ပြည်ဖျက်
Vol. 18 Ch. 244
ဒုက္ခိတဘိုးဘွားကျေးရွာမှ လူအားလုံး ရောက်ရှိလာပြီး အမွေဆက်ခံသူ ရရှိသွားသည့် ရွာလူကြီး၊ ရွာလူကြီး၏ အမွေကို ဆက်ခံပြီး လူသားဧကရာဇ် ဖြစ်သွားသော ချင်မူတို့ကို ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။ သို့သော်လည်း ရွာလူကြီးက ရွှေအကို မကျေမနပ် ဖြစ်နေသကဲ့သို့ ချင်မူကလည်း လူသားဧကရာဇ် ဖြစ်ရသည်ကို ပျော်ရွှင်ခြင်း မရှိပေ။
လူအုပ်ကြီး ကွဲသွားသောအခါ ချင်မူ ရွာလူကြီးထံမှ ဓားသိုင်း ဆက်လက် သင်ယူလိုက်၏။
ဓားပန်းချီက ရွာလူကြီး၏ ဓားပညာဖြစ်ပြီး လူသားဧကရာဇ်နန်းတော်၏ ဓားပညာ မဟုတ်ချေ။ ပထမဓားကွက် ဖြစ်သည့် ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’မှာ ချင်မူ မြင်တွေ့ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံး ဖြစ်သည်။ တာအိုဓားသိုင်း၏ ပထမဓားကွက်ဖြစ်သော ‘လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်’ထက်ပင် ပိုရှုပ်ထွေးသေး၏။
သို့သော်လည်း ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’မှာ ဓားပန်းချီ၏ အရိုးရှင်းဆုံးဓားကွက် ဖြစ်သည်။ ဒုတိယဓားကွက်ဖြစ်သည့် ‘ခိုင်ဧကရာဇ်၏ဓား’မှာ ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’ထက် အဆပေါင်းများစွာ ပိုရှုပ်ထွေး၏။ ကျွမ်းကျင်ပိုင်နိုင်ရန်လည်း အလွန်တရာ ခက်ခဲလှသည်။
ချင်မူ ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’ကို ပထမအကြိမ် သင်ယူစဉ်က ရက်ပေါင်းတစ်ဒါဇင်ကျော် အချိန်ယူခဲ့ရ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ အတွေ့အကြုံရှာ သွားပြီးသည့်နောက်တွင် သူ၏ အသိအမြင်များ ကျယ်ပြန့်လာသည်။ သစ်ခုတ်သမား၏ အထွတ်အမြတ်ကျောက်တုံးမှလည်း သင်ယူခဲ့ရပြီး ပေါင်းစည်းကျင့်စဉ်ကို ထိုးထွင်းသိမြင်ကာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်တွင် ထည့်သွင်းပေါင်းစည်းနိုင်ခဲ့၏။ ဤအရာများအားလုံးကြောင့် သူ၏ အထုံပါရမီနှင့် ထိုးထွင်းသိမြင်နိုင်မှုမှာ အတော်လေး တိုးတက်လာပြီဟု ဆိုနိုင်သည်။
သို့တိုင်အောင် ‘ခိုင်ဧကရာဇ်၏ဓား’ကို သင်ယူရန် ရက်နှစ်ဆယ်ကျော် အချိန်ယူရသေး၏။
ထိုအခါမှ ရွာလူကြီး၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်သွားသည်။ သူတို့သာ ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’ကို သုံး၍ ယှဉ်ပြိုင်တိုက်ခြင်း မပြုခဲ့လျှင် ‘ခိုင်ဧကရာဇ်၏ဓား’ကို သင်ယူရန် သည်ထက် အချိန်ပိုကြာပေလိမ့်မည်။ ဤဓားကွက်ကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် တစ်နှစ်ခွဲခန့်ပင် အချိန်ယူရနိုင်၏။
