← Chapters

လက်ခံလိုက်ခြင်း

Vol. 18 Ch. 243

လက်ခံလိုက်ခြင်း

Vol. 18 Ch. 243

ချင်မူမှာ နံရံများနှင့် ထပ်ခါထပ်ခါ ဝင်ဆောင့်နေသည်။ တောင်တန်းနှင့် မြစ်ပြင်ပုံများမှာလည်း ဒုက္ခိတဘိုးဘွားကျေးရွာရှိ နံရံတိုင်းလိုလိုတွင် ခတ်နှိပ်ထားပြီ ဖြစ်၏။ အဘွားစစ်တစ်အိမ်သာ ကျန်တော့သည်။

ချင်မူ နောက်တစ်ကြိမ် ထပ်ပြေးဝင်သွားချင်သော်လည်း သူ့ချီစွမ်းအင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ ကြက်သေသေသွားသည်။

ရှုံးနိမ့်သွားချေပြီ။

လောကသခင်ခန္ဓာက ရှုံးနိမ့်သွားချေပြီ။ မရှုမလှ ရှုံးနိမ့်သွားခြင်း ဖြစ်၏။ သူ၏ ဓားသိုင်းတင် ရွာလူကြီးကို မယှဉ်နိုင်သည်မဟုတ်၊ ချီစွမ်းအင်သိပ်သည်းမှုတွင်လည်း ရွာလူကြီးကို မယှဉ်နိုင်ချေ။ ကြည့်ရသည်မှာ လူသားဧကရာဇ်ဘွဲ့ကို လက်ခံလိုက်ရတော့မည် ထင်၏။

ရွာလူကြီးက အသာအယာ ပြောလိုက်သည်။ “မင့်ချီစွမ်းအင် ပြန်ပြည့်အောင် စောင့်ပြီးမှ ထပ်လာချင်လာလေ…”

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ “ကောင်းတာပေါ့…”

နွားကျောင်းသားလေးက တစ်ရှိန်ထိုး ပြေးလွှား၍ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လေ့ကျင့်နေသည်ကို မြင်ရသည့်အခါ ရွာလူကြီး၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားသည်။

“ခင်ဗျား မရိုးမသားလုပ်တာပဲ…” ဆေးဆရာက ချင်မူ အဝေးသို့ ပျောက်ကွယ်သွားသည်နှင့် အနားသို့ ရောက်လာပြီး ပြောလိုက်၏။

ရွာလူကြီးမှာ မှင်တက်မိသွားသည်။ “လုပ်မိလို့လား…”

ဆေးဆရာက နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားရဲ့ဓားသိုင်းက ချီစွမ်းအင် အများကြီး သုံးရတာ… ဓာတ်ကြီးငါးပါးအဆင့်မှာဆိုရင် နှစ်ခါပဲ သုံးနိုင်မယ်၊ အလွန် ဆုံးသုံးခါပေါ့… အခု ဘယ်နှခါ သုံးခဲ့လဲ… ခုနစ်ခါလောက် ရှိတယ် မဟုတ်လား…”

ရွာလူကြီးက မျက်နှာတည်တည်နှင့် မနေနိုင်တော့ဘဲ တီးတိုးပြောဆိုလိုက်သည်။ “ငါ့ချီစွမ်းအင်ရဲ့ သိပ်သည်းဆက မင်းထင်တာထက် ပိုတယ်… တတ်နိုင်သမျှ ချီစွမ်းအင် အနည်းဆုံး ကုန်အောင် ထိန်းသုံးရင် ငါ့ဓားကွက်ကို လေးခါအထိ သုံးလို့ရတယ်… ဒါပေမဲ့ မူအာရဲ့ ချီစွမ်းအင်က တကယ့်ကို သိပ်သည်းများပြားတာ အမှန်ပဲ… ဓာတ်ကြီးငါးပါးအဆင့်မှာ သူ့ချီစွမ်းအင်က ငါနဲ့ သိပ်မကွာတော့ဘူးလို့ ထင်နေတာ… မထင်ထားမိဘူး…”

