ပင်လယ်စောင့်နတ်မင်း
Vol. 18 Ch. 245
ချင်မူ၊ အဘိုးကြီးမာ၊ မျက်ကန်းတို့ ခေါင်းညိတ်လိုက်ကြသည်။ အဘွားစစ်က လှပချောမောသော်လည်း သူ၏ အလှတရားကို လက်နက်တစ်ခုအဖြစ် အသုံးမချ။ သူ့အလှက ဘေးဖြစ်စေနိုင်ကြောင်း သိသဖြင့် အခြားလူများနှင့် တွေ့ဆုံသည့်အခါ ရုပ်ဆိုးဆိုးဖြစ်အောင် ဖုံးကွယ်ဆင်ယင်ထား၏။
သို့သော်လည်း ဂိုဏ်းသခင်လီကတော့ ထိုသို့ မဟုတ်ပေ။
ပြီးခဲ့သည့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ စိတ်နှလုံးက ဖောက်ပြန်ပျက်ပြားနေသည်။ အဘွားစစ်ကို အချစ်လွန်ပြီး သူ့အလှကို မနာလိုဖြစ်သဖြင့် အဘွားစစ်ဘဝကို ရယူလိုလာ၏။ ထို့ပြင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကိုလည်း ချင်မူနှင့်မတူ ကွဲပြားခြားနားစွာ နားလည်သဘောပေါက်ထားသည်။ ကျမ်းစာတစ်အုပ်တည်း၊ သစ်ခုတ်သမား၏ အထွတ်အမြတ်ကျောက်တုံးမှ သင်ကြားပို့ချမှုတစ်ခုတည်းကို နာယူမှတ်သား၍ ပေါင်းစည်းကျင့်စဉ်အတူတူကို နားလည်သဘောပေါက်ခဲ့ကြသော်လည်း ချင်မူမှာ ငယ်စဉ်ကလေးဘဝကတည်းက ရွာရှိလူအားလုံး၏ လွှမ်းမိုးမှုခံခဲ့ရ၏။ သူ၏ အပြုအမူများက တစ်ခါတစ်ရံတွင် ကတ်သီးကတ်သပ်နိုင်လှသော်လည်း ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိသူ ဖြစ်သည်။
ချင်မူ၏ ပေါင်းစည်းကျင့်စဉ်က အလွန်တရာ သမာသမတ်ကျသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထား၏။ အတော်များများက မိစ္ဆာလမ်းစဉ်ဟု ရှုမြင်ကြသည့် မှော်ပညာများ၊ ကောင်းကင်နတ်သိုင်းများမှာ သူ့လက်ထဲတွင် မှန်ကန်တော်တည့်သော ပညာရပ်များ ဖြစ်လာသည်။
သို့သော်လည်း ဂိုဏ်းသခင်လီ၏ ပေါင်းစည်းကျင့်စဉ်ကတော့ အတော်လေး မကောင်းဆိုးဝါးဆန်ပြီး မိစ္ဆာလမ်းစဉ်မှဖြစ်မှန်း သိသာလှ၏။
ဂိုဏ်းသခင်လီက သူ့ကိုယ်သူ ရုပ်ဆိုးအောင် ဖုံးကွယ်ဝတ်ဆင်လိမ့်မည် မဟုတ်ချေ။ ထိုအစား သူ၏ အလှတရားကို ပေါ်လွင်အောင် ထုတ်ပြ၍ တစ်လောကလုံး ဗြောင်းဆန်အောင် ပြုမူမည်သာ ဖြစ်၏။
ချင်မူက အဘွားစစ်၏ အခန်းထဲသို့ ဝင်၍ သိုလှောင်သိမ်းဆည်းထားသော သားရဲအရေခွံများကို ရှာဖွေပြီး အရေးပေါ် အသုံးပြုရန်အတွက် ထောင်ထျယ်အိတ်ထဲသို့ ထည့်လိုက်သည်။
အဘိုးကြီးမာနှင့် မျက်ကန်းတို့ကလည်း အထုပ်အပိုးများ ပြင်ဆင်လိုက်ကြ၏။ မျက်ကန်း၏ အထုပ်အပိုးက ရိုးရှင်းသည်။ ဝါးတောင်ဝှေးတစ်ချောင်း၊ ကြေးနီပါ့ကွအင်းပြားတစ်ချပ် ချိတ်ဆွဲထားသည့် ဗေဒင်နိမိတ်ဖတ်သည်ဟူသော အလံတစ်ခုသာ ပါ၏။ အဘိုးကြီးမာကတော့ သူ့မိန်းမနှင့် ကလေး၏ ကမ္ပည်းတိုင်များ ယူဆောင်လာသည်။ သူက ထိုကမ္ပည်းတိုင်များကို နမ်းရှုပ်၍ အိတ်ထဲသို့ ထည့်လိုက်၏။