ရွာလူကြီးက သူ၏ အသိဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ညှစ်ထုတ်ခဲ့သဖြင့်သာ ချင်မူ့အနေဖြင့် ‘ခိုင်ဧကရာဇ်၏ဓား’ကို ရက်နှစ်ဆယ်ကျော်မျှနှင့် သင်ယူနိုင်ခြင်း ဖြစ်သည်။ သူက ဓားသိုင်းနည်းစနစ်မှ ဓားသိုင်းပညာရပ်အဆင့်သို့ တစ်ဝက်လှမ်းနေပြီ ဖြစ်သဖြင့် အနည်းငယ် ပိုအားစိုက်ရသည့်တိုင် တတ်မြောက်အောင်တော့ သင်ယူနိုင်သေး၏။
သို့သော်လည်း တတိယဓားကွက်ဖြစ်သည့် ‘ခိုင်ဧကရာဇ်ကပ်ဘေး’မှာတော့ ကျင့်စဉ်နည်းစနစ်ထက် ကျော်လွန်ပြီး ပညာရပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် ချင်မူ့အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်နိုင်ခြင်း မရှိတော့ချေ။ ဓားကွက်ကို အလွတ်သာ မှတ်သားထားရ၏။ သူ့အနေဖြင့် ဤဓားကွက်ကို ထုတ်သုံးလိုလျှင် သဘောတရားကို အရင် ထိုးထွင်းသိမြင်အောင် လေ့လာရဦးမည် ဖြစ်သည်။ သို့သော်လည်း မည်မျှ ဆင်ခြင်သုံးသပ်သည်ဖြစ်စေ ‘ခိုင်ဧကရာဇ်ကပ်ဘေး’၏ အနှစ်သာရသဘောတရားကို အပြည့်အဝ နားလည်သဘောပေါက်နိုင်စွမ်း မရှိသေးချေ။
သူ့အသိအမြင်ဗဟုသုတက အကန့်အသတ် ရှိနေ၏။ အသိအမြင်ကျဉ်းမြောင်း၍ ဗဟုသုတနည်းပါးပြီး အခြေခံမလုံလောက်သေးသည့်အခါ ရွာလူကြီး သင်ပြပေးသည့်တိုင် သင်ယူနိုင်စွမ်း၊ အသုံးချနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ချင်မူ မည်သို့မျှ မတတ်နိုင်တော့ဘဲ ထိုဓားကွက်ကို အသာထား၍ ‘ခိုင်ဧကရာဇ်၏ဓား’ကိုသာ အာရုံစိုက်လိုက်ရတော့သည်။
“ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်” ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရွာငယ်လေးထဲတွင် နားကန်း၏ ပန်းချီကားမှ လှမ်းလျှောက်ထွက်လာသော လူငယ်ရွာလူကြီး ရွတ်ဆိုခဲ့သည့် ကဗျာစာသား ဖြစ်၏။ ထိုအချိန်က ဤဓားကွက်၌ ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခု ကိန်းဝပ်ပါဝင်နေကြောင်း သူခံစားခဲ့မိသည်။
ရွာလူကြီး သင်ကြားပေးသည့် ‘တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသည့်ဓား’၌ နှစ်လိုဖွယ်ရာ ခံစားမှုတစ်မျိုး ပါရှိ၏။ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့ကို သုတ်သင်ရှင်းလင်းရန်အတွက် သူရဲကောင်းများ စုဝေးနေသည့် ခံစားချက်မျိုး ဖြစ်သည်။ သို့သော်လည်း ‘ခိုင်ဧကရာဇ်၏ဓား’တွင်တော့ ယုံကြည်ချက်အတွက် အသက်ပေးသွားရသူများကို လွမ်းဆွတ်တမ်းတနေသည့် ခံစားချက်မျိုး ပါရှိ၏။
ထိုစိတ်ခံစားချက်နှစ်ခုက ကွဲပြားခြားနားပြီး တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီခြင်း မရှိသည့်အတွက် ချင်မူ့အနေဖြင့် ဤဓားကွက်နှစ်ကွက်ကို သင်ယူတတ်မြောက်ပြီးသည့်တိုင် နောက်ကွယ်မှ ခံစားချက်များကို နားလည်နိုင်ခြင်း မရှိသေးချေ။