ဆေးဆရာက ရယ်မောလိုက်၏။ “မထင်ထားမိဘူးမလား… သူက ရေစည်ကြီးတစ်လုံး ဖြစ်ပြီးတော့ ခင်ဗျားက ရေပုံးတစ်ပုံးသာသာပဲ ရှိနေတာ…”

ရွာလူကြီးက သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်သည်။ “သူ့ချီစွမ်းအင်က ဝိညာဉ်သန္ဓေသားအဆင့်မှာ ငါ့ထက် အဆပေါင်းများစွာ ပိုသိပ်သည်းပေမဲ့ ဓာတ်ကြီးငါးပါးအဆင့်မှာတော့ ငါ့ထက် အများကြီး ပိုသာဖို့ မဖြစ်နိုင်တော့ဘူး… ဓာတ်ကြီးငါးပါးအဆင့်မှာ ငါက အားနည်းချက် မရှိတော့ဘူး မဟုတ်လား… ဒါပေမဲ့ သူကလည်း အားနည်းချက် မရှိတော့ဘူး… မင်းလည်း သတိထားမိမှာပါ၊ ထုတ်တော့မပြောလိုက်နဲ့…”

ဆေးဆရာက ပြုံးလိုက်၏။ “သူက ခင်ဗျားကို တူညီတဲ့ ဓားကွက်သုံးပြီး ရှုံးသွားပြီပဲ… ဘာပြောနေရဦးမှာလဲ… ဒါပေမဲ့ ခင်ဗျား အစောကပြောတဲ့ လူသားဧကရာဇ်ဘွဲ့မှာ တာဝန်ဝတ္တရားနဲ့ ဝန်ထုပ်ဝန်ပိုးပဲ ရှိတယ်၊ ဘာအကျိုးခံစားခွင့်မှာ မရှိဘူးဆိုတာ… အမှားတွေ မဟုတ်ဘူးလား…”

ရွာလူကြီးက ပျင်းရိငြီးငွေ့စွာ ပြောလိုက်သည်။ “ဘာများ အကျိုးရှိလို့လဲ… ဘယ်လိုလုပ်ပြီး ငါ မသိရတာလဲ…”

ဆေးဆရာ၏ မျက်လုံးများ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ “လူသားဧကရာဇ်တွေနဲ့ သူတို့ရဲ့ တံဆိပ်တော်အကြောင်း ဒဏ္ဍာရီတွေ ကျုပ်ကြားဖူးပါတယ်… လူသားဧကရာဇ်တံဆိပ်တော်က ရှေးဟောင်းအမွေအနှစ်တွေ အများကြီးနဲ့ ဆက်စပ်နေတာ၊ တချို့ဆို လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီကတည်းကပဲ… တချို့ အထွတ်အမြတ်နယ်မြေတွေကိုလည်း လူသားဧကရာဇ်တွေ တည်ထောင်ခဲ့တာ… ကျုပ်သိသလောက်တော့ လူသားဧကရာဇ်တံဆိပ်တော်က ဧကရာဇ်ရဲ့ ကျောက်စိမ်းအမိန့်တော်ထက်တောင် အများကြီး ပိုအသုံးဝင်တယ်…”

ရွာလူကြီးက ထူးမခြားနားပင် ပြန်တုံ့ပြန်လိုက်သည်။ “အဲဒါက ဟိုးရှေးတုန်းက ဒဏ္ဍာရီတွေပါ… လူသားဧကရာဇ်တံဆိပ်တော်ဆိုတာ အနက်ရောင်သံတုံးတစ်တုံး သက်သက်ပဲ… ဘယ်သူကများ အနက်ရောင်သံတုံးတစ်တုံးနဲ့ အမိန့်ပေးတာကို နာခံမှာလဲ…”

ဆေးဆရာက ပြုံးလိုက်၏။ “ဒဏ္ဍာရီတွေထဲမှာ ပြောတာတော့ လူသားဧကရာဇ်တံဆိပ်တော်ကို အသုံးပြုလိုက်ရင် ဒီတစ်ကမ္ဘာလုံးက သူရဲကောင်းတွေကို အမိန့်ပေး စေခိုင်းနိုင်တယ်တဲ့…”