အဘိုးကြီးမာက အစိမ်းရောင်သင်္ကန်းဝတ်ရုံကို ဝတ်ဆင်ထားပြီး အခက်အခဲများစွာ ဖြတ်ကျော်လာသည့် ခရီးသွားရဟန်းတစ်ပါးနှင့်ပင် တူနေသည်။
အဘွားစစ်၏ တာအိုနှလုံးသားက တည်ငြိမ်ခြင်းမရှိဘဲ တစ်ချက်တစ်ချက်တွင် ထကြွသောင်းကျန်းလာ၏။ ထိုအခါမျိုး၌ အဘိုးကြီးမာက ဂိုဏ်းသခင်လီကို ဖိနှိမ်ပေးသည်။ အဘိုးကြီးမာ ဖိနှိမ်နိုင်ခြင်း မရှိတော့သည့်အခါ မျက်ကန်းက ဂိုဏ်းသခင်လီကို ဒဏ်ရာရအောင် တိုက်ခိုက်ရ၏။ ချင်မူက အဘွားစစ်၏ ဒဏ်ရာများကို ကုသပေးရန် တာဝန်ယူရသည်။
သူတို့ ရွာအပြင်ဘက် ရောက်လာသောအခါ အဘွားစစ်က ရယ်မောလိုက်၏။ “ကျုပ်ကို ကာကွယ်ပေးဖို့ တော်တို့ အကူအညီကို ယူနေရတယ်… မူအာတောင် မနေရဘူး… ဒါပေမဲ့ ကျုပ်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ဟောင်းဆိုတော့ ဗုဒ္ဓဂိုဏ်းရဲ့ တထာဂတက ကူညီပါ့မလား…”
အဘိုးကြီးမာက မျက်နှာအမူအရာ အပြောင်းအလဲမရှိ ပြန်ဖြေလိုက်သည်။ “တထာဂတက ကူညီမှာပါ… ဂိုဏ်းသခင်လီက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ဟောင်းဆိုတော့ တထာဂတနဲ့ ဝါစဉ်အတူတူပဲ… တထာဂတအနေနဲ့ မိစ္ဆာနှိမ်နင်းတဲ့အခါ ကုသိုလ်အကျိုးကျေးဇူးတွေ ရတယ်၊ ဂိုဏ်းသခင်လီလို မိစ္ဆာနတ်ဆိုးကြီးကို နှိမ်နင်းရတာ သူ့ဗုဒ္ဓကျင့်စဉ်အတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ… ပြီးတော့ မိစ္ဆာနတ်ဆိုးကို ရှင်းလင်းဖို့အတွက် ဗုဒ္ဓမြတ်စွာတွေ စွန့်လွှတ်စွန့်စားကြတာ ထူးဆန်းတဲ့ ဖြစ်ရပ် မဟုတ်ဘူး…”
ချင်မူက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။ “ဂိုဏ်းသခင်လီကို နှိမ်နင်းရင်းနဲ့ အဘွားစစ်ကိုပါ သုတ်သင်းရှင်းလင်းပစ်မှာ စိုးရိမ်ရတယ်…”
“တထာဂတက အဲဒီလို လုပ်မှာမဟုတ်ဘူး…” အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်သည်။ “သူ့မှာ သူ့မူနဲ့သူ ရှိတယ်… အဲဒီမူက သူ့ရဲ့တာအို၊ သူ့ရဲ့ အလေ့အကျင့်ပဲ… သူ့လိုကျင့်စဉ်အဆင့်မျိုး ရောက်သွားတဲ့အခါ အလေ့အကျင့်ကို စိတ်ထဲမှာ ထားနေစရာ မလိုတော့သလို သူ့အပြုအမူအားလုံးကလည်း အလေ့အကျင့်ထက် ဘယ်တော့မှ ကျော်လွန်မှာ မဟုတ်ဘူး…”
ချင်မူ သိချင်စိတ် ဖြစ်မိသွား၏။ အဘိုးကြီးမာက တထာဂတအပေါ် ရန်ငြှိုးကြီးစွာ ရှိသော်လည်း တထာဂတအကြောင်း ပြောရာတွင် အတော်လေး ရိုသေလေးစားသည့်အသွင် ရှိနေသည်။
တထာဂတက အဘိုးကြီးမာ၏ ဆရာသခင် ဖြစ်ခဲ့ဖူးခြင်းကြောင့်တော့ ဟုတ်ဟန်မတူချေ။ ထိုရဟန်းအိုကြီးက အခြားတစ်ပါးသောသူတို့၏ ရိုသေလေးစားမှု ခံယူနိုင်သည်မှာ တစ်စုံတစ်ခု ထူးခြား၍ ဖြစ်ပေလိမ့်မည်။