‘ခိုင်ဧကရာဇ်၏ဓား’အတွက် လိုအပ်သော ချီစွမ်းအင်က များပြားလွန်းလှပြီး တစ်ခါသုံးရုံဖြင့် သူ့ကျင့်စဉ်စွမ်းအင် တစ်ဝက်နီးပါး ကုန်ဆုံးသွားသည်။ သိပ်သည်းသော ချီစွမ်းအင် မရှိဘဲ ဤဓားကွက်ကို အသုံးပြုရန် မဖြစ်နိုင်ချေ။
“ရွာလူကြီး၊ ဓားပန်းချီမှာ ဓားကွက် ဘယ်နှကွက် ရှိတာလဲ…” ချင်မူက မေးလိုက်၏။
ရွာလူကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ “ရှစ်ကွက်ပဲ ရှိတယ်…”
ချင်မူ အံ့အားသင့်သွား၏။ “ရှစ်ကွက်ထဲလား… နည်းနည်းလေးပဲ…”
“ကျင့်စဉ်တစ်ဆင့်အတွက် ဓားကွက်တစ်ကွက်ပဲ…” ရွာလူကြီး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ “အဲဒါကြောင့် ရှစ်ကွက်ပဲ ရှိတာ…”
ချင်မူ လက်ချိုးရေတွက်ကြည့်လိုက်၏။ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်း၊ ကောင်းကင်တံတား…။ သူ မည်မျှ ရေတွက်သည်ဖြစ်စေ ခုနစ်ဆင့်သာ ရှိ၏။ အဘယ်သို့ပြု၍ ဓားကွက်ရှစ်ကွက် ရှိနေရသနည်း။
‘ကောင်းကင်တံတားအဆင့်ရဲ့ အထက်က နတ်ဘုရားအဆင့်ပဲ… ရွာလူကြီး၏ အဋ္ဌမဓားကွက်က နတ်ဘုရားအဆင့် ဓားကွက်များ ဖြစ်နေမလား…’ ချင်မူ့ရင်ထဲတွင် ဝုန်းဒိုင်းကြဲသွားသည်။
ဤရက်များ၌ ဓားကွက်ကို နားလည်သဘောပေါက်အောင် လေ့လာသင်ယူခြင်းအပြင် ရွာလူကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ ရွာလူကြီး၏ ဖိအားကို အသုံးချကာ သူ့ဓားပညာ တိုးတက်အောင် ပြုလုပ်ရ၏။
ထို့ပြင် ဧကရာဇ်အတိုင်ပင်ခံ၏ အခြေခံဓားချက်သုံးမျိုးကို ‘ခိုင်ဧကရာဇ်၏ဓား’သို့ ထည့်သွင်းပေါင်းစည်းရန်လည်း ကြိုးစားလိုက်သည်။ ရွာလူကြီးကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်မျိုး လမ်းညွှန်ထောက်ပံ့ပေးနေသည် ဖြစ်၍ သူ့ဓားကွက်က သိသိသာသာ တိုးတက်လာ၏။
ရွာလူကြီး၏ ဓားသိုင်းက တာအိုလမ်းကြောင်းသို့ ရောက်လုနီးပြီ ဖြစ်သဖြင့် သူ့အတွက် အခြေခံဓားချက် ဆယ့်လေးချက်ဖြစ်စေ၊ ဆယ့်ခုနစ်ချက်ဖြစ်စေ အရေးမကြီးချေ။ သို့သော်လည်း ချင်မူ့အတွက်တော့ ဧကရာဇ်အတိုင်ပင်ခံ၏ အခြေခံဓားချက်သုံးမျိုးကို ပေါင်းစည်းထည့်သွင်းလိုက်ခြင်းက သူ့ဓားကွက်၏ စွမ်းအားကို အတော်လေး မြင့်တက်လာစေနိုင်သည်။
တဖြည်းဖြည်းနှင့် သူ၏ ဓားသိုင်းစွမ်းရည် လျင်မြန်စွာ တိုးတက်လာ၏။
ချင်မူမှာ အတိတ်ကာလသို့ ပြန်ရောက်သွားသည့်နှယ် ခံစားရသည်။ နေ့စဉ်နေ့တိုင်း အဘိုးကြီးမာနှင့် လက်သီးသိုင်း ကျင့်၏။ သားသတ်သမားနှင့် ဓားမချင်း ယှဉ်ခုတ်၏။ ထော့ကျိုးနှင့် အပြန်အလှန် ခိုးယူကြ၏။ ရွှေအထံမှ ပန်းပဲပညာ သင်ယူ၏။ မျက်ကန်းနှင့် နတ်ဘုရားမျက်လုံး လေ့ကျင့်၏။ ဆေးဆရာနှင့် ဆေးဖော်စပ်၏။ နားကန်းနှင့် ပန်းချီဆွဲ၏။ အဘွားစစ်နှင့် အင်္ကျီချုပ်၏။
နေ့တိုင်းလိုလို မောပန်းနွမ်းနယ်ပြီးမှ အိပ်ရာဝင်ရသော်လည်း လွန်စွာ စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