ရွာလူကြီးက ဝှားခနဲ သန်းဝေ၍ ပျင်းတိပျင်းရွဲ ပြောလိုက်သည်။ “လူသားဧကရာဇ်တံဆိပ်တော်က အခု မူအာ့ဆီ ရောက်နေပြီလေ… မင်းသူ့ကို အဲတံဆိပ်တုံး ထုတ်ပြပြီး အမိန့်ပေးခိုင်းလိုက်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သိုင်းဂိုဏ်းက နာခံမလဲဆိုတာ ကြည့်ကြည့်ပေါ့… သေအောင် ရိုက်သတ်မခံရရင်တောင် ကံကောင်းပဲ…”

ဆေးဆရာက မကျေမနပ် ပြောလိုက်၏။ “ခင်ဗျားက ဒီလောက် အန္တရာယ်များမယ်မှန်း သိရဲ့နဲ့ လူသားဧကရာဇ်အမိန့်တော်ကို  ဘာလို့ သူ့လက်ထဲ လွှဲပေးလိုက်ရတာလဲ…”

ရွာလူကြီးက ပျင်းရိငြီးငွေ့သည့်ဟန် ထပ်မပြတော့ဘဲ မျက်လုံးထဲတွင် ဓားရောင်တစ်ချက် လက်သွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဒါက တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သလို ဝန်ထုပ်ဝန်ပိုးတစ်ခုလဲ ဖြစ်တယ်… ဒီဝန်ထုပ်ဝန်ပိုး ငါ့ပခုံးပေါ် ရောက်လာတုန်းက အောင်မြင်အောင် မထမ်းရွက်နိုင်ခဲ့လို့ ငါ့ခြေလက်တွေ ဖြတ်တောက်ခံခဲ့ရတာ… ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ဒီဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းရမယ်၊ ငါနဲ့အတူတူ အုတ်ဂူထဲ သယ်သွားလို့ မဖြစ်ဘူး…”

“တချို့အရာတွေက အန္တရာယ်များမယ်မှန်း သိရဲ့နဲ့ လုပ်ကိုလုပ်ရမှာမို့ လုပ်လိုက်ရတာတွေ ရှိတယ်…”

ရွာလူကြီးက သက်ပြင်းတစ်ချက် ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်၏။ “လုပ်ဖြစ်တယ်ဆိုရင် ကျရှုံးနိုင်ခြေ၊ ယုတ်စွအဆုံး သေနိုင်ခြေတောင် ရှိပေမဲ့ မျှော်လင့်ချက် သေးသေးလေးတော့ ထားနိုင်သေးတယ်… ဘာကိုမှ မလုပ်ရင်တော့ အဲမျှော်လင့်ချက် သေးသေးလေးတောင် ရှိလာမှာ မဟုတ်တော့ဘူး… ပြီးခဲ့တဲ့ လူသားဧကရာဇ်တွေ လုပ်ဆောင်ခဲ့တာက မင်းတွေးကြည့်နိုင်တာထက် အများကြီး ပိုတယ်… မူအာက အတော်လေး အရည်အချင်း ရှိပါတယ်…”

ဆေးဆရာ စိတ်မကောင်းစွာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ လမ်းဟောင်းအတိုင်း လိုက်ရမဲ့ မူအာ့အတွက်တော့ သနားစရာပဲ… သူက ဘယ်လိုလုပ် ခင်ဗျားကို နိုင်နိုင်မှာလဲ…”