“ငါက တထာဂတရဲ့ စွမ်းရည်ကို သံသယရှိတာ…” မျက်ကန်းက ခေါင်းမော့လာ၏။ “တထာဂတက ဂိုဏ်းသခင်လီကို ဖိနှိပ်နိုင်ပါ့မလား… ဒီမိစ္ဆာအိုကြီးက သူနဲ့တန်းတူ စွမ်းရည်ရှိခဲ့ဖူးတဲ့သူလေ…”
မည်သူမျှ ဆက်မပြောဖြစ်ကြတော့ချေ။
သိုင်းလောက၏ အထွတ်အမြတ်နယ်မြေကြီး သုံးခုမှာ တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ ဖြစ်ကြသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပြီးခဲ့သည့် ဂိုဏ်းသခင်ဖြစ်သော လီထျန်းရှင်မှာ သိုင်းလောက၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး တထာဂတနှင့် တန်းတူအနေအထားတွင် ရှိ၏။
တထာဂတအနေဖြင့် သူ့ကို ရှင်းလင်းဖယ်ရှားရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
“မဟာမိုးခြိမ်းသံကျောင်းတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမြို့ပျက်ထိစပ်နေတဲ့ နယ်စပ်နေရာမှာ ရှိတာ…” အဘိုးကြီးမာက ပြောပြလိုက်သည်။ “ဒဏ္ဍာရီထဲမှာ ပြောကြတာတော့ နတ်သက်ကြွေတောင်ကြောက မဟာမြို့ပျက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြား သဘာဝအတားအဆီး ချောက်ကမ်းပါးတစ်ခု ဖန်တီးဖို့ နတ်ဘုရားတစ်ပါး ခုတ်ဖြတ်ခဲ့တဲ့ တောင်ကြောတဲ့…”
“မဟာမိုးခြိမ်းသံကျောင်းတော်မှာလည်း အဲလိုဒဏ္ဍာရီတစ်ပုဒ် ရှိတယ်… ဇာတ်ကြောင်းကတော့ ဒီထက်ပိုတယ်… အစောကနတ်ဘုရားက ခုတ်ဖြတ်ရင်းနဲ့ မြင်းမိုရ်တောင်နား ရောက်လာတဲ့အခါ တောင်ပေါ်မှာ ထိုင်နေတဲ့ ရဟန်းတွေကို တွေ့သတဲ့… အဲရဟန်းတွေက တစ်တောင်လုံး ပြည့်နေပြီးတော့ မြင်းမိုရ်တောင်နဲ့ သေအတူ ရှင်မကွာ မခွဲခွာဖို့ ဆုံးဖြတ်ထားကြတာဆိုပဲ… နတ်ဘုရားက သူတို့ရဲ့ စိတ်ရင်းကို သိမြင်တော့ မြင်းမိုရ်တောင်ကို မခုတ်ဖြတ်ဘဲ ကွေ့ပတ်သွားတယ်တဲ့… အဲဒါကြောင့် တခြားတောင်ကြောတွေ ပြတ်ကျနေပေမဲ့ မြင်းမိုရ်တောင်က အကောင်းအတိုင်း ကျန်ခဲ့တာလို့ ဆိုကြတယ်…”
မျက်ကန်းက ပြုံးလိုက်၏။ “မြင်းမိုရ်တောင်ပေါ်မှာ တစ်ယောက်ယောက် ရှိနေလို့ပေါ့… မဟုတ်ရင် အဲဒီနတ်ဘုရားက တောင်ပေါ်က ရဟန်းတွေလောက်ကို ဂရုစိုက်နေပါ့လား…”
မြင်းမိုရ်တောင်က မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ထိစပ်နေသော နယ်စပ်တွင် တည်ရှိသည်။ တစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိပြီး အခြားတစ်ဖက်၌ မဟာမြို့ပျက် ရှိ၏။ ဤအထွတ်အမြတ်တောင်က ထာဝရနယ်စပ်တံခါးနှင့် လျှို့ဝှက်ရေတံခါးမှ အတော်လေး ဝေးကွာသော်လည်း မြောက်ပိုင်းနယ်စပ်၏ ချင်းမန်တံခါးနှင့် များစွာ အလှမ်းဝေးခြင်း မရှိတော့ပေ။ ထိုနေရာသို့ ရောက်ရန် မိုင်လေးထောင်၊ ငါးထောင်ခန့်သာ သွားရတော့၏။
