ချင်မူက သူ့ဓားချီစွမ်းအင်ကို ပြန်ရုပ်သိမ်း၍ ရွာလူကြီးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။
ရွာလူကြီးက အံ့အားသင့်သွားပြီး တစ်ခုခုကို တွေးတောနေဟန် ရှိသည်။ “ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သင်ပေးတဲ့ အခြေခံဓားချက်တွေလား…”
ချင်မူက ခေါင်းညိတ်လိုက်၏။ “ရွာလူကြီး၊ ကျွန်တော်က ရွာလူကြီးသင်ပေးထားတဲ့ ‘တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓား’ကို ပြုပြင်ပြောင်းလဲပစ်ပြီး အရိုအသေမဲ့မိပါတယ်… ရွာလူကြီးအနေနဲ့ ကျွန်တော့်ကို ဖြုတ်ပြီး တခြားလူသားဧကရာဇ်များ ရှာချင်ပါသလား…”
“မဆိုးဘူး… မဆိုးဘူး…” ရွာလူကြီးက ချီးကျူးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မဆိုးဘူး… အခြေခံဓားချက် ဆယ်လေးချက်နဲ့တင် ရပ်မနေဘဲ ကိုယ်ပိုင်ဟန်နဲ့ ဓားချက်သစ်တွေ ဖန်တီးနိုင်တယ်… တကယ့်ကို လူသားဧကရာဇ်ဖြစ်ဖို့ သင့်လျော်တာပဲ… ဒါပေမဲ့ မင်းလည်း မဆိုးပါဘူး… စည်းဘောင်တွေနဲ့ ပိတ်မိမနေဘဲ မင်းပြုပြင်ထားတဲ့ ‘တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓား’ကို ငါ့ရှေ့မှာတောင် ကစားပြရဲတယ်… သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်… မင့်ချီစွမ်းအင်ကြိုးမျှင်ကလည်း ပြောင်းလဲသွားပြီပေါ့… ဝဲကတော့ဓားချက်နဲ့ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့လိုက်တာလား…”
ချင်မူက ခေါင်းညိတ်လိုက်၏။
ရွာလူကြီးက ပြောလိုက်သည်။ “ငါက ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်စွမ်းအင်ကိုပဲ သုံးမယ်… မင်းက မင်းပြုပြင်ထားတဲ့ ‘တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓား’ကို သုံး… ငါတို့ ပညာဖလှယ်ကြတာပေါ့…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်၏။ “ရွာလူကြီး၊ ကျွန်တော့်ဓားကွက်နဲ့ ရွာလူကြီးကို အနိုင်ရခဲ့ရင် ကျွန်တော် လူသားဧကရာဇ် မလုပ်ဘဲ နေလို့ရမလား…”
ရွာလူကြီးက လှစ်ခနဲ ပြုံးပြ၍ သူ၏ ချီစွမ်းအင်ကို ဓားရှည်တစ်ချောင်းအဖြစ် ဖန်တီးရင်း ခပ်အေးအေး ပြောလိုက်သည်။ “ကောင်းပြီ၊ မင်းငါ့ကို အနိုင်ယူနိုင်ရင် လူသားဧကရာဇ်တံဆိပ်တော်ကို ငါ့အုတ်ဂူထဲ ယူသွားမယ်…”
ချင်မူ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲ၍ နဂါးနှစ်ကောင် စီးနင်းထားသည့် ကျားဖြူခေါင်းနှင့် သောကြာဂြိုဟ်အရှင်သခင် ဖြစ်သွားသည်။ သူ၏ ချီစွမ်းအင်ကလည်း ရွှေဓာတ်ချီစွမ်းအင် ဖြစ်သွားပြီး ဓားရှည်တစ်လက်အဖြစ် စုစည်းလိုက်၏။ ထိုဓားရှည်မှ ဓားရောင်များ တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား…။
သူ့ဓားချက်အောက်၌ တောင်တန်းနှင့် မြစ်ပြင်များက ပန်းချီကားတစ်ချပ်ကို ဖြန့်ချလိုက်သည့်နှယ် ဒုက္ခိတဘိုးဘွားကျေးရွာ တစ်ခုလုံးအပေါ် ဖုံးလွှမ်းပြီး ရွာလူကြီးထံ တိုးဝင်သွား၏။