“သူ မနိုင်နိုင်ဘူး…” ရွာလူကြီး၏ လေသံက ဂုဏ်ယူဝင့်ကြွားမှုများ စွက်နေ၏။ “တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓားနဲ့တော့ သူ ငါ့ကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး… ဒီဓားကွက်က အခြေခံဓားချက် ဆယ်လေးချက်နဲ့ပဲ ဖွဲ့စည်းထားတယ်ဆိုပေမဲ့ ဟာကွက်မရှိအောင် ငါ ပြုပြင်မွမ်းမံပြီးသား… သူက ဧကရာဇ်အတိုင်ပင်ခံရဲ့ အခြေခံဓားချက်အသစ် သုံးမျိုးကို ငါ့ဓားကွက်ထဲ ထပ်ထည့်ချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်… သူ့စိတ်ကူးက ကောင်းပေမဲ့ သူ့ရဲ့ အသိအမြင် အတွေ့အကြုံက ငါ့လောက် မကျယ်ပြန့်သေးဘူး… နည်းနည်းလေး ပြောင်းလဲလိုက်ရင်တောင် ဟာကွက်တစ်ကွက် ပေါ်လာနိုင်တယ်၊ ပြောင်းလဲမှု များများလုပ်လေလေ ဟာကွက်တွေ များများပေါ်လာလေလေပဲ…”

ဆေးဆရာမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြေးလွှားလေ့ကျင့်နေသော ချင်မူ့ကို ကြည့်ကာ သနားစိတ် ဝင်သွား၏။

“ဒါပေမဲ့ ငါ့လက်အငှားနဲ့ သူ့ဓားပညာကို အရောင်တင်ပေးနိုင်တယ်…” ရွာလူကြီးက ပြုံးလိုက်သည်။ “တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားတဲ့ဓားကို ပြောင်းလဲမှုတွေ လုပ်လေလေ ဓားအကြောင်းကို သူနားလည်လာလေလေ ဖြစ်လိမ့်မယ်… သူ ပိုနားလည်လာလေလေ ဓားသိုင်းနည်းစနစ်တွေ၊ ဓားသိုင်းပညာရပ်တွေကနေ ဖယ်ခွာပြီး တာအိုလမ်းကြောင်းနဲ့ ပိုနီးလာလေလေ ဖြစ်မှာပဲ… ဓားပညာအပေါ် သိမြင်နားလည်မှုက တာအိုအဆင့်ထိ ရောက်တဲ့အခါ အခြေခံဓားချက် ဆယ့်လေးချက်ဖြစ်ဖြစ်၊ ဆယ့်ခုနစ်ချက်ဖြစ်ဖြစ် အရေးမကြီးတော့ဘူး…”

“ဓားကွက်တွေ သင်ပြီး ပြန်အသုံးပြုတာက ကျင့်စဉ်နည်းစနစ်နယ်ပယ်ထဲမှာပဲ ရှိသေးတယ်… အဲထက်ပိုအဆင့်မြင့်ချင်ရင် အသစ်အသစ် ပညာရပ်တွေ တီထွင်ဖန်တီးရမယ်၊ ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အခုလက်ရှိ ရောက်နေတဲ့ အဆင့်ပဲ… အဲထက် တစ်ဆင့်ပိုသွားရင်တော့ ကျင့်စဉ်၊ သိုင်းကွက်၊ ပညာရပ်တွေကို စွန့်လွှတ်ပြီး တာအိုလမ်းကြောင်းပေါ်ကို ရောက်သွားမယ်…”

ရွာလူကြီးက ပြောလိုက်၏။ “မူအာက အခု ကျင့်စဉ်နည်းစနစ်နဲ့ ပညာရပ်နယ်ပယ်ကြားထဲမှာပဲ… သူ့အတွက်ဆို ငါ့လက်အငှားနဲ့ သူ့ဓားသိုင်းကို အရောင်တင်ပေးတာက ဒီအတိုင်း ငါ့ဓားသိုင်းတွေ သင်ပေးတာထက် အများကြီး ပိုကောင်းတယ်…”

အတန်ကြာပြီးသောအခါ ချင်မူ၏ ကျင့်စဉ်စွမ်းအင် ပြန်လည်ပြည့်တင်းသွားသည်။ သို့သော်လည်း သူက ရွာလူကြီးကို တန်းလာမရှာသေးပေ။ ထိုအစား ထိုင်ချ၍ တိတ်တဆိတ် ဆင်ခြင်သုံးသပ်နေ၏။ သူ၏ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ဟာကွက်မရှိ၊ ပြီးပြည့်စုံအောင် ပြုပြင်ရန် ကြိုးစားလိုက်သည်။