ဒုက္ခိတဘိုးဘွားကျေးရွာမှ မြင်းမိုရ်တောင်ထိ အကွာအဝေးမှာ မိုင်သုံးထောင် ဖြစ်သည်။ ချင်မူက အဘွားစစ်၊ အဘိုးကြီးမာ၊ မျက်ကန်းတို့ထက် များစွာနှေးကွေးသဖြင့် ထိုနေရာသို့ ရောက်ရန် ခြောက်ရက်၊ ခုနစ်ရက်ခန့် အချိန်ယူရ၏။
မဟာမြို့ပျက်၌ ညအချိန်ကာလက အလွန်တရာ အန္တရာယ်များလှသည့်အတွက် နေ့ခင်းပိုင်းတွင်သာ ခရီးပြင်းနှင်ရသည်။ သို့အတွက်ကြောင့် အခြားနေရာတွင် ခရီးသွားလာရသည်ထက် များစွာ ပိုကြန့်ကြာနေခြင်း ဖြစ်၏။
လေထဲမှ ပျံသွားလျှင် မြင်းမိုရ်တောင်သို့ နှစ်ရက်အတွင်း ရောက်နိုင်သော်လည်း ချင်မူ၏ ကျင့်စဉ်စွမ်းအင်က ထိုမျှ မြင့်မားခြင်း မရှိချေ။ အားကုန်ထုတ်၍ မိုင်တစ်ရာခန့် ခရီးနှင်ပြီးလျှင် ချီစွမ်းအင် ပြန်လည်ပြည့်တင်းအောင် အနားယူရမည် ဖြစ်၏။ သို့အတွက်ကြောင့် မြေပြင်မှ သွားလာခြင်းက ပို၍ ခရီးတွင်ပေသည်။
ချင်မူက နဂါးချီလင်ကို စီး၍ လိုက်လာ၏။ နဂါးချီလင်က အဘိုးကြီးမာတို့ကို အမီလိုက်နိုင်သည့်အတွက် သူ့အတွက်နှင့် ခရီးဖင့်ခြင်းတော့ မရှိချေ။
ပထမနေ့ညနေခင်းတွင် ခေါင်သီ၍ လူသူအရောက်အပေါက် မရှိသော ရှေးဘုရားကျောင်းပျက်တစ်ခုသို့ ရောက်ရှိသွားသည်။ အထဲတွင် ဆန်းကြယ်သားရဲအချို့ ရှိနေသော်လည်း သူတို့ ဝင်လာသည်ကို ဂရုစိုက်ခြင်း မရှိဘဲ ကောင်းကင်နတ်မင်းရုပ်တုကြီးဘေး၌ ပျင်းရိစွာ လဲလျောင်းနေကြ၏။
“မူအာ၊ ဒီမှာ လာပူဇော်ဦး…” မျက်ကန်းက အမွှေးတိုင်များ ထုတ်ယူ၍ ချင်မူ့ကို လက်ယပ်ခေါ်လိုက်သည်။
အဘိုးကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦး ကောင်းကင်နတ်မင်းရုပ်တု၏ ရှေ့သို့ သွား၍ အမွှေးတိုင်အိုးကွဲထဲသို့ အမွှေးတိုင်များ ထိုးစိုက်ပြီး နောက်သို့ ခြေသုံးလှမ်းပြန်ဆုတ်လာ၏။ ထို့နောက် တစ်ညီတစ်ညာတည်း ရွတ်ဆိုလိုက်ကြသည်။ “ကျွန်တော်မျိုးက မြစ်ကမ်းဘေးနဲ့ မဝေးလှတဲ့ ဒုက္ခိတဘိုးဘွားကျေးရွာကပါ… အရှင့်ရဲ့ ဘုရားကျောင်းနားက ဖြတ်သန်းသွားလာရင်း ဒီနေရာမှာ ခေတ္တခဏ ခိုနားလိုပါတယ်… ဒီနယ်မြေရဲ့ ပိုင်ရှင်ကို အနှောင့်အယှက် ဖြစ်ပေးသလို ဖြစ်ခဲ့ရင် အလေးအနက် တောင်းပန်ပါတယ်… ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျွန်တော်မျိုးမှာ အားနည်းတဲ့ ကျောက်ကပ်နဲ့ နုံချာတဲ့ ခန္ဓာကိုယ်ပဲ ရှိတဲ့အတွက် ကနဦးယန်က ပျက်စီးသွားခဲ့တာ ကြာပါပြီ…’