အပြင်လောကမှ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်လာပြီးနောက်ပိုင်း အဘိုးကြီးမာ၊ သားသတ်သမားနှင့် ကျန်သူများ သူ့ကို သင်ကြားပေးသည်မှာ ပို၍ နက်နဲဆန်းကြယ်လာ၏။ ယခင်က ရိုးရိုးရှင်းရှင်း ကျင့်စဉ်သိုင်းကွက်များကိုသာ သင်ပေးခဲ့ကြသော်လည်း ယခု ချင်မူ၏ အသိအမြင် ကျယ်ပြန့်လာပြီဖြစ်၍ ပို၍ နက်ရှိုင်းသော စွမ်းရည်များကို သင်ပေးနိုင်လာသည်။ သို့အတွက် ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားအားလုံး လွန်စွာ ကျေနပ်အားရနေကြ၏။
“အဘွားကြီးရဲ့ နှလုံးသားမိစ္ဆာ ထကြွလာပြန်ပြီဟေ့…” ရွာထဲတွင် ဆူညံဆူညံ ဖြစ်၍ ထော့ကျိုးက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။ “မျက်ကန်း၊ မြန်မြန်လာ… အဘွားကြီးစစ်က သူ့ရုပ်ရည်အစစ် ပြန်ဖြစ်သွားပြီ၊ ငါ ဘာမှ လုပ်လို့မရတော့ဘူး… မင်းက မျက်စိမမြင်ရတာဆိုတော့ ဒီကဝေမလေးကို မင်း လာရှင်းဦး…”
ထိုအခိုက်၌ ချင်မူက သားသတ်သမားနှင့် ဓားမချင်း ယှဉ်ခုတ်နေ၏။ ဆူညံဆူညံအသံကြား၍ လှမ်းကြည့်လိုက်သောအခါ အဘွားစစ်၏ အခန်းထဲမှ အမျိုးသမီးတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရ၏။ သူ့ရင်ထဲတွင် ထိန်းမရသိမ်းမရ လှုပ်ခါသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မျက်စိဖြင့် မမြင်ရသော မြားအစင်းစင်း လာစိုက်သကဲ့သို့ ခံစားလိုက်ရ၏။
အဘွားစစ်က သူ၏ ရုပ်သွင်အစစ်ကို ဖော်ထုတ်၍ အသေးစိတ် ပြင်ဆင်ဝတ်စားလာသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက ဝတ်နေကျ မွဲခြောက်ခြောက်ဝတ်စုံ မဟုတ်တော့ချေ။ အလွန်တရာ ကြော့ရှင်းလှပသည့် ပိုးသားဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံက ခန္ဓာကိုယ်တွင် ချပ်ရပ်စွာ ကပ်၍ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်တို့ ပေါ်လွင်နေသည်။
ထို့ပြင် နှုတ်ခမ်းနီ၊ ပါးနီတို့ကိုလည်း စွဲမက်ဖွယ် ချယ်သထား၏။ ကြည်လဲ့တောက်ပသော မျက်ဝန်းများ၊ သွားစွယ်ဖြူဖြူများ၊ ပေါင်ဒါမှုန် ခပ်ပါးပါး ပုတ်ထားသော မျက်နှာတို့က သူ၏ အလှအပကို အစွမ်းကုန် ဖော်ကျုးနေသကဲ့သို့ ရှိသည်။
သူ့ဘယ်ဘက်လက်ကောက်ဝတ်တွင်တော့ ကျောက်စိမ်းလက်ကောက်တစ်ကွင်း ဝတ်ဆင်ထားပြီး နားရွက်တွင် မျက်ရည်စက်ပုံ ပုလဲဆွဲသီးများ ဆွဲထား၏။ သူ လျှောက်လှမ်း ထွက်လာသည့်အခိုက်တွင် အေးစိမ့်သော ဟေမန်ဆောင်းက နွေဦးဂိမှာန်အဖြစ် ပြောင်းလဲသွားသည်။ ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးခဲနေဆဲ ရှိသော်လည်း ရွာထဲရှိ လူအားလုံး နွေဦးအစ၏ နွေးထွေးမှုမျိုး ခံစားလိုက်ရ၏။
ဤအမျိုးသမီးက ကောင်းကင်နတ်ဘုံမှ လူ့ပြည်လူ့ရွာသို့ သက်ဆင်းလာသည့် နတ်ဘုရားမတစ်ပါးသဖွယ် လျှောက်လှမ်းလာပြီး ရွာထဲရှိ အားလုံးသောသူများ ကျောက်ရုပ်သဖွယ် ငေးမောမိနေကြသည်။