သူ့ရည်မှန်းချက်က ဧကရာဇ်အတိုင်ပင်ခံ၏ အခြေခံဓားချက်သုံးချက်ကို ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ ဓားကွက်တွင် ဟာကွက်မကျန်အောင် ပေါင်းစပ်ထည့်သွင်းရန် ဖြစ်၏။

ရွာလူကြီး၏ ဓားကွက်နှင့် ရွာလူကြီးကို အနိုင်ယူရန် မည်သို့မှ မဖြစ်နိုင်သော်လည်း ပို၍ ကောင်းမွန်အောင် ပြုပြင်မွန်းမံနိုင်လျှင်တော့ အနိုင်ရနိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။

သူ အားသွန်ခွန်စိုက် ဆင်ခြင်သုံးသပ်နေ၏။ သူ့စိတ်အလျင်၌ ဓားကွက်အားလုံးက ရှုပ်ထွေးသွားလိုက်၊ ပြန်လည် စုစည်းလိုက် ဖြစ်နေသည်။ ပြီးသည်နှင့် စိတ်ထဲတွင်ပင် ရွာလူကြီး၏ ဓားကွက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြည့်၏။

သို့သော်လည်း အမြဲလိုလို အရှုံးနှင့်သာ အဆုံးသတ်သွားသည်။

သူ့စိတ်ထဲတွင် အမျိုးမျိုး ပုံဖော်တိုက်ခိုက်၍ အမျိုးမျိုး ပြုပြင်ပြောင်းလဲသော်လည်း အရှုံးရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိချေ။

အတန်ကြာပြီးသောအခါ ချင်မူ စိတ်အားတက်ကြွပြီး ထရပ်လိုက်၏။ သူ့စိတ်ထဲ၌ အသစ်ပြုပြင်လိုက်သော ဓားကွက်ဖြင့် ရွာလူကြီးကို အနိုင်ရလိုက်သည်။ သူ ဝမ်းသာအားရ ပြေးသွား၏။ “ရွာလူကြီး၊ နောက်တစ်ခေါက်…”

ရွာလူကြီးက သွားဖြဲ၍ ပြုံးပြလိုက်သည်။ “ကောင်းပြီ…”

ချင်မူက တစ်ဟုန်ထိုး ပြေးဝင်သွားပြီး အသစ်ပြုပြင်မွမ်းမံထားသည့် ဓားကွက်ကို ထုတ်သုံးလိုက်၏။ ထို့နောက်တွင်တော့ လေထဲသို့ လွင့်ထွက်၍ သွေးတန်းတစ်ခု ပန်းထွက်ကာ ကြက်ခြံနှင့် ဝင့်ဆောင့်သွားသည်။

ကြက်နဂါးတစ်ဒါဇင်ကျော်က ကတော်ကတော် မြည်ကြွေး၍ အားနှင့်မာန်နှင့် ပြေးဝင်လာကြသည်။ ချင်မူ ကမန်းကတန်း လေပေါ်သို့ ခုန်တက်လိုက်၏။ ကြက်နဂါးများကလည်း တောင်ပံများ တဖျပ်ဖျပ် ခတ်၍ ပျံသန်းလိုက်ပါလာသည်။ သူတို့၏ အမွေးအတောင်များက ဓားများသဖွယ် ခုတ်ထစ်၍ ပါးစပ်မှ မီးများ မှုတ်ထုတ်လိုက်ကြ၏။

‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ ဓားကွက်က ရုတ်တရက် လေထဲတွင် ပေါ်ထွက်လာပြီး ကြက်နဂါးများကို ဖုံးလွှမ်းသွားသည်။ ထိုဓားကွက်ပြီးဆုံးသွားချိန်တွင်တော့ ကြက်နဂါးများအားလုံး အမွေးအတောင်များ ကျွတ်၍ မြေပေါ်သို့ ပြုတ်ကျသွားကြ၏။

ချင်မူမှာ မြေပေါ်သို့ ပြန်ကျလာပြီး ကြက်သေသေသွားသည်။

ကြက်နဂါးများက ကတော်ကတော် အော်ဟစ်၍ ကြက်ခြံထဲသို့ ပြေးဝင်သွားကြ၏။ ထို့နောက် ကြက်ခြံတံခါးကို ဆွဲပိတ်ကာ ထွက်မလာရဲကြတော့ချေ။