“အား…” အဘွားစစ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “မျက်ကန်း၊ နင် မူအာ့ကို မဟုတ်တာတွေ သင်ပေးထားတယ်…”
မျက်ကန်းက ရယ်မောလိုက်သည်။ “အဘွားကြီးစစ်၊ နင်က ပန်းချိုးခံရမှာကို မစိုးရိမ်ပေမဲ့ ငါတို့က စိုးရိမ်ရတယ်… နင်မယုံရင် မူအာ့ကို မေးကြည့်၊ ငါသင်ပေးထားတဲ့ ဆုတောင်းစကားက အလုပ်ဖြစ်လား၊ မဖြစ်ဘူးလား ဆိုတာကို…”
ချင်မူက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ “အလုပ်ဖြစ်တယ် ဘွားဘွား… ရှန်းချင်းအာက ကျွန်တော့်ဆုတောင်းစကားကို ကြားလို့ ပန်းချိုးမလွှတ်လိုက်တာ…”
အဘွားစစ်မှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွားသည်။ သူ ချင်မူ့ကို လှမ်းခေါ်လိုက်၏။ “မူအာ၊ ငါ့ကို လာချက်ပြုတ်ကူဦး…” ချင်မူ အနားရောက်လာသောအခါမှ ခပ်တိုးတိုးကျိတ်ကျိတ် ပြောလိုက်သည်။ “မျက်ကန်းခေါင်းထဲမှာ မဟုတ်တဲ့ အကြံအစည်တွေနဲ့ပဲ ပြည့်နေတာ… သူ့ဆီကနေ အကုန်သင်မနေနဲ့…”
ညရောက်သောအခါ ကောင်းကင်နတ်မင်းကျောင်းတော်၏ ပတ်ဝန်းကျင်တစ်ခွင်လုံး အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်သွား၏။ နဂါးချီလင်၏ ဟောက်သံမှတစ်ပါး မည်သည်ကိုမျှ မကြားရတော့ချေ။
အဘိုးကြီးမာက ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ တင်ပျဉ်ဖွဲ့ထိုင်ပြီး မျက်ကန်းက ဝါးတောင်ဝှေးကို ဖက်၍ နံရံကို မှီထိုင်ရင်း ခေါင်းငိုက်စိုက်ချကာ အိပ်နေသည်။ ချင်မူက မြက်ခြောက်များဖြင့် အိပ်ရာနှစ်ခု ပြင်လိုက်၏။ အဘွားစစ်က သူ့ဘေးတွင် ဝင်အိပ်သည်။
တိတ်ဆိတ်ငြိမ်သက်နေသော ညာဉ့်ယံအလယ်၌ အပြင်ဘက်မှ စစ်ချီစစ်မောင်းသံများ ရုတ်တရက် ဆူဆူညံညံ ပေါ်ထွက်လာ၏။ ကျောင်းဆောင်ထဲရှိ လူအားလုံး လန့်နိုးလာကြသည်။ ချင်မူ ထထိုင်၍ လှမ်းကြည့်လိုက်သော်လည်း အမှောင်ထုကြီးကိုသာ မြင်ရ၏။ ကျောင်းဆောင်အတွင်းရှိ ဖယောင်းတိုင်များက မှိန်ဖျော့ဖျော့ လင်းလဲ့နေဆဲ ရှိသည်။ စစ်ချီစစ်မောင်းသံများက လွန်စွာကြည်လင်ပီသပြီး တဖြည်းဖြည်း ပို၍ နီးကပ်လာ၏။
မျက်ကန်းနှင့် အဘိုးကြီးမာတို့ ချင်မူနှင့် အဘွားစစ်၏ ဘေးသို့ တစ်မုဟုတ်ချင်း ရောက်ရှိလာကြပြီး အဘိုးကြီးမာက သူတို့ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
စစ်ချီစစ်မောင်းသံများက နီးသည်ထက်နီးလာပြီး ဘုရားကျောင်းရှေ့သို့ ရောက်ရှိလာ၏။ ထို့နောက် ကျယ်ကျယ်လောင်လောင် အော်ဟစ်သံအချို့ ကြားလိုက်ရသည်။
“တိတ်…”
“ဘေးခွဲ…”