ဆေးဆရာက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရပြီး မျက်နှာကို ရှက်ရွံ့စွာ ဖုံးအုပ်၍ ထွက်ခွာသွား၏။ နားကန်းက သူ့စုတ်တံကို စားပွဲပေါ်ချ၍ ကြေးမုံမှန်တစ်ချပ် အလျင်အမြန် ထုတ်ယူပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ရွှေအက ရေစည်ပိုင်းကြီးထံ ပြေး၍ မျက်နှာသစ်လိုက်ပြီး အဘိုးကြီးမာက ဗုဒ္ဓတရားစာများ ရွတ်ဆို၍ ရင်ထဲမှ နှလုံးသားမိစ္ဆာကို ဖိနှိမ်နေရ၏။
သားသတ်သမားက သူ၏ အမြတ်နိုးဆုံး မုတ်ဆိတ်များကို ဝက်ခုတ်ဓားမဖြင့် ရိတ်ပြီး ထော့ကျိုးက မျက်စိစုံမှိတ်၍ မျက်ကန်းကို လှမ်းခေါ်နေသည်။
ရွာလူကြီးမှာလည်း ဣန္ဒြေပျက်၍ မျက်နှာတစ်ဖက်လှည့်ကာ အော်ဟစ်လိုက်၏။ “မျက်ကန်း၊ မျက်ကန်း…”
မျက်ကန်းက အဘွားစစ်ထံသို့ ဝါးတောင်ဝှေးထောက်၍ လျှောက်သွားပြီး တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။ “မင်းက ဂိုဏ်းသခင်လီလား၊ အဘွားကြီးစစ်လား…”
ထော့ကျိုးက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ပြောနေစရာလိုသေးလား၊ အဲဒီတဏှာရူး ဂိုဏ်းသခင်လီပေါ့ဟ… အဘွားကြီးစစ်က သူ့ကို ထပ်ပြီး မဖိနှိပ်နိုင်တော့ဘူး… မင်းက သူ့ရုပ်ရည်အစစ်ကို မမြင်ရတာဆိုတော့ ဂိုဏ်းသခင်လီကို မင်းပဲ နှိမ်နင်းရလိမ့်မယ်…”
အဘွားစစ်က ညှို့မြူသကဲ့သို့ ပြုံးလိုက်ပြီး သူ၏ နှုတ်ဖျားမှ အသက်ကြီးကြီး လေသံတစ်သံ အက်ရှရှ ထွက်ပေါ်လာသည်။ “ငါ့မိန်းမက ငါ့ကို မယှဉ်နိုင်တော့ဘူး… ဖိနှိပ်ခံရတဲ့သူက သူဖြစ်သွားပြီ… ငါ့ကို ကြည့်စမ်း၊ ငါ မလှဘူးလား…”
သူက ကိုယ့်အလှကိုယ် ယစ်မူး၍ ချိုမြစွာ ပြုံးလိုက်၏။ သူ့အသံက ကြမ်းတမ်းဆဲ ဖြစ်သော်လည်း လေသံက လွန်စွာ နူးညံ့၍ ဝင်သက်ထွက်သက်တို့က ခပ်သင်းသင်း ရနံ့တစ်မျိုး ရစ်သိုင်းလွှမ်းခြုံနေသည်။ “ငါ့မိန်းမကို လက်ထပ်တဲ့အချိန်တုန်းက ငါ့ကိုယ်ငါ သူ့လို အလှတရားမျိုးနဲ့ မထိုက်တန်ဘူးဆိုတာ သဘောပေါက်လိုက်တယ်… ငါတင် မဟုတ်ဘူး၊ တစ်လောကလုံးက ရွံစရာယောက်ျားတွေ အကုန်လုံး ဘယ်သူမှ သူနဲ့ မထိုက်တန်ဘူး… ဒါပေမဲ့ ငါ သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ သူ ငါ့ကို လက်ထပ်ဖို့ လက်ခံခဲ့တာလည်း ငါက သူ့ဆရာမို့လို့ဆိုတာ ငါသိတယ်… သူ မငြင်းဆန်နိုင်ဘူးလေ…”
“မင်္ဂလာဦးညမှာ ငါ့ကို သူ သတ်ဖို့ ကြံစည်ထားတယ်ဆိုတာလည်း ငါသိပြီးသား၊ သူ့ကို သတ်ခွင့်ပေးခဲ့တာ… ဘာကြောင့်လဲဆိုတော့…”
ဂိုဏ်းသခင်လီက သူ၏ လက်ကို မြှောက်၍ ကျောက်စိမ်းဖြူသားအနှစ်ထက် ပို၍ ဖြူဖွေးနူးညံ့သော ပြစ်မျိုးမှည့်မထင် အသားအရေကို ကြည့်ရှုလိုက်၏။ ထိပ်တန်းအရည်အသွေး ရှိသော ကျောက်စိမ်းလက်ကောက်ပင် အဖြည့်ခံသာသာ ဖြစ်၍ ဤလက်ကောက်ဝတ်လေးနှင့် မလိုက်ဖက်သလို ရှိနေသည်။