“ကတော်… ကတော်…” ကြက်မအိုကြီးက စူးစူးရှရှ အော်ဟစ်လိုက်သည်။

ချင်မူ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကြက်ခြံတံခါး၌ ဓားချီစွမ်းအင် ခုတ်ထစ်ရာများ ပေါ်ထွက်လာ၏။

ကြက်ခြံတစ်ခုလုံး ယိမ်းထိုးလှုပ်ခါသွားသည်။

ချင်မူ မှင်တက်မိသွားပြီး သူ့လက်သူ ပြန်ငုံ့ကြည့်လိုက်မိ၏။ မည်သည့်အချိန်ကများ သူ ဤသို့ စွမ်းအားကြီးသွားရသနည်း။

“မူအာက သိပ်မိုက်တာပဲဟေ့… နောက်ဆုံးတော့ ကြက်တွေကို နိုင်အောင် တိုက်နိုင်သွားပြီ…” ထော့ကျိုးက ချီးကျူးလိုက်သည်။

ချင်မူ့မျက်နှာ ရဲခနဲ ဖြစ်သွားသော်လည်း သူ့အခြေအနေကို ဆင်ခြင်သုံးသပ်ရန်သာ အာရုံစိုက်လိုက်၏။ ရုတ်တရက် ရွှေအက ဓားစက်လုံးတစ်လုံး ပစ်ပေးပြီး ခြေဟန်လက်ဟန် ပြလိုက်သည်။ “အဘား အဘား… အ အ…”

ချင်မူ ရွှေအကို ကျေးဇူးတင်သွား၏။ ရွှေအက ဓားစက်လုံးတစ်လုံး အသစ်သွန်းလုပ်ထားပြီး စမ်းကြည့်ရန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူ ဓားစက်လုံးကို ခပ်တင်းတင်း ကိုင်၍ ချီစွမ်းအင် ပို့လွှတ်လိုက်ရာ မရေမတွက်နိုင်သော ဓားရောင်များ တစ်မုဟုတ်ချင်း ထွက်ပေါ်လာ၏။ ထိုဓားရောင်များက အကောင်အထည် မရှိသကဲ့သို့ ထင်ရသည်။ သူ၏ စိတ်စေရာအတိုင်း ပြောင်းလဲနိုင်ပြီး သူ့ချီစွမ်းအင်ကဲ့သို့ ချောမွေ့ပြေပြစ်၏။

ချင်မူ ဓားစက်လုံးကို ဆုပ်ကိုင်၍ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဓားစက်လုံးမှ ဓားရောင်များက နဂါးကြီးတစ်ကောင်အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲ၍ ရွာငယ်လေးတစ်လျှောက် တွန်ကျူးပြေးထွက်သွား၏။

ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ ရွာလူကြီးမှာလည်း ထိတ်လန့်အံ့ဩသွားပြီး ရွှေအကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ချင်မူ လက်သီးချက်ကို ပြန်ရုပ်သိမ်းပြီး စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူဆုပ်ကိုင်ထားသည့် ဓားစက်လုံးက အရည်ပျော်နေသကဲ့သို့ ခံစားရ၏။ တစ်ချက် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သောအခါ ဓားရောင်များက ပန်းပဲတူကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး အားပြင်းပြင်းတစ်ချက် ထုအချတွင် မြေပြင်၌ ကျင်းပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။

သူ ကောင်းကင်ယံသို့ ခုန်တက်လိုက်၏။ ဓားမရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။ အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှနေမင်း သိုင်းကွက်က ဓားမရောင် လှိုင်းလုံးတစ်ထောင်ကြားမှ နေမင်းကြီးတစ်လုံး ကောင်းကင်ယံသို့ ထိုးတက်လာသည့်နှယ် ပေါ်ထွက်လာ၏။