ပျက်စီးနေသော ချပ်ဝတ်တန်ဆာများ ဝတ်ဆိုင်ထားသည့် နတ်ဘုရားရုပ်တုများ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာသည်။ ထိုကျောက်ရုပ်တုများက ပျက်စီးယိုယွင်းနေသော်လည်း သက်ရှိနတ်ဘုရားများကဲ့သို့ ဖြစ်၏။ ချင်မူမှာ သူတို့ထံမှ ပုပ်အဲ့အဲ့ အနံ့များကိုပင် ရလိုက်သည်။
ဤကျောက်ရုပ်တုများက ခန့်ညားထည်ဝါလှပြီး သူတို့၏ နောက်ဘက်ရှိ အရိုးစုတစ်ရာကျော်က ကျိုးပဲ့နေသည့် လက်နက်များကို ကိုင်ဆောင်၍ စစ်သည်များသဖွယ် ပုံစံတကျ စီတန်းရပ်နေကြ၏။ အချို့အရိုးစစ်သည်များက ဗုံများ၊ မောင်းများ ကိုင်ဆောင်ထားပြီး အချို့က “တိတ်”၊ “ဘေးခွဲ”ဟူသော စာလုံးများပါသည့် အလံကြီးများ ကိုင်ဆောင်ထားသည်။
ကျောက်ရုပ်တုများ ဘုရားကျောင်းအတွင်းသို့ ဝင်လာသည့်အချိန်တွင် ထိုအရိုးစုများက အပြင်ဘက်၌ ရပ်စောင့်၍ ကျန်ရစ်၏။
ချင်မူမှာ ဤထူးဆန်းသည့် မြင်ကွင်းကို မျက်လုံးများ ပြူးကျယ်၍ စိုက်ကြည့်နေမိသည်။ နဂါးချီလင်လည်း အိပ်ရာမှ နိုးလာပြီး ဝှားခနဲ သမ်းဝေလိုက်၏။
နတ်ဘုရားရုပ်တုတစ်ခုထံမှ လူစကားသံ ထွက်ပေါ်လာပြီး ဘုရားကျောင်းထဲရှိ ကောင်းကင်နတ်မင်းရုပ်တုကို လျှောက်တင်လိုက်သည်။ “ပင်လယ်စောင့်နတ်မင်းကို သတင်းပို့ပါတယ်… အရှေ့ပင်လယ်နဂါးမင်း အောင်းကျန်းက သဘာဝကပ်ဘေးကို အသုံးချပြီး ပုန်ကန်နေတဲ့အတွက် ပင်လယ်စောင့်နတ်မင်းကို ကူညီပြီး ပုန်ကန်သူကို သတ်ဖြတ်ဖို့ ကျွန်တော်မျိုးဆီ ရွှင်ပျော်ပျော်ကျေးရွာက အရှင်မင်းကြီးရဲ့ အမိန့်တော် ရောက်ရှိလာပါတယ်…
နဂါးချီလင်က ကောင်းကင်နတ်မင်းရုပ်တု၏ ခြေရင်း၌ အိပ်စက်နေခြင်း ဖြစ်ပြီး အဖြစ်အပျက်များကို လိုက်မမီသဖြင့် ကြောင်တောင်တောင် ဖြစ်နေဆဲ ရှိ၏။
ထိုအခိုက်၌ မြင့်မားကြီးထွားသော ကောင်းကင်နတ်မင်းရုပ်တုကြီးက လှုပ်ရှားလာသည်။ ၎င်း၏ နောက်ဘက်ရှိ အလံရှစ်ခု တဖျပ်ဖျပ် လှုပ်ခါအောင် ထရပ်လာပြီး ဩဇာအာဏာကြီးမားသော လေသံဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “ဒီကပ်ဘေးကြီး နှစ်ပေါင်းနှစ်သောင်းကြာအောင် ကျရောက်ခဲ့တာတောင် ဒီတိရစ္ဆာန်ကောင်က ပုန်ကန်ရဲသေးတယ်… ငါ့ဓား ယူခဲ့စမ်း…”
ဓားအိမ်မှ ဓားကို ထုတ်လိုက်သကဲ့သို့ အသံတစ်သံ ကောင်းကင်နတ်မင်းကျောင်းဆောင်၏ နောက်ထဲမှ ထွက်ပေါ်လာသည်။ ကိုက်သုံးဆယ်ခန့် ရှည်လျားသော နဂါးစိမ်းလခြမ်းကွေးဓားတစ်လက်က ဘုရားကျောင်းနောက်ဘက်ရှိ ဖုန်မှုန့်များထဲမှ ပျံဝဲရောက်ရှိလာ၏။ ကောင်းကင်နတ်မင်းရုပ်တုက ထိုဓားမကို ဆုပ်ကိုင်လိုက်ရာ ဓားရွက်တုန်ခါသံ ဝှမ်ခနဲ ထွက်ပေါ်လာသည်။
“ငါ့မြင်း ဘယ်ရောက်နေလဲ…” ကောင်းကင်နတ်မင်းရုပ်တုက အော်ဟစ်လိုက်၏။