ဂိုဏ်းသခင်လီက ပါးစပ်ကို လက်ဖြင့် အုပ်၍ တခစ်ခစ် ရယ်မောလိုက်၏။ “ဘာကြောင့်လဲဆိုတော့ သူ့ကို မနာလို ဖြစ်လွန်းလို့ပဲ… ငါက သူ့ကို လက်ထပ်ချင်တာ မဟုတ်ဘူး၊ ‘သူ’ ဖြစ်ချင်တာ… သူက ငါ့ကိုသတ်ပြီး ငါက သူဖြစ်သွားတဲ့အခါ နှစ်လောကလုံးရဲ့ အကောင်းဆုံးတွေကို ရယူပိုင်ဆိုင်သွားနိုင်တာပဲ မဟုတ်ဘူးလား…”
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ထောက်၍ အနားသို့ လျှောက်လှမ်းလာသည်။ ဤအမျိုးသမီးက အလွန်တရာ လှပသော်လည်း မျက်ကန်းအပေါ်တွင်တော့ သက်ရောက်မှု မရှိချေ။ “ဂိုဏ်းသခင်လီ၊ ခင်ဗျားက အစွန်းရောက်နေပြီ… ကိုယ့်ကိုယ်ကိုယ် ယောက်ျားတစ်ယောက်ဆိုတာ မေ့သွားပြီလား…”
“ရွံစရာယောက်ျားတစ်ယောက် ဘဝကို ဘာလွမ်းစရာများ ရှိလို့လဲ…” ဂိုဏ်းသခင်လီ၏ ခန္ဓာကိုယ်က စွဲမက်ဖွယ် လှုပ်ရှား၍ မျက်လုံးလှန်ကြည့်လိုက်၏။ “မျက်ကန်း၊ မင်းက မျက်လုံးရော နှလုံးသားပါကန်းနေတာပဲ… မိန်းမတစ်ယောက် ဖြစ်ရတာရဲ့ ကောင်းကွက်တွေကို မင်း မသိဘူး… ငါ့လမ်းကို မပိတ်နဲ့၊ မင်းတစ်ယောက်တည်းနဲ့ ငါ့ကို မတားနိုင်ဘူး… ငါ သွားပြီ၊ ငါ့ရဲ့ ဘဝသစ်ကို မိန်းမတစ်ယောက်အဖြစ်နဲ့ ရှင်သန်နေထိုင်တော့မယ်…”
ချင်မူ ဤမိန်းမလှကို မကြည့်မိစေရန် မျက်လုံးများ တင်းတင်းမှိတ်ထားသော်လည်း မနေနိုင်တော့ဘဲ ပြန်ဖွင့်၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်လီ၊ ခင်ဗျားက နည်းနည်း ပုံမှန်မဟုတ်တော့ဘူး… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ အချင်းချင်းအနေနဲ့ ခင်ဗျားကို ကျုပ် ရှုံ့ချတယ်…”
မျက်ကန်းက တောင်ဝှေးကို ထောက်၍ မတ်မတ်ရပ်ရင်း ပြုံးလိုက်၏။ “ပြောတာကောင်းတယ်၊ မူအာ…”
ဂိုဏ်းသခင်လီက ချင်မူ့ကို တစ်ချက် မျက်စောင်းထိုးကြည့်လိုက်သည်။ ချင်မူ့ ရင်ထဲတွင် တစ်မုဟုတ်ချင်း ဟာလာဟင်းလင်း ဖြစ်သွား၏။ ဤအမျိုးသမီးက တကယ့်ကို လှပသည်ဟူသော အတွေးမှတစ်ပါး အခြားမရှိတော့ချေ။
“ထပ်ပြောရဲပြောကြည့်… ဒီသခင်မ နင့်ကိုသတ်ပြီး နတ်ဂိုဏ်းသခင် ပြန်လုပ်ပစ်မယ်…” ဂိုဏ်းသခင်လီက တခစ်ခစ်ရယ်မောရင်း သစ်ခွလက်ချောင်းများကို ဖိညှစ်ပြလိုက်၏။
ချင်မူ့ရင်ခွင် တစ်ခုလုံး တဒိုင်းဒိုင်း ခုန်သွားသည်။ ဤသို့သော မိန်းမလှတစ်ယောက်က သူ့အသက်ကို လိုချင်သည်ဆိုလျှင် အချိန်မရွေး ပေးအပ်ရန် အသင့်ဖြစ်၏။
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး… သူက ဘွားဘွားစစ်… ဖီ ဖီ… ဒါ ဟိုသောက်အဘိုးကြီး ဂိုဏ်းသခင်လီ… ဖွဟဲ့… ဘွားဘွားစစ်ဆိုရင်တောင် မဟုတ်သေးဘူး၊ ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ ဘွားဘွားပဲ…”
ချင်မူ့နဖူးထက်တွင် ချွေးစေးများ လှိမ့်ဆင်းလာသည်။ သူ့ရင်ထဲ၌ နှလုံးသားမိစ္ဆာ ထကြွလုနီးနီး ဖြစ်သွားသဖြင့် အလျင်အမြန် မျက်လုံးပိတ်လိုက်ရ၏။