သူက ဧကရာဇ်အတိုင်ပင်ခံ၏ အခြေခံဓားချက်များသာမက နားကန်း၏ ပန်းချီပညာကိုလည်း ဤဓားကွက်ထဲတွင် ထည့်သွင်းထားသည်။ ထောင်ချီသော တောင်တန်းများ၊ မြစ်ပြင်များက တကယ့်အစစ်အမှန် ကမ္ဘာလောကကြီးကဲ့သို့ တစ်ဘက်ရန်သူထံ တိုးဝင်သွား၏။
ဤသို့သော အဆင့်မြင့် ဓားသိုင်းမျိုးက ဓားသိုင်းဟုပင် မခေါ်ဆိုနိုင်တော့။ တာအို…။ ဓားတာအို ဖြစ်သွားချေပြီ။
သူ၏ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ စွမ်းအားပြည့် ထွက်ပေါ်လာသည့်အချိန်တွင် ရွာလူကြီး၏ဓားရောင် ဖျတ်ခနဲ လက်သွားသည်။ ဤသည်ကလည်း ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’သာ ဖြစ်၏။ ကမ္ဘာလောကနှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သွားသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာပြီး ဓားရောင်များကို မမြင်ရတော့။
ချွင်၊ ချွင်၊ ချွင်၊ ချွင်…။
ချင်မူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးရောင်များ လက်ပြီး ဒဏ်ရာများစွာ ပေါ်လာကာ နောက်ဘက်သို့ လွင့်ထွက်၍ သားသတ်သမား၏ အသားဆိုင်နံရံထဲသို့ ဝုန်းခနဲ နစ်ဝင်သွား၏။ သူ့ဘေးပတ်ပတ်လည်တွင်တော့ ဓားရောင်များ၏ လက်ချက်ဖြင့် တောင်တန်းနှင့် မြစ်ပြင်များ၏ပုံ ပေါ်ထွက်လာသည်။
ဤသည်က ရွာလူကြီး၏ ဓားအလင်းတန်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
“နောက်တစ်ခေါက်…” ချင်မူ အော်ဟစ်ပြောဆို၍ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို သွေးကြောထိုးပိတ်ပြီး ရွာလူကြီးထံ ပြေးဝင်ကာ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ နောက်တစ်ခဏ၌ လူရိပ်တစ်ရိပ် လွင့်ထွက်လာပြီး အဘိုးကြီးမာ၏ အိမ်နံရံထဲ ကျွံဝင်သွား၏။
ဤလူငယ်လေး၏ ဘေးတွင် နောက်ထပ် တောင်တန်းနှင့် မြစ်ပြင်ပုံများ ပေါ်ထွက်လာသည်။
ချင်မူ မှင်တက်မိသွားပြီး နံရံထက်မှ လျှောကျလာ၏။ နဂါးသွားရည်ကို ဒဏ်ရာများပေါ် လိမ်းရင်း စိတ်ထဲမှ အပြန်ပြန်အလှန်လှန် သုံးသပ်ကာ သူ၏ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ပြုပြင်မွန်းမံလိုက်သည်။ အတန်ကြာပြီးနောက် ရွာလူကြီးထံ ထပ်မံ ပြေးဝင်သွား၏။ “နောက်တစ်ခေါက်…”
ဘုန်း…။
ပန်းပဲရုံနံရံ၌ လူတစ်ယောက်ပုံ အပေါက်ကြီး ဖြစ်သွားပြီး ဘေးပတ်ပတ်လည်၌ တောင်တန်းနှင့် မြစ်ပြင်ပုံများ ပေါ်ထွက်လာသည်။ ဤနံရံမှပုံက အခြားနံရံမှ ပုံများနှင့် များစွာ ခြားနားနေ၏။
ရွာလူကြီး ဓားကွက်တစ်ကွက် ထုတ်သုံးသည့်အခါတိုင်း တောင်တန်းနှင့် မြစ်ပြင်များ၏ ပုံသဏ္ဌာန်က တစ်ခါနှင့်တစ်ခါ မတူကွဲပြားစွာ ထွက်ပေါ်လာသည်။
ရွှေအက ပန်းပဲရုံထဲမှ ခေါင်းပြူ၍ ချင်မူ့ကို ကြည့်ပြီး ကျိတ်ရယ်လိုက်၏။
ချင်မူ၏မျက်နှာ မည်းမှောင်သွားသည်။ ထို့နောက် ဒဏ်ရာများကို ဆေးလိမ်းရင်း ဆက်လက်၍ ဦးနှောက်အလုပ်ပေးကာ သူ့ဓားကွက်ရှိ ဟာကွက်၊ အားနည်းချက်များကို ပြုပြင်လိုက်၏။
“နောက်တစ်ခေါက်…”
လူရိပ်တစ်ရိပ်က ခမ်းနားထည်ဝါသော တောင်တန်းနှင့် မြစ်ပြင်များကြားမှ လွင့်ဝဲ၍ နားကန်း၏ အိမ်နံရံနှင့် ဝင်ဆောင့်သွားသည်။