နဂါးချီလင် အသိဝင်လာသည့်အချိန်တွင် တစ်ကိုယ်လုံး အောက်သို့ နိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်နတ်မင်းရုပ်တုက သူ့ကိုယ်ပေါ်သို့ ရောက်ရှိနေချေပြီ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကျောင်းတော်အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားရ၏။
နဂါးချီလင်မှာ ဖော်မပြနိုင်လောက်အောင် ကြောက်ရွံ့သွားသည်။ သူ့နောက်ကျောပေါ်မှ ကောင်းကင်နတ်မင်းရုပ်တု၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ “မင်းတို့ ဒီနေရာမှာ စောင့်ကြပ်နေကြ… အဲတိရစ္ဆာန်ကို သတ်ပြီး ငါပြန်လာခဲ့မယ်…”
ကောင်းကင်နတ်မင်းရုပ်တု၏ အမိန့်ဆုံးသည်နှင့် နဂါးချီလင်က အမှောင်ထုထဲသို့ မီးတန်းတစ်ခုဖြစ်အောင် ပြေးဝင်သွားရ၏။
နဂါးချီလင်က နတ်ဘုရားရုပ်တုတစ်ခုကို သယ်ဆောင်ထမ်းပိုးသွားသည် ဆိုခြင်းထက် ကောင်းကင်နတ်မင်းရုပ်တုက သူ့ကို ခေါ်ဆောင်သွားခြင်းဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သူက နတ်ဘုရားရုပ်တုတစ်ခုကို မည်သို့မျှ သယ်ဆောင်နိုင်စွမ်း မရှိသည် မဟုတ်လား။
ဘုရားကျောင်းပျက်ထဲတွင်တော့ ချင်မူ၊ အဘွားစစ်၊ မျက်ကန်း၊ အဘိုးကြီးမာတို့ ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့သည်။
အတန်ကြာမှ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြ၏။ အချိန်မည်မျှ ကြာသွားသည်မသိ။ နံနက်မိုးသောက်သို့ ရောက်တော့မည်ဟု ခန့်မှန်းရသည်။ ရုတ်တရက် ကောင်းကင်ယံမှ နဂါးတစ်ကောင်၏ တွန်မြည်အော်ဟစ်သံ ကြားလိုက်ရသည်။ ဘုန်းခနဲ အသံကြီးနှင့်အတူ ပိန်းပိတ်အောင် နက်မှောင်နေသော ညဉ့်ယံကောင်းကင်ထက်မှ နဂါးခေါင်းပြတ်တစ်လုံး ကောင်းကင်နတ်မင်းကျောင်းတော်ထဲ ပြုတ်ကျ၍ နှစ်ပတ်ခန့် လိမ့်သွား၏။
ချင်မူ ကမန်းကတန်း လှမ်းကြည့်လိုက်သောအခါ ဤနဂါးခေါင်းပြတ်က ကျောက်သားမှ ထွင်းထုထားခြင်း ဖြစ်ပြီး တကယ့်နဂါးအစစ် မဟုတ်ကြောင်း တွေ့ရသည်။
နဂါးတွန်သံများ အဆက်မပြတ် ကြားနေရပြီး ကောင်းကင်နတ်မင်းရုပ်တုက နဂါးချီလင်ကို စီးနင်း၍ ပြန်လည်ရောက်ရှိလာ၏။ သူက နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်း၍ ဘုရားကျောင်းထဲရှိ ကြာပွင့်စင်မြင့်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လက်ထဲမှ နဂါးစိမ်းလခြမ်းကွေးဓားကို ဘေးတွင်ချ၍ ပြောလိုက်၏။ “အရှင်မင်းကြီးကို မင်းတို့ သတင်းပြန်ပို့လိုက်၊ ဒီတပ်မှူးက တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ပုန်ကန်သူကို ခေါင်းဖြတ်သတ်ခဲ့ပြီဆိုတာ…”