ဂိုဏ်းသခင်လီက ရွာအစပ်သို့ လျှောက်လှမ်းသွားပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ မိစ္ဆာချီစွမ်းအင်များ သိပ်သည်းသည်ထက် သိပ်သည်းထူထပ်လာသည်။ မိစ္ဆာအငွေ့အသက်ကလည်း တစ်စထက်တစ်စ ပိုမို ပြင်းထန်လာ၏။ ဤအမျိုးသမီး၏ ရှေ့တည့်တည့်တွင်တော့ မျက်ကန်းတစ်ယောက်က ဝါးတောင်ဝှေးကို ထောက်၍ မတ်မတ်ရပ်နေသည်။
လူနှစ်ယောက်က တစ်ပြိုင်နက်နီးပါး လှုပ်ရှားလိုက်ကြ၏။ မီးတောက်မီးလျှံများ၊ မီးပွားများကြားတွင်း တိုက်ပွဲရလဒ်က တစ်မုဟုတ်ချင်း အဖြေပေါ်သွားသည်။
အားလှိုင်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ၎င်းတို့၏ လက်ချက်ကြောင့် ရွာထဲတွင် ပြန့်ကြဲနေသော ရတနာပစ္စည်းများအားလုံး အသက်ဝင်လာ၏။ တောက်ပသော အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်၍ တဝုန်းဝုန်း ပေါက်ကွဲပြီး တိမ်တိုက်များအားလုံး ပြယ်လွင့်ပျောက်ကွယ်သွားသည်။
ဂိုဏ်းသခင်လီက ရင်ဝကို လက်ဖြင့်အုပ်ရင်း လဲပြိုကျသွား၏။ “မျက်ကန်း၊ ငါ့မိန်းမရဲ့ ကျင့်စဉ်စွမ်းအင်က အတော် အားနည်းသေးလို့ မင်း သက်သာသွားတယ်မှတ်… မဟုတ်ရင် မင်းထက် ငါ သေချာပေါက် သာတယ်…”
မျက်ကန်းက ဝါးတောင်ဝှေးကို အားပြုရပ်၍ ခပ်အေးအေး ပြောလိုက်သည်။ “ငါတို့ တစ်ခါမှ မတိုက်ဖူးဘဲနဲ့ မင်းက ငါ့ထက်သာတယ်လို့ ဘယ်လိုလုပ် သိရတာလဲ…”
ချင်မူက အဘွားစစ်၏ အိပ်ခန်းထဲသို့ အပြေးဝင်၍ လူသားအရေခွံတစ်ခုနှင့် အဝတ်ဟောင်းတစ်စုံကို ဆွဲယူကာ ဂိုဏ်းသခင်လီကို ဖုံးအုပ်လိုက်၏။ ထိုအဘိုးကြီးက အဘွားကြီးတစ်ယောက်အသွင် ပြန်ဖြစ်သွားပြီး စူးစူးရှရှ အော်ဟစ်လိုက်သည်။ “ငါ ဒီလိုဘဝမျိုး မနေချင်ဘူး.. ငါက တစ်လောကလုံးမှာ အလှဆုံးမိန်းမပဲ… ဒီလို ရုပ်ဆိုးဆိုး မဟုတ်ဘူး… အလှဆုံး အဝတ်အစားတွေ ဝတ်ပြီး အလှဆုံးမိန်းမ လုပ်မှာ…”
အဘိုးကြီးမာက အပြေးရောက်လာပြီး ဗုဒ္ဓတရားစာများ ရွတ်ဖတ်၍ မိစ္ဆာစိတ်ရိုင်းကို ချိုးနှိမ်ပြီး ဂိုဏ်းသခင်လီကို ဖိနှိပ်ထားလိုက်၏။ အတန်ကြာမှ အဘွားစစ် သတိပြန်လည်လာပြီး အဘိုးကြီးမာကို ကျေးဇူးတင်စကားဆိုလိုက်သည်။
ဆေးဆရာက ကမန်းကတန်း လာ၍ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုလိုက်၏။ “မျက်ကန်း၊ မင်းက အတော်ကြမ်းတမ်းတဲ့ကောင်ပဲ… မူအာ၊ မင်းက ငါ့ထက် ဆေးဖော်တာ မြန်တယ်… စွမ်းအင်ဆေးလုံးတွေ လာဖော်…”
ချင်မူ ခေါင်းညိတ်၍ စွမ်းအင်ဆေးလုံးများ ဖော်စပ်လိုက်သည်။
မျက်ကန်းက သက်ပြင်းချလိုက်၏။ “ငါလည်း မတတ်နိုင်ဘူး… အဘွားကြီးစစ်ရဲ့ ကျင့်စဉ်စွမ်းအင် တိုးတက်လာတာက အတော်မြန်တယ်… သေခြင်းရှင်ခြင်းအဆင့်ကို ရောက်လုနီးပြီ… ဂိုဏ်းသခင်လီရဲ့ မူလဝိညာဉ်က သူ့မူလဝိညာဉ်နဲ့ ပေါင်းစည်းသွားပြီ ထင်တယ်… ပြီးတော့ ဂိုဏ်းသခင်လီရဲ့ ပေါင်းစည်းကျင့်စဉ်က အတော်စွမ်းအားကြီးတာ…”