ထို့နောက်တွင် ဓားမသိုင်းကွက် ပြန်လည် ရုပ်သိမ်းသွားပြီး ဓားအလင်းတန်းများက စုတ်တံကြီးတစ်ချောင်းအဖြစ် အသွင်ပြောင်း၍ ရေနဂါးတစ်ကောင်၏ ပုံကို လေထဲတွင် ရေးဆွဲလိုက်သည်။ ထိုရေနဂါးက ကောင်းကင်ယံသို့ ပျံတက်၍ ဆယ့်နှစ်ကိုက်ခန့် ရှည်လျားသော လှံရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ချင်မူက ထိုလှံရှည်ကို ဆွဲယူပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။

ရွာလူကြီး၏ မျက်ဝန်းထောင့်စွန်းများ ဒေါသကြောင့် တဆတ်ဆတ် လှုပ်ရှားနေပြီး ရွှေအကို မကြည်ကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

ရွှေအမှာ ပန်းပဲရုံထဲသို့ ကမန်းကတန်း ပြန်ဝင်သွားပြီး အပြင်ထွက်မလာရဲတော့ချေ။

လှံရှည်ကြီး ပျောက်ကွယ်သွားသောအခါ မရေမတွက်နိုင်သော ဓားအလင်းတန်းများက အပြောကျယ်သည့် တောင်တန်းနှင့် မြစ်ပြင်များအဖြစ် ဖွဲ့စည်းသွားသည်။

တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား…။

ချင်မူ မြေပြင်ပေါ်သို့ အံ့ဩဝမ်းသာစွာ ပြန်ဆင်းသက်လာ၏။ ရွှေအသွန်းလုပ်ထားသည့် ဤဓားစက်လုံးက သူ့အကြိုက်ပင် ဖြစ်သည်။ ဤသည်က ဆန်းကြယ်သံမဏိနှင့် ဆန်းကြယ်ရွှေမှ သတ္ထုဓာတ်၊ ရွှေဓာတ်ချီစွမ်းအင်ကို ထုတ်ယူ၍ အကောင်အထည်ပုံဏ္ဌာန်ကို စွန့်ပစ်ထားခြင်း ဖြစ်၏။

ဤဓားစက်လုံးက ဓားစက်လုံးတစ်လုံးသာ ဖြစ်သော်လည်း ပြောင်းလဲမှုအသင်္ချေ ပြုလုပ်နိုင်သည်။ သူ၏ လက်သီးသိုင်း၊ မှော်ပညာ၊ ဓားသိုင်း အရာအားလုံးကို အဆီးအတားမရှိ ထုတ်ဖော်တိုက်ခိုက်နိုင်၏။

ရွှေအ၏ ပန်းပဲပညာက တာအိုလမ်းကြောင်းပေါ် ရောက်လုနီးနီး ဖြစ်နေချေပြီ။

ချင်မူက ဓားစက်လုံးကို သိမ်းလိုက်သည်။ ရွာလူကြီးကို ဤဓားစက်လုံး အသုံးပြု၍ စိန်ခေါ်ခြင်း မပြု။ ရွှေအ ခေါင်းပြူထွက်လာပြီး ခြေဟန်လက်ဟန် ပြလိုက်သည်။ သူ့ဆိုလိုရင်းက ဤဓားစက်လုံးဖြင့်ဆိုလျှင် ဓာတ်ကြီးငါးပါးအဆင့်သာ ရှိသော ရွာလူကြီးကို သေချာပေါက် အနိုင်ယူနိုင်သည်ဟူ၍ ဖြစ်၏။

ရွာလူကြီးမှာ ဒေါသအိုး ပေါက်ကွဲသွားပြီး သူ့မျက်နှာပေါ်မှ အရေးအကြောင်းများ တဆတ်ဆတ် တုန်ခါလာသည်။ ချင်မူသာ ဤဓားစက်လုံးကို အသုံးပြုလျှင် ဓားကွက်စွမ်းအား သိသိသာသာ ထိုးတက်လာပြီး သူ့ကို အနိုင်ယူကောင်း ယူသွားနိုင်ပေလိမ့်မည်။

ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ဘိုးဘိုးရွှေအ၊ ရွာလူကြီးက လက်နက်မှ မသုံးတာ… ကျွန်တော်လည်း ဘယ်သုံးလို့ ဖြစ်မှာလဲ… မဟုတ်ရင် သူက အရှုံးကို လက်ခံနိုင်မှာ မဟုတ်ဘူး…”

ရွှေအက စိတ်ပျက်လက်ပျက် မျက်လုံးလှန်၍ ‘မပြောချင်တော့ဘူး’ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ချင်မူက ဆက်လက်၍ ဆင်ခြင်သုံးသပ်ပြီး သူ၏ ‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ပြုပြင်မွမ်းမံလိုက်၏။ သို့သော်လည်း ရလဒ်ကတော့ မပြောင်းလဲချေ။

သူရှုံးနိမ့်သွားသည့်အခါတိုင်း အသိအမြင်သစ်များ ရလာပြီး သူ့‘တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသည့်ဓား’ကို ပို၍ ပို၍ ပြီးပြည့်စုံအောင် ပြုပြင်မွမ်းမံနိုင်သည်။ သို့သော်လည်း အသစ်အသစ် ပြုပြင်မွမ်းမံပြီးတိုင်း ရှုံးနိမ့်မြဲ ဖြစ်၏။

နောက်ဆုံးတွင်တော့ ချင်မူ သူ့ဓားကွက်ကို ထပ်၍ ပြုပြင်မွမ်းမံရန် မဖြစ်နိုင်တော့ကြောင်း တွေ့ရှိသွားသည်။

သူ၏ လက်ရှိ အသိအမြင် အတွေ့အကြုံနှင့် ဆက်လက်၍ အဆင့်မြှင့်တင်ရန် မဖြစ်နိုင်တော့။

သူ တစ်ခဏမျှ မှင်တက်မိနေပြီးနောက် နားလည်သဘောပေါက်သွား၏။ ဆည်းဆာဓားသိုင်းမှ ဓားကွက်တစ်ကွက်ဖြစ်သော ‘မာန်ဟုန်မြစ်ရေပြင်၌ နေဝင်သည်’ ဓားကွက်ကို ထုတ်သုံးလိုက်ရာ သူ့ဓားချက်များက ရဲရဲနီသော နေလုံးကြီးတစ်လုံး မေးတင်နေသည့် မာန်ဟုန်မြစ်ရေပြင်ကဲ့သို့ ထွက်ပေါ်လာသည်။ ထိုနေလုံးနီနီကြီးထံမှာ ဓားအလင်းတန်းများ တစ်ရှိန်ထိုး ပေါက်ကွဲ ပြေးထွက်လာ၏။

ဤဓားကွက်ကို သူ တစ်ကြိမ်နှစ်ကြိမ်သာ လေ့ကျင့်ရသေးသော်လည်း ယခု ထွက်ပေါ်လာသည့် စွမ်းအားက အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဤဓားကွက်ကို နှစ်တစ်ရာနီးပါး ပြုပြင်မွမ်းမံလေ့ကျင့်လာသကဲ့သို့ ဖြစ်၏။

ထိုအခါမှ ချင်မူ အပြည့်အဝ လက်ခံသွားပြီး ရွာလူကြီး၏ ရှေ့မှောက်၌ ဒူးထောက်ထိုင်ချကာ တပည့်တစ်ယောက်၏ ဂါဝရပြုမှုမျိုးနှင့် ဦးတိုက်အရိုအသေ ပြုလိုက်သည်။

ရွာလူကြီးက ပြုံးလိုက်၏။ “ထ ထ… စည်းမျဉ်းစည်းကမ်းတွေ အများကြီး မရှိပါဘူး… ဒါပြီးရင် ဓားပန်းချီက တခြားဓားကွက်တွေ မင်းကို သင်ပေးမယ်… အခု မင်းရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ဆိုရင် သင်ယူဖို့ သိပ်မခက်တော့ပါဘူး… ရွှေအ၊ သောက်ကျင့်မကောင်းတဲ့ကောင်… ငါ့ရှေ့ထွက်လာပြီး ဂုဏ်ပြုစကားပြောရဲသေးတယ် ဟုတ်လား…”

All Chapters