ကျောက်ရုပ်တုများက အမိန့်နာခံ၍ အရိုးစုစစ်သည်များကို ခေါ်ဆောင်ကာ အမှောင်ထုထဲသို့ ပြန်ဝင်သွားသည်။ စစ်ချီစစ်မောင်းသံများမှာလည်း တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွား၏။
အတန်ကြာသောအခါ လင်းကြက်တွန်သံများ ကြားရပြီး အမှောင်ထုက အဝေးသို့ ဆုတ်ခွာသွားသည်။ နေလုံးကြီးက ကောင်းကင်ယံသို့ မြင့်တက်၍ ကောင်းကင်နတ်မင်းကျောင်းဆောင်ထဲသို့ နေရောင်ခြည် ဖြာကျလာ၏။
ချင်မူ သူ့ခေါင်းကို ယမ်းခါလိုက်သည်။ ဤအဖြစ်အပျက်များက အလွန်တရာ ထူးဆန်းသော အိပ်မက်တစ်ခုပမာ ရှိ၏။
ကြောင်ငေးငေး ရှိနေဆဲဖြစ်သော နဂါးချီလင်ကို ကြည့်ပြီး သူ ကမန်းကတန်း မေးလိုက်သည်။ “ဖက်တီးနဂါး၊ မင်း ဘယ်လိုနေလဲ…”
“ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့တယ်…” ခေါင်းရှုပ်နေသော နဂါးချီလင်က ပြောလိုက်၏။ “အိပ်မက်ထဲမှာ တစ်ကိုယ်လုံး လင်းလက်နေတဲ့ နတ်မင်းတစ်ပါးက ကျွန်တော့်ကို စီးနင်းသွားတာ… ကျွန်တော်တို့နှစ်ယောက် တဟဲဟဲထနေတဲ့ ပင်လယ်ကြီးတစ်ခုဆီ ရောက်တော့ မရေမတွက်နိုင်တဲ့ နတ်နဂါးတွေ ဝိုင်းတိုက်တာ ခံရရော… ဒါပေမဲ့ အဲနဂါးတွေအကုန်လုံး ကျွန်တော့်ကျောပေါ်က နတ်မင်းရဲ့ ဓားချက်နဲ့ အကုန်သေကုန်တယ်… ပြီးတော့ ပင်လယ်အတွင်းပိုင်းထိ နတ်နဂါးတွေ သတ်ရင်း ဝင်သွားပြီး နဂါးဘုရင်တစ်ပါးရဲ့ ခေါင်းကို ဖြတ်ယူလာခဲ့ကြတယ်… ဒီအိပ်မက်က တကယ့်အဖြစ်အပျက်လိုပဲ…”
ချင်မူက မျက်ကန်းနှင့် အဘိုးကြီးမာကို ကြည့်၍ ခပ်တိုးတိုး မေးလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ မနေ့ညက ဖြစ်ခဲ့တာတွေက တကယ်ပဲလား…”
မျက်ကန်းနှင့် အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်၏။ “မဟာမြို့ပျက်က အဖြစ်အပျက်တွေကို ဘယ်သူ အသေအချာ သိနိုင်မှာလဲ… ငါတို့ မြန်မြန်သွားကြစို့၊ မဟာမိုးခြိမ်းသံကျောင်းတော်ကို ရောက်ဖို့က ပိုအရေးကြီးတယ်…”
ချင်မူ ကောင်းကင်နတ်မင်းရုပ်တုကို ငေးစိုက်ကြည့်ရင်း ဤနေရာရှိ အရာအားလုံးက ပုံမှန်မဟုတ်ဟု ခံစားမိလာသည်။ သူ ရှေ့တိုးသွား၍ ကျောက်ရုပ်တုကြီးကို ထိကိုင်ကြည့်လိုက်၏။ သို့သော်လည်း ဤကျောက်ရုပ်တုကြီးက အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ အေးစက်စက် ဖြစ်နေသည်။
“ရွှင်ပျော်ပျော်ကျေးရွာက အရှင်မင်းကြီးရဲ့ အမိန့်တော် ရောက်ရှိလာပါတယ်… ရွှင်ပျော်ပျော်ကျေးရွာက အမိန့်တော်…” ချင်မူ မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အမူအရာ ပေါ်ထွက်လာပြီး တီးတိုးရေရွတ်လိုက်၏။ “ရွှင်ပျော်ပျော်ကျေးရွာက ဘယ်မှာ ရှိနေတာလဲ…”