အဘွားစစ်က ထထိုင်၍ ချင်မူယူလာသော စွမ်းအင်ဆေးလုံးများကို သောက်လိုက်သည်။ “ငါ အဆင်ပြေပါပြီ… အတော်လေး နေကောင်းသွားပြီ…”
ရွာလူကြီးက လေပေါ်တွင် ပျံဝဲ၍ ရောက်ရှိလာပြီး ခေါင်းခါယမ်းလိုက်၏။ “အဘွားကြီး၊ နင် ရွာထဲမှာ ရှိနေတုန်း ဖြစ်သွားတာ ကံကောင်းတယ်… အပြင်ရောက်နေတုန်း ဂိုဏ်းသခင်လီ ထကြွသောင်းကျန်းရင် တစ်လောကလုံး ဗြောင်းဆန်အောင် လုပ်ပစ်မှာ စိုးရတယ်… သူ့ရဲ့ မိစ္ဆာစိတ်က အတော်လေး ပြင်းထန်တာ… ဧကရာဇ်တောင် သူ့ကိုယ်သူ ထိန်းနိုင်မှာ မဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ခုလုံး ဂိုဏ်းသခင်လီရဲ့ လက်ထဲမှာ ပျက်စီးသွားနိုင်တယ်…”
အဘိုးကြီးမာက ပြောလိုက်သည်။ “နင့်ရဲ့ နှလုံးသားမိစ္ဆာက အားကောင်းသထက် အားကောင်းလာပြီ… ဒီအတိုင်းဆို ကြာရင် မလွယ်ဘူး… တထာဂတက ငါ့ထက် ဗုဒ္ဓစွမ်းရည်မှာ ပိုသာတော့ ဂိုဏ်းသခင်လီကို ဖိနှိပ်ပေးဖို့ ကူညီကောင်း ကူညီနိုင်လိမ့်မယ်… မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားကြည့်ကြမလား…”
သားသတ်သမားက သူ့မျက်နှာသူ ကိုင်ကြည့်ပြီး လက်ထဲမှ သွေးများကို တွေ့သွား၏။ မုတ်ဆိတ်မွေးများ မြန်မြန်ရိတ်မိသဖြင့် သူ့မျက်နှာ ဝက်ခုတ်ဓား ရှသွားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က အဘွားစစ်၏ အလှတွင် နစ်မျောနေသဖြင့် မည်သို့မျှ မခံစားလိုက်ရချေ။ အဘွားစစ် အဘွားကြီးအရေခွံ ခြုံ၍ မူလအတိုင်း ပြန်ဖြစ်သွားသောအခါမှသာ သတိဝင်လာပြီး အလျင်အမြန် ပြောလိုက်၏။ “အချိန်မဆွဲတော့နဲ့… အခုချက်ချင်းထွက်နိုင်ရင် အကောင်းဆုံးပဲ… အချိန်ကြာလေ အန္တရာယ်ပိုများလေပဲ…”
ရွာလူကြီးက ချောင်းတစ်ချက် ဟန့်၍ ပြောလိုက်သည်။ “ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားပြီး အဘွားကြီးရဲ့ နှလုံးသားမိစ္ဆာကို ဖိနှိမ်ပေးဖို့ တထာဂတကို အကူအညီတောင်းကြမယ်… အဲနေရာကို အပြတ်ရှင်းမှာ မဟုတ်တဲ့အတွက် လူတွေအများကြီး မလိုဘူး…”
“အဘိုးကြီးမာက လမ်းသိတဲ့အတွက် သူလိုက်ရမယ်၊ မျက်ကန်းက အဘွားကြီးရဲ့ ရုပ်သွင်ကို လျစ်လျူရှုနိုင်တဲ့အတွက် သူလည်း လိုက်ရမယ်… မူအာက လိမ္မာပါးနပ်ပြီး ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို တတ်မြောက်တဲ့အပြင် ဆေးပညာလည်း ကျွမ်းကျင်တာမလို့ အတော်လေး အကူအညီပေးနိုင်မယ်… မင်းတို့သုံးယောက် အဘွားကြီးကို အဖော်ပြုပြီး မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားကြ…” ရွာလူကြီး၏ အမူအရာက တည်ကြည်လေးနက်နေ၏။ “သေချာမှတ်ထား၊ ဂိုဏ်းသခင်လီကို လွတ်ထွက်မသွားစေနဲ့… မဟုတ်ရင် တစ်လောကလုံး ဗြောင်းဆန်ကုန်လိမ့်မယ်…”